← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 28 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 28 Ch. 389-390

အပိုင်း(၃၈၉)

အဆင့်မြင့် ရွှေအဆင့် နဂါးများသည် ဧရာမ ပုတ်သင်ညိုကြီးများမျှသာ ဖြစ်ကြသည်။ ယီရင်နှင့် မာစီ တို့ တောအုပ်ထဲတွင် နဂါးများ၏ ရန်မှ ထွက်ပြေးခဲ့ရသော နေ့ရက်များတစ်လျှောက်လုံး၊ ထိုနဂါးများ မီးမှုတ်ထုတ်သည်ကိုဖြစ်စေ၊ မီး မာဒြာ ပညာရပ်များ အသုံးပြုသည်ကိုဖြစ်စေ ယီရင် တစ်ခါမှ မမြင်တွေ့ခဲ့ရချေ။ သူမ မြင်တွေ့ခဲ့ရသည်မှာ ၎င်းတို့၏ ခြေသည်းများ၊ အစွယ်များနှင့် အမြီးများ ဟူသော လက်နက်သုံးမျိုးကို အသုံးပြုခြင်းသာ ဖြစ်လေသည်။

"သူတို့ကို ဘာတွေကများ ဒီလောက်တောင် ဒေါသထွက်စေတာလဲ..."

သူတို့နှစ်ဦး ရေမြောင်းငယ်လေးတစ်ခုထဲသို့ တိုးဝှေ့ဝင်ရောက်ကာ အစီအရင် များ ရေးဆွဲထားသော စောင်တစ်ထည်ကို ခြုံလိုက်ရင်း ယီရင်က အကြိမ်တစ်ထောင်မြောက်အဖြစ် ညည်းတွားလိုက်သည်။

ထိုအစီအရင် သည် ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းများကိုသာ ပြန့်ကျဲသွားစေနိုင်သည်။ ထို့ကြောင့် သူတို့၏ ဝိညာဉ် များရှိ အကာအကွယ်များအပေါ်မှ ထပ်မံလွှမ်းခြုံပေးပြီး သူတို့ကို ပုန်းကွယ်နေစေရန် လုပ်ဆောင်ပေးခြင်း ဖြစ်၏။

စောင်သည် မှော်သင်္ကေတ များ ပတ်လည်တွင် စတင် စုတ်ပြဲလာနေပြီ ဖြစ်သည်။ အစီအရင်သည် စောင်အပေါ်တွင် ဝန်ထုပ်ဝန်ပိုး များစွာ သက်ရောက်စေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူတို့ ကံကောင်းခဲ့လျှင် အသက်ဝင်နေသော အစီအရင် ၏ စွမ်းအားက အဝတ်စကို မဆုတ်ဖြဲပစ်မီ နာရီအနည်းငယ်ခန့်တော့ ခံနိုင်ရည်ရှိဦးမည် ဖြစ်လေသည်။

မြင်းတစ်ကောင် အရွယ်အစားခန့်ရှိသော ရွှေရောင် အကြေးခွံများဖြင့် ပုတ်သင်ညိုနှင့်တူသည့် နဂါးတစ်ကောင်သည် သူတို့၏ အနီးတွင် ရပ်တန့်သွားလေသည်။ သူတို့ မြင်တွေ့နိုင်သော အက်ကြောင်းလေးထဲမှနေ၍ ၎င်း၏ ခေါင်းကို ခပ်ရေးရေးမျှသာ မြင်နေရ၏။

ဤအားနည်းသော နဂါးများသည် သူမ၏ ဆရာ ပြောပြဖူးသော ကောင်းကင်ယံတွင် တွားသွားနေသည့် ဧရာမ မြွေကြီးများနှင့် အနည်းငယ်မျှပင် မတူညီကြချေ။ သို့သော် ကျင့်ကြံသူများပင် သူတို့၏ ကျင့်စဉ်အဆင့် တက်လှမ်းလာသည်နှင့်အမျှ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားတတ်သည်ဟု သူမ တွေးထင်မိလေသည်။

၎င်းသည် အနံ့ခံလိုက်ရာ မျက်လုံးများမှ အလင်းရောင်များ တောက်ပလာလေသည်။ ထို့နောက် အမဲလိုက်ခွေး တစ်ကောင်အလား တောအုပ်၏ မြေပြင်တစ်ဝိုက်တွင် ဟိုဟိုဒီဒီ အနံ့ခံကာ သူတို့ကို လိုက်လံရှာဖွေနေတော့သည်။

အချို့သော အထွတ်အမြတ် သားရဲများသည် သာမန် တိရစ္ဆာန်များထက် ပို၍ ဉာဏ်မကောင်းကြပေ။ သို့သော် နဂါးများကမူ ကွာခြားလေသည်။ ဤနဂါးသည် စကားပြောဆိုနိုင်ပြီး အဆင့်မြင့် ရွှေအဆင့် ကျင့်ကြံသူ တစ်ဦး၏ ပညာရပ်များကိုပါ အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ၎င်းက ဟိန်းဟောက်ကာ အနံ့ခံ၍ အမဲလိုက်နေချိန်တွင် ထိုအချက်ကို သတိရရန်မှာ ခက်ခဲလွန်းလှ၏။

ယီရင်သည် မိမိကိုယ်ကိုယ် သတိကပ်လိုက်ပြီး သူမ၏ ဓားကို လှမ်းကိုင်လိုက်လေသည်။ သူမကိုယ်တိုင်က နဂါးကို သူတို့အား ရှာတွေ့စေချင်နေကြောင်း သတိပြုမိလိုက်သောအခါ သူမကိုယ်သူမပင် အံ့သြသွားမိ၏။

အကယ်၍ နဂါးကသာ ရှာတွေ့သွားခဲ့လျှင် ဆက်လက် ပုန်းကွယ်နေစရာ မလိုတော့ချေ။ ဆက်လက် ထွက်ပြေးနေစရာလည်း မလိုတော့ပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည် ဤကောင်လောက်ကို ကြောက်၍ ထွက်ပြေးနေကြခြင်း မဟုတ်ပေ။ သူတို့၏ အနောက်သို့ လိုက်လာကြောင်း ခံစားမိခဲ့ရသော အရှင်သခင် အဆင့် နဂါးကြီးဖြစ်သည့် ၎င်း၏ အစ်မကြီးထံမှ ထွက်ပြေးနေကြခြင်းသာ ဖြစ်၏။

တိမ်တိုက် အကာအကွယ်ကြီးသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကမ်းခြေနှင့် ပိုမို နီးကပ်ရာသို့ သွားရန် ကြိုးစားခဲ့ကြလေသည်။ သို့သော် ထိုသို့ ကြိုးစားတိုင်း၊ လက်ဖက်ရည် တစ်အိုး ဆူပွက်ရန် ကြာမည့် အချိန်လေးအတွင်းမှာပင် နဂါးများသည် သူတို့ကို ခြေရာခံမိသွားတတ်ကြ၏။

ယီရင်သည် ကံကိုပုံချကာ အောင်ပွဲအတွက် ကဆုန်ပေါက်ပြေးရန် အသင့်ဖြစ်လုနီးပါး ရှိနေပြီ ဖြစ်သည်။ သူမသည် ပုန်းအောင်းရန်နှင့် ခိုးကြောင်ခိုးဝှက် သွားလာရန် ဖန်တီးထားသူ မဟုတ်ချေ။

သူမ၏ သွေးအရိပ် ကလည်း ထိုအချက်ကို သဘောတူလေသည်။

သူမ မိမိကိုယ်ကိုယ် ထိန်းချုပ်နေစဉ်မှာပင် သူမ၏ အရိပ် သည် သူမ၏ ကျောဘက်မှ လျှောတိုက် ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင်မူ ၎င်းသည် အနီရောင် သမ်းနေသော အရိပ်တစ်ခုနှင့် တကယ်ပင် တူနေပြီး မြေပြင်တစ်လျှောက် လျှောတိုက်ကာ နဂါးနှင့် ပိုမို နီးကပ်သွားလေသည်။ အကယ်၍ ထို အထွတ်အမြတ် သားရဲသာ သတိမထားမိခဲ့လျှင်၊ ၎င်းသည် မြေကြီးထဲမှ ခုန်ထွက်လာကာ ဦးစွာ ဝင်ရောက် တိုက်ခိုက်တော့မည် ဖြစ်၏။

ယီရင် သည် ၎င်းကို ဖမ်းဆုပ်လိုက်လေသည်။

၎င်းကို ဖမ်းဆုပ်လိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ်မှု တစ်ခုက သူမကိုယ်တွင်းသို့ ဖြတ်သန်းသွား၏။ နဂါးကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ။ သူမ၏ စိတ်တစ်ပိုင်းက ထိုအရာကိုပင် ကြိုဆိုနေခဲ့သေးသည်။ အမှန်တကယ်တော့ ၎င်းသည် ကိုယ့်သဘောနှင့်ကိုယ် လွတ်မြောက်သွားလုနီးပါး ဖြစ်သွားသောကြောင့် ဖြစ်လေသည်။

ထိုသို့လုပ်ရန် နောက်ထပ် ဘယ်အချိန်မှာများ ဆုံးဖြတ်ဦးမည်နည်း။ သူမ သူငယ်ချင်းများနှင့် ရှိနေချိန်မှာလား။ သို့မဟုတ်... သူမ အိပ်ပျော်နေချိန်မှာလား။

သူမသည် လက်တစ်ဖက်နှင့်အတူ သူမ၏ စိတ်စွမ်းအား အပြည့်အဝကို အသုံးပြု၍ ၎င်းကို နောက်သို့ ပြန်ဆွဲလိုက်လေသည်။ ၎င်းကို ထိတွေ့ရုံဖြင့်ပင် တစ်စုံတစ်ရာကို ရှုံးနိမ့်သွားသကဲ့သို့ သူမကိုယ်သူမ အောက်တန်းကျသွားသည်ဟု ခံစားရစေသည်။ သို့တိုင်အောင် သူမသည် ၎င်းကို အတင်း ပြန်ဆွဲယူခဲ့၏။

သူမသည် ၎င်းကို သူမ၏ ဝိညာဉ် အတွင်းသို့ ပြန်လည် ချုပ်နှောင်လိုက်သောအခါ၊ ၎င်းသည် သူမ၏ အမြုတေ အပြင်ဘက်တွင် ပွက်ပွက်ဆူလာပြီး အတွင်းပိုင်းမှနေ၍ သူမကို ရိုက်နှက် တိုက်ခိုက်နေလေသည်။

နဂါးသည် အနည်းငယ် ပို၍ ဝေးကွာရာသို့ ရွေ့လျားသွားစဉ် သူမသည် ထိုနေရာ၌ အမောတကောဖြင့် ထိုင်နေခဲ့၏။ အခြေအနေမှာ အလွန် သီသီလေး ဖြစ်ခဲ့လေသည်။ သူမ ထိန်းချုပ်မှု ကင်းမဲ့သွားမည့် အခြေအနေနှင့် အလွန် နီးကပ်လွန်းခဲ့သည်။

ထိုအဖြစ်အပျက်က သူမ၏ စိတ်ဆန္ဒကို သံမဏိကဲ့သို့ မာကျောသွားစေခဲ့သည်။ သူမသည် ပိုမို အားကောင်းလာရန် လိုအပ်လေသည်။ ဤအရာ မပါဘဲနှင့် ပို၍ အားကောင်းလာရန် လိုအပ်၏။

အစီအရင် များ ရေးဆွဲထားသော စောင်အောက်မှနေ၍ မာစီ က သူမကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

"နင် အဆင်ပြေရဲ့လား..."

သူမက တိုးတိုးလေး မေးလိုက်သည်။ ယီရင် သည် စောင်ကို လွှင့်ပစ်လိုက်ပြီး သူမ၏ လက်လေးဖက် စလုံးကို ဆန့်ထုတ်လိုက်လေသည်။ မတ်တတ် ပြန်ရပ်လိုက်ရသည်မှာ ကောင်းမွန်သော ခံစားချက်ပင် ဖြစ်၏။

ရွှေရောင် နဂါးသည် သူမကို စိုက်ကြည့်နေလေသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမ၏ ဝိညာဉ် အတွင်း၌ မာဒြာ များ လွတ်လပ်စွာ လှည့်ပတ်သွားသည်ကို ခံစားလိုက်ရသည်။ အကာအကွယ် များသည် မရှိမဖြစ် လိုအပ်သော ကျင့်ကြံခြင်း ပညာရပ် ဖြစ်သော်လည်း၊ ကိုယ့်ကိုယ်ကိုယ် ဂုန်နီအိတ်ထဲတွင် ချည်နှောင်ထားရသကဲ့သို့ ခံစားရစေလေသည်။

ယီရင် သည် သူတို့ ပုန်းအောင်းနေခဲ့သော မြေကြီးထဲရှိ အပေါက်ငယ်လေးထဲမှ ခုန်ထွက်လိုက်လေသည်။ မာစီ သည် အပေါက်ထဲမှနေ၍ သူမကို မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်နေ၏။

ယီရင် သည် သူမ၏ လက်များကို ဆန့်ထုတ်ထားဆဲပင် ဖြစ်ပြီး သူမ၏ ရွှေအဆင့် သင်္ကေတ များထဲမှ တစ်ခုကို အသုံးပြု၍ နဂါးကို လက်ယပ်ခေါ်လိုက်လေသည်။

"ကဲ... နင် အသင့်ဖြစ်ပြီလား..."

နဂါးသည် ထောင်ချောက်ရှိမည်ကို စိုးရိမ်သဖြင့် ဘေးဘယ်ညာသို့ လှမ်းကြည့်လိုက်၏။ သို့သော် ခဏအကြာတွင် ၎င်း၏ မျက်လုံးများအတွင်း အပူငွေ့များ ထပ်မံ တောက်ပလာပြီး ဟိန်းဟောက်လိုက်လေတော့သည်။

ယီရင်သည် သူမ ဆရာ၏ ဓားပေါ်တွင် လက်တစ်ဖက်ကို တင်လိုက်ပြီး အော်ရာ ကို အာရုံစိုက်လိုက်လေသည်။

သူမသည် သွေးအရိပ် အပေါ် မှီခိုနေစရာမလိုသော စွမ်းအားကို လိုအပ်နေသည်။ သူမ တစ်ယောက်တည်းသာ ပိုင်ဆိုင်သော စွမ်းအားမျိုး ဖြစ်၏။ ထို့အပြင် သူမသည် ချောက်ကမ်းပါး အစွန်းသို့ တွန်းပို့ခံရသည့် အချိန်တိုင်းတွင် ပိုမို ကောင်းမွန်စွာ သင်ယူတတ်မြောက်လေ့ ရှိလေသည်။

နဂါးသည် သူမဆီသို့ ပြေးဝင်လာပြီး၊ ၎င်း၏ ခြေသည်းများတစ်ဝိုက်တွင် ဓား အော်ရာ များ စုဝေးလာကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုဖြင့် လွှဲရိုက်လိုက်လေသည်။

သူမ အဆုံးမဲ့ ဓား နည်းစနစ်ကို အသက်သွင်းလိုက်သောအခါ ခေါင်းလောင်းသံတစ်ခုသည် လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။

နဂါး၏ ခြေသည်းများတစ်ဝိုက်ရှိ ဓား အော်ရာ သည် ပေါက်ကွဲထွက်သွားရာ၊ ၎င်း၏ ခန္ဓာကိုယ်အနှံ့ရှိ အကြေးခွံများပေါ်တွင် အဖြူရောင် ခုတ်ရာတိမ်တိမ်လေးများ ပေါ်လာစေခဲ့လေသည်။ ၎င်း၏ တိုက်ခိုက်မှုမှာ အနည်းငယ်မျှပင် နှေးကွေးမသွားခဲ့ချေ။ ထို့ကြောင့် ယီရင် သည် ကာကွယ်ရန်အတွက် သူမ၏ ရွှေအဆင့် သင်္ကေတ များကို မြှောက်တင်လိုက်ရလေသည်။

ထန်...

ခြေသည်းများသည် သူမ၏ မာဒြာ လက်တံ သံမဏိများနှင့် ရိုက်ခတ်မိသောအခါ၊ ထိုအရှိန်က သူမကို နောက်သို့ တွန်းပို့သွားလေသည်။ သူမသည် ထိုအတိုင်းပင် လိုက်လျောပေးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။

ထို့နောက် သူမသည် ဤတစ်ကြိမ်တွင် ပိုမို အာရုံစိုက်ကာ နောက်တစ်ကြိမ် ကြိုးစားလိုက်ပြန်သည်။

သူမ၏ နည်းစနစ်သည် လေနှင့် တူနေသင့်ပေသည်။ ၎င်း၏ အကျိုးသက်ရောက်မှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်ရဘဲ သူမကို ဝန်းရံထားရမည် ဖြစ်၏။ သူမကို မျက်စိဖြင့် မမြင်နိုင်သော ဓားအလက် တစ်ထောင်ဖြင့် ကာကွယ်ထားသည့်အလား ဖြစ်နေရမည် ဖြစ်လေသည်။

သူမ အဆုံးမဲ့ ဓား နည်းစနစ်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သောအခါ၊ ၎င်းသည် မျက်စိဖြင့် မမြင်နိုင်သော ဓားတစ်ထောင်ခန့် ရမ်းကားခုတ်ထစ်နေသည်နှင့် ပို၍ တူနေလေသည်။

သူမသည် အချိန်မီ ဓားဖြင့် ဝင်ရောက် ကာကွယ်နိုင်ခဲ့သော်ငြားလည်း နဂါး၏ အမြီးသည် သူမကို ပြင်းထန်စွာ ဝင်ရိုက်သွားလေသည်။ ထိုရိုက်ချက်က သူမကို နောက်သို့ လွင့်စင်သွားစေခဲ့ပြီး၊ သစ်ပင်တစ်ပင်ကို ကျောရိုးဖြင့် မဝင်တိုက်မိမီ သူမ၏ ရွှေအဆင့် သင်္ကေတ များကို အသုံးပြု၍ ဟန်ချက်ထိန်းလိုက်ရလေသည်။ ငွေရောင် မာဒြာ လက်တံများသည် ပုဆိန်သွားများကဲ့သို့ သစ်ပင်၏ ပင်စည်တွင် စိုက်ဝင်သွားပြီး၊ သူမကို သစ်သားနှင့် ပြင်းထန်စွာ မတိုက်မိစေရန် လက်တစ်လုံးအလိုတွင် ဖမ်းဆွဲထားနိုင်ခဲ့လေသည်။

မာစီ သည် သူမ၏ တောင်ဝှေးကို အသုံးပြု၍ မြေတွင်းထဲမှ ရုန်းထွက်ကာ ယီရင် ၏ အောက်ဘက်မှ ထွက်ပေါ်လာလေသည်။ သူမသည် ဆံပင်များကို အနောက်တွင် နောက်တစ်ကြိမ် ပြန်လည် စည်းနှောင်ထားပြီး၊ သူမ၏ ခရမ်းရောင် မျက်လုံးများကို နဂါးထံသို့ စိုက်ကြည့်ထားလေသည်။

"တောင်းပန်ပါတယ်... သူက လေ့ကျင့်နေတာပါ... ငါက မာစီ ပါ... နင်ကရော..."

နဂါးသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ အမည်းရောင် မာဒြာ များသည် မာစီ ထံမှ ဆန့်ထွက်သွားပြီး ယီရင် ၏ ခေါင်းအထက်တည့်တည့်ရှိ သစ်ကိုင်းများတွင် သွားရောက် တွယ်ကပ်နေလေသည်။ မီးတောက်မီးလျှံများကဲ့သို့ ပူပြင်းသော ရွှေရောင် မာဒြာ များသည် မြက်ခင်းများ၊ သစ်ရွက်များနှင့် သူမ ချန်ထားခဲ့သော အစီအရင် ရေးဆွဲထားသည့် စောင်တို့ကို ပြာကျသွားစေချိန်တွင် သူမသည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့လေသည်။

အာကူရာ ကောင်မလေး သစ်ကိုင်းတစ်ခုတွင် တွဲလောင်းဖြစ်နေစဉ် ယီရင် သည် မာစီ ကို မော့ကြည့်လိုက်၏။

"နင် ဒါကို ပိုမြန်မြန် ပြီးချင်တယ်ဆိုရင် ကူညီလို့ ရတယ်လေ... နင့်ရဲ့ တုတ်နဲ့ အဲဒါကို ရိုက်လိုက်..."

မာစီသည် သက်ပြင်းချလိုက်ပြီး နဂါးကို ဝမ်းနည်းစွာ တစ်ချက် ကြည့်လိုက်ကာ သူမ၏ တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။

"ဒါက တုတ် မဟုတ်ပါဘူး..."

နဂါးက သစ်ပင်ပေါ်သို့ ခုန်တက်ရန် အားယူနေစဉ်မှာပင် မာစီ ၏ လက်နက်သည် သူမ၏ လက်ထဲတွင် အသက်ဝင်လာလေသည်။ ၎င်း၏ အစွန်းတစ်ဖက်ရှိ ခရမ်းရောင် မျက်လုံးများနှင့် နဂါးခေါင်းမှလွဲ၍ ၎င်းသည် တောင်ဝှေး ပုံစံဖြစ်အောင် ဖန်တီးထားသော ကွေးညွှတ်နိုင်သည့် အမည်းရောင် အရွတ်ကြိုး အစုအဝေးတစ်ခုနှင့် တူနေလေသည်။

ဟိန်းဟောက်နေသော ထိုခေါင်းသည် တောင်ဝှေး ၏ အစွန်းမှနေ၍ အလယ်ဗဟိုသို့ လျှောဆင်းသွားလေသည်။ တောင်ဝှေး ကိုယ်တိုင်သည် ဖိအားပေးခံရသော သစ်ကိုင်းတစ်ကိုင်းအလား လခြမ်းပုံစံ ဖြစ်သွားသည်အထိ ကွေးညွှတ်သွားပြီး၊ အမည်းရောင် ကြိုးတစ်ချောင်းသည် အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ လျှောတိုက် ဖြတ်သန်းသွားလေသည်။

လေးတစ်လက်...

၎င်းမှာ မာစီ ၏ အရပ်နီးပါးခန့် မြင့်မားသော လေးတစ်လက် ဖြစ်လေသည်။ မာစီ သည် လေးကြိုးကို နောက်သို့ ဆွဲလိုက်၏။ ထိုသို့လုပ်ဆောင်ရင်း အလွန်မည်းနက်သော မြားတစ်စင်းကို ဖန်တီးလိုက်လေသည်။ မြားသွားသည် သူမ လက်နက်၏ မေးရိုးများကြားမှ ထွက်ပေါ်လာ၏။

"ဒါက ဝိညာဉ်ရှာဖွေသူ ရဲ့ ရှေးဟောင်းလေး အစ်ကလစ်ပဲ..."

သူမသည် မြားကို ပစ်လွှတ်လိုက်ရာ နဂါး၏ လက်ဝါးတွင် စိုက်ဝင်သွားလေသည်။

"ဒါက ငါ့အမေ အဆင့်နိမ့် ရွှေအဆင့် ကနေ အထွတ်အထိပ် အရှင်သခင် အထိ သုံးခဲ့တဲ့ လက်နက်လေ... သူတော်စင် တစ်ပါး ဖြစ်လာတဲ့ အရိပ်နဂါး တစ်ကောင်ရဲ့ ဝိညာဉ်အကြွင်းအကျန် ကနေ ဖန်တီးထားတာ..."

နောက်ထပ် မြားတစ်စင်းက နဂါး၏ အခြားလက်တစ်ဖက်ကို ဖောက်ဝင်သွားသော်လည်း၊ ပထမမြားကိုမူ ၎င်းက မီးရှို့ဖယ်ရှားပြီး ဖြစ်လေသည်။

"ဒီလေးနဲ့ ငါ့အမေက ရှာရာခန် ရဲ့ သက်ရှိ မီးတောင်ကြီးကို ချိတ်ပိတ်ခဲ့တာ..."

နောက်ထပ် မြားနှစ်စင်း ထပ်မံ ထိမှန်သွားပြီး ဤတစ်ကြိမ်တွင်မူ အမည်းရောင် မာဒြာ များသည် ထိမှန်ရာ နေရာမှနေ၍ ပင့်ကူအိမ်တစ်ခုအလား ဖြန့်ကြက်သွားလေသည်။ ၎င်းသည် သက်ရှိ ကြိုးများကဲ့သို့ နဂါး၏ ခန္ဓာကိုယ်အနှံ့ တွားသွားကာ ရစ်ပတ်လာတော့သည်။

"ဒီလေးနဲ့ပဲ နေရောင်ခြည် ပုန်ကန်မှုကြီးကို ငါ့အမေက ချေမှုန်းခဲ့ပြီး ကျွန်းဆယ့်သုံးကျွန်းကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းခဲ့တာလေ..."

နဂါးသည် ပိုက်ကွန်ထဲတွင် ပိတ်မိနေသည့်အလား ရူးသွပ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုတ်ခြစ် ဆုတ်ဖြဲနေလေသည်။ သို့သော် မာစီ က မြားများကို ဆက်တိုက် ပစ်လွှတ်နေသဖြင့် ထိုပင့်ကူအိမ်ကြီးသည် ပို၍သာ တင်းကျပ်လာလေတော့သည်။

"ဒါက လေးတစ်လက် ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါကတော့ သူ့ကို ဆူး လို့ ခေါ်တယ်..."

မာစီ သည် လေး၏ နဂါးခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

"လိမ္မာလိုက်တာ ဆူး ရယ်..."

လေးသည် တရှဲရှဲ အသံပြုလိုက်လေသည်။

***

အပိုင်း(၃၉၀)

ယီရင်သည် အောက်သို့ ခုန်ဆင်းလာပြီး နဂါးကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းသည် ရုန်းကန်နေဆဲ ဖြစ်သော်လည်း အမည်းရောင် ပိုးအိမ်ကြီးတစ်ခုထဲတွင် ရစ်ပတ်ခံထားရပြီး မကြာမီအချိန်အတွင်း လွတ်မြောက်လာနိုင်မည့်ပုံ မပေါ်ချေ။

ဤနည်းဖြင့် အနည်းဆုံးတော့ သူတို့သည် ၎င်း၏ ဝိညာဉ်အကြွင်းအကျန် ကို ရှင်းလင်းနေရန် မလိုတော့ပေ။

"နင့် အကြောင်းရော..."

မာစီ က သူမ၏ မာဒြာများကို ခွဲထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားရင်း ယဉ်ကျေးစွာ မေးလိုက်သည်။ သူမသည် ဟန်ချက်မထိန်းနိုင်ဘဲ ပုံလျက်သား လဲကျသွားသော်လည်း ဂရုစိုက်ပုံ မရချေ။

"အဲဒီဓား ကို နင့် ဆရာ ဆီက ရခဲ့တာလား..."

ယီရင်သည် သူမ၏ လက်ချောင်းများကို ဓားရိုးတစ်လျှောက် ပွတ်ဆွဲလိုက်၏။

"အင်း..."

"ဒါဆို အဲဒီရဲ့ နောက်ခံဇာတ်လမ်းက ဘာလဲ..."

"ငါ မသိဘူး..."

သူတော်စင်သည် သူ၏ လက်နက်ကို အမည်တပ်၍ မည်သည့်အခါမျှ ခေါ်ဆိုလေ့ မရှိခဲ့ချေ။ အမည်တစ်ခု ရှိမရှိကိုပင် သူမ မသိခဲ့ပေ။ သူမ၏ ကြွက်သားများကို တည်ဆောက်ပေးရန် သူ ကြိုးစားခဲ့စဉ်က ထိုဓားကို အသုံးပြု၍ ထင်းခွဲခိုင်းခဲ့ဖူးသည်။ ပုဆိန်တစ်လက် သွားရှာရန် ပျင်းလွန်းသဖြင့် ၎င်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။

ထိုအကြောင်းကို ပြောမည့်အစား၊ ပိုးအိမ်ထဲတွင် ပိတ်မိနေသော နဂါးထံမှ လျှောက်ထွက်လာစဉ် ယီရင်က မာစီကို အခြား မေးခွန်းတစ်ခု မေးလိုက်သည်။

"နင့် လမ်းစဉ် ကရော ဘယ်လိုလဲ... ငါ မမှားဘူးဆိုရင် အရိပ်နဲ့ အင်အား ကို အဓိကထားတာ မဟုတ်လား..."

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း မာစီ စွမ်းအင်လှည့်ပတ်နေသည်ကို သူမ ခံစားမိခဲ့သဖြင့် ထိုအချက်ကို သူမ အတော်လေး သေချာနေခဲ့သည်။

"ဪ၊ ဒါက ထိန်းချုပ်တဲ့ နည်းစနစ်လေး တစ်ခုပါ..."

ယီရင် သည် နောက်သို့ လှည့်ကြည့်လိုက်၏။

"အဲဒါကို ငါ မြင်ပါတယ်... ငါ့မှာ မျက်လုံး ပါတယ်လေ... ငါက နင့်ရဲ့ လမ်းစဉ် လျှို့ဝှက်ချက်တွေထဲကို ခေါင်းဝင်မစွက်ဖက်စေချင်ဘူးဆိုရင် ပြောလေ..."

မာစီက သူမကို အံ့သြသွားသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"ငါက လျှို့ဝှက်ချက်တွေ မထားတတ်ပါဘူး... နှလုံးရောဂါ ရတတ်တယ်လေ..."

သူမသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော ခရမ်းရောင် မာဒြာ ဖြင့် ဖန်တီးထားသော စာအုပ်တစ်အုပ် သူမ၏ လက်ထဲတွင် ပေါ်လာလေသည်။

စာအုပ်မျက်နှာဖုံး တစ်ခုလုံးကို ယီရင် မြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးသော အစီအရင် စက်ဝိုင်းများဖြင့် ဖုံးအုပ်ထားလေသည်။ သူမသာ ထိုအရာကို ဆက်တိုက် စိုက်ကြည့်နေမည်ဆိုလျှင် လျှို့ဝှက်ချက် အသစ်များကို အဆက်မပြတ် တွေ့ရှိနေမည်ဟု သူမ ထင်မှတ်မိသည်။ ထို အစီအရင် များသည် ဘီးတစ်ခုအတွင်းမှ ဘီးတစ်ခု လည်ပတ်နေသည့်အလား ထင်ရလေသည်။ ၎င်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ မြင်ကွင်းတစ်ခုပင် ဖြစ်၏။

ထို့အပြင် သူမ၏ အာရုံခံနိုင်စွမ်းထဲတွင် ခံစားရပုံကိုမူ ထည့်မတွက်ထားသေးချေ။ ၎င်းသည် လှိုင်းလုံးများအောက်တွင် လှည့်ပတ်နေသော ငါးမန်းတစ်ကောင်၏ အရိပ်အလား ခြိမ်းခြောက်နေသော ဖိအားတစ်ခုကို ထုတ်လွှတ်နေလေသည်။

"ထာဝရ ညဉ့် စာအုပ်..."

မာစီ က သူမ၏ စာအုပ်ကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်ကိုင်ပြရင်း ကြေညာလိုက်သည်။

"ငါက စာမျက်နှာ ခုနစ်ရွက် လမ်းစဉ် ကလေ... ပြီးတော့ ပထမဆုံး စာမျက်နှာ၊ အဆင့်နိမ့် ရွှေအဆင့် စာမျက်နှာက..."

သူမသည် မျက်နှာဖုံးကို ဖွင့်လိုက်ပြီး ပထမဆုံး စာမျက်နှာကို ပြသလိုက်၏။ ၎င်းသည် စက္ကူတစ်ရွက်ထက် လက်မအရွယ်ခန့် ထူထဲသော ကျောက်စာပြား တစ်ခုနှင့် ပို၍ တူနေလေသည်။ ၎င်းတွင် အမြုတေကြိုး တစ်ခု ပါဝင်နေမည်လားဟု ယီရင် တွေးမိလိုက်သည်။

ဤစာမျက်နှာတွင် သာမန် စာသားများအစား နားလည်ရခက်သော အစီအရင် စက်ဝိုင်းများဖြင့် ပြည့်နှက်နေလေသည်။ မည်သို့ပင်ဖြစ်စေ ယီရင် အနေဖြင့် ထိုအရာများဆီမှ မည်သည့်အရာကိုမျှ နားလည်နိုင်မည်တော့ မဟုတ်ချေ။

"ဒါက သံကြိုးထိန်းသိမ်းသူ လမ်းစဉ် ရဲ့ အဓိက နည်းစနစ်လေ..."

မာစီ က ပြောလိုက်သည်။

"အရိပ် ကြိုးတန်းများ... ဒီစာအုပ်ထဲမှာ နည်းစနစ် ခုနစ်ခု ပါဝင်တယ်၊ စာမျက်နှာ တစ်ရွက်ကို တစ်ခုပေါ့... စာမျက်နှာ ခုနစ်ရွက် လမ်းစဉ် က မတူညီတဲ့ အရိပ် လမ်းစဉ် ခုနစ်ခုက နည်းစနစ် ခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာ..."

ဤတစ်ကြိမ်တွင် ယီရင် သည် သူမ၏ အာရုံခံနိုင်စွမ်းဖြင့် ထိုအရာကို ခြေရာခံကြည့်လိုက်၏။

"နင် အဲဒီဟာကြီးကို နင့်ရဲ့ ဝိညာဉ် ထဲမှာ သိမ်းထားတာလား..."

မာစီသည် အစားအစာများ အပြည့်အဝ စားထားသည့်အလား သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်လေသည်။

"ငါ ဒီစာအုပ်နဲ့ ချိတ်ဆက်ခဲ့တုန်းက သူတို့က ငါ့ရဲ့ ဝိညာဉ်နေရာလွတ် ကို စောစောစီးစီး ဖွင့်ပေးခဲ့တာလေ... အဲဒါက ငါ့ လမ်းစဉ် ရဲ့ လိုအပ်ချက်တွေထဲက တစ်ခုပဲ..."

တောအုပ်ထဲမှ စူးရှသော အော်သံတစ်ခု ပဲ့တင်ထပ်လာလေသည်။ နောက်ထပ် နဂါးတစ်ကောင်က သူတို့ကို မီလာခြင်း သို့မဟုတ် ပထမနဂါးက လွတ်မြောက်သွားခြင်း ဖြစ်ရမည်။

"ကဲ... အေးအေးဆေးဆေး စကားပြောဖို့ အချိန်ကုန်ပြီ..."

ယီရင် က သူမ၏ ဓားကို ဆွဲထုတ်ရင်း ပြောလိုက်သည်။

"ငါတို့ ဒီကောင်တွေအပေါ် အရမ်း သဘောကောင်းနေခဲ့တာ... အခုတော့ ငါတို့ ဖောက်ထွက်ရတော့မယ်... နေမဝင်ခင် ငါ အဲဒီ တံခါးပေါက် ကို ရောက်အောင်သွားမယ်၊ မဟုတ်ရင် ငါ သွေးထွက်လွန်ပြီး သေရတော့မှာပဲ..."

မာစီ ၏ မျက်လုံးများ တောက်ပသွားပြီး ယီရင် ၏ ရှေ့သို့ ခုန်ထွက်လာလေသည်။

"နင် ခုနက ပြောလိုက်တာ ငါတို့က အခု သူငယ်ချင်းတွေ ဖြစ်သွားပြီ ဆိုတဲ့ သဘောလား..."

ယီရင်သည် သူမကို စိုက်ကြည့်နေလိုက်၏။

ရှေ့တွင် နောက်ထပ် အဆင့်မြင့် ရွှေအဆင့် နဂါးတစ်ကောင်က သူတို့ကို စောင့်ကြိုနေသည်။ ထို့အပြင် သူတို့၏ အာရုံခံနိုင်စွမ်းထဲရှိ အပူငွေ့ အစက်အပြောက်များက သူတို့၏ ပတ်လည်တွင် နောက်ထပ် အဆင့်နိမ့် ရွှေအဆင့် များနှင့် အဆင့်မြင့် ရွှေအဆင့် များ ဝန်းရံနေကြောင်း ပြောပြနေလေသည်။ သူတို့သည် ပိတ်လှောင်ခံရလုနီးပါး ဖြစ်နေပြီ ဖြစ်၏။

သို့သော်... သူတို့သည် ရှေ့သို့ တိုးတက်မှုတော့ ရှိနေလေသည်။ သစ်ပင်များကြားတွင် တစ်နာရီခန့် ပြေးလွှားရှောင်တိမ်းပြီးနောက် ယီရင် သည် သူမ၏ စိတ်နှလုံးကို လင်းလက်သွားစေသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ သမုဒ္ဒရာပြင်ပေါ်ရှိ အလင်းရောင်များ၏ တောက်ပမှုပင် ဖြစ်၏။

မြေပုံအရ တံခါးပေါက်သည် ကျွန်း၏ အစွန်အဖျားတွင် ရှိသည်။ သူတို့ နီးကပ်နေပြီ ဖြစ်၏။

အဆင့်မြင့် ရွှေအဆင့် နဂါးသည် မီးများ မှုတ်ထုတ်ကာ သူတို့ကို ဟိန်းဟောက်လိုက်လေသည်။

တဖျပ်ဖျပ် လှုပ်ရှားနေသော ဓား နည်းစနစ်တစ်ခုက မီးတောက်ကို အလယ်မှ ထက်ဝက်ခွဲချလိုက်၏။ အရိပ် ကြိုးတန်းများက ၎င်း၏ ခြေသည်းများကို မြေပြင်ပေါ်သို့ ဆွဲချလိုက်ပြီး၊ ယီရင်၏ ဓားသည် ၎င်း၏ ဇာတ်ပိုးထဲသို့ ထိုးစိုက်သွားလေသည်။

၎င်း၏ အကြေးခွံများသည် တိုက်ခိုက်မှု အများစုကို ကာကွယ်နိုင်ခဲ့သော်လည်း သွေးများ ပန်းထွက်လာ၏။ ၎င်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

သူတို့ ဆက်လက် ပြေးလွှားနေစဉ် မာစီသည် ၎င်းကို မြေကြီးပေါ်တွင် နောက်ထပ် အကြိမ်အနည်းငယ်မျှ ချည်နှောင်ထားလိုက်သေး၏။ သူမသည် ယီရင် ကို မျက်မှောင်ကြုတ်ပြလိုက်သည်။

"သူက ငါတို့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး..."

"သူ ကြိုးစားနေခဲ့တာလေ..."

ယီရင် က ပြောလိုက်သည်။

မာစီ သည် ဆက်လက် ငြင်းခုံနေသော်လည်း ယီရင် သည် ရှေ့သို့သာ ကြည့်နေလေသည်။ ကျွန်း၏ ဤတစ်ဖက်ခြမ်းသည် သဲသောင်ပြင်တွင် အဆုံးမသတ်ဘဲ သမုဒ္ဒရာဆီသို့ ထိုးဆင်းသွားသော ချောက်ကမ်းပါးကို စီးမိုးကြည့်နိုင်သည့် မြေကွက်လပ်တစ်ခုတွင် အဆုံးသတ်နေလေသည်။ သူမသည် မြေပုံကို ထုတ်ယူကာ စစ်ဆေးကြည့်ပြီး လက်ညှိုးထိုးပြလိုက်၏။

"မြောက်ဘက်ကို နည်းနည်း ပိုသွားရမယ်..."

သူမက ပြောလိုက်သည်။

ကျောက်စိမ်းရောင် တံခါးပေါက် သည် ပထမဆုံးအကြိမ်ကကဲ့သို့ နေရာမျိုးတွင်ပင် ရှိလိမ့်မည်ဟု သူမ ခန့်မှန်းရမည် ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် ၎င်းသည် သစ်တောစပ်တွင် ရှိနေမည် ဖြစ်၏။

သူတို့သည် သွေးနီလဂိုဏ်း နယ်မြေနှင့် နီးကပ်လာနေပြီ ဖြစ်သော်လည်း ထိုအချက်က သူမ၏ စိတ်ဓာတ်ကို မကျဆင်းစေနိုင်ခဲ့ချေ။ မြေပုံအရ သူတို့သည် တစ္ဆေရေ အဝင်ဝနှင့် မိနစ်အနည်းငယ်စာ အကွာအဝေးတွင်သာ ရှိနေလေသည်။ နောက်ဆုံးတွင် သူတို့သည် ပျင်းစရာကောင်းပြီး ပုပ်ဟောင်နေသော ဤကျွန်းကြီးကို စွန့်ခွာကာ အင်ပါယာ၏ အိတ်ဆောင် ကမ္ဘာ ထဲရှိ လင်းတုန်း နှင့် သွားရောက် ပူးပေါင်းနိုင်တော့မည် ဖြစ်သည်။ အချိန်တန်ပြီ ဖြစ်၏။

ထိုစဉ်မှာပင် နေမင်း၏ ရှေ့တွင် ရွှေရောင် အရိပ်တစ်ခု ဖြတ်သန်းသွားလေသည်။

***

All Chapters