အခန်း ၉၆၇
Vol. 65 Ch. 967
အခန်း ( ၉၆၇ ) ချောမွေ့သော ခရီးစဉ်
နှစ်ရက် ကြာပြီးနောက်မှာတော့.. သူတို့ဟာ ရိက္ခာစခန်းကို စွန့်ခွာခဲ့ကြတယ်..။ဆန်နီကလမ်းခရီးမှာ တတ်နိုင်သမျှ အရာအားလုံးကို ယူဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့်.. မြေအောက်စခန်းဟာ လုံးဝနီးပါး ဘာမှမရှိသလောက် ဖြစ်ကျန်ရစ်ခဲ့ပါတယ်..။ ယာဉ်အားလုံးကို အပြည့်အဝ တင်ဆောင်ထားတာမျိုး မဟုတ်ပေမယ့်.. အထဲမှာ မောင်းနှင်သူနဲ့ ပစ်ခတ်သူ တစ်ယောက်စီပဲ ရှိရင်တောင်မှ.. နောက်ဆုံးတစ်စီးအထိ အားလုံးကို ယူလာခဲ့တယ်..။
စွန့်ပစ်ထားတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့.. စိတ်မချရလောက်အောင် ပျက်စီးနေတဲ့ အီရီဘတ် ကွင်းပြင် က ယာဉ်အချို့ကိုသာ ချန်ထားခဲ့ကြတာပါ..။
အိပ်မက်ဆိုး.. သားရဲကြီး နဲ့ ဘလက်ကီ တို့က ယာဉ်တန်းရဲ့ ရှေ့ဆုံးကနေ တပ်ဦးအဖြစ် ရွေ့လျားနေခဲ့ကြတယ်..။ ရိုင်နို က ရှေ့ဆုံးမှာ
ရှိနေသေးပေမယ့်.. အခုအချိန်မှာတော့ နည်းပညာမြင့် အလင်းပြန်စနစ်တွေ နဲ့ ပတ်ဝန်းကျင်ကို အမြဲမပြတ် စကန်ဖတ်နေတဲ့ MRW နှစ်စီးက ဘေးတစ်ဖက်တစ်ချက်စီမှာ ဝန်းရံထားခဲ့ပါတယ်..။
သူတို့ရဲ့ နောက်ကွယ်မှာတော့.. ရှည်လျားလှတဲ့ ယာဉ်တန်းကြီးက တောင်ပတ်လမ်းပေါ်မှာ တစ်ကီလိုမီတာထက်မက ဆန့်တန်းနေခဲ့တယ်..။ ကျန်ရှိနေတဲ့ MRW ဆယ်စီးနဲ့ နိုးထသူ နှစ်ဆယ့်လေးယောက်ကတော့.. ဘေးဘက်တွေကနေ တိုက်ခိုက်လာမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အလျားလိုက် ဖြန့်ကျက်ထားခဲ့ကြပါတယ်..။ ယာဉ်အများစုမှာ လက်နက်တွေ တပ်ဆင်ထားသလို.. ဒုက္ခသည် သယ်ယူပို့ဆောင်ရေးယာဉ်တွေကြားထဲမှာလည်းခြေလျင်တပ်ခွဲ အပြည့်အစုံ ပါဝင်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို မဟာဗျူဟာမြောက် နေရာချထားခဲ့တယ်..။
ခြုံငုံကြည့်ရရင်တော့.. ယာဉ်တန်းကြီးက အိပ်မက်ဆိုး သားရဲတွေအတွက် အလွန်ကြီးမားပြီး မြိန်ရှက်စရာ ကောင်းတဲ့ သားကောင်ကြီးတစ်ခုလို ဖြစ်နေခဲ့ပေမယ့်.. တစ်ချိန်တည်းမှာပဲ ဝါးမြိုဖို့ အလွန်ခက်ခဲမယ့် အရာတစ်ခုလည်း ဖြစ်နေခဲ့ပါတယ်..။
‘အဲ ခွေးသား တွေ စမ်းကြည့်တာကို ငါ မြင်ချင်သေးတယ်.. ။အာ..ထားလိုက်တော့.. မမြင်ရတာပဲ ကောင်းပါတယ်..’
ဆန်နီ ဟာ မြေအောက်ကမ္ဘာ ဝတ်ရုံတော် ပေါ်မှာ စစ်ဘက်ဆိုင်ရာ ကုတ်အင်္ကျီကို ထပ်ဝတ်ဆင်ပြီး ရိုင်နို ရဲ့ အမိုးပေါ်မှာ နေရာယူထားခဲ့တယ်..။မဟူရာ သံချပ်ကာရဲ့ ခုခံမှုနဲ့.. အထဲမှာ ထည့်သွင်းထားတဲ့ ရေခဲမှတ်သားမူ တို့ကြောင့်.. သူက သာမန်အအေးဒဏ်ကို အနည်းနဲ့အများ ခံနိုင်ရည်ရှိနေပြီးသားပါ။ဒါ့ကြောင့်.. ဝင်ရိုးစွန်းညရဲ့ ချမ်းစိမ့်လှတဲ့ သဘာဝက သူ့ကို သိပ်ပြီး အနှောင့်အယှက် မပေးနိုင်ပါဘူး..။ ဒါပေမဲ့ ကျဆင်းနေတဲ့ ပြာမှုန့်တွေကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေတုန်းပါပဲ..။ သူတို့ အီရီဘတ်တောင် အနီးတစ်ဝိုက်က ကနေ မကြာခင် ထွက်ခွာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။
လေက အခြားတစ်ဖက်ကို တိုက်ခတ်နေတာကြောင့်.. ပြာတိမ်တိုက်တွေကို ယာဉ်တန်းနဲ့ ဝေးရာကို ရွေ့လျားသွားစေရုံတင်မကဘဲ.. လူသားတွေကို အဝေးကြီးကတည်းက ကြိုတင်သိရှိနိုင်ဖို့ အနံ့ခံအာရုံကို အားကိုးရတဲ့ အိပ်မက်ဆိုး သားရဲတွေအတွက်လည်း ပိုပြီး ခက်ခဲသွားစေပါတယ်..။
သို့ပေမယ့်.. သူတို့ရဲ့ ခရီးစဉ်က ချောမွေ့လိမ့်မယ်လို့ စိတ်ကူးမယဉ်ထားပါဘူး..။
ကံကောင်းတာကတော့.. ဆန်နီ ဟာ လမ်းပြတစ်ယောက်အဖြစ် ဆောင်ရွက်ဖို့ အလွန် သင့်တော်နေတာပါပဲ..။ သူက မြေပုံကို တတ်နိုင်သမျှ အသေးစိတ် အချက်အလက်တွေနဲ့ အဆင့်မြှင့်တင်ထားပြီး.. ယာဉ်တန်းအတွက် သင့်တော်တဲ့ လမ်းကြောင်းများစွာကို စီစဉ်ထားခဲ့တယ်..။ သူ့ရဲ့ အရိပ်တွေက ရှေ့ကနေ ကင်းထောက်နေသလို.. ကျီးကန်းကလည်း အပေါ်စီးကနေ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေတာကြောင့်.. သူက ပတ်ဝန်းကျင်ဧရိယာနဲ့ ရန်သူ့လှုပ်ရှားမှုတွေကို ဘယ်သူ့ထက်မဆို အသိဆုံး ဖြစ်နေခဲ့ပါတယ်..။
ရှည်လျားလှတဲ့ ယာဉ်တန်းကြီး မရောက်လာမီ အချိန်အတော်ကြာကတည်းက အရိပ်တွေက ရန်သူအများစုကို ကြိုတင်ကင်းထောက်မိထားခဲ့ကြပြီးသား ဖြစ်နေခဲ့တယ်။မှော်ဆန်တဲ့ မျက်လုံးတွေ ရှိနေတဲ့ အနက်ရောင်ငှက်ကလည်း သူတို့ လွတ်သွားတဲ့ ဘယ်အရာကိုမဆို သတိပြုမိနိုင်စွမ်း ရှိနေပါတယ်..။ ဒီပေါင်းစပ်မှုက အတော်လေး ထိရောက်မှု ရှိနေတာ အသေအချာပါပဲ..။
သတင်းအချက်အလက်က စစ်ပွဲရဲ့ အသက်သွေးကြော ဖြစ်တာကြောင့်.. ဆန်နီ မှာ သိသာထင်ရှားတဲ့ အားသာချက်တစ်ခု ရှိနေခဲ့တယ်..။ သူက အန္တာတိက အလယ်ပိုင်းရဲ့ အန္တရာယ်များလှတဲ့ ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး ဖယ်လ်ကွန် စကော့ ဆီကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိဖို့အတွက် ဒါကို ကောင်းကောင်း အသုံးချရမှာ ဖြစ်ပါတယ်..။
ယာဉ်တန်းရဲ့ ကြီးမားလှတဲ့ အရေအတွက်ကြောင့် သူ့ရဲ့ တာဝန်က အများကြီး ပိုခက်ခဲလာခဲ့ပေမယ့်.. အခြားတစ်ဖက်မှာတော့ သူတို့ ဖြတ်သန်းနေတဲ့ မြေပြင်က တောင်တန်းတွေဘက်က ပျက်စီးနေတဲ့ လမ်းဟောင်းတွေနဲ့ ကွဲပြားနေခဲ့ပါတယ်..။ အီရီဘတ် ကွင်းပြင် နဲ့ မြောက်ပိုင်း ကုန်းမြေတွေကြားက အဆောက်အအုံတွေက အမှန်တကယ်ပဲ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ဒါက.. မကြာသေးတဲ့ လတွေအတွင်းမှာတင် ပထမစစ်တပ်က ဖောက်လုပ်ထားခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဒါ့အပြင်.. သူတို့က ငလျင်ဒဏ် ခံခဲ့ရတဲ့ ဧရိယာနဲ့ ဝေးရာကို ရွေ့လျားနေတာကြောင့်.. ယာဉ်တန်း မြောက်ဘက်သို့ ပိုမိုမောင်းနှင်လေလေ လမ်းခရီးမှာ ပျက်စီးမှုနဲ့ အတားအဆီး လက္ခဏာတွေ ပိုမိုနည်းပါးလာလေလေ ဖြစ်နေခဲ့တယ်..။
လမ်းတွေက ပိုမိုကျယ်ဝန်းပြီး ပိုကောင်းမွန်စွာ ထိန်းသိမ်းထားသလို.. မြေပြင်အနေအထားကလည်း ကြမ်းတမ်းမှု နည်းပါးလာခဲ့ပါတယ်..။ ဒါက ကမ်းရိုးတန်းအဝေးပြေးလမ်းလိုမျိုး ပြားချပ်ပြီး ဖြောင့်တန်းနေတာမျိုး မဟုတ်ပေမယ့်.. ဆန်နီ ကတော့ သမုဒ္ဒရာဆီကို ပြန်သွားဖို့ အခုထိ တွန့်ဆုတ်နေတုန်းပါပဲ..။ သူ ပြန်သွားရင်တောင်မှ.. အလွန်ခက်ခဲတဲ့ ဒေသတစ်ခုကို ပတ်ရှောင်ဖို့အတွက်သာ ဖြစ်ပြီး.. ယင်းနောက်မှာတော့ တောင်တန်းတွေဆီကို အမြန် ပြန်လာမှာ ဖြစ်ပါတယ်..။
‘…ဒါမှမဟုတ် လုံးဝ ပြန်မသွားတာလည်း ဖြစ်နိုင်တာပဲ..’
အစပိုင်းမှာတော့ လမ်းမှာ အိပ်မက်ဆိုး သားရဲတွေ အများကြီး မရှိခဲ့ပေ..။ ဒီဧရိယာ အနီးတစ်ဝိုက်မှာ ရှိခဲ့တဲ့ သားရဲအများစုကတော့ အီရီဘတ် ကွင်းပြင် ရဲ့ အပျက်အစီးတွေဆီကို ရွှေ့ပြောင်းသွားခဲ့ကြပြီး.. ပြန်မလာကြသေးတဲ့ ပုံပါပဲ..။ ယာဉ်တန်း ရင်ဆိုင်ခဲ့ရတဲ့ အနည်းငယ်သော ခုခံမှုတွေကိုတော့ အထူးတပ်ဖွဲ့ တွေနဲ့ ကာရင် ရဲ့ နိုးထသူတွေက ချက်ချင်းပဲ ချေမှုန်းပစ်ခဲ့ကြပါတယ်..။
ပထမ တစ်ရက်လောက်မှာတော့ MRW တွေဟာ တစ်ချက်လေးတောင် ပစ်ခတ်ဖို့ မလိုအပ်ခဲ့ပါဘူး..။
သို့သော်လည်း.. နောက်တစ်ရက်မှာတော့ ရန်သူတွေ ပိုမို များပြား လာခဲ့တယ်..။ ယာဉ်တန်းက ရပ်တန့်မနေဘဲ.. မောင်းနှင်သူတွေက အလှည့်ကျ စနစ်နဲ့ မောင်းနှင်နေခဲ့ကြတာကြောင့်.. ဖျက်ဆီးခံလိုက်ရတဲ့ မြို့တော်က အခုအချိန်မှာတော့ သူတို့ရဲ့နောက် အဝေးကြီး ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်..။ ဒီနေရာမှာတော့.. သားရဲတွေက လွတ်လပ်စွာ သွားလာနေကြပြီး.. သူတို့ထဲက အများအပြားက ဒုက္ခသည် အုပ်စုကြီးရဲ့ အနံ့ကို ရရှိသွားခဲ့ကြတယ်..။
သားရဲအုပ်စုတွေက တစ်ခုပြီးတစ်ခု ယာဉ်တန်းကို တိုက်ခိုက်လာခဲ့ကြပြီး.. ခံစစ်တံတိုင်းတွေရှေ့မှာပဲ ကျိုးပျက်ကုန်ခဲ့ကြပါတယ်..။ နိုးထသူတွေ ပစ်ခတ်လိုက်တဲ့ မြှားတွေ..ကျည်ဆန်တွေနဲ့အတူ.. ပြင်းထန်လှတဲ့ သေနတ်ကျည်ဆန် မိုးရွာသွန်းမှုတွေက သူတို့ကို တစ်စစီဖြစ်စေခဲ့တယ်..။ MRW တွေက သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆက်တိုက်ပစ် သေနတ်တွေနဲ့ လေးလံတဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး.. သားရဲအုပ်တွေ ကြားထဲမှာ လမ်းကြောင်း ဖြတ်တောက်လိုက်ကြသလို.. တပ်ဆင်ထားတဲ့ လောင်ချာတွေဆီကနေလည်း ပေါက်ကွဲစေတတ်တဲ့ ဒုံးကျည်တွေကို တစ်ခါတစ်ရံ ပစ်လွှတ်ခဲ့ကြပါသေးတယ်..။
တကယ်လို့ အိပ်မက်ဆိုး သားရဲတွေက အနီးကပ်လွန်းလာရင်တော့.. နိုးထသူ တိုက်ခိုက်ရေးသမားတွေက ဖျက်ဆီးအားပြင်းတဲ့ မီးတောက်မှုတ်စက်တွေနဲ့ သူတို့ကို အချိန်တိုအတွင်းမှာတင် ရှင်းလင်းပစ်နိုင်ခဲ့ကြတယ်..။တကယ်လို့ သားရဲအုပ်တွေထဲမှာ ကျရှုံးမူအဆင့် သို့မဟုတ် ပျက်ပြားခြင်းအဆင့် သားရဲတွေ ပါဝင်လာခဲ့ရင်တော့.. ဆန်နီ နဲ့ အိပ်မက်ဆိုး တို့က အဲဒီသတ္တဝါတွေ ဒုက္ခသည်တွေကို ဘာအန္တရာယ်မှ မပြုလုပ်နိုင်ခင်ကတည်းက ရှေ့ကို သွားပြီး ရှင်းထုတ်ခဲ့ကြပါတယ်..။
ဆာဂျင် ဂီရီ က ထောက်ပံ့ရေးနဲ့ သာမန်စစ်သားတွေကို စီစဉ်ပေးနေသလို.. ဗိုလ်ကြီး ကာရင် က နိုးထသူ အများစုကို ကွပ်ကဲနေပြီး.. ဘတ် က အရပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်ပေးနေခဲ့ပါတယ်။.. ဒါတွေကပဲ သူ လုပ်ဆောင်ရမယ့် အရာအားလုံး ဖြစ်နေခဲ့တယ်..။
အိပ်မက်ဆိုး သားရဲတွေရဲ့ မတူညီတဲ့ စွမ်းအားတွေကို ရင်ဆိုင်ရတာက အနည်းငယ် စိန်ခေါ်မှု ရှိပေမယ့်.. အများအားဖြင့်တော့ ဆန်နီ ဟာ ထင်မထားလောက်အောင် အားလပ်နေခဲ့တယ်..။ ယာဉ်တန်းရဲ့ မဟာဗျူဟာမြောက် စီစဉ်သူနဲ့ လမ်းပြတစ်ယောက်အဖြစ် လုပ်ဆောင်ဖို့ အချိန်အများကြီး ရတာကြောင့် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်နေပေမယ့်.. ဒါတောင်မှ..
‘ထူးဆန်းတယ်.. ငါ တကယ်ပဲ.. နည်းနည်း ပျင်းနေတာလား..’
ယာဉ်တန်း ဖြတ်နင်းသွားခဲ့တဲ့ သားရဲအုပ်စုတစ်ခုရဲ့ အကြွင်းအကျန်တွေကို ကြည့်ရင်း.. ဆန်နီ က သူ့ခေါင်းနောက်ဘက်ကို ကုတ်လိုက်မိတယ်..။ဒါပေါ့ ဒီလို တိုးတက်မှုနှုန်းက အမြဲတမ်း ဆက်ရှိနေမှာ မဟုတ်ဘူးဆိုတာကိုတော့ သူ သိထားပါတယ်..။ အမှန်တော့.. သူသာ သားရဲအုပ်ကြီးတွေကို ရှောင်ကွင်းနိုင်အောင် လမ်းပြနေခဲ့တာ မဟုတ်ဘူးဆိုရင် အကုန်လုံးက သွေးမြေကျကြရမှာပါ။.. ဒီလို လုပ်ဖို့ကလည်း ပိုပိုပြီး ခက်ခဲလာခဲ့ပါပြီ..။
သို့ပေမဲ့ ဒါက အခုထိတော့ ဖြစ်မလာသေးပါဘူး..။
‘ငါ ရုတ်တရက် ကံကောင်းသွားတာလား.. ဒါမှမဟုတ် အခုအချိန်အထိ ငါ့ ကံတရားက တကယ်ပဲ ဆိုးရွားလွန်းနေခဲ့တာလား..’
ဆန်နီ က ဒါကို ခနလောက် စဉ်းစားလိုက်ပြီးနောက်.. နှစ်ခုစလုံး ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်တယ်..။
မေးခွန်းကတော့.. ဒီလို ကံကောင်းမှုတွေက ဘယ်လောက်အထိ ကြာရှည်ခံမလဲ ဆိုတာ ပါပဲ..။
အပိုင်း ( ၉၆၇ ) ပြီး၏။