← Chapters

အခန်း ၃၀၀

Vol. 20 Ch. 300

အခန်း ၃၀၀

Vol. 20 Ch. 300

အပိုင်း ( 300 )

အံ့ဖွယ်ကောင်းလွန်းသော

ပင်မခန်းမတွင် လုချန်ရှန်းသည် ခါးမတ်မတ်ဆန့်၍ ထိုင်ကာ မူချွမ်၏ ပြင်ဆင်မှုများ ပြီးဆုံးသွားမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။

အကြီးအကဲနှင့် တပည့်တော်တော်များများက သူတို့၏ လေးစားမှုများကို ပြသကာ ဂါရဝပြုချင်နေကြသည်။

သို့ရာတွင် လုချန်ရှန်းက ထိုလူများကို တားဆီးလိုက်သည်။ သူသည် ထိုလူများက သူ့အား အရိုအသေပေးလာမည်ကို မလိုချင်ပေ။ သူတို့က တာအိုနှင့် ပေါင်းစည်းသွားသည့် ဤမြင့်မြတ်နယ်မြေ၏ ဘိုးဘေးဖြစ်သူ မူဟွမ်ကိုသာလျှင် အရိုအသေပေးသင့်ပေသည်။

တစ်ခဏအကြာတွင် မူချွမ်က ဝိညာဥ်ကျောက် သန်းသုံးဆယ်ကျော်ဖြင့် ပြန်ရောက်လာခဲ့၏။

သို့သော် ၎င်းက အကုန်အစင် မဟုတ်သေးပေ။ မဟာတောရိုင်း နန်းတော်၏ ပိုင်ဆိုင်မှုက ထို့ထပ်ပိုများပေသည်။ ကျန်ရှိနေသည့် အရာများကို ရေတွက်ကာ ပို့ဆောင်နေစဲဖြစ်သည်။

သူတို့က ၎င်းတို့ကို အဆက်မပြတ် စုဆောင်းနေခဲ့ပြီး အကြီးအကဲများနှင့် နည်းပြဆရာများကပင် သူတော်စင်က ဝိညာဥ်ကျောက်တုံးများကို လိုအပ်နေသည်ဟုဆိုသောကြောင့် သူတို့၏ ကိုယ်ပိုင်ဝိညာဥ်ကျောက်တုံးများကိုပင် ထုတ်ပေးလာကြသည်။

လုချန်ရှန်းမှာလည်း မည်သို့မျှ ယဥ်ကျေးမနေဘဲ ဝိညာဥ်ချီထောက်ပံ့မှုကို စုစည်းရန်အတွက် မဟာတောရိုင်း နန်းတော်၏ အစီအရင်အားလုံးကို အသက်သွင်းခိုင်းလိုက်သည်။

အချိန်ကာလ၏ စည်းမျဥ်းစည်းကမ်းများအရ ခေတ်တစ်ခုချင်းစီတိုင်း၏ ကောင်းကင်နှင့်မြေပြင်တို့က အဆက်မပြတ် ပြောင်းလဲနေကာ မည်သို့မျှ တသမတ်တည်းမရှိခဲ့ပေ။

ယခုလက်ရှိ နားလည်မှုများအရ သူက ရှေးခေတ်အချိန်အခါတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ထိုခေတ်၏ ကောင်းကင်နှင့်မြေပြင်ကို ကျင့်ကြံထားခဲ့ခြင်းဖြစ်သည်။ သူ၏ တာအိုက ယခုလက်ရှိ တာအိုနှင့် သေချာပေါက် ကွဲပြားနေပေလိမ့်မည်။ ကောင်းကင်နှင့် ကမ္ဘာမြေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ခြင်းက အစကနဦးမျှသာဖြစ်ပြီး သူသည် ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအားကို စုပ်ယူကာ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအကုန်လုံးနှင့် အစားထိုးရမည် ဖြစ်သည်။

၎င်းမှာ ယခုလက်ရှိခေတ်နှင့် အမှန်တကယ် လိုက်လျောညီထွေအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

မဟာတောရိုင်း နန်းတော်က ၎င်းကို သိထားသကဲ့သို့ တစ်ခြားသော အင်အားစုများကပါ သိရှိထားကြသည်။ လုချန်ရှန်းကမူ ရေလိုက်ငါးလိုက်ဖြင့် သူတော်စင်တစ်ဦး လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

ပြဇာတ်ကို ပြီးဆုံးသည်အထိ ကပြဖျော်ဖြေခြင်းမှာ သရုပ်ဆောင်တစ်ဦး၏ အခြေခံ အရည်အသွေးဖြစ်သည်။

သူကိုယ်တိုင်မှာလည်း ထိုကိစ္စနှင့် ပတ်သတ်၍ ကူရာကယ်ရာမဲ့နေခဲ့သည်။ သူက သူတို့၏ ဝိညာဥ်ကျောက်တုံးများနှင့် ဝိညာဥ်ချီများကို တပ်မက်နေခြင်း မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် မဟာတောရိုင်း နန်းတော်၏ အစီအရင်များ အသက်ဝင်လာခဲ့ပြီး ဘက်ပေါင်းစုံမှ သိပ်သည်းသော ဝိညာဥ်ချီများစွာ စုစည်းလာခဲ့၏။

အပြင်ဘက်တွင် လူတော်တော်များများ စောင့်ကြည့်နေလျက်ရှိသည်။ အစောပိုင်း အချိန်များအတွင်းက ရောက်လာခဲ့သည့် အင်အားစုများမှာလည်း ဤနေရာတွင် ဆက်နေနေခဲ့ကာ သူတော်စင်က မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို သိချင်နေကြသည်။

အဆုံးတွင် လုချန်ရှန်းက အစီအရင်ကြီးတစ်ခုအတွင်းသို့ တိုးဝင်သွားခဲ့သည်။ အဆုံးမဲ့ စွမ်းအားများ အဆက်မပြတ် စီးဆင်းလာခဲ့၏။ သူသည် လေထုအတွင်းမှာပင် ထိုင်ချလိုက်ပြီး လက်ဟန်များ ပြုလုပ်လိုက်သည်။ များပြားလွန်းလှသော ဝိညာဥ်ချီများက သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြေးဝင်လာကြသည်။

ဘုမ်းးး

ကောင်းကင်နှင့် မြေပြင်ထံမှ ကြောက်မက်ဖွယ်ရာ အသံတစ်သံ ပေါ်ထွက်လာခဲ့၏။ ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပိုင်တာအိုစွမ်းအင်များ လည်ပတ်လာခဲ့သည်။ ကန်းယွင်ကားချပ်က ကပ်ဘေးချီကို ဖိနှိပ်ကာ အင်မော်တယ် စွမ်းအားကို သူ၏ခန္ဓာကိုယ်တွင် လည်ပတ်စီးဆင်းခွင့်ပြုထားခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တောက်ပလာခဲ့ကာ သူ၏ အသွင်အပြင်မှာလည်း နတ်တစ်ပါးအလား ထူးခြားမြင့်မြတ်လာခဲ့၏။ သူ၏ အသွင်အပြင်ကပင် တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ မဟာတောရိုင်း နန်းတော်တွင် ဝိညာဥ်ချီများစွာ စုစည်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းတိုးဝင်လာခဲ့သည်။ ၎င်းတို့က အလွန်တရာ သိပ်သည်းလွန်းလှသော်လည်း မည်သို့မျှ မလုံလောက်သေးပေ။

လူတိုင်းက အံ့ဩတကြီးဖြစ်သွားကြသည်။

“ ဒီလောက်တောင် များလွန်းလှတဲ့ ဝိညာဥ်ချီတွေကို သူတော်စင်က တကယ်ကြီး စုပ်ယူလိုက်တယ်ပေါ့ “

“ အဲ့တာက မလုံလောက်သေးမှာကို ငါကြောက်မိတယ် “

“ မလုံလောက်ဘူးလား “

“ သူတော်စင်က ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူက သူ့ရဲ့ စွမ်းအားအကုန်လုံးကို အစားထိုးဖို့အတွက် ဝိညာဥ်တွေ ပိုလိုသေးတယ်ပေါ့ “

“ ဒါပင်မဲ့ စုစည်းနေတဲ့ ဝိညာဥ်ချီတွေကတောင် ခမ်းခြောက်သွားပြီလေ “

မူချွမ်ကလည်း ၎င်းကို ငေးမောကြည့်ရှုကာ စကားဝင်ပြောနေတော့၏ “ အဲ့တာကြောင့်ပဲ သူတော်စင်က ငါတို့ကို ဝိညာဥ်ကျောက်တုံးတွေ ရှာခိုင်းလိုက်တာပေါ့။ ဝိညာဥ်ကျောက်တုံးတွေ ပြိုကွဲသွားတဲ့ အချိန်ကျရင် ဝိညာဥ်ချီတွေက ကောင်းကင်နဲ့ကမ္ဘာမြေဆီ ပြန်ရောက်သွားပြီးတော့ အခုခေတ်ရဲ့ တာအိုနဲ့ ပေါင်းစပ်သွားလိမ့်မယ် “

“ အဲ့လိုကိုး “

မူဟွမ်က သူမသေဆုံးခင် အချိန်တွင် မူချွမ်ကို ကိစ္စတော်တော်များများ ပြောပြခဲ့လေသည်။

ထိုစဥ် လုချန်ရှန်းက သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏လက်ဝါးအတွင်းသို့ ဝိညာဥ်ကျောက်တုံး အများအပြား ကျဆင်းလာခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ သိပ်သည်းနေခဲ့ကာ ကောင်းကင်ပြင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းကင်နှင့် နေမင်းကို ဝိညာဥ်ကျောက်တုံးများက ပိတ်ဆို့နေသည့် မြင်ကွင်းကို မည်သူကမှ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

ဝိညာဥ်ကျောက်တုံးများ ချက်ချင်းပေါက်ကွဲသွားကာ ဝိညာဥ်ချီများ ပေါ်ထွက်လာခဲ့ကာ မဟာတောရိုင်း နန်းတော်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

၎င်းက လုချန်ရှန်း၏ ကိုယ်ပိုင်စုဆောင်းမှုပင်ဖြစ်သည်။ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျော် ပြိုကွဲသွားသည့် အချိန်တွင် ဝိညာဥ်ချီများ အလွန်တရာ သိပ်သည်းလာခဲ့ပြီး သိပ်သည်းလွန်းလှသဖြင့် မိုးရေများအဖြစ် ဖွဲ့တည်ကာ ကျဆင်းလာခဲ့သည်။

သို့သော် ဖိအားတစ်ခု၏ တွန်းအားပေးမှုအောက်တွင် မိုးရေများက ရေစီးကြောင်းငယ်လေးများအဖြစ် ပြောင်းလဲသွားကာ မြစ်များအဖြစ် စုစည်းသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး စီးဆင်းလာခဲ့၏။

သို့သော် ၎င်းကပင် မလုံလောက်သေးချေ။ ဟင်းလင်းပြင်က လျင်မြန်စွာ သန့်စင်သွားခဲ့သည်။ မူချွမ်က အချိန်မှီ လှုပ်ရှားလာခဲ့ပြီး ဝိညာဥ်ကျောက်တုံး သန်းငါးဆယ်ကျော်ကို ဖောက်ခွဲလိုက်ရာ ဝိညာဥ်ချီများ ထပ်မံ၍ သိပ်သည်းလာခဲ့သည်။

ပိုပိုများသော ဝိညာဥ်ချီများ အဆက်မပြတ် ပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်အတွင်းတွင် ပေါက်ကွဲသွားခဲ့သည်။ ယခု၌ မဟာတောရိုင်း နန်းတော်အတွင်းတွင် ရရှိနိုင်သည့် ဝိညာဥ်ကျောက်တုံးတိုင်းကို ယူဆောင်လာခဲ့ပြီးပြီ ဖြစ်သည်။

လုချန်ရှန်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကို ပေါင်းထည့်လိုက်ရာ သုံးစွဲထားသည့် ဝိညာဥ်ကျောက်တုံး ပမာဏက သန်းနှစ်ရာကျော်သွားခဲ့ပြီ ဖြစ်သည်။

မြင့်မြတ်နယ်မြေအတွင်းတွင် စီးဆင်းနေသည့် ကမ္ဘာမြေသွေးကြောနှင့် ဝိညာဥ်စမ်းရေများကပင် ထိုနေရာဆီသို့ စုဆုံလာခဲ့သည်။ ယခင်ကတည်းက နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ထိန်းသိမ်းထားခဲ့သည့် နတ်ဝိညာဥ်ရည်တို့ပင် ပေါ်ထွက်လာခဲ့သည်။ မဟာတောရိုင်း နန်းတော်အောက်ရှိ နဂါးသွေးကြောကပင် လုချန်ရှန်းအတွက် အဆီအနှစ်များ ထုတ်လွှတ်ပေးလာခဲ့သည်။

ထိုမြင်ကွင်းက တစ်ကမ္ဘာလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့၏။ ယခုလေးတင် စုစည်းလာခဲ့သည့် ဝိညာဥ်ချီများက အလွန်တရာ များပြားလွန်းနေသော်လည်း ၎င်းတို့အားလုံး စုပ်ယူခံလိုက်ရသည်။

လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။ ဝိညာဥ်ကျောက်တုံး အများအပြားနှင့် နတ်ဝိညာဥ်ရည်များက မြင့်မြတ်နယ်မြေတစ်ခုကို နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ထောက်ပံ့(သို့) တည်တံ့စေရန် လုံလောက်သော်လည်း ယခုတွင် ၎င်းတို့အားလုံးက သူတော်စင်တစ်ဦးအတွက်သာ ဖြစ်နေခဲ့သည်။

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ အစွမ်းထက် ပညာရှင်တစ်ဦးကပါ ဤနေရာတွင် ရှိနေသေးသည်။ သူက ဟွာရှုနယ်ပယ် အဆင့်၉သို့ ရောက်ရှိနေခဲ့သော်လည်း ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် စိတ်နှလုံးသား ယိမ်းယိုင်သွားခဲ့သည်။

အရာအားလုံးက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့သည်။ သူသည် မအောင့်ထားနိုင်တော့ဘဲ စကားစပြောနေတော့သည် “ အဲ့ဒီသူတော်စင်က ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူက မွေးရာပါ ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေသေးပင်မဲ့ ဝိညာဥ်ချီတွေကို အဲ့လောက်တောင် စုပ်ယူနိုင်တယ်ပေါ့ “

နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ဂိုဏ်းထဲမှာ သူနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေ ရှိတယ်။ သူက သူ့ခေတ်အခါ သူ့မျိုးဆက်မှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ဦးပဲ။ အသက်နှစ်ဆယ်အရွယ်မှာတင် မွေးရာပါ ဝိညာဥ်နယ်ပယ်ရဲ့ အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်ခဲ့တယ်။ အဲ့ကိစ္စကြောင့်သာ မဟုတ်ဘူးဆိုရင် သူက ဘယ်လိုလုပ် ချိတ်ပိတ်ခံလိုက်ရမှာလဲ ”

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်တစ်ခုတည်းသာ မဟုတ်ဘဲ အင်အားစု တော်တော်များများထံတွင် ထိုပုဂ္ဂိုလ်နှင့်သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများစွာ ရှိနေခဲ့သည်။

အသေးစိတ် မဟုတ်သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

လုချန်ရှန်းက ဝိညာဥ်ချီများ ဆက်လက်စုပ်ယူနေသေးသည်ကို မြင်လိုက်ရသောအခါတွင် ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ လူက စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့လက်အတွင်းတွင် ဟင်းလင်းပြင် မှော်ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အမျိုးမျိုးသော ဝိညာဥ်ကျောက်တုံးများက ဟင်းလင်းပြင် အတွင်းသို့ ကျဆင်းသွားကာ တန်ဖိုးကြီးဆေးပင်များက ၎င်းတို့နှင့် အဖော်ပြုလိုက်ပါသွားခဲ့သည်။

သူ၏ ကိုယ်ပိုင် ဝိညာဥ်စမ်းရေကိုပါ ထုတ်ယူလိုက်သည်။

မဟာတောရိုင်း နန်းတော်၏ တစ်စုံတစ်ဦးက ထိုနေရာသို့ ငေးကြည့်လိုက်သော်လည်း မည်သို့မျှ မတားဆီးလိုက်ပေ။

သူတို့သည် ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်က ရည်ရွယ်ချက်ကောင်းများ ပြသနေသည်ဆိုသည်ကို သိနေခဲ့သည်။ ဝိညာဥ်ကျောက်တုံး သန်းဂဏန်းမျှသာဖြစ်သော်လည်း ၎င်းက သူတို့၏ သဘောထားကို ပြသရာရောက်နေခဲ့သည်။ ထိုလူများက သူတို့နှင့် ရန်သူမဖြစ်လိုကြပေ။

တစ်ခြားသော အင်အားစုများကပါ သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ပြလာကြသည်။ မည်သူကမှ တိတ်တဆိတ် မလှုပ်ရှားဝံ့ကြပေ။

အဆိုပါ သူတော်စင်ထံတွင် ဓားတာအိုကို အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသည်အထိ ကျင့်ကြံထားကာ သူ့ကို ကာကွယ်စောင့်ရှောက်နေသည့် နတ်ဘုရားတစ်ပါး ရှိနေသည်ကို လူတိုင်းက သိရှိထားကြသည်။ ယခုတွင် တိတ်တဆိတ် လှုပ်ရှားကြမည့် မည်သူ့ကိုမဆိုက လူတိုင်းက ဦးနှောက်မရှိသည့် အရူးအဖြစ် သမုတ်လိုက်ကြမည်ဖြစ်သည်။ ၎င်းနှင့် သေကြောင်းကြံခြင်းတို့ကြားတွင် ကွာခြားချက် ရှိပါမည်လော။

ဝိညာဥ်ချီများ တိုးဝင်လာသောကြောင့် လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားကာ မည်သို့မျှ ကြိုးစားအားထုတ်ရခြင်းမရှိဘဲ အခမဲ့ရရှိသည့် ဝိညာဥ်ချီများကို အရသာခံ၍ ခံစားကြည့်နေတော့၏။

အစတွင် သူက မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ရှိရန်အတွက် အနည်းငယ် လိုအပ်နေခဲ့သည်။ ထိုလူများက အချိုပေါ်သကာရည်လောင်းပေးလာခဲ့သောကြောင့် အဆိုပါ ပမာဏကို ဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဝှစ်

ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာ လေးခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကောင်းကင်ပြင် အရောင်ပြောင်းသွားကာ ဖိနှိပ်မှု အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။

ဤနေရာတွင် ရှိနေကြသည့် လူများသာလျှင် မဟုတ်ဘဲ အဝေးမှ ထောက်လှမ်းစူးစမ်းနေသည့် လူများကပါ အထိတ်တလန့် ဖြစ်သွားခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီ ထျန်းရီမြင့်မြတ်နယ်မြေနှင့် တစ်ခြားသော အင်အားစုများကမူ လျှို့ဝှက်နည်းစနစ်များဖြင့် မဟာတောရိုင်း နန်းတော်ကို ကြည့်ရှုစစ်ဆေးနေကြသည်။

သူတို့က အဆိုပါ သူတော်စင်ကို နားလည်ချင်နေကာ အသေအချာ စုံစမ်းချင်နေကြ၏။

သူတို့ မြင်တွေ့ခဲ့ရသမျှ အရာရာတိုင်းက သူတို့၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့သည်။ သူတို့၏ မျက်ဝန်းများအတွင်းတွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။ သူက သူ၏ကိုယ်ပိုင်စွမ်းအားကို အစားထိုးရန်အတွက် ထိုမျှများပြားသော ပမာဏမျိုးကို လိုအပ်နေခဲ့သည်။ ၎င်းက မည်သည့်အရာကို ဆိုလိုလဲဆိုသည်ကို သူတို့အားလုံး သိနေကြသည်။

“ မဟာတောရိုင်း နန်းတော်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူတို့ရဲ့ ကံတရားကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ အဲ့ဒီသူတော်စင်က နိုးထလာခဲ့ပြီပေါ့ “ ကောင်းကင်ဘုံ အကယ်ဒမီအတွင်း၌ လူတစ်ဦးသည် ၎င်းကို တိတ်တဆိတ်စောင့်ကြည့်နေကာ ဖြည်းဖြည်းချင်း စကားပြောနေခဲ့သည်။

သို့ရာတွင် နောက်လူတစ်ဦးကမူ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကာ အမူအရာ ပြောင်းလဲသွားခဲ့သည် “ အဲ့တာက တကယ်ကြီးကို သူဖြစ်နေတာလား “

လူတိုင်း တိတ်ဆိတ်သွားပြီး သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့ပြန်သည်။

မဟာတောရိုင်း နန်းတော်အတွင်းတွင် ကောင်းကင်နှင့် ကမ္ဘာက မူမမှန်မှုကို ထုတ်လုပ်ပေးနေခဲ့သည်။ ကြည်လင်ကာ ပြာလဲ့သော ကောင်းကင်ပြင်နှင့် နီစွေးသော နေလုံးတို့ ပေါ်လာခဲ့ကာ ကြယ်ရောင်စုံများ လင်းလက်လာခဲ့၏။ အဆုံးတွင် ၎င်းက ကမ္ဘာဦး ဖရိုဖရဲ မြင်ကွင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

လူငယ်တစ်ဦးက မူမမှန်မှုကို သူ၏နောက်ကျောတွင် သယ်ဆောင်ထားကာ အင်မော်တယ် စွမ်းအား စီးဆင်းနေလျက်ရှိပြီး နတ်အာရုံ ပေါ်ထွက်လာခဲ့၏။ ရွှေရောင်အလင်းစက်လေးများ ပျံသန်းလာခဲ့ပြီး သူ၏ဘေးတစ်ဖက်တွင် ရွှေရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ဟင်းလင်းပြင်အတွင်းတွင် ပွင့်လန်းလာခဲ့၏။

ရွှေရောင်ကြာပန်း ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ၎င်းက လေယူရာ ယိမ်းသွားခဲ့သည်။ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းက ကြာပန်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး တူညီသော ပန်းနှစ်ပွင့်အဖြစ် ပွင့်လန်းလာခဲ့သည်။ တတိယမြောက် ပန်းပွင့် ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင် ရွှေရောင် အလင်းစက်လေးများ အရပ်မျက်နှာအနှံ့ ကျဆင်းသွားကာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော ကြာပန်းများကို ပွင့်လန်းလာစေခဲ့၏။

၎င်းထံမှ ကောင်းကင်ဘုံ အမျက်ဒေါသ ပေါ်ထွက်လာခဲ့ကာ သက်ရှိသတ္တဝါတိုင်းကို ဖိနှိပ်သွားခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေနှစ်ခုစလုံးက မဟာတာအို အခုသုံးထောင်စလုံး ပေါ်ထွက်လာသကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။

အဆုံးမဲ့ ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ စုစည်းလာခဲ့ပြီး ငွေရောင်လျှပ်စီးတန်းများ လင်းလက်လာခဲ့ကာ မိုးကြိုးများ ဟိန်းဟောက်လာခဲ့ပြီး တစ်ကမ္ဘာလုံးကို လှုပ်ရမ်းသွားစေခဲ့၏။

လုချန်ရှန်းက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလိုက်သည်။ သူထရပ်လိုက်သည့် အချိန်၌ သူ၏ ပတ်ပတ်လည်တွင် သောင်းနှင့်ချီသော အလင်းတန်းများ ကျဆင်းလာခဲ့သည်။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ခြေတစ်လှမ်းလှမ်း၍ ပိုမိုမြင့်မားသော နေရာဆီသို့ ခုန်တက်သွားခဲ့သည်။

စောင့်ကြည့်နေကြသည့် သက်ရှိသတ္တဝါတိုင်းက ၎င်းကို ခံစားမိသွားကာ ဂဏာမငြိမ်ဖြစ်သွားကြသည်။

“ ကောင်းကင်ဘုံ ကပ်ဘေး “

“ သူပေါ်လာတာဖြင့် ဘာမှမကြာသေးဘူး တာအိုနဲ့ ပေါင်းစည်းဖို့အတွက် ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ချင်နေတာပဲ “

“ သူက အဲ့လောက်တောင် မောက်မာတာလားဟ “

နေရာအသီးသီးမှ အသံပေါင်းစုံ ပျံ့လွင့်လာခဲ့၏။ သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ သို့သော် ၎င်းက မွေးရာပါ ဝိညာဥ် အဆင့်၉အတွက် ရင်ဆိုင်ရသည့် ကပ်ဘေးတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် ကမ္ဘာမြေနှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အကြည့်ပေါင်းများစွာက သူတို့အရှေ့တွင် ရှိနေသည့် လူငယ်လေးထံတွင်သာ စုဆုံနေလျက်ရှိသည်။

--

…………………………………………………………………………………………………………………………………………

All Chapters