← Chapters

အခန်း ၂၉၂

Vol. 20 Ch. 292

အခန်း ၂၉၂

Vol. 20 Ch. 292

အပိုင်း ( 292 )

ကျုပ်က မဟာတောရိုင်း နန်းတော်ကို ရောင်းလိုက်မှာကို မကြောက်ဘူးလား

မူဟွမ်သည် ထိုစကားကို ပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

လုချန်ရှန်းကမူ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယခင်က ခေါ်ယူစုဆောင်းခံခဲ့ရသော်လည်း သူသည် စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ဖူး၏။

အခုက ဘာစကားကြီးလဲဟ။ ဘိုးဘေးကြီး ကိုယ်တိုင် ငါ့ကို လာဖိတ်နေတာလား။ ကြည့်ရတာတော့ ပိုပြီးတော့ ရိုးသားလာသလိုပဲ။

သို့သော် ဤတစ်ကြိမ်တွင် တောင်ပိုင်းဒေသတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပြီး လူတိုင်းက မဟာတောရိုင်း နန်းတော်ကို မျက်စိကျနေလျက်ရှိ၏။ သူက မည်သည့်အတွက်ကြောင့် သွားသင့်သနည်း။ စိတ်လှုပ်ရှားစရာလေးများကို ရှာဖွေခြင်းအတွက်လော။

သူသည် သူ့အရှေ့တွင် ရှိနေသည့် လူကို သံသယတို့ဖြင့် ကြည့်ကာ တုံ့ပြန်လိုက်သည် “ ခင်ဗျားက ကျုပ်ကို လှည့်စားနေတယ်လို့ ဘယ်လိုလုပ် ခံစားနေရတာလဲ။ တကယ်လို့ ခင်ဗျားကသာ မဟာတောရိုင်း နန်းတော်ရဲ့ တကယ့်ဘိုးဘေးကြီးဆိုရင် စစ်မြေပြင်ထဲဝင်တာက ကံကြွေးချည်နှောင်မိသွားမှာ မဟုတ်ဘူးလား “

မူဟွမ်က အပြုံးဖြင့် ပြန်ပြောလာခဲ့၏ “ ငါက သေခါနီးနေပြီလေ။ ဘယ်ကံကြွေးကို ကြောက်နေရမှာလဲ “

“ ဆိုတော့ ကျုပ်နောက်ကို လိုက်နေတာက တော်တော်လေး ကြာနေပြီပေါ့ “

“ ဟုတ်တယ်။ တော်တော်ကြာနေပြီ။ နဂါးနစ်မြုပ်ခြင်း နယ်မြေထဲကို ဝင်ခဲ့တဲ့ အချိန်ကစပြီးတော့ ငါမင်းကို စောင့်ကြည့်နေခဲ့တာ။ ဒါပင်မဲ့ မင်းနောက်ကို လိုက်ရတာက တကယ်ကို မလွယ်ကူခဲ့ဘူး။ မင်းနားမှာ ကူချန်ကျွင်း မရှိတဲ့အချိန်မှ ငါမင်းကို စူးစမ်းလို့ရတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် ထိုလူက သူ့ဆရာ ကူချန်ကျွင်းကို အတော်ပင် ထိတ်လန့်‌နေပုံရကြောင်းကို ခံစားသိရှိသွားခဲ့သည်။

လုချန်ရှန်းက တွေးတွေးဆဆ ဖြစ်သွားခဲ့သည် “ အဲ့တာဆိုရင် ကျုပ်ကို မဟာတောရိုင်း နန်းတော်ထဲ ဝင်ခိုင်းရတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ “

မဟာတောရိုင်း နန်းတော်ကို ကာကွယ်ပြီးတော့ တောင်ပိုင်းဒေသကို ဖရိုဖရဲ မဖြစ်စေနဲ့တော့။ ဒီဒေသမှာ စစ်ထပ်ဖြစ်လာမှာကို ငါမလိုချင်ဘူး “

“ ခင်ဗျားက တကယ်ကို ဖြောင့်မတ်မှန်ကန်တာပဲ။ ဒါပင်မဲ့ ကျုပ်ကို အထင်ကြီးလွန်းနေတယ်။ တောင်ပိုင်းဒေသကို တပ်မက်နေတဲ့ ရှေးဟောင်းဂိုဏ်းနဲ့ မြင့်မြတ်နယ်မြေတွေက တစ်ပုံကြီးပဲလေ။ ကျုပ်က လူပိုကြီးပဲ ဖြစ်နေမှာ။ တကယ်လို့ ကျုပ်ကို အသုံးချပြီးတော့ ကျုပ်ဆရာကို လှုပ်ရှားစေချင်နေတာဆိုရင်တော့ အဲ့အကြံကို လက်လျှော့လိုက်တော့ “

၎င်းမှာ လုချန်ရှန်း တွေးတောစဥ်းစားနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

သူ့ထံတွင် စွမ်းရည်တစ်ချို့ရှိသော်လည်း သူက မည်သည့်အရာကိုမှ ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။ အသုံးဝင်သည့် တစ်ဦးတည်းသော လူမှာ ကူချန်ကျွင်းပင် ဖြစ်သည်။

သူသည် သူ၏ဆရာဖြစ်သူအား အဆိုပါ တိုက်ပွဲထဲ ဝင်မပါစေချင်ပေ။

မူဟွမ်က အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ငါ့ပစ်မှတ်က အမြဲလိုလို မင်းပဲဖြစ်နေခဲ့တာလေ။ စစ်ပွဲဘုရင်နဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ မင်းက မဟာတောရိုင်း နန်းတော်ကို ဝင်ဖို့ မလိုပါဘူး “

“ ဘာကိုဆိုလိုတာလဲ “

“ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်က နယ်မြေခြောက်ခုထဲက တစ်ခုကို အုပ်စိုးခဲ့ဖူးတဲ့ ရှေးဟောင်းအင်အားစုတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အချိန်ကာလတွေ ကျော်လွန်လာတာနဲ့ ဘာကမှ တာရှည်မခံဘူးလေ။ စစ်ပွဲတွေကြောင့် မဟာတောရိုင်း နန်းတော်က တန်ကြေးတစ်ခု ပေးဆပ်ခဲ့ရတယ် “

“ ပြီးတော့ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်က ဧကရာဇ် ဂုဏ်ပုဒ်အတွက် ယှဥ်နိုင်စွမ်းရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ဖူးတယ်။ အဲ့တာကြောင့် သူ့ကို ချိတ်ပိတ်ထားပြီးတော့ ငါ့မြင့်မြတ်နယ်မြေရဲ့ ဂုဏ်ကျက်သရေကို ပြန်ယူဖို့ နောက်မျိုးဆက်တွေအတွက် ချန်ထားခဲ့တယ်။ သူက ပေါ်ထွက်လာဖို့အတွက် သင့်တော်တဲ့ အချိန်ကို စောင့်နေရုံလေးပဲ။ သူပေါ်ထွက်လာတာနဲ့ အကြပ်အတည်းတွေ အကုန်ပျောက်သွားမှာ “

မူဟွမ်က မဟာတောရိုင်း နန်းတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြနေခဲ့သည်။ လုချန်ရှန်းက နားထောင်နေရင်းဖြင့် မိန်းမောသွားခဲ့သည်။ သူတို့က အလွန်တရာ တန်ခိုးထွားခဲ့ဖူးပြီး ထို့နောက်တွင် ကျဆုံးသွားခဲ့ကာ အလွန်တရာ အစွမ်းထက်သော ပါရမီရှင်တစ်ဦးကို ပိုင်ဆိုင်ထားသည်ဟုသာ သိရှိသွားခဲ့သည်။

၎င်းက အကြမ်းဖျင်းဆိုလိုရင်း ဖြစ်သည်။

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြန်ပြောလိုက်သည် “ ဆိုတော့ သူပေါ်ထွက်လာဖို့ အချိန်မကျသေးလို့ အဲ့ဒီအင်အားစုတွေကို ဟန့်ဖို့အတွက် ကျုပ်ကို အဲ့လူအဖြစ် ဟန်ဆောင်စေချင်တာလား “

“ မဟုတ်ဘူး။ မင်းကို အဲ့လိုလူ ဖြစ်လာစေချင်တာ “

“ ဘာကိုဆိုလိုတာလဲ “

“ သူသေသွားပြီလေ။ သူပေါ်ထွက်လာဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး “

လုချန်ရှန်း : “ … “

“ အဲ့အချိန်တုန်းက အကြပ်အတည်းကာလအတွင်းမှာ သူက တိုက်ပွဲမှာ ဝင်ပါခဲ့ပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်လေ။ ဂိုဏ်းက ရှားပါးရတနာတွေကို ရှာပြီးတော့ သူနဲ့ ပေါင်းစည်းပေးခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ဒဏ်ရာတွေ ပျောက်သွားတယ်။ ဒါပင်မဲ့ ကံဆိုးချင်တော့ သူသေသွားခဲ့တယ် “

“ အဲ့တော့ “

မူဟွမ်က စကားထပ်ပြောလာခဲ့သည် “ သူ့ရဲ့ တည်ရှိမှုကြောင့်ပဲ အဲ့ဒီအင်အားစုတွေက စိုးရိမ်တကြီးဖြစ်နေပြီးတော့ စစ်ပွဲကို မစကြသေးတာ။ အဲ့တာကြောင့် အင်အားစု အကုန်လုံးကို ဟန့်တားပြီးတော့ မဟာတောရိုင်း နန်းတော်ကို စောင့်ကြပ်ဖို့အတွက် မင်းနဲ့ အစားထိုးချင်နေတာ “

လုချန်ရှန်းမှာ မျက်မှောင်ကြုတ်သွားကာ ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ယခုလက်ရှိအခြေအနေမှာ တစ်ခြားလူများက သူတို့ထံတွင် ရှေးဟောင်းသူတော်စင်ကလေးငယ်ရှိသည်ဟု ထင်နေကြကာ မတိုက်ခိုက်ဝံ့ကြခြင်းဖြစ်သည်။ သို့သော် အရှိတရားကမူ သူတို့၏ သူတော်စင် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ထိုလူများ၏ အကြောက်တရားကို ဆက်လက်ရှင်သန်စေရန်အတွက် သူ့အား သူတော်စင်အဖြစ် အစားထိုးချင်နေခြင်း ဖြစ်သည်။

“ ဘာလို့ကျုပ်ဖြစ်နေရတာလဲ “

သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

“ ဘာလို့လဲဆိုတော့ မင်းရဲ့ စွမ်းရည်က ထူးခြားတယ်လေ။ လုံလုံလောက်လောက် သန်မာပြီးတော့ ဘယ်သူကမှ မယှဥ်နိုင်တဲ့အထိ ပြိုင်ဘက်ကင်းတယ်။ မင်းရဲ့ မိုးကြိုးတာအိုက ကြီးမားသော အောင်မြင်မှုနယ်ပယ်ကို ရောက်နေတာကြောင့်လည်းပါတယ်။ သူတော်စင်ကလည်း မိုးကြိုးတာအိုလမ်းစဥ်ကို လျှောက်ခဲ့တာလေ။ အဲ့တာကြောင့် မင်းက သူဖြစ်လာနိုင်တယ် “

“ ဆိုတော့ ဝမ်ထျန်တောင်တန်းမှာ ကျုပ် မိုးကြိုးတာအို အရင်းအမြစ်ကို ရသွားအောင် ရှင်းယွင်ကို ကူညီခိုင်းလိုက်တာက ခင်ဗျားပေါ့ “

“ ဟုတ်တယ် “

“ ဒါပင်မဲ့ အဲ့တာကို ကျုပ်ရမယ်လို့ ခင်ဗျားက ဘာလို့အဲ့လောက်တောင် သေချာနေရတာလဲ “ လုချန်ရှန်းက ဆက်၍မေးမြန်းနေခဲ့သည်။

မူဟွမ်က အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းသွားသရွေ့ အဲ့တာက မင်းဟာပဲ ဖြစ်လာမှာလေ “

“ ခင်ဗျားက ထောက်ချောက်ကြီးတစ်ခုကို စီစဥ်ထားခဲ့တာပဲ “

လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို စိုးရိမ်စိတ်တို့ဖြင့် ငေးကြည့်နေခဲ့ပြီး သူက ကြောက်မက်ဖွယ်ကောင်းသည်ဟု ပိုပို၍ခံစားလာခဲ့ရ၏။

နဂါးနစ်မြုပ်ခြင်း နယ်မြေသော်လည်းကောင်း စစ်မြေပြင်သော်လည်းကောင်း ထိုလူမှာ ကံကြွေး၏ ရိုက်ခတ်မှုကို မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။

မူဟွမ်ကမူ အပြုံးဖြင့် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ တကယ်လို့ ကျုပ်သဘောမတူဘူးဆိုရင် ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေက အလဟာသဖြစ်သွားရမှာ မဟုတ်ဘူးလား “

“ မင်းသဘောတူမှာပါ “

“ ဘာဖြစ်လို့ အဲ့လောက်တောင် သေချာနေရတာလဲ “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ ဘာလို့လဲဆိုတော့ မင်းက ဝိညာဥ်ကျောက်တုံးတွေကို လိုအပ်နေလို့ပဲပေါ့။ မဟာတောရိုင်း နန်းတော်မှာ အဲ့လောက်များတဲ့ ဝိညာဥ်ကျောက်တုံးတွေ မရှိဘူး။ ဒါပင်မဲ့ မဟာတောရိုင်း နန်းတော်ကနေတစ်ဆင့် မင်းက ဝိညာဥ်ကျောက်တုံး အများကြီး ရနိုင်တယ် “

လုချန်ရှန်းမှာ ထပ်မံ၍ မှင်သက်သွားခဲ့ရပြန်သည်။ သူက အဲ့တာကိုတောင် သိတယ်ပေါ့။ ငါ့ဆီမှာ လွတ်လပ်မှုဆိုတာရော ရှိသေးရဲ့လားဟ။

ငါ့ကို စုံစမ်းထောက်လှမ်းနေတာက နည်းနည်းလေးတော့ လွန်သွားပြီ။ သေချာပေါက်ကို ရှုံ့ချရမယ်။

သို့ရာ၌ သူ၏ဆုံးဖြတ်ချက်ကို မကြေညာရသေးခင် အချိန်မှာပင် မူဟွမ်က စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ ငါမရေရာ ဖြစ်နေတဲ့ ကိစ္စတစ်ခုရှိတယ်။ ငါမင်းကို မေးချင်တယ် “

“ ဘာကြီးလဲ “

“ မင်းက ထိုက်ယွမ် မြင့်မြတ်ခန္ဓာလား (ဒါမှမဟုတ်) ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာလား (ဒါမှမဟုတ်) အဇူရာ ကောင်းကင်တာအိုခန္ဓာလား “

သူ၏စကားလုံးများက မိုးကြိုးအလားဖြစ်နေခဲ့ကာ တောင်တန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အကယ်၍ သူကသာ ကန်းယွင်ကားချပ်အကြောင်းကို သိနေမည်ဆိုပါက ထိုလူက သူ့အနောက်သို့ လိုက်နေသည်မှာ အချိန်အတော်ကြာပြီဟု ဆိုလိုခြင်းဖြစ်ပြီး သူက မဟာတောရိုင်း ခန်းမနှင့် ပထမဦးဆုံး ထိတွေ့ဆက်ဆံမိသည့် အချိန်မှစ၍ တွက်ချက်ကြည့်မည်ဆိုလျှင်တောင်မှ နှစ်အနည်းငယ်မျှသာ ရှိနေဦးမည် ဖြစ်သည်။

သို့သော် သူ၏ရုပ်ခန္ဓာကို သူကိုယ်တိုင်မှတစ်ပါး မည်သူကမှ မသိရှိခဲ့ပေ။ သူသည် ထိုအကြောင်းကိုလည်း မည်သူ့ကိုမှ တစ်ကြိမ်တစ်ခါမှ ထုတ်မပြောခဲ့ဖူးချေ။

ကောင်းကင်ဘုံ ကပ်ဘေး ရင်ဆိုင်ခဲ့ရသည့် အချိန်မှာပင် လူသူကင်းမဲ့သည့် နေရာများတွင် သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာကို မဖိနှိပ်ထားဘူးဆိုပါက ၎င်း၏ မူလချီကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် အင်မော်တယ် အရှိန်အဝါ ပေါ်ထွက်လာမည်ဖြစ်ပြီး ကပ်ဘေးစွမ်းအင်များက ခန္ဓာကိုယ်ကို လှည့်ပတ်လိမ်ယှက်နေကာ ထူးခြားသော လက္ခဏာရပ်များက ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေမည်ဖြစ်ပြီး အားကောင်းသော အရှိန်အဝါတစ်ခု အဆုံးမဲ့ ပေါ်ထွက်နေလိမ့်မည် ဖြစ်သည်။

၎င်းမှာ ကမ္ဘာမြေထံသို့ ပြည်နှင်ဒဏ်ပေးခံလိုက်ရသည့် အင်မော်တယ်သက်ရှိတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သူသည် ၎င်းးတို့အနက်မှ မည်သည့်အရာကိုမှ တစ်ခြားလူများ၏ အရှေ့တွင် ထုတ်မပြခဲ့ဖူးပေ။ အစွမ်းထက် ရန်သူများကို ရင်ဆိုင်ခဲ့ရသည့် အချိန်များတွင်ပင် သူ့ အင်မော်တယ် ခန္ဓာ၏ ဘုန်းတန်ခိုးကို ထုတ်မပြခဲ့ဖူးချေ။ ထို့အစား သူသည် သူ၏ ဓားတာအိုကို အသုံးပြုကာ ထိုလူအားလုံးကို ခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် သူ့အရှေ့တွင် ရှိနေသည့် လူကမူ ထိုအကြောင်းကိုပင် သိရှိနေခဲ့သည်။

“ ကြည့်ရတာတော့ ခင်ဗျားက ကျုပ်ကို ကောင်းကောင်းကြီး သိနေသလိုပဲ “ လုချန်ရှန်းက ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်သည်။

မူဟွမ်က ပြန်ပြောလာခဲ့၏ “ တကယ်တော့ သိရဖို့က ဘာမှမခက်ပါဘူး။ ဒီကမ္ဘာက အဲ့ဒီရုပ်ခန္ဓာတွေကို မွေးမထုတ်ပေးခဲ့တာက တော်တော်လေးကိုကြာပြီလေ။ အဲ့တာကြောင့်ပဲ လူတွေက အဲ့လိုရုပ်ခန္ဓာမျိုးတွေက အစောပိုင်း ကျင့်ကြံရေး လမ်းကြောင်းမှာ ဝိညာဥ်ချီ အများကြီးလိုအပ်တယ်ဆိုတာကို မေ့သွားကြတာ “

“ ခင်ဗျားက အတော်လေး အကွက်စေ့လွန်းတာပဲ “ လုချန်ရှန်းက သူ့ကို စတင်၍ အလေးအနက်ထားနေခဲ့ပြီ ဖြစ်သည်။

“ မင်းက ကိစ္စတွေ အများကြီးကို လုပ်ခဲ့တာလေ။ တစ်ခြားလူတွေကတော့ မင်းက ကြွယ်ဝချမ်းသာမှုတွေကို တပ်မက်နေလိမ့်မယ်လို့ ထင်နေကြပင်မဲ့ မင်းရဲ့ အခက်အခဲတွေကို ငါသိတယ်။ ဒီနယ်ပယ်အထိ ကျင့်ကြံနိုင်ဖို့အတွက် မင်းက တန်ကြေးကြီးကြီး ပေးဆပ်ခဲ့ရမှာ။ ဟွာရှုနယ်ပယ်ကို ရောက်တာနဲ့ မင်းက ဝိညာဥ်ချီ ထောက်ပံ့မှုကို လိုတော့မှာ မဟုတ်ဘူး။ ဒါပင်မဲ့ ဟွာရှုနယ်ပယ်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ ဝိညာဥ်ချီ ပမာဏက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ် “

“ အဲ့လိုရုပ်ခန္ဓာမျိုးက အဆုံးမဲ့ တွင်းပေါက်ကြီးတစ်ခုပဲလေ။ တိုးတက်လာတာနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ပြီးတော့ ပါရမီရှင်တွေ ဉာဏ်ကြီးရှင်တွေကို အလျားလိုက်တွန်းပို့ပြီးတော့ လွှမ်းမိုးထားလို့ရတယ်။ ဧကရာဇ်ရဲ့ သားသမီးတွေကတောင် ဘာမှမဟုတ်ဘူး “

လုချန်ရှန်းသည် မူဟွမ်ပြောသည့်စကားက မှန်ကန်သည်ဆိုသည်ကို သိနေခဲ့သည်။ သူက ဝိညာဥ်ချီကို အမြောက်အများ လိုအပ်နေခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ရှိရန်အတွက်ပင် ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာကျော် လိုအပ်နေခဲ့ပြီး အကယ်၍ သူကသာ ဟွာရှုနယ်ပယ် ကျင့်ကြံရေးကို ထိုးဖောက်ချင်သည်ဆိုပါက လိုအပ်သည့် ပမာဏက ကြောက်ခမမ်းလိလိ ကြီးမားနေလိမ့်မည် ဖြစ်သည်။

ပမာက အလွန်တရာကြီးမားနေသောကြောင့် နတ်ကောင်းကင်ဂိုဏ်းကို ရောင်းချလိမ့်မည်ဆိုလျှင်တောင်မှ ၎င်းကို ထောက်ပံ့ရန် လုံလောက်နေလိမ့်မည် မဟုတ်ပေ။ မြင့်မြတ်နယ်မြေတစ်ခုကပင် ရှောင်ထွက်သွားရုံသာ ပြုလုပ်နိုင်ပေလိမ့်မည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ အဲ့တာဆိုရင် ကျုပ်ကို ဆွဲဆောင်ဖို့အတွက် ဝိညာဥ်ကျောက် ဘယ်လောက်လိုမယ်လို့ ခင်ဗျားထင်လဲ “

“ မဟာတောရိုင်း နန်းတော်တစ်ခုလုံးက မလုံလောက်ဘူးလား “

“ မလုံလောက်မှာကို ကျုပ်ကြောက်မိတယ် “

လုချန်ရှန်းက ခေါင်းခါပြလိုက်သည်။

သို့ရာတွင် မူဟွမ်က အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

“ မဟာတောရိုင်း နန်းတော်မှာ ဝိညာဥ်ကျောက် အများကြီး မရှိဘူးဆိုပင်မဲ့ အဲ့တာက မင်းလက်ထဲမှာ ရှိနေရင် မင်းက အဲ့တာကို ဝိညာဥ်ကျောက်တွေအတွက် လဲလို့ရတယ်မဟုတ်ဘူးလား “

လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည် “ အမှန်ပဲ။ ဒါပင်မဲ့ ကျုပ်က မဟာတောရိုင်း နန်းတော်ကို ဝိညာဥ်ကျောက်တွေအတွက် ရောင်းလိုက်မှာကို ခင်ဗျား မကြောက်ဘူးလား “

--

………………………………………………………………………………………………………………………………………

All Chapters