ဆယ့်သုံးကို ကယ်တင်ခြင်း (၂)
Vol. 013 Ch. 611
ဝမ်လင်းက သည်အဘိုးအိုနှင့် ပတ်သတ်၍ ရင်းနှီးမှု ရှိပေသည်။ သူက လွန်ခဲ့သောတစ်နှစ်ကျော်လောက်က စစ်ကြီးကြပ်သူနှင့်အတူ ရောက်လာခဲ့သည့်လူပင် ဖြစ်သည်။
အဘိုးအိုမျက်နှာက လုံးဝဖြူရောနေသည်။ သူက မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ လွန်ခဲ့သောတစ်နှစ်ကျော်က သူဝမ်လင်းနှင့် တွေ့ဆုံခဲ့တုန်းက သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်က အကြမ်းဖျဉ်းအားဖြင့် တူညီနေခဲ့သည်။ သို့ရာတွင် ခု သူတို့က ယနေ့ထပ်တွေ့သည့်အခါ ဝမ်လင်းကျင့်ကြံမှုအဆင့်က များစွာ မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။ သူက နတ်ဆိုးတပ်သားများ၏ စွမ်းအားကို ငှားရမ်းထားခြင်းပြီး အလစ်တိုက်ခိုက်လိုက်ခြင်း မဟုတ်ပါက ဝမ်လင်းက ခြေတစ်လှမ်းပင် နောက်သို့ ဆုတ်ပေးလိုက်ရမည် မဟုတ်ပေ။
ဝမ်လင်းက သည်ဧရိယာတွင် ခြေချလိုက်ပြီးနောက် မရဏလက်ချောင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။ အဘိုးအိုက မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက နောက်ထပ်ဧရာမစပါးအုံးအဖြစ်သို့ ပြောင်းလဲသွားပြန်၏။ သည်စပါးအုံးမြွေနှင့် သူ့ခန္ဓာကိုယ်က ပေါင်းစပ်သွားကာ ၎င်းက ဝမ်လင်းကို နောက်တစ်ကြိမ် ဝါးမြိုရန် တာဆူလာပြန်၏။
“အရှင်နတ်ဆိုးဗိုလ်ချုပ် ငါ့ကို လာမတွေ့ရင် ငါ့လမ်းကြောင်းမှာ သတ်ဖြတ်ပစ်တာတွေအတွက် ငါ့ကို အပြစ်မတင်ပါနဲ့…” ဝမ်လင်းမျက်လုံးက အေးစက်လာကာ မီးခိုးရောင်သက်ဖြတ်ခြင်းအခိုးငွေ့များက သူ့လက်ချောင်းများကြား၌ ပေါ်လာပြီး မြန်ဆန်စွာ ပျံ့နှံ့လို့လာသည်။
သူ့မျက်လုံးက ရုတ်တရက်နီရဲလာခဲ့၏။ သည်မျက်လုံးထဲ၌ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပါဝင်နေသည်။ သည်အခိုက်တွင် ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ထိန်းချုပ်ခြင်းမရှိ ချက်ခြင်း အသုံးပြုလိုက်၏။
သတ်ဖြတ်ခြင်းအော်ရာက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွား၏။ ဝမ်လင်းက စပါးအုံးမြေကို တိုက်ခိုက်ခြင်း မပြုဘဲ နတ်ဆိုးတပ်သားများထံသို့သာ ခုန်ဝင်သွားသည်။ သူ့လက်လှုပ်ရှားလိုက်သည့် အကြိမ်တိုင်း မန္တန်တစ်ခုက ထွက်ပေါ်လာကာ နတ်ဆိုးတပ်သားများ သေဆုံးကုန်ကြသည်။
ငါးခုမြောက်နှင့် ခြောက်ခုမြောက်တံခါးမှ နတ်ဆိုးတပ်သားများ အပါအဝင် နတ်ဆိုးတပ်သားသောင်းချီက ဝမ်လင်းကို ဝန်းရံထားခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း အတူပူးပေါင်းထုတ်ကာ အစီအရင်များ ဖန်တီးထားကြ၏။
သည်အစီအရင်များက ပြည့်စုံသွားသည်နှင့် နတ်ဆိုးသားရဲများ သို့မဟုတ် နတ်ဆိုးအခိုးအငွေ့များဖြစ်သို့ ချက်ခြင်း သိပ်သည်းသွားကြသည်။အစီအရင်များက ဝမ်လင်းကို ဆက်တိုက်တိုက်ခိုက်နေကာ ပေါက်ကွဲသံနှင့် တိုက်ခိုက်မှုများက ဆက်တိုက်ထွက်ပေါ်လာ၏။
သည်နတ်ဆိုးတပ်သားများကို ရင်ဆိုင်နေရင်း ဝမ်လင်းက လူတစ်ယောက်တည်းဖြင့် ကောင်းကင်ကို ဆန့်ကျင်ရန်က လုံလောက်သောစွမ်းအား မရှိနိုင်သည်ကို နားလည်လာခဲ့သည်။
လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ကောင်းကင်လောက် မြင့်မားခြင်း မရှိပါက သည်အစီအရင်များကို ချိုးဖျက်ရန် ခက်ခဲလွန်းပေမည်။
သူက လူတစ်ယောက်၊ ဆယ်ယောက်၊တစ်ရာ၊ တစ်ထောင် သို့မဟုတ်တစ်သောင်းကို သတ်နိုင်၏။ သို့သော် သူက သတ်ဖြတ်ခြင်း ပြုနေရင်း သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကလည်း ကုန်ခမ်းလာသည်သာ ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်း၏ လက်နက်ရတနာများဖြစ်သည့် ကောင်းကင်ဘုံဓား၊ လခြမ်းကွေးဓားသွား၊အတားအဆီးအလံနှင့် ဓားအိမ်များကိုလည်း သူ့နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်ကာ အဆုံးမရှိ လှည်ပတ်သတ်ဖြတ် ပစ်နေ၏။ သည်ရတနာများနှင့် ယှဉ်လျှင် ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်က အကြီးမားဆုံးအကျိုးမြတ် ရရှိနေသည်။ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်နှင့် တစ်ယောက်ယောက် အသတ်ခံလိုက်ရတိုင်း ထိုပညာရပ်၏ ခွန်အားကလည်း တိုးလာသည်မဟုတ်လား။
သူက အမျိုးမျိုးသောမန္တန်များကို အသုံးပြုနေရင်း ဝမ်လင်းမျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒများနှင့်သာ ပြည့်နေတော့သည်။
သို့ရာတွင် သူ့ပတ်လည်၌ နတ်ဆိုးတပ်သားများက များပြားလွန်းလှ၏။ သူတို့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို တိုးမြှင့်လိုက်တိုင်း သူတို့က အလွန်အားကောင်းသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကြပေသည်။ ထို့ကြောင့် ဝမ်လင်း၏ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထိတ်အထိပ် ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် သုံးစွဲရသည့်နှုန်းက မြန်ဆန်လွန်းနေပေသည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပျံသန်းထွက်လာပြီး သူ့ကိုလှည့်ပတ်လာသည်။ သူက ကောင်းကင်ဘုံကျောက်စိမ်းပြားများ၏ စွမ်းအားများကို စုပ်ယူကာ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းသည်။
“နတ်ဆိုးလက်ချောင်း…” ဝမ်လင်းက နတ်ဆိုးစိတ်စံနမူနာကို အသက်သွင်းခြင်း မပြုပေ။ ထိုအစား သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအထွတ်အထိပ်အဆင့် စွမ်းအားကို အသုံးပြုကာ ဒုတိယမြောက် သတ်ဖြတ်ခြင်းမန္တန်ကို အသက်သွင်းလိုက်၏။လေထဲရှိ နတ်ဆိုးစွမ်းအင်များက နတ်ဆိုးလက်ချောင်း၏စွမ်းအင် အဝေးသို့ လွင့်စင်သွားကြသည်။ဝမ်လင်းက သေခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ သူ့လက်ချောင်းကို ဖိနှိပ်လာကာ သူ့လက်ချောင်းမှ စွမ်းအင်များက နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်ထဲသို့ တူးဆွဝင်ရောက်ပြီး ပေါက်ကွဲထွက်သွားစေသည်။
ကောင်းကင်နှင့်မြေကြီးက သွေးများဖြင့် လွှမ်းသွားတော့သည်။ ဝမ်လင်းက ရှေ့သို့ တဟုန်ထိုး တိုးလိုက်ရာ နတ်ဆိုးတပ်သားသောင်းချီကြားတွင် လမ်းတစ်ခု ဖြစ်သွားစေသည်။ သူက တတိယမြောက်တံခါးထံသို့ တိုက်ရိုက်တိုးဝင်သွားသည်။
လက်ချောင်းတစ်ခုဖြင့် မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော သွေးများက စုဝေးလာပြီး သွေးဖြင့်ပြုလုပ်ထားသည့် နဂါးတစ်ကောင်အသွင် ဖြစ်ပေါ်၏။သည်နဂါးက နတ်ဆိုးလက်ချောင်း ညွှန်သည့်နေရာတိုင်းသို့ တရကြမ်းတိုးဝင်သည်။ စပါးအုံးမြွေထဲမှာ ရှိနေသော အဘိုးအိုက ထိုသွေးနဂါးကို ရပ်တန့်လိုသော်လည်း ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားတော့သည်။ သူက နတ်ဆိုးလက်ချောင်းကြောင့် သေဆုံးသွားခဲ့ရခြင်းပင်။
နတ်ဆိုးလက်ချောင်းက ဖန်တီးထားသည့် သွေးနဂါးက တတိယတံခါးပေါ်သို့ ကျရောက်သွားသည်။ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာကာ တတိယမြောက်တံခါးသည်လည်း ပြိုကျသွား၏။
တံခါးပြိုကျသွားသည်နှင့် နတ်ဆိုးတပ်သားသောင်းချီက တတိယဂိတ်နောက်ကနေ ထွက်လာကြပြန်သည်။သူတို့နှင့်အတူ အဖြူရောင်ဆံပင်နှင့် အဘိုးအိုခြောက်ယောက်ပါ ပါဝင်လေ၏။ သူတို့က ပေါ်လာသည်နှင့် အကြည့်က ဝမ်လင်းပေါ်သို့သာ ကျရောက်လို့နေသည်။
ဝမ်လင်းက သက်ပြင်းချလိုက်၏။ သည်အရာက သူ့ကျင့်ကြံခြင်းအဆင့်၏ အကန့်အသတ်ပင်။ သည်အကြီးအကဲ ငါးယောက်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်များထက် အားနည်းလိမ့်မည် မဟုတ်ပေ။
သူ့ပတ်လည်ရှိ တပ်သားသောင်းချီကိုပါ ထည့်ပေါင်းပါက ဝမ်လင်းက ဒုတိယမြောက်တံခါးကို ဖျက်စီးလိုလျှင် နောက်ဆုံးတိုက်ချက်ကို အသုံးပြုရတော့မည်ကို သိနေ၏။
သည်တိုက်ကွက်က စစ်ထူနန် သူ့ကို သင်ပေးခဲ့သည့် သတ်ဖြတ်ခြင်းမန္တန်၏ ဝှက်ဖဲလည်း ဖြစ်သည်။ သည်တတိယမြောက် သတ်ဖြတ်ခြင်းမန္တန်၏ စွမ်းအားက အဆင့်နိမ့်ကောင်းကင်ဘုံမန္တန်စွမ်းအားနှင့်ပင် နီးကပ်မှု ရှိလေ၏။
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ စစ်တပ်ရဲ့ တည်ရှိမှုက တကယ့်ကို စွမ်းအားအစစ်အမှန်ပဲ။ငါ့မှာ နတ်ဆိုးတပ်သားသိန်းချီရှိရင် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်တောင် ရှုံးနိမ့်ရလိမ့်မယ်…”
“ငါ့မှာ အမြုတေဖွဲ့တည်ခြင်းအဆင့် တပ်သားသန်းချီ၊ အချို့တပ်မှူးတွေနဲ့ တပ်မှူးချုပ်ကျင့်ကြံမှုအဆင့်နဲ့ ညီမျှတဲ့ ဗိုလ်ချုပ်တစ်ယောက်လောက် ရှိရင် ငါက အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်တယ်…”
ဝမ်လင်းက နတ်ဆိုးတပ်သားသောင်းချီနှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်နှင့် ညီမျှသည့် အကြီးအကဲငါးယောက်ကို ကို မျက်နှာချင်းဆိုင်နေရင်း သက်ပြင်းချမိပေသည်။ ထို့နောက် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ စက်ဝန်းတစ်ခုကို ရေးဆွဲလိုက်၏။
“တစ္ဆေလောက…”
ဝမ်လင်းက စကားတစ်ခွန်း တိုးညင်းစွာ ဆိုသည်။
တစ္ဆေလောကလက်ချောင်း၊ သတ်ဖြတ်ခြင်းမန္တန်သုံးခု၏ သုံးခုမြောက်သတ်ဖြတ်ခြင်းမန္တန်သည် အဆင့်နိမ့်ကောင်းကင်ဘုံမန္တန်နှင့်ပင် နီးကပ်မှု ရှိနေပေသည်။ စစ်ထူနန်ပင် သည်မန္တန်ကို သူ့အား သင်ကြားပေးရန် ချီတုံချတုံ့ဖြစ်ခဲ့ရသည် မဟုတ်လား။
လက်ချောင်းတစ်ခုဖြင့်ပင် ကောင်းကင်က နက်မှောင်လာ၏။ အလင်းများက ထိုးကျသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ထက်၌ ဧရာမတောင်တန်းနှင့်မြစ် ပန်းချီကားတစ်ချပ်ပေါ်လာခဲ့သည်။
သည် တစ္ဆေလောကလက်ချောင်းက ဝမ်လင်းက နယ်ပယ်ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သောမီးခိုးရောင် အမျှင်တန်းများက ထိုပန်းချီစာလိပ်ထံမှ ထွက်ပေါ်လာပြီး အံ့မခန်းနှုန်းဖြင့် ဒုတိယမြောက် တစ္ဆေလောကလက်ချောင်းအဖြစ်သို့ သိပ်သည်းသွား၏။
ဝမ်လင်းဆံပင်များက လေမတိုက်ပဲ လွင့်မြောနေသည်။ သူ့မျက်လုံးက သတ်ဖြတ်ခြင်းတို့နှင့် ပြည့်၏။သူ့ခန္ဓာကိုယ်ကို မီးခိုးရောင်အခိုးငွေ့က ဝန်းရံလို့ထားသည်။ သူက သေခြင်းရှင်ခြင်းစာလိပ်ကနေဖန်တီးထားသည့် တစ္ဆေလောကလက်ချောင်းနှင့် ချိတ်ဆက်ထား၏။
လက်ညှိုးတစ်ချက်ဖြင့်ပင် ဝမ်လင်းပတ်လည်ရှိ နတ်ဆိုးတပ်သားသောင်းချီ၏ ခန္ဓာကိုယ်က တုန်ယင်လာကာ မီးခိုးရောင်အမျှင်တန်းက သူတို့၏ဦးခေါင်းထိပ်မှ ထွက်ပေါ်လာကာ တစ္ဆေလောကလက်ချောင်းနှင့် ပေါင်းစပ်သွား၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက လေထဲသို့ မြင့်တက်လာကာ သည်တစ္ဆေလောကလက်ချောင်းနှင့် ပေါင်းစပ်၏။ သည်အခိုက်တွင် လက်ချောင်းတစ်ခုသာ တည်ရှိတော့သည်။
ထိုလက်ချောင်းက မြေအောက်တစ္ဆေလောကကို ညွှန်၏။
တစ္ဆေလောက လက်ချောင်းနှင့် ပေါင်းစပ်ပြီးနောက် ဝမ်လင်းက ဒုတိယမြောက်တံခါးထံသို့ ရုတ်တရက် တဟုန်ထိုး တိုးဝင်သွားသည်။
အကြီးအကဲငါးယောက်က ထိုတစ္ဆေလောက လက်ချောင်း၏ စွမ်းအားကြောင့် တုန်လှုပ်မိနေသည်။ သို့သော် သူတို့က အံတင်းတင်းကြိတ်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းကာ ဝမ်လင်းကို တားဆီး၏။
သို့ရာတွင် သူတို့က တစ္ဆေလောကလက်ချောင်း၏ စွမ်းအားကို လျော့တွက်လို့နေသည်။ သည်လက်ချောင်းဖြင့် ဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်တွင် ရှိစဉ်က သူက အာဏာတက်ခြင်းအလယ်အဆင့် စွန်ထောင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်။သူက အဆုံးသပ်တွင် ရှုံးနိမ့်ခဲ့သော်လည်း စွန်ထောင်ကို အကြီးအကျယ် တုန်လှုပ်သွားစေနိုင်ခဲ့သည်သာ ဖြစ်သည်။
သည်အချိန်တွင် ဝမ်လင်းကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည့်အတွက် တစ္ဆေလောကလက်ချောင်းသည် အာဏာတက်ခြင်းအဆင့်ကိုပင် ကြောက်လန့်စေဖို့ လုံလောက်ပေ၏။
သည်အရာက ဝမ်လင်း၏ ဝှက်ဖဲအမှန်ပင်။
လက်ညှိုးတစ်ချက်ဖြင့်ပင် အကြီးအကဲငါးယောက်က သွေးများအန်ထုတ်လိုက်ရ၏။ သူတို့ငါးယောက်လုံးက နောက်သို့ အလိုလိုဆုတ်သွားကာ ဝမ်င်းကို ခြေလှမ်းတစ်ဝက်ရပ်အောင် မလုပ်နိုင်ခဲ့ချေ။
ဝမ်လင်းရှေ့ရှိ ဒုတိယမြောက်တံခါးသည်လည်း သူ့တစ္ဆေလောကလက်ချောင်း၏ ဖိအားကြောင့် ဖျက်စီးခြင်း ခံလိုက်ရသည်။ ဒုတိယ်မြောက်တံခါး၏ နောက်တွင်တော့ နတ်ဆိုးတပ်သားတစ်ယောက်မှ ရှိမနေချေ။သို့သော် လူတစ်ယောက်တော့ ရှိ၏။
သည်လူငယ်က အလွန်သေးငယ်ကာ မျက်လုံးများကတော့ အလင်းတန်းအလား တောက်ပလျက် ရှိ၏။ ဒုတိယတံခါး ပျက်စီးပြီး ဝမ်လင်း၏ တစ္ဆေလောကလက်ချောင်း နီးကပ်လာသည့်အခါ သူက မာန်တစ်ချက်သွင်း၏။ သူ့လက်က ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ သူက ရှေ့သို့ တွန်းထုတ်လိုက်၏။
ဝမ်လင်း၏ တစ္ဆေလောက လက်ချောင်းက သူ့လက်နှင့် သုံးပေအကွာတွင် ရပ်တန့်သွားတော့၏။ ဝမ်လင်း၏ တစ္ဆေလောကလက်ချောင်းနှင့် ထိုလူ၏လက် တို့ကြား၌ အလုံးငယ်တစ်ခု ဖြစ်ပေါ်သွားသည်။ သည်အလုံးက အဖြူရောင်ရှိသော်လည်း အထဲတွင် အနက်ရောင်လျှပ်စီးများ လှုပ်ရှားနေ၏။
သေးငယ်သောလူက အသက်ရှုကြိမ်သုံးကြိမ်စာသာ တောင့်ခံနိုင်လိုက်ပြီး နောက်သို့ ဆုတ်သွားကာ မြေပြင်ပေါ်တွက် နက်ရှိုင်းသောအမှတ်နှစ်ခု ထင်ကျန်သွား၏။သူက နောက်ဆုတ်လိုခြင်း မရှိသော်လည်း ဝမ်လင်း၏ တစ္ဆေလောကလက်ချောင်းကြောင့် တွန်းထုတ်ခံလိုက်ရခြင်းသာ။
သူက နောက်သို့ ဆုတ်သွားရန် လို၏။ သူသာ ဆက်လက်ခုခံနေပါက တောင့်မခံနိုင်တော့သည်ကို သိနေပေသည်။ သူက အတင်းပိတ်ဆိုပါက သူ့ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်၏။
သူက ပေတစ်ရာကျော်လောက်ထိ ဆုတ်သွားရကာ မာန်သွင်း၍ သူ့ကိုယ်သူ ရပ်တန့်လိုက်ရသည်။ ဝမ်လင်း၏တစ္ဆေလောကလက်ချောင်းက သူနှင့်သုံးလက်မ အကွာတွင်သာ ရှိနေဆဲ ဖြစ်သည်။
“တပ်မှူးဝမ်…ငါက နတ်ဆိုးဗိုလ်ချုပ်ရဲ့ အောက်မှာ ရှိတဲ့ နံပါတ်တစ်တပ်မှူး ဖြစ်တယ်။ သင်က ဘာလိုချင်နေတာလဲ…”
“ငါက နတ်ဆိုးဗိုလ်ချုပ်နဲ့ တွေ့ချင်လို့ပါ…” သူက ထိုသို့ပြောနေရင်း သူ့နောက်ဘက်ရှိ နတ်ဆိုးတပ်သားသောင်းချီထံမှ မီးခိုးရောင်အခိုးငွေ့ပမဏာများစွာက ထွက်ပေါ်လာသည်။ သည်အရပ်မျက်နှာအနှံ့မှ မီးခိုးရောင်အခိုးငွေ့များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ သည်အရာက တစ္ဆေလောကလက်ချောင်း၏ စွမ်းအားပင်။
သူ့ခန္ဓာကိုယ်ထဲသို့ မီးခိုးရောင်အခိုးငွေ့များစွာ ဝင်ရောက်လို့သွားသည်။ဝမ်လင်းက သူ့နှလုံးသွေးကြောမျှင်တိုင်းက အသက်ဓာတ်ရှိနေသည်ကို သိနေ၏။ သူ့ခန္ဓာကိုယ်ထဲ၌ သည်မီးခိုးရောင်အခိုးငွေ့နှင့်ဆိုလျှင် တစ္ဆေလောကလက်ချောင်း၏စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
သည်သေးငယ်သောလူက တစ္ဆေလောကလက်ချောင်း၏ အထွတ်အထိပ်စွမ်းအားကို ခံစားမိနေ၏။ သူ့အသွင်က ကြီးစွာ ပြောင်းလဲ၍ နောက်သို့ ဆက်ဆုတ်သည်။
သည်တစ်ကြမ်တွင် သူက ပထမြောက်တံခါးထံသို့ ဆုတ်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုတံခါးက ပြိုကျသွားတော့၏။
တစ်ချိန်တည်းမှာပင် ထိုသွေးငယ်သောလူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး ဘေးသို့ လွင့်စင်လို့သွားသည်။ သည်အခိုက်တွင် ပထမတံခါးထဲကနေ အရပ်ရှည်ရှည်လူတစ်ယောက် ထွက်ပေါ်လာ၏။ သူက စကားပြောဆိုခြင်း မပြုဘဲ ဝမ်လင်းတစ္ဆေလောက လက်ချောင်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ချက်ခြင်းပင် ထိုလက်သီးချက်ထဲရှိ တိုက်ပွဲစိတ်ဆန္ဒကို ရှင်းလင်းစွာ ခံစားမိလိုက်၏။
ဆယ်ခုလက်သီးဆန္ဒ ပြိုကျခြင်း။
ပထမလက်သီးစိတ်ဆန္ဒက လှိုင်းလုံးတစ်ခုလို လှိမ့်တက်လာသည်။ ပထမတစ်ခုက၊ဒုတိယတစ်ခု၊ တတိယတစ်ခု…မျက်စိတစ်မှိတ်အတွင်း လေးခုမြောက်စိတ်ဆန္ဒက ပေါ်ထွက်လာ၏။
ခုနစ်ခုမြောက်၊ရှစ်ခုမြောက်၊ ကိုးခုမြောက်…။ လက်သီးစိတ်ဆန္ဒ၏ အဆုံးမဲ့မှုက ကောင်းကင်နှင့်မြေကြီးကို ပေါင်းစပ်သွားကာ ဆင်းသက်လာတော့၏။ မီးခိုးရောင်အခိုးငွေ့ကလည်း ထူထဲလာကာ ဝမ်လင်းမျက်လုံးထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကလည်း မွန်းစတားဆန်သည့်အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။
ဆယ်ခုပြိုကျခြင်း၊ ကျယ်လောင်စွာ ပေါက်ကွဲသည်။ သည့်နောက် ဝမ်လင်းနှင့် ထိုအရပ်မြင့်မြင့်ပုံရိပ်ကြားရှိ မြေပြင်က တွန့်ကြေကာ လှိုင်းတွန့်များက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းလှိုင်းက ငါးကီလိုမီတာကျော်သည့်အထိ ပျံ့နှံ့လို့သွားသည်။