အခန်း ၁၉၉
Vol. 18 Ch. 199
အခန်း (၁၉၉) အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်၏
နောက်ဆုံးတော့ ရောက်လာခဲ့ချေပြီ။
ဤသည်မှာ လီယွမ် စောင့်မျှော်နေခဲ့သော အခိုက်အတန့်ပင် ဖြစ်တော့သည်။ သူသည် ဆန်းကြယ်ပုံရိပ်ကူကို ချက်ချင်းအသက်သွင်းလိုက်ပြီး သူ၏ တည်ရှိမှုနှင့် သတင်းအချက်အလက်အားလုံးကို ဖုံးကွယ်ထားလိုက်သည်။ ညဉ့်လေပြင်းများက တဝုန်းဝုန်းတိုက်ခတ်နေပြီး လေထုထဲတွင် သွေးနံ့များက ပျစ်ခဲနေ၏။
“ဝါး...”
ကူအင်မော်တယ်ဘုရားကျောင်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် ငြိမ်သက်နေသော အလောင်းကောင်များမှာ ပြန်လည်လှုပ်ရှားလာကြ၏။ သို့သော် သူတို့၏ လှုပ်ရှားမှုများမှာ အလွန်တောင့်တင်းပြီး သစ်သားရုပ်ကြီးများအလား ဖြစ်နေ၏။
ထိုအသံ၏ လမ်းညွှန်မှုနောက်သို့ အလောင်းကောင်များမှာ နဂါးတစ်ကောင်အလား ရှည်လျားသော တန်းစီမှုဖြင့် ကျန်းယန်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားကြသည်။ သူတို့အားလုံးမှာ ဘုရားကျောင်းဆီသို့ ခုန်ဆွခုန်ဆွဖြင့် သွားနေကြသည်။ ဤသည်က လီယွမ်အား ရှေးဟောင်းနည်းစနစ်တစ်ခုကို သတိရသွားစေ၏။
အလောင်းမောင်းနှင်ခြင်း အတတ်ပညာ ပင်။
ဤအတတ်ပညာမှာ တောင်ပိုင်းနယ်စပ်နှင့် အလယ်ပိုင်းလွင်ပြင်၏ အချို့နေရာများတွင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်၏။ အလောင်းမောင်းနှင်ရာတွင် အလောင်းကို အထူးသန့်စင်ထားရန် လိုအပ်ပြီးနောက် ခေါင်းလောင်း သို့မဟုတ် ပုလွေကဲ့သို့သော အဆောင်အယောင်များဖြင့် ထိန်းချုပ်ရ၏။ သို့သော် ယခုမြင်တွေ့နေရသော အသက်ရှင်နေသည့် အလောင်းကောင်များ ဖန်တီးသည့် နည်းလမ်းမှာမူ သာမန်အတတ်ပညာများထက် များစွာပို၍ နက်နဲလှ၏။
“ဝါး...”
ထူးဆန်းသော အသံများမှာ မက်မွန်ပွင့်ရွာအတွင်း ပဲ့တင်ထပ်နေဆဲဖြစ်ပြီး လီယွမ်မှာ အတန်ငယ် စိတ်ရှုပ်ထွေးသွားရ၏။ ဤအသံမှာ ဝိညာဉ်ကို ပြင်းထန်စွာ တိုက်စားနိုင်စွမ်း ရှိ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏စိတ်စွမ်းအားနယ်ပယ်မှာ အားကောင်းနေပြီး ဆန်းကြယ်ပုံရိပ်ကူ၏ အကာအကွယ်ကြောင့်သာ ထိခိုက်မှု မရှိပေ။
သို့သော် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အချိန်အကြာကြီး နေထိုင်ပါက တစ်နေ့နေ့တွင် သူကိုယ်တိုင်လည်း ထိုအရာများ၏ လွှမ်းမိုးခံရမည်ကို မည်သူမျှ အာမမခံနိုင်ပါချေ။ ပြိုင်ဘက်ကင်း အဆင့် (၈) ပညာရှင် ကျန်းယန်ပင်လျှင် နောက်ဆုံးတွင် အသက်ရှင်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားခဲ့ရသည် မဟုတ်ပါလော။
'ငါတို့ ချက်ချင်း ပြန်ထွက်ဖို့ မဖြစ်နိုင်သေးဘူး ထင်တယ်...'
(၁၀) ရက်ဆိုသော အချိန်မှာ ကုန်ဆုံးတော့မည်ဖြစ်ရာ ဝိညာဉ်လိပ်ကူမှာ ကျွန်းပေါ်မှ ထွက်ခွာတော့မည်ဖြစ်သဖြင့် ၎င်းမှာ လီယွမ်အတွက် ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် လက်ရှိရင်ဆိုင်နေရသော အခက်အခဲမှာမူ ထိုအရာထက် များစွာပို၍ ကြီးမားလှ၏။
အပြည့်အဝ ယုံကြည်မှု မရှိဘဲ သူ အလျင်စလို မလုပ်ဆောင်ရဲပါချေ။ မည်သို့ပင်ဖြစ်စေ ဓားနတ်သမီးရှိနေသရွေ့ ကူအင်မော်တယ်၏ ဆန္ဒက သူ့အပေါ် ဖိအားပေးနိုင်မည် မဟုတ်သဖြင့် အချိန်ဆွဲရန် အခွင့်အရေး ရှိနေသေး၏။
သည်လို မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေကနေ လွတ်မြောက်မည့် လမ်းစကို ရှာမတွေ့နိုင်ဟု သူ မယုံကြည်ပါ။
လီယွမ်သည် အလောင်းကောင်များ၏ တန်းစီမှုနောက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။ ကျန်းယန်၏ ဦးဆောင်မှုဖြင့် အလောင်းကောင်များမှာ ဘုရားကျောင်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ ထိုနေရာတွင်မူ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာ တစ်ခု ရှိနေ၏။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံး အလောင်းကောင်အချို့ ဝင်ရောက်သွားခဲ့ချေပြီ။ လီယွမ်သည် ဘုရားကျောင်းတံခါးဝသို့ ရောက်ရှိလာသောအခါ ကူအင်မော်တယ်ဘုရားကျောင်း၏ အောက်ခြေတွင် မြေအောက်ကမ္ဘာ တစ်ခု တည်ရှိနေကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူ တိုက်ရိုက်ဝင်ရောက်ရန် မဝံ့ရဲသဖြင့် ထောက်လှမ်းရေးကူအချို့ကို ဆင့်ခေါ်လိုက်ပြီး ဆန်းကြယ်ပုံရိပ်ကူ၏ အကာအကွယ်အောက်တွင် အလောင်းကောင်များနောက်သို့ တိတ်တဆိတ် လိုက်ပါခိုင်းလိုက်၏။ ခဏတာ မှောင်မိုက်သွားပြီးနောက် လီယွမ်၏ စိတ်ထဲတွင် နက်နဲလှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။
မြေအောက်ကမ္ဘာ၏ မှောင်မိုက်အေးစက်လှသော လေထုအောက်တွင် အရွယ်အစားစုံလင်လှသော ခေါင်းတလားပေါင်း ထောင်နှင့်ချီ၍ ရှိနေ၏။ ထူးဆန်းသော အသံများ၏ လမ်းညွှန်မှုဖြင့် အသက်ရှင်နေသော အလောင်းကောင်များမှာ ခေါင်းတလားများထဲသို့ အသီးသီး ဝင်ရောက် လှဲလျောင်းလိုက်ကြ၏။ ထို့နောက်တွင်တော့ ခေါင်းတလားများပေါ်တွင် နီရဲလှသော ပန်းများ ပွင့်အာလာတော့သည်။ တောက်ပလှသော ထိုအနီရောင်များမှာ တစ်ဖက်ကမ်းရှိ ငရဲပြည်နှင့် တထေရာတည်း တူညီနေ၏။
'ဒါက တစ်မျိုးမျိုးသော အလောင်းသန့်စင်တဲ့ နည်းလမ်းပဲ ဖြစ်ရမယ်... သာမန် အလောင်းမောင်းနှင်တဲ့ နည်းတွေထက် အများကြီး ပိုပြီး ဆန်းကြယ်တယ်...'
လီယွမ်သည် မှောင်မိုက်မှုများကို ကျော်လွှားကာ ခေါင်းတလားများကြားတွင် လှုပ်ရှားနေသော ထောက်လှမ်းရေးကူများကို ထိန်းချုပ်ထားလိုက်သည်။ တွေဝေမိန်းမောနေစဉ်မှာပင် မြစ်ရေလှိုင်းများ ရိုက်ခတ်သံကို သူ ပြန်လည်ကြားလိုက်ရပြန်၏။ ဤသည်မှာ တောရိုင်းနယ်မြေအဝင်တွင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားကို ဖြတ်ကျော်စဉ်က ကြားခဲ့ရသော အသံနှင့် အတူတူပင်။
သို့သော် ထောက်လှမ်းရေးကူထံမှ ရရှိသော မြင်ကွင်းထဲတွင်မူ မည်သည့်မြစ်ကိုမျှ မတွေ့ရပါချေ။
'မှားနေပြီလား...'
'အဲဒီမှာ တခြား အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတားတစ်ခု ရှိနေတာလား...'
လီယွမ်သည် ထောက်လှမ်းရေးကူကို ရှေ့သို့ ဆက်လက် စေလွှတ်လိုက်ပြီး မှောင်မိုက်မှုအလွှာများကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် တံတားတစ်စင်းကို မြင်တွေ့လိုက်ရချေပြီ။ တိတိကျကျ ပြောရလျှင် တံတားတစ်ဝက်သာ ဖြစ်၏။
ပြတ်တောက်နေသော တံတားတစ်ဝက်မှာ လေထဲတွင် တွဲလောင်းကျနေပြီး ၎င်းမှာ မက်မွန်ပွင့်ရွာထဲသို့ ဝင်လာပြီးနောက် နောက်သို့ လှည့်ကြည့်စဉ်က မြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် အတော်လေး ဆင်တူလှ၏။
အသေးစိတ် အချက်တစ်ချက်သာ ကွာခြားမှု ရှိ၏။
တံတားရှေ့ရှိ ကျောက်တိုင်ပေါ်မှ စာတန်းများမှာ မတူညီပါချေ။ တားမြစ်နယ်မြေထဲသို့ မဝင်မီက တံတားဘေးရှိ ကျောက်တိုင်တွင် 'အသက်ရှင်ခြင်း' ဟူသော စာလုံးကို ထွင်းထုထားသော်လည်း ယခု တံတားရှေ့ရှိ ကျောက်တိုင်တွင်မူ 'သေဆုံးခြင်း' ဟူသော စာလုံးကို ထွင်းထုထားသည်။
'ထွက်ပေါက်က ဒီမှာပဲ ဖြစ်ရမယ်...'
“ဝုန်း”
လီယွမ် ထိုသို့ တွေးလိုက်သည့် အခိုက်အတန့်မှာပင် ထောက်လှမ်းရေးကူမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး သူ၏စိတ်ထဲမှ မြင်ကွင်းများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
“တကယ်ပဲ ထူးဆန်းတာ တစ်ခုခု ရှိနေတာပဲ...”
သူသည် ထောက်လှမ်းရေးကူကို နောက်တစ်ကြိမ် ထပ်မံစေလွှတ်လိုက်ပြီး ယခုတစ်ကြိမ်တွင်မူ ရစ်ပတ်နတ်ဘုရား၏ သွေးစွန်းဝတ်ရုံကိုပါ ထည့်သွင်းပေးလိုက်သည်။
“ဖောင်း .. ဖောင်း”
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဝင်သွားသည်နှင့် တပြိုင်နက် ပေါက်ကွဲသွားပြန်၏။ ရစ်ပတ်နတ်ဘုရား၏ သွေးစွန်းဝတ်ရုံပင်လျှင် အသုံးမဝင်ပါချေ။ ခဏတာမျှပင် တောင့်မခံနိုင်ခဲ့ဘဲ လီယွမ်အတွက် မည်သည့် သတင်းအချက်အလက်မျှ မပေးနိုင်ခဲ့ပါချေ။
'မဖြစ်နိုင်တာ...' လီယွမ်၏ စိတ်အခြေအနေမှာ များစွာ ပို၍ လေးနက်သွားရသည်။ 'အဲဒီမှာ အဆင့် (၉) ပညာရှင် တစ်ယောက် ရှိနေတာလား...'
ဤမျှလောက် အစွမ်းထက်သော နယ်ပယ်မှ ပညာရှင်များကို သူ အလွယ်တကူ လှည့်စား၍ မရနိုင်ပါချေ။ အဆင့် (၉) ကူသခင်မှာ ဝိညာဉ်ပျောက်ဆုံးနေပြီး သူ၏ ရုပ်ခန္ဓာနှင့် စွမ်းရည်အချို့သာ ကျန်ရှိနေလျှင်ပင် လီယွမ်အနေဖြင့် လုံးဝ အနိုင်ရရန် မသေချာပါချေ။
'ငါတို့ ဘာလုပ်ရမလဲ... အခုတော့ ငါတို့ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရတော့ဘူး...'
လီယွမ်သည် သူ၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် နီးစပ်နေပြီဟု ခံစားနေရ၏။ မြေအောက်ကမ္ဘာတွင် ဝှက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် အရာမှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားပေါ်ရှိ အစွမ်းထက်ဆုံးသော အလောင်းကောင် ဖြစ်ရမည်။ အချိန်၏ တိုက်စားမှုကို မည်သူမျှ မတွန်းလှန်နိုင်ကြောင်း သူ အမြဲတမ်း ယုံကြည်ထားခဲ့သည် မဟုတ်ပါလော။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား၏ တားမြစ်နယ်မြေထဲတွင် မည်သည့် အသက်ရှင်နေသော လူသားမျှ ကျန်ရှိနေမည် မဟုတ်ပါချေ။
အကယ်၍ တစ်စုံတစ်ယောက်က လူသား မဟုတ်ဘဲ အဆင့် (၈) ပြိုင်ဘက်ကင်း ပညာရှင် ကျန်းယန်ကိုပင် ထိန်းချုပ်ကာ အသက်ရှင်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲနိုင်သည် ဆိုပါက ၎င်းမှာ အဆင့် (၉) အလောင်းကောင် တစ်ခုသာ ဖြစ်ရပေမည်။
'ကူအင်မော်တယ်ကလွဲရင် အဆင့် (၉) ကူသခင်တစ်ယောက်ကို အလောင်းကောင်အဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည် ဘယ်သူ့မှာမှ မရှိဘူး... ဒါဆိုရင် အဖြေက တစ်ခုပဲ ကျန်တော့တယ်...'
'ဒီ တားမြစ်နယ်မြေကို ဖန်တီးခဲ့တဲ့သူက သူ့ကိုယ်သူ အသက်ရှင်နေတဲ့ အလောင်းကောင်အဖြစ် ပြောင်းလဲခဲ့တာပဲ...'
လီယွမ်သည် ရလဒ်ကို ကောက်ချက်ချလိုက်သည်။
'ကူလမ်းစဉ်မှာ အရူးတွေ အများကြီး ရှိတာပဲ... ဒါကလည်း ကိုယ့်ဘာသာကိုယ် ကူသန့်စင်ရင်း ပြဿနာတက်သွားတဲ့ နောက်ထပ် အရူးတစ်ယောက်ပေါ့...'
လီယွမ် မှတ်မိသလောက်ဆိုလျှင် အမှတ်ဆယ့်နှစ်ကူနန်းတော်သို့ သူ စတင်ရောက်ရှိစဉ် ကူလမ်းစဉ်များကို လေ့လာစအချိန်က မိမိ၏ ခန္ဓာကိုယ်ဖြင့် ကူသန့်စင်ခဲ့သော ရှီဝူလီ ဟုခေါ်သည့် အရူးတစ်ယောက်နှင့် တွေ့ခဲ့ဖူးသည်။ သူသည် ဒဏ္ဍာရီလာ ထူးခြားနဂါးကူ ဖြစ်လာရန် ကြိုးစားရင်း မိမိကိုယ်ကို မြွေလူသားအဖြစ် အတင်းအကြပ် ပြောင်းလဲခဲ့သည် မဟုတ်ပါလော။
ဤနည်းလမ်းမှာ အလွန်အန္တရာယ်များလှ၏။ ခြေတစ်လှမ်း မှားလိုက်သည်နှင့် အရာအားလုံး ဆုံးရှုံးသွားရမည်သာ ဖြစ်၏။
'ပြဿနာရဲ့ သော့ချက်နဲ့ လျှို့ဝှက်ချက် အားလုံးကို ဖွင့်နိုင်မယ့် နည်းလမ်းက ဒီမှာပဲ ရှိတာပဲ...'
တောင်ပိုင်းနယ်စပ်တွင် သူ ဖြတ်သန်းခဲ့သော အချိန်များကို ပြန်လည်စဉ်းစားကြည့်လျှင် လီယွမ်သည် ကူလမ်းစဉ် စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးသည်။ သူသည် တိုက်ကြီး၏ သမိုင်းကြောင်းကို ကောင်းစွာ မသိသော်လည်း ကူလမ်းစဉ်၏ သမိုင်းကြောင်းကိုတော့ အလွန် ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။ သို့သော် သူ မည်မျှပင် ကြိုးစားစဉ်းစားစေကာမူ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားတွင် ပိတ်မိနေသော ကူသခင်များအကြောင်း မည်သည့် မှတ်တမ်းကိုမျှ ရှာမတွေ့ခဲ့ပါချေ။
'ဖြစ်နိုင်တာက ဒီနေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အားလုံးကို တိတ်တဆိတ် ပိတ်ဆို့ထားတာ ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်တာမျိုး ဖြစ်မယ်...'
လီယွမ်သည် အခြေအနေ၏ စိုးရိမ်ဖွယ်ရာ ကောင်းမှုကို အမှန်တကယ် သဘောပေါက်သွားချေပြီ။ သိမ်မွေ့လှသော သဲလွန်စများနှင့် အကန့်အသတ်ရှိသော သတင်းအချက်အလက်များမှသာ ရလဒ်ကို ကောက်ချက်ချနိုင်ပေလိမ့်မည်။
ဤအဆင့် (၉) ကူသခင်မှာ ရှေးဦးခေတ်ကတည်းက ဖြစ်ရမည် ဖြစ်ပြီး ကျန်းယန် ထက်ပင် ပို၍ စောနိုင်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားကို ဖန်တီးခဲ့သူလည်း ဖြစ်နိုင်၏။
ဤလူသည် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် နည်းပညာ တစ်မျိုးမျိုးကို တီထွင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ရမည်။ ကူလမ်းစဉ်များမှတစ်ဆင့် မိမိ၏ ထူးခြားကူကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေရန်နှင့် ကူအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် မိမိ၏ ခန္ဓာကိုယ်ကိုပင် အရင်းအနှီးပြုကာ ကူသန့်စင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ရလဒ်ကတော့ အလွန် ဝမ်းနည်းစရာ ကောင်းခဲ့ရသည်။
ကျန်းယန်၏ ပြောပြချက်အရ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က နဝမ ကူနန်းတော်သည် 'ကျန်းဟူကို မြင်းခွာများဖြင့် နင်းချေမှု' ကြောင့် ထိခိုက်ခဲ့ရပြီး မုရုံရှောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဤဆိုးရွားလှသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ကျန်းယန်သည် သူ၏ လူများကို ဦးဆောင်ကာ ဤတားမြစ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ဘိုးဘေးများ၏ အမွေအနှစ်များကို ဆက်ခံပြီး မုရုံရှောင်ကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် မျှော်လင့်ခဲ့သော်လည်း အပြန်တွင်တော့ သူတို့အားလုံး ဤနေရာတွင် ပိတ်မိသွားခဲ့ရသည်။
နောက်ပိုင်းတွင် နဝမ ကူနန်းတော်သည် စစ်ကူများ အကြိမ်ကြိမ် စေလွှတ်ခဲ့ပုံ ရသော်လည်း အားလုံး ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပေမည်။ နောက်ဆုံးတွင်တော့ နောင်လာနောက်သားများ ထပ်မံ ဒုက္ခမရောက်စေရန်အတွက် ဤနေရာ၏ လျှို့ဝှက်ချက်ကို လုံးဝ ပိတ်ဆို့ထားလိုက်ရခြင်း ပင်။
'ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီနေရာကနေ ထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အဆင့် (၉) ပညာရှင်ရဲ့ အလောင်းကောင်ကို တိုက်ခိုက်ဖို့ပဲ... ငါ အလျင်စလို မလုပ်သင့်ဘူး...'
လီယွမ်သည် သေချာစွာ စဉ်းစားနေမိသည်။ ထိုအဆင့် (၉) ပညာရှင်မှာ မည်မျှပင် အစွမ်းထက်နေပါစေ ယခုအခါတွင်တော့ အသက်ရှင်နေသော အလောင်းကောင် တစ်ခုမျှသာ ဖြစ်ပြီး သေချာပေါက် အားနည်းချက်များ ရှိနေရမည်။ သူ အနိုင်ရရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်၏။
အချိန်များ ကုန်လွန်သွားပြီး ညဉ့်ယံမှာ ကုန်ဆုံးတော့မည်ဖြစ်ကာ အရုဏ်တက်ချိန်သို့ နီးကပ်လာခဲ့ချေပြီ။ မက်မွန်ပွင့်ရွာမှ အလောင်းကောင်များမှာ သူတို့၏ ခေါင်းတလားများထဲမှ ပြန်လည် ထွက်လာကြပြီး လီယွမ်၏ စောင့်ကြည့်နေမှုအောက်မှာပင် သူတို့၏ ကိုယ်ပိုင်အိမ်များဆီသို့ အသီးသီး ပြန်သွားကြကာ အေးအေးချမ်းချမ်း အိပ်စက်လိုက်ကြသည်။
မနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီ။ တက်ကြွပြီး ချစ်စရာကောင်းသော အားလော့လေးမှာ လီယွမ်၏ တံခါးကို နောက်တစ်ဖန် လာခေါက်ပြန်၏။
“ဦးလေး...”
“မနေ့က ပွဲတော်မှာ ဒေါ်လေးတွေဆီက ချစ်သက်သေတွေ အများကြီး ရခဲ့တယ်နော်... သူတို့အားလုံးက ဦးလေးရဲ့ အဖြေကို စောင့်နေကြတာ...”
“ဦးလေးမှာ သဘောကျတဲ့ ဒေါ်လေး တစ်ယောက်ယောက် ရှိနေပြီလားဟင်...”