အခန်း ၁၉၆
Vol. 18 Ch. 196
အခန်း (၁၉၆) မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေ
ထာဝရ ညဉ့်ယံ အကာအကွယ်ကြီးထဲမှာ ဘာကြောင့် ပထမကူနန်းတော်က ကူသခင် ရောက်နေရတာလဲ။
လီယွမ်မှာ သတင်းအချက်အလက် နည်းပါးလွန်းသဖြင့် အတော်လေး ထူးဆန်းနေမှန်း သိသော်လည်း ဘယ်နေရာက မှားနေမှန်း တိတိကျကျ မပြောတတ်ပေ။
ဘာအကြံအစည်များ ရှိနေတာလဲ။ 'မရူးသွပ်တဲ့ ကူသခင်ဆိုတာ မရှိဘူး' ဆိုသော မူဝါဒကို အမြဲ ဆုပ်ကိုင်ထားသည့် လီယွမ်က သူစိမ်း ကူသခင်တစ်ယောက်ကို လူကောင်းဟု ဘယ်တော့မှ မတွေးထားခဲ့ပေ။
'မှားနေပြီ...'
သေချာစွာ စဉ်းစားပြီးနောက်တွင် အလွန် သိမ်မွေ့လှသော အချက် တစ်ချက်ကို သူ သတိထားမိလိုက်သည်။
ဘိုးဘေးကြီး ချမှတ်ထားသော စည်းမျဉ်းများအရ ကူအင်မော်တယ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသူများမှာ အများအားဖြင့် အဆင့်ခြောက်နယ်ပယ်ရှိ တပည့်များသာ ဖြစ်ရမည်။
ယခုလေးတင် မြင်တွေ့ခဲ့ရသော လူနှစ်ယောက်ထဲတွင် လူငယ်လေးမှာ ကျင့်ကြံခြင်းနယ်ပယ် အဆင့်ခြောက်တွင် ရှိနေနိုင်သော်လည်း နောက်မှ ရောက်လာသော လူသန်ကြီးမှာ ထိုအဆင့်ထက် များစွာကျော်လွန်နေပြီး အဆင့်ခုနစ်နယ်ပယ်၏ အကောင်းဆုံး ပညာရှင်များထဲတွင် ပါဝင်နေကြောင်း သိသာလှ၏။
ယခင်က မြင်တွေ့ခဲ့ရသော အေးချမ်းလှသည့် ရှုခင်းများနှင့် မီးခိုးငွေ့တန်းလေးများကို ပြန်လည်စဉ်းစားကြည့်ရာ ထာဝရ ညဉ့်ယံကြီးထဲတွင် တခြားသူများလည်း နေထိုင်နေကြပြီး အရေအတွက်အားဖြင့် နည်းပါးမည် မဟုတ်ကြောင်း လီယွမ် ကောင်းစွာ ကောက်ချက်ချနိုင်၏။
'ငါတို့ ဝင်သွားသင့်သလား...'
နေရာ တစ်ခုက ထူးဆန်းလေလေ ကြီးမားလှသော အခွင့်အရေးများ ရှိနေနိုင်လေလေ ဖြစ်ရာ လီယွမ်အနေဖြင့် ဒီအတိုင်း လက်မလျှော့လိုက်ချင်ပါချေ။
“ဓားနတ်သမီး... မင်းပဲ ဆုံးဖြတ်လိုက်ပါ...”
ဘာလုပ်ရမှန်း မသေချာလျှင် တုံးအအကောင်မလေးကို မေးကြည့်ခြင်းက အကောင်းဆုံးပင်။
ကူအင်မော်တယ်၏ လျှို့ဝှက်နယ်မြေထဲတွင် ဓားနတ်သမီး၏ အာရုံခံစားမှုက သူ၏ ဆုံးဖြတ်ချက်ထက် များစွာပိုမို ထိရောက်ကြောင်း လီယွမ် ခံစားနေရသည်။
ဓားနတ်သမီးက ပြန်မဖြေပါချေ။ လီယွမ်၏ စောင့်ကြည့်နေမှုအောက်မှာပင် သူမ၏ ရှည်လျားသော ခြေတံများဖြင့် ရှေ့သို့ လျှောက်လှမ်းသွားသည်။ အနက်ရောင် လေပြင်းများကြားတွင် အဖြူရောင် ဝတ်စုံလေးက တလွင့်လွင့် ဖြစ်နေ၏။ ထို့နောက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားပေါ်သို့ အကြောက်အလန့်မရှိ တက်လှမ်းသွားတော့သည်။
သူမ၏ လုပ်ရပ်များဖြင့် အဖြေကို ပြသလိုက်ခြင်း ပင်။
“သွားကြတာပေါ့...”
တုံ့ဆိုင်းခြင်း အလျဥ်း မရှိဘဲ လီယွမ် ချက်ချင်း လိုက်သွားခဲ့ပြီး သူ၏ သတိဝီရိယကို လုံးဝမလျှော့ချဘဲ အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်ထားလိုက်သည်။
ဓားနတ်သမီးသည် ကြောက်ရွံ့ခြင်းဆိုသည်ကို လုံးဝမသိရှိဘဲ သွေးမြူခိုးများ လွင့်မျောခြင်း ၊ ရေလှိုင်းများ ရိုက်ခတ်ခြင်းနှင့် ညဉ့်ယံ၏ လွှမ်းခြုံမှုများကို ဂရုမစိုက်ပါချေ။
သူမသည် ထာဝရ ညဉ့်ယံ၏ အမှောင်ထုထဲသို့ မဟာဆန်စွာ ဖြတ်သန်းသွားပြီး လီယွမ်လည်း သူမ၏ ပုံရိပ်ကို ဖုံးကွယ်ရန် ဆန်းကြယ်ပုံရိပ်ကူကို လျင်မြန်စွာ အသက်သွင်းလိုက်တော့၏။
တံတား၏ တစ်ဖက်ကမ်းသို့ ရောက်ရှိလာခဲ့ချေပြီ။ လီယွမ် ယခင်က မြင်တွေ့ခဲ့ရသည့် အတိုင်းပင် တံတား၏ အဆုံးတွင် လင်းလက်တောက်ပပြီး သာယာလှပသော မြေကမ္ဘာပေါ်မှ နိမ္ဗာန်ဘုံ တစ်ခုအလား ရင်သပ်ရှုမောဖွယ်ရာ နေရာတစ်ခု ပေါ်ထွက်လာသည်။
သို့သော်လည်း
ရှုခင်းများက ပို၍လှပလေလေ လီယွမ်၏ ရင်ထဲတွင် ပို၍ စိုးရိမ်ပူပန်လာရလေလေ ပင်။
တံတား၏ ရှေ့တွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာပြီး ၎င်းတို့မှာ အစောပိုင်းက ပင့်ကူမျှင်များကို ဖြတ်တောက်ခဲ့သော လူငယ်လေးနှင့် လူသန်ကြီးတို့ပင်။
“မင်းက ဘယ် နန်းကူနန်းတော်ကလဲ...”
လူငယ်လေးက မေးလိုက်၏။
“မင်း ဘာလို့ အခုမှ ရောက်လာရတာလဲ...”
“မင်းက ငါ့ကို ဝင်ခွင့်မပေးဘူးလို့ ပြောချင်တာလား...” လီယွမ်က မျက်မှောင်ကြုတ်လျက် ပြန်လည် ဖြေကြားလိုက်သည်။
“မင်းမှာ ဘာစွမ်းရည်မှ မရှိဘဲ ဒီထဲကို ဝင်လာတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... အဲဒါကြောင့် ငါတို့က မင်းကို စမ်းသပ်ရတာပေါ့ ..ကောင်စုတ်ရဲ့...”
လူငယ်လေးမှာ ဒေါသထွက်လွယ်ပုံ ရ၏။
“ငါတို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ စောင့်ခဲ့ရလဲဆိုတာ မင်း သိလား... ဂိုဏ်းက ငါတို့ကို စွန့်ပစ်လိုက်ပြီလို့တောင် ထင်နေခဲ့တာ...”
'ဒါကို စမ်းသပ်တာလို့ ခေါ်တာလား...'
လီယွမ် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
“သေချာတာပေါ့...”
လူငယ်လေးက ဆက်ပြော၏။
“အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတားက အရမ်း အန္တရာယ်များတယ်... အသက်ရှင်လျက် လာပြီး အသေကောင်အဖြစ် ပြန်သွားရတာပဲ... ငါတို့ ဒီမှာ ပိတ်မိနေပြီး ထွက်သွားလို့ မရဘူး... မင်းဆီမှာ စွမ်းရည်တချို့မှ မရှိရင် ငါတို့ကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ လီယွမ် ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်တော့သည်။
သူ ဖြတ်သန်းလာခဲ့သော အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားကြီးမှာ ပြတ်ကျသွားခဲ့ပြီဖြစ်သည်။ တံတားတစ်ဝက်ခန့်သာ လေထဲတွင် လွင့်မျောနေကာ ကျန်တစ်ဖက်မှာမူ အဆုံးမရှိသော ချောက်နက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသဖြင့် သူ အလွန်အမင်း ထိတ်လန့်သွားရ၏။
“ဒီနေရာက အဝင်ပဲရှိပြီး အထွက်မရှိဘူးလား...”
လီယွမ်က အသံထုတ်၍ မေးလိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ...”
လူငယ်လေးက လှောင်ပြောင်လိုက်၏။
“မင်း လာရာ လမ်းအတိုင်း ပြန်သွားချင်ရင် အသေကောင် တစ်လောင်းပဲ ဖြစ်သွားလိမ့်မယ်လို့ ငါ ပြောခဲ့ပြီးပြီ မဟုတ်လား... ဘယ်သူက သေချင်မှာလဲ... အခြား လွတ်မြောက်မယ့် လမ်းတစ်ခုကို ရှာတာက ပိုကောင်းတာပေါ့...”
အခြား လူသန်ကြီးက ဝင်ပြောလိုက်၏။
“မင်းက ငါတို့ကို လာရှာတာဆိုတော့ ကူနန်းတော် သခင်တွေက အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတားကနေ လွတ်မြောက်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီလို့ မင်းကို ပြောပြလိုက်ပြီ မဟုတ်လား...”
“မပြောပါဘူး...” လီယွမ်က ခေါင်းခါယမ်းလိုက်သည်။
“မပြောဘူး ဟုတ်လား...” လူသန်ကြီးမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး “မင်း ငါတို့ရဲ့ သတင်းစကားကို မရခဲ့ဘူးလား...”
“ဘာသတင်းစကားလဲ... ငါက လေ့ကျင့်ဖို့ ဒီကို လာခဲ့တာ...” လီယွမ်၏ ရင်ထဲတွင် ပို၍ပို၍ စိုးရိမ်ပူပန်လာရသည်။
ဂိုဏ်းထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားတွင် လူကယ်ရမည့်အကြောင်း ပြောဖူးသည်ကို သူ တစ်ခါမျှ မကြားခဲ့ဖူးပါချေ။ ဤနေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ဝင်ရောက်သူတိုင်း သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
သူ့ကဲ့သို့ စွမ်းရည်မြင့်မားပြီး ရဲတင်းကာ ဓားနတ်သမီး၏ အကူအညီကို ရရှိထားသူများမှ လွဲ၍ မည်သူမျှ ဤနေရာသို့ ဝင်ရဲမည် မဟုတ်ပေ။
သာမန် တပည့်များဆိုလျှင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားကို မြင်လိုက်ရသည်နှင့် အဝေးမှ ရှောင်ကွင်းသွားကြမည်သာ ဖြစ်၏။
“ဒါဆိုလည်း ဒီနေရာကို အမှတ်တမဲ့ ရောက်လာတဲ့ သနားစရာ ကူသခင်လေး နောက်တစ်ယောက်ပေါ့... ထားလိုက်ပါတော့...”
လူသန်ကြီးက ခေါင်းခါလျက် သက်ပြင်းချလိုက်ပြီး “မင်း အကြီးအကဲကျန်းဆီ သွားပြီး စကားပြောကြည့်လိုက်ပါ...”
“အကြီးအကဲကျန်း လား...” လီယွမ်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်များ ကြီးစိုးလာခဲ့ချေပြီ။
“အကြီးအကဲကျန်း ကို မင်း မသိဘူးလား...” လူငယ်လေးက လီယွမ်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
“မင်းရဲ့ အဝတ်အစားတွေကို ကြည့်ရတာ နဝမ ကူနန်းတော်က လူတွေနဲ့ နည်းနည်း တူတယ်... မင်းက ငါတို့ ပထမကူနန်းတော်က မဟုတ်ရင်တောင် အကြီးအကဲ ကျန်းယန်ကိုတော့ သေချာပေါက် သိရမှာပေါ့...”
“အကြီးအကဲကျန်း က ပြိုင်ဘက်ကင်း အဆင့်ရှစ် ကျင့်ကြံသူ တစ်ယောက်... သူက ပထမကူနန်းတော် သခင်ကြီးပြီးရင် ဒုတိယ အစွမ်းအထက်ဆုံးပဲ...”
“တကယ့်ကို ဘာမှမသိတဲ့ ကောင်ပဲ...”
ထိုအခိုက်အတန့်တွင် လီယွမ်၏ သံသယများမှာ ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသွားခဲ့ချေပြီ။
သူက တည်ငြိမ်စွာပင် ဖြေလိုက်၏။
“ငါက လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားပြီး တခြားကိစ္စတွေကို သိပ်ဂရုမစိုက်တတ်လို့ပါ... စီနီယာအစ်ကိုတို့ နှစ်ယောက် ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ သိခွင့်ရမလား...”
“ဘယ်လောက်ကြာပြီလဲ လား...”
လူငယ်လေးနှင့် လူသန်ကြီးတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြပြီး သူတို့၏ ခေါင်းကို ကုတ်လိုက်ကြသည်။
“တိတိကျကျတော့ မမှတ်မိတော့ဘူး... အတော်လေးကို ကြာနေပြီပဲ...”
အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် လီယွမ်အား ရွာလေးထဲသို့ ခေါ်ဆောင်သွားကြသည်။
အိမ်များရှေ့မှ ဖြတ်လျှောက်သွားစဉ် လူများစွာ ထွက်လာကြသည်ကို မြင်တွေ့ရပြီး အသက်ကြီးသူများ ကလေးငယ်များ အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ကာ အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် လူတစ်ထောင်ကျော်ခန့် ရှိပေမည်။
လီယွမ်၏ နှလုံးသားထဲတွင် အေးစက်သွား၏။
ထောင်ပေါင်းများစွာသော လူများက ကူအင်မော်တယ်၏ လျှို့ဝှက်နယ်မြေထဲသို့ တစ်ပြိုင်နက်တည်း ဘယ်လိုလုပ် ဝင်ရောက်လာနိုင်မှာလဲ။ ပြီးတော့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတားဆီကို အားလုံး စုပြုံရောက်လာကြတာလား။
ဒါက သရဲရွာ တစ်ရွာထဲကို ဝင်လာရသလိုပဲ။
ကူလမ်းစဉ် ကျင့်ကြံမှု အားနည်းသော မိန်းကလေးငယ် တစ်ဦးထံသို့ သူ၏ စိတ်စွမ်းအားများကို စေလွှတ်လိုက်ရာ သူ၏ ခံစားချက်များက လေမုန်တိုင်းကြီး တစ်ခုအလား ရိုက်ခတ်လာပြီး လုံးဝ ငြိမ်းချမ်းမှု မရှာနိုင်အောင် ဖြစ်သွားရတော့သည်။
လီယွမ် မြင်တွေ့လိုက်ရသည်မှာ ပုပ်သိုးနေသော အသားစိုင် အစုအပုံကြီး တစ်ခုပင်။ ထိုလူများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို လတ်ဆတ်နေစေရန် ကူကောင် တစ်မျိုးမှ ထုတ်လွှတ်သော အချွဲရည်ကို အားကိုးနေရပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား၏ ထူးခြားသော သဘာဝကြောင့်သာ မဆွေးမြေ့ဘဲ ကျန်ရှိနေခြင်း ဖြစ်၏။
‘သေသွားကြပြီ...
သူတို့ အားလုံး သေနေကြပြီ...
ဒီလူတွေ သေဆုံးသွားခဲ့တာ အတော်လေး ကြာနေပြီပဲ…’
လူတိုင်း၏ အဝတ်အစားများမှာ ကွဲပြားခြားနားနေကြောင်း သူ သတိပြုမိလိုက်ပြီး ၎င်းတို့သည် ခေတ်ကာလ တစ်ခုတည်းမှ မဟုတ်ကြောင်း ဖော်ပြနေသော်ငြားလည်း ယခုကဲ့သို့ မမျှော်လင့်ဘဲ အတူတကွ နေထိုင်နေကြ၏။
ဤလူများသည် ပြီးပြည့်စုံသော ဝိညာဉ် အသိဉာဏ် ရှိနေသလား သို့မဟုတ် မှတ်ဉာဏ်များနှင့် စွဲလမ်းမှုများဖြင့်သာ အသက်ရှင်နေကြပြီး လုပ်ရိုးလုပ်စဉ် အချို့ကိုသာ ထပ်တလဲလဲ လုပ်ဆောင်နေကြသလား ဆိုတာကို လီယွမ် သေချာ မသိပါချေ။
‘ပိုပြီး စိုးရိမ်စရာ ကောင်းတာက သူ ဘယ်လို ပြန်ထွက်ရမလဲ ဆိုတာပဲ။ ဒီနေရာမှာ အချိန်အကြာကြီး ဆက်နေနေရင် အဲဒီ ကူသခင်တွေလိုပဲ ကိုယ်သေသွားမှန်းတောင် မသိလိုက်ဘဲ အဆုံးသတ်သွားရမှာလား။
အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတားမှာ အရာအားလုံးကို ထိန်းချုပ်ထားတဲ့ အရာက ဘာကြီးလဲ’
'သူတို့ ခန္ဓာကိုယ်ထဲက ကူကောင်တွေက အသေကောင်ကူ တွေ ဖြစ်ရမယ်...'
လီယွမ် က သူ၏ ရင်ထဲတွင် တွေးတောလိုက်သည်။
အသေကောင်ကူ များမှာ အလွန် ထူးခြားလှ၏။ သာမန် ကူကောင်တစ်မျိုးသာ ဖြစ်သော်ငြားလည်း သာမန် ကူသခင်များ အနေဖြင့် ထိန်းချုပ်ရန် ခက်ခဲလှပြီး ယခု သူ၏ မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အာနိသင်မျိုး ရရှိရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပါချေ။
ထို့အပြင် ကူသခင် အများစုမှာ အသေကောင်ကူ တစ်ကောင်တည်းကိုသာ ထိန်းချုပ်နိုင်ကြ၏။
ယခုကဲ့သို့ အပြစ်အနာအဆာ ကင်းစင်စွာဖြင့် အသေကောင်ကူ အမြောက်အမြား တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းက သူတို့၏ နောက်ကွယ်တွင် အဆင့်မြင့် ထူးခြားကူ တစ်ကောင် ရှိနေကြောင်း သက်သေပြနေ၏။
အဲဒါက ထူးခြားကူ စာရင်းမှာ အဆင့်ဆယ့်သုံး နေရာမှာ ရှိတဲ့ ယင်ဝိညာဉ် အဆုံးသတ်ကူ ပဲ ဖြစ်ရမယ်...
လီယွမ်၏ မှတ်ဉာဏ်များအရ ဤကူကောင်မှာ ပေါ်မလာသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က နောက်ဆုံးအကြိမ် ပေါ်ထွက်ခဲ့ခြင်း ဖြစ်၏။
အဆုံးသတ် ဆိုသည်မှာ သက်ရှိသတ္တဝါများ၏ နောက်ဆုံး အနားယူရာ နေရာကို ရည်ညွှန်းခြင်း ဖြစ်ပြီး ယင်ဝိညာဉ် ဆိုသည်မှာ ဝိညာဉ်များကို ဆင့်ခေါ်သည့် ပေါင်းစပ် နည်းပညာ တစ်ခု ပင်။
ယင်ဝိညာဉ် အဆုံးသတ်ကူ ၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသော အလောင်းကောင် အမြောက်အမြားသည် စုပေါင်း အသိစိတ် တစ်ခုကို ဖန်တီးကြပြီး သူတို့ ထုတ်လွှတ်သော အထူး အနံ့တစ်ခုမှတစ်ဆင့် အချင်းချင်း အာရုံခံ သိရှိကာ အုပ်စုလိုက် လှုပ်ရှားသည့်အခါ နေ့စဉ်ဘဝ၏ အတုအယောင် မြင်ကွင်းများကို အလိုအလျောက် ဖန်တီးကြသည်။
ထို့ကြောင့်ပင် ဤနေရာတွင် ရွာလေးတစ်ရွာ ဖြစ်ပေါ်လာပြီး ကူသခင် များစွာ ကယ်ဆယ်မှုကို စောင့်ဆိုင်းနေကြခြင်း ပင်။
“ငါတို့ ရောက်ပြီ...”
ထိုအခိုက်အတန့်တွင် လူငယ်လေးက ထပ်မံ စကားဆိုလိုက်ပြီး လီယွမ်အား တံခါးတစ်ချပ်ရှေ့သို့ ခေါ်ဆောင်သွားကာ တံခါးကို ခေါက်လိုက်သည်။
“အကြီးအကဲကျန်း... နောက်ထပ် အရူးတစ်ယောက် ဝင်လာပြန်ပြီ... နဝမ ကူနန်းတော်က တပည့် တစ်ယောက်တဲ့…”