← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) အပြင်စည်းတပည့် ကျိုးချွမ်

​ကိုယ်ပွားနှစ်ဉီးထံသို့ ကောင်းကင်ဝိညာဉ်ပေါက်တူး နှစ်လက်ကို ပေးအပ်ပြီးနောက် ချန်ကျီနှင့် ကျောက်လင်းအာတို့သည်လည်း အနန္တနေရာလွတ်ထဲမှ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။

​အားလပ်နေသဖြင့် ချန်ကျီက သူ၏ စနစ် မျက်နှာပြင် ကို တစ်ချက် ကြည့်လိုက်သည်။

​ကျင့်ကြံခြင်းအဆင့် မျက်နှာပြင် တွင် 【ကျင့်ကြံခြင်းအဆင့် - အုတ်မြစ်ချခြင်းအဆင့် ၅ (၁၂၀/၂၀၀)】 ဟု ပြသနေသည်ကို တွေ့လိုက်ရ၏။

​"ငါတောင် သတိမထားမိလိုက်ဘဲ ကျင့်ကြံခြင်းအဆင့်က နောက်ထပ်တစ်ဆင့် တက်သွားပြန်ပြီပဲ၊ ကျင့်ကြံရတာ တကယ်ပဲ ရေသောက်ရသလို လွယ်ကူလွန်းတယ်"

​ချန်ကျီက မန္တန်မျက်နှာပြင် ကိုလည်း တစ်ချက် ထပ်ကြည့်လိုက်သည်။

​【 ကြိုးကြာ ပျံခြေလှမ်း (အသေးစား အောင်မြင်မှု) ၄၉၀/၈၀၀】

​"လောလောဆယ်တော့ ကြိုးကြား ပျံခြေလှမ်းက ဒဏ္ဍာရီအဆင့်ကို မရောက်သေးဘူး၊ အလိုအလျောက်ကျင့်ကြံခန်း မှာ သွားလဲဖို့ ယာယီ မလိုသေးပါဘူး"

​"သင်ယူထားတဲ့ မန္တန်တွေအားလုံးက မကြာခင် ဒဏ္ဍာရီအဆင့်ကို ရောက်တော့မှာပဲ၊ အခုဆို နှလုံးဖောက် တိုက်ခိုက်မှု နဲ့ ဝိညာဉ်ရှာဖွေခြင်းမန္တန် ပဲ ကျန်တော့တာ။ ကြည့်ရတာ နောက်ထပ် ဘယ်မန္တန်ကို သင်ရမလဲဆိုတာ သေသေချာချာ ရွေးချယ်ရတော့မယ်"

​အရင်က ချန်ကျီတွင် ရွေးချယ်စရာ မရှိခဲ့သော်လည်း ယခုအခါတွင်မူ မတူညီတော့ပေ၊ ရွေးချယ်စရာများစွာ ရှိနေပြီ ဖြစ်သည်။

​ဤအကြောင်းကြောင့်ပင် ချန်ကျီက အားလပ်သည့်အချိန်တိုင်း အနန္တဆိုင်သို့ သွားရောက်ကာ ပစ္စည်းများကို လိုက်လံကြည့်ရှုနေခြင်း ဖြစ်သည်။

​သင်ယူသည့်အရာမှာ အလွန်အမင်း များပြားရန် မလိုသော်လည်း သေချာပေါက် လက်တွေ့အသုံးဝင်သည့်အရာ ဖြစ်ရမည်။

​"လင်းအာ... တစ်ရက်ရှိပြီ သီချင်းမဆိုဖြစ်တာ၊ သီချင်းလေးတစ်ပုဒ်လောက် ဆိုပြပါဦး" ကျောက်လင်းအာက ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။

​"ဟုတ်ကဲ့ပါ သခင်"

ဇာတ်ရုံ များသို့ သွားရောက်ကာ သီချင်းနားဆင်ခွင့် မရနိုင်သော်လည်း အိမ်တွင်း၌ နားဆင်ရသည်မှာလည်း အတူတူပင် ဖြစ်၏၊ ပြည့်တန်ဆာ အပျော်အပါး နယ်ပယ် မှ အမျိုးသမီးများက ကျောက်လင်းအာ၏ နုပျိုလန်းဆန်းသော ဝိညာဉ်အလှကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

​ချန်ကျီက ဇာတ်ရုံများသို့ သွားခဲ့လျှင်ပင် ထိုကာမဂုဏ်အပျော်အပါးများအတွက် သွားခြင်းမဟုတ်ဘဲ သာယာငြိမ့်ညောင်းသော အသံများနှင့် လှပသော တေးသွားများကို ခံစားနားဆင်ရန်အတွက်သာ သွားခြင်း ဖြစ်သည်။

​"လင်းအာ... တကယ် ဆိုလို့ကောင်းတယ်၊ နောက်တစ်ပုဒ်လောက် ထပ်ဆိုပါဦး"

​ချင်းယွမ်ဂိုဏ်း

​လွန်ခဲ့သည့် နှစ်ရက်က အကြီးအကျယ် မူးအောင် သောက်စားခဲ့သော ချန်ဖန်က အန္တရာယ်တစ်ခုကို ခံစားလိုက်ရသလို ဖြစ်နေသည်။

​ချန်ဖန်ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေရသည်မှာ သူက ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပါလျက် မည်သို့ကြောင့် မူးယစ်သွားရသနည်းဟူ၍ ဖြစ်သည်။

​ဤနှစ်ရက်အတွင်း သူက ယွီရှင်းစစ်နှင့်လည်း အတူတူ ဝိုင် မသောက်ဖြစ်တော့ပေ၊ ထို့အပြင် ယွီရှင်းစစ်သည်လည်း ကျင့်ကြံရန် လိုအပ်သဖြင့် သူက အမြဲတမ်း သူတစ်ပါးကို အချိန်မဖြုန်းခိုင်းနိုင်ပေ။

​၎င်းအပြင် သူက ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် မလုပ်ဆောင်ရသေးသည့် ကိစ္စများစွာ ရှိနေသေးသည်။

​ဥပမာအားဖြင့် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည့် ဆုလာဘ်များကို သူ သွားရောက် မထုတ်ယူရသေးပေ။

​အကြီးအကဲတစ်ဦးထံတွင် ဆရာတင်မည့် ကိစ္စကိုလည်း သူ မလုပ်ဆောင်ရသေးပေ ၊ သို့သော်လည်း ဤဆရာ ရှိခြင်း မရှိခြင်းမှာ သူ့အတွက် ကိစ္စမရှိလှပေ။

​ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ရာထူးတိုးမြှင့်ခြင်း ဆုလာဘ်များ ထုတ်ယူရာနေရာသို့ သွားရာလမ်းတွင် ​ဆူညံလှသော အသံများက ချန်ဖန်၏ အာရုံကို ဆွဲဆောင်သွားခဲ့သဖြင့် သူက လှည့်ကြည့်လိုက်သည်။

အ​ပြင်စည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်အချို့က အခြားသော အပြင်စည်းတပည့်တစ်ဦးကို ဝိုင်းဝန်းထိုးလျက် ဆဲဆိုအော်ဟစ်နေကြခြင်း ဖြစ်သည်။

​"ကျိုးချွမ်... စီနီယာအစ်မ မိုယောင် က မင်းလိုကောင်က မျှော်လင့်ရဲတဲ့သူလား၊ မင်းရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကို ပြန်ကြည့်ဦး၊ မင်းလိုကောင်ကများ စီနီယာအစ်မ မိုယောင်ကို လာပြီး ကလူမြူဆွယ်ရဲတယ် ဟုတ်လား"

​"မှန်တယ်... မင်းက ဖားပြုပ်ကနေ ငန်းသားစားချင်နေတာပဲ"

အ​ပြင်စည်းတပည့်အချို့က စကားပြောရင်းဖြင့် ကျိုးချွမ်ဟု ခေါ်သော အပြင်စည်းတပည့်ကို ဝိုင်းဝန်း ထိုးနေကြသည်။

​"ကျွန်တော် မလုပ်ပါဘူး၊ ဒါတွေက အထင်လွဲတာပါ" ကျိုးချွမ်ဟု ခေါ်သော အပြင်စည်းတပည့်က ဆက်လက် ခုခံချေပချင်နေသေးသည်။

​သို့သော်လည်း မတတ်နိုင်သည်မှာ သူ့ကို ဝိုင်းဝန်း ထိုးနေကြသော အပြင်စည်းတပည့်အချို့၏ ကျင့်ကြံခြင်းအဆင့်များက သူ့ထက် မြင့်မားနေကြသဖြင့် သူ၏ ရုန်းကန်မှုက မည်သည့်အရာကိုမျှ အကျိုးမသက်ရောက်စေပေ။

​"မိုယောင် ဟုတ်လား မသိဘူး" ချန်ဖန် ဤမြင်ကွင်းကို မြင်သောအခါ ခေါင်းခါလျက် ပြုံးလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

​ဤကဲ့သို့သော ကိစ္စမျိုးက ချင်းယွမ်ဂိုဏ်းအတွင်း၌ အလွန် သာမန်ဆန်လွန်းလှသည်၊ ကျင့်ကြံခြင်းအဆင့် မြင့်မားသော တပည့်က ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော တပည့်ကို အနိုင်ကျင့်ခြင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမျိုး မရှိသမျှ ကာလပတ်လုံး စည်းကမ်းထိန်းသိမ်းရေးခန်းမ က ယေဘုယျအားဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။

​ချန်ဖန်သည်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို မြင်တွေ့ရသည်မှာ ရိုးအီနေပြီ ဖြစ်သဖြင့် သူသည်လည်း အခြားသူများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရသည်ကို ဝါသနာပါသူ မဟုတ်ပေ။

​သို့သော်လည်း ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့သည်။

​"တာအိုမိတ်ဆွေ ချန်ကျီ လား"

​ချန်ဖန် ဇဝေဇဝါ ဖြစ်သွားသည်။ "သခင်ရဲ့ နာမည်ပါလား။ ဒါမှမဟုတ် သခင်နဲ့ နာမည်တူတဲ့ တခြားတစ်ယောက် ရှိနေတာလား"

​ချန်ဖန်က ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို လိုက်လံကြည့်လိုက်ရာ ခုနကတင် ဝိုင်းဝန်း ထိုးနေကြသော အပြင်စည်းတပည့်အချို့က သူ့ဘက်သို့ အားလုံး ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

​ချန်ဖန် လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ထိုအပြင်စည်းတပည့်အချို့က ကျိုးချွမ်ကို ကြည့်လိုက်ကြပြီး သိသိသာသာပင် သူ့ထံမှ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ကြသည်။

​သူတို့က ကျိုးချွမ်သည် ဤအတွင်းစည်းတပည့် ချန်ဖန်ကို အမှန်တကယ် သိကျွမ်းသည်ဟု ထင်မှတ်သွားကြသဖြင့် စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်လာကြသည်။

​ချင်းယွမ်ဂိုဏ်းအတွင်း၌ အတွင်းစည်းတပည့်ဟူသည်က မည်မျှအထိ အာဏာရှိသည်ကို သူတို့ ကောင်းကောင်း သိကြသည်။

​အတွင်းစည်းတပည့်တစ်ဦးကို သွားရောက် ရန်စမိပါက သူတို့ ချင်းယွမ်ဂိုဏ်းမှ မောင်းထုတ်ခံရနိုင်သည့် အခြေအနေအထိ ရှိပေသည်။

​"မင်း ငါ့ကို ခေါ်လိုက်တာလား" ချန်ဖန်က ဇဝေဇဝါ မျက်နှာပေးဖြင့် မေးလိုက်ရင်း အများကြားမှ အထီးကျန်ဖြစ်သွားသော ကျိုးချွမ်ကို ကြည့်လိုက်သည်။

​သူက အမှန်တကယ်ပင် သခင်နှင့် သိကျွမ်းသူ ဖြစ်နေတာလား။

​ချန်ဖန်က သူနှင့် ချန်ကျီ၏ ရုပ်သွင်က ထပ်တူကျနေသည်ကို သိထားသဖြင့် အကယ်၍ အမှန်တကယ်ပင် ချန်ကျီနှင့် သိကျွမ်းသူ ဖြစ်နေပါက သူက မလေးမစား မလုပ်ရဲပေ။

​သို့သော် ယခုအချိန်တွင် တိုက်ရိုက် ဝန်ခံ၍လည်း မရနိုင်သေးပေ၊ အကြောင်းမှာ ယခု သူ၏ အဆင့်အတန်းက ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ချန်ဖန် ဖြစ်နေသောကြောင့်ပင်။

​ကျိုးချွမ်က သူ့ကို နှောင့်ယှက်နေသော အပြင်စည်းတပည့်အချို့ ဖယ်ပေးလိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် ချန်ဖန်၏ ရှေ့သို့ အမြန် ပြေးလာခဲ့သည်။

​" တာအိုမိတ်ဆွေ ချန်ကျီ ... မင်း မေ့သွားပြီလား၊ ငါတို့ အရင်က ဝမ်နန်မြို့ မှာ တွေ့ခဲ့ကြသေးတယ်လေ"

​ချန်ဖန် ယခုအချိန်တွင် စိတ်ထဲ၌ အနည်းငယ် ပူပန်နေမိသည်၊ သူက ချန်ကျီနှင့် ဤကျိုးချွမ်တို့ကြားတွင် မည်သည့်ကိစ္စများ ဖြစ်ပွားခဲ့သည်ကို အမှန်တကယ် မသိရှိသဖြင့် စကားများကိုလည်း လျှောက်မပြောရဲပေ။

​ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ဖန်က ထိုအပြင်စည်းတပည့်အချို့ဘက်သို့ လှည့်ကာ တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "မင်းတို့က..."

​ချန်ဖန်က ဤစကားတစ်ခွန်းသာ ပြောလိုက်ပြီး ကျန်ရှိသည့် အပိုင်းကိုမူ ထိုအပြင်စည်းတပည့်အချို့ကို ဘာသာ ကိုယ်တိုင် စဉ်းစားခိုင်းလိုက်သည်။

အ​ပြင်စည်းတပည့်အချို့မှာ ယခုအခါ ချွေးစေးများပင် ထွက်လာခဲ့ကြပြီ ဖြစ်သည်၊ ကြည့်ရသည်မှာ ကျိုးချွမ်က ဤအတွင်းစည်းတပည့်ကို အမှန်တကယ် သိကျွမ်းနေခြင်း ဖြစ်ပေသည်။

​"စီနီယာအစ်ကို... ဒါတွေက အထင်လွဲတာပါ၊ ကျွန်တော်တို့ အခုပဲ သွားပါတော့မယ်" အပြင်စည်းတပည့်တစ်ဦးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

​ချန်ဖန်သည်လည်း သူတို့နှင့် ပတ်သက်မှု အလွန်အမင်း မရှိချင်သဖြင့် လက်ကိုသာ ဝေ့ယမ်းပြကာ သွားခွင့်ပြုလိုက်သည်။

အ​ပြင်စည်းတပည့်အချို့မှာ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုနေရာမှ အမြန် လှည့်ထွက်သွားကြတော့သည်။

​ချန်ဖန်က ထိုအပြင်စည်းတပည့်အချို့ ဝေးကွာသွားသည်ကို မြင်မှသာ ကျိုးချွမ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ခေတ္တမျှ မည်သို့ စကားစရမှန်း မသိ ဖြစ်နေခဲ့သည်။

​သို့သော်လည်း ကျိုးချွမ်ကမူ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး အရင်က ကြုံတွေ့ခဲ့ရသည့် စိတ်အနှောင့်အယှက်ဖြစ်စရာများကိုလည်း မေ့ပျောက်သွားခဲ့ပြီ ဖြစ်သည်။ "ချင်းယွမ်ဂိုဏ်းမှာ မိတ်ဆွေ နဲ့ ထပ်ပြီး ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"

​ကျိုးချွမ်က စကားပြောပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်ပုံရသဖြင့် ချက်ချင်းပင် စကားကို ပြောင်းပြောလိုက်သည်။ "အော်... မဟုတ်သေးဘူး၊ အခုဆို မိတ်ဆွေ လို့ ထပ်ခေါ်လို့ မရတော့ဘူးပဲ၊ စီနီယာအစ်ကို... မင်္ဂလာပါ"

​ပြောပြီးနောက် ကျိုးချွမ်က ချန်ဖန်ကို လက်သီးဆုပ်လျက် အရိုအသေပြုလိုက်သည်။

​"လက်လှမ်းမီလို့ ကူညီပေးလိုက်ရုံပါပဲ၊ မင်းက ခုနက လူတွေနဲ့ ဘာလို့ ပြဿနာဖြစ်နေတာလဲ"

​ယခု အခြေအနေအရ ချန်ဖန်သည်လည်း ကျိုးချွမ်ကို သိကျွမ်းသည့် ပုံစံမျိုး ဟန်ဆောင်နေရုံသာ တတ်နိုင်သည်။

​ဤနေရာမှ ကိစ္စများ ပြီးဆုံးသွားသောအခါ မလိုအပ်သော အထင်လွဲမှုများ မဖြစ်ပွားစေရန် ချန်ကျီထံသို့ သေချာပေါက် ပြန်လည် မေးမြန်းရမည် ဖြစ်သည်။

​ကျိုးချွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ "ဟူး... ဒီကိစ္စက ပြောရရင် ရှည်လျားလွန်းလို့ မပြောတာပဲ ကောင်းပါတယ်၊ အားလုံးက အခြေအမြစ်မရှိတဲ့ ကိစ္စတွေပါပဲ"

​"ဒါဆိုလည်း ကောင်းပြီ၊ အကယ်၍ နောက်နောင် ဒီလူတွေက မင်းကို ထပ်ပြီး နှောင့်ယှက်လာရင် လင်းယွမ်တောင်ထိပ် နံပါတ် ၂၃ ဂူကို လာပြီး ငါ့ကို ရှာလိုက်ပါ။ အခု ငါ့မှာ သွားစရာ အရေးကြီးကိစ္စလေး ရှိနေသေးလို့၊ ငါတို့ နောက်မှ ထပ်ပြီး စကားပြောကြတာပေါ့"

​ချန်ဖန်က ယခုအချိန်တွင် ဤနေရာမှ စောစောစီးစီး ထွက်ခွာလိုပြီး အခြေအနေကို အရင်ဆုံး သေသေချာချာ စုံစမ်းလိုနေခြင်း ဖြစ်သည်။

​"ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်ကို ၊ စီနီယာအစ်ကို... အရင်သွားနှင့် လိုက်ပါ"

​"အင်း" ချန်ဖန်က ပြန်ဖြေ ပြီးနောက် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

​ချန်ဖန် ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း ကျိုးချွမ်က အနည်းငယ် စိမ်းသက်မှုကို ခံစားလိုက်ရသည်။

​ဤချန်ကျီက လမ်းဘေးတွင် သူနှင့်အတူ ဆောင့်ကြောင့်ထိုင်လျက် စကားစမြည် ပြောဆိုခဲ့သော ချန်ကျီ မဟုတ်တော့သကဲ့သို့ပင်။

​"ကျစ်... တာအိုမိတ်ဆွေ ချန် က ချင်းယွမ်ဂိုဏ်းကို ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါ့အပြင် အခုဆို အတွင်းစည်းတပည့်တောင် ဖြစ်နေပြီပဲ၊ ငါကော ဘယ်တော့မှ အုတ်မြစ်ချပြီး အတွင်းစည်းတပည့် ဖြစ်လာနိုင်ပါ့မလဲမသိဘူး"

​ကျိုးချွမ်က ခေါင်းခါလျက် သက်ပြင်းချပြီး ကျင့်ကြံရန် နေရာတစ်ခုသို့ ထွက်ခွာသွားခဲ့သည်၊ သူက ယခုထက် ပိုမို ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

​ချန်ဖန်က ထွက်ပြေးသကဲ့သို့ ထွက်ခွာလာခဲ့ပြီးနောက် ကုသိုလ်အမှတ် လဲလှယ်ရေးဌာန သို့ ခြေလှမ်းအမြန် လှမ်းကာ ရောက်ရှိလာခဲ့သည်။

​"စီနီယာအစ်ကို... ကျွန်တော် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ဆုလာဘ်ကို လာရောက် ထုတ်ယူတာပါ၊ ဒါက ကျွန်တော့်ရဲ့ ဂိုဏ်းတိုကင် ပါ"

​ယနေ့ ကုသိုလ်အမှတ် လဲလှယ်ရေးဌာနတွင် တာဝန်ကျနေသော တပည့်ကို ချန်ဖန် တစ်ခါမှ မမြင်ဖူးသဖြင့် သိပ်ပြီး မရင်းနှီးပေ။

​ချန်ဖန် ကမ်းပေးလိုက်သော ဂိုဏ်းတိုကင် ကို လက်ခံယူပြီးနောက် တစ်ဖက်လူက ရိုးရှင်းစွာ စစ်ဆေးအတည်ပြုလိုက်ပြီး ချန်ဖန်၏ အဆင့်အတန်းကို အတည်ပြုလိုက်သည်။

​"ခဏလောက် စောင့်ဦး" ပြောပြီးနောက် တစ်ဖက်လူက သိုလှောင်အိတ် တစ်အိတ်ကို ထုတ်ယူလိုက်သည်။

​"ဒီထဲမှာ စုစုပေါင်း ချီစုစည်းခြင်း ဆေးလုံး အလုံး ၂၀ ရှိတယ်၊ နောက်နောင် လတိုင်း တစ်ကြိမ် လာရောက် ထုတ်ယူနိုင်တယ်။ ကျင့်စဉ် နဲ့ မန္တန်ကိုတော့ ကျင့်စဉ်စာကြည့်တိုက် ကို သွားပြီး ကိုယ်တိုင် ရွေးချယ်နိုင်တယ်၊ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်၊ ရွေးချယ်ပြီးရင် ပြန်ပြောင်းလို့ မရတော့ဘူး။ ဒီသိုလှောင်အိတ်ကလည်း အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ဆုလာဘ်ပဲ၊ သေသေချာချာ သိမ်းဆည်းထားလိုက်ပါ"

​ချန်ဖန်က သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"

ချန်ဖန်က ပြောကာ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။

​"အင်း" တစ်ဖက်လူက ခေါင်းငြိမ့်ပြလိုက်လေသည်။

All Chapters