← Chapters

အပိုင်း ၂၅၉ + ၂၆၀

Vol. 26 Ch. 259+260

အပိုင်း ၂၅၉ + ၂၆၀

Vol. 26 Ch. 259+260

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန် ထွက်သွားပြီးနောက် လျှို့ဝှက်ခန်းထဲ၌ ယန်ရွှမ်းနှင့် ထူလင်းတိတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။

ထူလင်းတိက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ "မြင့်မြတ်နတ်နဂါးကျောင်းတော်က တကယ်ပဲ ဒီလောက်တောင် ရက်စက်တာလား။ သူတို့က အဖိုးတန် လက်ဆောင်ကြီးကို ရထားတာတောင်မှ ကူညီပေးဖို့ ငြင်းဆန်နေတုန်းပဲပေါ့။"

ယန်ရွှမ်းကမူ မျက်နှာ​သေဖြင့် ပြော၏။ "လောကမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလို့ ရတယ်။"

ထူလင်းတိက ခေါင်းညိတ်သည်။ "မှန်တယ်။ ဒါပေမဲ့ တစ်ယောက်တည်းရဲ့ ခွန်အားကတော့ မလုံလောက်ဘူးလေ။ မနက်ဖြန်ကစပြီး ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က အရပ်မျက်နှာစုံကနေ တိုက်ခိုက်ခံရတော့မယ်။"

ယန်ရွှမ်းက အေးစက်စွာ ပြန်ပြော၏။ "ဒါက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ။ နင် စိတ်ပူနေဖို့ မလိုပါဘူး။"

ထူလင်းတိ၏ အေးစက်စက်အကြည့်တို့ နူးညံ့သွား၏။ သူမက ပြောသည်။ "ညီမတို့ နှစ်ယောက်လုံး မိန်းမသားတွေပါပဲ။ အစ်မက ညီမထက် တစ်နှစ်ကြီးပေမဲ့ ကျင့်ကြံခြင်းအဆင့်မှာ အများကြီး သာလွန်တယ်။ ညီမက အစ်မကို တကယ် လေးစားပါတယ်။ ညီမကို အစ်မယန်ရွှမ်းလို့ ခေါ်ခွင့်ပြုပါ"

ယန်ရွှမ်းက ပြောလိုက်သည်။ "နင့်သဘောပဲ။"

ထူလင်းတိက ညင်သာစွာ တိုက်တွန်းလာ၏။ "ညီမစကား နားထောင်ပြီး ထျန်ယဲ့မြို့က ထွက်သွားပါ။ နုလန်ဘုရင့်နိုင်ငံ ၊ ရှီးလျန်ဘုရင့်နိုင်ငံ ဒါမှမဟုတ် ညသစ်ခွနယ်မြေဆီ သွားလိုက်ပါ။ အိမ်ရှေ့မင်းသား တစ်ပါးပါးရဲ့ ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်ခစားလိုက်ပါ။ အစ်မ ဆက်နေမယ်ဆိုရင် ငွေရောင်ဝံပုလွေ ကြေးစားစစ်တပ်ရော အစ်မပါ ပျက်စီးသွားလိမ့်မယ်။"

ယန်ရွှမ်းက အေးစက်စွာ ပြန်ဖြေသည်။ "ငါက ယန်ယန်ရဲ့ သမီးပဲ။ အရှက်တကွဲ အသက်ရှင်နေရမယ့်အစား ဂုဏ်သိက္ခာရှိရှိ သေတာကိုပဲ ရွေးချယ်မယ်။ ငါ ဘယ်မှ မသွားဘူး။ သေရမယ်ဆိုရင်တောင် ဒီထျန်ယဲ့မြို့မှာပဲ သေလိုက်မယ်။"

ထူလင်းတိက ပြုံးလိုက်သည်။ "ကောင်းပြီလေ။ အစ်မက တကယ့် သတ္တိခဲပဲ။ ဒါဆို ညီမရဲ့ ကမ်းလှမ်းချက်လေးကို နားထောင်ပေးနိုင်မလား။"

"ပြောလေ။"

ထူလင်းတိက ပြောသည်။ "ထူလင်းမိသားစုရဲ့ စစ်ရေးအင်အားကို အစ်မ သိမှာပါ။ ထျန်ယဲ့မြို့က နုလန်ဘုရင့်နိုင်ငံရဲ့ အပြင်ဘက်မှာ ရှိနေတယ်ဆိုပေမဲ့ ဒီနေရာမှာ ညီမတို့ရဲ့ ဩဇာလွှမ်းမိုးမှုက အရမ်းကြီးမားတယ်။"

ယန်ရွှမ်း ခေါင်းညိတ်လိုက်သည်။ နုလန်ဘုရင့်နိုင်ငံအနေဖြင့် ကြားနေ ကုန်သွယ်ရေးဗဟိုဌာနတစ်ခု လိုအပ်နေသည့်အတွက်သာ ထျန်ယဲ့မြို့ တည်ရှိနေခြင်းဖြစ်၏။ သို့မဟုတ်ပါက သူတို့၏ စစ်တပ်က ဤမြို့ကို မိနစ်ပိုင်းအတွင်း မြေလှန်ပစ်နိုင်သည်။

ထူလင်းတိက ဆက်ပြောသည်။ "ညီမတို့က ငွေရောင်ဝံပုလွေ ကြေးစားစစ်တပ်ကို ကယ်တင်ပေးနိုင်သလို ကျိကန်းကို ရှင်းပစ်ဖို့လည်း ကူညီပေးနိုင်တယ်။ အစ်မကို ထျန်ယဲ့မြို့ရဲ့ မြို့စားဖြစ်လာအောင် လုပ်ပေးမယ်။ ငွေကြေး ဒါမှမဟုတ် စစ်တပ် လိုအပ်တယ်ဆိုရင် ညီမတို့ ထောက်ပံ့ပေးမယ်။"

ယန်ရွှမ်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိချေ။ "ငါ့ဘက်က ပြန်ပေးရမယ့် တန်ဖိုးက ဘာလဲ။ နင်တို့ရဲ့ ရုပ်သေးရုပ် ဖြစ်ပေးရမှာလား။"

ထူလင်းတိက ခေါင်းခါသည်။ "မဟုတ်ပါဘူး။ ညီမတို့က အစ်မကို အမိန့်ပေးတာ ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာ မဟုတ်ဘူး။ အစ်မက လုံးဝကို လွတ်လွတ်လပ်လပ် ရှိနေမှာပါ။"

ယန်ရွှမ်းက ထပ်မေးလိုက်သည်။ "ဒါဆို အပေးအယူက ဘာလဲ။"

ထူလင်းတိက ပြုံးကာ ပြောသည်။ "ရိုးရှင်းပါတယ်။ အစ်မ လူတစ်ယောက်ကို လက်ထပ်ပေးဖို့ပဲ လိုတယ်။ လျူချန်ကို မှတ်မိသေးလား။"

ယန်ရွှမ်း၏ စိတ်ထဲ၌ ရုပ်ရည်ချောမောကာ လွတ်လပ်ပေါ့ပါးသည့် အမျိုးသားတစ်ဦး၏ ပုံရိပ်က ပေါ်လာ၏။

သူမ တောင်တစ်သောင်း တောင်တန်း၌ ယောက်ျားလေးတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ကျင့်ကြံနေစဉ်က သူမနှင့် လျူချန်တို့ ရင်းနှီးခဲ့ကြသည်။

ထိုသူသည် ပါရမီပါပြီး စကားပြောကောင်းကာ သူမ၏ တစ်ဦးတည်းသော မိတ်ဆွေစစ် ဖြစ်ခဲ့၏။ သူတို့နှစ်ဦးအတူ တစ်နှစ်နီးပါးခန့် လောကကြီးအတွင်း လှည့်လည်သွားလာခဲ့ကြသည်။

အမှန်တကယ်၌ တော်ဝင်မြို့တော်သို့ သူမ သွားခဲ့သည်ဆိုသည်မှာ လျူချန် ဖိတ်ခေါ်သည့်အတွက်သာ သွားခဲ့ခြင်းဖြစ်၏။ ထိုနေရာ၌ ဆိုလွန်နှင့် တွေ့ဆုံပြီး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကာ အသည်းကွဲရလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားခဲ့ဖူးချေ။

ဆိုလွန် သူမအား စတင်ပိုးပန်းချိန်၌ သူမ အနာတရဖြစ်ရုံသာ ရှိလိမ့်မည်ဟု လျူချန်က သတိပေးခဲ့၏။ သို့သော် သူမမှာ အချစ်ကြောင့် မျက်ကန်းဖြစ်နေခဲ့သည်။

ဆိုလွန်နှင့် အတူရှိနေရန်အတွက် ဖခင်ဖြစ်သူနှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး သူမ၏ အချစ်ဆုံးသူငယ်ချင်း၏ အကြံပေးချက်ကိုလည်း လျစ်လျူရှုခဲ့၏။

ဆိုလွန် အထင်လွဲသွားမည်ကို စိုးရိမ်သည့်အတွက် လျူချန်နှင့် ဆက်သွယ်မှုအားလုံးကိုပင် ဖြတ်တောက်ခဲ့သေးသည်။

အသည်းကွဲသွားသည့် လျူချန်မှာ သူမ၏ ဘဝထဲမှ ပျောက်ကွယ်သွားခဲ့၏။ သူမ၏ နာမည်အား ယန်ရွှမ်းဟု ပြောင်းလဲပြီးနောက်မှသာ လျူချန်က သူမကို အမြဲတမ်း ချစ်နေခဲ့ကြောင်းနှင့် ဖွင့်ပြောလိုက်လျှင် သူတို့၏ သူငယ်ချင်းသံယောဇဉ် ပျက်စီးသွားမည်ကို အလွန်ကြောက်ရွံ့နေခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။

သူငယ်ချင်းဟောင်းအား ပြန်လည်သတိရလာသောအခါ ယန်ရွှမ်း၏ မျက်လုံးများထဲ၌ နွေးထွေးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူမက မေးလိုက်သည်။ "သူ ဘယ်လိုနေလဲ။ ဘယ်ကို ထွက်သွားခဲ့တာလဲ။"

ထူလင်းတိက မချိပြုံး ပြုံးလိုက်သည်။ "အစ်မက ဆိုလွန်ကို ရွေးချယ်လိုက်ပြီးနောက်မှာ သူ အသည်းကွဲသွားခဲ့တယ်။ အရှေ့ပိုင်းဘုရင့်နိုင်ငံဆီ အဝေးကြီး ခရီးထွက်သွားခဲ့ပြီး အစ်မကို လိုက်ရှာချင်စိတ် မဖြစ်အောင်လို့ မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ ရဟန်းဝတ်သွားခဲ့တယ်။"

ယန်ရွှမ်းတစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရ၏။ ဆိုလွန်နှင့် ယှဉ်လျှင် လျူချန်က တကယ့်ကို သစ္စာရှိလှသည်။ သူမ ဆက်မေးလိုက်သည်။ "အခုမှ သူ့အကြောင်းကို ဘာလို့ ပြန်ပြောနေတာလဲ။"

ထူလင်းတိက ခါးသီးစွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ သူက ညီမရဲ့ အစ်ကိုအရင်း ဖြစ်နေလို့ပဲ။ သူက ထူလင်းမိသားစုရဲ့ သားအကြီးဆုံးဖြစ်ပြီး မြို့စားကြီးရဲ့ အမွေဆက်ခံသူလေ။ ဒါပေမဲ့ လောကကြီးထဲ လှည့်လည်သွားလာဖို့အတွက် ရာထူးတွေကို စွန့်လွှတ်ခဲ့တယ်။ သူသာ သူ့ရဲ့ တာဝန်တွေကို လျစ်လျူမရှုခဲ့ဘူးဆိုရင် ညီမက မိသားစုအတွက် ဒီလောက်ထိ ကြိုးစားပန်းစား လုပ်စရာ လိုမှာ မဟုတ်ဘူး။"

ယန်ရွှမ်း အံ့အားသင့်သွားရ၏။ လျူချန်က အထက်တန်းလွှာတစ်ဦးကဲ့သို့ တစ်ခါမှ မပြုမူခဲ့ဖူးချေ။

ထူလင်းတိက ရှင်းပြ၏။ "သူ့ရဲ့ နာမည်ရင်းက ထူလင်းချန်ပါ။ အစ်မတို့ စတွေ့တုန်းက အစ်မက အထက်တန်းလွှာတွေကို ဘယ်လောက်တောင် ရွံမုန်းကြောင်း ပြောခဲ့ဖူးတယ်လေ။ ဒါကြောင့်မလို့ ဖုံးကွယ်ပြီး နာမည်ကို လျူချန်လို့ ပြောင်းလိုက်တာပဲ။ တော်ဝင်မြို့တော်မှာတောင် သူက အစ်မ သိသွားမှာကို အရမ်းကြောက်ပြီး ညီမတို့ မိသားစုနဲ့ ဝေးတဲ့ ခြံဝင်းငယ်လေးတစ်ခုမှာပဲ သွားနေခဲ့တာ။"

ယန်ရွှမ်း ထိုခြံဝင်းလေးအား မှတ်မိနေ၏။ ကုလားထိုင်တိုင်းကို သူမ အနှစ်သက်ဆုံးပုံစံအတိုင်း အတိအကျ ထားရှိပေးထားခဲ့ပြီး ခြံဝင်းထဲ၌လည်း ထျန်ယဲ့မြို့၏ သီးသန့်ပန်းများဖြင့် ပြည့်နှက်နေခဲ့သည်။

လျူချန် သူမကို ပျော်ရွှင်စေရန်အတွက် ထိုပန်းများကို အဝေးကြီးမှနေ၍ သယ်ယူစိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကာ ထိုမျှ အားထုတ်ခဲ့ရသည်ကိုလည်း တစ်ခါမှ ကြွားလုံးမထုတ်ခဲ့ချေ။

တစ်ဖက်၌မူ ဆိုလွန်က သူ၏ အသေးအမွှား လုပ်ရပ်လေးများကိုပင် အမြဲတမ်း ချဲ့ကားပြောဆိုတတ်၏။

ထူလင်းတိက လှောင်ပြုံး ပြုံးလိုက်သည်။ "ဒါပေမဲ့ အစ်မကတော့ ဆိုလွန်နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တယ်။ အစ်မ ရွံမုန်းလှပါတယ်ဆိုတဲ့ အထက်တန်းလွှာမျိုးရိုးက လူနဲ့လေ။"

ယန်ရွှမ်း၏ မျက်နှာဖြူရော်သွားရသည်။ "မိန်းကလေးတစ်ယောက် မရင့်ကျက်ခင်မှာ ဘယ်လိုအမျိုးသားမျိုးကို သဘောကျသင့်လဲဆိုတာ မသိတတ်ဘူးလေ။ ဒါပေမဲ့ ရင့်ကျက်သွားချိန်မှာတော့ ချစ်တတ်တဲ့ အစွမ်းအစ ဆုံးရှုံးသွားပြီ။"

ထူလင်းတိက ပြန်ပြော၏။ "ပိုချစ်တဲ့သူက အရှုံးသမားပဲ။ ညီမရဲ့ အစ်ကိုကလည်း အဲဒီလိုပဲ ၊ အစ်မကလည်း အဲဒီလိုပဲ။ ဒါကြောင့်မလို့ ညီမကတော့ ဘယ်တော့မှ အချစ်နဲ့ မပတ်သက်ဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တယ်။"

ယန်ရွှမ်း တိတ်ဆိတ်နေလိုက်၏။ သူမသည်လည်း ယခုအချိန်၌ ဘယ်သူ့ကိုမှ မချစ်ချင်တော့သော်လည်း သူမ၏ ရိုးအခဲ့သည့် အတိတ်အတွက်မူ နောင်တမရချေ။

ထူလင်းတိက မေးလိုက်သည်။ "ဒါဆို အစ်မက ညီမရဲ့ အစ်ကိုကို လက်ထပ်မှာလား။ အပြင်ကိစ္စတွေကို အစ်မက ကိုင်တွယ်ပြီး အိမ်တွင်းရေးတွေကို သူက စီမံခန့်ခွဲပေးလိမ့်မယ်။ သူက ဉာဏ်ကောင်းသလို အစ်မကို ကာကွယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်။ ညီမတို့က အစ်မကို ထိန်းချုပ်မှာကိုလည်း စိုးရိမ်နေစရာ မလိုပါဘူး။ အစ်မ သူ့အကြောင်း သိပါတယ်... ညီမတို့ အဲဒီလိုလုပ်ဖို့ ကြိုးစားရင်တောင် သူက ညီမတို့ကို ဆန့်ကျင်လိမ့်မယ်။"

ယန်ရွှမ်း ထိုသည်ကို ယုံကြည်၏။

ထူလင်းတိက ဆက်ပြောသည်။ "အစ်မယန်ရွှမ်း ၊ အရင်က ညီမ အစ်မကို အထင်သေးခဲ့ဖူးတယ်။ ညီမက ဆိုလွန်လို အမှိုက်ကောင်မျိုးနဲ့ ကျောင်းအတူတူ တက်ခဲ့ပေမဲ့ သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။ ဒါပေမဲ့ အစ်မကတော့ သူ့အတွက် အသက်ကိုတောင် စတေးခဲ့တယ်။ ညီမက အစ်မကို ဦးနှောက်မရှိတဲ့ အရူးမတစ်ယောက်လို့ ထင်ခဲ့တာ။"

ယန်ရွှမ်း ထိုရိုင်းစိုင်းလှသည့် စကားများကို လျစ်လျူရှုထားလိုက်၏။

ထူလင်းတိက သူမကိုယ် သူမ နှိမ့်ချသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "ညီမ အစ်ကို့ကို အရင်က ကိုးကွယ်ခဲ့ဖူးတယ်။ သူ့ရဲ့ သိုင်းပါရမီက အရမ်းထူးချွန်ပြီး ညီမတို့အဖေကို အာခံရဲတဲ့ တစ်ဦးတည်းသောသူပဲ။ ဒါပေမဲ့ အစ်မကြောင့် သူ ရဟန်းဝတ်သွားပြီးတဲ့နောက်မှာတော့ သူ မျက်ကန်းဖြစ်သွားပြီလို့ ညီမ ထင်ခဲ့တာ။"

"အခုမှ အစ်မက အရူးမဟုတ်ဘူးဆိုတာ ညီမ သဘောပေါက်သွားပြီ။ ညီမက အစ်မရဲ့ လောကကြီးကို နားမလည်ခဲ့တာပဲ။ အမှန်တကယ်တော့ ညီမတို့က အစ်မကို သတ်ပစ်ရမှာ။ ညီမတို့က နဂါးစစ်သည်တော်တွေ အပါအဝင် လုပ်ကြံသူတွေကိုတောင် စေလွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ ညီမ သူတို့ကို တားလိုက်တယ်။ အစ်မနဲ့ ညီမရဲ့ အစ်ကိုကို အခွင့်အရေးတစ်ခုပေးဖို့ ထျန်ယဲ့မြို့ဆီ ညီမ လာခဲ့တာ။ အစ်မကသာ သူ့ကို မြင့်မြတ်နတ်နဂါးကျောင်းတော်ကနေ ဆွဲထုတ်လာနိုင်မယ့် လောကပေါ်က တစ်ဦးတည်းသောသူပဲ။"

သူမက အနီးသို့ တိုးလာ၏။ "အစ်မသာ သူ့ကို လက်ထပ်မယ်ဆိုရင် အစ်မရဲ့ စစ်တပ်ကို ကယ်တင်ပေးပြီး ထျန်ယဲ့မြို့ကို သိမ်းပိုက်နိုင်အောင် ညီမတို့ ကူညီပေးမယ်။ အစ်မရဲ့ လူသုံးထောင်ကို ညီမတို့ ဂရုမစိုက်ပါဘူး။ အစ်မရဲ့ စစ်တပ်ကြီး ဆိုလွန်လက်ထဲ ရောက်သွားမှာကိုပဲ ညီမတို့ စိုးရိမ်နေတာ။ အစ်မရဲ့ အချစ်ဟောင်းတွေ ပြန်လည်နိုးကြားလာပြီး အစ်မရဲ့ အရာရာတိုင်းကို သူ့ကို ပေးအပ်လိုက်မှာကို ညီမတို့ ကြောက်နေတာ။"

ယန်ရွှမ်းက အေးစက်စွာ ပြောသည်။ "အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ သူ့အပေါ် ခံစားချက်လေးတွေ ကျန်နေသေးတယ်ဆိုရင်တောင်မှ အတိတ်က အမှတ်တရတွေကိုပဲ ခုံမင်နေရုံပါပဲ။ ငါ ပြောင်းလဲသွားပြီ။"

ထူလင်းတိက တောက်ပစွာ ပြုံးလိုက်၏။ "အဲလိုဆိုရင်တော့ ညီမ ဝမ်းသာပါတယ်။ အစ်မနဲ့ လျူချန်တို့က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပါ။"

ယန်ရွှမ်း ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက ပြောသည်။ "ငါ လက်ထပ်ဖို့ အမျိုးသားတစ်ယောက်ကို ရှာနေခဲ့တယ်။ အချစ်ကို မရှာတော့ပါဘူး။ ငွေရောင်ဝံပုလွေ ကြေးစားစစ်တပ်ကို ကာကွယ်ပေးနိုင်မယ့် အရည်အချင်းရှိတဲ့ အဖော်တစ်ယောက်ကိုပဲ ငါ လိုချင်တာပါ။ လျူချန်က တကယ့်ကို အကောင်းဆုံး ရွေးချယ်စရာပဲ။ သူက ဉာဏ်ကောင်းတယ် ၊ သန်မာတယ် ၊ ပြီးတော့ မြင့်မြတ်တယ်။"

ထူလင်းတိ သက်ပြင်းချလိုက်သည်။ "ဒါပေါ့ ဒါပေါ့။ ညီမရဲ့ အစ်ကိုအရူးကြီးလည်း ရဟန်းဝတ်ဖို့ မလိုတော့သလို ညီမလည်း အစ်မကို သတ်စရာ မလိုတော့ဘူး။"

ယန်ရွှမ်းက ပြောလိုက်သည်။ "နှမြောစရာပါပဲ။ နင် တစ်ရက် နောက်ကျသွားပြီ။"

ထူလင်းတိ မျက်မှောင်ကြုတ်လိုက်၏။ "ဘာကို ဆိုလိုတာလဲ။"

ယန်ရွှမ်းက ပြောသည်။ "ငါ့အနားမှာနေပြီး ကူညီပေးဖို့ အခြား အမျိုးသားတစ်ယောက်ကို ငါ ကတိပေးခဲ့ပြီးပြီ။ သူက လျူချန်လောက် အရည်အချင်း မရှိလောက်ပေမဲ့ ငါ ကတိကို ဖျက်လို့ မရဘူးလေ။"

ထူလင်းတိက လှောင်ပြုံးလေးဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ။ အစ်မအနားက လန်ရှောင်ဆိုတဲ့ လူလား။"

"အင်း... သူပဲ။"

ထူလင်းတိက သူမအား စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အသံထွက် ရယ်မောလိုက်သည်။ "ဟားဟား... အစ်မ တကယ်ပဲ သတိမထားမိဘူးလား။ လန်ရှောင်လို့ ခေါ်တဲ့လူက ဆိုလွန်ပဲလေ။ သူက အစ်မရဲ့ အသည်းကို ခွဲသွားခဲ့တဲ့ လူပဲ။"

ယန်ရွှမ်း၏ ဟန်ဆောင်တည်ငြိမ်နေမှုတို့ ပြိုလဲသွား၏။

သူမ၏ မျက်လုံးများက တုန်ယင်သွားပြီး အထိတ်တလန့် ရေရွတ်လိုက်မိသည်။ "မဖြစ်နိုင်ဘူး။ လန်ရှောင်က ဆိုလွန် လုံးဝ မဖြစ်နိုင်ဘူး။"

သူမ၏ ဟန်ဆောင်မှုများ ပျောက်ကွယ်သွားပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုတို့က အစားထိုးလာသည်။

ထူလင်းတိက လှောင်ပြုံး ပြုံးလိုက်၏။ "ညီမ အခုချက်ချင်း သူ့ကိုသွားဖမ်းပြီး သူ့ရဲ့ မျက်နှာဖုံးကို ဆွဲခွာပြမယ်။ အဲဒီအခါကျရင် သူက ဆိုလွန် ဟုတ်မဟုတ်ကို အစ်မကိုယ်တိုင် ကြည့်ပေါ့နော်...။"

အပိုင်း ၂၅၉ + ၂၆၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

၃ ရက် နားပါရစေဗျ။ June 22 23 24 တို့ပါ။ 25 မှ ပြန်စပါမယ်။

All Chapters