အခန်း ၂၀၄
Vol. 18 Ch. 204
အခန်း (၂၀၄) နောက်ဆုံး ရှားပါးကူ
ရှန်းဟိုင်ကွမ် တိုက်ပွဲ သည် လူသားများ နှင့် နတ်ဆိုးများ ကြားမှ... အလွန် အရေးပါသော တိုက်ပွဲကြီး တစ်ပွဲ ဖြစ်သည်။ ပိုမို လေးနက်စွာ ပြောရမည် ဆိုပါက ဤတိုက်ပွဲသည် လူသားမျိုးနွယ် ၏ အနာဂတ်၊ ရှင်သန်ရပ်တည်နိုင်မှု နှင့် ဩဇာကြီးမားသော ကျန်းဟူ လောက၏ ကံကြမ္မာတို့နှင့်ပါ... တိုက်ရိုက် သက်ဆိုင်နေ၏။
အင်အားကြီး ဂိုဏ်း တစ်ခုကမျှ နောက်ဆုတ်ခြင်း မရှိခဲ့ပါချေ။
နတ်ဘုရားသိုင်း နန်းတော်ကြီး ဖွင့်လှစ်လိုက်သည်နှင့် အဆင့်နှစ် နှင့်အထက် ရှိသော ဂိုဏ်းများ အားလုံးက ဤစစ်ပွဲတွင် ပါဝင် ဆင်နွှဲရန်အတွက်... ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်ဟု ဆိုနိုင်၏။
အကယ်၍ နဝမ ကူနန်းတော် ကသာ 'လောက၏ အစွမ်းအထက်ဆုံး ပါရမီရှင်' ဟု... သမုတ်ခံထားရသော ချီလင် ကို အပြင်သို့ မလွှတ်ဘဲ ဆက်လက် သိမ်းဆည်းထားမည် ဆိုပါက သူတို့မှာ ဝေဖန် ပြစ်တင်မှုများကို ခံရမည် သာမကဘဲ... မျက်နှာပျက်ရမည် ဖြစ်ပြီး မဟာမိတ်များ ရရှိရန် အခွင့်အရေးများလည်း ဆုံးရှုံးသွားပေလိမ့်မည်။
တစ်နေ့နေ့ တစ်ချိန်ချိန် အခက်အခဲများ ကြုံလာရသောအခါ... သူတို့၏ နေ့ရက်များသည် လုံးဝ လွယ်ကူလိမ့်မည်... မဟုတ်တော့ပါချေ။
“ဟူး...”
ချီယန် က နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။
“ကျူးယန်တံခါးဝ တိုက်ပွဲ အပြီးမှာ... ကူလမ်းစဉ် က လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး လမ်းကြောင်း တိုးချဲ့ဖို့အတွက် အရေးကြီးဆုံး အချိန်ကို ရောက်နေပြီ... ချီလင် ကိုလည်း လှုပ်ရှားစေချင်ပြီး တောက်ပတဲ့ တိုက်ပွဲ တစ်ပွဲ... ဖန်တီးစေချင်တာပေါ့...”
“ဒါပေမဲ့လည်း သူက ဒီမှာမှ မရှိတာကိုး...”
နဝမ ကူနန်းတော် တစ်ခုလုံးတွင် နောက်ထပ် 'ချီလင်' ဟူ၍ မရှိတော့ပါချေ။
လူငယ်မျိုးဆက်များ နှင့် နတ်ဆိုးများ ကြားမှ... ထိပ်တိုက် ရင်ဆိုင်မှုများက အားနည်းလာခဲ့ပြီး များစွာသော သူတို့သည် သူတို့၏ ရည်မှန်းချက်များကို ဖိနှိပ် ချုပ်တည်း ထားကြရ၏။ အကယ်၍ ချီလင် သာ ပြန်လည် ပေါ်ထွက်လာပြီး နတ်ဆိုး ကိုးပါးကို သတ်ဖြတ်ကာ ကယ်တင်ရှင် အဖြစ် ရောက်ရှိလာနိုင်မည် ဆိုပါက ၎င်းမှာ ကူလမ်းစဉ် အတွက် နောက်ထပ် ဧရာမ တိုးချဲ့မှု လှိုင်းလုံးကြီး တစ်ခု... ဖြစ်လာပေလိမ့်မည်။
“စောင့်ကြည့်ရအောင်...”
ချီယန် က ပြောလိုက်၏။
နောက်ထပ် သုံးလလောက် ဆက်စောင့်ကြည့်ကြတာပေါ့... အကယ်၍ လီယွမ် က ပြန်မထွက်လာသေးဘူး ဆိုရင်တော့... လူငယ်မျိုးဆက်တွေ ကြားက ပြိုင်ပွဲကို ကျော်ဖြတ်ပြီး ကူနန်းတော် ကနေ ဝါရင့် ကူသခင် အဟောင်း တချို့ကိုပဲ... တိုက်ခိုက်ဖို့ စေလွှတ်လိုက်တာ ကောင်းမယ်... အဲဒီလို ဆိုရင် အနည်းဆုံးတော့... ငါတို့ရဲ့ ဂုဏ်သတင်း တစ်ချို့ကို ပြန်လည် ရယူနိုင်မှာပါ...”
ဤသည်မှာ တစ်ခုတည်းသော နည်းလမ်း ပင်။
ညဇီးကွက်ဘုရင် နှင့် နိုင်ငံတော်၏ အစောင့်အရှောက် စစ်သူကြီးချုပ် ပိုင်ချန် တို့သည်... တာ့ယန် ၏ လူငယ် မျိုးဆက်များ အဆက်မပြတ် ရှုံးနိမ့်နေပြီး စစ်သည်များ၏ စိတ်ဓာတ်များ ဆက်လက် ကျဆင်းနေသည်ကို လက်ပိုက် ကြည့်နေနိုင်ကြမည် မဟုတ်ပေ။
အရေးကြီးသော အချိန်သို့ ရောက်လာသည်နှင့် သူတို့သည် ဟန်ဆောင်မှုများ အားလုံးကို ဖယ်ရှားပစ်ကာ လူကြီး မျိုးဆက်များ ကိုယ်တိုင် တိုက်ရိုက် ဝင်ရောက် စွက်ဖက်လာကြမည်မှာ... မြေကြီးလက်ခတ်မလွဲ ပင်။
...
မျှော်လင့်ချက် ကင်းမဲ့သော နေရာ... အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား တွင်ကား...
လီယွမ် သည် အစွမ်းကုန် ကြိုးစား အားထုတ် နေပြီး နောက်ဆုံး ရှားပါးကူ ကို အောင်မြင်စွာ ဖန်တီးကာ တစ်ဟုန်ထိုး အဆင့်ရှစ် သို့ တက်လှမ်းနိုင်ရန်... ပြတ်ပြတ်သားသား ဆုံးဖြတ်ထား၏။
ဆယ့်လေးကြိမ်မြောက် လပြည့်ည အဆုံးသတ် သွားခဲ့ချေပြီ။
ကူအင်မော်တယ် ၏ ကောင်းချီး ကြောင့်လား... သို့မဟုတ် စီနီယာများ ၏ လွမ်းဆွတ် တောင့်တမှု ကြောင့်လား ဆိုသည်ကို မသိရသော်ငြားလည်း လီယွမ် သည် ရွာလေး အတွင်း၌... ထူးဆန်းသော ပန်းတစ်ပွင့် ကို ရှာဖွေ တွေ့ရှိခဲ့သည်။
ဤ ပန်းကို 'နွေရာသီ နှင့် ဆောင်းဦး ပန်း' ဟု ခေါ်ဆိုကြ၏။
လီယွမ် သည် ဤအမည်ကို မှတ်မိနေပြီး အချို့သော ရှေးဟောင်း မှတ်တမ်း စာအုပ်များ ထဲတွင် မြင်တွေ့ခဲ့ဖူးသည်။
ဒဏ္ဍာရီ များအရ 'နွေရာသီ နှင့် ဆောင်းဦး ပန်း' ၏ မွေးဖွား ရှင်သန်နိုင်သော အခြေအနေများမှာ အလွန်အမင်း တင်းကျပ်ပြီး လူသားများ ဖန်တီး စိုက်ပျိုး၍ မရနိုင်ပါချေ။ ၎င်းသည် အတောက်ပဆုံးသော နွေရာသီ တွင် မွေးဖွားပြီး အလွမ်းဆွတ်ဆုံးသော ဆောင်းဦးပေါက် တွင် ညှိုးရော် သွားတတ်သည်။
၎င်းက အလှပဆုံးသော မျှော်လင့်ချက် အိပ်မက်များကို မြှုပ်နှံ သိမ်းဆည်း ပေးတတ်၏။
မျှော်လင့်ချက် အိပ်မက်များကို မျိုးစေ့ အဖြစ်... သွေးနှင့် အသားများကို မြေဩဇာ အဖြစ် အသုံးပြုပြီး အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း သံသရာ ၏ ရေလောင်း ပေးမှုဖြင့် သာလျှင်... နွေရာသီ အထွတ်အထိပ် ပန်း က ကြီးထွားလာနိုင်ပြီး ထို့နောက် နွေရာသီ ပန်းသည် (၉၉၉) ကြိမ်တိုင်တိုင်... ညှိုးရော် သွားရမည် ဖြစ်သည်။
အကြိမ် တစ်ထောင်မြောက် သို့ ရောက်ရှိသည့် အခါကျမှသာ နွေရာသီ နှင့် ဆောင်းဦး ပန်း များသည်... မြေဆီလွှာ တစ်ခုတည်း တွင် ပွင့်လန်း လာမည် ဖြစ်၏။
နှစ်ပေါင်း တစ်ထောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရာသီ တစ်ခု လည်း အဆုံးသတ် သွားခဲ့ချေပြီ။
ထို ဒဏ္ဍာရီမှာ အမှန်လား အမှားလား ဆိုသည်ကို လီယွမ် မသိခဲ့သော်ငြားလည်း ယခု သူ၏ မျက်စိရှေ့တွင် နွေရာသီ နှင့် ဆောင်းဦး ပန်း က အမှန်တကယ် ပွင့်လန်း နေခဲ့၏။
အားလော့ နှင့် ကလေးများ မကြာခဏ ကစားလေ့ရှိသော မြက်ခင်းပြင်၏ အရှေ့ဘက်၊ လူသတိမထားမိသော ထောင့်တစ်နေရာတွင် လီယွမ် သည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး အချိန်အတော်ကြာအောင် ငေးကြည့် နေမိတော့၏။
ထိုအခါကျမှသာ အားလော့ နှင့် အခြား ကလေးများ က တက်ကြွ လန်းဆန်းနေသော နွေရာသီ နှင့် ဆောင်းဦး ပန်း ကို သတိပြုမိ သွားကြပြီး အားလုံး ဝိုင်းအုံ လာကြသည်။
“ဝိုး... သိပ်လှတဲ့ ပန်းလေးတွေ ပဲ...”
“အရမ်း လှတာပဲ...”
“ဦးလေး လိုပဲ မျက်စိပသာဒ ဖြစ်စရာ ကောင်းတယ်... ပြီးတော့ ဦးလေး နဲ့ အရမ်း လိုက်ဖက်တာပဲ...”
ကလေးများ က အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
အံ့ဩစရာ ကောင်းသည်မှာ... အမြဲတမ်း ဆော့ကစား တတ်သော ကလေးများထဲမှ မည်သူကမျှ... ပန်းကို ခူးရန် လက်မလှမ်းကြဘဲ... မျက်လုံး အဝိုင်းသား ဖြင့် ငေးကြည့်နေကြကာ အဆုံးမရှိ ချီးကျူး နေကြခြင်း ပင်။
“ဦးလေး... ဒါက ဦးလေး အတွက် ပွင့်လာတာ ဖြစ်ရမယ်...” အားလော့ က ပြောလိုက်သည်။
“တကယ်လား...” လီယွမ် က ပြုံးလိုက်၏။
“မင်း ဘယ်လို လုပ်သိလဲ...”
“ဘာလို့လဲ ဆိုတော့... သူ့ဆီက ဦးလေး ရဲ့ အနံ့လေး ရနေလို့လေ အဲဒါက အားလော့ အလွမ်းဆုံး အနံ့လေး ပဲ...” အားလော့ က အားရပါးရ ပြောလိုက်၏။
“မင်းတို့လည်း အနံ့ ရကြလား...”
လီယွမ် က အခြား ကလေးများကို လှမ်းမေး လိုက်သည်။
“ဟုတ်ကဲ့...” ကလေးများ က ပြိုင်တူ ခေါင်းညိတ် လိုက်ကြ၏။
“ဦးလေး ရဲ့ အနံ့က အမွှေးဆုံးပဲ... ကျွန်တော်တို့ ဘယ်တော့မှ မှားမှာ မဟုတ်ဘူး...”
ထို့ကြောင့် လီယွမ် သည် နွေရာသီ နှင့် ဆောင်းဦး ပန်း ကို ခူးယူ လိုက်တော့သည်။
ကလေးများ က သူ့ကို ဝိုင်းရံထားပြီး ဝမ်းသာအားရ ခုန်ပေါက် ကာ အော်ဟစ် နေကြ၏။
“ဟင်...”
ပန်းပင်၏ အောက်တွင် အချို့သော အရာများ... မြှုပ်နှံထားသည်လား။
အများစုမှာ ဆွေးမြည့် ပျက်စီး နေကြပြီ ဖြစ်သော်ငြားလည်း ကောင်းမွန်စွာ ကျန်ရှိနေသေးသော ရွှေရောင် စက္ကူပြား တစ်ခုကို လီယွမ် တွေ့လိုက်ရသည်။
သူ က ထို ရွှေရောင် စက္ကူပြားကို ဆွဲထုတ် လိုက်၏။
ရွှေရောင် စက္ကူပြား ပေါ်တွင် အလွန် သိပ်သည်းပြီး ကွေ့ကောက်နေသော စာလုံးများ ရေးထိုးထားသည်။
၎င်းကို ဆုတောင်း စကားများ နှင့် လက်မှတ်များ ဖြင့် ဖုံးလွှမ်း ထားလေ၏။ ၎င်းတို့ အားလုံးမှာ... အားလော့ အပါအဝင် ကလေးများ၏ အမည်များ ဖြစ်နေကာ ဆုတောင်း များကိုလည်း သူတို့ ကိုယ်တိုင်... ရေးသား ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာ ထင်ရှား လှ၏။
မျှော်လင့်ချက် အိပ်မက် များကို မျိုးစေ့ အဖြစ်... သွေးနှင့် အသားများကို မြေဩဇာ အဖြစ် အသုံးပြုပြီး အလှပဆုံးသော နွေရာသီ နှင့် ဆောင်းဦး ပန်း ကို မမွေးဖွားမီ... အကြိမ် တစ်ထောင်တိုင်အောင် လက်ဆင့်ကမ်း ခဲ့ရခြင်း ပင်။
“ဒဏ္ဍာရီ တွေက တကယ် အမှန်တွေပဲလား...”
လီယွမ် မှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
သူ သည် မြေကြီး များကို သုတ်ဖယ် လိုက်ပြီး သေချာစွာ စူးစိုက် ကြည့်လိုက်ရာ... နောက်ဆုံး တွင်တော့ ကွေ့ကောက် နေသော စာလုံးများကို ရှင်းလင်းစွာ မြင်တွေ့ လိုက်ရတော့၏။
ကလေးများ၏ ဆုတောင်းများမှာ... ရိုးရှင်းသော်ငြားလည်း အလွန် ရဲရင့် လှ၏။
အားလော့ ၏ ဆုတောင်း မှာ အလယ်ပိုင်း လွင်ပြင် သို့ သွားရောက်ရန်... မြို့တော် ကို လည်ပတ်ရန်၊ မီးပုံး ပွဲတော် သို့ တက်ရောက်ရန် နှင့် အရသာရှိသော အစားအစာ များစွာနှင့် လှပသော ဝတ်စုံလေး များကို ဝယ်ယူရန် ဖြစ်၏။
ကူအင်မော်တယ် ဖြစ်လာချင်သော ကလေးများလည်း ရှိ၏။
လောကကြီး ကို စည်းလုံးပြီး ဧကရာဇ် ဖြစ်ချင်သူ... သို့မဟုတ် ပြိုင်ဘက်ကင်း အစွမ်းထက်သူ ဖြစ်ချင်သူ... သို့မဟုတ် ထာဝရ အသက်ရှင်ခြင်း ကို ရရှိချင်သူ... စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။
ရွှေရောင် စက္ကူပြား ၏ နောက်ဆုံး စာပိုဒ် တွင် အားလော့ နှင့် အခြား ကလေးများ က ရွှေရောင် စက္ကူပြား ပေါ်တွင် ဆုတောင်း ရခြင်း၏ အကြောင်းရင်း ကို ရေးသား ထားခဲ့ကြ၏။ ဘာကြောင့်လဲ ဆိုတော့... ရွှေရောင် စက္ကူပြား က ဆွေးမြည့် မသွားနိုင်ဘဲ... ကူအင်မော်တယ် ရောက်လာသည့် အခါတိုင်း... မြင်တွေ့ နိုင်မည် ဖြစ်သောကြောင့် ပင်။
၎င်းက အားလုံး၏ ဆုတောင်းများ ပြည့်ဝလာစေရန်... ကူညီပေးလိမ့်မည် ။
“နှမြောစရာ ကောင်းလိုက်တာ... ကူအင်မော်တယ် က ရောက်လာမှာ မဟုတ်ဘူး... မင်းတို့ရဲ့ ဆန္ဒတွေကို ငါ ကိုယ်တိုင် ဖြည့်ဆည်း ပေးပါ့မယ်...ကလေးတို့”
လီယွမ် သည် ရွှေရောင် စက္ကူပြားကို သိမ်းဆည်း လိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
“ဒါက လက်ကျန် အခွင့်အရေး အနည်းငယ် ထဲက တစ်ခုပဲ...”
လီယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ယခုလေးတင် ခူးလာခဲ့သော နွေရာသီ နှင့် ဆောင်းဦး ပန်း ကို ထုတ်ယူ ကာ အပြည့်အဝ အာရုံ စုစည်းလိုက်တော့၏။
( နွေရာသီ နှင့် ဆောင်းဦး ပန်း- ယင် နှင့် ယန် တို့ ဖြတ်သန်းရာ လမ်းကြောင်းမှ မွေးဖွားလာသော ရှားပါး ပန်းတစ်ပွင့်... အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း နယ်ပယ် ၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်သော ဖရိုဖရဲ စွမ်းအားများ ပါဝင်သည်... )
ဤ ပန်းမှာ အလွန် ထူးခြားသော အမျိုးအစား ဖြစ်ပြီး အင်းဆက် အများစု နှင့် မသင့်တော်ပါချေ။
လီယွမ် သည် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့၏။
နောက်ဆုံး တွင်တော့ အလွန် လိုက်ဖက်ညီသော ရှားပါးကူ တစ်ကောင်ကို ရွေးချယ် လိုက်တော့သည်။
( မူလ ပစ္စည်းများကို ရွေးချယ်ပါ )
( ကိုယ်စားပြု ပုစဉ်းရင်ကွဲ ကို ရှားပါးကူ အဖြစ် ရွေးချယ်ပြီး နွေရာသီ နှင့် ဆောင်းဦး ပန်း ကို အဖွဲ့ထဲသို့ ပေါင်းထည့်လိုက်ပါသည် )
( ဖန်တီးမှုကို စတင်နေပါပြီ... )
ကိုယ်စားပြု အသက် ပုစဉ်းရင်ကွဲ သည်... ရှားပါးကူ များထဲတွင် အတော်လေး တွေ့ရများသော အမျိုးအစား ဖြစ်ပြီး ၎င်း၏ အဆင့်နိမ့် ကူကောင်မှာ... 'အသက် ချည်နှောင်ကူ' ဖြစ်သည်။
အသက် ချည်နှောင်ကူ သည် သေစေနိုင်သော တိုက်ခိုက်မှုကို ခံရပြီးနောက် ကူသခင် ကို အပြည့်အဝ လှုပ်ရှားနိုင်စွမ်း ရှိစေသော်ငြားလည်း ၎င်း၏ စွမ်းရည်များ ကုန်ခမ်း သွားသည်နှင့် တစ်ပြိုင်နက်... ဒဏ်ရာများ အားလုံးက ကူသခင် ထံသို့... ပြန်လည် ကူးစက် သွားမည် ဖြစ်၏။
မျှော်လင့်ချက်မဲ့သော အခြေအနေ များတွင် သေရေးရှင်ရေး တိုက်ခိုက် ရတတ်သော ကူကောင် များကို အများအားဖြင့် လက်အောက်ခံ ကူကောင်များ အဖြစ်သာ အသုံးပြု လေ့ရှိကြ၏။
သို့သော် ကံကြမ္မာ ပုစဉ်းရင်ကွဲ နှင့် မတူညီသည်မှာ... ၎င်းက ကူသခင် အတွက် သေစေနိုင်သော တိုက်ခိုက်မှုကို ကိုယ်စား ခံယူပေးပြီးနောက် ၎င်းကိုယ်တိုင် အခွံချွတ်ကာ နေရာပြောင်းရွှေ့ နိုင်စွမ်း ရှိသဖြင့် ကူသခင် သည် မည်သည့် တန်ပြန် သက်ရောက်မှုကိုမျှ... မခံစားရနိုင်ပါချေ။
ဤသည်မှာ "ကိုယ်စားပြု ကံကြမ္မာ" ဟူသော အမည်၏ မူလ အရင်းအမြစ် ပင် ဖြစ်၏။
လီယွမ် သည် အနက်ရောင် အိုးကြီး ကို စူးစိုက်ကြည့်နေလိုက်၏။
ခဏအကြာတွင် အဖုံး ၏ ဟာကွက် ကြားမှ... အရောင် နှစ်မျိုးစပ် အလင်းတန်းများ... ပန်းထွက် လာတော့သည်။
( သင်သည် ရှားပါးကူ - လျှပ်တစ်ပြက်ကူ ကို ရရှိပါသည် )
( သင်သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက်... အမှတ် (၁၀၀၀) ကို ရရှိပြီး ရောင်စုံအိုးလေး ထဲသို့ သိမ်းဆည်းလိုက်ပါသည် )
“အောင်မြင် သွားပြီ...”
လီယွမ် မှာ အလွန်အမင်း ဝမ်းသာ ပျော်ရွှင် သွားရတော့၏။
( လျှပ်တစ်ပြက်ကူ - အလွန် ထူးခြားသော ရှားပါးကူ... ၎င်းကို သန့်စင်လိုက်ပါက ကူသခင် အား မျက်တောင်တစ်ခတ် အတွင်း သမားရိုးကျ ကန့်သတ်ချက်များထက် ကျော်လွန်သော စွမ်းအားများကို ထုတ်လွှတ်နိုင်စေပြီး မတူညီသော အချိန်ကာလများမှ စွမ်းအားနှင့် အမြန်နှုန်းများကို အခိုက်အတန့် တစ်ခုတည်းသို့ စုစည်းပေးနိုင်သည်... )
( မှတ်ချက် - အကယ်၍ ပေါက်ကွဲ ထွက်လာသော စွမ်းအင်က အလွန် များပြား နေမည် ဆိုပါက ခန္ဓာကိုယ် ၏ ခံနိုင်ရည် ကန့်သတ်ချက် ထက် ကျော်လွန်သော ဖိအားများ သက်ရောက် သွားမည် ဖြစ်ပြီး 'လျှပ်တစ်ပြက်' ပြီးနောက် ချက်ချင်း ဆိုသလို အလွန်အမင်း အားနည်းသော အခြေအနေ သို့ ရောက်ရှိသွားမည်... )
မျက်တောင် တစ်ခတ်လေး အတွင်းမှာပင် ဤကူကောင် သည် ဟင်းလင်းပြင်နှင့် အချိန် စည်းမျဉ်း အချို့ကို ထိတွေ့ သွားခဲ့ချေပြီ။
ဤသည်မှာ မမျှော်လင့်ထားသော အကျိုးအမြတ် တစ်ခု ပင်။ လျှပ်တစ်ပြက်ကူ သည် လုံးဝကို အစွမ်းထက်သော တိုက်ခိုက်ရေး ကူကောင် တစ်ကောင် ဖြစ်သော်ငြားလည်း လီယွမ် အတွက် ၎င်းကို မလိုအပ် တော့ပါချေ။
လျှပ်တစ်ပြက်ကူ ၏ တိုက်ခိုက်ရေး စွမ်းအားထက်... ၎င်း၏ အမျိုးအစား ကို သူ ပိုမို အာရုံစိုက် မိ၏။ ကောင်းကင်နှင့် မြေကြီး၊ အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်း များကို ထိတွေ့နိုင်သော နောက်ထပ် 'အချိန်ကာလ ရောင်စုံ လိပ်ပြာ' တစ်ကောင် နှင့် မှော်ဆန်သော ပေါင်းစပ် တုံ့ပြန်မှု တစ်ခုခု... ဖြစ်ပေါ်လာနိုင်သောကြောင့်ပါ။
ထိုအရာ ထက် ပို၍ အရေးကြီးသည်မှာ...
လီယွမ် ၏ မျက်စိရှေ့တွင် အချက်အလက် ပြကွက်များ... အဆက်မပြတ် ပေါ်ထွက်လာသော အခါ... သူ၏ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားရတော့သည်။
( အနက်ရောင်အိုး : အဆင့် ၇ - ၇၈၂၇ / ၈၀၀၀ )
( ရောင်စုံအိုး : ၁၀၀၀ )
“ပြောင်းလဲမယ်...”