← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

182 စွဲလမ်းခြင်းတို့၏ အဆုံးသတ်ဇာတ်သိမ်း

ထို့နောက် သင်္ချိုင်းလူသားယွမ်ဝမ်ချန်ကို သူတစ်ချက်လှည့်ကြည့်မိသော် ထိုသူ၏ခန္ဓာထဲတွင်လည်း ခုန်လှုပ်နေသော အနီရောင်အဝိုင်းကြီးတစ်ခု ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။

သို့ဆိုလျှင် ဤနည်းဖြင့် အနာဂတ်တွင် လူတစ်ယောက်ကို သင်္ချိုင်းလူသားဟုတ်မဟုတ် ခွဲခြားနိုင်ပေလိမ့်မည်။

လီနန်ခယ်မှာ အံ့သြခြင်းများစွာဖြင့် ကြောင်ရပ်နေမိသည်။

အစက ဖောက်ထွင်းအမြင်အာရုံစွမ်းရည်မှာ အဝတ်များကိုဖော်မြင်နိုင်ရုံမျှသာဟု ထင်ထားခဲ့သော်လည်း မိုးနီမှဖန်တီးလိုက်သော မိစ္ဆာများကိုပင် ခွဲခြားမြင်နိုင်စွမ်း ရှိနေစေလေသည်။

"အဲ့မိစ္ဆာကို ငါကိုယ်တိုင်ကိုင်တွယ်ရတော့မယ်"

လီနန်ခယ့် သေနတ်ကိုကောက်ကိုင်ကာ သွေးမိစ္ဆာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ကြက်သေသေသွားရ၏။

မင်းဉာဏ်ကောင်းတာသိပေမဲ့ ဒီလောက်စုတ်ချာနေတဲ့ ကျင့်ကြံဆင့်နဲ့ သေနတ်တစ်လက်ကိုင်ပြီး မိစ္ဆာကိုရှင်းမယ်ဆိုတာ ရူးနေတာပဲကွ။

သေနတ်ကြီးကိုင်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလှပြီထင်သွားတာလား?

"လီနန်ခယ့် နောက်ကိုမြန်မြန်ဆုတ်"

သွေးမိစ္ဆာကိုထောင်ဖမ်းဖို့ အသည်းအသန်ကြိုးစားနေသော လိန်ရှင်းနန်သည် မျက်နှာအပျက်ပျက်ဖြင့် အလောတကြီးအော်ဟစ်သတိပေးသည်။

လီနန်ခယ့်က အထက်အရာရှိကိုပင် ရှိသည်ဟုမထင်ဘဲ သေနတ်ကိုမြှောက်ကာ သွေးမိစ္ဆာဆီ ချိန်ရွယ်လိုက်သည်။

ခုန်လှုပ်နေသာ လုံးဝိုင်းသည့်နှလုံးသားသည် အန္တရာယ်တစ်စုံတစ်ရာကို ခံစားမိသည့်အလား မိစ္ဆာ၏ ညာဘက်လက်မောင်းဆီသို့ အလိုအလျောက် ရွှေ့ပြောင်းသွားခဲ့၏။

ဒိုင်း

မိစ္ဆာ၏ညာဘက်လက်မှာ သေနတ်သံတစ်ချက်နှင့်အတူ ‌ပေါက်ကွဲထွက်သွားလေသည်။

စူးနင့်သောအော်သံရှည်တစ်ခုက လွင့်ပျံလာသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များဖြင့် မုန်တိုင်းကြီးအလား အားကောင်းနေခဲ့သည့် သွေးမိစ္ဆာသည် ချက်ချင်းပင် အရှိန်အဟုန်လျော့နည်းသွားခဲ့ရ၏။ လှုပ်ရှားနေခဲ့သော သွေးစီးကြောင်းများစွာသည်လည်း ဖယ်ကျဥ်ကာ မိစ္ဆာ၏မူလခန္ဓာကို စတင်လှစ်ဟပြလာသည်။

သူ ကျည်ထပ်ဖြည့်ကာ သေနတ်ကိုထပ်ချိန်လိုက်သည်။

လှုပ်ရှားမှုများမှာ လွန်စွာချောမွေ့ကာ သွက်လက်လှပေ၏။

ဒိုင်း

ဤတစ်ကြိမ်တွင်တော့ သွေးမိစ္ဆာ၏ဘယ်ဘက်ခြေထောက်ကြီး ပေါက်ကွဲထွက်သွားရသည်။

သွေးမိစ္ဆာသည် မြေပြင်ပေါ်ပြိုလဲကျသွားကာ ပြန်ထရပ်ဖို့မဖြစ်နိုင်တော့သည့်အဆုံး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ လှုပ်ရှားနေသော သွေးလက်တံများသည်လည်း စတင်အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့ရတော့သည်။

တိုက်ပွဲမြေပြင်ရှိ လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် ကြက်သေသေကုန်ကြရ၏။

ဒီလူက ဒီလောက်တောင်သန်မာတာလား။

လူတိုင်း၏အမြင်တွင် မိစ္ဆာအား တစ်ကိုယ်တော်ရင်ဆိုင်နေသော ထိုအမျိုးသားသည် ချောမွေ့နုနယ်သောအသွင်အပြင်နှင့် ခံ့ထည်သောကိုယ်လုံးကိုယ်ပေါက်ကြောင့် အရှေ့အရပ်မှထွက်ပြူလာသော မနက်ခင်းနေရောင်ခြည်အလား တောက်ပနွေးထွေးသည်။ ထိုသူဝတ်ဆင်ထားသော အပြာရောင်ဝတ်ရုံသည် လေအဝေ့တွင်လွင့်ခါလျက် လေးစားကိုးကွယ်ချင်စရာ သူရဲကောင်းတစ်ယောက်၏ဟန်ပန်ကို ပေးစွမ်းနေခဲ့၏။

အသွင်အပြင်ရော အမူအရာပါ သဘာဝကျကျ သပ်ရပ်သွက်လက်ကာ သိုင်းပညာရှင်တစ်ဦးအလား ထင်မှတ်ရစေသည်။

"ချောလိုက်တာရှင်"

ယုန်မလေးမုန့်မှာ ထိုမြင်ကွင်းတွင် ရင်တဒိတ်ဒိတ်ခုန်ကာ မျက်လုံးလေးများ တောက်ပရွှင်လန်းလာတော့၏။

အနီးအနားတွင်စောင့်ကြည့်နေသော မင်းသမီးကြီး၏ မျက်နှာအမူအရာသည်လည်း ဝေခွဲမရဖြစ်နေဟန်ရှိသည်။

ဤသို့ ရုပ်ချောရုံမက စွမ်းဆောင်ရည်ပါပြည့်ဝသောယောက်ျားတစ်ယောက်နှင့် ထိတွေ့ရင်းနှီးခဲ့မိခြင်းမှာ မတန်မရာတော့မဟုတ်ဟု ခံစားနေမိသည်ပင်။

သွေးမိစ္ဆာက လည်ချောင်းသံကြီးဖြင့် မသက်မသာ အော်ဟစ်ညည်းညူသည်။

ဘဝသက်တမ်း ကုန်ဆုံးချိန်နီးကပ်လာကြောင်း သူ့ကိုယ်သူသိသည်ထင့်၊ မျက်လုံးအစုံက ကျန်းမင်ဆီမျှော်ကြည့်လာကာ သွေးလွှမ်းနေသောလက်တစ်ဖက်ကို ဆန့်ထုတ်လာသည်။

သို့သော် အမျိုးသမီး၏မျက်လုံးများကတော့ စီနီယာအစ်ကို့ထံတွင်သာ မြဲမြံစူးစိုက်နေခဲ့လျက်။

လီနန်ခယ့် သက်ပြင်းချကာ ကျည်ပြန်ဖြည့်ထားသောသေနတ်ကို မြှောက်ကိုင်လိုက်ရင်း ခပ်တိုးတိုးဆို၏။

"စွဲလမ်းမှုတိုင်းမှာ ဇာတ်သိမ်းကောင်းဆိုတာ မရှိဘူးလေ"

မောင်းခလုတ်ကို လက်ဖြင့်ဆွဲလိုက်သည်။

ဒိုင်း

မိစ္ဆာ၏နှလုံးသားမှာ အပြီးတိုင် ကြေမွကွဲအက်သွားခဲ့ရ၏။

မိစ္ဆာသည် ချက်ချင်းပင် လှုပ်ရှားမှုတို့ရပ်တန့်သွားခဲ့ရကာ လှုပ်ရှားနေသော သွေးများသည် သူ၏ ခန္ဓာကိုယ်မှ လုံးဝဆုတ်ခွာသွားခဲ့ပြီး ဒဏ်ရာများစွာဖုံးလွှမ်းနေသည့် လူသားအလောင်းတစ်ခုကို ဖော်ပြလာခဲ့တော့သည်။

ပြဿနာကောင် သွေးမိစ္ဆာအမှုကို ဤသို့ ဖြေရှင်းပြီးစီးခဲ့၏။

ကြမ်းတမ်းသောတိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မည်ဟု တွေးထင်အသင့်ပြင်ထားသော ညကင်းလှည့်တပ်ဖွဲ့ဝင်များသည်လည်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ရင်း တိုက်ပွဲရလဒ်ကြောင့် အံ့သြလို့မဆုံးဆဲရှိသည်။

ထို့နောက်တွင် လီနန်ခယ့်သည် ဖောက်ထွင်းအမြင်အာရုံ အစွမ်းကုန်တော့မည်ကို အာရ့ုခံမိသဖြင့် လိန်ရှင်းနန်နှင့် ယုန်မလေးမုန့်တို့ကို တစ်ခေါက်စီအမြန်ကြည့်ကာ အချိန်တစ်စက္ကန့်မှ မဖြုန်းတီးချင်ဟန်ဖြင့် တခြားတစ်ယောက်ဆီ အကြည့်ပို့လိုက်သည်။

တော်ဝင်မင်းသမီးကြီးဆီကို ဖြစ်၏။

အကြည့်တစ်ချက်ဖြင့် လီနန်ခယ့် တောင့်ခဲသွားရသည်။

အဘယ်ကြောင့်ဆိုသော် မင်းသမီးကြီး၏ ချီပင်လယ်နေရာတွင် လက်မခန့်အရွယ်အစားရှိသော မိခင်သန်ကောင်ကြီးတစ်ကောင်အား လှမ်းမြင်လိုက်ရသောကြောင့်။

စေးကပ်သော သွေးရောင်ချည်မျှင်များစွာသည် ထိုမိခင်သန်ကောင်ကြီးဆီတွင် တွယ်ကပ်နေကြကာ ကျ န်အစွန်းတစ်ဖက်က မင်းသမီးကြီး၏ ခြေလက်များနှင့် အရိုးအဆစ်များဆီသို့ သွယ်တန်းချိတ်ဆက်ထားသည်။

အိမ်ကမိန်းမ ပြောပြခဲ့ဖူးတဲ့ ကူပိုးကောင်ဆိုတာ အဲ့ဒါကြီးလား။

လီနန်ခယ့်တစ်ယောက် အနီးကပ်သွားကြည့်ဖို့ ပြင်လိုက်ချိန်မှာပင် မိုးနီစွမ်းအင်ကုန်ဆုံးသွားကာ သူ့မျက်လုံးများလည်း ပုံမှန်အမြင်သို့ ပြန်လည်ရောက်ရှိသွားလေ၏။

စူးရှနာကျင်ခြင်းများကြောင့် သူ့မှာ မျက်လုံးများကို ခေတ္တမှေးပိတ်ထားလိုက်ရသည်။

လီနန်ခယ့်၏‌ ဖောက်ထွင်းအမြင်အာရုံနှင့် အကြည့်ခံလိုက်ရသော မင်းသမီးကြီးပိုင်ရူယွဲ့လည်း လှိုက်တက်လာသောအပူလှိုင်းကြောင့် မူးဝေသွားခဲ့ရ၏။

တစ်ကိုယ်လုံး အပူများဖြင့် လှိုက်တက်လာခြင်းပင်။

ရင်းနှီးနေသော လက္ခဏာများ ပေါ်ပေါက်လာကြပြန်သည်။

မင်းသမီးကြီးသည် ထိတ်လန့်သွားခြင်းနှင့်အတူ ဒေါသလည်းထွက်လာသဖြင့် အနားရှိသစ်ပင်တစ်ပင်ကို အပြေးမှီထားလိုက်ရ၏။

ဘာတွေဖြစ်နေတာလဲ၊ မနေ့ကမှရောဂါထထားတာလေ။ ပုံမှန်ဆို ဒီလောက်မြန်မြန်နဲ့ ပြန်မထတတ်ကြဘူးမဟုတ်လား။

ကံကောင်းထောက်မစွာပင် ရောဂါလက္ခဏာက ရုတ်ချည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။

လဲကျလုနီးပါးဖြစ်နေသော မင်းသမီးကြီးမှာလည်း ထိုအခါမှ သက်ပြင်းချနိုင်တော့၏။ နဖူးပင်ဖြူဖြူထက်သော ချွေးစေးတစ်လွှာ ဖုံးလွှမ်းလျက်။

"မင်းသမီး ဘာဖြစ်လို့ပါလဲ"

နံဘေးမှအမျိုးသမီးကိုယ်ရံတော်က မင်းသမီး၏မူမမှန်မှုကို သတိပြုမိကာ စိုးရိမ်တကြီးမေးလိုက်သည်။

"ရတယ် အဆင်ပြေတယ်"

ပိုင်ရူယွဲ့က ခေါင်းယမ်းပြလိုက်ပြီး သံသယစိတ်များကိုဖိနှိပ်ကာ အခြေအနေကို ဆက်လေ့လာဖို့လုပ်သည်။ ထိုစဥ်မှာပင် တစ်စုံတစ်ခုကိုသတိထားလိုက်မိဟန်ဖြင့် စကတ်စကို တင်းတင်းဖိချကာ မျက်နှာလှလှလေးလည်း နှင်းဆီရောင်သမ်းသွားလေတော့၏။

"ပြန်ကြမယ်"

ပိုင်ရူယွဲ့ ချက်ချင်းလှည့်ထွက်လာလိုက်တော့၏။

အမှန်တော့ အဆောင်တော်အမြန်ပြန်ပြီး အဝတ်အစားလဲဖို့ လိုနေသည်ပင်။ ဤစကတ်ကိုဆက်ဝတ်ထားလျှင် ပို၍ပင် မသက်မသာရှိချေတော့မည်။

မျက်လုံးအိမ်ထဲမှ စူးရှနာကျင်သော ခံစားချက်များ လျော့နည်းသွားပြီးနောက် လီနန်ခယ့်သည် ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားခဲ့သည်။ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နွေးထွေးနေဆဲဖြစ်သော အလောင်းပေါ်တွင် လက်ကိုတင်လိုက်သည်။

ထိုစဥ် စိမ်းသက်သောမှတ်ဉာဏ်အပိုင်းအစအချို့သည် သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာခဲ့ကြ၏။

မြင်ကွင်း ၁ -

တိတ်ဆိတ်လှသော လမ်းကြားတစ်ခုအတွင်း၌ မုန့်ချင်သည် သရဲမျက်နှာဖုံးဝတ်ဆင်ထားသော လူတစ်ဦးနှင့် စကားပြောနေခဲ့ပြီး ထိုလူ့ထံသို့ မိုးနီသေတ္တာတစ်လုံးကို ကမ်းပေးလိုက်သည်။

သရဲမျက်နှာဖုံးဝတ်ဆင်ထားသော ထိုလူသည် မိုးနီရေကို လှမ်းယူလိုက်စဉ်တွင် သူ၏ လက်ကောက်ဝတ်ပေါ်၌ ဘဲဥပုံစံ မှဲ့အမှတ်အသားတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

မြင်ကွင်း ၂ -

မုန့်ချင်သည် ယွမ်ဝမ်ချန်နှင့် ကျန်းမင်တို့ထံမှ လက်ပူးလက်ကြပ် ဖမ်းဆီးခံလိုက်ရပြီး မခံချိမခံသာဖြစ်စွာ အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။

မြင်ကွင်း ၃ -

မုန့်ချင်သည် အချုပ်အနှောင်မှ လွတ်မြောက်ထွက်ပြေးသွားခဲ့ပြီး နောက်ကလိုက်ပါလာသော ယွမ်ဝမ်ချန်နှင့် တိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရကာ တွင်းနက်ထဲသို့ ပြုတ်ကျသွားပြီးနောက် သူသည် ဘောင်းဘီနောက်ဘက်သို့လက်လှမ်းကာ စမ်းသပ်ရှာဖွေပြီးနောက် မိုးနီရေပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် တွင်းထဲသို့ ခုန်ဆင်းလာခဲ့သော ယွမ်ဝမ်ချန်ကို ချုံခိုတိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်လိုက်တော့လေသည်။

မြင်ကွင်း ၄ -

မိစ္ဆာအဖြစ် သန္ဓေပြောင်းလဲစပြုလာသော မုန့်ချင်သည် တစ်စုံတစ်ခုသောဆင့်ခေါ်မှုကို တုံ့ပြန်နေသည့်အလား ရှိနေခဲ့သည်။ သူသည် ဂူတစ်ခုထဲသို့ ပြေးဝင်သွားခဲ့ပြီး ထိုဂူအတွင်းရှိ တစ်စုံတစ်ခုက သူ့ကို ရန်စနေသည့်အလား တစ်ကောင်တည်း ရူးသွပ်စွာလှုပ်ရှားတိုက်ခိုက်နေခဲ့၏။

လီနန်ခယ့်သည် ဒီဂူကို အလွန်ပင်ရင်းနှီးလှပေသည်။

တိမ်တိုက်မြို့တော်မှလာသော မိစ္ဆာတစ်ကောင်သည်လည်း ထိုဂူထဲသို့ဝင်ရောက်ပြီးနောက် ရူးသွပ်သွားခဲ့ရခြင်းဖြစ်ကာ သူသယ်ဆောင်လာခဲ့သော မိုးနီရေကိုပင် ပစ်ချထားခဲ့သဖြင့် လီနန်ခယ့်ကောက်ယူသုံးစွဲနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်က ဂူထဲမှာထွက်လာစဥ်မှာပင် လီနန်ခယ့်သည်လည်း စိတ်အာရုံချောက်ချားမှုတစ်ခုကိုပင် ကြုံတွေ့ခဲ့ရဖူးသေးသည်။

သူသည် အနီရောင်သန်ကောင်တွင်းတစ်ခုအတွင်း၌ တရားထိုင်ကျင့်ကြံနေခဲ့သော အလွန်ပင်ထူးဆန်းလှသည့် သီလရှင်အိုကြီးတစ်ပါးကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

မှတ်ဉာဏ်အပိုင်းအစများထဲမှ မြင်ကွင်းများသည် ဤနေရာတွင်ပင် အဆုံးသတ်သွားခဲ့တော့၏။

မုန့်ချင်၏အလောင်းသည် ရုတ်ချည်းဆိုသလိုပင် ပုပ်ဆွေးကာ အသားများရိရွဲပုံကျလျက် အဖြူရောင်ပုလဲလုံးသုံးလုံးသည် ဖြည်းညှင်းစွာမျောလွင့်လာခဲ့ကာ လီနန်ခယ့်၏ရင်ဘတ်ထဲသို့ နစ်မြုပ်သွားခဲ့ရလေသည်။

ကြည့်ရသလောက် သူ့အစွမ်းက ရန်သူ၏ နောက်ဆုံးတစ်လအတွင်းကြုံခဲ့ရသော မှတ်ဉာဏ်များကိုသာ ပြတ်တောင်းပြတ်တောင်း ဖတ်ရှုနိုင်ပုံပင်။

တစ်ချိန်တည်းမှာပင် လီနန်ခယ့်သည် သူ၏လက်မောင်းပေါ်၌ စူးရှသောအပူလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။

မိစ္ဆာတက်တူးအသစ်တစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မကြည့်ဘဲဖြင့်ပင် သိနိုင်ပေသည်။

"နန်ခယ့်၊ ရှင်အဆင်ပြေရဲ့လား"

ထိုအမျိုးသား မိစ္ဆာအလောင်းကြီးနားထိုင်ကာ စိတ်လွင့်မျောနေသည်ကို တွေ့ရသဖြင့် လိန်ရှင်းနန်သည် အနားသို့တိုးကပ်လာပြီး စိုးရိမ်စိတ်ဖြင့်မေးမြန်းလိုက်သည်။

လီနန်ခယ့် သတိပြန်ဝင်လာခဲ့၏။ ထိုအမျိုးသမီး၏ စိုးရိမ်စိတ်များအပြည့်ဖြင့် ဆွဲဆောင်မှုရှိသည့်မျက်နှာလေးကို ကြည့်ရင်း သူမစိတ်အေးအောင် ရွှင်ရွှင်လန်းလန်း ပြုံးပြပေးလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ်၊ အခုလေးတင် ကျွန်တော် တော်တော်မိုက်သွားတာမဟုတ်ဘူးလား။ အစ်မလိန်ရော ကျွန်တော့်ကို အရမ်းခံ့ညားပြီးသန်မာတယ်လို့ မတွေးမိဘူးလား"

"ဂုဏ်ပကာသန မက်မောလိုက်တာနော်။"

ထိုအမျိုးသား၏ ကျီစယ်နောက်ပြောင်မှုက လိန်ရှင်းနန်၏နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများကို ပျောက်ကွယ်သွားစေခဲ့သည်။ သူမသည် လူကို မျက်လုံးလေးထောင့်ကပ်ကြည့်ကာ စိတ်ဆိုးဟန်ဖြင့် တုံ့ပြန်လိုက်သည်။

"ဒီမိစ္ဆာက အပြည့်အဝ သန္ဓေမပြောင်းလဲသေးတာရယ်၊ ဒဏ်ရာပြင်းပြင်းရထားတာရယ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် သာမန်သေနတ်တစ်လက်က သူ့အသားကို ဘယ်လိုလုပ်ပြီးဖောက်ဝင်နိုင်ပါ့မလဲ"

"ဟုတ်ကဲ့ပါဗျာ၊ ခင်ဗျားကတော့ အသန်မာဆုံးပါပဲ။"

လီနန်ခယ့်က ရယ်မောစနောက်လိုက်သည်။

လိန်ရှင်းနန်၏ မျက်နှာလှလှလေး နီမြန်းသွားခဲ့ရ၏။ ထို့နောက် သူမ၏အကြည့်သည် ကျန်းမင်နှင့် ယွမ်ဝမ်ချန်တို့ထံသို့ ရွှေ့ပြောင်းသွားခဲ့ပြီး မျက်နှာမှာ ညို့မှိုင်းသွားပြန်လေသည်။

မိစ္ဆာများကို သတ်ဖြတ်ခြင်းသည် လူတို့၏ခံစားချက်အရှုပ်အထွေးများကို ဖြည်ထုတ်ရသလောက် မခက်ခဲလှဟန်ပင်။

စာရေးသူမှတ်စု - မင်းသမီးကြီးရဲ့ ဝမ်းဗိုက်ထဲကကူပိုးကောင်ဟာ မိုးနီကမ္ဘာနဲ့ ခွဲထုတ်လို့မရအောင် ဆက်နွယ်နေတာကြောင့် မိုးနီကမ္ဘာ၏ ရွေးချယ်ခံလူသားဖြစ်တဲ့ လီနန်ခယ့်ရှေ့မှာ ရောဂါလက္ခဏာတွေ မထိန်းနိုင်အောင်ပြင်းထန်ထကြွလာတတ်တာ ဖြစ်ပါတယ်။ ခုခံတွန်းလှန်လို့မရတဲ့ စွဲလမ်းမှုဖြစ်ပြီး လီနန်ခယ့်အနားမှာနေလေ ရောဂါပိုထလေပဲဖြစ်မှာပါ။

All Chapters