အခန်း ၃၅၆
Vol. 36 Ch. 356
အခန်း(356)
လီရှန်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ရဲဘော်ရန် ဘာမှမဖြစ်တာတော်သေးတာပဲ။
သို့သော်...
အဲဒီလူကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီ ဟုတ်လား။
လီရှန်းက ချက်ချင်းပင် ဟဲထန်၏အကြောင်းကို တွေးမိသွားခဲ့သည်။
သို့သော် ကိစ္စရပ်များက ဤမျှအထိ လွယ်ကူနိုင်ပါမည်လား။
ဟဲထန်က ရေမြောင်းထဲရှိ ကြွက်တစ်ကောင်ကဲ့သို့ဖြစ်ပြီး အမြဲတစေ အနောက်သို့သာ ဆုတ်ခွာကာ ပုန်းအောင်းနေတတ်သူ ဖြစ်သည်။
ထို့အပြင် ရန်ရှောင်ကိုယ်တိုင်လည်း လမ်းစအနောက်သို့ လိုက်လံစုံစမ်း၍ စောင့်ကြည့်ဦးမည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
အဘယ်ကြောင့် ရုတ်တရက် ဖမ်းဆီးမှုဆီသို့ ရောက်ရှိသွားရသနည်း။
လီဟုန်မေ့၏ ခင်ပွန်းသည်ထံမှ လက်သီးတစ်ချက်ကြောင့် ဟဲထန်တစ်ယောက် တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့ခြင်းများလား။
“ရှောင်တုန်၊ မင်း ဒီကို လာတာ အလုပ်ကိစ္စတွေကို ပစ်ထားခဲ့တာ မဟုတ်ဘူးလား၊ အလုပ်နောက်ကျသွားရင် အဆင်ပြေပါ့မလား”
လီရှန်းက စိတ်ထဲ၌ စိုးရိမ်ပူပန်နေခဲ့သော်လည်း ဝမ်တုန်အပေါ်တွင် ဂရုစိုက်စိုးရိမ်ပေးရန်အတွက် မမေ့လျော့ခဲ့ပေ။
မမျှော်လင့်ဘဲ ဝမ်တုန်က ခေါင်းကိုခါပြလိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်တော့်ရဲ့ ဆရာက အပြင်ကို ကားမောင်းထွက်သွားတာဆိုတော့ စက်ရုံထဲမှာ လုပ်စရာ အလုပ်မရှိပါဘူး၊ ကျွန်တော်က လုပ်ငန်းခွင်ထဲမှာ မျက်နှာပြရုံပဲလိုတာ”
တပည့်တစ်ဦးအနေဖြင့် ဤမျှလောက်သော လွတ်လပ်ခွင့်မျိုးတော့ ရှိလေသည်။
အထူးသဖြင့် ကားမောင်းသင်ယူနေသော တပည့်တစ်ဦးဖြစ်သောကြောင့်ပင်။
ဆရာဖြစ်သူက ပြန်လည်ရောက်ရှိလာသည့် အချိန်တွင် သူတို့က အချိန်ပို ဆင်းကြရမည်ဖြစ်သော်လည်း၊ ဆရာဖြစ်သူက အပြင်သို့ ကားမောင်းထွက်သွားသည့် အချိန်မျိုးတွင် သူတို့အနေဖြင့် ခွင့်တိုင်ပြီး လွတ်လပ်စွာသွားလာနိုင်ကြသည်။
“ဒါဆို မင်း အခု အားလား၊ ငါ့ မင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”
“အားပါတယ်”
“အခုချက်ချင်း မူလတန်းကျောင်းကို သွားပြီးတော့ ရှောင်လော်အတွက် ရက်နည်းနည်းလောက် ခွင့်သွားတိုင်ပေးပါဦး.. ပြီးတော့ ရှောင်လော်ကိုပါ အိမ်ကိုပြန်ခေါ်လာခဲ့ပေးပါနော်”
ဝမ်တုန်က ချက်ချင်းပင် ခေါင်းကို ညိတ်ပြလိုက်လေ၏။
သူက အဘယ်ကြောင့်လဲဟုပင် မမေးမြန်းတော့ဘဲ လှည့်ပြန်၍ ကျောင်းရှိရာဘက်သို့ ချက်ချင်း ပြေးလွှားသွားရန် ပြင်ဆင်လေတော့၏။
လီရှန်းက သူ၏နောက်သို့ လျင်မြန်စွာ လိုက်လံ၍ ဆွဲခေါ်လိုက်ရင်း၊လှမ်းအော်လိုက်ရလေသည်။
“ဒီကလေးကတော့၊ စက်ဘီးစီးသွားလေ”
ဤနေရာက ကျောင်းနှင့် အလွန် ဝေးကွာလွန်းသည်မဟုတ်ပါသော်လည်း နီးကပ်လွန်းသည်တော့ မဟုတ်ပေ။
သူက စုရှောင်လော်ကို ကျောပိုးပင် ပြန်လည်သယ်ဆောင်လာရပေလိမ့်မည်။
ဝမ်တုန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး စက်ဘီးကို တွန်းကာ အရှိန်ဖြင့် ပြေးထွက်သွားလေတော့၏။
နာရီဝက်ခန့် ကုန်လွန်ပြီးနောက်တွင် ဝမ်တုန်က စိတ်ရှုပ်ထွေးနေသော စုရှောင်လော်ကို အိမ်သို့ပြန်လည်၍ ခေါ်ဆောင်လာခဲ့လေပြီ။
လီရှန်း၏ မနက်ခင်းတစ်ခုလုံးက အလွန်ခုန်ပေါက်နေခဲ့ရသော နှလုံးသားကလည်း ယခုမှသာ ငြိမ်သက်အေးချမ်းသွားခဲ့ရတော့၏။
“အမေ၊ သမီးမှာ နောက်ထပ်အတန်းနှစ်တန်းတောင် ကျန်သေးတယ်လေ”
စုရှောင်လော်က နှုတ်ခမ်းကို စူလိုက်မိပြီး ခြေထောက်လေးဖြင့် မြေပြင်ကို ပွတ်တိုက်လျက် အနည်းငယ် မပျော်မရွှင်ဖြစ်နေသော အမူအရာလေး ပြသနေလေ၏။
“ဒါဆိုရင် အမေတို့ နောက်ရက်နည်းနည်းလောက် ကျောင်းမသွားဘဲ နေကြရင် ဘယ်လိုလဲ”
လီရှန်းက စုရှောင်လော်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
သူမက လက်ကိုမြှောက်၍ သမီးဖြစ်သူ၏ ဆံပင်လေးများကို သပ်ရပ်အောင် ပြင်ဆင်ပေးရင်း၊ စိတ်ကောက်နေသော သူမ၏ သမီးလေးအတွက် စိတ်ထဲ၌ အနည်းငယ် အားနာမိသွားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ဤကလေးငယ်တွင် အစွဲအလမ်းကြီးသော စိတ်ရောဂါတစ်မျိုး ရှိနေသကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။
သူမက ကျောင်းစတင်တက်ကတည်းက တစ်ရက်မျှ ကျောင်းမသွားရပါက စိတ်ထဲတွင် လုံးဝ စိတ်မသက်မသာ ဖြစ်နေတတ်သည်။
[ဒါက အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါ မဟုတ်ပါဘူး၊ ဒါကို တာဝန်သိစိတ်လို့ ခေါ်တာပါ]
ရုတ်တရက် စနစ်က ထွက်ပေါ်လာခဲ့ပြီး လီရှန်း၏ စိတ်ထဲက အတွေးများကို ပြင်းထန်စွာ ချေပလိုက်လေသည်။
စုရှောင်လော်က သူကိုယ်တိုင် ပျိုးထောင်ခဲ့ရသော အကြီးဆုံး သမီးလေး ဖြစ်လေ၏။
သူမအပေါ် ဤကဲ့သို့သော စကားလုံးမျိုး အပြောခံရခြင်းကို သူ့အနေဖြင့် လုံးဝ သည်းမခံနိုင်ပေ။
လီရှန်းက စနစ်၏ စကားကို လုံးဝ လျစ်လျူရှုထားလိုက်လေ၏။
ထို့အစား သူမက လမ်းဆုံရာနေရာဆီသို့ လှည့်ကြည့်လိုက်လေသည်။
ထိုနေရာတွင် ရင်းနှီးလွန်းသော ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေ၏။
ထိုအမျိုးသားက ယနေ့မနက်ကမှ အိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး၊ လမ်းခရီးတွင် စုရှောင်လော်ကို မူလတန်းကျောင်းသို့ပို့ဆောင်ပေးခဲ့သည်။
မူလက အတန်းတွင် စာသင်နေရမည်ဖြစ်သော ထိုအမျိုးသားက ယခုအချိန်တွင် သူ၏စက်ဘီးကို အရှိန်ဖြင့် နင်းလျက် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့လေ၏။
“ဝေ့ချင်း”
လီရှန်းက စုရှောင်လော်၏ လက်လေးကို ဆွဲကိုင်လျက် ထရပ်လိုက်လေသည်။
စုဝေ့ချင်းက စက်ဘီးဘရိတ်ကို အားပြင်းပြင်းဖြင့် ဖိလိုက်သောကြောင့်၊ စက်ဘီးက လီရှန်း၏ အရှေ့တွင် ရပ်တန့်သွားခဲ့လေ၏။
သူက သူ၏ ခြေတံရှည်ဖြင့် မြေပြင်ကို အားပြုပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်လေသည်။
သူ၏ အမူအရာက အတော်လေးကို ကျော့ရှင်းခန့်ညားလွန်း၏။
သို့သော် ယခုအချိန်တွင် မည်သူကမျှ ဤအချက်ကို အာရုံစိုက်မနေခဲ့ကြပေ။
စုဝေ့ချင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများက အပြည့်ရှိနေခဲ့သည်။
“မင်းတို့အားလုံး အဆင်ပြေရဲ့လား၊ ရှောင်လော်ကိုလည်း ပြန်ခေါ်လာခဲ့ပြီပေါ့”
“ရှင် ဘာလို့ ပြန်လာတာလဲ”
သူ့ပုံစံက အလွန် အလောတကြီး ဖြစ်နေခဲ့ပုံရသည်။
ထိုသားအမိနှစ်ဦးလုံးက တူညီသော အနေအထားဖြင့် ဦးခေါင်းလေးများကို အနည်းငယ် စောင်းလျက်၊ စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် သူ့ကို စိုက်ကြည့်နေကြလေသည်။
မည်သည့် ပြဿနာမျှ ဖြစ်ပွားခြင်းမရှိကြောင်းကို မြင်တွေ့ရသည့်အချိန်မှသာ၊ စုဝေ့ချင်း စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိပြီး စိတ်အေးသွားလျက် ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက်လုံး ဘာမှမဖြစ်ရင်ပဲ တော်ပါပြီ”
စုရှောင်လော်က သူမ၏ ဖခင်ကို တစ်လှည့်၊ မိခင်ကို တစ်လှည့်လိုက်လေ၏။
ထို့နောက် သူမ၏ အကြည့်ကို ဝမ်တုန်ထံသို့သာ ပို့လိုက်လေသည်။၊
“အစ်ကိုရှောင်တုန်က ပြောတယ်၊ ဦးလေးရန်က ဒီနေ့မနက်တုန်းက လူဆိုးတွေကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီတဲ့”
ဝမ်တုန်ကလည်း အလိုက်သင့်ပင် ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
“အဖေ.. သမီးတို့က တကယ့် လူဆိုးတွေနဲ့ ဆုံတွေ့ခဲ့ရတာလား”
စုရှောင်လော်၏ ကလေးဆန်လွန်းသော အသံလေးကို ကြားလျှင် စုဝေ့ချင်းက လီရှန်းဘက်သို့လှည့်ကာရှင်းပြလိုက်လေသည်။
“ကိုယ် အတန်းဆင်းတုန်းက ဒီနေ့ လမ်းပေါ်မှာကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ကြားခဲ့ရတယ်၊
သူတို့က တက္ကသိုလ်ကျောင်းသား ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီလို့ ပြောကြတာပဲ၊
ကိုယ် တွေးမိတဲ့အတိုင်းဆိုရင် တက္ကသိုလ်ကျောင်းသားတွေထဲမှာ လက်ရှိ ဝရမ်းပြေးဖြစ်နေနိုင်တာ ဟဲထန်တစ်ယောက်တည်းပဲ ရှိတာလေ”
ဆောင်းရာသီ ကုန်ဆုံး၍ နွေရာသီသို့ နီးကပ်လာခဲ့ပြီဖြစ်၍ အပူရှိန်က တဖြည်းဖြည်း ပိုမို၍ မြင့်မားလာခဲ့ပြီး အလွန်ပင် ပူပြင်းနေလေသည်။
စုဝေ့ချင်းက လက်ကိုမြှောက်၍ကာ သူ၏ အင်္ကျီလက်ဖြင့် နဖူးပြင်ထက်မှ ချွေးစက်များကို သုတ်လိုက်လေ၏။
လီရှန်းက သူ့ကို တားဆီးလိုက်ပြီး ပြောလိုက်လေသည်။
“လက်ကိုင်ပုဝါနဲ့ပဲ သုတ်ပါဦး၊ အဲဒီလိုမျိုး လျှောက်သုတ်လိုက်ရင် အင်္ကျီလက်တွေ ညစ်ပတ်ကုန်လို့ လျှော်ရတာ ခက်လိမ့်မယ်”
သူမက ပြောရင်း လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူပြီး သူ့ထံသို့ လှမ်းပေးလိုက်လေသည်။
စုဝေ့ချင်းအနေဖြင့် ဇနီးဖြစ်သူမှာ တရားဝင် လေ့ကျင့်ရေးစခန်းသို့ တက်ရောက်ခွင့်ရရှိခဲ့ကတည်းက သန့်ရှင်းစင်ကြယ်မှုအပေါ်တွင် ထူးခြားသော အစွဲအလမ်းတစ်မျိုး ဖြစ်ပေါ်နေခဲ့ကြောင်းကို ကောင်းစွာ သိရှိထားလေသည်။
ယခင်က ပိုင်မားခရိုင်တွင် ရှိချိန်တုန်းကတော့ သူမက ကျေးလက်တောရွာက သာမန်တိုင်းရင်းဆေးဆရာမလေးတစ်ဦးကဲ့သို့ပင် နေထိုင်ခဲ့၏။
ရောဂါပျောက်ကင်းနိုင်စွမ်းရှိသရွေ့တော့ မည်သည့်အရာကိုမဆို အသုံးပြုရန်သာ အာရုံစိုက်ခဲ့သူ ဖြစ်သည်။
သူမက သူမ၏ ပတ်ဝန်းကျင်တွင် ရနိုင်သမျှသော အရာအားလုံးကို အလွယ်တကူ အသုံးပြုခဲ့လေ၏။
ယခုအချိန်တွင်တော့ စနစ်တကျ သင်ကြားမှုကို ခံယူခဲ့ရပြီးနောက်၊ သူမက ဆေးဝါးကိရိယာများကို ပိုးသတ်သန့်စင်သည့် လုပ်ငန်းစဉ်များတွင်အလွန်စေ့စပ်တင်းကျပ်လာခဲ့သည်။
ထို့အပြင် လက်ဆေးသည့် လုပ်ငန်းစဉ်တွင်ပင် သေချာလွန်းသော အဆင့်ဆင့်သော စည်းကမ်းချက်များ ရှိနေခဲ့သည်။
စုဝေ့ချင်းက ပထမတွင် လုံးဝ ကျင့်သားမရခဲ့ပေ။
သို့သော် လအနည်းငယ် ကုန်လွန်ခဲ့ပြီးနောက်တွင်တော့ အကျင့်ဖြစ်သွားခဲ့ရသည်။
“ဒါဆိုရင် အခြေအနေက ဘယ်လိုမျိုးလဲ၊ ဟဲထန် တကယ်ပဲဖမ်းဆီးခံလိုက်ရပြီလား”
ဇနီးနှင့် သမီးတို့က ဘေးကင်းလုံခြုံနေသည်ကို မြင်တွေ့ရသောကြောင့် စုဝေ့ချင်း၏ လေသံကလည်း ပိုမို ပြေလျော့သွားခဲ့သည်။
“တခြား ဝရမ်းပြေးတွေ ထပ်ရှိနေတာမျိုးတော့ မဖြစ်နိုင်တော့ပါဘူး”
သူတို့အားလုံးက စာသင်နှစ် မစတင်မီကတည်းက ပြင်းထန်လွန်းသော နိုင်ငံရေးနောက်ကြောင်းစစ်ဆေးမှု ကို ဖြတ်သန်းခဲ့ကြရသူများ ဖြစ်သည်။
ဟဲထန်ကဲ့သို့သော အပြင်ပန်းတစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်တတ်သော လူယုတ်မာတစ်ဦးသာလျှင် သူ၏ ယုတ်မာလွန်းသော ရည်ရွယ်ချက်များကို ဤမျှအထိ နက်ရှိုင်းစွာ ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။
လီရှန်းက ခေါင်းကို ခါပြလိုက်ပြီး ပြောလိုက်လေ၏။
“ ကျွန်မလည်း သိပ်တော့မသိထားဘူး၊ ဝမ်တုန်ပြောသလောက်ပဲ သိရတာ၊ ရဲဘော်ရန်က လူတစ်ယောက်ကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီး သူကိုယ်တိုင်လည်း အရိုက်အနှက် ခံလိုက်ရပုံရတယ်တဲ့”
ဤအကြောင်းကို ပြောမိသည်နှင့် လီရှန်း၏ စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရရှာ၏။
အကယ်၍ ရဲဘော်ရန်သာ ဟဲထန်၏ လက်ချက်ကြောင့် အမှန်တကယ် အအပြင်းထန် ရိုက်နှက်ခံခဲ့ရမည်ဆိုပါက၊ သူမ၏ အပြစ်က သေချာပေါက် ကြီးမားလွန်းပေလိမ့်မည်။
သူမက သူမ၏အမျိုးသားကို ကာကွယ်ရန်အတွက် ရန်ရှောင်ကို အန္တရာယ်ရှိသော နေရာသို့ စွန့်စားခိုင်းခဲ့သည်မဟုတ်ပါလား။
“သူ ဘာမှမဖြစ်ဘူးမလား”
စုဝေ့ချင်းလည်း လန့်ဖျပ်သွားပြီး မေးမြန်းလိုက်လေ၏။
“ရှောင်တုန်ကတော့ သူ ဘာမှမဖြစ်ဘူးလို့ ပြောတာပဲ၊ ဒါပေမဲ့ ကျွန်မတို့ ဒီနေ့ညနေ သူ ပြန်ရောက်လာတဲ့အချိန်ကျရင် သူ့ဆီကို သွားရောက်ပြီး ကြည့်ကြရအောင်”
လီရှန်း ပြောလိုက်လေသည်။
အကယ်၍ သူသာ အမှန်တကယ်ပင် စုဝေ့ချင်းကို ကာကွယ်ရန်အတွက် ဒဏ်ရာရရှိခဲ့ခြင်း ဆိုပါက၊ သူမအနေဖြင့် သူ၏ဒဏ်ရာများကို အမြန်ဆုံး ပြန်လည်၍ ပျောက်ကင်း သက်သာသွားစေရန် ခန္ဓာကိုယ် အားပြည့်စေမည့် အာဟာရစွပ်ပြုတ်များကို ပို့ပေးရလိမ့်မည်။
စုဝေ့ချင်းက ခေါင်းညိတ်၍ ထောက်ခံလိုက်လေ၏။
သူတို့အနေဖြင့် ဖမ်းဆီးထိန်းချုပ်လိုက်သောသူက ဟဲထန် ဟုတ်၊ မဟုတ်ကို သေသေချာချာ မသိရှိရသေးပေ။
သို့သော် ကြိုတင်သတိထားခြင်းက အကောင်းဆုံး ဖြစ်သည်။
အထူးသဖြင့် စုရှောင်လော်အတွက်ပင်။
*