← Chapters

အခန်း ၉၇၃

Vol. 65 Ch. 973

အခန်း ၉၇၃

Vol. 65 Ch. 973

အခန်း ( ၉၇၃ ) အပြန်အလှန် ကယ်ဆယ်ခြင်း

နေဗီက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ အဝေးကြီးအထိ ဆန့်တန်းနေတဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တန်းကြီးကို လှမ်းကြည့်လိုက်တယ်။

“မင်းက တပ်မှူး ဖြစ်နေတာလား။ ဒါဆို အခြေအနေတွေက တော်တော်လေး ပြောင်းလဲသွားခဲ့တာပဲ…ငါ ဝေဖန်နေတာ မဟုတ်ဘူးနော်။ တကယ်တော့ ရင်းနှီးတဲ့သူကို မြင်ရတာ ဝမ်းသာစရာပါပဲ။ငါက မင်းကို နိုးထသူ အထူးတပ်ဖွဲ့ တစ်စုစာလောက်ကိုပဲ ဦးဆောင်နေရတယ်လို့ ထင်ထားခဲ့တာ”

ဆန်နီက သက်ပြင်းချလိုက်တယ်။

“အင်း.. အခြေအနေက ရှုပ်ထွေးနေတာနဲ့ ကျုပ်လည်း တပ်ရင်းတစ်ခုလုံးကို တာဝန်ယူလိုက်ရတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။ အရပ်သား ဒုက္ခသည် တစ်သောင်းနှစ်ထောင်လောက်ကိုလည်း စောင့်ရှောက်ထားရသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်…မာစတာ နေဗီ..။ကျုပ် ခင်ဗျားကို အကြွေးတင်သွားခဲ့ပြီ။ခင်ဗျားတို့ သင်္ဘောရဲ့ ပစ်ကူသာ မပါရင် အဲ့တိုက်ပွဲက ဆိုးဝါး သွားနိုင်တယ်လေ”

သူက ကမ်းခြေမှာ သောင်တင်နေတဲ့ ဧရာမ သင်္ဘောကြီးရဲ့ ပုံသဏ္ဍာန်ကို သေချာကြည့်လိုက်ပြီးမှ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်က သူ့ရဲ့ တပ်ဖွဲ့ကို အန္တာတိကဆီ ပို့ဆောင်ပေးခဲ့တဲ့ စစ်သင်္ဘောကြီး ဖြစ်နေမှန်း မှတ်မိသွားခဲ့တယ်။ ဒါမှမဟုတ် သင်္ဘောကြီးရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေလို့ပဲ ပြောရပါလိမ့်မယ်။

“အိုး.. ဟုတ်သားပဲ.. ကယ်တင်တာနဲ့ ပတ်သက်ပြီး ပြောရရင်တော့.. အမှန်အတိုင်းပြောရရင် ငါတို့ကသာ ကယ်တင်ခြင်း ကို လိုအပ်နေတာလေ။ မင်း မြင်တဲ့အတိုင်းပဲ သင်္ဘောက အခြေအနေ သိပ်မကောင်းသလို.. အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားတွေကလည်း အန္တာတိကကို ဖြတ်ပြီး ခြေလျင်ခရီးနှင်ဖို့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ ငါတို့က ပင်လယ်ထဲမှာပဲ ကျွမ်းကျင်ကြတာလေ.. အဲ့ဒါတောင်မှ…”

သူက ပျက်စီးနေတဲ့ ကြောက်မက်ဖွယ် စစ်သင်္ဘောကြီးရဲ့ အကြွင်းအကျန်တွေကို လှမ်းကြည့်လိုက်တယ်။

“…အဆုံးသတ်မှာတော့ ပင်လယ်က ငါတို့ထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ယာဉ်တန်းက ငါ တို့အတွက် အကောင်းဆုံး မျှော်လင့်ချက်ပဲလေ။ ဒါနဲ့.. သင်္ဘောထဲမှာ အသက်ရှင်ကျန်တဲ့ သင်္ဘောသား အနည်းငယ်လောက်အတွက် ဒီယာဉ်တွေပေါ်မှာ နေရာပေးလို့ ရနိုင်မလား။ အတိအကျတော့ မဟုတ်ပေမယ့် ထောင်ဂဏန်းလောက်တော့ ရှိတယ်”

ဆန်နီက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ပြုံးပြလိုက်တယ်။

“ရတာပေါ့.. ပြဿနာမရှိဘူး။ စီစဉ်ပေးလို့ ရပါတယ်။ သင်္ဘောရဲ့ ကုန်လှောင်ခန်းတွေထဲမှာ အသုံးဝင်မယ့် ပစ္စည်းတွေ အများကြီး ကျန်သေးတယ်လို့ ကျုပ် ယူဆပါတယ်။ ကျုပ်နဲ့အတူ လိုက်ခဲ့လေ.. အသေးစိတ်ကို ဆွေးနွေးကြတာပေါ့။ ဒါနဲ့ ခင်ဗျားတို့ သင်္ဘောက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ယာဉ်တန်းက ဖယ်ကွန်စကော့တ် နဲ့ မြောက်ပိုင်းစတုတ္ထမြို့တော် အကြားမှာပဲ သွားလာနေရမှာ မဟုတ်ဘူးလား”

သူ သိလိုက်ရတာကတော့.. နေဗီရဲ့ သင်္ဘောဟာ တိုက်တန်တွေ ပေါ်လာပြီးနောက်ပိုင်း အန္တာတိကအလယ်ပိုင်း အခြေအနေ ပိုမိုဆိုးရွားလာတဲ့အခါမှာ..ကင်းလှည့်ခြင်းနဲ့ နေရာရွှေ့ပြောင်းခြင်း တာဝန်တွေဆီ ပြောင်းလဲ တာဝန်ပေးခြင်း ခံခဲ့ရတဲ့ သင်္ဘောတွေထဲက တစ်စီး ဖြစ်နေခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံးအမိန့်ကတော့ အီရီဘတ်ကွင်းပြင်နဲ့ မြောက်ပိုင်းဒေသအကြား ကမ်းရိုးတန်း အဝေးပြေးလမ်းမ တစ်လျှောက်ကို ကင်းထောက်ဖို့နဲ့ လုံခြုံရေးယူပေးဖို့ ဖြစ်ပြီး.. ဒါဟာ ပထမစစ်တပ် အနေနဲ့ ဖယ်ကွန်စကော့တ်ဆီ ဆုတ်ခွာဖို့အတွက် ပြင်ဆင်ပေးထားတာ ဖြစ်နိုင်ပါတယ်။

စိတ်မကောင်းစရာကတော့ အီရီဘတ်ကွင်းပြင်က ဖျက်ဆီးခံလိုက်ရပြီး စစ်သင်္ဘောကြီးကလည်း ရင်ဆိုင်ရခက်ခဲတဲ့ ရန်သူတစ်ကောင်နဲ့ တွေ့ဆုံခဲ့ရတာပါပဲ။ အဆုံးသတ်မှာတော့ သူတို့က ဧရာမ ဂျယ်လီငါးကြီးကို သတ်ဖြတ်နိုင်ခဲ့ပြီး အဲ့ဒီအကောင်ရဲ့ အလောင်းက ကမ်းခြေကို မျောပါလာခဲ့ပေမယ့်.. သူတို့ဘက်ကလည်း ပျက်စီးဆုံးရှုံးမှု အလွန် ပြင်းထန်ခဲ့ပါတယ်။ အနီးနားမှာလည်း ဆိပ်ကမ်း မရှိတာကြောင့် သင်္ဘောဟာ ဆန်နီရဲ့ ယာဉ်တန်းနဲ့ မတွေ့ဆုံခင်အထိ ကမ်းရိုးတန်းတစ်လျှောက် မျောပါနေခဲ့ရတယ်။

ဆန်နီက နေဗီကို တည်ငြိမ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး..

“…ကျုပ်ကိုလည်း အာရိယတ်ဒ်နီ လို့ ခေါ်တဲ့ သင်္ဘောတစ်စီးက ဒီဒေသရဲ့ တောင်ဘက်အစွန်းဆုံးကနေ လာရောက် ခေါ်ဆောင်ပေးမယ်လို့ သတင်းပေးထားတာလေ။ ဒါပေမဲ့ အဲဒီသင်္ဘောလည်း ဖျက်ဆီးခံလိုက်ရတာကြောင့် ကျုပ် ဒီမှာ သောင်တင်နေခဲ့ရတာပဲ။ စစ်တပ်ဌာနချုပ်က ဘာတွေ တွေးနေတာလဲ.. စစ်သင်္ဘောတွေကို ယာဉ်တန်းကနေ ဘာလို့ ခွဲထုတ်လိုက်တာလဲ။ သူတို့ တစ်စီးတည်း သွားလာဖို့က အရမ်း အန္တရာယ်များတယ်ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား”

အရပ်ရှည်တဲ့ ညအိမ်တော်ရဲ့ အဖွဲ့ဝင်ဟာ စိတ်မကောင်းစွာ သက်ပြင်းချလိုက်တယ်။

“မင်း ထင်သလောက်တော့ မသိသာပါဘူး။ ကမ်းရိုးတန်း ရေပြင်တွေက တကယ့် ပင်လယ်အနက်ကြီးတွေနဲ့ နှိုင်းယှဉ်ရင် ပုံမှန်အားဖြင့် အဲ့လောက်အထိ အန္တရာယ်မများကြဘူးလေ။ ဒါမှမဟုတ် အရင်က ဘေးကင်းခဲ့ဖူးတယ်လို့ ပြောရမှာပေါ့။ စွန့်စားရမှုတွေ ရှိတာတော့ မှန်ပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမျိုးမှာတော့ ဒါက ပေးဆပ်ရမယ့်အရာပဲလေ။ ဒါပေမဲ့…ငါတို့က အိပ်မက်ဆိုးချိန်းကြိုးတွေဟာ သမုဒ္ဒရာအပေါ် ဘယ်လောက်အထိ လွှမ်းမိုးလာနိုင်မလဲဆိုတာကို လျှော့တွက်ခဲ့မိပုံရတယ်”

‘ဒီလိုတွေးကြည့်တော့ အဓိပ္ပာယ်ရှိသားပဲ..’

စစ်တပ်ဌာနချုပ်က အန္တာတိကအလယ်ပိုင်းမှာ ပြန့်ကျဲနေတဲ့ တပ်ခွဲတွေဆီ ရေတပ်ပစ်ကူအချို့ စေလွှတ်ဖို့ ရွေးချယ်ခဲ့တာကို ဆန်နီ အံ့ဩမနေတော့ပါဘူး။ ဝင်းတား သားရဲက တစ်ကျွန်းလုံးရဲ့ ဆက်သွယ်ရေးကွန်ရက်ကို ဖြတ်တောက်ထားခဲ့တာကြောင့်.. ဒါက စစ်ဗျူဟာအရ စွန့်စားရပေမယ့် လိုအပ်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

နေဗီရဲ့ စစ်သင်္ဘောကြီးကလည်း ချက်ချင်း နစ်မြုပ်သွားခဲ့တာမျိုး မဟုတ်ပါဘူး။

ဒီကြောက်မက်ဖွယ် သင်္ဘောကြီးဟာ ကမ်းရိုးတန်းတစ်လျှောက် နှစ်လနီးပါးလောက် လှုပ်ရှားခဲ့ပြီးမှ ကြောက်မက်ဖွယ် ဂျယ်လီငါးကြီးနဲ့ တွေ့ဆုံကာ အောင်ပွဲတစ်ခုကြောင့် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

ဆန်နီ ပိုပြီး အံ့ဩမိတာကတော့ ညအိမ်တော်က ဘာလို့ ဒီကိစ္စမှာ ပါဝင်ကူညီဖို့ သဘောတူခဲ့တာလဲဆိုတာပါပဲ။ ကလန်ကြီးတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ အများအကျိုးကို ဆောင်ရွက်တတ်သွားတာလဲ။

‘ဒါကတော့ နောက်မှ ဆွေးနွေးရမယ့် စကားဝိုင်းပါပဲ…'

အခုလောလောဆယ်မှာတော့ နေဗီနဲ့ ဆန်နီတို့ နှစ်ယောက်လုံး လုပ်စရာတွေ အများကြီး ရှိနေခဲ့တယ်။ အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားတွေအတွက် နေရာဖန်တီးပေးဖို့ ယာဉ်တန်းရဲ့ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရမှာ ဖြစ်သလို.. သင်္ဘောသားတွေကိုယ်တိုင်လည်း သင်္ဘောပေါ်ကနေ ဆင်းပြီး ကုန်းပေါ်ကို ရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ စစ်သင်္ဘောကြီးဆီကနေ ဖယ်ကွန်စကော့တ်ဆီသွားမယ့် ခရီးရှည်အတွက် အသုံးဝင်မယ့် ပစ္စည်းမှန်သမျှကို ရှာဖွေရပါဦးမယ်။

ဒါတွေအားလုံးက အချိန်လိုအပ်တာကြောင့် ယာဉ်တန်းဟာ ခနတော့ ရပ်တန့်နေရဦးမှာပါ။ သင့်တော်တဲ့ ခံစစ်တစ်ခုကို တည်ဆောက်ထား

ရမှာ ဖြစ်သလို.. ကင်းလှည့်မှု အလှည့်ကျစနစ်ကို ချမှတ်ရမှာ ဖြစ်ပြီး အရပ်သားတွေကိုလည်း ကျွေးမွေးစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဆန်နီအနေနဲ့ စခန်းချဖို့ အမိန့်ပေးနိုင်ပေမယ့် ကမ်းရိုးတန်းမှာ တစ်ညလုံး နေထိုင်ဖို့ကိုတော့ အတော်လေး တွန့်ဆုတ်နေခဲ့မိတယ်။

ဒါကြောင့် ဒါတွေအားလုံးက အမြန်ဆုံး ဖြစ်ပျက်ဖို့ လိုအပ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ အခုချိန်မှာ ယာဉ်တန်းကို ကာကွယ်ပေးမယ့် မာစတာက သူတစ်ယောက်တည်း မဟုတ်တော့ပါဘူး။ နေဗီရဲ့ စွမ်းအားအများစုက ရေနဲ့ သက်ဆိုင်နေပုံရပေမယ့်လည်း သူက တက်ရောက်သူ တစ်ယောက် ဖြစ်နေဆဲပါပဲ…။ထပ်ပြောရရင် သူက ကလန်ကြီးတစ်ခုက လာတဲ့ တက်ရောက်သူ ပါ။ ညအိမ်တော်ရဲ့ အဖွဲ့ဝင်က တိုက်ခိုက်ရေးသမားတွေထဲမှာ အထူးအဆင့်အတန်း ရှိသူတစ်ယောက် ဖြစ်ပြီး.. နှစ်ပေါင်းများစွာ တိုက်ပွဲအတွေ့အကြုံတွေနဲ့ သူ့ရဲ့ ဝိဥာဉ်ထဲမှာ အားကောင်းတဲ့ မှတ်သားမူ အမြောက်အမြား ရှိနေခဲ့ပါတယ်။

သူ့ဘေးမှာ ဒီလိုလူမျိုး ရှိနေတာက ဆန်နီကို ဖယ်ကွန်စကော့တ်ဆီ ဘေးကင်းကင်းနဲ့ ရောက်ရှိနိုင်ဖို့အတွက် ပိုပြီး ယုံကြည်မှု ရှိလာစေခဲ့တယ်။

‘ဒါပေမဲ့ မှတ်သားမူ အမြောက်အမြား ရှိတာနဲ့ ပတ်သက်ပြီး ပြန်တွေးကြည့်ရင်…’

ဆန်နီက နေဗီကို ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ လှမ်းကြည့်လိုက်တယ်။

ခန့်ညားတဲ့လူက ဒါကို သတိပြုမိသွားပြီး ဇဝေဇဝါနဲ့ မျက်ခုံးပင့်လိုက်ပါတယ်။

“အာ.. အင်း.. တစ်ခုခု လိုချင်လို့လား.. ဆန်းလပ်စ်”

ဆန်နီက ခနလောက် တွန့်ဆုတ်နေပြီးမှ ပြုံးလိုက်တယ်။

“အမှန်အတိုင်းပြောရရင် လိုချင်တာ ရှိတယ်။ ပြောပါဦး မာစတာ နေဗီ…ခင်ဗျား တို့ ညအိမ်တော်သားတွေက ရေတပ်တိုက်ပွဲတွေမှာ ကျွမ်းကျင်ကြတယ် မဟုတ်လား။ ကျုပ်လို ကုန်းနေသတ္တဝါတစ်ယောက်က ရေထဲမှာ ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ ကူညီပေးမယ့် မှတ်သားမူ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ခင်ဗျား ဆီမှာ မရှိနိုင်ဘူးလား။ သိတယ်မလား… ရေအောက်မှာ အသက်ရှူနိုင်တာ ဒါမှမဟုတ် တော်ပီဒိုလိုမျိုး မြန်မြန် ကူးခတ်နိုင်တာ မျိုးတွေပေါ့။ ဘာလို့လဲဆိုတော့ ခင်ဗျား ဆီမှာ ရှိမယ်ဆိုရင်… ကျုပ် လဲလှယ်ဖို့ ဆန္ဒရှိတယ်။ မဟုတ်ဘူး.. အမှန်တော့ ကျုပ် တကယ်ကို လဲလှယ်ချင်နေတာ။ ကျုပ်က အဲလို မှတ်သားမူမျိုး မရှိဘဲ ရေနားကို မကပ်တော့ဘူးလို့ ကျိန်ဆိုထားဖူး

တယ်လေ”

“ကောင်းပြီလေ.. အမှန်တော့ ငါ့ဆီမှာ အဲလိုမျိုး မှတ်သားမူ တစ်ခု ရှိတယ်.. ဟုတ်တယ်။ မင်းက ဘာနဲ့ လဲလှယ်ချင်တာလဲ”

ဆန်နီ ခနလောက် တွန့်ဆုတ်သွားပြီးမှ သူတို့ဘေးကနေ အချိန်ကိုက် ဖြတ်လျှောက်သွားတဲ့ လူငယ်လေး တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

“အဲ့တစ်ယောက်ကို မြင်လား။ သူ့နာမည်က

လူစတာ တဲ့။ သူက တကယ်ကို တန်ဖိုးရှိတဲ့ နိုးထသူ တစ်ယောက်ပဲ။ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဆိုရင်လည်း မမှားဘူး။ခင်ဗျား ..သူနဲ့ လဲလှယ်တာမျိုး လုပ်ချင်လား”

ညအိမ်တော်ရဲ့ အဖွဲ့ဝင်က ချောင်းဆိုးလိုက်တယ်။

“အာ.. မင်းသာ လက်အောက်ငယ်သားတစ်ယောက်ကို ငါ့ဆီ ရောင်းစားလိုက်ရင် စစ်တပ်ဌာနချုပ် အနေနဲ့ သိပ်ပြီး သဘောကျမှာ မဟုတ်ဘူးဆိုတာ သေချာတယ်နော်.. ဆန်းလပ်စ်”

ဆန်နီက ခနလောက် တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချလိုက်ပါတယ်။

“ဒါလည်း ဟုတ်တာပဲ။ နှမြောစရာကောင်းလိုက်တာ…”

အခန်း ( ၉၇၃ ) ပြီး၏။

All Chapters