အခန်း ၂၈၉
Vol. 20 Ch. 289
အပိုင်း ( 289 )
ငါသိနေတယ်
သွေးနှင့် ရောင်ခြည်တို့ ရောနှောသွားကာ ဤနေရာကို စစ်မြေပြင်အဖြစ် ပြောင်းလဲလိုက်သည်။
ရှေးဟောင်းဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ကြားဖြတ်တိုက်ခိုက်ခံလိုက်ရကာ အစုလိုက်ပြုလိုက် သတ်ဖြတ်ခံလိုက်ရပြီး စိတ်ပျက်အားလျော့စွာဖြင့် အော်ဟစ်ငိုယိုနေကာ ဆက်တိုက်ရှုံးနိမ့်နေခဲ့ပြီး စိတ်ထဲတွင်လည်း မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
သူတို့က လူတစ်ဦးတည်းကြောင့် ထိတ်လန့်တကြားဖြစ်သွားခဲ့ရပြီး သူတို့၏ မောက်မာမှုနှင့် မာန်မာနတို့က မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကာ အားလုံး၏ အကြည့်များက ဤနယ်မြေ၏ အလယ်ဗဟိုတွင် ရှိနေသည့် လုချန်ရှန်းထံသို့သာ ရောက်ရှိနေခဲ့သည်။ သူတို့သည် သူက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်နှင့် သူက မည်သူလဲဆိုသည်ကို မသိကြပေ။
သူတို့၏ မျက်ဝန်းများအတွင်းတွင် သွေးနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ဟေးသည် လုချန်ရှန်းက အသူရာလမ်းစဥ်ကို လျှောက်လှမ်းရန် အသင့်တော်ဆုံးဖြစ်သည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ အနက်ရောင် ဝတ်စုံမှာ သွေးတို့ဖြင့် စွန်းထင်းနေခဲ့ပြီ ဖြစ်သည်။
အဆုံးတွင် ထျန်းရီ မြင့်မြတ်နယ်မြေက ၎င်းတို့၏ မာန်မာနကို လျှော့ချလိုက်ကာ အဝေးသို့ ငေးကြည့်၍ ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်း ငါ့ကို ကယ်ပါဦး “
တစ်စုံတစ်ဦးက ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ သူကြည့်နေသည့်ဘက်သို့ ချဥ်းကပ်လာခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများပင် ဖြစ်သည်။
ထိုလူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော သတ္တိမျိုးမှာ အမှန်တကယ် ရှားပါးလွန်းလှသည်။ တစ်ဦးက သွေးမြစ်စီးဆင်းသည်အထိ တိုက်ခိုက်ခဲ့ကာ ဘက်ပေါင်းစုံကို ကြောက်လန့်သွားစေခဲ့၏။
သို့သော် သူသည် ကြီးမားသော သတ်ဖြတ်မှုများကိုပါ ဖြစ်ပေါ်စေခဲ့၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ အကယ်ဒမီမှ သက်လတ်ပိုင်းလူတစ်ဦး လျှောက်လှမ်းလာခဲ့ပြီး လုချန်ရှန်းကို ကြည့်ကာ မျက်မှောင်ကြုတ်၍ စကားလှမ်းပြောလိုက်သည် “ အခုရပ်လိုက်တော့ “
ထိုလူ၏အသံက ခေါင်းလောင်းကြီးတစ်ခုအလား ဟင်းလင်းပြင်အတွင်းတွင် ပဲ့တင်ထပ်သွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ခင်ဗျားက ကျုပ်ကို စကားပြောနေတာလား “
“ မင်းက ဒီလိုသတ်ဖြတ်မှုမျိုးကို လုပ်ခဲ့တာတောင်မှ နောင်တမရသေးဘူးပေါ့ “
လုချန်ရှန်းသည် တရားမျှတမှုကို ထိန်းသိမ်းရန် ထွက်လာခဲ့သည့်လူကို ကြည့်ကာ တုံ့ပြန်လိုက်သည် “ ကျုပ်ဘာလို့ လှုပ်ရှားရလဲဆိုတာကိုတောင် မမေးဘူးပေါ့ “
“ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် မင်းရဲ့ လုပ်ရပ်တွေက လက်ခံပေးလို့ မရဘူး။ တကယ်လို့ မင်း အခုမရပ်ဘူးဆိုရင် ……… “
ရွှမ်
ထိုလူ၏ စကားလုံးများ ကြားဖြတ်ခံလိုက်ရကာ မှော်စွမ်းအားလှိုင်းတစ်ခုက သူ၏မျက်နှာကို ရိုက်ချလာခဲ့သည်။
“ ခွေးသူတောင်းစား “
ထိုလူက ဒေါသတကြီး ဟိန်းဟောက်လာခဲ့ကာ သူ၏ မှော်စွမ်းအားများ ပျောက်ကွယ်သွားပြီး သူ၏မျက်ဝန်းများအတွင်းတွင် ဒေါသများ တလိပ်လိပ် လှိုက်တက်လာခဲ့၏။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်း ပေါ်လာခဲ့ကာ သူ၏လက်ကို မြှောက်၍ တစ်ဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဘမ်းးးး
အသံတစ်သံ ထပ်မံ၍ ဟိန်းထွက်လာခဲ့ကာ ထိုလူ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ရစ်သီလာခဲ့သည်။ သူ၏လက်ကို မြှောက်ကာ ရိုက်ချက်ကို တားဆီးပိတ်ဆို့လိုက်သည်။ သို့သော် စူးရှသော နာကျင်မှုက သူ၏လက်မောင်းမှတစ်ဆင့် တိုးဝင်လာခဲ့ကာ သူ၏ အသွေးအသားများ ဆုတ်ပြဲလုနီးပါး ဖြစ်သွားပြီး သူ၏ အရိုးများတွင် အက်ကြောင်းများပင် ထလာခဲ့သည်။
“ မင်း ……. “
“ ဘာကို မင်းလဲ။ ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်လေ။ ဒါပင်မဲ့ မင်းက ငါ့အရှေ့မှာ ကြမ်းချင်ယောင်ဆောင်ပြီးတော့ မင်းရဲ့ စွမ်းအားကို ပြချင်နေတာလေ။ အဲ့တာက မင်းအသက်မရှင်ချင်တော့ဘူးလို့ ဆိုလိုနေတာပဲ “
မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သတ်ဖြတ်လိုစိတ်သာ စွန်းထင်းနေသည့် လုချန်ရှန်း၏ အသံ ဟိန်းထွက်လာခဲ့သည်။
ထိုလူက စုံစမ်းမေးမြန်းခြင်းကိုပင် မပြုလုပ်ဘဲ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တရားမျှတမှုဆိုသည့် အရာကို လက်ကိုင်ထားကာ သူ့ကို အော်ငေါက်နေခဲ့၏။ သူသည် ကြင်နာမှုရှိရှိဖြင့် အကြောင်းပြချက်ကို အရင်ဦးဆုံးမေးမြန်းရန် အဆိုပြုခဲ့လေသည်။ သို့သော် ထိုအကောင်က ၎င်းကို ငြင်းပယ်ခဲ့သည်။
သူက ကောင်းကင်ဘုံ အကယ်ဒမီမှဖြစ်ပြီး သူ့အား မည်သူကမှ ဘာမှမလုပ်ရဲဘူးဟု တွေးထင်နေခဲ့ကာ အာဏာပြချင်နေပုံရ၏။ ထို့ကြောင့် တစ်ခြားလူကို အပြစ်တင်၍ မရပေ။
ထိုလူ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူက ကောင်းကင်ဘုံ အကယ်ဒမီမှ ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏မြင့်မြတ်မှုကို အမြဲလိုလို ဂုဏ်ယူနေခဲ့၏။ ယခုတွင် သူက ထိုကဲ့သို့ အရှက်ခွဲခံနေခဲ့ရသည်။ ၎င်းက သည်းခံ၍ မရသော ကိစ္စတစ်ခု ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကမူ သူ၏ပေါက်တတ်ကရများကို နားထောင်မနေခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူသည် တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။ သူ၏လက်သီးရိပ်များ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပြီး ထိုလူ၏ ပုံရိပ်မှာ လျင်မြန်စွာ ပြုတ်ကျသွားကာ မြေပြင်ကို လှုပ်ရမ်းသွားစေခဲ့၏။ ကျယ်လောင်သော အသံကြီးက လူများ၏ စိတ်နှလုံးသားတို့ကို လှုပ်ရမ်းသွားစေခဲ့သည်။
“ မင်း လုပ်ရဲလား “
ထိုလူမှ အော်ဟစ်ဟိန်းဟောက်လာခဲ့သည်။
လုချန်ရှန်းက ဘာမှမပြောဘဲ သတ်ဖြတ်ရန်အတွက်သာ တိုက်ခိုက်နေခဲ့သည်။
နောက်ထပ် ထိုးနှက်ချက်နှင့်အတူ ထိုလူမှာ ထပ်မံ၍ နောက်ဆုတ်သွားခဲ့ရပြီး သူ့ခြေထောက်များအောက်ရှိ မြေပြင်ပင် ကွဲအက်သွားခဲ့သည်။ စောင့်ကြည့်နေသူများ၏ မျက်ဝန်းများပင် လှုပ်ခတ်သွားခဲ့သည်။ သူတို့သည် ထိုလူ တောင့်ခံနေရသည့် စွမ်းအားက မည်မျှအားကောင်းနေလဲဆိုသည်ကို မှန်းဆ၍ မရဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ထပ်မံ၍ တိုက်ခိုက်နေခဲ့ပြန်သည်။ ထိုလူ၏ ခန္ဓာကိုယ်တစ်ခြမ်းတွင် ရှိနေသည့် အရိုးများ ကျိုးပဲ့ပျက်စီးသွားကာ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရ၏။
“ ကောင်ကင်ဘုံ အကယ်ဒမီရဲ့ လူကတော့ ထင်ထားတဲ့အတိုင်းပဲ။ တော်တော်လေးကို မာတာပဲ “
ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည့် စကားလုံးများ ပေါ့ပေါ့ပါးပါး ဟိန်းထွက်လာခဲ့၏။
သို့ရာတွင် ထိုလူ၏ အမူအရာမှာ အလွန်တရာ မည်းမှောင်သွားခဲ့သည်။ ထိုစကားလုံးများက သူ့ကို အရှက်ခွဲနေခြင်းပင် ဖြစ်သည်။
သို့သော် ၎င်းမှာ လုချန်ရှန်းက သူ့ကို ရိုးရိုးသားသား ချီးကျူးလိုက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ရိုက်နှက်ခံရခြင်းကို တောင့်ခံနိုင်သည့် လူမှာ များများစားစား ရှိမနေခဲ့ပေ။
အကြည့်အားလုံး စုဆုံလာခဲ့ပြီး ထိုအချိန်မှစ၍ သတ်ဖြတ်မှုများ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများ ဒေါသတကြီး ဖြစ်သွားကြသည်။ ကောင်းကင်ဘုံ အကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦးကို လူအများရှေ့တွင် သတ်ဖြတ်ခြင်းမှာ ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် မဟုတ်လော။
“ ရပ်လိုက် “
အော်ဟစ်သံများ ပေါ်ထွက်လာခဲ့ကာ အဆိုပါ သတ်ဖြတ်မှုကို တားဆီးရန် ကြံရွယ်လာကြသည်။
သို့ရာတွင် လုချန်ရှန်းကမူ ထိုလူများကို လျစ်လျူရှုထားကာ ထပ်မံ၍ တိုက်ခိုက်နေခဲ့သည်။ အသံတစ်သံသာလျှင် ဟိန်းထွက်လာခဲ့ပြီး ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။
“ ဝင်လာတဲ့ကောင်မှန်သမျှ သေ။ တိုက်ခိုက်ခဲ့တဲ့ကောင်မှန်သမျှ သေ “
ထိုအသံက ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ဖြင့် ရောထွေးနေလျက်ရှိသည်။ ဤအခိုက်အတန့်တွင် ၎င်းက စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော ဖိအားတစ်ခုကို ဖန်တီးခဲ့သည်။ လူတိုင်း၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူတို့သည် ခုခံ၍ မရနိုင်သော စိတ်ဆန္ဒကို ခံစားလိုက်ရသည်။
ရောက်ရှိလာတော့မည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများမှာ အေးခဲတောင့်တင်းသွားကာ လေထုအတွင်းမှာပင် ခြေလှမ်းများ ရပ်တန့်သွားပြီး သူ၏ စိတ်နှလုံးသားအတွင်းတွင် အကြောက်တရားများ တိုးပွားလာခဲ့၏။ သူတို့၏ မသိစိတ်သည် သူတို့က ရှေ့ဆက်မသွားသင့်ဘူးဟု ပြောဆိုနေခဲ့သည်။
ထိုလူသတ်ဖြတ်ခံလိုက်ရကာ သွေးများ ဖြာထွက်လာသည့် အချိန်မှသာလျှင် သူတို့အားလုံး သတိပြန်ဝင်လာကြသည်။
သူတို့၏ မျက်နှာပေါ်တွင် အံဩတုန်လှုပ်မှုနှင့် ဒေါသများ ရောပြွန်းနေလျက်ရှိပြီး ထိုလူက ကောင်းကင်ဘုံ အကယ်ဒမီ၏ အဖွဲ့ဝင်ကို သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။ ၎င်းက ရန်စစော်ကားနေခြင်းပင် ဖြစ်သည်။
သို့သော် သူတို့မှာလည်း ခုခံ၍ မရသော စွမ်းအားကို ခံစားနေခဲ့ရသည်။
အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လုချန်ရှန်းက ကောင်းကင်ထက်တွင် မတ်တပ်ရပ်နေကာ အရာအားလုံး ငြိမ်သက်နေခဲ့၏။
ရှောင်ဟေးမှာလည်း အံ့ဩမှင်သက်သွားကာ ထိုအကောင်က ထိုမျှလောက် ရက်စက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် အရာအားလုံးက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်ပြီး လုချန်ရှန်းမှာလည်း ရပ်တန့်လိုပုံ မရချေ။ သူသည် ဆက်လက်၍ လှုပ်ရှားချင်နေသေးပြီး ထျန်းကျီစံအိမ်၏ လူများကို သတ်ဖြတ်ချင်နေခဲ့သည်။ ယခင်က တိုက်ပွဲတွင် ထိုလူများက ထျန်းရီမြင့်မြတ်နယ်မြေမှ လူများ၏ အနောက်တွင် ပုန်းကွယ်နေခဲ့ကြသည်။
ထိုစဥ် ပင်လယ်မျက်လုံးက ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။ ရှောင်ထျန်ချန်း၏ ရုပ်ခန္ဓာက လုံးဝပြိုကွဲပျက်စီးကာ ပျောက်ကွယ်သွားပြီး အတွင်းရှိ တစ်စုံတစ်ခု၏ ပေါက်ထွက်မှုကို မည်သို့မျှ မဟန့်တားနိုင်တော့ပေ။
“ နတ်မိစ္ဆာဝိညာဥ်တွေက စည်းတံဆိပ်ကို ဆုတ်ဖြဲပြီးတော့ ပိုစွမ်းတဲ့ မိစ္ဆာတွေကို လွှတ်ပေးချင်နေကြတယ် “
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူမှ စကားထပ်ပြောလာခဲ့သည်။
တားမြစ်ချက်များ ရှိနေသေးသော်လည်း အဆိုပါ နတ်မိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် ရှေ့တက်လာကြပြီး အစီအရင်ကို ဖြိုဖျက်ရန်အတွက် သူတို့ကိုယ်သူတို့ အသုံးချကာ လမ်းကြောင်းတစ်ခု ဖွင့်လှစ်နေကြ၏။
အစတွင် ၎င်းက အချည်းနှီးသာ ဖြစ်နေခဲ့သည်။ သို့သော် ယခင်က မူမမှန်မှုကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
အရာအားလုံးက လုချန်ရှန်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်နေခဲ့ပြီး ထိုလူဆင်ထားခဲ့သည့် ထောင်ချောက်က ယခုကဲ့သို့ ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် လူတစ်ချို့က စိုးရိမ်တကြီး ဖြစ်သွားကြကာ မှော်ပစ္စည်းများကို ဆင့်ခေါ်လိုက်ပြီး ပင်လယ်မျက်လုံးကို ပိတ်ဆို့ချင်နေကြသည်။ သို့သော် မှော်ပစ္စည်းများ ချဥ်းကပ်သွားချိန်တွင် ၎င်းတို့အားလုံး တိုက်ရိုက်နစ်မြုပ်သွားကာ မည်သည့်အကျိုးသက်ရောက်မှုမျိုးမှ မဖြစ်ပေါ်လာခဲ့ပေ။
“ ပင်လယ်မျက်လုံးကို ပိတ်ဆို့ဖို့အတွက် သက်ရှိတွေကို သုံးချင်နေတုန်းပဲလား “
အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
အကြည့်ပေါင်းများစွာ လုချန်ရှန်းဆီသို့ တစ်ပြိုင်နက် ရောက်ရှိလာခဲ့၏။ ယခင်က တိုက်ပွဲများအရ ထိုလူက ပင်လယ်မျက်လုံးကို တားဆီးပိတ်ဆို့ရန် သင့်တော်သည်ဟု သူတို့အားလုံး ပိုပို၍ ခံစားလာကြရသည်။ မှော်ပစ္စည်းတစ်ခုနှင့် ယှဥ်နေနိုင်သည့် ရုပ်ခန္ဓာမျိုးက မည်မျှစွမ်းလိုက်ပါသနည်း။
သို့သော် ယခင်က တိုက်ပွဲကြောင့်ပင် သူ့ကို မည်သူက တိုက်ခိုက်ရဲတော့မည်နည်း။
ထိုလူ့ကို တိုက်ခိုက်ခြင်းနှင့် ကိုယ့်ကိုကိုယ် သတ်သေခြင်းက ကွာခြားပါသလော။
အဆိပ်သောက်၍ သတ်သေခြင်းကပင် ပိုကောင်းနေလိမ့်မည် ဖြစ်သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများက စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြသည်။
လုချန်ရှန်းကမူ အချိန်အတော်ကြာ စောင့်နေခဲ့ကာ အသာအယာ သက်ပြင်းချနေတော့သည်။
“ အဆုံးမှာတော့ ငါပဲ ဖြစ်နေရတုန်းပဲ “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် အံ့ဩတုန်လှုပ်နေသာ အမူအရာများဖြင့် လုချန်ရှန်းကို ငေးကြည့်နေကြတော့သည်။ သူက အဲ့တာကို သူကိုယ်တိုင် လုပ်ချင်နေတာလား။ ငါတို့ နားကြားမှားသွားတာတော့ မဟုတ်ဘူးမလား။
ကိုယ်တိုင် အနစ်နာခံတာလား။
ချက်ချင်းဆိုသလိုပင် အကြည့်များ ပြောင်းလဲသွားပြီး အံ့အားသင့်ကာ ရှက်ရွံ့သွားကြသည်။ ထိုကဲ့သို့သော အသိစိတ်မျိုးမှာ အလွန်တရာ ရှားပါးလွန်းလှသည်။
“ မိတ်ဆွေလေး ………. “
ဂိုဏ်းကြီးတစ်ခု၏ အဘိုးအိုတစ်ဦးက ပါးစပ်ကို ဖွင့်ဟလာခဲ့သော်လည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဘာမှ ထပ်ပြောနေဖို့ မလိုဘူး။ ကျုပ်ဘာသာလုပ်လိုက်မယ် “
ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်။ သူ၏အနက်ရောင် ဝတ်စုံက ကောင်းကင်ထက်တွင် တဖျပ်ဖျပ် မျောလွင့်နေခဲ့ကာ တရှဲရှဲအော်မြည်သံများ ပေါ်ထွက်နေလျက်ရှိ၏။
ကောင်းကင်ဘုံ အကယ်ဒမီက စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
သို့ရာတွင် သူတို့သည် လုချန်ရှန်းက ပင်လယ်မျက်လုံးဆီသို့ ခုန်ဆင်းသွားသည်ကို စောင့်ဆိုင်းမနေခဲ့ပေ။ ထို့အစား အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကိုသာ ကြားလိုက်ရသည်။
“ မင်းတို့က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ လူဘယ်လို ရွေးရမလဲဆိုတာကိုတောင် မသိကြဘူး။ သတ်လို့မရဘဲနဲ့ ရှစ်နှစ် ဆယ်နှစ်လောက်အထိ ဘာပြဿနာမှ မရှိဘဲ တောင့်ခံနိုင်မဲ့ လူရှိတယ်လေ။ ဒါပင်မဲ့ မင်းတို့က ငါ့ကိုပဲ စိုက်ကြည့်နေကြတယ်ပေါ့။ မင်းတို့ဘာတွေးနေလဲဆိုတာကို ငါတကယ် မသိတော့ဘူး “
ဟမ်
ထိုအခိုက်အတန့်တွင် လူတိုင်း မှင်သက်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့သော် လူအများ ကြောင်အမ်းအမ်း ဖြစ်နေစဥ်အချိန်မှာပင် လုချန်ရှန်းက လှုပ်ရှားလာခဲ့သည်။ သူ၏မှော်စွမ်းအားများက ဧရာမလက်တစ်ဖက်အဖြစ် ဖြစ်တည်လာကာ စုမူယွဲ့ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
ထိုမြင်ကွင်းက လူတိုင်းကို အငိုက်မိသွားစေခဲ့၏။ သူတို့အားလုံး ခြေထောက်များပင် ယိုင်နဲ့သွားခဲ့သည်။
ကိုယ်တိုင် လုပ်မယ်လို့ ပြောခဲ့တာက အဲ့တာလားဟ။
ရှောင်ဟေးတစ်ဦးတည်းကသာလျှင် ခေါင်းတခါခါဖြင့် ရေရွတ်ပြောဆိုနေတော့သည်။
“ ငါသိနေတယ် “
--
………………………………………………………………………………………………………………………………………….