အခန်း (၃၉၁-၃၉၂)
Vol. 28 Ch. 391-392
အပိုင်း(၃၉၁)
ယီရင်သည် သူမ၏ အာရုံခံနိုင်စွမ်းကို အထက်သို့ ဆန့်ထုတ်ကာ မိုင်တစ်ထောင် တိမ်တိုက် ၏ တည်ရှိမှုကို မခံစားမိမီကပင် ၎င်းသည် မည်သည့်အရာဖြစ်ကြောင်း သိရှိနေခဲ့လေသည်။
အဆင့်နိမ့် အရှင်သခင် တစ်ပါး၏ ဖိအားက သူမ၏ ဝိညာဉ် အပေါ် ဖိကျမလာမီ၊ နဂါးများ အောင်ပွဲခံ၍ မဟိန်းဟောက်မီ၊ အမျိုးသမီးတစ်ဦး ရွှေရောင် တိမ်တိုက်ပေါ်မှ ခုန်ဆင်းလာကာ ပေတစ်ရာခန့် အောက်သို့ လွယ်ကူစွာ ဆင်းသက်မလာမီကတည်းက သူမ သိရှိနေခဲ့ခြင်း ဖြစ်၏။
၎င်းမှာ အဆင့်မြင့် ရွှေအဆင့် နဂါးများက သူတို့ကို ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသော နေရာပင် ဖြစ်သည်။ သူတို့ ခေါင်းဆောင်၏ ခြေသည်းများကြားသို့ တည့်တည့်ပင် ဖြစ်လေသည်။
ထိုအမျိုးသမီးသည် အနီ၊ ရွှေနှင့် ခရမ်းရောင်တို့ဖြင့် ရှုပ်ထွေးစွာ ယက်လုပ်ထားသော တောက်ပသည့် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ မျက်လုံးများသည် ရွှေရောင်ဖြစ်ပြီး ဒေါင်လိုက် အက်ကြောင်းတစ်ခု ပါရှိကာ၊ သူမ၏ ဖြူရော်သော ပါးပြင်များပေါ်တွင် ရွှေရောင် အကြေးခွံ အကွက်များ ရှိနေလေသည်။ သူမ၏ လက်သည်းများသည် ခြေသည်းများနှင့် တူနေပြီး၊ သူမ၏ လက်ခုံများပေါ်တွင်လည်း အကြေးခွံ အကွက်များ ရှိနေလေသည်။ ရွှေရောင် အကြေးခွံများ ဖုံးလွှမ်းနေသော အမြီးပါးပါးလေး တစ်ခုသည် သူမ၏ အနောက်ဘက်တွင် လှုပ်ရှားနေ၏။
သူမသည် သူမ၏ ဝိညာဉ် သို့မဟုတ် မျက်နှာပေါ်တွင် ထင်ရှားနေသော ဒေါသများကို ထိန်းချုပ်ရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နေခဲ့ချေ။ အဆင့်နိမ့် အရှင်သခင်၏ ဒေါသအဟုန်သည် သစ်တောစပ်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သည့် ယီရင် ကို ဝင်ရောက် ရိုက်ခတ်သွားရာ၊ သူမသည် ဒူးထောက်ကျသွားပြီး အမောတကော အသက်ရှူနေရလေသည်။ သူမ၏ ရင်ဘတ်ပေါ်တွင် ဝက်ဝံတစ်ကောင် ထိုင်နေသကဲ့သို့ ခံစားရလေသည်။
မာစီမှာမူ မြေကြီးပေါ်တွင် ပုံလျက်သား လဲကျသွားပြီး ယီရင် ထက်ပင် ပိုမို ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေလေသည်။ သူမသည် လေ့လာရန် ပြင်ဆင်ထားသော အလောင်းတစ်လောင်းအလား တစ်နေရာတည်းတွင် ချိတ်ဆွဲခံထားရသည့်အလား ဖြစ်နေ၏။
အဆင့်နိမ့် အရှင်သခင်၏ ဘေးတစ်ဖက်တစ်ချက်တွင် လူနှင့် နဂါး ကပြားများနှင့် တူသော အစစ်အမှန် ရွှေအဆင့် များ ရှိနေလေသည်။ သူတို့သည် အကြေးခွံများ ဖုံးလွှမ်းနေပြီး တွားသွားသတ္တဝါများ၏ မျက်နှာမျိုး ရှိကြသော်လည်း မတ်မတ်ရပ်ကာ လူများကဲ့သို့ပင် အဝတ်အစားများ ဝတ်ဆင်ထားကြ၏။ သူတို့သည် အရှင်သခင်မ ကို အနောက်မှနေ၍ စကားပြောဆိုနေကြသော်လည်း၊ သူမကမူ လူသားများအပေါ်သို့သာ ဒေါသတကြီး စိုက်ကြည့်နေလေသည်။
"ဒါဆိုရင် သူတို့က ငါ့ညီမလေးကို ငါ့ဆီ ပြန်ပေးနိုင်မှာပေါ့..."
သူမသည် နဂါးများထဲမှ တစ်ကောင်ကို ပြန်လည် တုံ့ပြန်နေသည်ဟု ထင်ရသော်လည်း၊ စကားပြောနေရင်း တစ်ဝက်တွင် သူမ၏ အသံသည် ဒေါသတကြီး ဟိန်းဟောက်သံကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
နေဝင်ဆည်းဆာ အရောင်များကဲ့သို့သော အလင်းတန်းများသည် ခြေသည်းများရှိသော လက်တစ်ဖက်တွင် စုဝေးလာပြီး ထိုနည်းစနစ်သည် လောင်ကျွမ်းနေသော မီးပုံကြီးတစ်ခုအလား အပူငွေ့များကို ထုတ်လွှတ်နေလေသည်။
ယီရင်သည် သူမ၏ ဓားကို အသုံးပြု၍ အနည်းငယ်မျှ မတ်တတ်ရပ်ရန် ကြိုးစားလိုက်ပြီး ကျောကို အနည်းငယ် မတ်လိုက်၏။
"ငါတို့ မသိဘူး... နင့် ညီမကို..."
သူမက အားယူ၍ ပြောလိုက်သည်။
နဂါးမသည် သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။ သူမတွင် ဆံပင်မရှိဘဲ ဆံပင်နှင့်တူအောင် ဖန်တီးထားသော အကြေးခွံ အလွတ်များဖြင့် ပြုလုပ်ထားသည့် ကုလားကာတစ်ခုသာ ခေါင်းပေါ်တွင် တွဲလောင်းကျနေကြောင်း ယီရင် သတိပြုမိလိုက်သည်။
"အခု နင်တို့ သူ(မ)နဲ့ တွေ့ရတော့မယ်..."
မာစီ သည် မြေကြီးပေါ်တွင် ရုန်းကန်နေလေသည်။ ယီရင် လည်း မိမိကိုယ်ကိုယ် သတိကပ်ထားလိုက်၏။
အစစ်အမှန် ရွှေအဆင့် နဂါးများထဲမှ တစ်ကောင်သည် အရှင်သခင်မ ၏ လက်မောင်းဆီသို့ ပြေးဝင်လာပြီး သူမကို တစ်ခဏမျှ တားဆီးထားလိုက်လေသည်။ မာဒြာ များသည် သူမ၏ လက်ထဲတွင် တောက်ပနေ၏။
ယီရင်သည် လေးလံနေသော သူမ၏ မာဒြာ များကို အတင်းရွေ့လျားစေပြီး ပုံမှန်ထက် အဆတစ်ရာခန့် ပိုမို လေးလံနေသည်ဟု ခံစားရသော လက်များဖြင့် သူမ၏ ဓားကို မြှောက်တင်လိုက်လေသည်။ သူမသည် စွမ်းအားများကို စုစည်းကာ သူမ၏ လက်နက်ကို အားဖြည့်ပေးလိုက်ပြီး ရောက်ရှိလာတော့မည့် တိုက်ခိုက်သူ နည်းစနစ်ကို ကာကွယ်ရန် တားဆီးထားလိုက်၏။ ၎င်းက လုံလောက်မည် မဟုတ်သော်လည်း သူမ တစ်ခုခုတော့ ကြိုးစားရမည် ဖြစ်လေသည်။
"ဒုတိယ စာမျက်နှာ..."
မာစီက အံကြိတ်လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။
မာစီ၏ အနောက်တွင် တစ္ဆေပုံရိပ်တစ်ခုက တစ်စက္ကန့်မျှ တဖျတ်ဖျတ် လင်းလက်သွား၏။ အလွန် လျင်မြန်လွန်းသဖြင့် ယီရင် မှာ သူမကိုယ်တိုင် စိတ်ကူးယဉ်နေမိခြင်း ဖြစ်မည်ဟုပင် ထင်မှတ်လိုက်မိ၏။ ခရမ်းရောင် စာအုပ်သည် ပထမ စာမျက်နှာမှ ဒုတိယ စာမျက်နှာသို့ လှန်လိုက်လေသည်။
မာစီ၏ ပတ်လည် ပေဆယ်ခန့်အကွာအဝေးတွင် အလင်းရောင် မှေးမှိန်သွားပြီး၊ ပုံမှန်ထက် ပိုမို ကြီးမားသော အရိပ်တစ်ခုကို သူမ ချလိုက်သည့်အလား ဖြစ်သွားကာ ရုတ်တရက်ဆိုသလိုပင် သူမသည် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်၏ အော်ရာ ကို ထုတ်လွှတ်နေလေတော့သည်။ ၎င်းသည် ယီရင် ကြားဖူး၊ မြင်ဖူးသမျှထဲတွင် အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံးသော အဆင့်တက်ခြင်းပင် ဖြစ်ပေသည်။
သို့သော် ၎င်းက သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။ အရှင်သခင်မသည် အစစ်အမှန် ရွှေအဆင့် ကို ခါချလိုက်ပြီး သူမ၏ တိုက်ခိုက်သူ နည်းစနစ်ကို လူသား နှစ်ဦးဆီသို့ ပစ်လွှတ်လိုက်လေသည်။ အရည်အသွင်ရှိသော မာဒြာ များသည် မုန်တိုင်းတိုက်ပြီးနောက် မြစ်ရေလျှံတက်လာသည့်အလား တဟုန်ထိုး စီးဆင်းလာပြီး တောမီးလောင်ကျွမ်းသည့်အလား ပြင်းထန်သော အပူရှိန်ကို သယ်ဆောင်လာလေသည်။
အဆင့်နိမ့် အရှင်သခင် တစ်ပါး၏ အင်အားအပြည့်အဝ ပါဝင်သော တိုက်ခိုက်မှုပင် ဖြစ်လေသည်။
မာစီသည် ယီရင် ၏ ရှေ့သို့ တိုးဝင်လာပြီး ဒိုင်းလွှားတစ်ခုကို ကိုင်ဆောင်ထားသည့်အလား လက်တစ်ဖက်ကို မြှောက်ထားလိုက်လေသည်။ အခြားအချိန်များတွင်ဆိုလျှင် ထိုသို့လုပ်ဆောင်ရဲသော သတ္တိကို ယီရင် အထင်ကြီးလေးစားမိမည် ဖြစ်သော်လည်း၊ ယခုအခိုက်အတန့်တွင်မူ သူမ ထိတ်လန့်သွားမိ၏။ သူမ ရူးနေသလော။ ယီရင် ကသာ သူမ၏ ကိုယ်ပိုင် မာဒြာ ဖြင့် ရင်ဆိုင်တိုက်ခိုက်ပါက ထိုနည်းစနစ်ကို အားနည်းသွားစေရန် ပိုမို အခွင့်အရေး ရှိလေသည်။ မာစီ လုပ်နိုင်သမျှမှာ စောစောစီးစီး ပြာကျသွားရန်သာ ရှိပေသည်။
ခရမ်းရောင် သလင်းကျောက်များသည် မာစီ ၏ လက်မောင်းတစ်ခုလုံးတွင် စတင် ဖြစ်ပေါ်လာပြီးနောက် မာဒြာ များသည် ၎င်းတို့အပေါ်သို့ ရိုက်ခတ်သွားလေသည်။
၎င်းသည် ထိမှန်သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသွား၏။ ယီရင် ၏ လွတ်နေသော အသားအရေ လက်မတိုင်းကို လောင်ကျွမ်းသွားစေလေသည်။ သူမ၏ အားဖြည့်ထားသော ဓားက မည်မျှလောက်အထိ တွန်းထုတ်ပေးနိုင်ခဲ့သည်ကို သူမ မပြောနိုင်သော်လည်း၊ ထိုအရာက သူမ၏ လက်နက်ကို တူတစ်လက်အလား ဝင်တိုက်သွားပြီး သူမကို နောက်သို့ လွင့်စင်သွားစေကာ သစ်ပင်များကြားသို့ ပြန်လည် ရောက်ရှိသွားစေလေတော့သည်။
ယီရင်သည် တစ်ခဏမျှ သတိလစ်သွားခဲ့လေသည်။ သူမသည် အလင်းရောင်နှင့် လှုပ်ရှားမှုများကိုသာ မြင်တွေ့လိုက်ရပြီး ပုံပန်းသဏ္ဌာန်မဲ့သော ဟိန်းဟောက်သံကြီးကိုသာ ကြားလိုက်ရ၏။
သူမ သတိပြန်လည်လာသောအခါ ကောင်းကင်ကို မော့ကြည့်နေမိလျက်သား ဖြစ်နေလေသည်။ သူမ၏ မျက်နှာ၊ လက်မောင်းများနှင့် ခေါင်းတို့သည် အသက်ရှူရခက်ခဲလောက်အောင် ပြင်းထန်စွာ နာကျင်နေ၏။ သူမသည် ထိုင်နိုင်ရန် အတင်း ရုန်းကန်ထလိုက်သည်။ သူမ၏ သံမဏိဖွား သံမဏိအဆင့် ခန္ဓာကိုယ်သည် မာဒြာ များကို စုပ်ယူနေပြီး နာကျင်မှုလှိုင်းက အလွန်ပြင်းထန်လွန်းသဖြင့် သူမ သတိလစ်လုမတတ် ဖြစ်သွားရလေသည်။
သူမ လှုပ်ရှားလိုက်သောအခါ ဝတ်ရုံအစအနများသည် ကြွေကျသွားလေသည်။ သူမ၏ ညာဘက်လက်မောင်းမှ အသားအရေမှာ အနီနှင့် အမည်းရောင်ဖြစ်နေပြီး လိမ်ကောက်ကာ အရည်ပျော်လုနီးပါး ဖြစ်နေ၏။ သူမ ဆရာ၏ ဓားမှာ မဝေးလှသော နေရာတွင် ရှိနေလေသည်။ ၎င်းမှာ မည်သို့မျှ ထိခိုက်ထားခြင်း မရှိသဖြင့် သူမသည် ထိုဓားဆီသို့ တွားသွားသွားလေသည်။
ထိုအချိန်တွင် မာစီ ကို သူမ မြင်လိုက်ရသည်။
ထိုကောင်မလေး၏ ဘယ်ဘက်လက်မောင်းသည် သူမ၏ စာအုပ်အရောင်အတိုင်း ခရမ်းရောင် သလင်းကျောက် သံချပ်ကာဖြင့် ဖုံးလွှမ်းနေလေသည်။ ထိုသံချပ်ကာသည် အနှစ်သာရများအဖြစ် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် လုံးဝ ထိခိုက်ထားခြင်း မရှိသော လက်မောင်းတစ်ခု ပေါ်ထွက်လာ၏။
၎င်းသည် ထိုကဲ့သို့ အကောင်းပကတိ ကျန်ရှိနေသော သူမခန္ဓာကိုယ်၏ တစ်ခုတည်းသော အစိတ်အပိုင်းပင် ဖြစ်လေသည်။
သူမ၏ ဆံပင်အများစုမှာ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဝတ်ရုံများသည်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ဝက်ခန့် အရည်ပျော်ကပ်နေပြီး အသားအရေ တစ်ခုလုံးမှာလည်း နီရဲကာ လောင်ကျွမ်းနေလေသည်။ သူမသည် ဆူး ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထား၏။
ပထမ မြင်မြင်ချင်းတွင် မာစီ သေဆုံးသွားပြီဟု ယီရင် သေချာပေါက် ထင်မှတ်လိုက်မိသည်။ သို့သော် သူမ၏ ဝိညာဉ် အာရုံခံနိုင်စွမ်းကသာ ထိုသို့မဟုတ်ကြောင်း ပြောပြနေလေသည်။
နေဝင်ဆည်းဆာ အရောင်နှင့်တူသော အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာရာ ယီရင်သည် ထိုဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လေသည်။
အဆင့်နိမ့် အရှင်သခင် နဂါးမသည် ယခုအခါ ယခင်ကထက်ပင် ပို၍ ဒေါသထွက်နေပုံရလေသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျနေပြီး ဤ တိုက်ခိုက်သူ နည်းစနစ်ကို လက်နှစ်ဖက်စလုံးဖြင့် စုစည်းနေ၏။
အစစ်အမှန် ရွှေအဆင့် နဂါးတစ်ကောင်သည် သူမ၏ ရှေ့သို့ ခုန်ထွက်လာလေသည်။
ထိုလူသည် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမကို အသနားခံ တောင်းပန်နေကြောင်း ထင်ရှားနေလေသည်။
ယီရင် နားလည်လိုက်သည်။ ထို ဤကျွန်းပေါ်ရှိ တစ်ဦးတည်းသော အဆင့်နိမ့် အရှင်သခင် မဟုတ်ပေ။ သူတို့သည် စကိုင်းဆွန်း များနှင့်အတူ မဟူရာ မီးတောက် အင်ပါယာ မှ လာခဲ့ကြောင်း နဂါးများ သိရှိကြသည်။ သို့သော် သူတို့ နှစ်ဦးကို သွေးနီလဂိုဏ်း နှင့် အာကူရာ မိသားစု ၏ အဖွဲ့ဝင်များအဖြစ်လည်း မြင်တွေ့နေရမည်မှာ သေချာလေသည်။
အကယ်၍ သူမကဲ့သို့သော အရှင်သခင် တစ်ပါးက ရွှေအဆင့် နှစ်ဦးကို သတ်ဖြတ်လိုက်ပါက၊ အခြားသော အရှင်သခင်များကလည်း ထိုနည်းတူ တုံ့ပြန်ကြမည် ဖြစ်သည်။ ၎င်းသည် နဂါးများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
သို့သော် ယီရင်သည် အခြေအနေများ မည်သို့ အဆုံးသတ်သွားမည်ကို စောင့်ကြည့်နေရန် အစီအစဉ် မရှိချေ။
သူမ၏ သံမဏိဖွား သံမဏိအဆင့် ခန္ဓာကိုယ်သည် ခြေလက်များ ဆက်လက် လှုပ်ရှားနိုင်ရန် သူမ၏ ဝိညာဉ် ထံမှ စွမ်းအားများကို စုပ်ယူနေပြီး သူမသည်လည်း မာဒြာ များကို အပြည့်အဝ စီးဆင်းစေလိုက်လေသည်။ သူမသည် မာစီ ကို ပခုံးပေါ်သို့ ဆွဲတင်လိုက်ရာ အသားအရေများက နာကျင်လွန်း၍ အော်ဟစ်နေသည့်အလား ခံစားရပြီး သူမ၏ မျက်လုံးများတွင်လည်း နာကျင်မှုကြောင့် မျက်ရည်များ ပြည့်လျှံလာလေသည်။
သူမသည် ဆရာဖြစ်သူ၏ ဓားနှင့် ရှေးဟောင်း လေးကို လက်တစ်ဖက်အောက်တွင် စုကိုင်လိုက်၏။ ထို့နောက် တောအုပ်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားလေတော့သည်။
အကယ်၍ သူတို့သာ အတော်အသင့် ဝေးကွာအောင် သွားနိုင်ခဲ့ပါက မာစီ ၏ ဟင်းလင်းပြင် သော့ ထဲမှ တဲကို ထုတ်ယူပြီး ၎င်း၏ ဖုံးကွယ်ပေးသော အစီအရင် အောက်တွင် ပုန်းအောင်းနေနိုင်မည် ဖြစ်သည်။ ၎င်းမှာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်လေသည်။
ယခုလောလောဆယ်တွင်မူ ခြေလှမ်းတိုင်းက ပြင်းထန်သော နာကျင်မှုဝေဒနာ ဖြစ်နေသော်ငြားလည်း သူမ ဆက်လက် ထွက်ပြေးရမည် ဖြစ်လေသည်။
***
အပိုင်း(၃၉၂)
ဝိညာဉ် ရေတွင်း သို့ ရောက်ရှိပြီးနောက် ဒုတိယ သီတင်းပတ် အကုန်တွင် လင်းတုန်းသည် သူ၏ သန့်စင်သော အမြုတေကိုလည်း အဆင့်မြင့် ရွှေအဆင့် သို့ တက်လှမ်းနိုင်ခဲ့လေသည်။
အမြွှာကြယ် လမ်းစဉ် ကို အဆင့်မြှင့်တင်ရန် မည်မျှ ပို၍ အချိန်ကြာမြင့်ကြောင်းကို သူ ထပ်မံ သတိပြုမိသွား၏။ အကယ်၍ သူသာ လမ်းစဉ် တစ်ခုတည်းကို အာရုံစိုက်ခဲ့မည်ဆိုလျှင်၊ ရေတွင်း မှ ရေ၏ အံ့ဖွယ်ဂုဏ်သတ္တိများကြောင့် ယခုအချိန်တွင် အစစ်အမှန် ရွှေအဆင့် သို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်လေသည်။
ဒရော့စ်ကို ပြုစုပျိုးထောင်ခြင်းနှင့် သူ၏ သန့်စင်သော အမြုတေ ကို အဆင့်တင်ခြင်း ဟူသော အာရုံလွှဲစရာများ ရှိနေသော်ငြားလည်း၊ သူ၏ မဟူရာ မီးတောက် လမ်းစဉ် သည် အဆင့်မြင့် ရွှေအဆင့် အတွင်း သိသိသာသာ တိုးတက်လာခဲ့၏။ သူသည် အစစ်အမှန် ရွှေအဆင့်၏ တံခါးကို မခေါက်နိုင်သေးသော်လည်း၊ အဝေးမှနေ၍တော့ ခပ်ရေးရေး မြင်တွေ့နေရပြီ ဖြစ်လေသည်။
ဤသည်မှာ သူ၏ ကျင့်စဉ်အဆင့် တက်လှမ်းမှုများထဲတွင် အလွယ်ကူဆုံး အကြိမ်ဖြစ်ပြီး သူသည် ထိုအရာကို များစွာ နှစ်ခြိုက်ကျေနပ်နေခဲ့သည်။ ဝိညာဉ် ရေတွင်း မှ ရေတစ်ငုံ သောက်လိုက်ရတိုင်း အောင်ပွဲတစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားရလေသည်။
အော်သို၏ ဝိညာဉ် သည် လင်းတုန်း ယခင်က ခံစားခဲ့ဖူးသည်ထက် များစွာ ပိုမို တောက်ပစွာ လောင်ကျွမ်းနေ၏။ အိပ်မက် ရေတွင်း မှ ရေက သူ့ကို အာရုံစူးစိုက်မှု ရှိစေရန် ကူညီပေးခဲ့သည်ဆိုလျှင်၊ ယခု အသစ်တဖန် သန့်စင်သွားသော သူ၏ ဝိညာဉ် ကြောင့် လင်းတုန်း အနေဖြင့် သူ့ကို သန့်စင်သော မာဒြာပြား များ ကျွေးမွေးရန် သို့မဟုတ် ငြိမ်သက်အောင် ထိန်းသိမ်းထားရန် မလိုအပ်တော့ချေ။ သူသည် လင်းတုန်း နှင့်အတူ စွမ်းအင်လှည့်ပတ်ခြင်း၊ ဝိညာဉ် ရေတွင်း မှ ရေသောက်ခြင်း သို့မဟုတ် နေထိုင်ရာ နေရာတစ်ဝိုက်တွင် ရေကူးခြင်းတို့ဖြင့်သာ နေ့ရက်များကို ကုန်ဆုံးစေလေသည်။ အချို့အချိန်များတွင် သူသည် ရေကူးရာမှ ပြန်လာသောအခါ သူ၏ မျက်လုံးများတွင် အောင်ပွဲခံသည့် အရိပ်အယောင်များ ရှိနေပြီး အသားအရေ တစ်လျှောက်တွင်လည်း ခြစ်ရာများ အပြည့် ပါလာတတ်သဖြင့်၊ သူသည် ပင်လယ် နဂါး များနှင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်မည်ဟု လင်းတုန်း အတော်လေး သေချာနေခဲ့၏။
အပြာလေးသည် နောက်တစ်ကြိမ် သမုဒ္ဒရာပြာရောင် ခပ်ရင့်ရင့်သို့ ပြန်လည် ရောက်ရှိသွားပြီး၊ ကွင်းပြင်ထဲမှ ကလေးငယ်တစ်ယောက်အလား ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနေလေသည်။ သူမသည် ပိုမို ခိုင်မာသော ပုံသဏ္ဌာန် ရှိသည့် အဆင့်မြင့် အိပ်မက် မျိုးစေ့ အချို့နှင့် ဆော့ကစားနေတတ်၏။ အဆင့်နိမ့်သော ဝိညာဉ် များမှာ မှုန်ဝါးဝါးဖြစ်ပြီး အမြဲတမ်း ပုံသဏ္ဌာန် ပြောင်းလဲနေကာ မည်သည့် စိတ်အသိမှ ရှိပုံမပေါ်ချေ။
သို့သော် ဒရော့စ် က ၎င်းတို့ထဲမှ အချို့ကို စားချင်သည်ဟု ပြောလာသောအခါ လင်းတုန်း မှာ မှင်တက်သွားခဲ့ရလေသည်။
"အဲဒါက မင်းတို့ စားသလိုမျိုး စားတာ မဟုတ်ဘူးလေ..."
ဒရော့စ် က လင်းတုန်း ၏ အမြုတေ ထဲမှနေ၍ ပြောလိုက်သည်။
"အဲဒီလို မဟုတ်ပါဘူးကွာ... အဲဒါက ရွံစရာကြီး... အဲဒါက ပေါင်းစပ်တာမျိုးနဲ့ ပိုတူတယ်... ငါက အရာအားလုံးကို ယူငင်လိုက်ပြီး သူတို့က ပျောက်ကွယ်သွားတဲ့ ပေါင်းစပ်မှုမျိုးပေါ့..."
ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို အသုံးပြုခြင်းနှင့် ၎င်းမှာ မည်သို့မျှ ကွာခြားမှုမရှိဟု လင်းတုန်း ယူဆလိုက်သည်။ သို့သော် မှော်ပစ္စည်း တစ်ခုက အပြာလေးကို ဝါးမြိုသွားမည့်ပုံကိုကား သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။
"ဒီ အကောင်ပေါက်လေးတွေမှာ စိတ်အသိ မရှိပါဘူး... သူတို့က အပင်တွေနဲ့ တူတယ်... မင်းက သူတို့ကို အစာကျွေးပြီး နှစ်အနည်းငယ်လောက် ပြုစုပျိုးထောင်ချင်တယ် ဆိုရင်တော့၊ ဟုတ်ပါတယ်၊ သူတို့ အရမ်းချစ်စရာကောင်းလာမှာပေါ့... အဲဒီအခါကျရင် မင်းကိုယ်မင်း ဘီလူးတစ်ကောင်လို ခံစားရလိမ့်မယ်... ဒါပေမဲ့ မင်း အဲဒီလို မလုပ်ခဲ့ဘူးလေ၊ ဒါကြောင့် ငါတို့ အဆင်ပြေပါတယ်..."
လင်းတုန်း အရှုံးပေးလိုက်လေသည်။ ၎င်းသည် သူ၏ ကြီးထွားမှုအတွက် နောက်ဆုံးအဆင့် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤအဆင့်အပြီးတွင် သူသည် မှော်ပစ္စည်း တစ်ခုထက် သက်ရှိ ဝိညာဉ် တစ်ခုအဖြစ် အရည်အချင်း ပြည့်မီသွားမည်ဟု ဒရော့စ်က ယုံကြည်ချက် အပြည့်ရှိနေ၏။ လင်းတုန်းသည် ထိုအရာကို သိမြင်လိုစိတ် ပြင်းပြနေပြီး၊ ထိုမျှသာမကဘဲ သူ၏ ဝိညာဉ် ထဲမှ ထို မှော်ပစ္စည်း ကို အမြန်ဆုံး ထွက်သွားစေချင်နေပြီ ဖြစ်သည်။ ဒရော့စ်သည် နေ့စဉ်နေ့တိုင်း သူ၏ အချိန်နှင့် ရေများကို လွန်စွာ အသုံးပြုနေသောကြောင့် ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ဆိုလိုသည်မှာ သူကိုယ်တိုင် အိပ်မက် မျိုးစေ့ များကို စုပ်ယူရမည့် အလုပ်ကို လုပ်ဆောင်ရမည် ဖြစ်လေသည်။
"မင်းမှာ အဲဒီအတွက် လက်တစ်ဖက် ရှိတယ်လေ..."
ဒရော့စ် က ပြောလိုက်သည်။
"ဟိုဘက်ကို လျှောက်သွားပြီး အဲဒါကို စုပ်ယူလိုက်ရုံပဲ..."
"အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး... ငါ့လက်က ဘာကိုမှ ငါ့ရဲ့ အမြုတေ ထဲကို ဆွဲမသွင်းပေးနိုင်ဘူး..."
"အဲဒါကို မင်းရဲ့ မာဒြာ သွေးကြောတွေထဲ ရောက်အောင်လုပ်ပေး၊ ကျန်တာကို ငါ ကိုယ်တိုင် လုပ်မယ်..."
အနီးနားရှိ နံရံတစ်ခုတွင် အလင်းဖောက်ထွင်းမြင်ရသော ခရမ်းရောင် အဖုအကျိတ်လေးတစ်ခုအဖြစ် ကပ်နေသည့် ပထမဆုံး အိပ်မက် မျိုးစေ့ကို လင်းတုန်း စတင် စုပ်ယူရန် ကြိုးစားလိုက်သောအခါ၊ သူ၏ ဆာလောင်မွတ်သိပ်ခြင်း မာဒြာ လက်သည် ၎င်းထဲမှ တစ်စုံတစ်ခုကို စုပ်ယူလိုက်ပြီး ပျော်ဝင်နေသော အိပ်မက် အနှစ်သာရများသာ ကျန်ရှိသည့် အသက်မဲ့ အခွံတစ်ခုအဖြစ်သာ ချန်ရစ်ထားခဲ့လေသည်။
နောက်တစ်ကြိမ်တွင်မူ သူသည် လက်ကို ထိန်းချုပ်ကာ အိပ်မက် မျိုးစေ့ ကို သူ၏ အမြုတေ ထဲသို့ တတ်နိုင်သမျှ ညင်သာစွာ ဆွဲသွင်းလိုက်၏။ ၎င်းသည် သူ၏ ဝိညာဉ် ထဲသို့ လည်ပတ်ဝင်ရောက်သွားပြီး၊ သူ၏ သန့်စင်သော မာဒြာ နှင့် မယုံနိုင်လောက်အောင် ကိုက်ညီမှုရှိသော ခံစားချက်အစုအဝေး တစ်ခု ဖြစ်လာလေသည်။ ဒရော့စ် ပြောသည်မှာ မှန်ကန်ပေသည်။ ဤ ဝိညာဉ် များသည် အစစ်အမှန် အိပ်မက် မာဒြာ ထက် ဟန်ဆောင်ထားသော သန့်စင်သော မာဒြာ များနှင့် ပို၍ တူနေလေသည်။
၎င်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသော်လည်း၊ ဒရော့စ် က ထိုဆယ်လ်ဗန် ကို စုပ်ယူလိုက်ချိန်တွင် ဖြစ်ပေါ်လာသည့် အရာလောက်တော့ စိတ်ဝင်စားဖွယ် မကောင်းခဲ့ချေ။
လင်းတုန်း ၏ အမြုတေ အတွင်း၌ သူသည် တဆတ်ဆတ် တုန်ယင်သွားပြီး၊ သူ၏ အနှစ်သာရများ ပြောင်းလဲသွားကာ သူ၏ ကိုယ်တွင်းရှိ မီးပွားတချို့သည် တစ်နေရာတည်းသို့ စုစည်းသွားလေသည်။ သူသည် ကိုယ်ပိုင် အမြုတေ တစ်ခုကို ဖန်တီးနေသည့်အလား ပုံပေါ်နေ၏။
"အို ဟုတ်ပြီ၊ ဒါပဲ... ဒါက မှန်ကန်တဲ့ အရာပဲ... အခု ပန်းပွင့်နဲ့တူတဲ့ အကောင်ကို ဆွဲယူလိုက်..."
ဒရော့စ် စကားပြော ရပ်တန့်သွားသည်အထိ အိပ်မက် မျိုးစေ့ ခြောက်ခုခန့် လိုအပ်ခဲ့လေသည်။ လင်းတုန်း ၏ ဝိညာဉ် အတွင်း၌ ထို မှော်ပစ္စည်း သည် ပို၍ ပို၍ လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေလေသည်။
လင်းတုန်း သည် ဝိညာဉ် ရေတွင်း မှ စွမ်းအားများကို တတ်နိုင်သမျှ ဒရော့စ် ထံသို့ လှည့်ပတ် ပို့လွှတ်ပေးလိုက်၏။ ထိုအရာက အထောက်အကူ ဖြစ်မဖြစ် သူ မသိသော်လည်း၊ အနည်းဆုံးတော့ ဆိုးကျိုးမဖြစ်နိုင်ဟု အကြောင်းပြချက် ပေးလိုက်လေသည်။
ဒရော့စ်သည် လင်းတုန်း၏ အမြုတေ ကို စတင် တွန်းကန်လာလေသည်။ အစပိုင်းတွင် ဖိအား အနည်းငယ်မျှသာ ဖြစ်သော်လည်း တဖြည်းဖြည်း ပို၍ ပို၍ အားကောင်းလာကာ၊ နောက်ဆုံးတွင် လင်းတုန်း သည် တိုက်ခိုက်သူ နည်းစနစ် တစ်ခုကို ပစ်လွှတ်လိုက်သည့်အလား ဘယ်ဘက်လက်ကို ဆန့်ထုတ်၍ မှော်ပစ္စည်း ကို အပြင်သို့ တွန်းထုတ်လိုက်ရလေတော့သည်။
ခရမ်းရောင် အလင်းဘောလုံးလေးသည် ယိမ်းထိုးလျက် လေထဲတွင် လည်ပတ်သွားလေသည်။ ယခုအခါ သူသည် ပို၍ ခိုင်မာလာပြီး ပိုမို ရှင်းလင်းထင်ရှားသော စက်လုံးတစ်ခု ဖြစ်လာလေပြီ။ သူ၏ အလယ်ဗဟိုရှိ စက်ပိုင်းဆိုင်ရာ ဝင်ရိုးတန်းများမှတစ်ဆင့် လိမ်ယှက်နေသော အလင်းတန်းများသည် ယခုအခါ ပင့်ကူအိမ်တစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး၊ ၎င်းတို့အားလုံးမှာ တောက်ပသော အလင်းစက် တစ်ခုတည်းဆီသို့သာ ဦးတည်နေလေသည်။
မာဒြာ စနစ်တစ်ခု...
သူသည် မာဒြာ သွေးကြောများ နှင့် အမြုတေ တစ်ခုကို တည်ဆောက်နိုင်ခဲ့လေပြီ။
"အို၊ ဒါက အရမ်းမိုက်တာပဲ... ငါ့ရဲ့ အတွေးတွေနဲ့ မှတ်ဉာဏ်တွေ အားလုံးက အတူတကွ ပေါင်းစပ်သွားပြီး အသစ်တွေကို ပြန်မွေးဖွားပေးနေသလိုပဲ... အခု ငါ့မှာ စိတ်ကူးတွေ ရှိလာပြီ..."
ဒရော့စ်သည် စိတ်လှုပ်ရှားစွာဖြင့် လင်းတုန်း ၏ ခေါင်းပတ်လည်တွင် လှည့်ပတ်ပျံသန်းနေလေသည်။
"ငါတို့ တံခါးပေါက် ဆီကို သွားစရာတောင် မလိုတော့ဘူး မဟုတ်လား... ငါတို့ ငါးတွေကို ဖမ်းပြီး အပေါ်ကို စီးသွားလို့ရတယ်လေ... အာ နေပါဦး၊ ငါတို့က အိတ်ဆောင် ကမ္ဘာ ထဲမှာပဲ... ငါတို့ ငါးတွေကို ဖမ်းပြီး ဟင်းလင်းပြင်ထဲကို စီးသွားလို့ရတယ်..."
သူသည် လင်းတုန်း ၏ မျက်နှာရှေ့တွင် ရပ်တန့်သွား၏။
"ငါ ကိုယ်တိုင် ကျောက်စာပြား တွေကို အသက်သွင်းလို့ ရပြီ... ငါ ကျင့်ကြံခြင်း ပညာရပ် သခင် တစ်ယောက်အနေနဲ့ ပြန်လာရင် မအံ့သြနဲ့နော်..."
သူသည် ဝိညာဉ် ရေတွင်း အခန်းထဲမှ ထွက်ခွာကာ စင်္ကြံလမ်းတစ်လျှောက် လေချွန်သံပေးလျက် လွင့်ပျံသွားလေတော့သည်။
ဇီယယ် သည် ထောင့်တွင် မှီထိုင်လျက် သူ၏ မြစိမ်းရောင် ဦးချိုများအောက်မှနေ၍ ထိုအဖြစ်အပျက် တစ်ခုလုံးကို လုံးဝ စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် ကြည့်ရှုနေလေသည်။
"ခွင့်လွှတ်ပါ..."
လင်းတုန်း က ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး..."
အသက်မဲ့နေသော မျက်လုံးများသည် ဝိညာဉ် ရေတွင်း ဘက်သို့ ရွေ့လျားသွားလေသည်။
"ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျွန်တော် အစစ်အမှန် ရွှေအဆင့် ကို ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ... ခင်ဗျားရဲ့ ခန့်မှန်းချက်အရပေါ့..."
"နောက်ထပ် နှစ်ပတ်..."
ဇီယယ် က လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
"ကျွန်တော်တို့မှာ အဲဒီလောက် အချိန်ရှိသေးတယ် မဟုတ်လား... ခင်ဗျားက တစ်လလို့ ပြောခဲ့တာလေ..."
"မင်း ဒီမှာ ဆက်မနေချင်ပါဘူး..."
လင်းတုန်း အနေဖြင့် ၎င်းမှာ သတိပေးချက်တစ်ခု ဟုတ်မဟုတ် သေချာမသိခဲ့ချေ။
"ဒါက ကျွန်တော့် ဘဝမှာ အနှစ်သက်ဆုံး နေရာသစ်ပဲ... ကျွန်တော် ဒီမှာ ထာဝရ နေချင်တယ်..."
"ဒါပေမဲ့ မင်း ထွက်သွားချင်နေတာပဲ..."
ဇီယယ် ၏ မျက်လုံးများသည် လင်းတုန်း ထံသို့ ဖြည်းညှင်းစွာ ပြန်လည် ရောက်ရှိလာ၏။
"မဟုတ်ဘူးလား..."
လင်းတုန်း သည် ထိုနေရာတွင် အချိန်အတော်ကြာအောင် ရပ်နေပြီးမှ ဇီယယ် ၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
"အင်း... ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်... သ်က..."
ဇီယယ် သည် လက်တစ်ဖက်ကို မြှောက်လိုက်၏။
"ဟင့်အင်း... ရပ်လိုက်တော့... ငါတို့က ဒီလောက်အထိ ရင်းနှီးတဲ့သူတွေ မဟုတ်သေးဘူး..."
"ဟုတ်ပါတယ်၊ တောင်းပန်ပါတယ်..."
"မင်း အစစ်အမှန် ရွှေအဆင့် ကို ရောက်သွားမှာပါ... နှစ်ပတ်အတွင်းပဲ ရောက်ရောက်၊ နှစ်နှစ်ကြာမှပဲ ရောက်ရောက် အဆုံးသတ်မှာတော့ သိပ်ပြီး ကွာခြားသွားမှာ မဟုတ်ပါဘူး..."
"တကယ်တော့..."
"ရပ်လိုက်... ငါ့အလှည့်ရောက်ပြီ... လွယ်လွယ်ကူကူ အဆင့်တက်တာကို ငါ ဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိဘူး၊ ဒါပေမဲ့ အဲဒါကြောင့် မင်း မျက်ကန်း မဖြစ်သွားစေနဲ့..."
သူသည် လက်ညှိုးကို မြှောက်ကာ မျက်နှာကြက်သို့ ထိုးပြလိုက်လေသည်။ သူ မည်သည့်အရာကို ညွှန်ပြနေသည်ကို မြင်တွေ့နိုင်ရန် လင်းတုန်း အချိန်အနည်းငယ် ယူလိုက်ရ၏။ ထောင့်တစ်နေရာမှ အခြားတစ်နေရာသို့ သွယ်တန်းနေသော ရှည်လျားသည့် ပင့်ကူအိမ် အက်ကြောင်းတစ်ခု ဖြစ်လေသည်။
“ယိုယွင်းပျက်စီးမှုက စတင်နေပြီပဲ... အဲဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းလေ... ဒီကမ္ဘာကြီး မပြိုကွဲခင်မှာ မင်းအတွက် အချိန်သုံးပတ်လောက် ရှိပါသေးတယ်... တစ်ခုခုက အရှိန်မမြှင့်ဘူးဆိုရင်ပေါ့... ဟင်းလင်းပြင် အက်ကွဲတာကို မင်း မြင်နိုင်လောက်တဲ့အထိ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာတဲ့အချိန်ကျရင်တော့ မင်း ထွက်သွားသင့်နေပြီ...”
သူသည် ဟောင်းနွမ်းနေသော ဝတ်ရုံကို ဆွဲခြုံလိုက်သည်။
“မင်းက ပိုနက်တဲ့ နေရာဆီကို သွားမယ်ဆိုရင် အခုထွက်သွားရင် အချိန်အများကြီး ရပါသေးတယ်... ပြိုကျနေတဲ့ ကမ္ဘာကြီးနဲ့ အချိန်လုပြီး ပြေးချင်မှာတော့ မဟုတ်ပါဘူး...”
လင်းတုန်းသည် တစ်ဝက် သက်သာရာရသွားပြီး တစ်ဝက် စိတ်ပျက်သွားသော်လည်း သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ သူသည် ယီရင် နှင့် ကွဲကွာနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ရာ၊ သူမ အပြင်ဘက်တွင် ဘာတွေလုပ်နေမည်ကို ပို၍ ပို၍ တွေးတောပူပန်လာမိလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုပူပန်မှုများ လျော့ကျသွားမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ပို၍သာ ဆိုးရွားလာခဲ့၏။
အခြားတစ်ဖက်တွင်လည်း သူသည် ဝိညာဉ် ရေတွင်း၏ အကျိုးကျေးဇူးကို စက္ကန့်မလပ် မရယူဘဲ ထွက်ခွာခဲ့ရသည့်အပေါ် လူမိုက်တစ်ယောက်ကဲ့သို့ ခံစားနေရလေသည်။
သူသည် အပြာရောင် ရေများဖြင့် ဖြည့်နိုင်သမျှ အလွတ်ဘူးခွံများကို ဖြည့်တင်းလိုက်သည်။ ယခုအချိန်အထိ သူ သောက်သုံးခဲ့သမျှ ပုလင်းများအားလုံးနှင့် ဤအဆောက်အအုံရှိ အမှိုက်ခန်းများမှ သူ ရှာဖွေတွေ့ရှိသမျှ အရာအားလုံးတွင် ဖြည့်လိုက်ခြင်း ဖြစ်၏။
သူသည် သူ၏ ဟင်းလင်းပြင် သော့ ကို ဖွင့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အပြာလေးသည် သူ၏ ပခုံးပေါ်တွင် ရှိနေပြီး၊ အော်သို က ဘေးတွင် ရှိနေကာ ဒရော့စ် ကမူ နက်နဲမှု မျက်လုံး ထဲတွင် ရှိနေလေသည်။ သို့တိုင်အောင် သူသည် ရတနာသိုက်ကြီးကို စွန့်ပစ်ခဲ့ရသည့်အလား အပြာရောင် ရေကန်ကို လှမ်းကြည့်နေမိဆဲ ဖြစ်လေတော့၏။
***