အခန်း ၉၇၁
Vol. 65 Ch. 971
အခန်း ( ၉၇၁ ) ဗျူဟာကျကျ ဆုတ်ခွာခြင်း
ဆန်နီနဲ့ သူ့ရဲ့ စစ်သားတွေဟာ ယာဉ်တန်းကြီး အနေနဲ့ ရှင်းလင်းသွားတဲ့ လမ်းကြောင်းအတိုင်း မောင်းနှင်သွားနိုင်ဖို့ သားရဲတွေကို တားဆီးပေးထားခဲ့ကြတယ်။ သူတို့အပေါ် သားရဲအုပ်ကြီးကပေးနေတဲ့ ဖိအားက ပြင်းထန်လွန်းလှပေမယ့်.. ပျက်စီးနေတဲ့ စစ်သင်္ဘောကြီးဆီက အမြောက်ပစ်ကူမှုကြောင့် မကျော်လွှားနိုင်တဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။
နိုးထသူတွေနဲ့ သာမန်စစ်သားတွေဟာ လေးလံတဲ့ MRW တွေ၊ တိုက်ခိုက်ရေးယာဉ်တွေရဲ့ ကူညီမှုနဲ့ လက်တွဲ တိုက်ခိုက်ခဲ့ကြတယ်။ မကြာခင်မှာပဲ တောင်စောင်းတစ်ခုလုံး ပျက်စီးသွားပြီး မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ နှင်းမုန်တိုင်းထဲမှာ ဒေါသထွက်နေတဲ့ အနီရောင်အလင်းတန်းတွေ ပြန့်နှံ့သွားတာကြောင့် နှင်းတွေကိုယ်တိုင် မီးတောက်နေသလိုမျိုး ထင်မှတ်နေရပြီး.. လက်နက် ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေနဲ့ သားရဲတွေရဲ့ အော်ဟစ်သံတွေဟာ နားကွဲမတတ် ဆူညံလွန်းတဲ့ သီချင်းတစ်ပုဒ်လို ဖြစ်နေခဲ့တယ်။
စစ်သင်္ဘောကြီးက ငြိမ်သက်သွားပြီး အမြောက်ဆန်တွေ ကျရောက်လာမှုကလည်း ရပ်တန့်သွားခဲ့ပါပြီ။ သင်္ဘောမှာ ခဲယမ်းမီးကျောက် ကုန်ဆုံးသွားတာ ဖြစ်နိုင်သလို.. ပြင်းထန်တဲ့ ပစ်ခတ်မှုကို ခံနိုင်ရည်မရှိတော့ပဲ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ သူ့ရဲ့ကိုယ်ထည်က ပိုပြီး ပျက်စီးသွားတာလည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်.. အခုအချိန်မှာတော့ ယာဉ်တန်းရဲ့ အစိတ်အပိုင်းတော်တော်များများဟာ တိုးကပ်လာတဲ့ သားရဲအုပ်ကြီးကို ဖြတ်ကျော်သွားနိုင်ခဲ့ကြတယ်။ အမြောက်တပ်ရဲ့ ပစ်ခတ်မှု မရှိတော့တဲ့အပြင် အဝေးပြေးလမ်းမနဲ့ သူတို့ကြားမှာ သတ်ကွင်းတစ်ခု မရှိတော့တာကြောင့်.. အိပ်မက်ဆိုး သားရဲတွေဟာ လူသားတွေရဲ့ ခံစစ်ကြောင်းကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးဝင်လာနေခဲ့ကြတယ်။
အဲ့အချိန်မှာပဲ ဆန်နီဟာ အရိပ်သရုပ်ဖော်ခြင်း စွမ်းရည်ကို နောက်ဆုံးမှာ အသုံးပြုလိုက်ပါတယ်။ သူက ဒီအခိုက်အတန့်အတွက် ဝိဥာဉ်အဆီအနှစ်တွေကို ချွေတာသုံးခဲ့တာ ဖြစ်ပေမယ့်.. အခုအချိန်မှာတော့ ဘာကိုမှ ထိန်ချန်ထားဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။
မြေပြင်ကနေ မှောင်မိုက်တဲ့ ဆူးချွန်တန်းတွေ ထွက်ပေါ်လာပြီး သားရဲတွေရဲ့ အရှိန်ကို ပိတ်ဆို့လိုက်ကာ အချို့ကတော့ ထက်မြက်တဲ့ ထိပ်ဖျားတွေနဲ့ ထိုးစိုက်မိသွားခဲ့ကြတယ်။ ရူးသွပ်နေတဲ့ သားရဲအုပ်ကြီးရဲ့ နောက်ကနေ တွန်းပို့မှုကြောင့် သားရဲ အများစုဟာ ဆူးချွန်တွေနဲ့ အထိုးခံလိုက်ရပြီး နေရာမှာတင် သေဆုံးကုန်ခဲ့ကြပါတယ်။ အချို့ကတော့ အရှိန် လျော့ကျသွားခဲ့ရုံသာ ရှိပါသေးတယ်။
ဆူးချွန်တွေက မကြာခင်မှာပဲ ဖျက်ဆီးခံလိုက်ရပေမယ့်.. သူတို့ရဲ့ အလုပ်ကတော့ ပြီးမြောက်သွားခဲ့ပါပြီ။ သားရဲအုပ်ကြီးရဲ့ အရှိန်အဟုန်က ရပ်တန့်သွားခဲ့ပြီး MRW တွေဟာ သူတို့ရဲ့ ရှေ့မှာ မီးတောက်နံရံတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတယ်။
ခနအကြာမှာတော့ မီးလောင်နေတဲ့ သားရဲအချို့က မီးတောက်တွေကို ဖြတ်ကျော်ပြီး ဒေါသတွေနဲ့ ခံစစ်ကြောင်းဆီကို ပြေးဝင်လာခဲ့ကြပါတယ်။ သူတို့ကိုတော့ ထက်မြက်တဲ့ သံမဏိလက်နက်တွေနဲ့ ကျည်ဆန်မိုးတွေက ဆီးကြိုလိုက်ကြတယ်။
“တောင့်ခံထားကြ။ ငါတို့ အလုပ်မပြီးသေးဘူး”
သူ့ရဲ့ အမိန့်အတိုင်း စစ်သားတွေဟာ တောင့်ခံထားခဲ့ကြတယ်။ နိုးထသူတွေက သူတို့ရဲ့ ဝိဥာဉ်အဆီအနှစ်တွေကို အကုန်အစင် သုံးစွဲနေကြသလို သာမန်စစ်သားတွေကလည်း သူတို့ရဲ့ ခဲယမ်းတွေကို ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပေမယ့်.. တောင့်ခံထားကြဆဲပါပဲ။ တစ်မိနစ်.. ပြီးတော့ နှစ်မိနစ်…
နောက်ဆုံးမှာတော့ နောက်ဆုံးကျန်နေတဲ့ ယာဉ်က ဖြတ်မောင်းသွားခဲ့ပြီး နှင်းမုန်တိုင်းရဲ့ မြူခိုးတွေမှာ တိုးဝင် ကွယ်ပျောက်သွားခဲ့ပါတယ်။
ဆန်နီဟာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။ တိုက်ပွဲက မပြီးသေးပေမယ့် အနည်းဆုံးတော့ ဒုက္ခသည်တွေ ဘေးကင်းသွားခဲ့ပါပြီ။
“ခြေလျင်တပ်တွေ.. ဆုတ်ခွာကြမယ်”
ပြင်းထန်တဲ့ တိုက်ပွဲထဲကနေ ရုန်းထွက်ဖို့က မလွယ်ကူတဲ့ အလုပ်ဖြစ်တာကြောင့် အဆင့်လိုက် လုပ်ဆောင်ဖို့ လိုပါတယ်။
ပထမဆုံးအနေနဲ့ သာမန်စစ်သားတွေက စနစ်တကျ ဆုတ်ခွာပြီး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်ကို တက်လိုက်ကြတယ်။ ကြီးမားတဲ့ ယာဉ်တွေ မောင်းထွက်သွားပြီးတဲ့နောက် အားနည်းသွားတဲ့ ခံစစ်ကြောင်းက နေရာရွှေ့ပြောင်းပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်ခဲ့ကြပါတယ်။
သူတို့ နောက်ဆုတ်သွားတဲ့အချိန်မှာ MRW တွေက အဝေးထိန်းစနစ်သုံး မြေမြှုပ်မိုင်းတွေကို ပစ်လွှတ်လိုက်တာကြောင့်.. ဆုတ်ခွာသွားတဲ့ လူသားစစ်တပ်ရဲ့ နောက်ကွယ်မှာ ရာနဲ့ချီတဲ့ မိုင်းတွေ ကျန်ရစ်နေခဲ့တယ်။ တိုးကပ်လာတဲ့ အိပ်မက်ဆိုး သားရဲတွေက ပေါက်ကွဲမှုဇုန်ထဲကို လုံလောက်စွာ ဝင်ရောက်လာတဲ့အချိန်မှာတော့ မိုင်းတွေက တစ်ပြိုင်နက် ပေါက်ကွဲသွားပြီး ကမ္ဘာကြီးကို ခနတာ တုန်လှုပ်သွားစေခဲ့ပါတယ်။
ခံစစ်ယူနေတဲ့ သူတွေဟာ ဒီအခိုက်အတန့်ကို အသုံးချပြီး တိုက်ပွဲကို စွန့်ခွာလိုက်ကြတယ်။ နိုးထသူတွေကတော့ စောင့်ဆိုင်းနေတဲ့ ယာဉ်တွေရဲ့ အမိုးပေါ်ကို ခုန်တက်လိုက်ကြပြီး ယာဉ်တွေကို အရှိန်နဲ့ မောင်းထွက်သွားခဲ့ကြပါတယ်။ MRW တွေကလည်း သူတို့ရဲ့ ကိုယ်ထည်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြီး ပြေးလွှားရင်း နောက်ပြန် ပစ်ခတ်ပြီး လိုက်ပါလာခဲ့ကြတယ်။
ဆန်နီတစ်ယောက်တည်း သွေးဆာနေတဲ့ သားရဲအုပ်ကြီးရဲ့ ဒေါသကို ရင်ဆိုင်ဖို့ ကျန်ရစ်ခဲ့တာပါ။
ကောင်းပြီလေ.. လုံးဝ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အိပ်မက်ဆိုးက သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေထဲမှာ ဒေါသ နဲ့ သွေးဆာမှုတွေ တောက်လောင်ရင်း အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့တယ်။
အနားကိုကပ်လာတဲ့ သားရဲလှိုင်းလုံးကြီးကို ကြည့်ပြီး ဆန်နီက အေးစက်စွာ ပြုံးလိုက်ပါတယ်။
“လာကြစမ်း.. ခွေးမသားတွေ”
သူ့ပတ်လည်မှာတော့ အရိပ်တွေဟာ လှိုင်းထန်လာပြီး အနက်ရောင် ချိန်းကြိုးတွေလို ရှေ့ကို ပြေးထွက်သွားခဲ့တယ်။
သူက အရိပ်တွေနဲ့ ချိန်းကြိုးတွေကို သုံးပြီး အိပ်မက်ဆိုး သားရဲတွေကို လမ်းကြောင်းလွှဲလိုက်ကာ သူ့ရဲ့ လှံတံနဲ့ တတ်နိုင်သလောက် သတ်ဖြတ်ပြီး ဒဏ်ရာရစေခဲ့ပါတယ်။ အိပ်မက်ဆိုးကလည်း သူတို့ရဲ့ အလယ်မှာ ရူးသွပ်စွာ တိုက်ခိုက်နေပြီး.. အနည်းဆုံးတော့ အခုလောလောဆယ်အထိ သူ့ကို သတ်ဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် လျင်မြန်နေခဲ့တယ်။
ဒါပေမဲ့ သူတို့က ဒီမှာ အကြာကြီး နေမှာမဟုတ်ပါဘူး။ ဆန်နီ လုပ်ရမှာက သူ့ရဲ့ စစ်သားတွေ ရန်သူနဲ့ အကွာအဝေးတစ်ခု ရရှိနိုင်ဖို့ အချိန်ဆွဲပေးထားဖို့ပါပဲ။
မကြာခင်မှာပဲ သူ့ရဲ့ ခံစစ်က ပျက်စီးသွားခဲ့ပြီး သူနဲ့ သူ့ရဲ့ အရိပ်ဟာ မိနစ်ပိုင်းအတွင်းမှာတင် ဝိုင်းရံခံရတော့မလို ဖြစ်သွားခဲ့တယ်။
အဲ့အချိန်မှာပဲ သူတို့နှစ်ယောက်လုံးက ရုပ်ခန္တာ
မရှိတဲ့ အရိပ်တွေအဖြစ် ပြောင်းလဲသွားပြီး.. အိပ်မက်ဆိုး သားရဲတွေကို နောက်ကွယ်မှာ ထားရစ်ခဲ့လိုက်ကြပါတယ်။
အခုတော့ တိုက်ပွဲက အမှန်တကယ်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီတိုက်ပွဲရဲ့ အဆုံးသတ်မှာ ဆန်နီအတွက် စိတ်ကျေနပ်စရာ အံ့ဩမှုတစ်ခုကတော့.. အချို့သားရဲတွေက ယာဉ်တန်းနောက်ကို လိုက်လံတိုက်ခိုက်ဖို့ ကြိုးစားကြပေမယ့် အများစုကတော့ ဧရာမ ဂျယ်လီငါးကြီးရဲ့ အလောင်းနဲ့ သေဆုံးသွားတဲ့ အဖော်တွေရဲ့ အသားတွေကိုပဲ ပိုပြီး စိတ်ဝင်စားနေပုံရတာပါပဲ။
ယာဉ်တန်းကတော့ လွတ်မြောက်သွားနိုင်ခဲ့ပုံ ရပါတယ်။
‘နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်..’
တစ်မိနစ်အကြာမှာတော့ ဆန်နီနဲ့ အိပ်မက်ဆိုးတို့ဟာ အဝေးပြေးလမ်းမပေါ်ကနေ ထွက်ပေါ်လာပြီး ဆုတ်ခွာသွားတဲ့ စစ်သားတွေကို မကြာခင်မှာပဲ မှီသွားခဲ့တယ်။ ယာဉ်တန်းကတော့ နှင်းတွေရဲ့ နောက်ကွယ်မှာ ကွယ်ပျောက်နေဆဲ ဖြစ်ပေမယ့် သူတို့က မကြာခင်မှာပဲ ပင်မယာဉ်တန်းကြီးနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာပါ..။ ဒီလို အခြေအနေမျိုးမှာ ရှေ့တန်းတပ်ဖွဲ့ဟာ အကာအကွယ်မဲ့
မနေစေဖို့အတွက် အရှိန်လျှော့ထားဖို့ လိုပါတယ်။
ဆန်နီက သူ့ရဲ့ မြင်းကို နောက်ဆုံးယာဉ်ရဲ့ အနီးကို မောင်းနှင်ဖို့ အမိန့်ပေးလိုက်ပြီး ယာဉ်အမိုးပေါ်မှာ ထိုင်နေတဲ့ ဆမ်မာရာကို လှမ်းကြည့်လိုက်တယ်။ သူမရဲ့ နီရဲတဲ့ ဆံပင်တွေက လေထဲမှာ လွင့်ပျံနေပြီး.. ရိုင်ဖယ်သေနတ်နဲ့ နောက်ဘက်ကို ချိန်ရွယ်ကာ နှင်းမုန်တိုင်းထဲကို တစ်ခါတစ်ရံ ပစ်ခတ်နေခဲ့ပါတယ်။
“မင်းရဲ့ ဝိဥာဉ်အဆီအနှစ် အခြေအနေ ဘယ်လိုရှိလဲ ”
ဆမ်မာရာက သူ့ကို ခနလောက် လှမ်းကြည့်ပြီး မှ ပြုံးလိုက်တယ်။
သူက ခေါင်းညိတ်ပြလိုက်ပြီး ကုန်းနှီးပေါ်မှာ မတ်တပ်ရပ်ကာ ယာဉ်ရဲ့ အမိုးပေါ်ကို ခုန်ကူးလိုက်ပြီး လက်ဖြောင့် စနိုက်ပါသမား ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ဆန်နီက သူ့ရဲ့ မြင်းစီးစွမ်းရည်ကို ယုံကြည်မှုရှိပေမယ့် အိပ်မက်ဆိုးပေါ်မှာ နောက်ပြန်ထိုင်ပြီး လေးပစ်ဖို့အထိတော့ ယုံကြည်မှု မရှိပါဘူး။
မော်ဂန်ရဲ့ စစ်ပွဲလေးက အလင်းစက် တွေရစ်ပတ်ရင်း စတင် ပုံပေါ်လာတဲ့အချိန်မှာတော့ ဆန်နီ ခနလောက် တုံ့ဆိုင်းသွားပြီး ရူးစ် စာသားတွေကို ဆင့်ခေါ်လိုက်တယ်။
‘တိုက်ပွဲအစမှာ ငါ ခံစားလိုက်ရတဲ့ ထူးဆန်းတဲ့ တုန်ခါမှုက ဘာဖြစ်နိုင်မလဲ။ ငါ နောက်ဆုံးမှာ မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ သတ်မှတ်ချက်တွေကို ပြည့်မီသွားတာတော့ မဟုတ်ပါဘူးနော်.'
အပိုင်း ( ၉၇၁ ) ပြီး၏။