အပိုင်း ၂၅၃ + ၂၅၄
Vol. 26 Ch. 253+254
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန် ငြင်းဆိုရန် ဟန်ပြင်လိုက်သော်လည်း ရပ်တန့်လိုက်၏။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ယန်နိုင်အာ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခြင်းသာ ဖြစ်သင့်သည်။ သူ မည်သူဖြစ်ကြောင်းကို အလျင်စလို ငြင်းဆိုခြင်းက သူ့ကိုယ်သူ အပြစ်ရှိသူကဲ့သို့ ပို၍ ပေါ်လွင်သွားစေလိမ့်မည်။
ထို့အပြင် ထူလင်းတိက သူ့အား မည်သို့လုပ်ပြီး မှတ်မိနိုင်မည်နည်း။ သူတို့ တော်ဝင်အကယ်ဒမီ၌ ခြောက်နှစ်ကြာ အတူတူ ပညာသင်ကြားခဲ့ဖူးသော်လည်း တစ်ခါမှ စကားမပြောခဲ့ဖူးကြချေ။
ယခင် ဆိုလွန်က လှပသည့် အမျိုးသမီးများကို လိုက်လံပိုးပန်းတတ်သော်လည်း သူမအား လုံးဝ လျစ်လျူရှုခဲ့၏။
ဤအတွက် အကြောင်းပြချက် တစ်ခုတည်းသာ ရှိ၏။
ဟန်ဆောင်ခြိမ်းခြောက်နေခြင်းပင်။
ဖခင်ဖြစ်သူ မြို့စားကြီး ထူလင်းထော်မှာ ကျိလီအား ထောက်ခံသူ ဖြစ်သည်။ ထို့အပြင် သူမက နုလန်ဘုရင့်နိုင်ငံ၏ လျှို့ဝှက်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသောကြောင့် ဆိုလွန်နှင့် ကျိလီတို့ကြားမှ ရန်ငြိုးကို သိနေ၏။
ကျိလီတစ်ယောက် ဆိုလွန်အား သတ်ရန် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသည်။ ပထမအကြိမ်၌ ဆိုဟန်ရီအား အသုံးပြုခဲ့ပြီး ဒုတိယအကြိမ်၌မူ ကျောက်စရစ်ကျွန်းပေါ်၌ ကွေ့ရှင်းဖူအား အသုံးပြုခဲ့၏။
သို့သော် သေဆုံးသွားမည့်အစား ဆိုလွန်မှာ အသက်ရှင်ကျန်ရစ်ခဲ့သလို ကျယ်ပြန့်လှသည့် နယ်မြေတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝလာခဲ့သည်။
လက်ရှိအချိန်၌မူ ကျိလီ၏ အုပ်စုက သူ၏ နောက်ထပ်လှုပ်ရှားမှုကို ခြေရာခံနေပုံရ၏။
လက်ရှိ ဆိုလွန် အလိုအပ်ဆုံးမှာ စစ်တပ်တစ်ခုပင်။
ထို့အပြင် ထျန်ယဲ့မြို့မှာ ကြေးစားစစ်သည်မြို့ သုံးမြို့အနက် အကောင်းဆုံး ရွေးချယ်စရာဖြစ်နေ၏။
ယန်နိုင်အာလည်း ရှိနေသောကြောင့် သဘာဝကျစွာပင် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဆိုလွန် လာရောက်ရှာဖွေပေလိမ့်မည်။
ထို့အတွက်ကြောင့် ယန်နိုင်အာ၏ ဘေး၌ ရပ်နေသည့် မည်သည့် အမျိုးသားကိုမဆို သံသယဝင်နေကြခြင်း ဖြစ်သည်။
ထူလင်းတိက ရမ်းဆ၍သာ ခန့်မှန်းနေခြင်း ဖြစ်၏။ သူ့အား သတိလက်လွတ်ဖြစ်သွားစေရန် နာမည်ကို ခေါ်လိုက်ပြီး တုံ့ပြန်မှုကို စမ်းသပ်ရန်အတွက် ယန်နိုင်အာ၏ အမည်ဖြင့် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ရပေမည်။
ဤအမျိုးသမီးက အလွန် အန္တရာယ်များလှ၏။
ထိုအတွေးများက လန်လင်း၏ စိတ်ထဲ၌ မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားသည်။ လက်ရှိအချိန်၌ သူသည် ယန်ရွှမ်း၏ ချစ်သူအသစ် ဖြစ်နေရမည် မဟုတ်ပါလော။ ထိုစွပ်စွဲချက်ကို လျစ်လျူရှုပြီး ယန်ရွှမ်းအတွက်သာ စိုးရိမ်ပူပန်ပြရလေမည်။
ဆိုလွန်က လှောင်ပြုံးတစ်ခု ပြုံးလိုက်ကာ ပြောလိုက်သည်။ “မြင့်မြတ်နတ်နဂါးကျောင်းတော်က သာမန်လောကီကိစ္စတွေမှာ ဝင်မပါဘူး မဟုတ်ဘူးလား။ ထျန်ယဲ့မြို့ရဲ့ ခေါင်းဆောင်တွေက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ယူဖို့အတွက် ကျောင်းတော်ကို အသုံးပြုနိုင်လောက်တဲ့အထိ တော်တော်လေး အင်အားကြီးမားနေတာလား။ ပြီးတော့ ခင်ဗျား ပြောနေတဲ့ ဆိုလွန်ဆိုတာ ဘယ်သူလဲ။”
ထူလင်းတိက အေးစက်စွာ ပြန်ပြော၏။ “ဟန်ဆောင်မနေပါနဲ့တော့။ ကျွန်မတို့ အတူတူ ခြောက်နှစ်လောက် ပညာသင်ခဲ့ကြတာပဲ။ ရှင့်ရဲ့ အသံ ၊ မျက်လုံးနဲ့ အမူအကျင့်တွေက ရှင် ဘယ်သူလဲဆိုတာကို ဖော်ပြနေတယ်။ ပြီးတော့ ရှင်က မိန်းကလေးတွေကို အဝတ်အစား ဆင်ပေးတဲ့နေရာမှာ တော်တော်လေး တော်တယ်မလား။”
“ဆိုလွန်က မကြာသေးခင်ကမှ ပြည့်တန်ဆာတွေအတွက် အဝတ်အစားအသစ်တွေ ဒီဇိုင်းဆွဲပေးပြီး တော်ဝင်မြို့တော်ကို တုန်လှုပ်သွားစေခဲ့တယ်။ ရှင့်ဆီမှာလည်း အဲဒီလို အတိအကျ တူညီတဲ့ ပါရမီမျိုး ရှိနေတယ်လေ။”
ဆိုလွန် ငြင်းဆိုနေခြင်းကို ရပ်တန့်လိုက်၏။ ထို့အစား သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “သခင်မလေး ထူလင်း... ခင်ဗျားလို ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်နေတာက ကျုပ်ရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေတယ်။”
“ကျုပ်ကို အချိန်နည်းနည်းလောက်ပေးပါ။ ခင်ဗျားအတွက် ပြီးပြည့်စုံတဲ့ ဝတ်စုံတစ်ခုကို ဒီဇိုင်းဆွဲပေးမယ်။ အဲဒါက ခင်ဗျားရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပြားကပ်နေတဲ့ ရင်ဘတ်လိုမျိုး ယောက်ျားဆန်ဆန် အလှတရားကို ပေါ်လွင်သွားစေလိမ့်မယ်။”
ထူလင်းတိမှာ ပြားကပ်နေသော ရင်ဘတ်ဟူသည့် မှတ်ချက်အတွက် ဒေါသမထွက်ခဲ့ချေ။ သူမက ခေါင်းရမ်းရုံသာ ရမ်းလိုက်၏။ “မလိုပါဘူး။ ရှင် ဘယ်သူလဲဆိုတာကို ဝန်ခံတာဖြစ်ဖြစ် ၊ ဝန်မခံတာဖြစ်ဖြစ် အရေးမကြီးဘူး။ ဒီည ပစ်မှတ်က ရှင် မဟုတ်ဘူး။ ယန်နိုင်အာ... သူ မကြာခင် ဖျက်ဆီးခံရတော့မှာ။”
ဆိုလွန် ထပ်မေးရန် အချိန်ပင် မရလိုက်ခင်မှာပင် သူမ လှည့်ထွက်သွားသည်။
ဆိုလွန်တစ်ယောက် အပြင်းအထန် တွေးတောရင်း ခန်းမထဲသို့ ပြန်လည်ဝင်လာ၏။ မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ များသောအားဖြင့် ပြစ်မှုသုံးခုကိုသာ အပြစ်ပေးလေ့ရှိသည်။
မြင့်မြတ်နတ်နဂါး ယုံကြည်မှုကို ဆန့်ကျင်ခြင်း ၊ နဂါးစွမ်းအား ကျင့်ကြံခြင်းကို ဆန့်ကျင်ခြင်းနှင့် လူသားတို့၏ စည်းမျဉ်းကို ဆန့်ကျင်သည့် ပြစ်မှုတို့ပင်။
ထိုစည်းမျဉ်းများကို မချိုးဖောက်သရွေ့ သူတို့က မည်သူ့ကိုမှ ဖမ်းဆီးမည် မဟုတ်ချေ။ ထို့အပြင် လောက၏ အထွတ်အထိပ်၌ ရပ်တည်နေကြသူများ ဖြစ်ကြရာ မည်သူကမှ သူတို့အား အဖမ်းအဆီးပြုလုပ်ရန်အတွက် ငှားရမ်း၍ ရနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ယန်ရွှမ်းက မည်သည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့သနည်း။ တစ်နှစ်ပင် မပြည့်သေးသည့် အချိန်အတွင်း၌ သူမလေးက မယုံနိုင်လောက်အောင်ကို အင်အားကြီးမားလာခဲ့ကာ အသက် ၂၂ နှစ်အရွယ်ဖြင့် နဂါးစစ်သည်တော်အဆင့်သို့ပင် ရောက်နေလေပြီ။
သူမ၏ စရိုက်လက္ခဏာကလည်း ပြောင်းလဲသွား၏။
နဂါးစွမ်းအား ကျင့်ကြံခြင်းကို ဆန့်ကျင်သည်ဟု ကျောင်းတော်က သူမအား သံသယဝင်နေခြင်း ဖြစ်နိုင်သည်။
သို့သော် ရုတ်တရက် အဆင့်တက်သွားခြင်းမှာ ရှားပါးသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ အလျင်အမြန် အင်အားကြီးမားလာသူတိုင်းကို ကျောင်းတော်အနေဖြင့် လိုက်လံဖမ်းဆီး၍ မရနိုင်ပေ။
ထို့အပြင် ထူလင်းတိသည်လည်း ဤနေရာ၌ ရှိနေ၏။ သူမက ကျောင်းတော်အတွက် မဟုတ်ဘဲ နုလန်ဘုရင့်နိုင်ငံအတွက် အလုပ်လုပ်ပေးသူ ဖြစ်သည်။
ထိုသို့ဆိုလျှင် သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ဆိုလွန်တစ်ယောက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ရရှိသွားမည့်အရေးမှ တားဆီးရန်သာ ဖြစ်ရမည်။
**--**--**--**--**--**--**--**
ဆိုလွန် ယန်ရွှမ်းထံသို့ လျှောက်သွားကာ ပြောလိုက်သည်။ “ကျုပ်နောက်ကို လိုက်ခဲ့။”
သူတို့ လသာဆောင်သို့ ရောက်လာပြီးနောက် ဆိုလွန်က ပြော၏။ “မြင့်မြတ်နတ်နဂါးကျောင်းတော်က သခင်မလေးကို ဖမ်းဖို့ ရောက်နေပြီ။”
ယန်ရွှမ်း မျက်မှောင်ကြုတ်သွားသည်။ “မြင့်မြတ်နတ်နဂါးကျောင်းတော် ဟုတ်လား။ ထျန်ယဲ့မြို့ရဲ့ အကြီးအကဲကောင်စီက ကျွန်မကို တိုက်ခိုက်ဖို့အတွက်နဲ့ ကျောင်းတော်ကို စေခိုင်းနိုင်လောက်တဲ့ အာဏာမရှိဘူး။”
ဆိုလွန်က ပြန်ဖြေသည်။ “ကောင်စီက မလုပ်နိုင်ပေမယ့် နုလန်ဘုရင့်နိုင်ငံက ကျိလီကတော့ လုပ်နိုင်လောက်တယ်။ အကယ်၍ ကျောင်းတော်က သခင်မလေးကို ဖမ်းမယ်ဆိုရင် အဲဒါက အဓိက စည်းမျဉ်းသုံးခုနဲ့ ပတ်သက်နေရမယ်။ သခင်မလေးရဲ့ အင်အားက အရမ်းမြန်မြန် တိုးတက်လာလို့ သူတို့က သခင်မလေးကို ပစ်မှတ်ထားနေတာ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ အဲဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်သေးဘူး။ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိနေရမယ်။”
ယန်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် တစ်ဖက်သို့ လှည့်ကြည့်နေလိုက်၏။
ထိုအချိန်၌ပင် လုံးဝ အမည်းရောင်ဖြစ်နေသည့် မြင်းလှည်းတစ်စီးက ထိုနေရာသို့ ဝင်ရောက်လာသည်။ မြင်းလှည်း ဖြတ်သွားချိန်၌ လူတိုင်းက ဒူးထောက်လိုက်ကြ၏။
ထိုမြင်းလှည်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးပိုင် မြင်းလှည်းဖြစ်သည်။ ယန်ရွှမ်းက ခန်းမထဲရှိ ဖန်ချင်းရှူအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ ဘာလုပ်ရမလဲ ဆိုတာကို သိပြီ။”
မြင်းလှည်းမှာ ဥယျာဉ်ထဲ၌ ရပ်တန့်သွား၏။ အထဲမှ အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦး ဆင်းလာကြသည်။
သူမတို့၏ ရင်ဘတ်ထက်၌ အဖြူရောင် မြင့်မြတ်နတ်နဂါးပုံစံအား ချယ်မှုန်းထား၏။ သူတို့မှာ ကျောင်းတော်၏ တရားသူကြီးများပင်။
လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး သူတို့အား အလွန်အမင်း ရိုသေစွာဖြင့် ဂါဝရပြုလိုက်ကြသည်။ ဖန်ချင်းရှူပင်လျှင် အရိုအသေပေးလိုက်ရ၏။
ဖန်ချင်းရှူထံ၌ တရားသူကြီးများထက် ပို၍မြင့်မားသော ရာထူးရှိသော်ငြား သူတို့၏ ဝတ်ရုံများက မြင့်မြတ်နတ်နဂါး၏ အကြွင်းမဲ့အာဏာကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ သူ့အနေဖြင့် လေးစားမှု ပြသရမည်သာ။
တရားသူကြီးများက ယန်ရွှမ်း၏ ရှေ့၌ ရပ်လိုက်ကြသည်။ တစ်ဦးက မေးလိုက်၏။ “သခင်မလေး ယန်ရွှမ်းလား။”
ယန်ရွှမ်းက အေးစက်စွာ ပြန်ဖြေသည်။ “ဟုတ်တယ်။ ကျွန်မပဲ။”
တရားသူကြီးက ပြော၏။ “ကျေးဇူးပြုပြီး ကျောင်းတော်တရားရုံးကို ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပေးပါ။”
ယန်ရွှမ်းက အေးစက်စွာ မေးလိုက်သည်။ “ဘာအကြောင်းကြောင့်လဲ။”
တရားသူကြီးက ကြေညာလိုက်၏။ “မြင့်မြတ်နတ်နဂါး ယုံကြည်မှုကို ဆန့်ကျင်ခြင်း ၊ နဂါးစွမ်းအား ကျင့်ကြံခြင်းကို ဆန့်ကျင်ခြင်းနဲ့ လူသားတို့ရဲ့ စည်းမျဉ်းကို ဆန့်ကျင်တဲ့ ပြစ်မှုတွေအတွက် သင့်ကို ကျွန်မတို့ သံသယရှိတယ်။”
ဆိုလွန်အပါအဝင် လူတိုင်း အံ့အားသင့်သွားကြရသည်။
သူမ၏ ရုတ်တရက် အင်အားကြီးမားလာမှုကြောင့် နဂါးစွမ်းအား ကျင့်ကြံခြင်းကို ဆန့်ကျင်သည်ဟူ၍သာ စွပ်စွဲမည်ဟု ဆိုလွန် ထင်မှတ်ထားခဲ့၏။
သို့သော် အဓိက စည်းမျဉ်းသုံးခုလုံးကို ချိုးဖောက်သည်ဟု စွပ်စွဲလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့မိချေ။ သမိုင်းတစ်လျှောက်၌ ပြစ်မှုသုံးခုလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ရသူမှာ မရှိသလောက်ပင်။
ယန်ရွှမ်းက အေးစက်စွာ မေးလိုက်သည်။ “ရှင်တို့ဆီမှာ ဘာသက်သေရှိလို့လဲ။”
တရားသူကြီးက အေးစက်စွာ ပြန်ဖြေ၏။ “တရားရုံးရောက်ရင် သင် သိရပါလိမ့်မယ်။ အကယ်၍ သင်က အပြစ်ကင်းစင်တယ်ဆိုရင် သင့်ကို လွှတ်ပေးပြီး လျော်ကြေးပေးပါ့မယ်။”
ရယ်စရာကောင်းလှ၏။ အနီးဆုံး တရားရုံးမှာ မိုင်ပေါင်းထောင်ချီ ကွာဝေးသည့် နုလန်ဘုရင့်နိုင်ငံ၏ တော်ဝင်မြို့တော်၌ ရှိသည်။
အကယ်၍ သွားလျှင်ပင် မည်သည့်အချိန်မှ ပြန်ထွက်လာရမည်ကို မည်သူက သိနိုင်မည်နည်း။ ထိုအချိန်သို့ ရောက်လျှင် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ပို၍ဆိုးရွားသည်မှာ တရားရုံးမှာ တစ်သက်လုံး မပျောက်နိုင်သည့် အမာရွတ်များ ကျန်ရစ်စေမည့် ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်မှုများကို အသုံးပြုလေ့ရှိခြင်းပင်။
ရုတ်တရက် ဆိုလွန်၏ နှလုံးသားထဲရှိ အသူရာမိစ္ဆာကြယ်က စကားပြောလာ၏။
“သခင်... စိတ်အေးအေးထားပါ။ သူတို့က ယန်ရွှမ်းကို ရှာနေတာ မဟုတ်ဘူး။ ကျွန်တော့်ကို ရှာနေတာ။ ဒါမှမဟုတ် အခြားတစ်ယောက်က ယန်ရွှမ်းရဲ့ စစ်တပ်ကို သိမ်းယူနိုင်ဖို့အတွက် အသူရာမိစ္ဆာကြယ်ကို လိုက်လံရှာဖွေနေတယ်ဆိုတာကို ဆင်ခြေတစ်ခုအနေနဲ့ သုံးပြီး သူ့ကို ဖမ်းဆီးဖို့ ကြိုးစားနေတာ။”
ဆိုလွန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲ၌ နှလုံးကမူ အပြင်းအထန် ခုန်ပေါက်နေ၏။ ကျောင်းတော်က အသူရာမိစ္ဆာကြယ်အား လိုက်လံရှာဖွေနေသည်လော။
ဖြစ်နိုင်ခြေ ရှိလှသည်။ အသူရာမိစ္ဆာကြယ်က နဂါးစွမ်းအားကို စားသုံးပြီး လောကကြီးကို ဖျက်ဆီးရန် ကြိုးစားခြင်းဖြင့် စည်းမျဉ်းသုံးခုလုံးကို ချိုးဖောက်ထားသည် မဟုတ်ပါလော။
အသူရာမိစ္ဆာကြယ်က ရှင်းပြ၏။ “ကျွန်တော် မွေးဖွားလာတဲ့အချိန်မှာ ကျောင်းတော်က လက္ခဏာတစ်ခုခုကို လက်ခံရရှိခဲ့မှာ သေချာတယ်။ အဲဒီအချိန်တုန်းက ယန်နိုင်အာက ကောင်းကင်မိစ္ဆာ တောင်တန်းမှာ ရှိနေခဲ့တာလေ။”
“အဲဒီကနေ ထွက်သွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ခွန်အားနဲ့ စရိုက်လက္ခဏာတွေက လုံးဝ ပြောင်းလဲသွားခဲ့တယ်။ အဲဒါက သူတို့ကို သူ့အပေါ် သံသယဝင်စရာ အကြောင်းပြချက် ဖြစ်သွားစေတာပဲ။”
“သူတို့က ငါ့ကိုကျတော့ ဘာလို့ သံသယမဝင်တာလဲ။” ဆိုလွန် သူ၏ စိတ်ထဲမှနေ၍ မေးလိုက်သည်။ “ဘာလို့ ငါ့ကို လိုက်မရှာကြတာလဲ။”
“ဘာလို့လဲဆိုတော့ အသူရာမိစ္ဆာကြယ်ရဲ့ သခင်က တခြားကမ္ဘာကနေ လာရမှာဖြစ်လို့ပဲ။ သူတို့အတွက်ကတော့ သခင်က ဒီကမ္ဘာက လူတစ်ယောက်ဖြစ်တဲ့ ဆိုလွန် ဖြစ်နေတာကိုး။ ဒါကြောင့်မို့လို့ သူတို့က သခင့်ကို သံသယမဝင်ကြတာပါ။”
ဆိုလွန်က ထောက်ပြလိုက်သည်။ “ဒါပေမဲ့ ယန်နိုင်အာကလည်း ဒီကမ္ဘာကပဲလေ။”
အသူရာမိစ္ဆာကြယ်က ပြန်ပြော၏။ “မှန်ပါတယ်။ တစ်ယောက်ယောက်က သူ့ကို ဖမ်းချုပ်ဖို့အတွက် အသူရာမိစ္ဆာကြယ်ကို ဆင်ခြေတစ်ခုအနေနဲ့ သုံးနေတာပဲ။ အဲဒါက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ခိုးယူဖို့အတွက် သူတို့ကို ပြီးပြည့်စုံတဲ့ အခွင့်အရေးကို ပေးနေတာလေ။ ကျောင်းတော်ရဲ့ ခေါင်းဆောင်တွေလည်း ယန်နိုင်အာက ကျွန်တော့်ရဲ့ သခင်မဟုတ်ဘူးဆိုတာ သိကြပါတယ်။”
ဆိုလွန် သဘောပေါက်သွား၏။ ဤသည်က ကျိလီ၏ အစီအစဉ်ပင်။ ရည်ရွယ်ချက်မှာ ဆိုလွန်တစ်ယောက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ရရှိသွားမည့်အရေးမှ တားဆီးရန်ဖြစ်သည်။
ဆိုလွန် ထျန်ယဲ့မြို့၌ ရှိနေသလား ဆိုသည်ကိုပင် ကျိလီ မသိချေ။ ယန်နိုင်အာအား ဖမ်းဆီးလိုက်ခြင်းဖြင့် ဆိုလွန် မသိမ်းယူနိုင်ခင်မှာပင် ကြေးစားစစ်သည်အဖွဲ့ကို ဖျက်ဆီးပစ်နေခြင်း ဖြစ်သည်။
ကျောင်းတော်က မည်မျှအထိ အကျင့်ပျက်ခြစားနေကြောင်းကို ဆိုလွန် သတိထားမိလိုက်၏။ အသူရာမိစ္ဆာကြယ်ကို လိုက်လံရှာဖွေခြင်းက သူတို့၏ အမြင့်မြတ်ဆုံးသော တာဝန်ဖြစ်သော်လည်း သူတို့ကမူ ထိုအရာအား နိုင်ငံရေးလှည့်ကွက်တစ်ခုအဖြစ် အသုံးပြုနေကြသည်။
ယန်ရွှမ်းက ဤကမ္ဘာမှ ဖြစ်သောကြောင့် သူမ၌ အပြစ်မရှိမှန်းကို ကျောင်းတော်က သိနေပြီးဖြစ်သည်။ ထိုသို့တိုင်အောင် ယန်ရွှမ်းအား ဖမ်းဆီးလိုက်ခြင်းက သူတို့သည် ကျိလီနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းကို သက်သေပြနေခြင်းပင်။
ကျောင်းတော်က အဘယ်ကြောင့် ကျိလီအား ကူညီရမည်နည်း။ ဖန်ချင်းရှူ၏ အခန်းကဏ္ဍကရော မည်သည်နည်း။ လက်ရှိအချိန်၌ ထိုအရာများက အရေးမကြီးတော့ချေ။
တရားသူကြီးများ ယန်ရွှမ်းအား ခေါ်ဆောင်သွားမည်ကို ဆိုလွန် ခွင့်မပြုနိုင်ပေ။
အပိုင်း ၂၅၃ + ၂၅၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team