← Chapters

အပိုင်း ၂၅၅ + ၂၅၆

Vol. 26 Ch. 255+256

အပိုင်း ၂၅၅ + ၂၅၆

Vol. 26 Ch. 255+256

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

တစ်ခုတည်းသော ထွက်ပေါက်မှာ ယန်ရွှမ်းက အသူရာမိစ္ဆာကြယ်၏ သခင် မဟုတ်ကြောင်း သက်သေပြရန်သာ ဖြစ်၏။

သို့သော် ထိုသို့ ထုတ်ပြောခြင်းက ကိုယ့်သေတွင်းကို တူးသည်နှင့် မခြားနားပေ။

အသူရာမိစ္ဆာကြယ်အား လိုက်လံရှာဖွေနေခြင်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ထိုကိစ္စကို သိနေခြင်းကပင် သူနှင့် အသူရာမိစ္ဆာကြယ်တို့ကြား ဆက်စပ်မှုရှိနေကြောင်း သက်သေပြနေပြီး ချက်ချင်း ဖမ်းဆီးခံရပေလိမ့်မည်။

ထိုသို့ဆိုလျှင် ပြန်လည်ခုခံတိုက်ခိုက်နိုင်မည်လား။ လုံးဝ မဖြစ်နိုင်ချေ။

ယန်ရွှမ်းက အင်မတန် သန်မာလှသော်လည်း ထျန်ယဲ့မြို့၏ ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်နှစ်ဦး ၊ ဖန်ချင်းရှူနှင့် ကျောင်းတော်၏ တရားသူကြီး နှစ်ဦးတို့ ပေါင်းထားသည့် အင်အားကို မယှဉ်နိုင်ချေ။

ဆိုလွန်က သူ မည်သူဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုပြီး ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို စွန့်လွှတ်ကာ သူမ၏ အသက်ကို ချမ်းသာပေးရန် တောင်းဆိုနိုင်မည်လား။ ထိုသည်က ရိုးအလွန်းလှ၏။

မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးက သူတို့ ဖမ်းချင်သည့် မည်သူ့ကိုမဆို ဖမ်းဆီးလေ့ရှိသည်။

ထိုအခိုက် ယန်ရွှမ်းက တရားသူကြီးများကို စိုက်ကြည့်လျက် ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်မ တရားရုံးကို မလိုက်နိုင်ဘူး။"

တရားသူကြီးများထံမှ အသက်ရှူကျပ်မတတ် ဖိအားများ ထွက်ပေါ်လာ၏။ တစ်ဦးက ခက်ထန်စွာ မေးသည်။ "မြင့်မြတ်နတ်နဂါးကျောင်းတော်ကို ဆန့်ကျင်နေတာလား။"

ယန်ရွှမ်းက ဖန်ချင်းရှူဘက်သို့ လှည့်လိုက်၏။ "သခင်လေး ဖန်ချင်းရှူ... ကျွန်မဆီမှာ ကျောင်းတော်ကို ပူဇော်ချင်တဲ့ ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒါကို ရှင့်ကနေတစ်ဆင့် ပေးလို့ရမလား။"

အံ့အားသင့်သွားသော ဖန်ချင်းရှူက ပြုံးလျက် မေးလိုက်သည်။ "သခင်မလေးယန်... ပစ္စည်းက ဘာများလဲ။"

ယန်ရွှမ်းက မျက်နှာသေဖြင့် ပြန်ဖြေသည်။ "ရှေးဟောင်း မြင့်မြတ်နတ်နဂါးကြီး ချန်ရစ်ခဲ့တဲ့ ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်တိုင်ပဲ။ ကောင်းကင်မိစ္ဆာ တောင်တန်းမှာ တွေ့ခဲ့တာ။"

"ဒါက ကျွန်မ အမြန် သန်မာလာရတဲ့ အကြောင်းရင်းပဲ။"

ဖန်ချင်းရှူတစ်ယောက် မှင်သက်သွားရပြီး တရားသူကြီးများမှာလည်း တုန်လှုပ်သွားကြ၏။ ကျောင်းတော်၏ အာဏာစက်မှာ မြင့်မြတ်နတ်နဂါးအား ကိုးကွယ်ယုံကြည်မှုမှ လာခြင်းဖြစ်ပြီး ထိုနဂါးကြီးမှာ နဂါးမျိုးဆက်သွေးများနှင့် နဂါးစွမ်းအားများအားလုံး၏ အရင်းအမြစ်ပင်။

နတ်နဂါးကြီး ချန်ရစ်ခဲ့သည့် မည်သည့်အရာမဆို အလွန်မြင့်မြတ်သော အမွေအနှစ်တစ်ခု ဖြစ်၏။

ယန်ရွှမ်းတစ်ယောက် ထိုသို့သော အမွေအနှစ်ကို ရှာတွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြသလို အလွယ်တကူ ပေးအပ်လိမ့်မည်ဟုလည်း သူတို့ မတွေးထားမိခဲ့ကြချေ။

ဤသည်က သူမအပေါ် သံသယဝင်နေမှုများကို ရှင်းလင်းသွားစေပြီး ရုတ်တရက် ပိုမိုသန်မာလာရခြင်းအတွက်လည်း ရှင်းပြပြီးသား ဖြစ်သွားသည်။

သူမမှာ ပြစ်မှုကျူးလွန်သူ မဟုတ်လေဘဲ ကောင်းချီးပေးခံရသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်၏။ ကျောက်တိုင်ကို ပူဇော်လိုက်ခြင်းဖြင့် ကျောင်းတော်၏ ကျေးဇူးတင်မှုကို ရရှိသွားလေပြီ။ လက်ရှိအချိန်၌ သူမအား ဖမ်းဆီးရန်မှာ မဖြစ်နိုင်တော့ချေ။

ယန်ရွှမ်းက ထပ်မံ၍ မေးလိုက်သည်။ "သခင်လေး ဖန်ချင်းရှူ... ဒါကို ရှင့်ကနေတစ်ဆင့် ပူဇော်လို့ ရနိုင်မလား။"

ဖန်ချင်းရှူက ချက်ချင်း ပြန်ပြော၏။ "ရတာပေါ့။ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ သခင်မလေး ယန်ရွှမ်း... အခုချိန်ကစပြီး သခင်မလေးက ကျောင်းတော်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သွားပါပြီ။"

ပြောပြီးနောက် တရားသူကြီးများဘက်သို့ လှည့်လိုက်သည်။ "သခင်မလေ ယန်ရွှမ်းဆီမှာ ရှေးဟောင်း မြင့်မြတ်နတ်နဂါးကြီးရဲ့ အမှတ်အသား ရှိနေပြီဖြစ်လို့ အပြစ်ကင်းရှင်းသွားပါပြီ။ ဖမ်းဆီးမယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပါ။ ပူဇော်မှုကို လက်ခံဖို့အတွက် ကျွန်တော်နဲ့ အတူတူ လိုက်ခဲ့ပေးကြပါ။"

တရားသူကြီးများ​က ခေါင်းညိတ်လိုက်ကြသည်။ "ကျွန်မတို့ လိုက်ခဲ့ပါ့မယ်။ အကယ်၍ ကျောက်တိုင်က အစစ်ဆိုရင် အပြစ်ကင်းစင်ပါတယ်။"

ဖန်ချင်းရှူက ထူလင်းတိဘက်သို့ လှည့်လိုက်သည်။ "သခင်မလေး ထူလင်း... နုလန်ဘုရင့်နိုင်ငံရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီကိစ္စကို သက်သေအဖြစ် လိုက်ကြည့်သင့်ပါတယ်။"

ထူလင်းတိက ပြုံးလိုက်၏။ "ဒါက ကျွန်မအတွက် ဂုဏ်ယူစရာပါ။"

မျက်နှာထက်၌ ပြုံးနေသော်ငြား သူမ၏ မျက်လုံးများကမူ အလွန်အမင်း အေးစက်နေ၏။ သူမ၏ တာဝန်မှာ ဆိုလွန်၏ မဟာမိတ်များကို ဖယ်ရှားရန်အတွက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဖျက်ဆီးပစ်ရန်ပင်။

ထျန်ယဲ့မြို့ထဲအထိ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ခြင်းက အလွန်အမင်း အထိနာစေနိုင်သောကြောင့် ယန်ရွှမ်းအား ဖမ်းဆီးရန်အတွက် ကျောင်းတော်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင် မရှိတော့ပါက မြို့၏ ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်နှစ်ဦးက ကြေးစားစစ်သည်အဖွဲ့ကို ဝါးမျိုသွားကြလိမ့်မည်။ သို့သော် ယန်ရွှမ်းတစ်ယောက် မြင့်မြတ်သော အမွေအနှစ်ကို အလွယ်တကူ စွန့်လွှတ်ပြီး လွတ်မြောက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ထူလင်းတိတစ်ယောက် သူမ၏ စိတ်ပျက်မှုကို ဖုံးကွယ်ထားစဉ်မှာပင် ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်နှစ်ဦးတို့ကမူ ဒေါသထွက်နေကြ၏။

ယနေ့ည၌ ယန်ရွှမ်း၏ ပျက်စီးခန်းကို မျှော်လင့်ထားခဲ့ကြသော်လည်း သူတို့၏ သားကောင်မှာ လက်တစ်ကမ်းမှနေ၍ လွတ်မြောက်သွားသည်။

ထျန်ယဲ့မြို့စား ကျိကန်းက အတင်း ပြုံးလိုက်သည်။ "တူမလေး ယန်ရွှမ်းရဲ့ ပူဇော်မှုက ထျန်ယဲ့မြို့အတွက် ဂုဏ်ယူစရာပဲ။ ဦးလေးလည်း လိုက်ပြီး သက်သေလုပ်ပေးလို့ ရမလား။"

ဖန်ချင်းရှူက ခေါင်းညိတ်လိုက်၏။ "ရတာပေါ့။ လူတိုင်း ရှိနေတာက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ယူထားတယ်ဆိုတဲ့ ကောလာဟလတွေကို တားဆီးပေးနိုင်ပါတယ်။ သခင်မလေး ယန်ရော ဘယ်လိုသဘောရလဲ။"

ယန်ရွှမ်းက အသာပင် ခေါင်းညိတ်လိုက်သည်။ "ရပါတယ်။" ထို့နောက် အပြင်သို့ လျှောက်ထွက်သွားလိုက်၏။

**--**--**--**--**--**--**--**

စခန်းသို့ အပြန်လမ်း၌ ဆိုလွန်နှင့် ယန်ရွှမ်းတို့ မြင်းလှည်းတစ်စီးတည်း အတူတူ စီးလာကြသည်။

ယန်ရွှမ်းက မေးသည်။ "လန်လင်း... ရှင် ကျွန်မကို တောင်တစ်သောင်း တောင်တန်းမှာ မြင်ခဲ့တယ်လို့ ပြောခဲ့တယ်နော်။"

ဆိုလွန် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။"

"ကျွန်မ အများကြီး ပြောင်းလဲသွားလား။"

"ဟုတ်တယ်။ တခြားလူတစ်ယောက်လိုပဲ လုံးဝကို ပြောင်းလဲသွားတာ။"

ယန်ရွှမ်းက မျက်လွှာချလိုက်သည်။ "အဲဒါက ကျွန်မရဲ့ အဖေ ဆုံးပါးသွားပြီဖြစ်လို့ပဲ။"

ဤကဲ့သို့ သေရေးရှင်ရေးတမျှ အရေးကြီးလှသည့် လျှို့ဝှက်ချက်ကြီးကို အလွယ်တကူ ထုတ်ပြောလာသည့်အတွက် ဆိုလွန် အံ့အားသင့်သွားရသည်။

ပြောင်းလဲသွားသည်မှာလည်း မဆန်းတော့ချေ။ သူတို့နှစ်ယောက်က ဘဝတူများ ဖြစ်ကြ၏။ သူက ဆိုမိသားစု၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရပြီး သူမကမူ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ကာကွယ်ပေးနေရသည်။

ယန်ရွှမ်းက ဆိုလွန်အား စိုက်ကြည့်ကာမေးလာသည်။ "ရှင် ဘာလို့ မအံ့သြတာလဲ။"

ဆိုလွန်က တည်ငြိမ်စွာပင် ပြန်ဖြေ၏။ "တော်တော်များများက ရိပ်မိနေကြပြီပဲလေ။"

ယန်ရွှမ်းက ဆက်ပြောသည်။ "နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ပေးလိုက်ရတာ ကိစ္စမရှိပါဘူး။ အဲဒီအထဲက စွမ်းအင်တွေက ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားခဲ့ပြီ။ တကယ့် ပြဿနာက အဖေ့ရဲ့ သေဆုံးမှုကို ကျွန်မ ဆက်ပြီး ဖုံးကွယ်ထားလို့ မရနိုင်တော့တာပဲ။ မြို့စား ကျိကန်းက ကျောက်တိုင်အတွက် လာခဲ့တာ မဟုတ်ဘူး။ သူက အဖေသေဆုံးသွားတာ သေချာသွားရင် တစ်လောကလုံးကို ကြေညာချင်လို့ လိုက်လာတာ။"

ယန်ယန်၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားလှ၏။

သက်ရှိထင်ရှား ရှိစဉ်အခါက ထျန်ယဲ့မြို့၏ သရဖူဆောင်းမထားသော ဘုရင်တစ်ပါးဖြစ်ပြီး မည်သူကမှ သူတို့ကို မတိုက်ခိုက်ရဲခဲ့ကြချေ။ သို့သော် သူ၏ သေဆုံးမှု သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အခြားသော ဝံပုလွေများက ကြေးစားစစ်သည်အဖွဲ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြပေလိမ့်မည်။

သူမက မေးလာ၏။ "သတင်းတွေ ပျံ့သွားရင် ဘာဖြစ်လာမလဲ ရှင် သိလား။"

"စစ်သည်အဖွဲ့ ပြိုကွဲသွားပြီး ရန်သူတွေက ကျုပ်တို့ကို ဝါးမျိုသွားလိမ့်မယ်။"

ယန်ရွှမ်းက ခေါင်းညိတ်သည်။ "လူတွေက ကျွန်မတို့ကို သာမန် ကြေးစားစစ်သည်တွေလို့ပဲ ထင်နေကြတာ။ ကျွန်မတို့ ဘာတာဝန်မှ မယူဘဲ တစ်နှစ်ကို ငွေဘယ်လောက် ဝင်လဲဆိုတာ ရှင် သိလား။"

ဆိုလွန်က ခေါင်းရမ်းလိုက်၏။

ယန်ရွှမ်းက ဖြည်းညှင်းစွာ ပြောသည်။ "ရွှေဒင်္ဂါး နှစ်သောင်းကျော်တယ်။"

ဆိုလွန်တစ်ယောက် မှင်သက်သွားရ၏။ ထိုငွေက စစ်သည် တစ်သောင်းကို ကျွေးမွေးထားရန်အထိပင် လုံလောက်လှသည်။

မြို့စားကြီးများပင်လျှင် ထိုမျှလောက် ငွေကြေးကို မနည်းရှာဖွေနေရပြီး အခွန်အခများကိုလည်း ပေးဆောင်ရသေး၏။ သို့သော် သူမ၏ လူသုံးထောင်သာရှိသည့် ကြေးစားစစ်သည်အဖွဲ့ကမူ အသားတင်အမြတ်အဖြစ် ရရှိနေခြင်းပင်။

ယန်ရွှမ်းက ရှင်းပြလိုက်သည်။ "ထျန်ယဲ့မြို့က တောင်ပိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေးဗဟိုချက်ပဲ။ ရှီးလျန်ဘုရင့်နိုင်ငံ ၊ တောင်ပိုင်း လူရိုင်းတွေ ၊ နုလန်ဘုရင့်နိုင်ငံ ၊ မီးလျံအင်ပါယာနဲ့ ညသစ်ခွ မြို့စားနယ်မြေတို့ဆီကနေ ဝင်လာတဲ့ မြေအောက်ကုန်သွယ်မှုတွေဆီကနေ မြို့အုပ်ချုပ်ရေးကောင်စီက အခွန်ကောက်တယ်။ တစ်နှစ်ကို ရွှေဒင်္ဂါး တစ်သိန်းကျော်ရပြီး ကောင်စီရဲ့ ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်သုံးဦးကို ခွဲဝေပေးတယ်။ ကျွန်မတို့က အင်အားအကြီးဆုံးဖြစ်လို့ ၂၀ ရာခိုင်နှုန်းကို ယူတယ်။"

ဆိုလွန် သဘောပေါက်သွား၏။ "ဒါဆိုရင် သခင်မလေးတို့ရဲ့ စစ်သည်အဖွဲ့ကို ဖျက်ဆီးတယ်ဆိုတာက စစ်သည် သုံးထောင်ကို ယူဖို့သက်သက်မဟုတ်ဘဲ ဝင်ငွေကို လုယူချင်လို့ပေါ့။"

"ဟုတ်တယ်။ ကျွန်မအဖေက ထျန်ယဲ့မြို့ရဲ့ ဝံပုလွေဘုရင်ပဲ။ သူ့နေရာကို ဆက်ခံဖို့ ကျွန်မဆီမှာ လုံလောက်တဲ့ ဩဇာအာဏာ မရှိသေးဘူး။ ကျွန်မကို အနိုင်ယူနိုင်တဲ့သူတိုင်းက ဘုရင်သစ် ဖြစ်လာလိမ့်မယ်။" ထျန်ယဲ့မြို့မှာ အင်အားကြီးသူသာ အနိုင်ရသည့် တောတွင်းဥပဒေသဖြင့်သာ လည်ပတ်နေခြင်း ဖြစ်၏။

ယန်ရွှမ်းက ဆက်ပြောသည်။ "ကျွန်မက သူတို့ကို အချိန်ဆွဲထားဖို့အတွက် ခင်ပွန်းသည် ရှာနေသလိုမျိုး ဟန်ဆောင်ခဲ့တာ။ သူတို့ကလည်း အာဏာသိမ်းဖို့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ အမွေဆက်ခံသူတွေကို စေလွှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီညကစပြီး အဲဒီလှည့်ကွက်က အသုံးမဝင်တော့ဘူး။ အခုတော့ သေရေးရှင်ရေး တိုက်ပွဲပဲ ကျန်တော့တယ်။"

သူမက ဆိုလွန်အား စိုက်ကြည့်လိုက်သည်။ "လန်လင်း... ကျွန်မ ဘာလုပ်သင့်လဲ။ အပြင်က ရန်သူတွေကို အရင်တိုက်ထုတ်သင့်လား ဒါမှမဟုတ် ကိုယ့်အဖွဲ့တွင်းက အင်အားကို အရင်ထိန်းချုပ်သင့်သလား။"

သတင်းပျံ့နှံ့သွားသည်နှင့် ကြေးစားစစ်သည်အဖွဲ့မှာ ပြိုကွဲသွားမည်ဖြစ်ပြီး ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်နှစ်ဦးကလည်း ဝင်ရောက်တိုက်ခိုက်ကြလိမ့်မည်။ အတွင်းပိုင်း ပုန်ကန်မှုနှင့် အပြင်ဘက်မှ ရန်သူများကြား၌ ကြေးစားစစ်သည်အဖွဲ့မှာ နှစ်လပင် ခံနိုင်မည် မဟုတ်ချေ။

မြို့မှထွက်ခွာပြီး သူ၏ လက်အောက်သို့ ဝင်ရောက်လာရန် ဆိုလွန် မျှော်လင့်နေမိ၏။ သို့သော် နောက်ဆုတ်ခြင်းက စစ်တပ်၏ စိတ်ဓာတ်ကို ပျက်ပြားသွားစေလိမ့်မည်။

ယန်ရွှမ်းက မေးသည်။ "ကျွန်မ ထွက်သွားပြီး နုလန်ဘုရင့်နိုင်ငံ ဒါမှမဟုတ် ရှီးလျန်ဘုရင့်နိုင်ငံဆီ သစ္စာခံလိုက်သင့်လား။"

"နိုင်ငံနှစ်ခုလုံးက တမန်တော်တွေ ကျွန်မဆီ လာခဲ့ကြတယ်။ သူတို့က ကျွန်မကို တပ်မှူးကြီး ခန့်မယ်။ ကြေးစားစစ်သည်အဖွဲ့ကိုလည်း အပြည့်အဝ ထိန်းချုပ်ခွင့်ပေးမယ့်အပြင် လူတစ်သောင်းပြည့်တဲ့ စစ်တပ်တစ်ခုဖြစ်လာဖို့ နောက်ထပ် စစ်သည် ခုနစ်ထောင်ကိုပါ ထပ်ဖြည့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ ညသစ်ခွ မြို့စားနယ်မြေက အများဆုံး ကမ်းလှမ်းထားတယ်။ အကယ်၍ သူတို့ဆီသာ ဝင်မယ်ဆိုရင် ကိုယ်ပိုင်မြို့တစ်မြို့ပါတဲ့ မြို့စားကြီး ဖြစ်လာမယ့်အပြင် အိမ်ရှေ့မင်းသားနဲ့ပါ လက်ထပ်ရလိမ့်မယ်တဲ့။"

ညသစ်ခွ မြို့စားနယ်မြေမှာ လူဦးရေ ကိုးသန်းနှင့် စစ်သည်အင်အား နှစ်သိန်းအထိ ရှိပြီး အလွန်အမင်း အင်အား ကြီးမားလှ၏။

သူက အားအနည်းဆုံးဖြစ်နေမှန်း ဆိုလွန် သဘောပေါက်သွားသည်။

"သခင်မလေး ဆုံးဖြတ်ပြီးပြီလား။ သူတို့ထဲက တစ်ခုခုဆီ ဝင်မှာလား။"

ယန်ရွှမ်းက ခေါင်းခါလိုက်သည်။ "မဝင်ဘူး။ ဝင်လိုက်ရင် ကျွန်မတို့ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။ ဒါက ကျွန်မအဖေရဲ့ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုတွေပဲ။ အဲဒါကို ကျွန်မ အဖျက်ဆီး မခံနိုင်ဘူး။"

ဆိုလွန် ထိုသို့ မျှော်လင့်ထားခဲ့သော်လည်း ဤသည်က သူ့ အတွက်တော့ သတင်းဆိုးတစ်ခုပင်။ သူ၏ လက်အောက်၌ တာဝန်ထမ်းဆောင်ခြင်းကလည်း သူတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေမည်သာ။

ဆိုလွန်က လေးနက်စွာ ပြောလိုက်သည်။ "ဆိုတော့ကာ သခင်မလေးက စစ်သည်အဖွဲ့နဲ့ မြို့အပေါ် ဩဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားချင်တာပေါ့။ ဒါဆိုရင် သေရေးရှင်ရေး တိုက်ပွဲအတွက် အဆင်သင့် ဖြစ်ပြီလား။"

ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ "အင်း။ ထွက်ပြေးရမယ့်အစား တိုက်ပွဲဝင်ရင်းနဲ့ပဲ သေလိုက်မယ်။"

ဆိုလွန် တွေးတောရန်အတွက် မျက်လုံးများကို မှိတ်လိုက်၏။ နောက်ဆုံး၌ လေးနက်စွာ ပြောလိုက်သည်။ "သခင်မလေး စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုမှတော့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို အရေးမနိမ့်စေမယ့် အစီအစဉ် သုံးခု ကျုပ်ဆီမှာ ရှိတယ်။"

အပိုင်း ၂၅၅ + ၂၅၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters