အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း
(360)
ရန်ရှောင် ဟဲထန်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
တစ်ဖက်လူက ရူးသွပ်နေသကဲ့သို့ ထင်ရလေ၏။
ထို့အပြင် သူ၏ ခန္ဓာကိုယ်က မည်သည့် ထိခိုက်ဒဏ်ရာမျှ ရှိမနေတော့သည့်အပြင် သူ၏ မျက်နှာထက်၌ပင် သွေးရောင်လွှမ်းနေခဲ့သည်
သူ မျက်မှောင်ကြုတ်လိုက်မိသည်။
“သူ့ကို ကြည့်ရတာ ရောဂါဝေဒနာတွေ အားလုံးကောင်းသွားတဲ့ပုံစံနဲ့ မတူဘူးလား”
“အမှန်ပဲ၊ ကျွန်တော်လည်း အဲလိုပဲ ထင်မိတာပါ”
အစောပိုင်းကတည်းက အလွန် ထိတ်လန့်ကြောက်ရွံ့နေခဲ့သောကြောင့် စကားပင် မဟရဲရှာသော စစ်ဆေးမေးမြန်းသည့် အရာရှိကလည်း အလိုက်သင့်ပင် ခေါင်းညိတ်ပြလိုက်လေတော့၏။
“ဒါဆိုရင် ငါတို့က ဘာကို စောင့်ဆိုင်းနေကြဦးမှာလဲ”
ရန်ရှောင်၏ လေသံက ချက်ချင်းပင် ပြတ်သားအေးစက်သွားခဲ့သည်။
“အခုချက်ချင်း စစ်ဆေးမေးမြန်းမှုကို စတင်လိုက်ကြရအောင်”
သူ၏ ခန္ဓာကိုယ်က ဆက်လက်၍ လှုပ်ရှားနိုင်ဆဲ အချိန်တွင် လျင်မြန်စွာဖြင့် မေးမြန်းဖော်ထုတ်ရမည်။
စစ်ဆေးမေးမြန်းသည့် အရာရှိများကလည်း သတိဝင်လာကြလေ၏။
ဟဲထန်မှာ သံထိုင်ခုံထက်သို့ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည့်တိုင်အောင် အနည်းငယ်မျှပင် ရုန်းကန်လှုပ်ရှားခြင်း မရှိခဲ့ပေ။
စစ်ဆေးမေးမြန်းသည့် အရာရှိပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့ရလေ၏။
ယခင်က ဟဲထန်က ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိခဲ့ပေ။
လက်ရှိတွင်တော့ ဟဲထန်က သံထိုင်ခုံထက်တွင် လက်ထိပ်ခတ်နှောင်ခြင်းကို ခံထားရပြီး လုံးဝကြောင်အမ်းကာ မိန်းမောနေခဲ့၏။
သူက သူ၏စိတ်ထဲမှ စနစ်ကို အထပ်ထပ်အခါခါ စစ်မေးနေခဲ့မိသည်။
“မင်းပြောတဲ့ အဓိပ္ပာယ်က ဘာလဲ၊ မင်း အဲဒီစနစ်ကို ဝါးမြိုပြီး ငါ့ကို အတူ ခေါ်ထုတ်သွားပါ့မယ်လို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား၊
အခု ငါတို့ ဘာဆက်လုပ်ကြမှာလဲ၊ ငါ့မှာ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး”
ဤနေရာက ရှီးရှန်းအကျဉ်းထောင် ဖြစ်ပြီး လုံခြုံရေးကို အလွန် တင်းကျပ်စွာ ချထားသော နေရာ ဖြစ်သည်။
သူ၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှု အခြေအနေအရဆိုလျှင် နံရံကို ကျော်တက်ရန်ပင် မလွယ်ကူတော့ပေ။
ထို့အပြင်…
ဟဲထန်က စိတ်ပျက်စွာဖြင့် မျက်ဝန်းများကို မှိတ်ထားလိုက်မိသည်။
သူက သူ၏ နောက်ဆုံးသော ဆေးလုံးကို သောက်လိုက်လေပြီ။
သူက ယခုအချိန်တွင် အနီးကပ် တင်းကျပ်စွာ စောင့်ကြည့်ခြင်းကို ခံနေရပြီဖြစ်၏။
အကယ်၍ စနစ်တွင် သူ့ကို ဆေးလုံးအသစ်များကို ထောက်ပံ့ပေးနိုင်မည့်စွမ်းအင်များ ရှိနေလျှင်ပင် သူ့အနေဖြင့် မည်သူ့ကိုမျှ လှည့်ဖျားနိုင်တော့မည် မဟုတ်ပေ။
ဤသို့ဆိုလျှင် သူက မကြာမီမှာပင် သေဆုံးသွားရတော့မည်မဟုတ်ပါလား။
စနစ်ကတော့ ဟဲထန်၏ အခြေအနေကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။
သူကိုယ်တိုင်ပင်လျှင် လုံးဝ ရူးသွပ်နေခဲ့လေပြီ။
သူက သူ့၏စွမ်းအင်ပမာဏအများစုကိုသုံးကာ ဤကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်လေ၏။
ထိုသို့လုပ်ခဲ့သည်မှာ လီရှန်းထံတွင်ရှိနေသော ကလေးထိန်းစနစ်၏ စွမ်းအင်များနှင့် စနစ်ကုတ်နံပါတ်ကို လုယင်ရယူရန်နှင့်၊ hostအသစ်တစ်ယောက်နှင့် ပြန်လည်၍ နှောင်ဖွဲ့နိုင်ရန်အတွက်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် လီရှန်း၏ ဘေးတွင် စနစ်က ရှိမနေခဲ့ပေ။
အကယ်၍ အခြေအနေများက ဤသို့ ဖြစ်ပျက်လာလိမ့်မည်ကို ကြိုတင် သိရှိထားခဲ့ပါက သူ့အနေဖြင့် သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြချိန်ကတည်းက ဟဲထန်အား လီရှန်းကို ချက်ချင်း သတ်ဖြတ်ခိုင်းခဲ့လိမ့်မည်။
စနစ်က တွေးတောရင်း ပြောလာသည်။
[သူမကို သတ်ပစ်နိုင်မဲ့ နည်းလမ်းကို ရှာဖွေစမ်းပါ၊ အဲဒီစနစ် ပေါ်ထွက်လာပြီး သူမနဲ့ ပြန်လည်နှောင်ဖွဲ့လာအောင် မျှားခေါ်ရမယ်]
“မင်း ငါ့ကို လာနောက်နေတာလား၊ ငါ့ရဲ့ အခု အခြေအနေနဲ့ ဘယ်သူ့ကို သတ်ဖြတ်နိုင်မှာမလို့လဲ”
ဟဲထန်က လုံးဝ ဆွံ့အသွားခဲ့ရလေတော့၏။
ဒီစနစ်က သူ့ကို ဘာလို့ထင်နေတာလဲ။ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ လက်ထိပ်များနှင့် ခြေချင်းတွေ့ရှိနေတယ်လေ။
သူက ဒီအခြေအနေနဲ့ လီရှန်းကို သတ်နိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား။
အကယ်၍ သူ့ကို မချည်နှောင်ထားခဲ့လျှင်ပင် ဤအခန်းထဲတွင် ယခင်က သူနှင့် လုံးထွေးသတ်ပုတ်ခဲ့ဖူးသူ အပါအဝင် စစ်ဆေးမေးမြန်းသူ သုံးဦးရှိနေသည်။
သူ လက်ထိပ်မှ ရုန်းထွက်နိုင်ခဲ့လျှင်ပင် လီရှန်း၏ ဆံခြည်တစ်မျှင်ကိုမျှ ထိနိုင်မည်မဟုတ်ပေ။
စနစ်သည်လည်း သူ့၏စကားက မဖြစ်နိုင်ကိုသိရှိကာ ငြိမ်သက်သွားလေသည်။
စနစ်နှင့် Hostဆိုသည်မှာ အပြန်အလှန် မှီခိုနေကြသည့် ဆက်ဆံရေးမျိုး ဖြစ်လေ၏။
တစ်နည်းအားဖြင့် Hostမှ တာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်း၊ သို့မဟုတ် သေဆုံးသွားခြင်းတို့မဟုတ်ပါက စနစ်က ထွက်ခွာသွားနိုင်ခြင်း မရှိပေ။
ထို့အပြင် စနစ်က ဤကမ္ဘာသို့ ကူးပြောင်းလာရန်နှင့် ဟဲထန်၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးရန်အတွက် စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။
သူ့တွင် အသုံးပြုစရာ စွမ်းအင်မရှိတော့ပေ။
ဤသို့ဆိုလျှင် စနစ်အနေဖြင့် ပျောက်ကွယ်သွားပေလိမ့်မည်။
စနစ်ထံမှ ထွက်ပေါ်လာသော စိတ်အခြေအနေများက ဟဲထန်ထံသို့ ကူးစက်သွားလေ၏။
စနစ်မှ သူ့ကို အန္တရာယ်ကျရောက်စေမည့်အရာတစ်ခုခုကို ပြုလုပ်တော့မည်ဖြစ်ကြောင်းကို သူ ရိပ်မိသွားခဲ့သည်။
ဟဲထန်မှု မူလကတည်းက သေရမည်ကို ကြောက်ရွံ့တတ်သူဖြစ်၍ ယခုအချိန်တွင် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရန်ရှောင်ကို အော်ဟစ်ပြောဆိုလိုက်လေသည်။
“ကျွန်တော် ဖြောင့်ချက်ပေးပါ့မယ်၊ အရာအားလုံးကို ဖြောင့်ချက်ပေးပါ့မယ် “
“ကျွန်တော့်ခေါင်းထဲမှာ အရာတစ်ခု ရှိနေတယ်၊ အဲဒီလူတွေကို ကျွန်တော် သတ်တာမဟုတ်ဘူး၊ အဲဒီ အမှိုက်ကောင်က ကျွန်တော့်ကို သတ်ခိုင်းတာ “
စနစ်အနေဖြင့် ထိတ်လန့်တုန်လှုပ်သွားသကဲ့သို့ ဒေါသလည်း အလွန် ထွက်သွားရလေ၏။
ပထမဆုံး စည်းကမ်းချက်က စနစ်ကို ဖော်ထုတ်ခြင်းမပြုရန် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဟဲထန်က ဤစည်းကမ်းချက်ကို ချိုးဖောက်လိုက်လေပြီ။
ပြင်းထန်သော အပြစ်ပေးမှုက ဟဲထန်နှင့် စနစ်ကိုစောင့်ကြိုနေလိမ့်မည်။
“အား!”
ဟဲထန်က ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သူ၏ခေါင်းကို အောက်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်လေ၏။
သို့သော် သူက လက်ထိပ်ခတ်ခံထားရဆဲ ဖြစ်သောကြောင့် သူ၏ခေါင်းက စားပွဲနှင့် လုံးဝ မထိနိုင်ပေ။
သူ၏ လည်ပင်းကသာ လက်ထိပ်ကို ဆက်တိုက် ရိုက်မိနေသည်။
“ကယ်ပါ..ကယ်ကြပါဦး”
ဟဲထန်က သူ့တွင်ရှိသမျှ အင်အားဖြင့် အော်ဟစ်နေသော်လည်း သူ၏အသံက မကြားတကြားမျှသာ ထွက်ပေါ်လာခဲ့လေ၏။
ကျန်ရှိနေသူများကလည်း ထိတ်လန့်သွားကြရသည်။
“အမြန်၊ စိတ်ငြိမ်ဆေးတစ်လုံး ထိုးပေးလိုက်”
အပြင်ဘက်တွင် စောင့်ဆိုင်းနေသော သမားတော်က ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး ဟဲထန်၏ လက်မောင်းသို့ စိတ်ငြိမ်ဆေးတစ်လုံးကို ထိုးပေးလိုက်လေသည်။
ဟဲထန်ကလည်း သူ့ကိုယ်သူ ကယ်တင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပြီး သူ၏နဖူးတွင် အကြောများက ထောင်ထနေလေ၏။
သူက သူ၏ ခေါင်းကို မဆောင့်မိစေရန်အတွက် ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း ဤသည်က စနစ်၏ အပြစ်ပေးမှု ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ကို သူ မထိန်းချုပ်နိုင်ပေ။
စစ်ဆေးမေးမြန်းသူများက ဟဲထန်၏ ခန္ဓာကိုယ်ကို မြဲမြံစွာ ဖိထားကြပြီး ရန်ရှောင်က ဟဲထန်၏ ခေါင်းကို ထိန်းကိုင်ထားလေသည်။
စိတ်ငြိမ်ဆေး၏ အာနိသင်က လျင်မြန်စွာ ပြသလာသော်လည်း ထိုဆေးက ဟဲထန်ကို ငိုက်မြည်းသွားစေ၏။
လီရှန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“သူ သတိလစ်သွားတဲ့ပုံပဲ”
သူမက ပြောရင်း ရန်ရှောင်ကို အနည်းငယ် စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေသည်။
“ကျွန်မ အရင်ပြန်ရမလား၊ ဒါမှမဟုတ် သူနိုးလာတာကို စောင့်ရမလား”
စိတ်ငြိမ်ဆေးကို ထိုးထားပါက စိတ်ငြိမ်သွားရန်အတွက် အနည်းဆုံး နာရီပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
ဤနေရာ၏ ထူးခြားသော အခြေအနေအရ လီရှန်းအနေဖြင့် ဤနေရာတွင် ကြာမြင့်စွာ နေထိုင်ပါက စုဝေ့ချင်းက သေခြာပေါက် စိုးရိမ်ပူပန်ပေလိမ့်မည်။
“ရပါတယ်၊ မကြာခင် နိုးလာမှာပါ”
ဆရာဝန်က လီရှန်းကို မော့ကြည့်လိုက်ပြီး သူ၏ မျက်မှန်ကို ပင့်တင်လိုက်လေသည်။
ဤအကျဉ်းထောင်တွင် အရိုက်ခံရပြီး စိတ်ငြိမ်သွားသော အကျဉ်းသားများကို ချက်ချင်း ပြန်နှိုးခြင်းက အဆန်းမဟုတ်ပေ။
လူသားမဆန်သော်လည်း ဤသည်က အကျဉ်းသားများကို စစ်ဆေးမေးမြန်းရန်အတွက် အကောင်းဆုံး အချိန်ဖြစ်သည်။
ထို့ကြောင့် လီရှန်းအနေဖြင့် စိတ်ကို လန်းဆန်းစေရန်အတွက် အပ်စိုက်ကုသခြင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရလေ၏။
အံ့သြစရာကောင်းစွာဖြင့် လူများကို စိတ်ငြိမ်အောင် ပြုလုပ်ရာတွင် ကျွမ်းကျင်သော ဤသမားတော်မှာ တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ဦး ဖြစ်နေခဲ့သည်။
အပ်စိုက်ပြီးနောက် ဟဲထန်က မျက်လုံးများကို ဖွင့်လိုက်သော်လည်း သူ၏ အမူအရာက အနည်းငယ် ဝေဝါးနေပြီး အပြည့်အဝ နိုးကြားခြင်း မရှိသေးပေ။
အတွေ့အကြုံ အလွန်ရင့်ကျက်လွန်းသော စစ်ဆေးမေးမြန်းသူက စားပွဲတွင် ပြန်လည်၍ ထိုင်လိုက်ပြီး စစ်ဆေးမေးမြန်းခြင်းကို စတင်လေတော့သည်။
ဟဲထန်က သူ၏နာမည်၊ အသက်နှင့် နေရပ်လိပ်စာတို့ကို ရှင်းလင်းစွာ ဖြေခဲ့လေ၏။
သို့သော် စနစ်နှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းသည့်အချိန်တွင် ဟဲထန်၏ လေသံက ခက်ခဲသွားရလေသည်။
စကားလုံးတစ်လုံးချင်းစီကို ပြောဆိုရန်အတွက် ခဲယဉ်းနေပြီး သူ၏ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ရင်လာကာ လည်ပင်းကို လက်ထိပ်နှင့် ထပ်မံ၍ ဆောင့်ချင်နေခဲ့သည်။
ရန်ရှောင်နှင့် တခြားလူတချို့က သူ့ကို မလှုပ်ရှားနိုင်စေရန်အတွက် ဖိထားရလေသည်။
ထွက်ဆိုချက်ကို မှတ်တမ်းတင်ရန် တာဝန်ယူထားရသော စစ်ဆေးမေးမြန်းသူက ဆက်လက်၍ မေးမြန်းလေ၏။
“ပြောစမ်း၊ စနစ်ဆိုတာ ဘာလဲ”
“စနစ်ဆိုတာ.. စနစ်ဆိုတာက ကျွန်တော့်ရဲ့ ဦးနှောက်ထဲကို ဝင်လာတဲ့ အရာတစ်ခုပါ၊
သူက ကျွန်တော့်ကို ပြောတယ်၊
လီရှန်းကို သတ်နိုင်ပြီး သူမဆီက စနစ်စွမ်းအင်ကိုရရင် ကျန်းမာတဲ့ တခြားလူရဲ့ ခန္ဓာကိုယ်ကို ရနိုင်မယ်လို့...”
ဤစကားကို ကြားရသည့်အချိန်တွင် လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားလေသည်။
ထိုစကားမှာ ပဒေသရာဇ်ခေတ် အယူသည်းမှုပင် ဖြစ်လေ၏။
သူက အလောင်းကောင်မှတစ်ဆင့် ဝိညာဉ်ပြန်လည်ရှင်သန်ခြင်းဟူသော အယူအဆကို အမှန်တကယ် ယုံကြည်နေသည်လား။
“လီဟုန်မေ့ သေဆုံးတာက မင်းနဲ့ ပတ်သက်မှု ရှိသလား”
“ရှိ.. ရှိပါတယ်”
“စနစ်က ပြောတယ်.. “
ဟဲထန်က တဖြည်းဖြည်း သတိပြန်လည်လာခဲ့ကာ အကြောင်းအရာများစွာကို ပြောမိသွားကြောင်းကို သိရှိသွားလေ၏။
သူ့အနေဖြင့် လည်ပင်းနှင့် လက်ထိပ်ကို ဆောင့်မိသည့် ကြောက်ရွံ့မှုကို ပြန်လည် သတိရပြီးနောက် မည်သည့်အရာကိုမျှမချန်ဘဲ သူသိသမျှ အရာအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“ကျွန်တော့်ကို သေနတ်နဲ့သာပစ်လိုက်ပါတော့၊ ဒါက အရမ်းနှိပ်စက်ခံနေရသလိုပဲ”
စနစ်က သူ့ကို သေစေချင်နေခဲ့သည်။
သူ သေရမည့်အကြောင်းကို သိရှိထားပြီးဖြစ်သော်လည်း စနစ်၏ သူ့ကို သတ်ဖြတ်သည့် နည်းလမ်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်း၏။
သူ့ကို လည်ပင်းကျိုးကာ သေဆုံးအောင် ပြုလုပ်ခြင်းက ဓားတုံးတုံးဖြင့် သတ်ဖြတ်သည့် ရှေးခေတ်က ခေါင်းဖြတ်သတ်ခြင်းထက်ပင် ပိုမို၍ ရက်စက်သည်။
သေနတ်ဖြစ်အပစ်ခံရသည်က ပို၍ကောင်းမွန်ပေဦးမည်။
အနည်းဆုံးတော့ ဤမျှနှင့် ပြီးဆုံးသွားမည်ဖြစ်ပြီး နာကျင်မှုကိုပင် ခံစားရလိမ့်မည် မဟုတ်ပေ။
*