အပိုင်း ၂၅၇ + ၂၅၈
Vol. 26 Ch. 257+258
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ "အင်း... ပြောပါ။"
ဆိုလွန်က လေးနက်စွာ ရှင်းပြ၏။ "ပထမအချက်ကတော့... သခင်ယန်ယန်ရဲ့ အခြေအနေမှန်ကို လူတိုင်းသိအောင် သခင်မလေးကိုယ်တိုင် ဖွင့်ပြောပြလိုက်ပါ။ သခင်မလေးရဲ့ အဖေက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထဲမှာ ညီအစ်ကိုတွေ အများကြီးကို ပျိုးထောင်ပေးခဲ့တာပဲ။ အမှန်တရားကို သိသွားရင် သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ကိုယ်ချင်းစာတရား နိုးကြားလာလိမ့်မယ်။"
"ဒုတိယအချက်အနေနဲ့..." ဆိုလွန်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ တစ်ခုလုံးကို ထိန်းထားဖို့ မကြိုးစားပါနဲ့။ ထွက်သွားချင်တဲ့သူ ဘယ်သူ့ကိုမဆို သွားခွင့်ပြုလိုက်ပါ။ ဒါမှမဟုတ်ရင် ဒီစစ်သည်အဖွဲ့က သခင်မလေးရဲ့ ခွန်အားတွေနဲ့ အရင်းအမြစ်တွေကို စုပ်ယူသွားလိမ့်မယ်။ အထက်မြက်ဆုံးနဲ့ သစ္စာအရှိဆုံး အဖွဲ့ဝင်တွေကိုပဲ ချန်ထားပါ။"
ဆိုလွန်က အကျဉ်းချုံး၍ ရှင်းပြ၏။ "တတိယနဲ့ အရေးအကြီးဆုံးအချက်ကတော့... ရန်သူလာတိုက်မယ့်အချိန်ကို စောင့်မနေပါနဲ့။ ကိုယ်က အရင်ဦးအောင် တိုက်ရမယ်။ ထျန်ယဲ့မြို့ထဲက တခြားအဖွဲ့အစည်းတွေကို တိတ်တဆိတ် ချုံခိုတိုက်ခိုက်ဖို့ လက်ရွေးစင်တွေကို သခင်မလေးကိုယ်တိုင် ဦးဆောင်သွားပါ။ သူတို့ရဲ့ ကုန်သည်ယာဉ်တန်းတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ကြေးစားစစ်သည်အဖွဲ့တွေကို ရှင်းပစ်ပါ။ အဖွဲ့အစည်း နှစ်ခုသုံးခုလောက်ကိုပဲ ပစ်မှတ်ထားပါ။ ဒါမှ ကျန်တဲ့ ကိုးဖွဲ့က ဝင်မပါရဲဘဲ နေလိမ့်မယ်။ ဒါက သူတို့ရဲ့ မခိုင်မာတဲ့ မဟာမိတ်အဖွဲ့ကို ဖြိုခွဲလိုက်နိုင်လိမ့်မယ်။"
"အတိုချုပ်ပြောရရင်တော့... ရှင်သန်ဖို့ တိုက်ပွဲဝင်ပါ။ ဒါဆိုရင် သခင်မလေး အသက်ရှင်လိမ့်မယ်။ အလျှော့ပေးရင်တော့ သေရလိမ့်မယ်။ ရန်သူကို သခင်မလေးရဲ့ စည်းမျဉ်းတွေအတိုင်း တိုက်ခိုက်လာအောင် ဖိအားပေးပါ။ ပြီးတော့ ခံစစ်သက်သက်အနေအထားမျိုး ဘယ်တော့မှ မရောက်ပါစေနဲ့။"
ဆိုလွန်၏ အပြောတို့ကို ကြားသော် ယန်ရွှမ်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "ပြီးတော့ရော..."
ခဏတာ တိတ်ဆိတ်သွား၏။
"..."
ရုတ်တရက် ဆိုလွန်က အေးစက်စွာ ပြောလိုက်သည်။ "ထျန်ယဲ့မြို့စား ကျိကန်းကို လုပ်ကြံလိုက်ပါ။ သူတို့ကို ခေါင်းဆောင်မရှိဘဲ ကြောက်လန့်သွားအောင် လုပ်ပစ်လိုက်။ ဒါက သခင်မလေးကို ဝံပုလွေဘုရင်အသစ်အဖြစ် လုံးဝကို အခိုင်အမာ ရပ်တည်သွားစေလိမ့်မယ်။"
ယန်ရွှမ်းက ဆိုလွန်အား တိတ်ဆိတ်စွာ စိုက်ကြည့်ပြီးနောက် သူမလက်ကို ကမ်းပေးလိုက်သည်။ "ရှင့်အတွက် စမ်းသပ်မှု ပြီးသွားပြီ။ ထူးချွန်တဲ့ လူငယ်ပေါင်းများစွာကို ကျွန်မ တွေ့ဖူးပေမဲ့ ရှင့်လောက် ဉာဏ်ကောင်းတဲ့သူ မရှိဘူး။ ရှင်က ကျွန်မ လိုအပ်နေတဲ့သူပဲ။ ကျွန်မအနားမှာနေပြီး ကူညီပေးပါ။"
ဆိုလွန်က သူမလက်ကို လက်ဆွဲနှုတ်ဆက်လိုက်၏။ လက်အိတ်စွပ်ထားသည့်တိုင် သူ၏ရင်ထဲ၌ နှလုံးက တစ်ချက် ခုန်ပေါက်သွားရသည်။
**--**--**--**--**--**--**--**
သူတို့ အုပ်စု ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ စခန်းသို့ ရောက်ရှိလာကြ၏။
ဖန်ချင်းရှူက တောင်းဆိုလိုက်သည်။ "သခင်မလေးယန်ရွှမ်း... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နဂါးတံဆိပ်တုံး ကျောက်တိုင်ဆီ ခေါ်သွားပေးပါ။"
ပုံမှန်အားဖြင့်ဆိုလျှင် ကျောက်တိုင်ကို ယူရန်အတွက် မြေအောက် လျှို့ဝှက်ခန်းဆီသို့ တစ်ယောက်တည်းသာ သွားရမည်ဖြစ်၏။ သို့သော် ယန်ရွှမ်းက မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။ "အင်း... ကောင်းပါပြီ။"
ဖန်ချင်းရှူ ၊ ထူလင်းတိ ၊ တရားသူကြီးနှစ်ဦးနှင့် မြို့စားကျိကန်းတို့အား ခေါ်ဆောင်ကာ လက်နက်တိုက် အဆောက်အအုံ၏ မြေအောက်လျှို့ဝှက်ခန်းဆီသို့ ပေအနည်းငယ်ခန့်ရှိသည့် လှေကားအတိုင်း ဆင်းသွားလိုက်၏။
အဝင်ဝသို့ ရောက်သောအခါ ဗီရိုတစ်ခုကို ရွှေ့လိုက်ပြီး နံရံတစ်ခုကို ဖွင့်ကာ သော့ခတ်သည့် ယန္တရားတစ်ခုကို ဖော်ထုတ်ပြလိုက်သည်။
ဖန်ချင်းရှူက လျှို့ဝှက်နံပါတ်ကို မမြင်စေရန် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်၏။ ကျန်သူများကလည်း ယဉ်ကျေးစွာဖြင့် ထိုအတိုင်း လိုက်လုပ်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ကာ ဆိုလွန် အတော်လေး ရယ်ချင်သွားမိ၏။ ဓားပြများက ဘဏ်မန်နေဂျာတစ်ဦးအား အတင်းအကြပ် ဘဏ်တိုက်ဖွင့်ခိုင်းနေပြီး လျှို့ဝှက်နံပါတ် နှိပ်နေချိန်၌မူ ယဉ်ကျေးစွာဖြင့် တစ်ဖက်သို့ လှည့်ကြည့်နေသည့်အလားပင်။
ယန်ရွှမ်းကမူ တည်ငြိမ်စွာဖြင့် ကျောက်ဘီးကို လှည့်ကာ လျှို့ဝှက်နံပါတ်ကို ထည့်လိုက်သည်။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီးနောက် ကျောက်တံခါးကြီး ပွင့်သွားကာ သေးငယ်သည့် လျှို့ဝှက်ခန်းလေးတစ်ခု ပေါ်လာ၏။
အထဲသို့ရောက်သည်နှင့် နံရံထက်ရှိ သူ၏ ပုံတူပန်းချီကားကို ဆိုလွန် ချက်ချင်း သတိထားမိလိုက်သည်။ ထူလင်းတိက သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြောင်း သိထားသည့်အတွက် အမြန် မျက်နှာလွှဲလိုက်ပြီး ယန်ယန်၏ သလင်းကျောက် ခေါင်းတလားကိုသာ စိုက်ကြည့်နေလိုက်၏။
ထူလင်းတိက ပုံတူပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆိုလွန်၏ တုံ့ပြန်မှုကို ဖမ်းမိရန် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။
သူမအကြည့်ကို ခံစားမိသောအခါ ဆိုလွန်တစ်ယောက် အံ့အားသင့်သွားဟန် ဟန်ဆောင်လိုက်၏။ ထို့နောက် ပန်းချီကားကို တမင်တကာ ပြန်ကြည့်လိုက်ပြီး မနာလိုဖြစ်နေသောပုံ ဟန်ဆောင်ကာ မျက်နှာကြွက်သားများကို တွန့်ချိုးပစ်လိုက်သည်။
သရုပ်ဆောင်မှုက အပြစ်ဆိုဖွယ်ရာ မရှိချေ။
ထူလင်းတိတစ်ယောက် သံသယများ ဝင်လာရပြန်၏။
တစ်ချိန်တည်းမှာပင် ဖန်ချင်းရှူနှင့် တရားသူကြီး နှစ်ဦးတို့မှာ သာမန်ပုံပေါက်နေသော ကျောက်တိုင်ကြီးအား စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးတို့ကမူ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်လောင်နေကြ၏။
ဖန်ချင်းရှူတစ်ယောက် နဂါးတံဆိပ်တုံး ကျောက်တိုင်ထံသို့ အပြေးအလွှား သွားလိုက်ပြီး ကျောက်တိုင်၏ စွမ်းအင်ကို ခံစားရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဆိုလွန်ကလည်း အနီးသို့ တိုးသွားလိုက်၏။ ဤသည်က ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်တိုင်လော။ အပေါ်၌ ထူးဆန်းသော စာလုံးအချို့ ရှိနေသည်မှလွဲ၍ ကျန်သည့်အရာများမှာမူ သာမန်အတိုင်းပင်။
ဖန်ချင်းရှူမှာ စိတ်လှုပ်ရှားမှုကြောင့် အသက်ကို ပြင်းပြင်းရှူနေရ၏။ သူက ရိုသေစွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ ကျောက်တိုင်ကို ထိတွေ့လိုက်သည်။
ချက်ချင်းဆိုသလိုပင် အခန်းထဲ၌ စွမ်းအင်လှိုင်းများ ထလာ၏။
"ဝေါင်းးးးး"
စူးရှလှသည့် နဂါးဟိန်းဟောက်သံကြီးက ပဲ့တင်ထပ်သွားပြီး နေရောင်ခြည်ကဲ့သို့ နွေးထွေးကာ တောက်ပနေသည့် မြင့်မြတ်သော မီးတောက်အငွေ့အသက်ကြီးတစ်ခုက သူတို့ထံသို့ လွှမ်းခြုံလာသည်။
ဖန်ချင်းရှူတစ်ယောက် တုန်ယင်သွားရင်း ရေရွတ်လိုက်၏။ "ဒါက တကယ်ကို ရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်တိုင်ပဲ။ ကောင်းကင်နန်းတော်ထဲက တစ်ခုနဲ့ အတိအကျ တူတယ်။ သခင်မလေးယန်ရွှမ်း... ဒါကို မြင့်မြတ်နတ်နဂါးကျောင်းတော်ဆီ ပူဇော်ချင်တာ သေချာရဲ့လား။"
ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ "အင်း... ကျောင်းတော်က ကျောက်တိုင်အတွက် အကောင်းဆုံးနေရာပါပဲ။"
ဖန်ချင်းရှူက သူ၏ ဝတ်ရုံကို သေသပ်စွာ ပြင်ဝတ်လိုက်ပြီး အလွန်အမင်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။ "သခင်မလေးရဲ့ ရက်ရောမှုကို မြင့်မြတ်နတ်နဂါးကျောင်းတော်က ထာဝရ မှတ်သားထားပါလိမ့်မယ်။"
ယန်ရွှမ်းက လေးနက်စွာ ပြောသည်။ "ကျွန်မမှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ကျွန်မအဖေကို မြင့်မြတ်နတ်နဂါးကျောင်းတော်က ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဖန်ချင်းရှူက သလင်းကျောက် ခေါင်းတလားကို လှမ်းကြည့်လိုက်၏။ ဆိုလွန်သည်လည်း ကြေးစားစစ်သည်ဘုရင်ကို အသေအချာ ကြည့်လိုက်သည်။ မလှုပ်မယှက် လဲလျောင်းနေသည့်တိုင် ယန်ယန်ထံမှ အေးစက်ပြီး ရန်လိုသော အငွေ့အသက်များ ထုတ်လွှင့်နေဆဲပင်။
ဖန်ချင်းရှူက ယန်ယန်၏ မျက်နှာကို စမ်းကြည့်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ လက်ချောင်းကို နှင်းခဲများ ဖုံးလွှမ်းသွားသည်။
လူအုပ်ကြီးမှာ တုန်လှုပ်သွားကြရ၏။
မြို့စားကျိကန်းက မျက်မှောင်ကျုံ့လိုက်သည်။ "သခင်လေးဖန်... သခင်ယန်ယန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ။"
ဖန်ချင်းရှူက ယန်ရွှမ်းဘက်သို့ လှည့်ကြည့်လိုက်၏။ "သခင်မလေးရဲ့ အဖေက နဂါးတံဆိပ်တုံး ကျောက်တိုင်ရဲ့ အစောင့်အရှောက် စိတ်ဝိညာဉ်ကြောင့် ဒဏ်ရာရသွားတာလား။"
ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ "အင်း... ဟုတ်ပါတယ်။ မြင့်မြတ်နတ်နဂါးကျောင်းတော်က အရာရာကို စွမ်းဆောင်နိုင်ပါတယ်။ ကျေးဇူးပြုပြီး အဖေ့ကို ကယ်တင်ပေးပါ။"
ဖန်ချင်းရှူက ယန်ယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချလိုက်၏။ "နှမြောစရာပါပဲ။ ဒီလောကမှာ သခင်မလေးရဲ့ အဖေကို ကယ်တင်နိုင်မယ့်သူ မရှိဘူး။ သခင်ယန်ယန်ရဲ့ စိတ်ဝိညာဉ်က ပျက်စီးသွားပြီ။ အခု အစောင့်အရှောက် စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို နေရာယူထားတယ်။ သခင်မလေးရဲ့ အဖေက ဆုံးပါးသွားပါပြီ။"
ယန်ရွှမ်းတစ်ယောက် ယူကျုံးမရဖြစ်သွားပုံပေါ်သည်။ အဖေ့အသက်နှင့် လဲလှယ်ရန် ကျောက်တိုင်ကို ပူဇော်ကြောင်း သူမ လူသိရှင်ကြား ကြေညာခဲ့၏။ မြင့်မြတ်နတ်နဂါးကျောင်းတော်ကလည်း သူမအဖေအား ကယ်တင်ရာ၌ ကူရာကယ်ရာမဲ့ ဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။
တစ်ချိန်တည်းမှာပင် မြို့စားကျိကန်း၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။
ယန်ယန် အမှန်တကယ် သေဆုံးသွားပြီဖြစ်သောကြောင့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဖျက်ဆီးပစ်နိုင်ပြီဖြစ်၏။
လှပသော ယန်ရွှမ်းကိုမူ သူမ၏ သိုင်းပညာများကို ဖျက်ဆီးပြီး ကစားစရာအရုပ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် အစီအစဉ် ဆွဲထားသည်။
ဖန်ချင်းရှူက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။ "ကျွန်တော်တို့ သူ့ကို မကယ်တင်နိုင်တော့တဲ့အတွက် ဒီကျောက်တိုင်ကို ပြန်သိမ်းထားပိုင်ခွင့် သခင်မလေးမှာ ရှိပါတယ်။ ဒါက ရှေးဟောင်း မြင့်မြတ်နတ်နဂါးဆီကနေ ရတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတစ်ခုပါ။"
သူတို့ဘက်မှ ကတိကို မတည်နိုင်သည့်အတွက် ကျောက်တိုင်ကို မလွှဲပြောင်းပေးလျှင်လည်း ရကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ခြင်းပင်။ သို့သော်လည်း လက်ရှိအချိန်၌ ဆက်သိမ်းထားခြင်းက အင်အားကြီးမားသော ရန်သူများကိုသာ ဆွဲဆောင်ပေလိမ့်မည်။
ယန်ရွှမ်းက ပြတ်သားစွာ ပြောလိုက်သည်။ "ဒီမြင့်မြတ်တဲ့ အမွေအနှစ်ကို ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ကျွန်မ ပူဇော်ပါတယ်။ နုလန်ဘုရင့်နိုင်ငံရဲ့ ကိုယ်စားလှယ် ၊ မြို့စားကျိကန်းနဲ့ တရားသူကြီးနှစ်ဦးတို့ရဲ့ ရှေ့မှောက်မှာ ဒီရှေးဟောင်း နဂါးတံဆိပ်တုံး ကျောက်တိုင်ကို မြင့်မြတ်နတ်နဂါးကျောင်းတော်ဆီ စည်းကမ်းချက် တစ်စုံတစ်ရာမရှိဘဲ ပူဇော်လိုက်ပါတယ်။"
သူမက အလေးချိန် ကျင်းတစ်ထောင်ရှိသော ကျောက်တိုင်ကို လက်နှစ်ဖက်ဖြင့် မကာ ဖန်ချင်းရှူထံသို့ ကမ်းပေးလိုက်၏။
ဖန်ချင်းရှူက သူ၏ လက်ဖဝါးများကို ဓားဖြင့်လှီးဖြတ်လိုက်ကာ လက်များကို သွေးများ စွန်းထင်းသွားစေသည်။ ထို့နောက် အလွန်အမင်း လေးနက်တည်ကြည်စွာဖြင့် ထိုရှေးဟောင်း အမွေအနှစ်ကို လက်ခံလိုက်၏။ သူက လေးနက်စွာ ပြောသည်။ "မြင့်မြတ်နတ်နဂါးကျောင်းတော်က ဒီမြင့်မြတ်တဲ့ အမွေအနှစ်ကို မျိုးဆက်အဆက်ဆက် တန်ဖိုးထား သိမ်းဆည်းသွားပါ့မယ်။"
ဖန်ချင်းရှူက လေးလံလှသော ကျောက်တိုင်ကို ပိုက်ထားလျက် ဦးညွှတ်ကာ နောက်ဆုတ်သွား၏။ ထို့နောက် တရားသူကြီးများဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဒီကျောက်တိုင်ကို ကျစ်တူးကျောင်းတော်ဆီ နေ့ရောညပါ လမ်းလျှောက်ပြီး ပို့ဆောင်ရမယ်။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးကြပါ။"
တရားသူကြီး နှစ်ဦးက တလေးတစား ခေါင်းညိတ်လိုက်ကြ၏။ "ဟုတ်ကဲ့... အမိန့်အတိုင်းပါပဲ။"
ဤသို့ဖြင့် ဖန်ချင်းရှူနှင့် တရားသူကြီးများသည် ကျောက်တိုင်နှင့်အတူ ထွက်ခွာသွားကြသည်။ သူတို့က နုလန်ဘုရင့်နိုင်ငံ၏ တော်ဝင်မြို့တော်ဆီသို့ မိုင်ပေါင်းထောင်ချီ ခရီးကို ခြေလျင်ဖြင့်သာ လမ်းလျှောက်၍ ပြန်ကြမည်ဖြစ်၏။
မြို့စားကျိကန်းက ဟန်ဆောင်ပမ်းဆောင် သက်ပြင်းချလိုက်သည်။ "ကောင်းကင်ဘုံက ကြီးမြတ်သူတွေကို တကယ်ပဲ မနာလိုဖြစ်တာပဲ။ ဦးလေးရဲ့ ညီအစ်ကိုကောင်း ယန်ယန် ဆုံးပါးသွားတာက ထျန်ယဲ့မြို့အတွက်တော့ အကြီးအကျယ် ဆုံးရှုံးမှုကြီးပါပဲ။ တူမလေး... ဝမ်းနည်းတာကို ထိန်းပါဦး။ အကူအညီ တစ်ခုခုလိုရင် ဦးလေးကို အချိန်မရွေး ပြောလှည့်ပါ။"
ထျန်ယဲ့မြို့၏ ကျန်ရှိနေသော ထိပ်သီးခေါင်းဆောင်ကြီး ဆယ့်တစ်ဦးအား ဤသတင်းကောင်းကို ပြောပြရန် ထွက်သွားချင်နေပြီဖြစ်၏။ နောက်ဆုံးတွင် သူတို့ တိုက်ခိုက်နိုင်ပြီဖြစ်သည်။
မနက်ဖြန်၌ ပူးပေါင်းတိုက်ခိုက်မှုတစ်ခုကို စတင်ကြပေလိမ့်မည်။ တစ်လအတွင်း ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ ဖျက်ဆီးခံရမည်ဖြစ်ပြီး ယန်ရွှမ်းမှာလည်း သူ၏ ကစားစရာ ဖြစ်လာပေလိမ့်မည်။
ကျိကန်းက ယန်ယန်အား နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်၏။ "နှုတ်ဆက်ပါတယ်။"
ထို့နောက် ထွက်သွားသည်။
ယခုအခါ လျှို့ဝှက်ခန်းထဲ၌ ဆိုလွန် ၊ ယန်ရွှမ်းနှင့် ထူလင်းတိတို့ သုံးယောက်သာ ကျန်ရစ်နေတော့၏။
ယန်ရွှမ်းက ထူလင်းတိအား လှမ်းကြည့်လိုက်သည်။ "သခင်မလေးထူလင်းက မသွားသေးဘူးလား။"
ထူလင်းတိက ပြုံး၍ ပြော၏။ "ကျွန်မ သခင်မလေးကို သီးသန့် ပြောစရာ စကားနည်းနည်း ရှိလို့ပါ။"
ဆိုလွန် တစ်ချက်လေးမှ တုံ့ဆိုင်းမနေချေ။ ချက်ချင်းပင် လှည့်ထွက်သွားလိုက်၏။ သူ့အနေဖြင့် တွန့်ဆုတ်နေသည့်ပုံ ပေါက်သွား၍ မဖြစ်ပေ။
သို့မဟုတ်ပါက ထူလင်းတိက သူဟာ ဆိုလွန်ဖြစ်ကြောင်း သေချာသွားပေလိမ့်မည်။
ဆိုလွန် ဤမျှလွယ်ကူစွာ ထွက်သွားသည်ကို မြင်သည့်အခါ ထူလင်းတိ အံ့အားသင့်သွားရ၏။ အကယ်၍ ထိုလူသာ ဆိုလွန်ဖြစ်မည်ဆိုပါက ယန်ရွှမ်းနှင့် သူမတို့ နှစ်ယောက်တည်းကို ချန်ထားရမည်ကို အလွန်အမင်း ကြောက်လန့်နေပေလိမ့်မည်။
သို့သော် လန်ရှောင်ဟု အမည်ရသော ကြမ်းတမ်းသည့် အမျိုးသားမှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့သော အရိပ်အယောင်မရှိဘဲ လျှောက်ထွက်သွားသည်။
အပိုင်း ၂၅၇ + ၂၅၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team