← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) အရှုံးမပေးသော ယဲ့ပိုင်ရီ

​ယဲ့မိသားစု၊ အစည်းအဝေး ခန်းမ

​ယဲ့မိသားစုခေါင်းဆောင် ယဲ့ကျန်ထျန်းက အရှိန်အဝါကြီးမားလှသော ပုံစံဖြင့် အဓိကနေရာတွင် ခန့်ညားစွာ ထိုင်နေသည်။

​ယဲ့မိသားစု အကြီးအကဲများအားလုံးလည်း နေရာယူထားကြပြီ ဖြစ်သည်။

​ယဲ့ပိုင်ရီကို လျှို့ဝှက်ကာကွယ်ပေးခဲ့သည့် အုတ်မြစ် ချ ခြင်းအဆင့် အကြီးအကဲ သုံးဦးမှာ ပြန်ရောက်လာပြီးနောက် ရိုးရှင်းသော ကုသမှုများ ခံယူခဲ့ပြီး ယခုအခါ နောက်ဆုံးတန်း နေရာများတွင် ထိုင်နေကြသည်။

​ဤအချိန်တွင် ယဲ့ပိုင်ရီကမူ ဤနေရာ၌ ရှိမနေခဲ့ပေ၊ ပြန်ရောက်လာကတည်းက သူသည် လူလုံးထွက်မပြတော့ပေ။

​"အကြီးအကဲတို့... ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး သိကြပြီးပြီ ထင်တယ်" ယဲ့ကျန်ထျန်းက အခန်းမထဲရှိ လူအားလုံးကို လှည့်ကြည့်လိုက်သည်။

​ထို့နောက် ဆက်ပြောသည်။ "အကြီးအကဲ သုံးယောက်... မင်းတို့ အဲဒီမိန်းကလေးနဲ့ လက်ရည်ယှဉ်ခဲ့ကြတယ်မဟုတ်လား၊ သူမရဲ့ နောက်ခံအစအနကို ရိပ်မိတာမျိုး ရှိလား"

​အုတ်မြစ်ချ ခြင်းအဆင့် အကြီးအကဲ သုံးဦး မတ်တပ်ရပ်လိုက်ကြသော်လည်း ယခုအချိန်တွင် အားလုံး တိတ်ဆိတ်၍သာ နေနေကြသည်။

​သူတို့က ကျောက်လင်းအာနှင့် လက်ရည်ယှဉ်ခဲ့ကြသည် မှန်သော်လည်း တစ်ကွက်တည်းဖြင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

​ကျောက်လင်းအာ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ဖြစ်ပြီး ဆန်းကြယ် အဆင့်မြင့် ရတနာဓားတစ်လက် ရှိသည်ဟူ၍သာ သူတို့ သိကြသည်။

​ကျောက်လင်းအာ အသုံးပြုခဲ့သည့် ဓားကွက်များနှင့် ပတ်သက်၍မူ သူတို့ တစ်ခါမျှ မမြင်ဖူးကြချေ၊ ဤဓားကွက်များက အလွန်အမင်း အစွမ်းထက်သည်ဟူ၍သာ သိကြသည်။

​အုတ်မြစ်ချ ခြင်းအဆင့် သုံးဦး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျောက်လင်းအာ၏ လက်ချက်ဖြင့် ပထမဆုံး ရှုံးနိမ့်ခဲ့သည့် အကြီးအကဲက ရှေ့သို့ ထွက်လာခဲ့သည်၊ သူ၏ မျက်နှာတွင် တွေဝေတုံ့ဆိုင်းနေသော အရိပ်အယောင်များ ရှိနေ၏။

​"မိသားစုခေါင်းဆောင်... ဒီကိစ္စက မူလကတည်းက ကျွန်တော်တို့ ယဲ့မိသားစုဘက်က အကြောင်းပြချက် မခိုင်လုံတာပါ၊ ပြီးတော့ အဲဒီမိန်းကလေးရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ထုတ်သုံးတဲ့ ရတနာပစ္စည်းကို ကြည့်ရုံနဲ့တင် သူမကို အထင်သေးလို့ မရပါဘူး၊ မိသားစုခေါင်းဆောင်အနေနဲ့ သေသေချာချာ စဉ်းစားချင့်ချိန်ဖို့ တောင်းဆိုပါတယ်"

​အုတ်မြစ်ချခြင်းအဆင့် အကြီးအကဲက ပြောပြီးနောက် ခါးကို ကိုင်းညွတ်ကာ လက်သီးဆုပ် လျက် ရိုသေစွာ ရပ်နေခဲ့သည်။

​သူ၏ ဆိုလိုရင်းမှာ အလွန်ရှင်းလင်းပါသည်၊ ကျောက်လင်းအာ ပြသခဲ့သည့် ခွန်အား အရ သူမ၏ နောက်ကွယ်တွင် သေချာပေါက် အားကိုးရာ နောက်ခံအင်အားတစ်ခု ရှိနေလိမ့်မည်။

​ယဲ့ကျန်ထျန်းအနေဖြင့် ယခုအချိန်တွင် အခြေအနေကို သုံးသပ်ပြီး ထိုမိန်းကလေးကို ထပ်မံ၍ သွားရောက် မရှာဖွေရန် သူ မျှော်လင့်နေမိသည်၊ မဟုတ်လျှင် မိသားစုအတွက် ဘေးဒုက္ခများ သယ်ဆောင်လာနိုင်ပေသည်။

​ထိုအချိန်တွင် ယဲ့ပိုင်ရီကို ကာကွယ်ပေးခဲ့သည့် ကျန်ရှိသော အုတ်မြစ်ချခြင်းအဆင့် နှစ်ဦးလည်း ရှေ့သို့ ထွက်လာခဲ့ကြသည်၊ သူတို့၏ အတွေးများက အတူတူပင် ဖြစ်သဖြင့် လက်သီးဆုပ် လိုက်ကြသည်။

​"မိသားစုခေါင်းဆောင်... သေသေချာချာ စဉ်းစားချင့်ချိန်ပါဦး"

​သူတို့က ယဲ့ကျန်ထျန်း၏ စရိုက်ကို သိကြသည်၊ ဒီကိစ္စကို သူ သေချာပေါက် အဆုံးထိ လိုက်လံ စုံစမ်းပေလိမ့်မည်။

​သူတို့က ယဲ့မိသားစုအတွင်း၌ စကားပြောပိုင်ခွင့် သိပ်မရှိကြပေ ၊ အုတ်မြစ်ချခြင်းအဆင့်သို့ ကျင့်ကြံနိုင်ခဲ့၍သာ အဆင့်နိမ့် အကြီးအကဲအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။

​အုတ်မြစ်ချ ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ တာဝန်မှာလည်း လျှို့ဝှက်စွာဖြင့် ယဲ့ပိုင်ရီကို ကာကွယ်ပေးရန်သာ ဖြစ်သည်။

​တစ်လျှောက်လုံး ဒေါသကို အောင့်အည်းထားခဲ့သော ယဲ့ကျန်ထျန်းက ရုတ်တရက် စားပွဲကို ရိုက်ချလိုက်သည်။ "ဟမ့်... ငါတို့ ယဲ့မိသားစုက ဘယ်တုန်းကများ ဘယ်သူ့ကို ကြောက်ဖူးလို့လဲ"

​"အဲဒီမိန်းကလေးရဲ့ ခွန်အား က အုတ်မြစ်ချ ခြင်းအဆင့်ပဲ ရှိသေးတာ၊ သူမရဲ့နောက်ကွယ်မှာ အင်အားစု ရှိနေရင်တောင် ဒီလိုမျိုး ငါတို့ ယဲ့မိသားစုကို စော်ကားသွားတာကိုတော့ ငါ ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ​ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးဖို့မလိုတော့ဘူး။ ​အကြီးအကဲ သုံးယောက်က ဒဏ်ရာတွေ မသေးလှဘူး၊ အရင်သွားပြီး အနားယူကြချေ၊ ပိုင်ရီကို ကာကွယ်ဖို့အတွက်တော့ ငါကိုယ်တိုင် လူအသစ် ပြန်စီစဉ်ပေးမယ်"

​"မိသားစုခေါင်းဆောင်..."

​အုတ်မြစ်ချခြင်းအဆင့် သုံးဦးက ထပ်မံ ဖျောင်းဖျရန် ပြုသော်လည်း ယဲ့ကျန်ထျန်း၏ ထက်မြက်လှသော မျက်လုံးအစုံကြောင့် တားဆီးခြင်း ခံလိုက်ရသည်။

​"ဟူး..."

​အုတ်မြစ်ချခြင်းအဆင့် သုံးဦးစလုံး စိတ်မကောင်းစွာ သက်ပြင်းချလိုက်ကြပြီး တိတ်တဆိတ် ဆုတ်ခွာသွားခဲ့ကြသည်။

​ယနေ့မှစ၍ သူတို့က မိသားစု၏ ဘေးဖယ်ထားခြင်းကို ခံရတော့မည်ဆိုတာ သူတို့ စိတ်ထဲက သိနေကြသည်။

​အုတ်မြစ်ချခြင်းအဆင့် သုံးဦး ထွက်ခွာသွားပြီးနောက် ​ယဲ့ကျန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ယဲ့ယုံချန်းတို့ သုံးယောက် ဒဏ်ရာတွေ သက်သာသွားရင် သူတို့ကို သံနက်မိုင်းတွင်းကို သွားပြီး စောင့်ကြပ်ခိုင်းလိုက်၊ အဲဒီဘက်က လူတွေကိုလည်း လဲလှယ်ရမယ့် အချိန်ရောက်ပြီ"

​ယဲ့ကျန်ထျန်း ပြောပြီးနောက် အစည်းအဝေး ခန်းမအတွင်း၌ တိတ်ဆိတ်အေးစက်သွားခဲ့သည်။

​အကြီးအကဲများ အားလုံးက သိကြသည်၊ ယဲ့ကျန်ထျန်းက ထိုအုတ်မြစ်ချခြင်းအဆင့် သုံးဦး၏ စကားများအပေါ် စိတ်ခုသွားခြင်း ဖြစ်သည်။

​ယဲ့ကျန်ထျန်းက တစ်ပတ်ပတ်၍ ကြည့်လိုက်ရာ သူ၏ စကားကို မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ဆက်ပြောသည်။ "အကြီးအကဲတို့... ပိုင်ရီ ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ကြလဲ"

​"မိသားစုခေါင်းဆောင်... ပိုင်ရီ ဘာမှမဖြစ်ဘူးမလား" တတိယအကြီးအကဲက စတင် မေးမြန်းလိုက်သည်။

​"ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာအနည်းငယ်ပဲ၊ ကိစ္စမရှိဘူး"

​"မိသားစုခေါင်းဆောင်... ပိုင်ရီမှာ ဒဏ်ရာအပြင်းအထန် မရခဲ့ဘူးဆိုရင်တော့ သိသာပါတယ်၊ အဲဒီမိန်းကလေးက လက်မနှေးခဲ့ဘဲ အကုန်အစင် သတ်ပစ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ​ဒီမိန်းကလေးရဲ့ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် သူမက ကျွန်တော်တို့ ယဲ့မိသားစုကို အတိုင်းအတာတစ်ခုအထိ တွေးတောချင့်ချိန်နေတုန်းပဲဆိုတာ မြင်နိုင်ပါတယ်။ ​ကျွန်တော်တို့ အရင်ဆုံး ဒီမိန်းကလေးရဲ့ နောက်ခံအခြေအနေကို သေချာစုံစမ်းပြီးမှပဲ အစီအစဉ်ဆွဲသင့်ပါတယ်။ ​အခုအချိန်မှာ ယဲ့မိသားစုက တိုးတက်နေတဲ့ အဆင့်ပဲ ရှိသေးလို့ အပြင်က ရန်သူတွေကို အလွန်အကျွံ သွား ရန်မစ သင့်ပါဘူး"

​တတိယအကြီးအကဲ ပြောဆိုသော ဤစကားကို အခြားသော အကြီးအကဲ အများစုကလည်း ထောက်ခံကြသည်။

​ယဲ့မိသားစုက ယခုအချိန်တွင် ဤဝမ်နန်မြို့အတွင်း၌သာ ပထမနေရာတွင် ရှိနေနိုင်ခြင်း ဖြစ်ပြီး ဝမ်နန်မြို့ပြင်သို့ ထွက်လိုက်လျှင်မူ ယဲ့မိသားစုတွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

​ထို့အပြင် အစည်းအဝေး ခန်းမအတွင်းရှိ အကြီးအကဲအချို့မှာလည်း ယဲ့ပိုင်ရီအပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေကြသူများ ဖြစ်သည်။

​ယခုအချိန်တွင် အကြီးအကဲအများစုမှာ ထိုနေရာတွင် ထိုင်နေကြပြီး သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ပုံစံမျိုးဖြင့် နေနေကြသည်၊ မည်သို့ပင်ဖြစ်စေ ကိစ္စက သူတို့နှင့် မပတ်သက်သဖြင့် ဘေးထိုင်နံသာကပ် လုပ်နေကြခြင်း ဖြစ်သည်။

​သာ၍ဆိုးသည်မှာ ပဉ္စမအကြီးအကဲ ဖြစ်သည်၊ သူက ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ စိတ်မဝင်စားဘဲ ထိုနေရာတွင် ထိုင်ရင်း အိပ်ငိုက်လုနီးပါးပင် ဖြစ်နေသည်။

​ယဲ့ကျန်ထျန်းက အကြီးအကဲအားလုံး၏ တုံ့ပြန်မှုကို အမြဲတမ်း စောင့်ကြည့်နေခဲ့ရာ ပဉ္စမအကြီးအကဲ၏ ထိုကဲ့သို့သော ပုံစံကို မြင်သောအခါ စိတ်ထဲမှသာ ကြိတ်၍ နာကျည်းမိတော့သည်။

​သူ သိလိုက်ရသည်မှာ ဆန်းကြယ် အဆင့် ရတနာကို ကိုင်ဆောင်ထားသည့် အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ကြောင်းပင်။

​ကျင့်ကြံခြင်းအဆင့်က အရေးမကြီးပါ၊ သို့သော် ထိုဆန်းကြယ် အဆင့်မြင့် ရတနာဓားကမူ သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

​ယဲ့မိသားစုတွင် လက်ရှိ၌ ဆန်းကြယ် အဆင့် ရတနာ သုံးခုသာ ရှိသည်၊ တစ်ခုက အလယ်အလတ်အဆင့် ဖြစ်ပြီး နှစ်ခုက အဆင့်နိမ့် ဖြစ်သည်။

​ဆန်းကြယ် အဆင့်မြင့် ရတနာကို အလွယ်တကူ သယ်ဆောင်သွားလာနိုင်သူတစ်ဦးကို သူတို့ အမှန်တကယ်ပင် ဂျောက်ကျနေကြခြင်း ဖြစ်သည်။

​အခြေအနေကို အစားထိုး တွေးတောကြည့်လျှင်ပင် သူတို့ကိုယ်တိုင် ကျောက်လင်းအာနှင့် တစ်ဦးချင်း တွေ့ဆုံခဲ့မည်ဆိုပါကလည်း နိုင်လိမ့်မည်ဟု မသေချာပေ ။

​ကျင့်ကြံခြင်းအဆင့်က ကျောက်လင်းအာထက် အနည်းငယ်သာ မြင့်မားသော်လည်း သိပ်ပြီး ကွာခြားလှသည် မဟုတ်ပါ၊ အဆင့် နှစ်ဆင့် သုံးဆင့်မျှသာ ဖြစ်သည်၊ သို့သော် ရတနာ ချင်း ကွာခြားချက်ကမူ အလွန်ကြီးမားလွန်းလှသည်။

​"ဒါဆိုရင်တော့ တတိယအကြီးအကဲ ပြောသလိုပဲ အရင်ဆုံး အဲဒီမိန်းကလေးရဲ့ နောက်ခံအခြေအနေကို သေချာစုံစမ်းကြ။ ​ဒီကိစ္စကို တတိယအကြီးအကဲ မင်းကိုပဲ လွှဲအပ်တယ်၊ ယဲ့မိသားစုရဲ့ အရင်းအမြစ်တွေကို မင်း စိတ်ကြိုက် အသုံးပြုနိုင်တယ်၊ အခြား အကြီးအကဲတွေကလည်း ပူးပေါင်းဆောင်ရွက်ပေးပါ"

​"ဟုတ်ကဲ့" တတိယအကြီးအကဲက အမိန့်ကို လက်ခံ လိုက်နာခဲ့သည်။

​ယဲ့ကျန်ထျန်း ပြောပြီးနောက် ထိုအကြီးအကဲများ အားလုံးလည်း မတ်တပ်ရပ်၍ သဘောတူခဲ့ကြသည်။

​ဤအကြီးအကဲများက ယဲ့ကျန်ထျန်း၏ စကားထဲမှ ရှင်းလင်းပြတ်သားသော သတင်းစကားကို နားလည်လိုက်ကြပြီ ဖြစ်သည်။

​ဒီကိစ္စနှင့် ပတ်သက်၍ ယဲ့ကျန်ထျန်းက အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

​သို့သော်လည်း တတိယအကြီးအကဲကို ယဲ့မိသားစု၏ အရင်းအမြစ် အားလုံးကို အသုံးပြုခွင့်ပေးလိုက်ခြင်းကမူ အလွန်ပင် စဉ်းစားစရာ ဖြစ်လာခဲ့သည်။

​ယဲ့ကျန်ထျန်းက ယဲ့မိသားစုခေါင်းဆောင် ဖြစ်သည့်အတွက် သူ၏ သားဖြစ်သူအတွက် မျက်နှာပန်းလှအောင် သေချာပေါက် ပြန်လည် လုပ်ဆောင်ပေးလိမ့်မည်။

​တစ်ချိန်တည်းမှာပင် မည်သူက ယဲ့မိသားစု၏ ခေါင်းဆောင် ဖြစ်သည်၊ မည်သူ့အမိန့်ကို နားထောင်ရမည်ဆိုသည်ကို လူတိုင်းအား သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

​"ကဲ... အားလုံး လူစုခွဲကြတော့"

​ယဲ့ကျန်ထျန်း ပြောပြီးနောက် ဒုတိယအကြီးအကဲကို တစ်ချက် ကြည့်လိုက်သည်။

​ဒုတိယအကြီးအကဲက သဘောပေါက်လိုက်သည်၊ အခြားအကြီးအကဲများ အားလုံး ထွက်ခွာသွားကြသော်လည်း သူကမူ ထိုနေရာတွင် ထိုင်မြဲ ထိုင်နေခဲ့သည်။

​"မိသားစုခေါင်းဆောင်" လူအားလုံး ထွက်ခွာသွားပြီးသည်ကို မြင်သောအခါ ဒုတိယအကြီးအကဲက မတ်တပ်ရပ်၍ ပြောလိုက်သည်။

​"ဒုတိယအကြီးအကဲ... ပိုင်ရီက ဒီနေ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရတယ်၊ ပြန်လာကတည်းက လူချင်း မတွေ့ချင်ဘဲ နေနေတယ်။ ​သူ မိုက်မဲတဲ့အလုပ်ကို လုပ်မိမှာကို ငါ စိုးရိမ်တယ်၊ မင်း သူ့ကို ပိုပြီးတော့ ဂရုစိုက် စောင့်ကြည့်ပေးပါဦး"

​ယဲ့မိသားစုတစ်ခုလုံးတွင် ဘိုးဘေးနှင့် သူ ယဲ့ကျန်ထျန်းမှလွဲ၍ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမှာ ဒုတိယအကြီးအကဲ ဖြစ်သည်။

​ယခုအခါ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်ပြီး အုတ်မြစ်ချခြင်းအဆင့် ၉ တွင် ရှိနေသည်။

​သူကိုယ်တိုင်ကမူ ယဲ့ပိုင်ရီကို အချိန်ပြည့် စောင့်ကြည့်မနေနိုင်ပေ ၊ ယဲ့မိသားစုတစ်ခုလုံး၏ အရေးကိစ္စများစွာကို သူ ကိုင်တွယ်ဖြေရှင်းနေရသည်။

​ယဲ့ပိုင်ရီကို ကာကွယ်ရမည့် ဤတာဝန်ကို ဒုတိယအကြီးအကဲထံသို့သာ လွှဲအပ်ရုံရှိတော့သည်။

​"မိသားစုခေါင်းဆောင် စိတ်ချပါ" ဒုတိယအကြီးအကဲက မူလကတည်းက စကားနည်းသူ ဖြစ်သည်။

​ဒုတိယအကြီးအကဲက နှုတ်ဆက်ထွက်ခွာသွားပြီး လျှို့ဝှက်စွာဖြင့် ယဲ့ပိုင်ရီကို ကာကွယ်ရန် သွားခဲ့တော့သည်။

​လူအားလုံး ထွက်ခွာသွားကြပြီးနောက် ယဲ့ကျန်ထျန်း တစ်ဦးတည်းသာ အစည်းအဝေး ခန်းမထဲ၌ ကျန်ရစ်ခဲ့သည်။

​"အချို့လူတွေကတော့ နည်းနည်း ငြိမ်မနေချင်ကြဘူး ထင်တယ်၊ ဟားဟား... ယဲ့မိသားစု လိုအပ်တာက စည်းလုံးညီညွတ်တဲ့ ယဲ့မိသားစုပဲ" ယဲ့ကျန်ထျန်း၏ မျက်ဝန်းများက မည်းမှောင်သွားခဲ့ပြီး ပြတ်သားလှသော အော်ရာ တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့တော့သည်။

​ဤအချိန်တွင် ယဲ့ပိုင်ရီက ယဲ့မိသားစုသို့ ပြန်ရောက်လာကတည်းက သူ့ကိုယ်သူ အခန်းထဲတွင် ပိတ်လှောင်ထားပြီး လူချင်း မတွေ့ဘဲ နေခဲ့သည်။

​အစေခံများကို ရေချိုးရန် ရေနွေးနှင့် အခြားသော ဝတ်စုံဖြူတစ်စုံကိုသာ ပြင်ဆင်ခိုင်းခဲ့သည်။

​ရေချိုးပြီး ဝတ်စုံအသစ် လဲလှယ်ပြီးနောက် ယဲ့ပိုင်ရီက ကြမ်းပြင်ပေါ်တွင် လွှင့်ပစ်ထားသော ဆီးပေနေသည့် အဝတ်အစားများကို ကြည့်ကာ မျက်ဝန်းများ မည်းမှောင်နေခဲ့သည်၊ သူ၏ မျက်စိရှေ့တွင် ထိုပုံရိပ်က ထပ်မံ ပေါ်လာပြန်သည်။

​သူက ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများပေါ်သို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ရာ ဝတ်စုံဖြူမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေခဲ့သည်။

​"ငါ မင်းကို သေချာပေါက် ရအောင်ယူမယ်၊ ပြီးရင် ပြင်းပြင်းထန်ထန် နှိပ်စက်ပစ်မယ်"

​ယဲ့ပိုင်ရီက တစ်ဦးတည်း ရေရွတ်နေခဲ့ပြီး သူ၏ သွားများကို အကုန် ကြေမွမတတ် အံကြိတ်နေမိသည်။

​သူက ယခုဘဝတွင် ဤကဲ့သို့သော အရှက်ခွဲခြင်းမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ပေ ၊ ဤကဲ့သို့သော အရှက်ခွဲခံရမှုက သူ့ကို သတ်ပစ်လိုက်သည်ထက်ပင် ပို၍ ခံရခက်စေသည်။

​ယဲ့ပိုင်ရီက ဒေါသတကြီးဖြင့် သူ့ အခန်းထဲမှ ထွက်လာခဲ့သည်။

​"သခင်လေး..."

​တံခါးဝမှ ထွက်လာသည်နှင့် အစေခံတစ်ဦးက သူ့ကို လှမ်းခေါ်လိုက်သည်။

​"လစ်စမ်း" ယဲ့ပိုင်ရီက ထိုအစေခံကို ခြေတစ်ချက်ဖြင့် ကန်ထုတ်ပစ်လိုက်သည်။

​ပြီးနောက် ယဲ့မိသားစု၏ အနက်ရှိုင်းဆုံးနေရာသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့တော့သည်။

​ဤအချိန်တွင် ပုံရိပ်တစ်ခုက ယဲ့ပိုင်ရီ၏ နောက်ကွယ်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ပြီ ဖြစ်သည်၊ ထိုသူမှာ အမှန်ပင် လျှို့ဝှက်စွာ ကာကွယ်ရန် ရောက်ရှိလာသော ဒုတိယအကြီးအကဲပင် ဖြစ်သည်။

​"ဒါ... ဘယ်ကို သွားမလို့လဲ" ဒုတိယအကြီးအကဲက စိတ်ထဲ၌ အနည်းငယ် တွေးတောမိလိုက်တော့သည်။

All Chapters