← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း(352)

ရန်ရှောင်က စက်ဘီးရပ်နားသည့် နေရာမှ စက်ဘီးကို တွန်းထုတ်ပြီး ကျောင်းဘက်သို့ သွားရန်ပြင်ဆင်နေခဲ့လေ၏။

ဟဲထန်က တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရန်ရှောင်ထံသို့ အပြေးအလွှားသွားပြီး မေးမြန်းလိုက်သည်။

“မင်္ဂလာပါ.. မင်းလည်း ပိုင်မားခရိုင်ကပဲလား”

ရန်ရှောင်က ခေါင်းညိတ်ပြလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူက နင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း သူ၏ လေသံက သိပ်ပြီးပြောင်းလဲခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူ စကားပြောဆိုလိုက်ပါက သူ၏လေသံကြောင့် သံသယဝင်သိားမည်ကို စိုးရိမ်ခဲ့သည်။

“ကျွန်တော်လည်း ပိုင်မားခရိုင်ကပဲ၊ မင်းရဲ့အသံကိုကြားတော့ ကျွန်တော်တို့တွေက တစ်နယ်တည်းသားတွေဆိုတာ သိလို့လိုက်လာခဲ့တာ”

ဤစကားက ရန်ရှောင်ကို အနည်းငယ် အံ့အားသင့်သွားစေပုံရလေ၏။

သို့သော် သူက စကားများများ မပြောတော့ဘဲ နင်ပြည်နယ်၏ လေသံဖြင့်ပြောလိုက်လေသည်။

“ကျွန်တော် အတန်းနောက်ကျတော့မယ်၊ သွားရဦးမယ်”

“အိုး”

ဟဲထန်က သဘောတူလိုက်သော်လည်း သူ၏ ခြေလှမ်းများကိုတော့ လုံးဝ ရွှေ့ဆိုင်းခြင်း မရှိပေ။

သူက လျင်မြန်စွာပင် ပြောလိုက်လေသည်။

“မြို့တော်တက္ကသိုလ်မှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေတည်းမှာ တစ်နယ်တည်းသားတွေအတွက် အသင်းတစ်ခု ဖွဲ့စည်းထားတယ်၊

တကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် အတူလိုက်လာလို့ ရတယ်၊ကျွန်တော်တို့အားလုံးက ခရီးဝေးကြီးကနေ စာလာသင်ကြရတာဆိုတော့ အခုလိုစုရုံးရင် သူငယ်ချင်းတွေ ပိုများလာနိုင်တယ်လေ၊

ဒါဆို နောက်ပိုင်းကျရင် အချင်းချင်း ကူညီစောင့်ရှောက်ပေးနိုင်တာပေါ့”

အကယ်၍ တစ်ဖက်လူ၏ အကြောင်းကို ကြိုတင်သိရှိထားခြင်းသာမရှိပါက ရန်ရှောင်အနေဖြင့် တစ်ဖက်လူကို အမှန်တကယ်ပင် စိတ်သဘောထား ကောင်းမွန်လွန်းသော တစ်နယ်တည်းသားတစ်ဦးဟု သေချာပေါက် ထင်မှတ်မိပေလိမ့်မည်။

ရန်ရှောင်က ခပ်တိုးတိုးရယ်မောလိုက်ပြီး ခေါင်းကို ညိတ်ပြလျက် ပြောလိုက်သည်။

“အချိန်ရရင်လာခဲ့ပါ့မယ်၊ ကျေးဇူးပြုပြီး လမ်းလေး နည်းနည်း ဖယ်ပေးပါဦး အတန်းဖော်”

ထိုအချိန်မှသာ ဟဲထန်က ဘေးသို့ ဖယ်ပေးလိုက်လေ၏။

ရန်ရှောင်၏ စက်ဘီးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

ဟဲထန်က ရန်ရှောင်၏ နောက်ကျောကို နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေမိလေတော့၏။

ရန်ရှောင်က ကျင်းဟွာတက္ကသိုလ်ထဲသို့ စက်ဘီးဖြင့် တစ်ပတ်မောင်းနှင်ခဲ့ပြီးနောက်မှသာ တခြားသော တံခါးကြီးတစ်ခုမှ ထွက်ကာအလုပ်ခွင်သို့ သွားခဲ့လေ၏။

သူက လမ်းတစ်လျှောက်လုံးတွင် လီရှန်းနှင့် စုဝေ့ချင်းတို့၏ စကားပြောဆိုသည့်လေသံများကို ပြန်လည် မှတ်မိအောင် ကြိုးစားနေခဲ့လေ၏။

သို့မှသာ နောက်တစ်ကြိမ်တွင် ဟဲထန်က သူ့ထံသို့ လာရောက်ချဉ်းကပ်သည့် အချိန်၌ သူက နင်ပြည်နယ် လေသံကို အသုံးပြု၍ စကားပြောဆိုနိုင်လိမ့်မည်။

သူက ရုံးခန်းထဲတွင် တစ်နေ့တာလုံး ရေနွေးကြမ်းသောက်ရင်း အချိန်ကုန်လွန်ခဲ့ပြီး နောက်တစ်နေ့ မနက်စောစောတွင်တော့ ဖခင်ဖြစ်သူ ရန်ကျိမင်ထံမှ အနှိုးခံလိုက်ရသည်။

သူ မျက်နှာသစ်၊ သန့်ရှင်းရေးလုပ်ပြီးနောက်တွင် အိမ်ထဲ၌ ထိုင်နေကြသော သက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတစ်စုကို မြင်တွေ့လိုက်ရသည်။

သူတို့က နေ့စဉ်ဝတ်ဆင်လေ့ရှိသော အဖြူရောင်အပေါ်ထပ်များကို ချွတ်ပယ်ထားကြပြီး သာမန်အရပ်ဝတ်အင်္ကျီများကိုသာ ဝတ်ဆင်ထားကြလေ၏။

သူတိုက ရန်ရှောင် သူတို့ကို လီရှန်း၏ အိမ်သို့ ဦးဆောင်ခေါ်သွားပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

လီရှန်းတို့ဘက်တွင်တော့ ကျန်းရိကော်က တစ်ညလုံး အိပ်ပျော်ခြင်းမရှိဘဲ မနက်လေးနာရီကတည်းက အိပ်ရာမှ ထလာခဲ့လေ၏။

သူက လူငယ်များ၏ အိပ်စက်မှုကို နှောင့်ယှက်မိမည်ကို စိုးရိမ်သောကြောင့် တိတ်တဆိတ်ဖြင့်သာ တံမြက်စည်းတစ်လက်ကို ကိုင်ပြီး အရှေ့ခြံဝန်းကို လှည်းကျင်းနေခဲ့လေ၏။

လီရှန်း အိပ်ရာမှထလာသည့်အချိန်တွင် အိမ်ဝန်းတစ်ခုလုံးက သန့်ရှင်းစင်ကြယ်နေရုံမျှမက မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်တစ်ရွက်မျှပင် ကျန်ရှိမတော့ပေ။

“ဦးလေးကျန်း၊ ဦးလေးကတော့ အစောကြီး ထလာတာထင်တယ်။

“ကိစ္စမရှိပါဘူး၊ ငါက အိပ်မပျော်ဖြစ်နေလို့လေ”

သူကလက်ကို ဝှေ့ယမ်းပြလိုက်လေ၏။

“မင်းလည်း သန့်ရှင်းရေးလုပ်လိုက်ဦး၊ သူတို့တွေ မကြာခင် ရောက်လာကြတော့မှာ”

လီရှန်းအနေဖြင့် အချိန်က စောလွန်းသေးကြောင်းကို ပြောချင်သော်လည်း၊ ကျန်းရိကော်၏ စိုးရိမ်ပူပန်နေသော စိတ်ခံစားချက်ကို သိနေသည့်အတွက် ခေါင်းညိတ်ပြလိုက်လေ၏။

“ကောင်းပါပြီ၊ ဒါဆိုရင် ဦးလေးကျန်းလည်း ခဏလောက် နားနေလိုက်ဦးနော်”

ကျန်းရိကော်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တံမြက်စည်းကို ထပ်မံ၍ ကောက်ကိုင်လိုက်ပြန်သည်။

လီရှန်း : “...”

သူမအနေဖြင့် ဤအိမ်ဝန်းထဲရှိ မြေသားများက အနည်းငယ်လောက် ပါးလွှာသွားခဲ့ပြီဟုပင် ခံစားနေရလေတော့၏။

သူမက သန့်ရှင်းရေးလုပ်ပြီးနောက်တွင် စုဝေ့ချင်းကလည်း အိပ်ရာမှ ထလာခဲ့သည်။

ထို့နောက် သူက စုရှောင်လော်ကို အဝတ်အစား ဝတ်ဆင်ပေးခြင်းနှင့် မျက်နှာသစ်ပေးခြင်းတို့ကို ကူညီလုပ်ဆောင်ခဲ့၏။

စုဝေ့ချင်းက သန့်ရှင်းရေးလုပ်ပြီးနောက်တွင် မနက်စာချက်ပြုတ်ရန် ပြင်ဆင်ခဲ့ပြန်သည်။

သို့သော် သူ မီးဖိုချောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အစ်မလျို့က အသားပေါက်စီ အမြောက်အမြားကို ကြိုတင်၍ ဝယ်ယူလာခဲ့ပြီး ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေတော့၏။

ထို့ကြောင့်ပင် ထိုမိသားစုက ခြံဝန်းအလယ်ရှိ ကျောက်စားပွဲကြီးကို ဝိုင်းရံလျက် မနက်စာ စားသောက်ခဲ့ကြသည်။

မနက်စာ စားသောက်ပြီးနောက် မကြာမီ လီရှန်းက ဟင်းများချက်ပြုတ်ရန်အတွက် စတင် အလုပ်ရှုပ်သွားခဲ့လေ၏။

လီရှန်းက ငါးကို လျင်မြန်သွက်လက်စွာဖြင့် အတုံးငယ်များ တုံးလိုက်လေသည်။

ရန်ကျိမင်နှင့် သူ၏အဖွဲ့ကလည်း လျှင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ကျန်းရိကော်မှာ သုတေသနဌာန၏ ဒါရိုက်တာအဖြစ် သူ၏ အဖွဲ့ကို ဦးဆောင်နေခဲ့ပြီး အသည်းရောင်အသားဝါ ကာကွယ်ဆေး စီမံကိန်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သူ ဖြစ်သည်။

သို့သော် သူ၏မြေးဖြစ်သူက ဤမျှအထိ ပြင်းထန်လွန်းသော ရောဂါဆိုးကို ခံစားနေရရှာကြောင်းကို သိရှိရသည့်အချိန်တွင် ဆေးဝါးလောကမှ ဤ ဝါရင့်ပညာရှင်ကြီးများက အလွန်ပင် စိတ်မကောင်း ဖြစ်ခဲ့ကြရ၏။

ထို့ကြောင့် သူတို့၏ ရိုးသားစစ်မှန်သော စေတနာကို ပြသသည့်အနေဖြင့် မနက်စာ စားသောက်ပြီးသည်နှင့် ချက်ချင်းပင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လေသည်။

လမ်းခရီးတစ်လျှောက်လုံးတွင် ရန်ရှောင်က သက်ကြီးရွယ်အိုအဖွဲ့၏ လမ်းပြတစ်ဦးကဲ့သို့ ပဆောင်ရွက်ခဲ့ရလေ၏။

သူ၏ လက်ထဲတွင် အနီရောင် အလံငယ်လေးတစ်ခွင်ကို ဝှေ့ယမ်းကာ အော်ဟစ်ပြီးဦးဆောင်လာခဲ့သည်။

ထို သမားတော်များ ရောက်ရှိလာခဲ့သည့် အခိုက်အတန့်တွင်တော့ အိမ်ဝန်းတစ်ခုလုံးက ချက်ချင်းပင် သက်ဝင်လှုပ်ရှားသွားခဲ့ရလေတော့၏။

ရန်ကျိမင်က လီရှန်းတစ်ယောက် ဆန်းသစ်လှပလွန်းသော ဟင်းပွဲ အမြောက်အမြားကို ပြင်ဆင်ထားကြောင်းကို မြင်တွေ့ရသည့်အချိန်တွင် အလွန်ပင် ပျော်ရွှင်သွားခဲ့ရသည်။

သူတို့က ပထမဦးစွာ အိမ်ဝန်းလေးကို လှည့်ပတ်ကြည့်ရှုခဲ့ကြပြီးနောက် ကျန်းကျိကို အပြင်သို့ ခေါ်ဆောင်ကာ ရောဂါရှာဖွေ စမ်းသပ်မှုကို စတင်ခဲ့ကြလေတော့၏။

ကျန်းရိကော်က ဝါရင့်သမားတော်တစ်စုမှ အတူတကွပူးပေါင်းကာ စမ်းသပ်စစ်ဆေးပေးနေကြသည်ကို ကြည့်ရှုရင်း စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များပါ ပြည့်နှက်နေခဲ့ရသည်။

“ရောဂါလက္ခဏာတွေကိုတော့ လျှော့ချပေးနိုင်ပါတယ်၊ ဒါပေမဲ့.. ရောဂါကို အမြစ်ပြတ်အောင်တော့ မကုသနိုင်ဘူး”

ဝါရင့်သမားတော်တစ်စုက မနက်ခင်းတစ်ခုလုံး ခေါင်းချင်းတိုက်လျက် သေသေချာချာ ဆွေးနွေးခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် ဤမျှလောက်သာရှိသော မထူးခြားလွန်းသည့် ကောက်ချက်ကိုသာ ချမှတ်နိုင်ခဲ့ကြ၏။

သို့သော် ကျန်းရိကော်ကတော့ အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။

“ဝေဒနာကို လျှော့ချပေးနိုင်ရင်ပဲ အရမ်းကောင်းနေပါပြီ၊ ဒီရောဂါဆိုးက အမြစ်ပြတ်ဖို့ ခဲယဉ်းတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိရှိထားပါတယ်၊

သူ သာမန်လူတစ်ယောက်လို နေထိုင်သွားနိုင်ရင်ပဲ လုံလောက်ပါပြီ”

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ထို ဝါရင့်သမားတော်များနှင့် ရိုးသားစွာ စကားပြောဆိုခဲ့လေ၏။

“ကျွန်တော် သူ့ကို အိမ်ထောင်ပြုပြီး သားသမီးရယူနိုင်ဖို့အထိ မမျှော်လင့်တော့ပါဘူး .. သူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်ရင်ပဲ ရပါပြီ၊

အခု ပြန်တွေးကြည့်ရင် အဲဒီအချိန်က ကျွန်တော် သူ့ကို နာမည်ပေးတာ မှားယွင်းခဲ့တယ်လို့ သံသယဖြစ်မိတယ်၊

ကျွန်တော် သူ့ကို ကောင်းလို့ နာမည်ပေးခဲ့သင့်တာ၊ ဒီလိုဆိုရင် သူက ဥာဏ်ကောင်းမနေခဲ့ရင်တောင်မှ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုတော့ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလား”

(T/n: ကောင်း - ကျန်းမာခြင်း )

မည်မျှပင် သိပ္ပံနည်းကျတွေးတောတတ်သူ ဖြစ်နေသော်လည်း၊ သူတို့အနေဖြင့် အားကိုးရာမဲ့မှုကို ပြင်းထန်စွာ ခံစားရသည့်အချိန်တွင် အယူသီးမှုများဘက်သို့ မသိစိတ်ဖြင့် သက်ဆင်းသွားတတ်ကြစမြဲပင်။

ရန်ရှောင်က လီရှန်းနှင့်အတူ နောင်အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့၏။

ရန်ရှောင်တွင် ကောင်းမွန်လွန်းသော အစီအစဉ်တစ်ခု ရှိနေခဲ့သည်။

သူက ယဉ်ကျေးမှုအနုပညာဌာနသို့ပါ ခွင့်တိုင်ကြားပြီး ကျင်းဟွာတက္ကသိုလ်သို့ ရက်အနည်းငယ်ခန့် သွားရောက်ကာ လေ့လာရေး ကျောင်းသားကောင်းတစ်ဦးအဖြစ် သွားရန် စဉ်းစားထားခဲ့၏။

သို့သော် ထိုအချိန်တွင်ပင် ဟဲထန်က ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းမရှိဘဲ အရိုက်အနှက် ခံလိုက်ရပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ခါးကုန်းနေသော အဆောင်မှူးက လာရောက်၍ သတင်းပို့သည့်အချိန်တွင် ရန်ရှောင်တစ်ယောက် လုံးဝ ဆွံ့အသွားခဲ့ရလေတော့၏။

“သူ့ကို ဘယ်သူ ရိုက်လိုက်တာလဲ”

အဆောင်မှူး : “..လီဟုန်မေ့ရဲ့ ခင်ပွန်းပါ”

လီဟုန်မေ့၏ ခင်ပွန်းက ဈာပနကျင်းပသည့်နေ့တွင် တစ်စုံတစ်ရာသော ကောလာဟလများကို ကြားသိခဲ့ရပုံရသည်။

ထို့ကြောင့် သူက ဒေါသကို မထိန်းချုပ်နိုင်တော့သည့်အတွက်ကြောင့် မြို့တော်တက္ကသိုလ်ထဲသို့ အပြေးအလွှားဝင်ရောက်ပြီး လူကို ရိုက်နှက်ခဲ့ခြင်း ဖြစ်လေ၏။

ကံကောင်းစွာဖြင့် ထိုလူက အသိတရား အနည်းငယ်ကျန်ရှိနေသေးသောကြောင့် ရိုက်နှက်သည့်အချိန်တွင် စစ်ဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိပေ။

သို့မဟုတ်ပါက သူက သာမန် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုမျှသာ မဟုတ်ဘဲ စစ်တပ်မှ ထုတ်ပယ်ခြင်းအထိ ဖြစ်သွားနိုင်သည်။

ထိုစစ်သား၏ လက်ချက်က ပြင်းထန်လွန်းသော်လည်း ဥာဏ်ရည်များကိုထည့်သွင်းအသုံးချထားသည်။

တစ်ဖက်လူက နာကျင်နေသော်လည်း အညိုအမည်းအမှတ်အသားများ အလွယ်တကူ မထွက်ပေါ်နိုင်သော နေရာများကိုသာ ရွေးချယ်ရိုက်နှက်ခဲ့ခြင်း ဖြစ်လေ၏။

ဟဲထန်တစ်ယောက် သူ၏ အတွင်းကလီစာများပင် နေရာရွှေ့ဆိုင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် အဝတ်ကို လှန်၍ ကြည့်ရှုလိုက်သည့် အချိန်တွင် ဝမ်းဗိုက်ထက်၌ နီရဲနေသော အမှတ်အသားအနည်းငယ်ကိုသာ တွေ့ရှိရသောကြောင့် တိုင်တန်း၍ မရခဲ့ပေ။

သူ၏စိတ်ထဲမှစနစ်မီာလည်း အလွန် ဒေါသထွက်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဟဲထန်ဆိုသည်မှ သူကိုယ်တိုင် သေဆုံးခြင်း၏ အနားသတ်မှ မနည်းပြန်လည် ဆွဲထုတ်ခဲ့ရသော Hostပင်မဟုတ်ပါလား။

သူ၏ ခန္ဓာကိုယ်က ဖန်အိုးတစ်လုံးကဲ့သို့ပင် ပျက်စီးလွယ်နေခဲ့သည်။

ထို့ကြောင့် သေးငယ်လွန်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလျှင်ပင် စနစ်အနေဖြင့် သူ့ကို ပြန်လည်၍ ပြုပြင်ရန်အတွက် စွမ်းအင်များကို အသုံးပြုနေရသည်။

ဤအခြေအနေကြောင့်ပင် ဟဲထန်၏ စိတ်ထဲ၌ လီရှန်း၏ နှလုံးသားကို အမြန်ဆုံး သိမ်းပိုက်လိုသော စိတ်ဆန္ဒများက ပိုမိုပြင်းထန်လာခဲ့ရလေသည်။

*

All Chapters