အခန်း ၁၉၈
Vol. 18 Ch. 198
အခန်း (၁၉၈) ထူးဆန်းသော အခြေအနေ
ဓားနတ်သမီးသည် လီယွမ်အား ခေတ္တမျှ ကြောင်ကြည့်နေသည်။
“ဒီ မက်မွန်ပွင့်ရွာမှာ ထူးခြားတာ တစ်ခုခုကို မင်း အာရုံခံလို့ ရသလား...”
လီယွမ်၏ မေးခွန်းကြောင့် ဓားနတ်သမီးသည် မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်၏။ ထို့နောက် သူမသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူမသည် ကောင်းကင်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးမှ လက်ညှိုးလေးကို ဦးတည်ရာ တစ်ခုသို့ ညွှန်ပြလိုက်တော့သည်။
“ဟိုဘက်မှာလား...”
ဓားနတ်သမီး ညွှန်ပြသည့် ဘက်သို့ လီယွမ် လှမ်းကြည့်လိုက်၏။ အားလော့၏ ပြောပြချက်အရ ထိုဘက်တွင် ရွာသားများ တည်ဆောက်ထားသည့် ဘုရားကျောင်း ရှိနေရမည်။ ထိုအထဲတွင် ကူအင်မော်တယ်၏ ပုံတူ ရုပ်ထုကို ထားရှိထားသည်။ လီယွမ်သည် ဓားနတ်သမီး၏ အာရုံခံစားမှုကို အပြည့်အဝ ယုံကြည်၏။ သူမသည် ကောင်းကင်ကို ခဏခဏ မော့ကြည့်တတ်သဖြင့် ကူအင်မော်တယ်၏ ဆန္ဒနှင့် သူမကြားတွင် ထူးခြားသော ဆက်သွယ်မှု တစ်ခုခု ရှိနေနိုင်သည် မဟုတ်ပါလော။
“သွားကြည့်ကြတာပေါ့...”
ခေတ္တမျှ အနားယူပြီးနောက် လီယွမ်သည် အိမ်ထဲမှ ထွက်လာခဲ့သည်။ ကူအင်မော်တယ် ဘုရားကျောင်းသို့ သွားရာ လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့သော်လည်း ဘုရားကျောင်း အနီးသို့ ရောက်သောအခါ အစောင့် နှစ်ယောက်က သူ့ကို တားဆီးလိုက်သည်။
“ဒီလမ်းကို ပိတ်ထားတယ်... ပွဲတော်ရက် မဟုတ်ရင် ဘယ်သူ့ကိုမှ ပေးမဝင်ဘူး... ပြန်လှည့်သွားလိုက်ပါ...”
ဘုရားကျောင်းတွင် စောင့်ကြပ်နေသော အစောင့် နှစ်ယောက်လုံးမှာ အဆင့်ခုနစ် နယ်ပယ်သို့ ရောက်ရှိနေသည့် ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် လီယွမ် ပို၍ပင် စိတ်ဝင်စားသွားရတော့သည်။ ဤရွာငယ်လေးထဲတွင် အင်အားကြီးသော ကူသခင်များစွာ စုဝေးနေကြသော်လည်း သူတို့အားလုံးမှာ အသက်ရှင်နေသော အလောင်းကောင်များ ဖြစ်ရသည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပါချေ။
“ဘုရားကျောင်း ပွဲတော်က ဘယ်တော့ စမှာလဲ...” လီယွမ်က မေးလိုက်၏။
“လတိုင်းရဲ့ ၁၅ ရက်နေ့မှာ စတယ်...” ဟု အစောင့်က ပြန်ဖြေသည်။
“အဲဒီမှာ ဘာတွေ လုပ်ကြတာလဲ...”
“ကဗျာရွတ်ကြတယ်... အိမ်ထောင်ဖက် ရွေးဖို့ သီချင်းပြိုင်ဆိုကြတယ်... ကူလမ်းစဉ်တွေ ဖလှယ်ကြတယ်... ပြီးတော့ ယဇ်ပူဇော် ဆုတောင်းတာတွေ လုပ်ကြတာပေါ့...”
အစောင့်က လီယွမ်ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“မင်းက အသစ် ထင်တယ်... ၁၅ ရက်နေ့ ရောက်ဖို့က သုံးရက်ပဲ လိုတော့တာပဲ... အဲဒီကျရင် ဒီပွဲတော်က ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲဆိုတာ မင်း မြင်ရပါလိမ့်မယ်...”
“ဟုတ်ကဲ့ပါ... ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
လီယွမ်သည် အတင်းအကြပ် မဝင်ဘဲ သင့်တော်မည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
နေဝင်ရိုးရီ အချိန်တွင် ဖြစ်၏။ အားလော့သည် လီယွမ်၏ အိမ်တံခါးကို လာခေါက်လေသည်။
“ဦးလေး... သမီး ထမင်းလာပို့တာ...”
တံခါးပွင့်သွားသောအခါ လင်ပန်းကြီး တစ်ခုကို ကိုင်ထားသည့် ကလေးမလေးကို တွေ့လိုက်ရ၏။ လင်ပန်းပေါ်တွင် ဟင်းလေးပွဲနှင့် စွပ်ပြုတ်တစ်ခွက် ပါဝင်သဖြင့် တကယ့်ကို ခမ်းနားလှသော ထမင်းဝိုင်းလေးပင်။
“ပင်ပန်းသွားပြီ အားလော့...” လီယွမ်က ပြုံးလျက် ကလေးမလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“ဦးလေးကို ထမင်းပို့ပေးရတာ မပင်ပန်းပါဘူး... တခြားသူတွေကတောင် သမီးကို မနာလို ဖြစ်နေကြတာ... နောက်ဆိုရင်လည်း သမီးပဲ နေ့တိုင်း လာပို့ပေးမယ်နော်...”
“ကောင်းပြီလေ ကတိပေးတယ်နော်...”
“ဟားဟား.. နောက်ဆို အားလော့ မဟုတ်တဲ့ တခြားသူ လာပို့ရင် ဦးလေး မစားတော့ဘူး...”
“ဟီးဟီး... ကတိနော်...” အားလော့လေးမှာ ပို၍ပင် ပျော်ရွှင်သွားတော့သည်။
လီယွမ်သည် ထမင်းလင်ပန်းကို လှမ်းယူလိုက်၏။ အားလော့ ထွက်သွားပြီးနောက် သူသည် ထိုလင်ပန်းကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး တစ်လုပ်မျှပင် မမြည်းစမ်းပါချေ။ အနံ့အသက် ကောင်းမွန်လှသော အစားအစာများ၏ အောက်တွင် တွားသွားနေသည့် ပိုးကောင်များနှင့် ၎င်းတို့မှ ထွက်ပေါ်နေသော အချွဲများကို သူ အထင်းသား မြင်နေရသည်။
မက်မွန်ပွင့်ရွာမှ အသက်ရှင်နေသော အလောင်းကောင်များသည် သူတို့၏ ရုပ်ခန္ဓာ မပုပ်သိုးစေရန် ဤအရာများကိုသာ အမြဲ စားသောက်နေကြရခြင်း ဖြစ်၏။ အကယ်၍ လီယွမ်သာ ထိုအရာများကို စားမိပါက မကြာမီမှာပင် သူသည်လည်း အသက်ရှင်နေသော အလောင်းကောင် တစ်လောင်း ဖြစ်သွားပေလိမ့်မည်။
'ဒီနောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်နေတာလဲ...'
ဘယ်သူမှ နှစ်ပေါင်း တစ်ထောင်ကျော်အောင် အသက်မရှင်နိုင်ပါချေ။ ခန္ဓာကိုယ်က မပျက်စီးဘဲ ကျန်နေခဲ့လျှင်တောင် ဝိညာဉ်ကတော့ ကြာလှပြီ ဖြစ်တဲ့ ပျက်စီးသွားရမှာပဲ။ ကူအင်မော်တယ် ကိုယ်တိုင်တောင်မှ သူ၏ သမီးဖြစ်သူ ဓားနတ်သမီးကို ကံကြမ္မာ ဆန့်ကျင်ပြီး အသက်ပြန်သွင်းဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ရသည်။ နောင်လာနောက်သား ကူသခင်တွေက ကူအင်မော်တယ်ထက် ပိုပြီး အစွမ်းထက်မည်ဟု သူ လုံးဝ မယုံကြည်ပါချေ။
အဖြေကို သိရှိရန်အတွက် (၁၅) ရက်နေ့ လပြည့်ညကိုသာ စောင့်ဆိုင်းရတော့မည်။
'အချိန်မလောက်လို့ ဝိညာဉ်လိပ်ကူ ထွက်သွားမယ့်ရက်နဲ့ လွဲသွားရင်တော့ နောက်ထပ် ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်...' လီယွမ် စိတ်ထဲမှ ကြိုတင် တွက်ချက်နေမိသည်။
နောက်ထပ် သုံးရက်အတွင်း သူသည် ရွာထဲတွင် လှည့်ပတ်သွားလာရင်း အလောင်းကောင်များ၏ လှုပ်ရှားမှုကို အကဲခတ်နေခဲ့သော်လည်း ထူးခြားသည့် သဲလွန်စ တစ်ခုမျှ ရှာမတွေ့ခဲ့ပါချေ။ အသက်ရှင်နေသော အလောင်းကောင်များသည် သာမန်လူများအတိုင်း ပြုမူ နေထိုင်ကြသည်။ သူတို့တွင် ခံစားချက် ရှိကြသည်၊ ကျိုးကြောင်း ဆင်ခြင်တတ်ကြသည်၊ ငိုတတ် ရယ်တတ်ပြီး စိတ်ဆိုးတတ်ကြသည်။ သူတို့၏ ပတ်ဝန်းကျင်တွင် စားဝတ်နေရေးနှင့် သွားလာရေးများ ပြည့်စုံနေပြီး နေရာတိုင်းတွင် နွေးထွေး ပျော်ရွှင်ဖွယ်ကောင်းသော နေ့စဉ်ဘဝ မြင်ကွင်းများကိုသာ တွေ့မြင်ရသည်။
သုံးရက်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။
ညဉ့်ယံ အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။ အားလော့သည် လီယွမ်၏ တံခါးကို လာခေါက်ပြန်သည်။
“ဦးလေး... ဘုရားကျောင်း ပွဲတော် စတော့မယ်... အတူတူ သွားရအောင်လေ”
“လာပြီ... လာပြီ...”
လီယွမ် တံခါးဖွင့်လိုက်သောအခါ အဝါနုရောင် ဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်ထားသည့် အားလော့ကို တွေ့လိုက်ရသည်။ သူမသည် ပွဲတော်အတွက် အထူး ပြင်ဆင်ထားပုံ ရ၏။
“ဦးလေး... ဒီဝတ်စုံကို အမေက သမီးအတွက် အထူး ချုပ်ပေးထားတာ... ဒါက အလယ်ပိုင်းလွင်ပြင်က ပုံစံမျိုးလေ”
“တကယ့်ကို လှတာပဲ...” လီယွမ်က ချီးကျူးလိုက်သည်။
“ဦးလေးက အလယ်ပိုင်းလွင်ပြင်ကို ရောက်ဖူးလားဟင်...” အားလော့က မေးလိုက်၏။
“ရောက်ဖူးတာပေါ့...”
“တကယ်လား...”
အားလော့၏ မျက်လုံးလေးများ တောက်ပသွားတော့သည်။
“အလယ်ပိုင်းလွင်ပြင်က အရမ်း လှတာလားဟင်... ခမ်းနားလား... စားစရာတွေရော အများကြီး ရှိလား... ပျော်စရာတွေကော ရှိလားဟင်...”
“အင်း... ရှိတာပေါ့...”
လီယွမ်က မသေချာသော်လည်း အားလော့လေး၏ အိပ်မက်ကို မဖျက်စီးချင်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အားလော့သည် သူ့ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ကာ
“ဦးလေး... ကျွန်မတို့ ဒီကနေ ထွက်သွားပြီးလို့ ဦးလေး အလယ်ပိုင်းလွင်ပြင်ကို ပြန်သွားရင် သမီးကိုပါ ခေါ်သွားပါလားဟင်...”
“ကောင်းပြီလေ”
လီယွမ်သည် မဖြစ်နိုင်မှန်း သိသော်လည်း ဤအိပ်မက်လေးကို သဘောတူပေးလိုက်ရ၏။ မက်မွန်ပွင့်ရွာ တစ်ခုလုံးတွင် အသက်ရှင်နေသော အလောင်းကောင်များသာ ရှိနေကြ၏။ အကယ်၍သာ သူတို့သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား၏ အပြင်ဘက်သို့ ခြေချလိုက်မည် ဆိုပါက ချက်ချင်းပင် ပုပ်သိုးသွားပြီး လေထဲတွင် ပျောက်ကွယ်သွားကြမည်သာ ဖြစ်၏။
“ဦးလေးက တကယ် သဘောကောင်းတာပဲ...”
အားလော့သည် လီယွမ်၏ လက်ကို ဆွဲကိုင်ကာ ခုန်ပေါက် မြူးတူးနေတော့သည်။
“ပွဲတော်ကို သွားကြရအောင်...”
“ဦးလေး... ပွဲတော်ကို ရောက်ရင် လှပတဲ့ ဒေါ်လေးတွေနဲ့ ဦးလေးတွေက ဦးလေးကို သေချာပေါက် သဘောကျပြီး ချစ်သက်သေတွေ ပေးကြလိမ့်မယ်... ဦးလေး မျက်စိကို သေသေချာချာ ဖွင့်ထားနော်... တချို့ ဒေါ်လေးတွေက အရမ်း ကြမ်းတာ... အကယ်၍ ဦးလေးသာ သူတို့နဲ့ လက်ထပ်လိုက်ရင် အားလော့နဲ့ ကစားလို့ ရတော့မှာ မဟုတ်ဘူး...”
အားလော့၏ တတွတ်တွတ် ပြောဆိုသံများကြားတွင် သူတို့ နှစ်ဦးသည် ပွဲတော်ကျင်းပရာ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဧရာမ မီးပုံကြီး တစ်ခုကို အလယ်တွင် တည်ထားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်စေတော့သည်။ လူငယ် ကူသခင်များသည် ပြုံးပျော်ရွှင်လျက် လက်ချင်းချိတ်ကာ မီးပုံကို ဝိုင်းပတ်၍ ကခုန် သီဆိုနေကြ၏။ မျိုးဆက်ဟောင်း ကူသခင်ကြီးများကတော့ ဘေးတွင် ထိုင်ကာ အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
ပျော်ရွှင်ဖွယ်ကောင်းပြီး သဟဇာတ ဖြစ်လှသော မြင်ကွင်းလေးပင်။
ထိုနေရာတွင် ကျန်းယန် အပြင် အခြားသော အဆင့်ရှစ် ကျင့်ကြံသူ နှစ်ဦးကိုပါ လီယွမ် မြင်တွေ့လိုက်ရသည်။ တစ်ဦးမှာ လူသန်ကြီး တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ အဘွားအို တစ်ဦး ဖြစ်၏။ ကျန်းယန်နှင့် အဘွားအိုတို့၏ ဝတ်စုံများမှာ ဆင်တူနေသဖြင့် သူတို့သည် ခေတ်ကာလ တစ်ခုတည်းမှ ဖြစ်ကြောင်း သိနိုင်သော်လည်း လူသန်ကြီးမှာမူ အခြား ခေတ်တစ်ခုမှ ဖြစ်နေ၏။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် နဝမ ကူနန်းတော်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားဆီသို့ အင်အားကြီး ပညာရှင်များကို အကြိမ်ကြိမ် စေလွှတ်ခဲ့ကြောင်း သိသာလှ၏။ ပိတ်မိနေသူများကို ကယ်တင်ရန် သို့မဟုတ် လျှို့ဝှက်ချက်များကို စူးစမ်းရန် ဖြစ်နိုင်၏။
“ဦးလေး... ဟိုဘက်မှာ နေရာလွတ် ရှိတယ်... သွားထိုင်ရအောင်...”
အားလော့သည် လီယွမ်ကို ဆွဲခေါ်ကာ မီးပုံနားတွင် ထိုင်ခိုင်းလိုက်သည်။ မကြာမီမှာပင် တစ်စုံတစ်ယောက်က အစားအစာများကို ယူဆောင်လာပေး၏။ အားလော့သည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း...
“အဲဒါကြောင့် သမီးက ဘုရားကျောင်း ပွဲတော်ကို အကြိုက်ဆုံးပဲ... သာမန်နေ့တွေမှာ မစားရတဲ့ စားစရာတွေ အများကြီး စားလို့ရတယ်လေ ဟီးဟီး...”
သူမသည် ကင်ထားသော သိုးခြေထောက် တစ်ချောင်းကို ဖဲ့ယူကာ လီယွမ်ထံ ကမ်းပေးလိုက်သည်။
“ဦးလေးလည်း စားကြည့်ပါဦး... ဒီသိုးခြေထောက်က အရမ်း အရသာရှိတာ...”
“ငါ ဗိုက်ပြည့်နေပြီ အားလော့...” လီယွမ်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။
ခဏအကြာတွင် အားလော့သည် ဝအောင် စားသောက်ပြီးနောက် သူမ၏ ဖောင်းကားနေသော ဗိုက်လေးကို ပုတ်ကာ ကျေနပ်နေဟန် ရ၏။ ထို့နောက် သူမသည် လီယွမ်ကို ဆွဲခေါ်ကာ ကခုန် သီဆိုနေကြသည့် လူအုပ်ကြီးထဲသို့ တိုးဝင်သွားလေတော့သည်။
လီယွမ်သည် လူကြိုက်များသော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ချေပြီ။ မိန်းကလေးငယ် အမြောက်အမြားက လက်ကိုင်ပုဝါများ သို့မဟုတ် ကျောက်စိမ်းဆွဲကြိုးများကို ချစ်သက်သေအဖြစ် ကမ်းလှမ်းလာကြပြီး အချို့ကဆိုလျှင် သူတို့၏ အတွင်းခံ အဝတ်အစားများကိုပင် ထုတ်ပေးကာ လီယွမ်ကို ရဲတင်းစွာ မြူဆွယ်နေကြလေတော့သည်။
လပြည့်ဝန်းကြီးသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ တက်လာခဲ့ချေပြီ။
အနီးရှိ အိမ်ခေါင်မိုးပေါ်တွင် ထိုင်နေသော ဓားနတ်သမီးသည် လမင်းကြီးကို မော့ကြည့်နေရင်း လရောင်အောက်တွင် သူမ၏ မျက်လုံးသူငယ်အိမ်များမှာ တဖြည်းဖြည်း နီရဲလာတော့သည်။
ချက်ချင်းဆိုသလိုပင် အရာအားလုံး ရပ်တန့်သွားခဲ့၏။
မီးပုံကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ငြိမ်းသတ်သွားသည်။
အသက်ရှင်နေသော အလောင်းကောင်များ အားလုံးမှာလည်း နေရာမှာပင် ကျောက်ရုပ်များအလား တောင့်တင်းသွားကြပြီး ပြင်းထန်လှသော သွေးနံ့များမှာ အရပ်မျက်နှာ အသီးသီးမှ လှိမ့်ဝင်လာတော့၏။