← Chapters

အခန်း ၂၉၉

Vol. 20 Ch. 299

အခန်း ၂၉၉

Vol. 20 Ch. 299

အပိုင်း ( 299 )

နတ်အလင်းတန်းမိုး

မဟာတောရိုင်း နန်းတော်အတွင်းတွင် အေးချမ်းတည်ငြိမ်မှုများ ပြန်လည်လွှမ်းခြုံလာခဲ့ပြီ ဖြစ်သည်။

လူတိုင်းက အော်ဟစ်အောင်ပွဲခံနေကြပြီး ယခင်က ရှိနေခဲ့သည့် စိတ်ပျက်အားလျော့ခြင်းနှင့် ဝမ်းနည်းမှုတို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသည့် လူများမှာ လုချန်ရှန်းကို ကြည့်နေကြသေး၏။ သူ၏ အကြည့်များက သူတို့အားလုံးကို ဖုံးလွှမ်းသွားသော်လည်း မည်သည့်စိတ်ခံစားချက်မှ မဖြစ်ပေါ်လာခဲ့ဘဲ အေးအေးလူလူ စကားပြောလိုက်သည် “ ဒီကိုရောက်လာတဲ့ လူတွေက ဧည့်သည်တွေပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားကြပါ “

ထို့နောက်တွင် သူလှည့်ထွက်သွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် မူချွမ်က အထိတ်တလန့်ဖြစ်သွားကာ အလောတကြီး ရှေ့တက်၍ စကားလှမ်းပြောနေတော့သည် “ သူတော်စင် ဘယ်သွားမလို့လဲဗျ “

” နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှ ဒီခေတ်ကို ပြန်‌ရောက်လာခဲ့တာလေ။ အခုလက်ရှိ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရဦးမယ် “

စကားပြောခဲ့ပြီးသည့်နောက်တွင် သူသည် မဟာတောရိုင်း နန်းတော်၏ အတွင်းပိုင်းသို့ တိုးဝင်သွားခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် မူချွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ ထို့နောက်တွင် သူသည် ကျန်ရှိနေသည့် အင်အားစုများ၏ ကိုယ်စားလှယ်များကို ဧည့်ခံရန်နှင့် တတိယနှင့် စတုတ္ထအကြီးအကဲတို့ကို အပြစ်ပေးရန် လုပ်ဆောင်နေခဲ့သည်။

“ မဟာအကြီးအကဲ ကျွန်တော်တို့က ခဏတာ လှည့်စားခံလိုက်ရတာပါ။ သူတော်စင်ကို တွေ့ချင်ပါတယ်။ ပြီးတော့ ……… “

“ သူတော်စင်က မင်းတို့ရဲ့ ပေါက်တတ်ကရ စကားတွေကို ကြားချင်မှာ မဟုတ်ဘူး “

မူချွမ်က ပြတ်သားရက်စက်နေခဲ့ပြီး မည်သို့မျှ မချုပ်တည်းထားဘဲ တိုက်ရိုက်သတ်ဖြတ်လိုက်သည်။

ထိုမြင်ကွင်းက ကျန်ရှိနေသည့် အင်အားစုတိုင်းကို ထပ်မံ၍ အံ့ဩတုန်လှုပ်သွားစေခဲ့ပြန်သည်။ သူတို့သည် မူချွမ်က ပြောင်းလဲသွားသည်ကို ခံစားနေနိုင်ခဲ့သည်။ သူက အားကောင်းသော ယုံကြည်မှုတို့ကို ထုတ်လွှတ်နေကာ သူ၏အကြည့်များ စူးရှနေခဲ့သည်။

၎င်းတို့အားလုံးကို သူတော်စင်က ယူဆောင်ပေးလာခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် မူဟွမ်၏ ပိုင်နက်ဖြစ်သည့် အမြင့်ဆုံး တောင်ထွတ်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

မူဟွမ်မှာလည်း သူ၏ဘေးဘက်တွင် ပေါ်ထွက်လာခဲ့သည်။ သို့သော် လုချန်ရှန်းက မတ်တပ်ရပ်နေသေးသည်ကို မြင်လိုက်ရသောအခါတွင် သူသည် မျက်မှောင်ကြုတ်သွားကာ အောက်ဘက်တွင် ရှိနေသည့် ဂိုဏ်းတစ်ခုလုံးကို ငုံ့ကြည့်နေတော့သည်။

ဒီကောင် ဘာတွေတွေးနေတာလဲဟ။

သူ၏ အမူအရာအရ ထူးခြားသော ကိစ္စတစ်ခုခု ဖြစ်ခဲ့ပုံရသည်။

“ ဘာဖြစ်လို့လဲ “ ဟု မူဟွမ်က မေးမြန်းလိုက်သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကျုပ် ပေါ့ဆမိသွားတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် မူဟွမ်၏ အတွေးများ လှုပ်ရမ်းသွားကာ ယခုလေးတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများကို ပြန်လည်တွေးတောစဥ်းစားနေတော့သည်။ သို့သော် သူသည် မည်သည့်အရာက လွဲချော်နေလဲဆိုသည်ကို ရှာမတွေ့ခဲ့ပေ။

ထို့အစား လုချန်ရှန်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ အကယ်၍ သူကသာ ထိုကိစ္စအားလုံးကို မသိရှိထားဘူးဆိုပါက သူကိုယ်တိုင်ကပင် အံ့ဩတုန်လှုပ်သွားရမည် ဖြစ်သည်။ ထိုကလေး၏ အရှိန်အဝါက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီး သူ့အား ပြစ်နှင်ဒဏ်သင့်ခဲ့သည့် အင်မော်တယ်တစ်ပါးဟု ခေါ်ဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။

သူက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့သော်လည်း သူသည် ထိုကလေး၏ အသွင်အပြင် လေသံနှင့် ယုံကြည်ချက်တို့ကြောင့် အံ့အားသင့်သွားရသေးသည်။

မူဟွမ်သည် မည်သည့်ပြစ်ချက်ကိုမှ မစဥ်းစားမိသောကြောင့် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ ဘာမှားသွားတာလဲ “

“ ခုနက ကောင်းကောင်းသရုပ်မဆောင်နိုင်ခဲ့ဘူးလေ “

မူဟွမ် : “ … “

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက ပြင်းထွန်ကာ အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။ သို့သော် ထိုကလေးသည် သူက ကောင်းကောင်း သရုပ်မဆောင်နိုင်ဘူးဟုပင် ပြောဆိုနေခဲ့သည်။

သူကောင်းကောင်းသရုပ်မဆောင်နိုင်သည့် အချိန်မှာပင် ထိုကဲ့သို့ ဖြစ်ခဲ့ရသည်။ အကယ်၍ သူကသာ ကောင်းစွာလုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း။ ဟွာရှုနယ်ပယ် ပညာရှင်ပင် ငိုသွားရလောက်ပေသည်။

“ လုံလောက်ပါတယ်။ တော်တော်လေးကို ကောင်းနေပါပြီ ”

မူဟွမ်သည် ခါးသီးစွာ ပြုံးနေ၍ ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ သူက လုချန်ရှန်းနောက်သို့ အချိန်အတော် လိုက်ခဲ့ဖူးသော်လည်း သူဘာတွေးနေလဲဆိုသည်ကို နားမလည်နိုင်သေးပေ။ ထိုကလေးက မယုံကြည်နိုင်စရာကောင်းလွန်းသော စကားများကိုပြောကာ အံ့ဖွယ်ကောင်းသည့် ဖြစ်ရပ်များကို အမြဲလိုလို ဖန်တီးနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှာလည်း ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ သူက ကိုယ့်ကိုကိုယ် စံချိန်စံညွှန်းများ မြင့်မားစွာ သတ်မှတ်ထားသည့် လူတစ်ဦးဖြစ်သည်။ လုံလောက်သည်ဆိုသည့် စကားက မည်ကဲ့သို့ လုံလောက်ပါမည်နည်း။ သူသည် မူဟွမ်ကို သင်ခန်းစာပေးရန် ကြံရွယ်လိုက်သည်။

သို့သော် သူနောက်လှည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ အမူအရာ အေးခဲတောင့်တင်းသွားခဲ့သည်။

အစတွင် ငယ်ရွယ်နေခဲ့သည့် လူငယ်လေးက နှစ်သောင်းနှင့်ချီ၍ ရှင်သန်နေထိုင်လာခဲ့သည့် အဘိုးအိုတစ်ဦးကဲ့သို့ တဖြည်းဖြည်း အိုမင်းရင့်ရော်သွားခဲ့သည်။

ညှိုးနွမ်းခြောက်သွေ့သွားသည့် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး သူ၏အကြည့်များ မှုန်ဝါးသွားကာ သူ၏ အနက်ရောင် ဆံသားတို့မှာလည်း အပြည့်အဝ ဖြူစွေးသွားခဲ့သည်။ သူသည် သူ၏ အစစ်အမှန် အသွင်အပြင်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ခါးကို တည့်တည့်မတ်မတ် ဆန့်တန်းထားခဲ့သည်။

“ စီနီယာ ခင်ဗျား …….. “

“ အစကတော့ အသွင်ပြောင်းခြင်းကို ခံယူပြီးတော့ ဘဝသစ်တစ်ခု စဖို့အတွက် ရည်ရွယ်ထားခဲ့တာ။ ငါ့ရဲ့ အသွင်အပြင်က ပြန်ပြီးတော့ နုပျိုလာခဲ့ပင်မဲ့ ငါ့ရဲ့ ရှေးဦးဝိညာဥ်ကတော့ ယိုယွင်းပျက်စီးနေတုန်းပဲ။ ငါကျရှုံးနေရတုန်းပဲ။ ဒီတိုက်ပွဲပြီးတဲ့နောက်မှာ ငါထွက်သွားသင့်နေပြီ “

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းမှာ စိတ်နှလုံးသား တင်းကြပ်သွားသကဲ့သို့ ခံစားသွားခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ်တစ်ဦးက အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူသည် အချိန်၏ စွမ်းအားကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ မည်မျှပင် ပါရမီရှိနေပါစေ မည်မျှပင် တောက်ပနေပါစေ အဆုံးတွင် သေဆုံးသွားရစမြဲသာ။

ထိုအခိုက်အတန့်တွင် မူဟွမ်က အပြုံးတစ်ခုကို ဆင်မြန်းကာ လုချန်ရှန်းကို ငေးကြည့်နေလျက်ရှိသည်။ ထိုစဥ် ထိုကလေး၏ ပခုံးပေါ်သို့ သူ၏လက်တစ်ဖက်ကို တင်ထားလိုက်သည်။ ဘေးတစ်စောင်းကြည့်လိုက်မည်ဆိုပါက သူ၏ မျက်ဝန်းများအတွင်းတွင် အချိန်ကာလ၏ အရိပ်အငွေ့များ ပြည့်နှက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်တစ်ခု တိုးဝင်နေခဲ့သည်။ လုချန်ရှန်းသည် သူ၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားသွားရကာ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် မူဟွမ်၏ ပတ်ပတ်လည်တွင် အနက်ရောင်ချီ/စွမ်းအင်များ ဝိုင်းရံလည်ပတ်လာခဲ့ကာ သူ၏မျက်ခုံးများအကြားသို့ တိုးဝင်သွားခဲ့သည်။

၎င်းက ကံဆိုးမှုဟု ခေါ်ဆိုသည့် ကပ်ဘေးအလင်းတန်းဖြစ်ပြီး မွေးဖွားစဥ် အချိန်ကတည်းက သတ္တဝါတိုင်းနှင့် အတူတကွ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် ၎င်းက ဆွဲထုတ်ခံနေရပြီဖြစ်သည်။

“ ပြီးသွားပြီ “

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် မူဟွမ်၏ အိုမင်းရင့်ရော်နေသည့် အသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

သူသည် လုချန်ရှန်းကို အပြုံးဖြင့် ငေးကြည့်နေစဲဖြစ်ပြီး စကားထပ်ပြောလာခဲ့၏ “ ငါ့ရဲ့ ကတိကို ဖြည့်ဆည်းခဲ့ပြီးပြီ။ အခုချိန်ကနေစပြီးတော့ မဟာတောရိုင်း နန်းတော်က မင်းကိုပဲ အားကိုးရတော့မယ်။ မင်းရဲ့ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကို ကာကွယ်ခဲ့ပြီးရင် အဲ့တာကိုပါ ကာကွယ်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် “

စကားကို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သော်လည်း ၎င်းက နက်ရှိုင်းသော အဓိပ္ပါယ်များကို သယ်ဆောင်ထားခဲ့သည်။

လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် အဘိုးအိုကို ကြည့်ကာ ပြုံးပြလိုက်သည်။

“ စိတ်မပူပါနဲ့ ကျုပ်က ဘယ်လိုမှ သေမှာမဟုတ်ဘူး။ အသက်ရှည်ရှည် နေချင်သေးတယ် “

“ ကောင်းတယ် “

မူဟွမ်က ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက်တွင် သူသည် တစ်ဖက်သို့ ဖြည်းဖြည်းချင်း လှည့်သွားကာ စကားထပ်ပြောလာခဲ့၏ “ ငါသွားတော့မယ် “

ထို့နောက်တွင် သူသည် တောင်ထိပ်ပေါ်သို့ တက်လှမ်းသွားခဲ့သည်။ လွင့်မျောနေသော တိမ်သားတိမ်စိုင်များနှင့် မြူခိုးများ အကြား၌ သိပ်မကြာခင် အချိန်မှာပင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ကာ ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်။

အဆုံးတွင် တောင်ထိပ်ထံမှ ရွှေရောင်အလင်းတန်းမိုးများ ထောင်တက်လာခဲ့ကာ ကမ္ဘာတစ်ဝှမ်း ပြန့်ကျဲသွားပြီး အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။

“ နတ်ဘုရားတစ်ပါးရဲ့ မိုးရေအဖြစ် အသွင်ပြောင်းခြင်း “

လုချန်ရှန်းသည် မူဟွမ်က တာအိုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဆိုသည်ကို သိနေခဲ့သည်။

နတ်ဘုရားတစ်ပါး၏ တာအိုအဖြစ် အသွင်ပြောင်းခြင်းက ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားခဲ့သည်။

“ နှုတ်ဆက်ပါတယ် စီနီယာ “

လုချန်ရှန်းသည် စိတ်ခံစားချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စကားပြောနေခဲ့သည်။ သူသည် ဤကမ္ဘာပေါ်ရှိ မည်သည့်မှော်ပညာတိုင်းထပ်မဆို ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အချိန်စွမ်းအားအကြောင်းကို ညီးတွားပြောဆိုနေတော့၏။

အစွမ်းထက် နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ဘဝသက်တမ်းကုန်ဆုံးသွားချိန်တွင် တာအိုနှင့် မလွဲမသွေ ပေါင်းစည်းသွားရမည် ဖြစ်သည်။ သူသည် ၎င်းကို မတားဆီးနိုင်ဘဲ အရာအားလုံး ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေရုံသာ ပြုလုပ်နိုင်ခဲ့သည်။

အကယ်၍ သူကသာ အထွတ်အထိပ်သို့ နယ်ပယ်သို့ မရောက်ရှိဘူးဆိုပါက(သို့) အကယ်၍ ဤကမ္ဘာပေါ်တွင် အင်မော်တယ် မရှိဘူးဆိုပါက သူကလည်း တစ်နေ့တွင် ထိုကဲ့သို့သော နေ့ရက်မျိုးကို ရင်ဆိုင်ရကာ တာအိုအဖြစ် အသွင်ပြောင်း၍ ကောင်းကင်နှင့် ပြန်လည်ပေါင်းစည်းသွားရမည် ဖြစ်သည်။

မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မသိသော်လည်း လုချန်ရှန်းသည် သူ၏ အတွေးထဲတွင် ပုံရိပ်အများအပြား ပေါ်ထွက်လာသည်ဟု ခံစားသွားခဲ့ရသည်။ သူသည် ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို တွေးတောစဥ်းစားနေရင်းဖြင့် တစ်ဘဝစာဖြတ်သန်းခဲ့ရသည့်အလား ခံစားသွားခဲ့ရသည်။

သူသည် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာ သတိပြန်ဝင်လာခဲ့သည်။

“ ဒီလောက်တောင် တက်ကြွတဲ့ အသက်အရွယ်မျိုးမှာ ငါက ဘယ်လိုလုပ် စိတ်လှုပ်ရှားနိုင်မှာလဲ။ ငါက အင်မော်တယ်ဖြစ်ဖို့ ကံပါလာတဲ့လူပဲလေ “

လုချန်ရှန်းသည် သူ၏အတွေးများကို ပြန်လည်စုစည်းကာ အဝေးရှိ ကုန်းမြေကို ငေးမောကြည့်ရှုနေတော့သည်။

သူက မူဟွမ်နှင့် သဘောတူညီမှု ပြုလုပ်ခဲ့သောကြောင့် သူလုပ်နိုင်သရွေ့ သူ၏လုပ်နိုင်စွမ်းအတွင်းတွင် ရှိနေသရွေ့ သူ၏ကတိကို ဖြည့်ဆည်းပေးကာ မဟာတောရိုင်း နန်းတော်ကို ကာကွယ်မည် ဖြစ်သည်။

မဟာတောရိုင်း နန်းတော်ကို ကာကွယ်ရာတွင် ပြုလုပ်ရမည့် ပထမဦးဆုံးအဆင့်မှာ အင်အားစုတိုင်းကို ဟန့်တားရန် ဖြစ်သည်။ ယခင်က သူလုပ်ခဲ့သည့် အရာများက မလုံလောက်သေးပေ။ ယခုတွင် သူသည် အနည်းငယ်မျှ ထပ်မံ၍ လှုပ်ရှားရဦးမည် ဖြစ်သည်။

အကယ်၍ သူ၏ ပါရမီက မည်မျှထူးကဲလဲဆိုသည်ကို ထိုလူများက မသိဘူးဆိုပါက သူတို့က ဆရာကြီးက မည်သူလဲဆိုသည်ကို သိကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ယခုလက်ရှိ ထိပ်တန်းဦးစားပေး ကိစ္စမှာ မိမိကိုယ်ကို စိတ်သက်သာရာရသွားစေကာ ရှေ့ဆက်လျှောက်မည့် လမ်းကြောင်းကို မည်ကဲ့သို့ လျှောက်လှမ်းရမလဲဆိုသည်ကို တွေးတောစဥ်းစားနိုင်ရန်အတွက် အနည်းဆုံးအနေဖြင့် သန်းတစ်ရာမှအစပြု၍ ဝိညာဥ်ကျောက်တုံးများကို တတ်နိုင်သမျှများများ ရှာဖွေရန်ပင် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် လေးလေးနက်နက် ခေါင်းငြိမ့်ကာ ဤနေရာမှ ထွက်ခွာ၍ မဟာတောရိုင်း နန်းတော်၏ ပင်မခန်းမဆီသို့ ပြန်သွားနေတော့၏။

လုချန်ရှန်းရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် မူချွမ်က သူ့ကို အလောတကြီး နှုတ်ဆက်လာခဲ့သည်။

“ သူတော်စင် မင်းက ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နေတာမဟုတ်ဘူးလား “ ဟု မူချွမ်က မေးမြန်းလိုက်၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လုပ်ပြီးသွားပြီ “

“ အဲ့လောက်တောင် မြန်တာလား “

မူချွမ်မှာ တအံ့တဩဖြစ်သွားခဲ့သည်။ သူသည် အချိန်ကာလများ ပြောင်းလဲသွားသောကြောင့် ဤကမ္ဘာနှင့် လိုက်လျောညီထွေမှုရှိရန် အချိန်အတိုင်းအတာတစ်ခုအထိ ယူရမည်ဆိုသည်ကို သိနေခဲ့သည်။ သို့သော် ၎င်းက အလွန်တရာ တိုတောင်းလွန်းနေခဲ့သည်။

ခုနကမှ သွားလုပ်နေတာ။ အခုကျတော့ ပြီးသွားပြီလားဟ။ မာမားခေါက်ဆွဲထပ်တောင် မြန်နေသေးတယ်။

သူသည် ၎င်းကို သံသယမဝင်ဘဲ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ဤရှေးဟောင်း သူတော်စင်က အမှန်ပင် ထူးခြားနေခဲ့သည်။ ထိုကဲ့သို့သော အမြန်နှုန်းမှာ သာမန်လူများ ယှဥ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။

လုချန်ရှန်းကမူ သူ၏အတွေးများကို လျစ်လျူရှုထားကာ စကားထပ်ပြောနေခဲ့သည် “ ကျုပ်အတွက် ပစ္စည်းတစ်ချို့ ပြင်ဆင်ပေးထားပါ “

“ ဘာတွေလဲဗျ “

“ ဝိညာဥ်ကျောက်တွေ “

“ သူတော်စင်က ဘယ်လောက်လိုချင်တာလဲဗျ “

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ဘယ်လောက်ကျန်သေးလဲဆိုတာကို သွားကြည့်လိုက်ကြတာပေါ့ “

--

……………………………………………………………………………………………………………………………………

All Chapters