အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) သခင်၊ ကျွန်မ ရှင့်ကို ဒုက္ခပေးမိပြီ
ယဲ့ပိုင်ရီက နောက်ပြန် ဆုတ်နေဆဲ ဖြစ်ပြီး ကျောက်လင်းအာကလည်း တိုးကပ်လာဆဲ ဖြစ်သည်။
"ဘန်း" ယဲ့ပိုင်ရီက သူ၏ ကျောပြင်ကို တစ်ခုခုက ဆီးတားလိုက်သဖြင့် နောက်ထပ် တစ်လှမ်းမျှပင် နောက်ဆုတ်၍ မရတော့ကြောင်း ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက အတင်းအကြပ် အဖိခံလိုက်ရသည်မသိဘဲ သူက နံရံထောင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"ဘယ်လိုလဲ၊ ကြောက်နေလား။ ထိတ်လန့်နေလား။ ဘာမှမတတ်နိုင်သလို ခံစားနေရတယ်မလား။ဒီလို ခံစားချက်မျိုးတွေကို နင် တစ်ခါမှ မခံစားဖူးသေးဘူးမလား။ ဒီနေ့တော့ အဲဒီ နင် နိုင်ထက်စီးနင်း လုပ်ခဲ့ဖူးတဲ့ လူတွေ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးကို သေသေချာချာ ခံစားကြည့်လိုက်စမ်း" ကျောက်လင်းအာက အေးစက်စွာ ပြောလိုက်သည်။
သူမက အရှေ့ရှိ ယဲ့ပိုင်ရီက ချန်ကျီ ပြောပြဖူးသော လူစားမျိုး ဖြစ်သည်ကို သိထားသည်၊ မိသားစု အာဏာကို အလွဲသုံးစားလုပ်ကာ ဗိုလ်ကျစိုးမိုးပြီး သူ့ကိုယ်သူ အမြဲတမ်း ကမ္ဘာပေါ်တွင် နံပါတ်တစ်ဟု ထင်မှတ်ကာ လိုချင်သမျှ အရာအားလုံးက သူ့ပိုင်ဆိုင်မှု ဖြစ်ရမည်ဟု တွေးတောနေသူ ဖြစ်သည်။
ယဲ့ပိုင်ရီက ရှေ့မှောက်ရှိ ကျောက်လင်းအာကို ကြောက်လန့်တကြား ကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။ "ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
"ဝှစ်"
ကျောက်လင်းအာက ဓားဖြင့် တစ်ချက် ထိုးလိုက်သည်။
အဝေး ရှိ ယဲ့မိသားစု၏ အုတ်မြစ်ချခြင်း အဆင့် သုံးယောက်စလုံး မျက်လုံးများကို မှိတ်လိုက်ကြသည်၊ လွတ်မြောက်သွားခဲ့ပြီ၊ အသစ်စက်စက် ယဲ့မိသားစုတစ်ခု ရောက်ရှိလာတော့မည်။
ဘေးက ကြည့်နေသော လူအုပ်ကြီးမှာလည်း နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီဟု တွေးလိုက်ကြသည်၊ ကောင်းကင်ကြီးပင် ပိုမို ကြည်လင် တောက်ပသွားသလိုမျိုး ဖြစ်သည်။
ယဲ့ပိုင်ရီကမူ ပြီးပြီ၊ ငါတော့ သေရတော့မယ်ဟု တွေးလိုက်သည်။
ခဏအကြာတွင်
လူတိုင်း ခန့်မှန်းထားကြသော ဖြစ်ရပ်မှာမူ ဖြစ်ပွားမလာခဲ့ပေ။
ကျောက်လင်းအာ၏ ဓားချက်က ယဲ့ပိုင်ရီကို သတ်မပစ်ခဲ့ပေ။
ထိုအစား ဓားချက်က ယဲ့ပိုင်ရီ၏ ခြေထောက်နှစ်ဖက်ကြားသို့ အတိအကျ ထိုးစိုက်သွားခဲ့ခြင်း ဖြစ်သည်။
ယဲ့ပိုင်ရီက ခုနက သူ့ကိုယ်သူ သေသွားပြီဟု ထင်မှတ်ထားသဖြင့် တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။
သူ၏ ခြေထောက်နှစ်ဖက်ကြားရှိ ထိုဓားကို မြင်သောအခါ သူ တစ်ခုခုကို တွေးမိသွားပုံရသော်လည်း သူ မကြည့်ရဲပေ။
သူ့ဘဝတစ်ခုလုံး ယခုကဲ့သို့ ပြီးဆုံးသွားမှာကို သူ ကြောက်လန့်နေခဲ့သည်၊ ထိုအရာ မရှိတော့လျှင် အသက်ရှင်နေရခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
သို့သော် သူက သူ၏ ပေါင်ကြားသို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ချွေးစေးများက သူ၏ ဆံစများမှတစ်ဆင့် စီးကျလာခဲ့သည်၊ ထို့အပြင် တစ်စုံတစ်ရာသော ဝါကျင့်ကျင့် အရည်များကလည်း သူ၏ ပေါင်ကြားမှတစ်ဆင့် စီးထွက်လာခဲ့သည်။
"တော်သေးတယ်၊ ရှိသေးတယ်"
ကျောက်လင်းအာက မြေပြင်ပေါ်တွင် စိုက်နေသော ချင်းယွမ်ဓားကို ပြန်လည် နုတ်ယူလိုက်သည်။ "နင့်ကို သတ်ဖို့အတွက် ငါ လက်ပါစရာ မလိုပါဘူး၊ နင်တို့ ယဲ့မိသားစုပဲ ကိုယ့်ကံကိုယ် ယုံလိုက်ကြတော့"
ကျောက်လင်းအာ၏ လက်ထဲမှ ချင်းယွမ်ဓားက ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ် အရိပ်အယောင်ကလည်း လမ်းကြားလေးထဲသို့ ဝင်ရောက်သွားခဲ့သည်။
မည်သူမျှ မမြင်နိုင်သော နေရာတစ်ခုအရောက်တွင် သူမ၏ ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လူအုပ်ကြီးထဲတွင်မူ ယဲ့မိသားစု၏ အုတ်မြစ်ချခြင်း အဆင့် သုံးယောက်စလုံးမှာ သက်ပြင်းကိုယ်စီ ချနေကြပုံရသည်။
"နှမြောစရာပဲ"
"ကောင်းကင်ကြီးက ငါတို့ ယဲ့မိသားစုကို မစောင်မခဲ့ဘူးပဲ"
"ဒီအတိုင်းပဲ ပြီးသွားတာလား"
"......"
"ဟားဟားဟား" ရူးသွပ်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ လူတိုင်း၏ အကြည့်များက ထိုအသံထွက်ပေါ်ရာ နေရာသို့ ရောက်ရှိသွားကြသည်။
ယဲ့ပိုင်ရီ
သူက ဝါကျင့်ကျင့် အရည်များ ပေကျံနေသော မြေပြင်ပေါ်မှ ပြန်လည် မတ်တပ်ရပ်လာခဲ့သည်။
သူက ရယ်မောနေခြင်း ဖြစ်သည်၊ ရူးသွပ်လုနီးပါးပင်။
မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။
ယဲ့မိသားစု၏ အုတ်မြစ်ချခြင်း အဆင့် သုံးယောက်မှာ ယခုအချိန်တွင် မျက်နှာပျက်နေကြပြီး ရူးသွပ်နေသော ယဲ့ပိုင်ရီကို ဒီအတိုင်းပဲ ကြည့်နေကြရသည်။
ခဏချင်းတွင်ပင် ပြင်းထန် လှသော အော်ရာများကို သယ်ဆောင်လာသည့် ပုံရိပ် အချို့က လမ်းမပေါ်သို့ ချက်ချင်း ပေါ်ထွက်လာခဲ့ကြသည်။
မြို့တော်သခင်အိမ်တော် ကင်းလှည့်အဖွဲ့နှင့် ယဲ့မိသားစုဝင်များ တစ်ပြိုင်တည်း ရောက်ရှိလာခြင်း ဖြစ်သည်။
ကင်းလှည့်အဖွဲ့က ဘာဖြစ်သွားသည်ကို စစ်ဆေးရန် အချိန်မရသေးခင်မှာပင် ယဲ့မိသားစုဘက်မှ ရောက်ရှိလာသူထံမှ ပေါက်ကွဲထွက်လာသော ပြင်းထန် လှသည့် အော်ရာကို ခံစားလိုက်ရသည်။
ယဲ့မိသားစုဘက်မှ ရောက်ရှိလာသူမှာ သတင်းရရချင်း ပထမဆုံးအချိန်၌ ချက်ချင်း ပြေးလာခဲ့သော ယဲ့မိသားစု ခေါင်းဆောင် "ယဲ့ကျန်ထျန်း" ဖြစ်သည်။
ယဲ့ကျန်ထျန်း ရောက်ရှိလာပြီးနောက် ပထမဆုံး မြင်လိုက်ရသည်မှာ ယဲ့ပိုင်ရီ၏ ပါးစပ်ထောင့်မှ သွေးစများကို ဖြစ်သည်။
ထို့နောက်မှ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ယဲ့မိသားစု အုတ်မြစ်ချခြင်း အဆင့် သုံးယောက်ကို မြင်လိုက်ရသည်။
"ဘယ်သူလဲ။ ဘယ်သူက ငါ့သားကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ"
ဒေါသတကြီး အော်ဟစ်သံတစ်ခုက ယဲ့ကျန်ထျန်း၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
အုတ်မြစ်ချခြင်း အဆင့် အထွတ်အထိပ် အဆင့် ကျင့်ကြံခြင်း စွမ်းအားများကလည်း လုံးဝ ဖော်ပြလာခဲ့ရာ ဤအော်ရာက ပတ်ဝန်းကျင်ရှိ လူအားလုံးကို အသက်ရှူပင် မဝအောင် ဖိနှိပ်ထားခဲ့သည်။
ယဲ့ကျန်ထျန်းက ပတ်ဝန်းကျင်ရှိ လူအားလုံးကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ သူ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲကြပေ၊ ယဲ့မိသားစု၏ အုတ်မြစ်ချခြင်း အဆင့် သုံးယောက်ပင်လျှင် ထို့အတူပင် မကြည့်ရဲကြချေ။
"အဖေ... ကျွန်တော် သန်မာလာချင်တယ်၊ ကျွန်တော် ဆုံးရှုံးခဲ့ရတဲ့ အရာအားလုံးကို ပြန်လုယူချင်တယ်" ယဲ့ပိုင်ရီက ယဲ့ကျန်ထျန်း၏ ကိုယ်ပေါ်သို့ ဖက်ကာ ငိုယိုအော်ဟစ်လိုက်သည်၊ မှီခိုရာ အားကိုးရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလားပင်။
ယဲ့ပိုင်ရီ ပြောဆိုသော ဆုံးရှုံးခဲ့ရသည့် အရာအားလုံးထဲတွင် သူ၏ ဂုဏ်သိက္ခာ အပါအဝင် ဖြစ်သော်လည်း ထိုမျှသာမကပေ။
"ကောင်းတယ်၊ ကောင်းတယ် ငါ့သား၊ အဖေ မင်းကို အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးမယ်၊ မင်းကို သေချာပေါက် သန်မာလာစေရမယ်"
ယဲ့ကျန်ထျန်းက ယဲ့ပိုင်ရီကို အလိုလိုက်အကြိုက်ဆောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်၊ သူ၏ သားဖြစ်သူက ယခုကဲ့သို့သော စကားမျိုး ပြောဆိုလာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးခဲ့ပေ။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ဒေါသထွက်ရမည်လား၊ သို့မဟုတ် ဝမ်းသာရမည်လား မခွဲခြားနိုင်ဘဲ ရှိနေခဲ့သည်။
"သွားမယ်၊ ပြန်မယ်" ယဲ့ကျန်ထျန်းက ဒေါသမထွက်ဘဲနှင့်ပင် အလိုအလျောက် ခန့်ညားထည်ဝါနေသော အမူအရာဖြင့် ယဲ့မိသားစု အုတ်မြစ်ချခြင်း အဆင့် သုံးယောက်ကို ကြည့်လိုက်သည်။
ယဲ့မိသားစု အုတ်မြစ်ချခြင်း အဆင့် သုံးယောက်က တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်ကြသည်၊ သူတို့ ဤတစ်ခေါက်တော့ ပြီးပြီဆိုတာကို သိထားကြသည်၊ ယဲ့မိသားစုသို့ ပြန်ရောက်လျှင် သေချာပေါက် အပြစ်ပေးခြင်းကို ရင်ဆိုင်ရပေတော့မည်။
ယဲ့ကျန်ထျန်းက ယဲ့ပိုင်ရီကို ခေါ်ဆောင်ကာ ထွက်ခွာတော့မည် ပြုသည်။
ထိုအချိန်တွင် မြို့တော်သခင်အိမ်တော် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်ကမူ ရုတ်တရက် ရှေ့သို့ ထွက်လာခဲ့ပြီး ပြောလိုက်သည်။ "ယဲ့မိသားစုခေါင်းဆောင်... သခင်လေးကို ကျွန်တော်တို့နဲ့အတူ မြို့တော်သခင်အိမ်တော်ကို တစ်ခေါက်လောက် လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီမှာ ခုနက တိုက်ပွဲ ဖြစ်ပွားခဲ့တာမို့လို့ ကျွန်တော်တို့ မြို့တော်သခင်အိမ်တော်အနေနဲ့ ဖြစ်စဉ်အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိပါတယ်"
"မလိုဘူး"
ယဲ့ကျန်ထျန်းက ရိုးရှင်းသော စကားလုံး နှစ်လုံးကိုသာ ပြောဆိုလိုက်ပြီး ကင်းလှည့်အဖွဲ့ ခေါင်းဆောင်ကို လုံးဝ ဂရုစိုက်ရန် မတွေးတောဘဲ ယဲ့ပိုင်ရီနှင့် ယဲ့မိသားစု အုတ်မြစ်ချခြင်း အဆင့် သုံးယောက်ကို ခေါ်ဆောင်ကာ တိုက်ရိုက် ထွက်ခွာသွားခဲ့တော့သည်။
လမ်းမကြီးပေါ်တွင်မူ အနေရခက်လှသော မြို့တော်သခင်အိမ်တော် ကင်းလှည့်အဖွဲ့ လူစုသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအချိန်တွင် မြို့တော်သခင်အိမ်တော် ကင်းလှည့်အဖွဲ့ဝင်များက ခုနက ဘေးမှ ကြည့်နေသော လူအုပ်ကြီးကို ကြည့်လိုက်ကြသည်။
ဘေးမှ ကြည့်နေသော လူအုပ်ကြီးမှာမူ ယခုအချိန်တွင် ခုနက ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုးပင်။
သွားသူကသွား၊ လူစုခွဲသူကခွဲ၊ ဈေးဝယ်သူကဝယ်၊ ဈေးရောင်းသူကရောင်းနှင့် ရှိနေကြသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ကင်းလှည့်အဖွဲ့သားများနှင့် မျက်လုံးချင်း ဆုံအောင် မကြည့်ကြပေ။
သူတို့အားလုံး ခုနက ယဲ့မိသားစု ခေါင်းဆောင် ယဲ့ကျန်ထျန်း၏ သဘောထားကို မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။
ဘာပဲဖြစ်ပွားခဲ့ပါစေ ယဲ့မိသားစုက မြို့တော်သခင်အိမ်တော်ကို ဝင်ရောက် စွက်ဖက်ခွင့် ပေးချင်ပုံမရပေ။
သူတို့ ယဲ့မိသားစု ကိစ္စကို သူတို့ ယဲ့မိသားစုဘာသာ ဖြေရှင်းကြလိမ့်မည်။
ဤဘေးမှ ကြည့်နေသော လူအုပ်ကြီး၏ စိတ်ထဲတွင်မူ မှန်ချပ်ကဲ့သို့ ရှင်းလင်းနေခဲ့ကြသည်၊ ငါတို့ မည်သူ့ကိုမျှ အပြစ်မလုပ်ဘူး၊ မည်သူမျှလည်း ငါ့ဆီ လာမရှာနဲ့၊ ခုနက ဘာမှ မမြင်လိုက်ရသလိုမျိုးပဲ နေကြသည်။
သို့သော်လည်း ယဲ့ပိုင်ရီက ငယ်ရွယ်သော အုတ်မြစ်ချခြင်း အဆင့် မိန်းကလေးတစ်ယောက်ကြောင့် ကြောက်လန့်ပြီး သေးထွက်သွားခဲ့သည့် ပုံပြင်ကမူ မကြာမီအချိန်အတွင်းမှာပင် ဝမ်နန်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။
မျက်နှာချင်းဆိုင်တွင်မူ မပြောရဲကြသော်လည်း ကွယ်ရာတွင် အတင်းပြောဆိုနေကြသော လူများမှာမူ အနည်းငယ်မျှ မဟုတ်ပေ၊ ဤကမ္ဘာပေါ်တွင် လေမဖြတ်နိုင်သော နံရံဟူ၍ မရှိချေ။
ယဲ့ပိုင်ရီသည်လည်း ထိုအကြောင်းကြောင့် သူ တစ်ခါမျှ မတွေးတောဖူးခဲ့သော ကျော်ကြားမှုကို ရရှိသွားခဲ့သည်၊ နှမြောစရာကောင်းသည်မှာ ဤကျော်ကြားမှုက ပြက်လုံးတစ်ခု ဖြစ်နေခြင်းပင်။
မတတ်သာဘဲ ကင်းလှည့်အဖွဲ့ ခေါင်းဆောင်လည်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်၊ ယခုအချိန်တွင် အနေရခက်ဆုံးလူမှာ သူတို့သာ ဖြစ်သည်။
"ခေါင်းဆောင်... အခု ဘယ်လိုလုပ်ကြမလဲ" ကင်းလှည့်အဖွဲ့သားတစ်ယောက်က မေးမြန်းလိုက်သည်။
"ဘယ်လိုလုပ်ရဦးမှာလဲ၊ ပြန်ပြီး မြို့တော်သခင်ကို သတင်းပို့ရုံပေါ့"
ကင်းလှည့်အဖွဲ့ ခေါင်းဆောင်က သူတို့ ဤနေရာတွင် ဆက်လက် ရှိနေပါက ပိုမို၍သာ အနေရခက်လာလိမ့်မည်ဖြစ်ကြောင်း သိထားသည်၊ ထို့အပြင် မြို့တော်သခင်အိမ်တော်၏ အရှိန်အဝါကလည်း ပိုမို၍သာ ကျဆင်းသွားပေလိမ့်မည်။
"မြို့တော်သခင်လည်း တကယ် ခက်ခဲတာပဲ" ဒါက ကင်းလှည့်အဖွဲ့ ခေါင်းဆောင်၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေး ဖြစ်သည်။
လမ်းမကြီးတစ်ခုလုံးပေါ်တွင် ကင်းလှည့်အဖွဲ့သားများ မရှိတော့သလို ယဲ့မိသားစုဝင်များလည်း မရှိတော့ပေ။
လူအားလုံးက ခုနက ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုးပင် ပုံမှန်အတိုင်း သူတို့ နေ့စဉ် ပြုလုပ်နေကျ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြသည်။
လမ်းမကြီးပေါ်တွင် တဖြည်းဖြည်းနှင့် ပြန်လည် ဆူညံလာခဲ့ပြီး ဈေးရောင်းအော်ဟစ်သံများ၊ လမ်းသွားလမ်းလာများ စကားပြောသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ပက်လက်ကုလားထိုင်ပေါ်၌ လှဲလျောင်းကာ ခေတ္တ အိပ်စက်အနားယူနေသော ချန်ကျီသည် တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။
ချန်ကျီ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယဲ့ကျန်းဖျင်က မည်သည့်အချိန်ကတည်းက ပန်းကန်များ ဆေးကြောပြီးသွားသည်မသိဘဲ စောစောစီးစီးပင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်၊ ယခုအချိန်တွင်မူ သံနက်မိုင်းတွင်းထဲ၌ မိုင်းဆက်လက် တူးဖော်နေလောက်ပြီ ဖြစ်သည်။
"ဟမ်" ချန်ကျီ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ဘယ်သူပါလိမ့်။
"လင်းအာလား။ လင်းအာလည်း ပြန်လာခါနီးပြီ ထင်တယ်"
တွေးတောနေဆဲမှာပင် ချန်ကျီသည် တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည်ကို ထပ်မံ ခံစားလိုက်ရပြန်သည်။
ဒီတစ်ခေါက်တွင်တော့ ချန်ကျီ သေသေချာချာ ကြားလိုက်ရပြီ ဖြစ်သည်၊ ကျောက်လင်းအာက သူ့ကို ခေါ်နေခြင်း ဖြစ်သည်၊ အနန္တနေရာလွတ် ထဲမှ ထွက်ပေါ်လာသော ခေါ်သံ ဖြစ်သည်။
"?" ချန်ကျီ အလွန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ကျောက်လင်းအာက အပြင်သွားနေတာ မဟုတ်ဘူးလား။ ဘာလို့ အနန္တနေရာလွတ် ထဲကို ရောက်သွားရတာလဲ။
သူ အများကြီး တွေးတောမနေတော့ဘဲ အသိစိတ် တစ်ချက် လှုပ်ရှားလိုက်ရာ ကျောက်လင်းအာက သူ၏ ရှေ့မှောက်သို့ ချက်ချင်း ပေါ်ထွက်လာခဲ့တော့သည်။
အနန္တနေရာလွတ် ထဲမှ ထွက်လာသော ကျောက်လင်းအာကို ကြည့်ပြီး ချန်ကျီ၏ မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျောက်လင်းအာက ချန်ကျီကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။ "သခင်... ကျွန်မ ရှင့်ကို ဒုက္ခပေးမိပြီ"
"ဟင်"