← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

181 စွဲလမ်းခြင်းမိစ္ဆာ

ဤလောကတွင် ကြောက်စရာအကောင်းဆုံးသောရန်သူမှာ စွဲလမ်းမှုဖြစ်သည်။ ထိုအချက်မှာ မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင်အတွက်ပင် ချွင်းချက်မဟုတ်ခဲ့။

လူဖြစ်စေ မိစ္ဆာဖြစ်စေ အချစ်ရူးတစ်ယောက်ဖြစ်နေသည်ဆိုလျှင် အဓိပ္ပာယ်မှာ လိုသလိုကြိုးကိုင်ထိန်းချုပ်လို့ရသော အားနည်းချက်တစ်ခုရှိနေခြင်းဖြစ်ပြီး ကျွန်တစ်ယောက်လို အချစ်၏စေစားရာ ရိုကျိုးဝပ်ဆင်းရတော့မည်ဖြစ်၏။

လီနန်ခယ့်က ထိုအချက်ကိုပဲ လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။

မိစ္ဆာကိုရှာဖွေဖို့အတွက် ပုံမှန်နောက်ယောင်ခံနည်းလမ်းများကို အသုံးပြုခြင်းက အချိန်ကုန်လူပင်ပန်းဖြစ်ရုံသာမက ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားရန်လည်း လိုအပ်နေသေးပေသည်။ ရန်သူကိုယ်တိုင် အလိုအလျောက်ထွက်ပေါ်လာအောင် ဆွဲဆောင်နိုင်မှသာ အလွယ်တကူဖမ်းဆီးနိုင်မည် ဖြစ်၏။

အမှုတွဲသုံးသပ်ချက်များအရ ကျန်းမင်ဘက်က မသေမချာရှိလျှင်တောင် မုန့်ချင်တစ်ယောက်ကတော့ ကျန်းမင်အပေါ် သံယောဇဥ်များစွာကျန်ရှိနေသေးမှန်း ထင်ရှားလှသည်။

မိစ္ဆာသည် အပြည့်အဝ သန္ဓေမပြောင်းလဲသေးသောကြောင့် သူ၏အသိစိတ်ထဲတွင် ဆင်ခြင်တုံတရား အနည်းငယ်ကြွင်းကျန်နေပေဦးမည်။ ထိုဆင်ခြင်တုံတရားက သူချထားသောငါးစာကို အမိအရလာဟပ်နိုင်ပါ့မလားဆိုတာ မသေချာပေသည့် လီနန်ခယ့် စမ်းသပ်ချင်စိတ်ကို တားမရခဲ့။

အကယ်၍ သူလောင်းကြေးရှုံးခဲ့လျှင်ပင် ထိုချစ်သူနှစ်ဦး၏အလိုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု တွက်ဆကာ စွန့်စားခဲ့လိုက်သည်။

"ပိုက်ကွန်ချ"

မိစ္ဆာမုန့်ချင်ကို မြင်တွေ့လိုက်ရသည်နှင့် လိန်ရှင်းနန်သည် ချက်ချင်းဆိုသလိုပင် ငယ်သားများအား ပြတ်သားစွာအမိန့်ချလိုက်၏။

မိစ္ဆာဖမ်းဆီးရန်အတွက် အထူးရက်လုပ်ထားသော ငွေဖြူရောင် ပိုးချည်ပိုက်ကွန်များသည် အထက်မှ အရှိန်အဟုန်ဖြင့်ကျဆင်းလာခဲ့ပြီး ဇကာကွက်လေးများသည် မီလီမီတာအနည်းငယ်မျှသာ ကျယ်ဝန်းကာ ထူထဲသောအပ်ချည်ကြိုးတစ်မျှသာ အရွယ်အစားရှိလေသည်။

ထိုဇကာကွက်များ၏ အပေါ်တွင် ရွှေရောင်အလင်းများ တောက်ပနေသည့် အဆောင်စက္ကူများကိုလည်း ကပ်ထိန်းထားခဲ့ကြသေး၏။

ပိုးချည်ပိုက်ကွန်သည် အလွန်မြန်သောအရှိန်ဖြင့် ရုတ်ခနဲကျဆင်းလာပြီး မိစ္ဆာမုန့်ချင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့ရာ အသားနှင့်မီးသွေးထိတွေ့သကဲ့သို့ ရှဲခနဲအသံများ ထွက်ပေါ်လာတော့၏။

ဆိုင်ယွဲ့နှင့် ဆိုင်ယွဲ့တို့သည် အလံငယ်များကို ချက်ချင်းထုတ်ယူကာ ပိုက်ကွန်ပတ်ပတ်လည်တွင် စိုက်ထူလိုက်ကြသည်။ ထိုအခါ အလံငယ်များဆီမှ လင်းထိန်နေသော အဖြူရောင်အလင်းတန်းတစ်ခုစီ ထွက်ပေါ်လာပြီး ငှက်သိုက်တစ်ခုအလား တစ်ခုနှင့်တစ်ခုယှက်နွယ်ရစ်ပတ်သွားခဲ့ကာ ဟာကွက်တစ်ခုမှပင်ချန်မပေးဘဲ အလုံးစုံဖုံးအုပ်လိုက်ပြန်တော့၏။

သွေးမိစ္ဆာသည် နာကျင်စူးရှစွာ အော်ဟစ်လိုက်ပြီး ပိုက်ကွန်ကိုဖောက်ထွက်ရန် ကြိုးစားနေသည့် သွေးရောင်လက်တံများသည်လည်း အလင်းတန်းဆီမှ ပိတ်ဆို့ဖိနှိပ်ခြင်းခံလိုက်ရကာ ပြန်လည်ငြိမ်ကျသွားခဲ့သည်။

အချုပ်အနှောင်မှလွတ်မြောက်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်သဖြင့် မိစ္ဆာ၏ခန္ဓာကိုယ်သည် ရုတ်တရက် လျင်မြန်စွာလည်ပတ်နေသော သွေးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

ပြင်းထန်သောပေါက်ကွဲသံကြီးနှင့်အတူ သွေးလုံးကြီးသည် တစ်စစီပေါက်ကွဲထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များသည်ကား မုန်တိုင်းတစ်ခုအလား အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းထွက်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်ရှိ ယိုင်နဲ့နဲ့သက်ငယ်မိုးအိမ်လေးနှင့် ပတ်ပတ်လည်ရှိ သစ်ပင်သစ်ကိုင်းများ အားလုံး ကျိုးကျကြေမွသွားခဲ့ရကာ စိုက်ထူထားသောအလံငယ်များလည်း လွင့်စင်ထွက်ကုန်ကြ၏။

တစ်စစီလွင့်ထွက်သွားသော စေးပျစ်လှသည့် သွေးစက်များသည် လွတ်မြောက်ရာတွင် ပြန်လည်ပေါင်းစည်းသွားခဲ့ပြီး လူသားပုံသဏ္ဌာန်ခန္ဓာကိုယ်တစ်ခု တစ်ဖန်ပုံပေါ်လာခဲ့သည်။

အခြေအနေများ ထိန်းမရဖြစ်ကုန်သည်ကိုမြင်သော် မိစ္ဆာနှင့် အနီးဆုံးတွင်ရှိသောကောကန်းသည် ဒူးကိုကွေးချကာ စကွက်ထိုင်သည့်ပုံပြုလိုက်ပြီး တံတောင်ဆစ်များကို နောက်သို့ပစ်ကာ ဝမ်းဗိုက်အောက်နားအား လက်နှစ်ဖက်ဖြင့် တင်းတင်းဖိထားလိုက်သည်။ ထို့နောက် ရင်ခေါင်သံဖြင့် အော်ဟစ်ကြွေးကြော်လိုက်ချိန်တွင် သူ၏အပေါ်အင်္ကျီမှာ ပေါက်ပြဲထွက်သွားပြီး သံမဏိကဲ့သို့ ကြံ့ခိုင်လှသော ကြွက်သားအဖုအထစ်များနှင့် အရိုးအဆစ်များ ထွက်ပေါ်လာလေတော့၏။

ရွှေခေါင်းလောင်း ကာကွယ်ရေးတိုက်ကွက်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုကာယဗလမောင်သည် သွေးလက်တံကြီးတစ်ခုဆီမှ ရိုက်ထုတ်ခံလိုက်ရသဖြင့် ပြိုကျပျက်စီးနေသော သက်ငယ်မိုးအိမ်ထဲသို့ လွင့်စင်သွားခဲ့ရတော့သည်။

"မိစ္ဆာချည်နှောင်ကြိုးကို သုံးကြ"

လိန်ရှင်းနန်က အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။

သူမတို့ရင်ဆိုင်နေရသော ထိုသွေးမိစ္ဆာသည် သာမန်မိစ္ဆာတစ်ကောင်ထက် ပိုမိုထူးကဲသောစွမ်းရည်များ ရှိနေခဲ့ရာ သာမန်ဓားလှံ လက်နက်တို့ဖြင့် ထိခိုက်ရှနာတစ်ခုပင် ဖြစ်လိမ့်မည်မဟုတ်။

အဖွဲ့သားအားလုံးသည် လက်သန်းမျှထူသော ကြိုးနက်လေးများကို တစ်ယောက်တစ်ချောင်းစီ ဆွဲထုတ်လိုက်ကြကာ သွေးမိစ္ဆာ၏ပတ်ပတ်လည်တွင်နေရာယူလျက် တင်းနေအောင်ပတ်ချည်လိုက်ကြ၏။

လိန်ရှင်းနန်သည် လက်ဟန်သင်္ကေတစ်ခုကိုပြုလုပ်လိုက်သော် ပတ်ဝန်းကျင်၏လေထုဖိအားမှာ ချက်ချင်းပင် လေးလံလာခဲ့သည်။ လေထဲမှ ရေစက်ရေပေါက်လေးများထွက်ပေါ်လာပြီး မိစ္ဆာ၏ခြေထောက်တွင်တွယ်ကပ်ကာ ခဲသက်စေလိုက်ပြီး လှုပ်မရအောင်ထိန်းချုပ်ထားလိုက်တော့၏။

လီနန်ခယ့်သည် အနားတွင်ကပ်ရပ်နေရင်း မိစ္ဆာ၏ပုံသဏ္ဌာန်ကို အနီးကပ်လေ့လာနေလိုက်သည်။

မင်းသမီးရှန်းယွမ်၏တိုက်ခိုက်မှုဖြင့် ဒဏ်ရာကြီးစွာရထားပြီး ကောင်းကောင်းမသက်သာသေးဟန်တူသော ထိုမိစ္ဆာသည် သန္ဓေကူးပြောင်းခြင်းကိုလည်း အပြည့်အဝမပြုလုပ်နိုင်သေးသော်ကြောင့် အင်အားအရာတွင် အတော်လေးလျော့နည်းနေပေ၏။

လိန်ရှင်းနန်နှင့် အဖွဲ့သားများ၏ တိုက်ရည်ခိုက်ရည်အရ ဤအားနည်းနေသောမိစ္ဆာကို ကောင်းကောင်းကိုင်တွယ်နိုင်ပေလိမ့်မည်။

သို့သော် လိုရမည်ရဟုတွေးကာ တခြားသူများအလုပ်ရှုပ်နေချိန် ကျန်းမင်ဆီကပ်သွားပြီး တီးတိုးကပ်ပြောလိုက်သည်။

"မင်း မိုးနီရေတွေဖွက်ထားသေးတာငါသိတယ်၊ ငါ့ကိုပေး"

ထိုအချိန်တွင် ကျန်းမင်မှာ ဘာအတွေးကိုမှမဆက်စပ်နိုင်ဟန်ရှိ၏။ မြေပြင်ပေါ်တွင် ဦးခေါင်းကို ဆုပ်ကိုင်ကာ ငိုကြွေးနေသည့် ယွမ်ဝမ်ချန်ကိုသာ ငေးမောစိုက်ကြည့်နေခဲ့ရင်း မျက်နှာထားက ကြောင်တက်တက်။

လီနန်ခယ့် ဘယ်နှခါခေါ်နေပါစေ နာမည်ပိုင်ရှင်က မတုံ့ပြန်ခဲ့ပေ။

"တဆိတ်လောက်"

လီနန်ခယ့် အံကိုတင်းတင်းကြိတ်ကာ သူမ၏အင်္ကျီကော်လာစကြားသာ လက်ထိုးနှိုက်လိုက်တော့သည်။ ချက်ချင်းပင် ကြွေပုလင်းငယ်လေးတစ်လုံးကို သူစမ်းမိသွားသည်။

ထိုအရာကိုဆုပ်ကိုင်ပြီး ဆွဲထုတ်လိုက်သောအခါ အသေအချာပင် မိုးနီရေထည့်ဖို့အထူးပြုလုပ်ထားသော ညကင်းလှည့်တပ်ဖွဲ့ ကြွေပုလင်းငယ်လေးဖြစ်နေသည်ကို တွေ့လိုက်ရ၏။

တစ်ဝက်လျော့လျော့တော့ ကျန်ရှိနေသေးသည်ပင်။

လီနန်ခယ့် အလစ်ဖမ်းကာ အနောက်သို့အသာဆုတ်ဆိုင်းသွားပြီး ဘေးဘီအကဲခတ်သည်။ မလှမ်းမကမ်းမှ မင်းသမီးကြီးသည်လည်း ကိုယ်ရံတော်များကြားတွင် သူ့ကိုအကြည့်ပင်မဝေ့သည်ကိုမြင်မှ သူတစ်ပုလင်းလုံး မော့သောက်ချလိုက်တော့၏။

မိုးနီရေများက သူ့လည်ချောင်းတွင် တစိမ့်စိမ့်စီးဆင်းသွားကာ မျက်လုံးများက ချက်ချင်း သွေးနီရောင်လွှမ်းသွားရသည်။ မျက်စိသူငယ်အိမ်ထဲတွင် သွေးကြောလက်တံမျှင်လေးများ လှုပ်ရှားစုစည်းလာ၏။

ရင်းနှီးနေသော မိုးနီစွမ်းအင်သည် သူ၏ချက်အောက်ပိုင်းနေရာ ချီစွမ်းအင်ပင်လယ်ဆီသို့ စုစည်းလာလေပြီ။

"မင်းတို့သခင်ကြီး လီယွဲ့ထျန်း လိုင်းပြန်တက်လာပြီကွ"

ထိုးတက်လာသောစွမ်းအင်များနှင့် ခန္ဓာကိုယ်အနှံ့မြူးကြွနေကြသာ ဆဲလ်များကို ခံစားရင် လီနန်ခယ့်သည် ဗီလိန်ဆန်ဆန်အပြုံးကြီးဖြင့် တိုက်ပွဲအတွက်အသင့်ပြင်လေသည်။

ထိုစွမ်းအင်ကို ပို့လွှတ်လို့ရမည့်နေရာများအား လီနန်ခယ့် အာရုံခံကြည့်လိုက်သည်။ လက်မောင်းထက်မှမိစ္ဆာတက်တူးကတော့ ပျောက်ပျယ်သွားပြီဖြစ်ရာ ထပ်မံအာရုံခံလို့ မရနိုင်တော့။

တက်တူးပျောက်သွားသည်နှင့် ထိုမိစ္ဆာ၏အငွေ့အသက် အစွန်းအထင်းမျှပင် မကျန်ရစ်ခဲ့တော့ဟန်တူ၏။

သို့သော် သူ၏ရင်ဘတ်ပိုင်းမှ ထူးဆန်းသောအပူလှိုင်းတစ်ခုကို ခံစားမိလေသည်။

လီနန်ခယ့် သူ့အဝတ်ထဲ လက်ထည့်စမ်းကြည့်လိုက်သော် ယင်ဝူရှဆီမှ သူလုလာသော လက်စွပ်အားစမ်းမိလေသည်။

ဘာမှထူးခြားဟန်မပေါ်သော ထိုလက်စွပ်အနက်ကလေးသည် ယခုအခါ ရွံရှာဖွယ်ကောင်းသော ပိုးကောင်များဖြင့် ရစ်ပတ်နေခဲ့ပြီး ယင်ယန်တံဆိပ်တစ်ခုက လေပေါ်တွင် ပေါ်ပေါက်ပျံသန်းနေခဲ့သည်။ ထိုတံဆိပ်ကို ဖွင့်ရန်ကြိုးစားခဲ့သော်လည်း သူ့တွင် စွမ်းအင်မလုံလောက်သေးဟန်ရှိ၏။

"ဘယ်လိုမှော်ရတနာမျိုးမလို့ ဒီလောက်ခက်ခဲနေတာလဲ နေပေါ့"

လီနန်ခယ့်မှာ ထိုအရာကို အလွန်ပင်စိတ်ဝင်စားနေသော်လည်း မဖွင့်နိုင်သည့်အဆုံး လက်လျှော့လိုက်ဖို့သာရှိတော့လေသည်။

မိစ္ဆာတက်တူးလည်းလွင့်ပျယ်သွားပြီဖြစ်သောကြောင့် သူယခု စွမ်းအင်ကူးပြောင်းနိုင်သောနေရာများ အချိန်ရပ်တန့်ခြင်းနှင့် ဖောက်ထွင်းအမြင်အာရုံသာ ရှိတော့သည်ပင်။

လက်ရှိအချိန်တွင် အချိန်ရပ်တန့်ခြင်းက ဘာအကျိုးမှရှိမည်မဟုတ်။

ဖောက်ထွင်းအမြင်အာရုံတစ်ခုသာ ရှိတော့သည်ပင်။

ဖောက်ထွင်းအမြင်အာရုံက အခုအချိန် အသုံးဝင်ပါ့မလားဟု သူမသေချာသော်ငြား အသုံးမဝင်လျှင်ပင် မျက်စိအေးစရာ ယုန်မလေးမုန့်ရှိသောကြောင့် အရှုံးတော့မရှိ။

လီနန်ခယ့် ထိုစွမ်းအင်ပင်လယ်ကို စိတ်ဖြင့်ထိန်းချုပ်ကာ မိုးနီစွမ်းအင်လှိုင်းအား မျက်လုံးဆီသို့ လမ်းညွှန်ပို့ဆောင်လိုက်တော့၏။

သူ၏ မျက်အိမ်အတွင်းရှိ သေးငယ်သော သွေးကြောလက်တံလေးများသည် ဖြည်းညှင်းစွာ နောက်ဆုတ်သွားခဲ့ကြပြီး မျက်လုံးနေရာတွင် ပူစပ်စပ်ခံစားချက်နှင့်အတူ ဖောရောင်နာကျင်ခြင်းခံစားချက်များ အစားထိုးဝင်ရောက်လာခဲ့ကြသည်။

မကြာမီပင် သူ့ရှေ့မှမြင်ကွင်းလည်း ပြောင်းလဲသွားလေတော့၏။

လီနန်ခယ့်သည် မသိလိုက်စွာဖြင့် မျက်လုံးက အထက်အရာရှိဖြစ်သူ အစ်မလိန်နှင့် ယုန်မလေးမုန့်ဆီအရင်ရောက်သွားသည်။ သူထင်ထားခဲ့သလိုပင် အရာအားလုံးမှာ ရှင်းရှင်းလင်းလင်း၊ ကွက်ကွက်ကွင်းကွင်း။

အစ်မလိန်ရဲ့ ဝန်ထုပ်ဝန်ပိုးက အဲ့လောက်လေးလံလိမ့်မယ်လို့ ထင်မထားခဲ့မိဘူးပဲ။

ထို့နောက် ရှေ့မှ မိစ္ဆာမုန့်ချင်ဆီ အကြည့်ပို့လိုက်သည်။

သေချာကြည့်ရှုလိုက်သောအခါ သူသည် မိစ္ဆာ၏ခန္ဓာကိုယ်အတွင်း၌ လူသားတစ်ဦး၏ နှလုံးသားနှင့် အလွန်ပင်တူညီလှပြီး လျင်မြန်စွာခုန်လှုပ်နေသော အခွံမာသီးအရွယ်အစားခန့်ရှိ လုံးဝန်းဝန်း အနီရောင်အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည်။

ထို့အပြင် ထိုအနီရောင်အရာသည် ညကင်းလှည့်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန်အတွင် ၎င်း၏တည်နေရာကို အလိုအလျောက် ရွေ့လျားပြေးလွှားနေသည်အား တွေ့လိုက်ရ၏။

ဤသည်မှာ မိစ္ဆာ၏နှလုံးသားပေလော။

All Chapters