အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) ယဲ့မိသားစုပဲဟာ သတ်ပစ်လိုက်စမ်း
"ကဲ... ဒီကိုလာပြီး ပြောပါ၊ ဘာကိစ္စလဲ" ချန်ကျီက မျက်ရည်စက်လက် ဖြစ်နေသော ကျောက်လင်းအာကို သူ့အနားသို့ လာရန် လက်ဟန်ပြခေါ်လိုက်သည်။
ကျောက်လင်းအာက လိမ္မာပါးနပ်စွာ တိုးကပ်လာသော်လည်း တစ်ဖက်တွင်မူ ကြောက်လန့်တုန်လှုပ်နေသော ခံစားချက်မျိုး ရှိနေဆဲ ဖြစ်သည်။
ကျောက်လင်းအာ၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ ချန်ကျီ၏ စိတ်ထဲ၌ ဒေါသတရားများ ပေါက်ကွဲထွက်လာပုံရသည်။ "ဘယ်သူ မင်းကို အနိုင်ကျင့်လိုက်တာလဲ။ ပြောစမ်း၊ ငါ သွားပြီး သတ်ပစ်မယ်"
ချန်ကျီ မည်သို့မျှ စဉ်းစား၍မရနိုင်ဘဲ ရှိနေခဲ့သည်၊ ကျောက်လင်းအာက အပြင်သို့ တစ်ခေါက်သာ သွားခဲ့ခြင်း ဖြစ်ပြီး ပြန်လာသောအခါ ဘာကြောင့် ယခုကဲ့သို့ ပုံစံမျိုး ပြောင်းလဲသွားရသနည်း။
တစ်စုံတစ်ယောက်က ကျောက်လင်းအာကို အနိုင်ကျင့်လိုက်ခြင်း မဟုတ်ပါဟု ဆိုလျှင် ချန်ကျီ မည်သို့မျှ ယုံကြည်မည် မဟုတ်ပေ။
"သခင်... ကျွန်မ ဒုက္ခပေးမိပြီ" ကျောက်လင်းအာက ဤစကားကိုသာ ထပ်မံ ပြောဆိုနေဆဲ ဖြစ်သည်၊ အသံကလည်း ရှိုက်ငိုနေဆဲ ဖြစ်ပြီး ခေါင်းကို ပို၍ပို၍ ငုံ့ထားရာ ရင်ခွင်ထဲသို့ နစ်ဝင်လုနီးပါးပင် ဖြစ်နေသည်။
"ဘာမှမဖြစ်ဘူး၊ ဒုက္ခပေးမိတာကို ဘာကြောက်စရာလိုလဲ၊မင်းက အနန္တနေရာလွတ် ထဲကနေ ပြန်လာတာပဲ၊ ဘယ်သူက မင်းကို လိုက်ရှာလို့ရမှာလဲ။ ငါ့ကို ဒုက္ခပေးမိတာ မဟုတ်ပါဘူး၊ တကယ်လို့ ဒုက္ခပေးမိတယ်ဆိုရင်တောင် ကြောက်စရာမလိုဘူး၊ သတ်ပစ်လိုက်ရုံပဲ"
ချန်ကျီက ကျောက်လင်းအာ၏ ဤကဲ့သို့သော ပုံစံကို ကြည့်ပြီး ချက်ချင်း အကျိုးအကြောင်း အသေးစိတ် မေးမြန်း၍ ရနိုင်မည်မဟုတ်ကြောင်း သိထားသည်၊ ယခုအချိန်တွင် အရင်ဆုံး ပြုလုပ်ရမည့်အရာမှာ ကျောက်လင်းအာ၏ စိတ်ခံစားချက်ကို တည်ငြိမ်အောင် နှစ်သိမ့်ပေးရန်သာ ဖြစ်သည်။
"တကယ်လား" ရင်ခွင်ထဲသို့ နစ်ဝင်လုနီးပါး ဖြစ်နေသော ကျောက်လင်းအာ၏ ခေါင်းလေးက နောက်ဆုံးတော့ မော့တက်လာခဲ့ပြီ ဖြစ်သည်၊ ဝိုင်းစက်နေသော မျက်ဝန်းလေးများဖြင့် ချန်ကျီကို စိုက်ကြည့်နေခဲ့သည်။
"တကယ်ပေါ့။ ငါတို့ ထိုင်ပြီး ပြောကြရအောင်။ မင်း ငါ့ကို ဘယ်လိုဒုက္ခမျိုး ပေးမိလဲဆိုတာ ကြည့်ရသေးတာပေါ့" ချန်ကျီက ကျောက်လင်းအာ၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ ဒေါသထွက်နေရာမှ ရယ်ချင်စိတ် ပေါက်သွားခဲ့သည်။
ထို့နောက်တွင်မူ ကျောက်လင်းအာက သူမ အိမ်တော်မှ ထွက်သွားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သမျှ အရာအားလုံးကို ချန်ကျီအား မူလအစအတိုင်း အသေးစိတ် ပြန်လည် ပြောပြလိုက်တော့သည်။
ချန်ကျီက ကျောက်လင်းအာ၏ ပြောပြချက်ကို နားထောင်နေသည့် ဖြစ်စဉ်အတွင်း အကြိမ်အနည်းငယ် တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအားများ သောင်းကျန်းလာခဲ့ပြီး ဓားကို ဆွဲထုတ်ကာ အပြင်သို့ ပြေးထွက်ရန် ပြုခဲ့သော်လည်း ကျောက်လင်းအာက အတင်း ပြန်လည် ဆွဲထိန်းထားခဲ့ရသည်။
ကျောက်လင်းအာက အကြောင်းအရာ အားလုံးကို အကုန်အစင် ပြောပြပြီးသွားသည့်တိုင်အောင် ဖြစ်သည်။
ချန်ကျီက ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး ပုံမှန်အားဖြင့် မုန့်ပဲသရေစာများ တင်ထားလေ့ရှိသော စားပွဲလေးကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
အပြစ်မဲ့သော စားပွဲလေးမှာ ဤရုတ်တရက် ကျရောက်လာသော ဘေးဒုက္ခကြောင့် ချက်ချင်းပင် ရိုက်ချခံလိုက်ရကာ တိုက်ရိုက် ဖုန်မှုန့် ကဲ့သို့ ကြေမွပျက်စီးသွားခဲ့တော့သည်။
"ငါ့လူကိုတောင် ထိရဲတယ်၊ ယဲ့မိသားစုကတော့ အသက်ရှင်ရတာ ငြီးငွေ့နေကြပြီ ထင်တယ်၊ ယဲ့မိသားစုဝင်တွေကတော့ တကယ်ကို သေသင့်တာပဲ"
"သခင်... ယဲ့မိသားစုမှာ ရွှေအူတိုင် အဆင့် ရှိတယ်" ကျောက်လင်းအာက တိုးတိုးလေး ပြောလိုက်သည်။
"ငါ့မှာ စနစ် ရှိတယ်"
"ယဲ့မိသားစုမှာ လူအများကြီး ရှိတယ်"
"ငါ့မှာ မသေနိုင်တဲ့ ကိုယ်ပွား ရှိတယ်"
"ဟီးဟီးဟီး" အမြဲတမ်း ငိုကြွေးနေသော ကျောက်လင်းအာ၏ ပုံစံက နောက်ဆုံးတော့ ချန်ကျီ၏ စကားကြောင့် ရယ်မောသွားခဲ့ရပြီ ဖြစ်သည်။
ဟုတ်သားပဲ။ ဘာကြောက်စရာလိုလဲ။
သူမကလည်း ကိုယ်ပွား တစ်ခုပဲဟာ၊ မသေနိုင်တဲ့ အမျိုးအစားလေ၊ ယဲ့မိသားစုကို သွားတိုက်တဲ့အခါကျရင် သူမက ပထမဆုံးအကြိမ် ရှေ့ဆုံးကနေ တက်တိုက်မည်။
"မငိုတော့ဘူးမလား"
"အင်း" ကျောက်လင်းအာက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။
"သခင်... အခုက ယဲ့မိသားစုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အချိန်မဟုတ်သေးဘူး" ပုံမှန်အတိုင်း ထက်မြက်လှသော ကျောက်လင်းအာက ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ဒါ့အပြင် သူတို့က ကျွန်မ ဘယ်သူလဲဆိုတာ လုံးဝ မသိကြသေးဘူး"
ကျောက်လင်းအာ ပြောသည်ကို ကြားသောအခါ ချန်ကျီကမူ ခေါင်းကို ခါယမ်းလိုက်သည်။ "ယဲ့မိသားစုက ငါတို့ကို ရှာတွေ့ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတာ၊ ဝမ်နန်မြို့မှာ ရှိတဲ့ ယဲ့မိသားစုရဲ့ အင်အားနဲ့ဆိုရင် လူတစ်ယောက်ကို ရှာဖွေဖို့ဆိုတာ သိပ်မခက်ခဲလှဘူး။ မင်း အပြင်ကို သွားတဲ့အကြိမ်ရေ မများလှပေမယ့် ငါနဲ့အတူ အပြင်ကို ထွက်ပြီး မျက်နှာပြဖူးတာ အချို့ရှိခဲ့တယ်၊ လူတွေက အမြဲတမ်း မှတ်မိနေကြမှာပဲ။ အဲဒီအပြင် ငါတို့က ဝမ်နန်မြို့မှာ စီးပွားရေးလုပ်ငန်းလည်း ရှိသေးတယ်၊ ဒီအတိုင်း အစအနကို လိုက်ကြည့်ရုံနဲ့ ငါတို့ အခု နေထိုင်နေတဲ့ ဒီအိမ်တော်ကို ရှာတွေ့ဖို့ဆိုတာ စောစောနဲ့ နောက်ကျတာ ပဲ ကွာလိမ့်မယ်"
"ဒါဆို ဘယ်လိုလုပ်မလဲ" ကျောက်လင်းအာက အနည်းငယ် ပျာယာခတ်သွားခဲ့ပြီ ဖြစ်သည်၊ ပုံမှန်အားဖြင့် အသုံးဝင်လှသော ဦးနှောက်က ယခုအချိန်တွင် အလုပ်မလုပ်တော့ပေ။
"ဘာလို့ ပျာယာခတ်နေတာလဲ၊ အနီးအနားမှာ ချင်းယွမ်ဂိုဏ်းက ချန်ဖန် ရှိတယ်၊ အဝေးမှာတော့ နယ်စပ်က ကျောက်ယွမ် ရှိတယ်၊ ထွက်သွားချင်တယ်ဆိုရင် အချိန်မရွေး ဝမ်နန်မြို့ကနေ ထွက်သွားလို့ရတယ်။ မလန့်နဲ့၊ နောက်ထပ် အချိန်တစ်ခု ကြာလို့ ရွှေအူတိုင် အဆင့်ကို ရောက်သွားတဲ့အခါကျရင် ငါတို့ ယဲ့မိသားစုကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် သတ်ပစ်ကြတာပေါ့"
ယဲ့မိသားစုကို ချန်ကျီက တစ်ခါမျှ ဂရုမစိုက်ဖူးခဲ့ပေ။
ကျောက်ယွမ်နှင့် ချန်ဖန်တို့က သူ လက်လွတ်စပယ် ပြင်ဆင်ထားခဲ့သော အစီအစဉ်တစ်ခုသာ ဖြစ်ပြီး အသုံးပြုဖို့ လိုမလိုဆိုတာကတော့ မသေချာသေးပေ။
"ဟီးဟီး... သခင်က တကယ်ကို အကွက်စေ့စေ့နဲ့ စီစဉ်ထားတာပဲ" ကျောက်လင်းအာက နောက်တစ်ကြိမ် ပျော်ရွှင်စွာ ရယ်မောလိုက်ပြန်သည်။
"ဒါပေမဲ့ ဒီတစ်ခေါက် ယဲ့မိသားစုက ငါ့ကို လာရှုပ်တာ၊ မင်း ငါ့ကို ဒုက္ခပေးမိတာ မဟုတ်ဘူး၊ ယဲ့မိသားစုရဲ့ အဲ့ ယဲ့ပိုင်ရီကသာ ယဲ့မိသားစုကို ဒုက္ခပေးမိတာ"
ကျောက်လင်းအာကို လာရောက်ပတ်သက်ခြင်းက သူ ချန်ကျီကို လာရောက်ပတ်သက်ခြင်း ဖြစ်သည်၊ သူ ယဲ့မိသားစုကို ကောင်းကျိုး ခံစားခွင့်ပေးမည် မဟုတ်ပေ။
"မင်း အဲဒီအချိန်တုန်းက ဘာလို့ အဲဒီယဲ့ပိုင်ရီကို ဓားနဲ့ တိုက်ရိုက် မသတ်ပစ်ခဲ့တာလဲ၊ ဘာလို့ သူ့ကို ခြောက်လှန့်ရုံပဲ ခြောက်လှန့်ခဲ့တာလဲ" ချန်ကျီက ရုတ်တရက် မေးမြန်းလိုက်သည်။
"အာ" ကျောက်လင်းအာက ချက်ချင်းပင် ရှက်သွေးဖြန်းကာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။
"ကျွန်မ... ကျွန်မ..." ကျောက်လင်းအာက ခေတ္တမျှ မည်သို့ စကားစရမည်ကို မသိဘဲ ဖြစ်နေခဲ့သည်၊ သူမက ကိုယ်ပွား တစ်ခု ဖြစ်သော်လည်း သူမက လောကအကြောင်း များကို မကြုံတွေ့ဖူးသေးသော မိန်းကလေးတစ်ယောက် ဖြစ်သည်၊ ဤကဲ့သို့သော စကားမျိုးကို သူမ မည်သို့ ပါးစပ်မှ ထွက်ဝံ့ပါမည်နည်း။
ချန်ကျီက ကျောက်လင်းအာ၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ ဟားဟားဟားဟု ရယ်မောလိုက်တော့သည်။ "ကဲပါ... မင်းကို မစတော့ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ အဲဒီလို လူစားမျိုးနဲ့ ထပ်တွေ့ရင် လက်မနှေးနဲ့၊ တိုက်ရိုက်ပဲ...."
ချန်ကျီက 'ဖြတ်တောက် ' သည့် အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။
ကျောက်လင်းအာက မျက်လုံးများကို ဝိုင်းစက်စွာ ဖွင့်ကြည့်ပြီး ချန်ကျီကို စိုက်ကြည့်လိုက်သည်။ "တကယ်လား"
"တကယ်ပေါ့။ ဒီလိုလူမျိုးက ဒီလိုအရာမျိုး ရှိမနေသင့်ဘူး၊ ချန်ထားရင်လည်း အန္တရာယ်တစ်ခုပဲ။ မင်း က ဒါ တစ်လောကလုံးမှာ ရှိတဲ့ ထောင်သောင်းမကတဲ့ မိန်းကလေးတွေအတွက် ဘေးအန္တာရယ် မြစ်ဖျားကို ဖြတ်တောက်ပေးလိုက်တာပဲ"
ကျောက်လင်းအာက ယံုတစ်ဝက်မယုံတစ်ဝက်ဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းများက ထက်မြလာခဲ့သည်။ "ကောင်းပြီ၊ နောက်တစ်ခါကျရင် ကျွန်မ သေချာပေါက် သူ့ကို ဖြတ်တောက် လိုက်မယ်"
ချန်ကျီကိုယ်တိုင်က ကျောက်လင်းအာကို ဤသို့ ပြုလုပ်ရန် သွန်သင်ဆုံးမနေခြင်း ဖြစ်သော်လည်း ကျောက်လင်းအာက ဤစကားကို အမှန်တကယ် ပြောဆိုလာသည့်အခါတွင်မူ သူသည်လည်း သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ရုတ်တရက် ကျုံ့ဝင်သွားသလိုမျိုး ခံစားလိုက်ရပြီး တစ်ကိုယ်လုံး စိမ့်ခနဲ တုန်လှုပ်သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်သွားခဲ့သည်။
"ကဲ... ဒါတွေကို မပြောတော့ဘူး၊ ဒီအတောအတွင်းမှာတော့ မင်း အိမ်တော်ထဲမှာပဲ နေပါ။ ယဲ့မိသားစုက ချက်ချင်းလက်ငင်းကြီးတော့ ရှာတွေ့နိုင်ဦးမှာ မဟုတ်ဘူး။ တကယ်လို့ အမှန်တကယ် ရှာတွေ့သွားတယ်ဆိုရင်တောင် သူတို့က အတိုင်းအတာတစ်ခုအထိတော့ တွေးတောချင့်ချိန်ကြဦးမှာပဲ။ မင်း ပြသခဲ့တဲ့ အသက်အရွယ်နဲ့ ကျင့်ကြံခြင်း ခွန်အား၊ ပြီးတော့ ထုတ်သုံးခဲ့တဲ့ ချင်းယွမ်ဓား၊ ဒါတွေက သူတို့ကို တုန်လှုပ်ခြောက်ခြားစေနိုင်တဲ့ အရာတွေပဲ။ သူတို့က ချက်ချင်းလက်ငင်းတော့ မင်းရဲ့နောက်ကွယ်မှာ ဘယ်လိုမျိုး အားကိုးရာ နောက်ခံ ရှိနေလဲဆိုတာကို ခန့်မှန်းရခက်နေလိမ့်မယ်၊ အဲဒါက သူတို့ ရန်စရဲတဲ့ အရာမျိုး ဟုတ်မဟုတ် ဆိုတာကိုပေါ့"
"အင်း" ကျောက်လင်းအာက လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်၊ နောက်နောင် ဘာပဲဖြစ်ဖြစ် သူမ တစ်ဦးတည်း အပြင်သို့ ထွက်တော့မည်မဟုတ်ပေ။
"ဒါပေမဲ့ အနန္တကုန်စုံဆိုင်ကတော့ ချက်ချင်းလက်ငင်း ဖွင့်လှစ်နိုင်ဖို့ မလွယ်ကူတော့ဘူး ထင်တယ်"
မကြာမီအချိန်အတွင်းမှာပင် ပြင်ဆင်မွမ်းမံမှုများ ပြီးစီးတော့မည့် အနန္တကုန်စုံဆိုင်ကို မဖွင့်လှစ်နိုင်တော့သဖြင့် ချန်ကျီ၏ စိတ်ထဲ၌ အနည်းငယ်မျှ စိတ်ပျက်မှုလေး ရှိနေခဲ့သည်။
ထိုအချိန်တွင် ကျောက်လင်းအာ၏ ဦးနှောက်က ပြန်လည် ကောင်းမွန်လာခဲ့ပြန်သည်။ "သခင်... ရှင်က ကိုယ်ပွား တစ်ခုကို ဟိုဘက်ကို လွှတ်လိုက်လို့ရတာပဲဥစ္စာ"
ကျောက်လင်းအာ၏ ဤကဲ့သို့သော သတိပေးချက်ကြောင့် ချန်ကျီက သူ့ ပေါင်ကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ "ဟုတ်သားပဲ၊ ငါ ဘာလို့ ဒါကို မတွေးမိတာလဲ၊ ကိုယ်ပွား က ဆိုင်ဖွင့်တာပဲဖြစ်ဖြစ် ငါကိုယ်တိုင် ဆိုင်ဖွင့်တာပဲဖြစ်ဖြစ် ဘာမှ ကွာခြားမှုမရှိဘူး။ လုပ်ထုံးလုပ်နည်း အားလုံးကို ကိုယ်ပွား ဆီ လွှဲပြောင်းပေးလိုက်ရုံပဲ၊ ဆိုင်က ကိုယ်ပွား ရဲ့ ဆိုင်ဖြစ်တယ်ဆိုတာကို ဘယ်သူက မသိအမှတ်မပြုဘဲ နေနိုင်မှာလဲ။အဲဒီအချိန်ကျရင် ငါက အသိစိတ်ကို ကိုယ်ပွား ရဲ့ ကိုယ်ပေါ်ကို ပို့လွှတ်လိုက်ရင် ကိုယ်ပွား ပဲဖြစ်ဖြစ်၊ ငါကိုယ်တိုင်ပဲဖြစ်ဖြစ် ဘာမှ ကွာခြားမှုမရှိတော့ဘူး။ အဲဒီအပြင် ကိုယ်ပွား က အပြင်မှာ သွားလာလှုပ်ရှားရတာ ပိုပြီးတော့တောင် ဘေးကင်းသေးတယ်၊ ဘာပဲဖြစ်ဖြစ် သေရမှာကို မကြောက်ဘူးလေ"
"ဟီးဟီး... သခင်က တကယ်ကို တော်တာပဲ"
ကျောက်လင်းအာက ပျော်ရွှင်စွာ ရယ်မောနေပြီး ယဲ့ပိုင်ရီ၏ ကိစ္စအတွက် ပူပန်မနေတော့သည်ကို မြင်တွေ့ရသဖြင့် ချန်ကျီက ကျောက်လင်းအာ၏ ခေါင်းလေးကို အလိုလိုက်သော လက်ဟန်ဖြင့် ပွတ်သပ်ပေးလိုက်သည်။
"ဒါပေမဲ့... မျက်နှာစိမ်းဖြစ်မယ့် ကိုယ်ပွား တစ်ခုတော့ လိုလိမ့်မယ်။ သံနက်မိုင်းတွင်းထဲမှာ ရှိတဲ့ ကိုယ်ပွား အများစုက ယဲ့မိသားစုဝင်တွေရဲ့ ရုပ်သွင်တွေ ဖြစ်နေကြတာမို့လို့"
ဤနေရာသို့ ရောက်သောအခါ ချန်ကျီက ရုတ်တရက် စကားကို ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ရေရွတ်လိုက်သည်။ "ယဲ့မိသားစုဝင်တွေ... ယဲ့မိသားစုဝင်တွေ..."
ရုတ်တရက် ချန်ကျီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ "လင်းအာ... ငါ ယဲ့မိသားစုဝင်တွေကို ဒုက္ခရောက်အောင် သေတွင်း ထဲကို တွန်းပို့မယ့် အကောင်းဆုံး အစီအစဉ်တစ်ခုကို ရုတ်တရက် တွေးမိသွားပြီ"
"ဘာအစီအစဉ်လဲ" ယဲ့မိသားစုဝင်များကို ဒုက္ခပေးမည့်အကြောင်း ကြားသောအခါ ကျောက်လင်းအာကလည်း ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ပြီး ခဏချင်းမှာပင် ချန်ကျီ၏ အနားသို့ တိုးကပ်လာခဲ့သည်။
"ငါ့ရဲ့ ဒီအစီအစဉ်က သိပ်ပြီးတော့ မသေချာ သေးဘူး၊ စိတ်ကူးတစ်ခုပဲ ရှိသေးတာ၊ ငါ ပြောပြမယ်၊ မင်း ငါ့ကို ဝိုင်းပြီး ဖြည့်စွက် စဉ်းစားပေးဦး"
ချန်ကျီက ကျောက်လင်းအာ၏ ဤဦးနှောက်ကို အလွန် ယုံကြည်ထားဆဲ ဖြစ်သည်၊ တစ်ခါတရံတွင် ရုတ်တရက် ထုံထိုင်းသွားတတ်သည်မှာ လွဲ၍ ဖြစ်သည်။
"ကောင်းပါပြီ သခင်၊ မြန်မြန် ပြောပြပါ"
ဒီလို ဒီလို ၊ ဟိုလို ဟိုလို ပင်။
ချန်ကျီနှင့် ကျောက်လင်းအာတို့က အသေးစိတ်အချက်အလက်များကို စတင်၍ လျှို့ဝှက်စွာ ကြံစည်ကြတော့သည်။
လူနှစ်ဦးစလုံးက အပြန်အလှန် စိစစ်တွေးတောကြသည်။
မကြာမကြာဆိုသလိုပင် လူနှစ်ဦး ပူးကပ်ထိုင်နေသော နေရာမှ ရယ်မောသံ တို့က ဆက်တိုက် ထွက်ပေါ်လာခဲ့တော့သည်။