← Chapters

အခန်း ၁၉၇

Vol. 18 Ch. 197

အခန်း ၁၉၇

Vol. 18 Ch. 197

အခန်း (၁၉၇) မက်မွန်ပွင့် ရွာလေး

“နဝမ ကူနန်းတော် က တပည့် လား...”

အိမ်ထဲမှ အိုမင်းရင့်ရော်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။

လီယွမ် သည် တစ်ဖက်လူ၏ ချီစွမ်းအင်များကို အာရုံခံနိုင်စွမ်း ရှိ၏။

အရမ်းကို အစွမ်းထက်တာပဲ...

လူငယ်လေး ပြောခဲ့သလိုပင် သူသည် အဆင့်ရှစ် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ အမှန်တကယ်ပင် ရောက်ရှိနေပုံရပြီး ဒုတိယ ကူနန်းတော်မှ စီနီယာဦးလေး ယန်တျန် နှင့် အဆင့်အတန်း တူညီလောက်ပေမည်။

“သူ့ကို ခေါ်လာခဲ့...”

အိုမင်းနေသော အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။

လီယွမ် သည် အလျင်စလို ဝင်ရောက်ရန် မဝံ့ရဲပါချေ။ သူ၏ လက်ရှိ စွမ်းအားများဖြင့် မဟာ သိုင်းသူတော်စင် တစ်ဦးကို သတ်ဖြတ်နိုင်သော်ငြားလည်း အဆင့်ရှစ် ပြီးပြည့်စုံခြင်း နယ်ပယ်မှ ပြိုင်ဘက်ကင်း ကူသခင် တစ်ဦး၏ နေရာသို့ ဝင်ရောက်ရန်မှာမူ အနည်းငယ် လိုအပ်နေသေးသည် မဟုတ်ပါလော။

သူ တကယ်ကို မထင်ထားခဲ့ပေ။

ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ ထဲတွင် ဤမျှလောက် ထူးဆန်းသော အခြေအနေများ ဖြစ်ပေါ်နေလိမ့်မည်ဟု... လုံးဝကို မထင်ထားခဲ့ပါချေ။

“ဒါက အကြီးအကဲ ကျန်းယန် ရဲ့ နေရာများလား...”

လီယွမ် ၏ ကျောရိုး တစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရသည်။

ဤမျှလောက် အဆင့်အထိ ကျင့်ကြံနိုင်သော သက်စောင့်ကူ ဆိုသည်မှာ သေချာပေါက် ထူးခြားကူ တစ်မျိုး ဖြစ်ရမည်။ ယင်ဝိညာဉ် အဆုံးသတ်ကူ မှာ ကျန်းယန် ၏ သက်စောင့်ကူ လည်း ဖြစ်နေနိုင်၏။

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားကြီး ကိုရော တစ်ဖက်လူကပဲ ဖန်တီးထားတာလား...

သို့သော်လည်း နောက်တစ်ခဏမှာပင် လီယွမ် သည် သူ၏ ကောက်ချက်ကို ပြန်လည် ပယ်ဖျက်လိုက်၏။

ကျန်းယန် ကို မြင်လိုက်ရသည့် အခိုက်အတန့်လေးမှာပင် သူသည် ဤ မက်မွန်ပွင့် ရွာလေးထဲမှ အခြား ကူသခင် များနည်းတူ သေဆုံးနေပြီ ဖြစ်ကြောင်းကို လီယွမ် သဘောပေါက်သွားသောကြောင့် ပင်။

လီယွမ် မှာ ချက်ချင်းပင် ထိတ်လန့် တုန်လှုပ် သွားရတော့သည်။

ပြိုင်ဘက်ကင်း အဆင့်ရှစ် နယ်ပယ်မှာ ရှိနေတဲ့ ကျန်းယန် တောင် သေသွားခဲ့ပြီ လား။

ဒါဆိုရင်...

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား မှာ တကယ်တမ်း ဘာတွေ ဖုံးကွယ်ထားတာလဲ။

“မင်းက ဘာရပ်လုပ်နေတာလဲ... ဝင်သွားလေ ကောင်လေးရဲ့... အကြီးအကဲကျန်း က မင်းကို ပွေ့ချီပြီး ခေါ်သွားတာကို လိုချင်နေတာလား...” လူငယ်လေးက ကျိန်ဆဲလိုက်၏။

လီယွမ် က ပြုံးလိုက်ပြီး သေနေသော လူတစ်ယောက်နှင့် အငြင်းပွား မနေရန် ဆုံးဖြတ်လိုက်သည်။

သူသည် အိမ်ထဲသို့ ဝင်သွားပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။

“နဝမ ကူနန်းတော် က တပည့် လီယွမ်... အကြီးအကဲကျန်း ကို ဂါရဝပြုပါတယ် ခင်ဗျာ...”

ကျန်းယန် သည် သဘောကောင်းပုံရသော အဖိုးအို တစ်ဦးဖြစ်ပြီး လီယွမ် ကို သိမ်မွေ့စွာ အကဲခတ် လေ့လာလိုက်ပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်သည်။

“အပြင်ကလောက ကြီးနဲ့ အဆက်အသွယ် ပြတ်သွားတာ အတော်လေး ကြာသွားပြီ ထင်တယ်... နဝမ ကူနန်းတော် က ဝတ်စုံတွေတောင် ပြောင်းသွားပြီကိုး...”

“ဟုတ်ပါတယ်...” လီယွမ် က ခေါင်းညိတ်လိုက်၏။

“အခြေအနေ တွေ ဘယ်လိုရှိလဲ... မုရုံရှောင် ရဲ့ တပ်တွေက ဝင်လာပြီလား... ဒါမှမဟုတ် ဆုတ်ခွာသွားလို့ ငါတို့ ကူနန်းတော် ဘေးကင်းသွားပြီလား...” ကျန်းယန် က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

မုရုံရှောင်... လား...

လီယွမ် သည် သမိုင်းအကြောင်းကို ကောင်းစွာ မသိရှိထားသဖြင့် သူတို့ မည်သည့် ခေတ်ကာလတွင် နေထိုင်ခဲ့ကြကြောင်း လုံးဝ မသိရှိပါချေ။

'နေပါဦး...' သူ ရုတ်တရက် သတိရ သွား၏။

မုရုံ မျိုးနွယ်... သူတို့က ကျန်း တော်ဝင်မိသားစု ရဲ့ ခေတ်ကာလ က များလား...

ကျန်း တော်ဝင်မိသားစု သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

ဒါဆိုရင် ကျန်းယန် နဲ့ တခြားသူတွေက 'အသက်ရှင်နေတဲ့ အလောင်းကောင်တွေ' အဖြစ် နေလာခဲ့တာ နှစ်ပေါင်း တစ်ထောင်တောင် ကျော်နေပြီလား။

ဒါက ဘယ်လိုမျိုး အစွဲအလမ်း ကြီးလဲ...

“လီယွမ်... မင်း ဘာလို့ စကားမပြောတာလဲ...”

ကျန်းယန် ၏ မျက်မှောင်များ တွန့်ချိုးသွား၏။

“မုရုံရှောင် ရဲ့ တပ်တွေက တောင်တန်း တစ်သောင်း ရဲ့ အပြင်ဘက်ကို ဖောက်ထွက်လာပြီး ငါတို့ ကူနန်းတော် ကို တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံး နေရာအထိ ဆုတ်ခွာအောင် ဖိအားပေးလိုက်ပြီလား...”

“မဟုတ်ပါဘူး... ကျွန်တော်တို့ တောင့်ခံထားနိုင်ခဲ့ပါတယ်...”

လီယွမ် က မရေမရာ အဖြေတစ်ခု ပေးလိုက်သည်။

“တောင့်ခံထားနိုင်ခဲ့တယ်...”

ကျန်းယန် မှာ အံ့အားသင့်သွားပြီးနောက် အားရပါးရ ရယ်မောလိုက်၏။ “ကောင်းတယ်... ကောင်းတယ်… လူယုတ်မာ မုရုံရှောင်... မင်းက ကျန်းဟူ တစ်ခုလုံးကို ခြေမွှပစ်နိုင်မယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း ဘယ်လောက် စွမ်းရည်ရှိလဲ ဆိုတာတောင် မသိဘူးပဲ...”

ဤနေရာသို့ ရောက်သောအခါ လီယွမ် သည် ရင်းနှီးသော ခံစားချက် တစ်ခုကို ရရှိသွားသည်။

တော်ဝင်မိသားစု ပြိုလဲသွားရခြင်းမှာ အဓိကအားဖြင့် ကျန်းဟူ ကို မြင်းခွာများဖြင့် နင်းချေမှုကြောင့် ဖြစ်ပြီး ၎င်းက ပြည်တွင်း ပုန်ကန်မှုများ နှင့် ကျယ်ပြန့်သော ဖရိုဖရဲ အခြေအနေ များကို မီးမွှေးပေးခဲ့ခြင်း ဖြစ်၏။

ကျန်း တော်ဝင်မိသားစု ၏ အဆုံးသတ်တွင် အရပ်မျက်နှာ အသီးသီး၌ ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပြီး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ မျိုးစုံကို ခံစားခဲ့ကြရသည်။ နိုင်ငံတော်၏ ကံကြမ္မာမှာလည်း မတည်မငြိမ် ဖြစ်လာပြီး ကြီးပွားတိုးတက်ရာမှ ကျဆင်းခြင်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့တော့၏။

ဧကရာဇ် သုံးပါး ဆက်တိုက် သေဆုံးသွားပြီးနောက် ကျန်း တော်ဝင်မိသားစု သည် လုံးဝ ကျဆင်းသွားခဲ့ပြီး မင်းညီမင်းသားများ နှင့် စစ်ဘုရင်များ လွှမ်းမိုးသော တကွဲတပြား ခေတ်ကာလ တစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။

“အခု ပြင်ပက အန္တရာယ်တွေ ရှင်းလင်းသွားပြီဆိုတော့ ငါလည်း နောက်ဆုံးတော့ စိတ်အေးလက်အေး အနားယူလို့ ရပြီ...”

ထို့နောက် ကျန်းယန် သည် စကားကို နောက်တစ်ဖန် ပြောင်းလိုက်ပြန်၏။ “ဒါပေမဲ့... ငါ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတား ကနေ ထွက်သွားဖို့ နည်းလမ်း ရှာမတွေ့သေးဘူး... ဒါကြောင့် မင်းလည်း ဒီမှာ ခဏလောက် ဆက်နေရဦးမယ် ထင်တယ်...”

“အကြီးအကဲကျန်း... တပည့်မှာ မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်...”

လီယွမ် သည် "လူတိုင်း သေနေပြီ" ဟူသော အမှန်တရားကို အလျင်စလို ဖွင့်ဟရန် မဝံ့ရဲသဖြင့် အသုံးဝင်သော သတင်းအချက်အလက် များ ရရှိရန်အတွက် လိမ္မာပါးနပ်စွာ အကဲစမ်းကြည့်ရုံသာ တတ်နိုင်၏။

“မေးလေ” ကျန်းယန် က ခေါင်းညိတ်လိုက်၏။

လီယွမ် - “အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတား ဆီ လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ် ရည်ရွယ်ချက်က ဘာများလဲ ခင်ဗျာ...”

“ဒါက မင်းလို သာမန် တပည့် တစ်ယောက် သိသင့်တဲ့ ကိစ္စ မဟုတ်ဘူး...” ကျန်းယန် က တည်ငြိမ်စွာ ဆိုလိုက်သည်။

“လူများရင် အကြံဉာဏ် ပိုရနိုင်ပါတယ်... ဂျူနီယာ က ဒီပြဿနာကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မှာပါ...”

လီယွမ် က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။

“ငါတောင် ဘာမှ မလုပ်နိုင်တာကို မင်းလို သာမန် တပည့် တစ်ယောက် က ဘာများ လုပ်နိုင်မှာလဲ... ဒါကို သိရင် ပြဿနာ ပိုများလာပြီး အထိတ်တလန့် တွေပဲ ဖြစ်လာလိမ့်မယ်...”

ကျန်းယန် က လက်ယမ်းပြလိုက်ပြီး ညွှန်ကြားလိုက်တော့သည်။

“အားလော့... နင် လီယွမ် ကို ခေါ်သွားလိုက်... ဂျူနီယာ ညီလေး... သွားပြီး နားလိုက်ပါဦး... နင့်အတွက် စားစရာနဲ့ နေစရာ နေရာ သေချာ စီစဉ်ပေးပါလိမ့်မယ်...”

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကလေးမလေး တစ်ယောက် အပြင်ဘက်မှ ပြေးဝင်လာသည်။ သူမကို ကြည့်ရသည်မှာ အသက် လေးငါးနှစ်ခန့် ရှိပုံ ရပြီး ချစ်စရာ ကောင်းသော မျက်နှာသွင်ပြင်လေး ရှိကာ အလွန် အသည်းယားစရာ ကောင်းလှ၏။

လီယွမ် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားရတော့၏။

ဒီမှာ ဘာလို့ လေးငါးနှစ် အရွယ် ကလေးတွေ ရှိနေရတာလဲ။

သူ သေချာ စူးစိုက်ကြည့်လိုက်ရာ တခြားသူများ နည်းတူ အားလော့ ဟုခေါ်သော ကလေးမလေး သည်လည်း အသက်ရှင်နေသော အလောင်းကောင် တစ်လောင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

“ဒီလူတွေက အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတား ဆီကို ရောက်ရောက်ချင်း သေသွားခဲ့ကြတာ မဟုတ်ဘဲ... ဒီနေရာမှာ အချိန်အတန်ကြာ နေထိုင်ခဲ့ကြပြီး အချိန်တစ်ခု ရောက်မှ အသက်ရှင်နေတဲ့ အလောင်းကောင်တွေ ဖြစ်သွားကြတာပဲ...”

“ဒီကလေးတွေ အတွက်ကတော့ တကယ့်ကို သနားစရာ ကောင်းလွန်းပါတယ်...”

ဤကဲ့သို့သော အထီးကျန်ဆန်သည့် နေရာမျိုးတွင် အမျိုးသားများနှင့် အမျိုးသမီးများ အနေဖြင့် အထီးကျန်မှုကို မခံနိုင်ကြသည်မှာ နားလည်နိုင်သော ကိစ္စပင်။ မီးတောက်တစ်ခုကို ထင်းခြောက်များဖြင့် မီးမွှေးလိုက်သကဲ့သို့... သူတို့သည် နောက်ဆက်တွဲ ဆိုးကျိုးများကို တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ကြပါချေ။

အားလော့ တို့လို ကလေးတွေက သူတို့ မမွေးဖွားခင် ကတည်းက သေဆုံးနေခဲ့ကြသည်ပင်။

“ဦးလေး... ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ...”

အားလော့ လေးက ရွှန်းလဲ့နေသော မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ လီယွမ် ကို မော့ကြည့်ပြီး တောက်ပစွာ ပြုံးပြလိုက်၏။

“ဦးလေး ရောက်လာတော့... ဦးလေး က သမီးတို့ရွာမှာ အချောဆုံး ဦးလေး ဖြစ်သွားပြီပေါ့...”

“ဟားဟား... သမီးက တော်တော် စကားတတ်တာပဲ...”

လီယွမ် မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရတော့သည်။

တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးပဲ။

သူ အလျင်စလို မလုပ်ဆောင်ရဲပါချေ။ ပြဿနာ တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သဖြင့် နောက်တစ်ဆင့် မလုပ်ဆောင်မီ သေချာစွာ အကဲခတ် လေ့လာရန် ဆုံးဖြတ်လိုက်သည်။

အားလော့ သည် သူ့အား ရွာထဲရှိ မြက်ခင်းပြင်လေး တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

ထိုနေရာတွင် ကလေးငယ် များစွာ အတူတကွ ကစားနေကြပြီး သူတို့၏ ရယ်မောသံများက လေထုထဲတွင် လွင့်ပျံနေတော့သည်။

“မိတ်ဆက်ပေးမယ်... ဒါက လီယွမ် ဦးလေးပဲ... သူက အရမ်း အစွမ်းထက်တာနော်...”

အားလော့ က ကလေး တစ်အုပ်ကို ပြောလိုက်သည်။

“ဝိုး... ဝိုး... ဝိုး...”

ကလေးများက လီယွမ် ကို ဝိုင်းရံလာကြပြီး သူတို့၏ မျက်လုံးများထဲတွင် လေးစား အားကျမှုများ အပြည့်ဖြင့် သူ၏ ပတ်လည်တွင် လှည့်ပတ် ပြေးလွှား နေကြတော့၏။

“ဦး‌က အရမ်း အစွမ်းထက်တယ် ဆိုတာကို သမီးက ဘယ်လိုသိတာလဲ...”

လီယွမ် က အားလော့ ကို ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ဆိုတော့...”

အားလော့ က ရယ်မောလိုက်၏။

“ဦးလေး ဆီက ရတဲ့ အနံ့က တခြား ဦးလေးတွေ ဆီက ရတဲ့ အနံ့နဲ့ မတူဘူးလေ စီနီယာ တွေ... ဦးလေး တွေ... ဒေါ်လေးတွေ အားလုံးနဲ့ မတူဘူး... အရမ်းကို မွှေးတဲ့ အနံ့လေး ရှိတယ်...”

လီယွမ် အံ့အားသင့် သွားရသည်။

“သမီးတို့က မတူညီတဲ့ အနံ့တွေကို ခွဲခြား သိနိုင်တယ်လား...”

“ဒါပေါ့...”

အားလော့ က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

“သမီး တစ်ယောက်တည်း မဟုတ်ဘူး... သူတို့တွေလည်း ရတယ်...”

“ဟုတ်တယ်... သားလည်း အနံ့ရတယ်...”

“သမီးလည်း ရတယ်...”

“ဦးလေး လီယွမ် ဆီက ထွက်နေတဲ့ အနံ့က အရမ်း ထူးခြားတယ်... တခြား ဦးလေးတွေမှာ မရှိဘူး... စီနီယာ တွေနဲ့ ဒေါ်လေးတွေ မှာတောင် အဲဒီလို အနံ့မျိုး မရှိဘူး...”

ကလေးများ က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

လီယွမ် က စဉ်းစားခန်း ဝင်သွား၏။

“အဲဒါ ဘာကြောင့်လဲ...”

“သမီး သိတယ်...”

အားလော့ က သူမ၏ လက်ကို မြှောက်လိုက်၏။

“ဘာလို့လဲ ဆိုတော့ ဦးလေး လီယွမ် က အချောဆုံး မို့လို့လေ အဖေက ပြောတယ်... ရုပ်ချောတဲ့ သူတွေက တစ်ကိုယ်လုံး မွှေးနေတာတဲ့...”

လီယွမ် က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဒီအနံ့မျိုးကို တခြားသူတွေ ဆီကရော အရင်က ရဖူးလား...”

“အင်း...”

ကလေးများ အားလုံး တိတ်ဆိတ် သွားကြပြီး သူတို့၏ ဦးနှောက်များ အလုပ်မလုပ်တော့သည့် အလား ပင်။

အားလော့ က သူမ၏ ခေါင်းကို ကုတ်လိုက်၏။

“ရဖူးသလိုလို ပဲ... ဒါပေမဲ့... မရဖူးသလိုလို ပဲ... သမီး... သမီး မေ့သွားပြီ...”

လီယွမ် အကြမ်းဖျင်း သဘောပေါက် သွားလေပြီ။

‘သေဆုံးခြင်းနဲ့ နီးကပ်နေတဲ့ နေရာမှာ နေထိုင်ကြတဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေလိုပဲ အချိန်တစ်ခုမှာ ရပ်တန့် အေးခဲနေပြီး သူတို့ ကြုံတွေ့ရသမျှ အရာအားလုံးကို မေ့ပျောက်သွားကြတာပဲ။

အနံ့ နဲ့ ပတ်သက်ပြီး ပြောရရင်တော့...

ဒါက ဒီလူတွေရဲ့ မွေးရာပါ အသက်ရှင်သန် ချင်စိတ် ကြောင့်များလား။

ဒီကလေးတွေ မွေးဖွားလာပြီးနောက် သူတို့ရဲ့ မိဘတွေ ထွက်ခွာသွားတာကို ကြည့်ရင်း... ဘယ်လို နှစ်ကာလ မျိုးကို ဖြတ်သန်း ခဲ့ကြရမလဲ’

လီယွမ် စိတ်ကူးနှင့်တောင် မတွေးရဲပါချေ။

လမ်းတစ်လျှောက်လုံး တွင် လီယွမ် သည် စိတ်စွမ်းအားများကို အသုံးပြုကာ စူးစမ်း လေ့လာ နေခဲ့၏။

အသက်ရှင်နေသော အလောင်းကောင်များ မှ တစ်ဆင့် ယင်ဝိညာဉ် အဆုံးသတ်ကူ ၏ တည်ရှိမှုကို သူ အာရုံခံ သိရှိချင်သော်ငြားလည်း ၎င်းအကြောင်းကို လုံးဝ မသိရှိထားသဖြင့် တိတ်ဆိတ် ငြိမ်သက်မှုကို အတင်းအကြပ် မဖျက်ဆီးရဲပါချေ။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် နောက်ဆုံး အဆင့် အဖြစ် သူ၏ လျှို့ဝှက်လက်နက် ကိုသာ အားကိုး ရတော့သည်။

“ဓားနတ်သမီး... မင်း ထူးဆန်းတာ တစ်ခုခု ကို အာရုံခံ မိလားဟင်...”

All Chapters