အခန်း ၉၆၉
Vol. 65 Ch. 969
အခန်း ( ၉၆၉ ) ကမ်းရိုးတန်းမှ လက်ဆောင်များ
ဆန်နီ ရဲ့ အရိပ်က အိပ်မက်ဆိုး သားရဲ ပင်လယ်ကြီး အထက်က မတ်စောက်တဲ့ တောင်စောင်းတွေကို ဖြတ်ကျော်ပြီး အမှောင်ထုထဲမှာ လျင်မြန်စွာပဲ လျှောတိုက်သွားခဲ့တယ်။ ဆန်နီ က ဒီ သားရဲအုပ်ကြီးရဲ့ အရွယ်အစားကို အတိအကျ သိနိုင်ဖို့ ကြိုးစားနေပေမယ့်.. သူ ဘယ်လောက်ပဲ ကြည့်ကြည့် အဆုံးအစ မရှိတာကိုပဲ တွေ့လိုက်ရပါတယ်။ အကျည်းတန်တဲ့ သားရဲမျိုးစုံက ကျောက်ဆောင်တွေပေါ်အထိ ရောက်နေတဲ့ သားရဲအုပ်ကြီးထဲမှာ စုဝေးနေကြပြီး.. မြေပြင်ပေါ်မှာ တွားသွား လှုပ်ရှားနေခဲ့တယ်။
သားရဲအုပ်ကြီးက အရှေ့ဘက်ကနေ အနောက်ဘက်ဆီကို..ဦးတည်ပြီး ရှည်လျားတဲ့ တန်းကြီးတစ်ခုလို ဆန့်ထွက်နေခဲ့တယ်..။ သူတို့ရဲ့ အကျယ်အဝန်းကတော့ သည်းခံနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေသေးတာကြောင့်.. သားရဲတွေကြားထဲကို ဖြတ်တောက်ပြီး မောင်းနှင်ဖို့ စိတ်ကူးက သူ့ခေါင်းထဲမှာ အနည်းငယ် ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ သားရဲအုပ်ကြီးရဲ့ အလျားကတော့ ဖိအားတစ်ခုလို ရှိလွန်းနေခဲ့တာပါ။
ယာဉ်တန်းက အခုဆိုရင် အတော်လေး ကြီးမားနေခဲ့ပြီ ဖြစ်တာကြောင့်.. ဆန်နီ က သားရဲအုပ်ကြီးထဲမှာ အပေါက်တစ်ပေါက် ဖောက်နိုင်ခဲ့ရင်တောင်..ယာဉ်အားလုံး ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။
…ဒါပေမဲ့ ဒါက ရွေးချယ်စရာတစ်ခုတော့ ဖြစ်နေဆဲပါပဲ။ သူက ဗျူဟာကျကျ စဉ်းစားဖို့ လိုအပ်နေခဲ့တယ်။
အရှေ့ဘက်မှာတော့ သားရဲအုပ်ကြီးက သူ့အရိပ် မြင်နိုင်တဲ့ အထိ ရှည်လျားနေခဲ့တယ်။ အနောက်ဘက်မှာတော့ အိပ်မက်ဆိုး သားရဲတွေရဲ့ ရှေ့တန်းတပ်နဲ့ ကမ်းရိုးတန်း အဝေးပြေးလမ်းမ ကြားမှာ နေရာလွတ် အနည်းငယ် ကျန်နေခဲ့ပါသေးတယ်။ သားရဲတွေက ဒီအတိုင်း ဆက်သွားနေပြီး ယာဉ်တန်းသာ အရှိန်မြှင့်လိုက်မယ်ဆိုရင်.. သူတို့ တစ်ခုနဲ့တစ်ခု မထိခိုက်ဘဲ ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေး ရှိဆဲပါ။
တကယ်လို့ ဒီလို မဟုတ်ဘူးဆိုရင်တော့.. ယာဉ်တန်းက သားရဲအုပ်ကြီး နဲ့ သမုဒ္ဒရာ ကြားမှာ ပိတ်မိသွားပြီး ပိုမို များပြားတဲ့ လူတွေ သေဆုံးရပါလိမ့်မယ်။ ရေထဲကနေ တစ်ခုခုက တိုက်ခိုက်လာနိုင်တဲ့ အချက်ကိုတောင် သူ ထည့်မတွက်ထားရသေးပါဘူး။
ဆန်နီ သက်ပြင်းချလိုက်တယ်။
‘…ချီးပဲ’
ပထမ ရွေးချယ်စရာက လူတွေ သေဆုံးဖို့ သေချာပေါက် နီးပါး ဖြစ်နေပေမယ့် ပျက်စီးမှု နည်းပါးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒုတိယ တစ်ခုကတော့ ဘယ်သူမှ မသေဆုံးဘဲ လွတ်မြောက်သွားနိုင်တဲ့ အခွင့်အရေး ရှိပေမယ့်.. အခြေအနေတွေ မှားယွင်းသွားရင်တော့ ကြီးမားတဲ့ ကပ်ဆိုးတစ်ခု ဖြစ်သွားနိုင်ပါလိမ့်မယ်။
သူ ခနလောက် တွန့်ဆုတ်နေပြီးမှ ဂီရီ ကို ဆက်သွယ်လိုက်တယ်။
“ဟုတ်ကဲ့.. ကပ္ပတိန်..”
ဆန်နီ အံကိုကြိတ်ထားရင်း
“ရှေ့မှာ အိပ်မက်ဆိုး သားရဲအုပ်ကြီး တစ်ခု ရှိနေတယ်။ အရှိန်အပြည့် မောင်းပြီး အဝေးပြေးလမ်းမကနေ လမ်းကြောင်းလွှဲသွားကြမယ်။ အားလုံးကို ခက်ခဲတဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်ပါ..”
ပြီးသွားပြီ။ ဆုံးဖြတ်ချက်က ချပြီးသွားပါပြီ။ ဆန်နီ ဒီဆုံးဖြတ်ချက်ကို မနှစ်မြို့ပေမယ့်.. အနည်းဆုံးတော့ ယာဉ်တန်းမှာ ထိခိုက်မှု မရှိဘဲ လွတ်မြောက်နိုင်တဲ့ အခွင့်အရေး ရှိသွားခဲ့ပြီလေ။ ရလဒ်တွေ ပိုဆိုးသွားနိုင်တယ်ဆိုတာ သိပေမယ့်.. လူတွေကို ဒီအတိုင်း သေဆုံးအောင် သူ မလွှတ်ပေးနိုင်သေးပါဘူး။
အနည်းဆုံးတော့ သူ ကြိုးစားကြည့်ခဲ့တယ်ဆိုတာကို ဆန်နီ သိနေပါလိမ့်မယ်။
လူစတာက သူ့အမိန့်အတိုင်း ရိုင်နို ကို အရှေ့ဘက်ဆီ အရှိန်ပြည့် မောင်းနှင်သွားခဲ့တယ်။ သူတို့ရဲ့ MRW ယာဉ်တွေက လိုက်မီအောင် ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ တိုးလာတဲ့ အရှိန်နဲ့ လိုက်လျောညီထွေ ဖြစ်သွားခဲ့ကြပါတယ်။ ယာဉ်တန်းကို ဖွဲ့စည်းထားတဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကလည်း အတူတူပဲ ဖြစ်ပြီး.. မကြာခင်မှာပဲ ယာဉ်တန်းကြီး တစ်ခုလုံးက မဆင်မခြင် အရှိန်နဲ့ ရှေ့ကို မောင်းနှင်နေခဲ့ကြပါပြီ။
‘အရှိန်မလျော့ကြနဲ့တော့…’
ဆန်နီ နောက်ကို လှည့်ကြည့်ရင်း ဘာမှ မမှားယွင်းဖို့ ဆုတောင်းနေခဲ့တယ်။ ဒီတိုက်ခိုက်မှုကြားမှာ ယာဉ်တစ်စီး ပျက်စီးသွားရင် ခရီးသည်တွေကို ကယ်တင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး..။ ချို့ယွင်းနေတဲ့ ယာဉ်တစ်စီးက နောက်က လိုက်လာတဲ့ သူတွေကိုလည်း နှောင့်နှေးစေနိုင်တာကြောင့် ဒါက ကြီးမားတဲ့ ကပ်ဆိုးတစ်ခု ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ထွက်ပေါက် နည်းပါးတာက..ဒုတိယ ရွေးချယ်မှုကို ရွေးခဲ့ရတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်နေခဲ့တယ်။.. တောင်တန်းတွေကနေ ခနလောက် ခွာသွားတာက စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်နိုင်ချေကို လျော့ကျသွားစေပါလိမ့်မယ်။
ရိုင်နို က လမ်းခွဲတစ်ခုဆီကို ဦးတည်သွားပြီး ယာဉ်တန်းကို အရှေ့ဘက် အဝေးပြေးလမ်းမဆီ ဆင်းသွားစေခဲ့တယ်။ သူတို့ နီးကပ်သွားတဲ့ အခါမှာတော့ ဆန်နီ က သားရဲအုပ်ကြီးကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပြီး ကမ်းရိုးတန်းကို မရောက်ခင် သူတို့ ဖြတ်ကျော်နိုင်မလားဆိုတာ တွက်ချက်ဖို့ ကြိုးစားနေခဲ့ပါတယ်။
အခုအချိန်အထိတော့ အခွင့်အရေး အနည်းငယ် ရှိနေသေးတဲ့ ပုံပါပဲ။
…ဒါပေမဲ့ သူတို့ အဝေးပြေးလမ်းမပေါ် ရောက်တာနဲ့ ဒီ အခွင့်အရေးက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါတယ်။
ဘာကြောင့်လဲ မသိပေမယ့်.. သားရဲအုပ်ကြီးရဲ့ ရှေ့တန်းတပ်တွေက ရုတ်တရက် ရူးသွပ်သွားခဲ့ပြီး ရှေ့ကို အလောတကြီး ပြေးဝင်လာခဲ့ကြတယ်။ ကျန်တဲ့ သားရဲအုပ်ကြီးကလည်း အသားတုံးတွေ လှိမ့်ဝင်လာသလို သူတို့နောက်ကို လိုက်ပါလာခဲ့ကြပါတယ်။ အိပ်မက်ဆိုး သားရဲတွေက ယာဉ်တန်းကို မမြင်သေးဘူးလို့ ဆန်နီ သေချာပေါက် တွက်ချက်ထားခဲ့တာကြောင့်
ဘာလို့ သူတို့ရဲ့ အပြုအမူတွေ ရုတ်တရက် ပြောင်းလဲသွားလဲဆိုတာ သူ နားမလည်နိုင်ခဲ့ပါဘူး။ဒါက ကမ်းခြေမှာ ရှိတဲ့ တစ်ခုခုက သားရဲတွေကို ဆွဲဆောင်နေသလိုမျိုးပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သားရဲတွေက အရင်ကထက် ပိုမြန်မြန် ရွေ့လျားနေတာကြောင့်.. တိုက်ပွဲ မဖြစ်ဘဲ ဖြတ်ကျော်သွားဖို့ အခွင့်အရေးကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ အဆုံးမှာတော့ သူတို့က တိုက်ခိုက်ပြီး ဖြတ်ကျော်သွားရမှာပါပဲ။
' ချီးပဲ…’
အနည်းဆုံးတော့ ယာဉ်တန်းကို တစ်ဖက်ကနေပဲ တိုက်ခိုက်ခံရတော့မှာပါ။ ဘယ်ဘက်ခြမ်းမှာတော့ သမုဒ္ဒရာ ရှိနေတာကြောင့် အန္တရာယ် များတယ်လို့ ထင်ရပေမယ့် ကာကွယ်ပေးထားသလို ဖြစ်နေပါသေးတယ်။
‘ဒီကောင်တွေကို ဘယ်အရာကများ အဲ့လောက်အထိ ဖြစ်သွားစေတာလဲ…’
အဝေးတစ်နေရာမှာ အဝေးပြေးလမ်းမပေါ်ကို စတင် ရောက်ရှိလာတဲ့ ပထမဆုံး သားရဲတွေကို ကြည့်ပြီး ဆန်နီ ခနလောက် ကြောင်အသွားခဲ့တယ်။
‘…အော်…’
ရှေ့မှာတော့ အဝေးပြေးလမ်းမထက်မှာ ဆင်စွယ်ရောင် အသားတုံး တောင်ကြီးတစ်ခုလိုမျိုး ဧရာမ သားရဲ အလောင်းကြီး တစ်ခု ရှိနေခဲ့တယ်။ ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့
ဂျယ်လီငါး တစ်ကောင်နဲ့ ဆင်တူပြီး.. သူ့ရဲ့ အသက်မဲ့နေတဲ့ ရေဘဝဲလို..လက်တံတွေက အနက်ရောင် ရေပြင်ထဲကို မီတာရာပေါင်းများစွာအထိ ဆန့်ထွက်နေခဲ့တယ်။
သမုဒ္ဒရာရဲ့ အနက်ပိုင်းမှာ နေထိုင်ခဲ့တဲ့
ဒီ သားရဲရဲ့ ထူးဆန်းတဲ့ အသားတွေက စုတ်ပြဲနေပြီး.. အသားတွေ များစွာလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ သူ့အောက်မှာတော့ ထူးဆန်းတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို မြင်နေရပြီး အေးခဲနေတဲ့ ချွဲတွေကလည်း အဝေးပြေးလမ်းမ တစ်လျှောက်မှာ ဖုံးလွှမ်းနေခဲ့တယ်။ တစ်ခုခုက ဒီ ကြောက်မက်ဖွယ် သားရဲကို ရက်ရက်စက်စက် တိုက်ခိုက်ပြီးမှ အစာမစားဘဲ ထားသွားခဲ့တာ ဖြစ်ပုံရပါတယ်။
…အခုတော့ အိပ်မက်ဆိုး သားရဲအုပ်ကြီးက အဲ့ဒီ အလုပ်ကို အဆုံးသတ်ဖို့ အလောတကြီး လာနေကြပါပြီ။
ဆန်နီ ကြည့်နေတုန်းမှာပဲ သားရဲတွေက အဝေးပြေးလမ်းမပေါ်ကို ရောက်လာခဲ့ကြတယ်။ ပထမဆုံး ရောက်လာတဲ့ သားရဲတွေက အဲ့ဒီ သားရဲအလောင်းကြီးကို ငတ်မွတ်စွာနဲ့ ကိုက်ဖြတ်နေကြပြီး နောက်တစ်စက္ကန့်မှာပဲ နောက်ထပ် သားရဲပေါင်း ရာနဲ့ချီ ရောက်လာခဲ့ကြပါတယ်။
ရွံရှာဖွယ် အလောင်းကြီးက ကြီးမားပေမယ့် သူတို့ကို အကုန်လုံးကို ဝအောင် မကျွေးနိုင်ခဲ့ပါဘူး။ မကြာခင်မှာပဲ နှေးကွေးတဲ့ အိပ်မက်ဆိုး သားရဲတွေက ကမ်းခြေကို ရောက်လာပြီး.. သူတို့ရဲ့ အဖော်တွေ စားသောက်နေတဲ့ အလောင်းတွေကို အတင်းအကျပ် ဆွဲဖြဲပြီး သူတို့လည်း ဝင်စားဖို့ ကြိုးစားနေကြတယ်။ သူတို့က ဧရာမ ဂျယ်လီငါးကြီးရဲ့ အပေါ်မှာ ပုရွက်ဆိတ်တွေလို တွားသွားပြီး အပေါ်ယံ အလွှာတွေကို ဖြည်းဖြည်းချင်း ထုတ်ယူ စားသောက်နေကြတယ်။
သူတို့နောက်မှာတော့ မရေမတွက်နိုင်တဲ့ သားရဲတွေက တောင်စောင်းတွေပေါ်ကနေ စီးဆင်းလာနေခဲ့ပါပြီ။
မကြာခင်မှာ ယာဉ်တန်းက အဲ့ဒီ ကြောက်မက်ဖွယ် သားရဲတွေရဲ့ အတားအဆီးကို တိုက်ခိုက်ပြီး ဖြတ်ကျော်ရတော့မှာ ဖြစ်တာကြောင့် ဆန်နီ က သူ့ရဲ့ လေးကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်။
…တကယ်တော့ နောက်ကျကျန်ခဲ့တဲ့ သားရဲ အနည်းငယ်က ဆမ်မာရာ ရဲ့ ရိုင်ဖယ်နဲ့ စတင် ပစ်ခတ်ဖို့ လုံလောက်တဲ့ အကွာအဝေးမှာ ရောက်နေခဲ့ကြပါပြီ။
ရက်စက်တဲ့ သတ်ဖြတ်မှု မြင်ကွင်းတစ်ခုကို ကြည့်ရင်း ဆန်နီ ရဲ့ ကျောရိုးထဲမှာ အေးစိမ့်သွားခဲ့တယ်။
'ဒါ..ဒါက အဆင်ပြေပါတယ်။… ငါတို့ ဒါကို ဖြတ်ကျော်နိုင်မှာပါ…’
သူ ဒီလိုပဲ တွေးခဲ့တာပါ…
အနည်းဆုံးတော့ သူ့ဘယ်ဘက်က နှင်းမုန်တိုင်းတွေရဲ့ နောက်ဘက် သမုဒ္ဒရာထဲမှာ သွေးရောင် အလင်းတန်းတွေ ထွက်ပေါ်လာတဲ့ အချိန်အထိပါပဲ။
ဧရာမ အသွင်သဏ္ဍာန် ကြီးတစ်ခုက လှိုင်းတွေကြားထဲကနေ ရွေ့လျားပြီး ကမ်းခြေဆီကို နီးကပ်လာနေခဲ့ပါပြီ။
အပိုင်း ( ၉၆၉ ) ပြီး၏။