အခန်း ၂၉၅
Vol. 20 Ch. 295
အပိုင်း ( 295 )
သူက ကြွားချင်နေတာပဲ
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေကြတော့သည်။ ထိုမေးခွန်းက အလွန်တရာ အရေးကြီးလှကာ ဇဝေဇဝါ ဖြစ်ဖွယ်ကောင်းသော အချက်အလက်များ ပါဝင်နေခဲ့သည်။
မူဟွမ်ကမူ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ ဘာလို့လဲဆိုတော့ သူတော်စင် ကလေးငယ်က ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်တဲ့ စွမ်းရည်နဲ့ အဆုံးမဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားလို့ပဲ။ သူက သူ့ခေတ်အခါမှာ ပြိုင်ဘက်ကင်းပြီးတော့ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ဂုဏ်ကျက်သရေကို ရရှိထားခဲ့တယ်။ ပြီးတော့ ဘက်ပေါင်းစုံက အန္တရာယ်တွေကို တားဆီးဖို့အတွက် သူနဲ့အတူ ချိတ်ပိတ်ခံလိုက်ရတဲ့ ကာကွယ်သူတစ်ယောက်လည်း ရှိတယ် “
“ အဲ့ဒီကာကွယ်သူကရော “
“ သူလည်း သေသွားပြီ “
မူဟွမ်က ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည်။ မဟာတောရိုင်း နန်းတော်၏ ဘိုးဘေးကြီးတစ်ဦးအနေဖြင့် သူက ထိုကိစ္စအားလုံး၏ အမှန်တရားကို သိရှိနေခဲ့သည်။ ဘိုးဘွားနယ်မြေတွင် မည်သည့်အရာမှ မကျန်တော့ပေ။ အရာအားလုံးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ အဆုံးမှာတော့ စက္ကူကျားပါပဲ။ တစ်ခြားလူတွေရဲ့ မသိနားမလည်မှုကို အသုံးချပြီးတော့ လူတွေကို ခြောက်ဖို့လုပ်နေတာလား “
“ အမှန်ပဲ “
“ ဘာအဟန့်အတားမှ မရှိတော့ဘူးလား “
မူဟွမ်က အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ တစ်ခုတော့ ရှိတယ်။ အဲ့တာက တော်တော်လေး အရေးပါတယ် “
“ ဘာကြီးလဲ “
ဤအချိန်တွင် လုချန်ရှန်းက မည်သို့မျှ လျစ်လျူမရှုထားတော့ပေ။
သူသည် ကောင်းကင်ဘုံ အကယ်ဒမီက အမှတ်အသားပေါင်းများစွာကို စစ်မြေပြင်တွင် မိမိကိုယ်ကို အနစ်နာခံစတေးကာ မိစ္ဆာများကို ဖိနှိပ်ခဲ့သည့် ပုဂ္ဂိုလ်၏ ကံကြွေးနှင့် လဲလှယ်လိုသဖြင့် နှစ်များပေါင်းများစွာ ကြာရှည်သည်အထိ စုဆောင်းနေခဲ့ကြောင်းကို သိခဲ့ရပြီးပြီ ဖြစ်သည်။
သို့ရာတွင် မူဟွမ်က ခေါင်းတခါခါဖြစ်သွားခဲ့သည်။ သူက ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်ပုံ မရပေ။
“ ကံကြွေးလို့ ခေါ်တဲ့ဟာက ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ တာအိုက အသိအမှတ်ပြုပြီး ပေးလာခဲ့တဲ့ ကောင်းချီးတစ်ခုပဲ။ အတိတ်တုန်းက မဟာတောရိုင်း နန်းတော်က ကမောက်ကမဖြစ်တာတွေကို နှိမ်နင်းပြီးတော့ ကံကြွေးကို ရခဲ့တယ်။ စစ်မြေပြင်မှာ နတ်ဘုရားနဲ့ နတ်မိစ္ဆာတွေကို သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဖိနှိပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကလည်း ကံကြွေးကို ပိုင်ဆိုင်ထားခဲ့တယ် “
“ အဲ့တာက ဘာအသုံးဝင်လို့လဲ “
“ အဲ့တာရဲ့ ထူးခြားတဲ့ အသုံးဝင်မှုကို ငါမသိဘူး။ ဒါပင်မဲ့ အင်အားတိုင်းက သတိပြုမိကြတဲ့ အချက်တစ်ချက်တော့ရှိတယ်။ ဘာလဲဆိုတော့ ကံကြွေးကို သယ်ဆောင်ထားတဲ့လူက တာအိုရဲ့ ကာကွယ်ပေးမှုကို ရတယ်ဆိုတာပဲ။ ဒါပင်မဲ့ အဲ့တာက တာအိုက အဲ့လူကို သေခြင်းတရားကနေ ကယ်တင်ပေးမယ်လို့ ဆိုလိုနေတာ မဟုတ်ဘူး။ ကံကြွေးကို သယ်ဆောင်ထားတဲ့လူကို သတ်ဖို့ ကြိုးစားတဲ့လူတိုင်းက တန်ပြန်သက်ရောက်မှုကို ခံစားရမယ်လို့ ဆိုလိုနေတာပဲ။ သူတို့ရဲ့ ကောင်းမှုကံတွေ ပြတ်တောက်သွားပြီးတော့ သူတို့နောက်မှာ ရှိနေတဲ့ အင်အားစုတွေ သူတို့ မျိုးဆက်တွေရဲ့ သွေးမျိုးဆက်တွေကလည်း ကောင်းကင်ဘုံ ပြစ်ဒဏ်ကို ခံရလိမ့်မယ်။ မြင့်မြတ်နယ်မြေတစ်ခုကတောင် ကံကြွေးကို ကြောက်ရတယ် “
ထိုအချိန်တွင် လုချန်ရှန်းကပင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ အကယ်၍ လူတစ်ဦးက ကံကြွေးကို သယ်ဆောင်ထားမည်ဆိုပါက ၎င်းက သေခြင်းကင်းလွတ်ခွင့် ရွှေရောင်တံဆိပ်ပြားတစ်ခုကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်နေမည်မဟုတ်လော။ သူကသာ သူ၏ မျိုးဆက်များကို မဖျက်စီးသရွေ့ သူ၏မျိုးဆက်ကသာ မပျောက်ကွယ်သွားသရွေ့က မည်သူက သူတို့ကို တိုက်ခိုက်ဝံ့မည်လော။
“ အဲ့တာက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ “
“ အမှန်ပဲ။ မဟာတောရိုင်း နန်းတော်ရဲ့ ကံကြွေးစွမ်းအားကို သူ့ဆီမှာ အပ်နှင်းထားခဲ့တာ။ ကံမကောင်းစွာနဲ့ သူသေသွားခဲ့တယ် “
မူဟွမ်က နောင်တတို့ဖြင့် ပြောပြလာခဲ့သည်။ အကယ်၍ သူသာ ရှင်သန်နေခဲ့မည်ဆိုပါက တောင်ပိုင်းဒေသက ဖရိုဖရဲ ဖြစ်သွားရလိမ့်မည် မဟုတ်ဘဲ သူက အင်အားစုအားလုံးကို ဟန့်တားနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
လူနှစ်ဦးက အချိန်အတိုင်းအတာတစ်ခုအထိ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ကြသည်။ လုချန်းရှန်းသည် ခေါင်းကိုက်လာသည်ဟု ခံစားနေရသောကြောင့် သူ၏ နားထင်ကို ပွတ်ဆွဲနေတော့သည်။
“ အဲ့တာက ကျားရဲ့ ဂုဏ်သရေကို ချေးယူထားတဲ့ မြေခွေးတစ်ကောင်အဖြစ် ဟန်ဆောင်ခိုင်းနေတာ မဟုတ်ဘူးလား “
“ အဲ့တာက မင်းရဲ့ ကျွမ်းကျင်မှုပဲ မဟုတ်ဘူးလား “
“ ကျုပ်က ခင်ဗျားကို စီနီယာတစ်ယောက်အဖြစ် လေးစားပါတယ်။ ဒါပင်မဲ့ အသက်အရွယ်ကို အားကိုးပြီးတော့ ကျုပ်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးမဲ့ အဘိုးကြီးတစ်ယောက်အဖြစ်တော့ ဟန်ဆောင်မနေနဲ့လေ “ လုချန်ရှန်းက မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။
မူဟွမ်က ပြန်လည်ချေပလိုက်သည် “ မင်းဆီမှာ ဂုဏ်သိက္ခာရော ရှိလို့လား “
“ ကျွန်တော်လုပ်ပါ့မယ် “
လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ မူဟွမ်နောက်သို့လိုက်၍ ဘိုးဘွားနယ်မြေဆီသို့ တိုးဝင်သွားတော့သည်။ သူမြင်တွေ့နေရသည့် အရာများက ခမ်းနားထည်ဝါသော တောင်တန်းများနှင့် လှပသော ရေကန်များမဟုတ်ဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည့် စွန့်ပစ်နယ်မြေတစ်ခုသာ ဖြစ်နေခဲ့သည်။
“ ပိုတွေ့ရလေလေ ပိုပြီးတော့ ခက်လာလေလေ ဖြစ်နေသလိုပဲ “ လုချန်ရှန်းက ငေးကြည့်နေရင်းဖြင့် အလေးအနက်ထား၍ တွေးတောစဥ်းစားကာ စကားထပ်ပြောနေတော့၏ “ အန္တရာယ်များလွန်းတယ်။ ကြိုတင်ပြင်ဆင်မှုမလုပ်ဘဲ သွားလို့မရဘူး “
“ မင်းက ဘာလုပ်ဖို့ စီစဥ်ထားလဲ “ မူဟွမ်က သူ့ကို မတားဆီဘဲ သူ့သဘောအတိုင်းသာ ဆက်လုပ်ခွင့်ပြုခဲ့သည်။
လုချန်ရှန်းက မေးမြန်းလိုက်သည် “ စီနီယာ ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ကြည့်ရသလောက်အရဆိုရင် ခင်ဗျားက မသေခင် အချိန်မှာ တစ်ပွဲလောက်တော့ နွှဲသွားသင့်တယ်လို့ ထင်တယ်။ အဲ့လူတွေက ကျွန်တော်တို့ကို စမ်းသပ်နေတာ ဖြစ်ဖို့များတယ်။ ခင်ဗျားက တိုက်လိုက်ဖို့ပဲ လိုတယ်။ တတ်နိုင်သလောက် ခပ်ကြမ်းကြမ်းလေးသာ လုပ်ပစ်လိုက်။ ပြီးတော့ ခင်ဗျား မသေခင် အချိန်မှာ ကျွန်တော့်ဆီမှာ ကာကွယ်သူရှိတယ်ဆိုတဲ့ ပုံရိပ်ယောင် တစ်ခုကို ဖန်တီးလိုက် “
မူဟွမ်သည် ၎င်းက ပုံမှန်ဟုသာ ထင်နေခဲ့သည်။ သူကိုယ်တိုင်ကလည်း ၎င်းကို တွေးမိထားကာ ထိုကဲ့သို့ ပြုလုပ်ရန် ကြံရွယ်ထားခဲ့သည်။ ထို့ကြောင့်ပင် သူသေဆုံးသွားပြီဆိုသည့် သတင်းကို ကြိုတင်ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။
လူနှစ်ဦး၏ အတွေးများက ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့သည်။ ဒါပင်မဲ့ သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေက ထူးဆန်းတယ်လို့ ဘာဖြစ်လို့ ခံစားနေရပါလိမ့်။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ စီနီယာ ကျေးဇူးပြုပြီးတော့ အသွင်ပြောင်းမြက်ကို ပြင်ဆင်ပေးထားပါဦး။ အို့ ပြီးတော့ ခင်ဗျားတို့ရဲ့ သူတော်စင်ကလေးငယ်က ဘယ်လိုပုံစံမျိုးလဲ “
အသွင်ပြောင်းမြက်က သူ၏အသွင်အပြင်ကို ပြင်ဆင်ရန်အတွက် ဖြစ်သည်။
မူဟွမ်က ပြန်ပြောလာခဲ့သည် “ အသွင်ပြောင်းမြက်က ရဖို့မခက်ပါဘူး။ သူ့ရဲ့ အသွင်အပြင်ကတော့ အချိန်အတော်ကြာနေလို့ ဘယ်သူကမှ မမှတ်မိလောက်တော့ဘူး “
“ အဲ့တာဆိုရင်လည်း ကြည့်ကြပ်လုပ်လိုက်တော့မယ် “
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိကာ မူဟွမ်က ပြုံးစိစိ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဘာရယ်နေတာလဲ “
“ ဘာလို့လဲတော့ မသိဘူး။ ဒါပင်မဲ့ မင်းကြောင့် ငါအတော်လေး စိတ်သက်သာရာရနေတယ်။ ငါ့ရဲ့ စိုးရိမ်စိတ်တွေလည်း ပျောက်သွားပြီ “
“ စီနီယာ ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ကျုပ်က ဝိညာဥ်ကျောက်တုံး နည်းနည်းလေးအတွက် ကျုပ်ရဲ့ အသက်ကို စွန့်စားမှာ မဟုတ်ဘူးနော်။ တကယ်လို့ လိုအပ်လာပြီဆိုရင် ကျုပ်က ပြေးမှာ “ လုချန်ရှန်းက ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်သည်။ ကတိဖျက်ခြင်းကဲ့သို့သော စွပ်စွဲမှုများကို မခံရစေရန်အတွက် ထိုကိစ္စကို ရှင်းလင်းထားရမည် ဖြစ်သည်။
မူဟွမ်ကမူ ဘာမှ ပြန်မပြောလာခဲ့ဘဲ အပြုံးတစ်ခုဖြင့် ထွက်သွားခဲ့သည်။ သူသည် စိတ်အေးသွားခဲ့ပြီဖြစ်ကာ မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိမနေတော့ပေ။
သူသည် တစ်ခဏအကြာတွင် အသွင်ပြောင်းမြက်ဖြင့် ပြန်ရောက်လာခဲ့၏။
လုချန်ရှန်းကမူ ၎င်းကို သန့်စင်လိုက်ပြီး သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုကို ပုံဖော်လိုက်ပြီး ထို့နောက်တွင် မူဟွမ်ကို ကြည့်ကာ စကားပြောလိုက်သည် “ စီနီယာ ကျွန်တော့်အတွက် နည်းလမ်းတစ်ချို့ ချန်ပေးထားခဲ့မယ်လို့ ပြောခဲ့တယ်လေ။ အဲ့တာတွေကို ဘယ်အချိန်ပေးမှာလဲ။ ကျွန်တော်က လောနေတာတော့ မဟုတ်ဘူး။ ကျွန်တော်က သတိကြီးတဲ့ လူဆိုတာကို ခင်ဗျားသိပါတယ်။ တကယ်လို့ တစ်ခုခုသာ လွဲချော်သွားမယ်ဆိုရင် ကျုပ်ရဲ့ ပြဿနာတွေက အသေးအမွှားလေးတွေပါပဲ။ ဒါပင်မဲ့ မဟာတောရိုင်း နန်းတော်က စစ်မီးလောင်သွားမယ်ဆိုရင်တော့ မကောင်းဘူးလေ။ ဟုတ်တယ်မလား “
မူဟွမ်က သူ့ကို ကြည့်၍ သူ၏ ကိုယ်ပိုင်လက်ချောင်းများကို တောက်လိုက်ရာ သူ၏ ပတ်ပတ်လည်တွင် အလင်းတန်းသုံးခု လည်ပတ်လာခဲ့၏။
“ ငါက ငါ့ရဲ့ တာအိုသစ်သီးကို ဖြတ်တောက်ပြီးတော့ တိုက်ခိုက်မှုသုံးခုအဖြစ် ဖွဲ့စည်းလိုက်တယ်။ နတ်ဘုရားနယ်ပယ် ပညာရှင်ကတောင် ဖြုံသွားစေရမယ် “
သူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေခဲ့သည်။
လုချန်ရှန်းက သူ့ကို ယုံကြည်နေခဲ့သည်။ မသေဆုံးနိုင်သော ဓားဆန္ဒကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးက လူဖြစ်စေ နတ်ဘုရားဖြစ်စေ သူ၏လမ်းပေါ်တွင် ရှိသမျှ အရာရာတိုင်းကို သတ်ဖြတ်မည့် တည်ရှိမှုတစ်ခုဖြစ်သည်။ အကယ်၍ သူကသာ ထိုကဲ့သို့သော ကျင့်ကြံရေးကို ပိုင်ဆိုင်ထားမည်ဆိုပါက ဦးနှောက်အခြောက်ခံ၍ ကိုယ့်ကိုကိုယ် ပင်ပန်းအောင် လုပ်နေရန် မလိုအပ်ချေ။
မသေခင် အချိန်တွင် သူ၏ဓားကို ဆွဲကာ မြင့်မြတ်နယ်မြေနှစ်ခုလုံးကို ခုတ်ပိုင်းလိုက်သင့်ပေသည်။ ထိုကဲ့သို့ဖြစ်လာမည်ဆိုပါက မည်သူက မကောင်းကြံရဲတော့မည်နည်း။
သူသည် မူဟွမ်က မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ မပြုလုပ်ရလဲဆိုသည်ကို မသိပေ။
ထို့နောက်တွင် အရာအားလုံး ငြိမ်သက်သွားပုံရကာ လုချန်ရှန်းက ဘေးတစ်ဖက် တိတ်တဆိတ် ထိုင်နေတော့၏။
တစ်ချိန်တည်းမှာပင် မဟာတောရိုင်း နန်းတော်အတွင်းရှိ ရှေးဟောင်းယဇ်ပုလ္လင်ပေါ်တွင် ယဇ်ပူဇော်ပွဲ စတင်နေပြီ ဖြစ်သည်။ မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော အလင်းတန်းပေါင်းများစွာ ကောင်းကင်ထက်သို့ ထောင်တက်သွားကာ ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့၏။
ချက်ချင်းဆိုသလိုပင် အားလုံး၏ အရှေ့တွင် အလင်းတိုင်လုံးတစ်ခု ပေါ်လာခဲ့ကာ လေထုအတွင်းတွင် ရှေးဟောင်း အရှိန်အဝါတစ်ခု ရစ်သီလာခဲ့သည်။ သူတို့က ဘိုးဘွားနယ်မြေနှင့် ဆက်သွယ်ကာ အိပ်ပျော်နေသည့် သူတော်စင်ကို လှုပ်နှိုးရန် ကြံရွယ်နေခြင်း ဖြစ်သည်။
ကောင်းကင်ဘုံ ရောင်ခြည်တန်းများ လင်းလက်လာခဲ့ကာ အလင်းတန်းများ ကျဆင်းလာခဲ့ပြီး မဟာတောရိုင်း နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ရှေးကျကာ ရှုပ်ထွေးသော ပုံစံကွက်များ အသက်ဝင်လာခဲ့ပြီး ရုန်းများ ထကြွလာခဲ့သည်။ လူတိုင်းက အာရုံစိုက်၍ စောင့်ကြည့်နေခဲ့ကြသည်။
ပုံရိပ်များက ဦးညွတ်ပူဇော်ကာ ရှေးဟောင်းယဇ်ပူဇော်ပွဲတစ်ခုကို ဆင်နွှဲနေလျက်ရှိသည်။
ထိုစဥ် ဘိုးဘွားနယ်မြေအတွင်းရှိ လုချန်ရှန်း၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ယဇ်ပုလ္လင်ထံမှ အလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး ရှေးဟောင်းပုံစံကွက်များ ကခုန်လာခဲ့ကာ ပြင်ပကမ္ဘာနှင့် ပဲ့တင်ထပ်နေခဲ့သည်။ ၎င်းထံမှ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
၎င်းနှင့်အတူ သက်ရှိအားလုံးကို အသက်ပြန်သွင်းနိုင်စွမ်းရှိပုံရသည့် နတ်စွမ်းအားတစ်ခု လိုက်ပါလာခဲ့၏။
လုချန်ရှန်းကပင် ၎င်း၏ ထူးခြားသော ဂုဏ်သတ္တိကို ခံစားမိသွားခဲ့သည်။
သူတော်စင် သေဆုံးသွားခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အဆိုပါ စွမ်းအားကို ခံစားမိသွားသောအခါတွင် သေချာပေါက် နိုးထလာလိမ့်မည် ဖြစ်သည်။
မူဟွမ်ကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် တိတ်တဆိတ် မတ်တပ်ရပ်ကာ ယဇ်ပုလ္လင်ကို ငေးကြည့်နေလျက်ရှိ၏။ သူသည် မဟာတောရိုင်း နန်းတော်၏ လူများက ယဇ်ပူဇော်ပွဲ စတင်လိုက်ပြီဖြစ်ပြီး အရာအားလုံး အသင့်ဖြစ်နေကာ သူတော်စင်ပေါ်ထွက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်ဆိုသည်ကို သိနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက မလှုပ်မယှက်ဖြင့် အေးအေးလူလူ ထိုင်နေလျက်ရှိ၏။
အရာအားလုံး ဆက်လက်ဖြစ်ပွားနေခဲ့ပြီး အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ မူဟွမ်က စကားထပ်ပြောလာခဲ့သည် “ အချိန်ကျတော့မယ် “
ယခုတွင် လုချန်ရှန်းက စီစဥ်ထားခဲ့သည့်အတိုင်း ယဇ်ပုလ္လင်ပေါ်သို့ တက်ကာ လူတိုင်း၏ အမြင်အာရုံများအတွင်းသို့ ဝင်သွားသရွေ့ ကြိုးစားအားထုတ်ခဲ့ရသမျှ အရာအားလုံး အောင်မြင်သွားပေလိမ့်မည်။
သို့ရာတွင် လုချန်ရှန်းက ငြိမ်သက်နေသေးကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မလောပါနဲ့။ ခဏလောက် ထပ်စောင့်ကြတာပေါ့ “
“ ဘာကို စောင့်ရမှာလဲ “
“ အဲ့လူတွေက စိတ်သက်သာရာရသွားမဲ့ အချိန်ကိုပေါ့။ အဲ့လိုလုပ်မှ သူတို့က မဟာတောရိုင်း နန်းတော်မှာ သူတော်စင် မရှိတော့ဘူးဆိုတာကို သိသွားပြီးတော့ ဟန်ဆောင်မနေတော့ဘဲ သူတို့ရဲ့ ဇာတိမှန်တွေကို ချပြလာမှာ “
မူဟွမ်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို သိပြီးသားလေ။ အဲ့လိုလုပ်တော့ ဘာအသုံးဝင်မှာမို့လို့လဲ “
“ နည်းနည်းပါးပါးလောက်ပဲ အသုံးဝင်မှာပါ “
“ အဲ့တာဆိုရင် ဘာလို့အဲ့လိုလုပ်နေရတာလဲ “
လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားတာကို ခံစားခိုင်းပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဖျက်စီးမလို့။ ပြီးတော့ အဲ့တာက အတွင်းသူလျှိုတွေ ပေါ်လာစေပြီးတော့ အဲ့ဒီအင်အားစုတွေရဲ့ ရည်ရွယ်ချက်တွေကို ပေါ်လာစေနိုင်တယ်လေ။ အဲ့တာဆိုရင် သတ်တဲ့အချိန်ကျရင် နောက်တွန့်နေစရာ မလိုတော့ဘဲ စိတ်အေးလက်အေး သတ်လို့ရပြီ “
မူဟွမ်က ခေါင်းငြိမ့်ပြလာခဲ့သည်။ ၎င်းတို့အားလုံးကို နားထောင်ခဲ့ပြီးသည့်နောက်တွင် သူနားလည်သွားခဲ့သည်။ ဒီကလေးက ကြွားချင်နေတာပဲ။
--
………………………………………………………………………………………………………………………………………….