← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

183 သူ့ကိုမယုံနဲ့

ထိုအချိန်တွင် သင်္ချိုင်းလူသားယွမ်ဝမ်ချန်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်၏။

သူသည် တည်ငြိမ်စွာဖြင့်ပင် မြေပြင်ပေါ်ရှိ မိစ္ဆာကောင်၏ ပုံပျက်ပုပ်ပွနေသော အသားပုံကိုလည်းကောင်း၊ သူ့ကို သနားကရုဏာစိတ်ရော သံသယစိတ်ပါရောပြွမ်းကာ ဝိုင်းကြည့်နေကြသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်းကောင်း၊ နောက်ဆုံးနှုတ်ဆက်ခြင်းအလား ကောင်းကင်ထက်တွင် ဖြည်းညှင်းစွာ ကွဲလွင့်ပျက်ပြယ်သွားသော တိမ်တိုက်များကိုလည်းကောင်း ငေးမောစိုက်ကြည့်နေမိတော့သည်။

နောက်ဆုံးတွင်တော့ သူ၏အကြည့်သည် ငိုကြွေးနေဆဲဖြစ်သည့် ကျန်းမင်ထံသို့ ကျရောက်သွားခဲ့၏။

ယွမ်ဝမ်ချန်က ပြုံးပြလိုက်ရင်း ဆိုသည်။

"ညီမလေး အစ်ကို့ကိုကယ်ဖို့အတွက်နဲ့တော့ မင်းအသက်မစွန့်သင့်ဘူးလေ၊ မင်းပဲဒုက္ခရောက်မှာမဟုတ်လား"

"စီနီယာအစ်ကို"

ကျန်းမင်သည် ထိုသူရှိရာသို့ပြေးဝင်လာကာ ထိုအမျိုးသားကို တင်းကျပ်စွာဖက်ထားလိုက်ပြီး မျက်ရည်များသည် ဆည်ကျိုးသကဲ့သို့ ဒလဟောစီးကျလာခဲ့တော့၏။

ထိုအမျိုးသမီး၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း ယွမ်ဝမ်ချန်သည်လည်း သူအချစ်ဆုံးသောအမျိုးသမီးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာထည့်ဖက်ထားလိုက်ပြီး တိုးတိုးလေးဆိုလိုက်မိသည်။

"ဒါတွေအားလုံးက အိပ်မက်ဆိုးတစ်ခုပဲဖြစ်နေရင် တကယ်ကောင်းမှာပဲနော်

ဤသည်မှာ သူ့ဘဝတွင် ထိုအမျိုးသမီးကို ပထမဆုံးအကြိမ်ဖက်ပွေ့ဖူးခြင်းဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ပေလိမ့်မည်။

တမ်းတလွမ်းဆွတ်ခြင်းနှင့် နောင်တများသာပြည့်နေသည့် ဘဝဇာတ်သိမ်းတစ်ခုသာပင်။ အခွင့်အလမ်းကောင်းများစွာကိုလည်း လက်လွှတ်ခဲ့ရသလို လွဲချော်မှုများစွာလည်းရှိခဲ့၏။ သို့တိုင် မပြည့်စုံခြင်းမှာလည်း ပြည့်စုံခြင်းတစ်မျိုးသာမဟုတ်လော။

လိန်ရှင်းနန်က အခြားသူများကို လက်နက်များချရန်နှင့် အခင်းဖြစ်ပွားရာနေရာကို စတင်ရှင်းလင်းရန် အချက်ပြလိုက်ပြီး သေခြင်းရှင်ခြင်းကြား ခွဲခွာရန်မှတစ်ပါးမရှိတော့သော ထိုချစ်သူနှစ်ဦးကို လွှတ်ထားလိုက်တော့သည်။ ယွမ်ဝမ်ချန်သည် သူ၏ကိုယ်ပိုင်ရွေးချယ်မှုကို ဘယ်လိုဆုံးဖြတ်လိမ့်မလဲဆိုတာ သူမသိသည်ပင်။

"စီနီယာအစ်ကို ကျွန်မတောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါ။ ကျွန်မသာ အချိန်မီဝင်တားနိုင်ခဲ့ရင် အစ်ကိုသေရမှာမဟုတ်ဘူး။ ကျွန်မ တကယ်နောင်တရတယ်"

ကျန်းမင်က ရှိုက်ကြီးတငင်ငိုကြွေးရင်း နုနယ်သောလက်နှစ်ဖက်ဖြင့် ထိုအမျိုးသား၏အင်္ကျီကို လွှတ်မပေးနိုင်တော့သကဲ့သို့ တင်းကျပ်စွာဆုပ်ကိုင်လျက် နောင်တများစွာဖြင့် လေးနင့်နေခဲ့သည်။

သို့ပေသည့် ပို၍နောင်တရစရာတစ်ခုက သူမ၏ရင်တွင်းခံစားချက်တွေကို စောစောစီးစီး ဖွင့်မပြောခဲ့မိခြင်းဖြစ်သည်။ သူမသာ ဒီ့ထက်ပိုပြီး ပွင့်ပွင့်လင်းလင်းရှိခဲ့လျှင် သူတို့နှစ်ဦးစလုံး ခံစားချက်တွေကိုဖိနှိပ်ကာ ဤမျှအချိန်ကြန့်ကြာနေခဲ့မည်မဟုတ်။

"ဒါမင်းအပြစ်မဟုတ်ပါဘူး။ ကံကြမ္မာစီမံရာပါပဲ"

ယွမ်ဝမ်ချန်က အရာအားလုံးကို အသာတကြည်လက်ခံလိုက်ပြီဖြစ်ကာ အမျိုးသမီး၏မျက်နှာပေါ်မှ မျက်ရည်များကို အသာအယာသုတ်ပေးရင်း အပြုံးဖြင့်ဆိုလေသည်။

"မငိုပါနဲ့နဲ့တော့။ အနည်းဆုံးတော့ အစ်ကို့မှာ မင်းကို ချစ်တယ်လို့ပြောခွင့်ရခဲ့ပြီး မင်းကို အစ်ကို့ဇနီးအဖြစ်လက်ထပ်ယူချင်တယ်လို့ ပြောခွင့်ရခဲ့သေးတာပဲလေ"

သူတို့နှစ်ဦးစလုံး အပြန်အလှန်သဘောကျခဲ့ကြသော်လည်း မည်သူကမျှ အရင်ဆုံးဖွင့်မပြောခဲ့ကြချေ။

"အစ်ကို့အတွက် ဆက်ပြီးအသက်ရှင်ပေးမယ်လို့ ကတိပေးပါ၊ ဟုတ်ပြီလား"

ယွမ်ဝမ်ချန်က တိုးတိုးလေးဆိုလိုက်သည်။

ကျန်းမင်ကခေါင်းခါပြလိုက်ပြီး သူမ၏ခန္ဓာကိုယ်သည် ရှိုက်သံများနှင့်အတူ တုန်ယင်နေခဲ့၏။

"ကတိပေးစမ်းပါ။"

ယွမ်ဝမ်ချန်က ရုတ်တရက်အသံမြှင့်လိုက်ပြီး အမျိုးသမီး၏ပုခုံးကို တင်းကျပ်စွာဆုပ်ကိုင်ကာ မျက်ရည်များရစ်ဝိုင်းနေသည့် သူမ၏ မျက်ဝန်းအစုံကို တည့်တည့်စိုက်ကြည့်ရင်း ဆိုသည်။

"မင်အာ အစ်ကို့အရှေ့မှာတင် အခုကတိပေးစမ်းပါ၊ မင်း ဆက်ပြီးအသက်ရှင်ပေးမှာလား။ အစ်ကိုတောင်းဆိုပါတယ်"

"စီနီယာအစ်ကို"

"ကတိပေးပါ၊ မဟုတ်ရင် အစ်ကိုသေရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်မှာမဟုတ်ဘူး။ မင်းရဲ့ မိသားစုအတွက်ပဲဖြစ်ဖြစ် အသက်ဆက်ရှင်ပေးပါ"

ထိုအမျိုးသမီး၏ မျက်နှာတပြင်လုံးမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ကမ္ဘာတစ်ခုလုံးပြိုလဲသွားသကဲ့သို့ အသိစိတ်ကင်းမဲ့စွာဖြင့် ခေါင်းကိုခါရမ်းနေမိသည်။

"ပြီးတော့ အစ်ကိုမရှိတော့တဲ့နောက် အစ်ကို့မိဘတွေနဲ့ညီမလေးကို ကူညီပြီး စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်၊ ဟုတ်ပြီလား။ ဒါ အစ်ကိုမင်းကို နောက်ဆုံးအကြိမ်တောင်းဆိုနေတာပါ။ မင်းဒါကိုလက်ခံမှ အစ်ကိုစိတ်အေးလက်အေးထွက်သွားနိုင်မှာ"

ဒီတစ်ကြိမ်တွင်တော့ ထိုအမျိုးသမီးသည် ခေါင်းမခါတော့ချေ။ သူမသည် နှုတ်ခမ်းကို ပြင်းစွာဖိကိုက်ထားလိုက်ပြီး သေခါနီး စီနီယာအစ်ကို၏ နောက်ဆုံးသောတောင်းဆိုချက်ကို ရင်ဝယ်ပွေ့ပိုက်ရင်း အသာအယာ ခေါင်းညိတ်ပြလိုက်တော့သည်။

"ကျွန်မ သူတို့ကို မိသားစုနဲ့မခြားစောင့်ရှောက်ပါ့မယ်၊ ခင်ပွန်းရဲ့မိသားစုဟာ ကျွန်မရဲ့မိသားစုပဲပေါ့"

ယွမ်ဝမ်ချန်မှာ ဝေခွဲမရကာ နာကျင်ခံစားနေရသည့် မျက်နှာအမူအရာဖြင့် တိုးဖျော့ညင်သာစွာ ဆိုလိုက်သည်။

"တစ်နေ့ မင်းသဘောကျတဲ့သူတွေ့ရင် သူ့ကိုလက်ထပ်လိုက်ပါ။ ဒီလောကမှာ ယောကျ်ားကောင်းတွေ အများကြီးရှိပါတယ်၊ တစ်နေ့ကျရင် မင်း စီနီယာအစ်ကိုထက်ပိုကောင်းတဲ့သူ၊ မင်းကို ပိုပြီးတန်ဖိုးထားမယ့်သူနဲ့ တွေ့ရမှာပါ။ ညကင်းလှည့်ဌာနမှာ ဆက်မနေချင်ရင်လည်း မနေပါနဲ့တော့။ မင်းအဲဒီနေရာကို ဘယ်တုန်းကမှသဘောမကျခဲ့ဘူးဆိုတာ အစ်ကိုသိပါတယ်၊ အစ်ကို့အတွက်ကြောင့်ပဲ နေခဲ့တာကိုး"

ယွမ်ဝမ်ချန်က သူ၏ နောက်ဆုံးမှာကြားချက်များကို အရှည်ကြီးပြောကြားခဲ့သည်။ အမျိုးသမီးမှာ ပို၍ပြင်းထန်စွာပင် ငိုကြွေးလာခဲ့ကာ မိုးစက်ရေကဲ့သို့ အဆက်မပြတ်စီးကျလာသောမျက်ရည်များက အင်္ကျီရင်ဘတ်ကိုပင် စိုစွတ်စေခဲ့၏။

ပတ်ဝန်းကျင်ရှိ အဖွဲ့သားများသည်လည်း ထပ်တူဝမ်းနည်းပူဆွေးမိကြရသည်။

လိန်ရှင်းနန်သည် သစ်ပင်တစ်ပင်ကိုမီကာ တိတ်ဆိတ်စွာရပ်နေခဲ့ပြီး ငေးမောနေခဲ့မိ၏။ လီနန်ခယ့်က သူမအနားသို့ လျှောက်လှမ်းသွားပြီး လက်ကို အသာလှမ်းဆုပ်လိုက်သည်။

အမျိုးသမီးသည် ဆတ်ခနဲဖြစ်ကာ လက်ကိုပြန်ရုပ်ရန် ပြင်လိုက်သော်လည်း ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိတော့ မည်သူကမျှ အာရုံမစိုက်သည်ကို တွေ့ရသဖြင့် နှုတ်ခမ်းကိုအသာကိုက်ကာ ဆက်မရုန်းလာတော့ချေ။

"ကျွန်မ ဒီလိုမြင်ကွင်းမျိုးတွေကို အများကြီးမြင်ဖူးပါတယ်"

လိန်ရှင်းနန်သည် မိုးကုတ်စက်ဝိုင်းရှိ တိမ်တိုက်များကို ငေးမောနေခဲ့ပြီး ဝမ်းနည်းမှုအပြည့်ဖြင့် ဆို၏။

"တချို့အဖြစ်တွေဆို အတော်ကြာတဲ့အထိ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ စွဲထင်နေတုန်းပဲ၊ တချို့ကတော့ ဝေဝါးသွားခဲ့ပြီ။ နောင်တစ်ချိန်မှာ ဒီလိုအဖြစ်မျိုးကို ဘယ်နှကြိမ်ထပ်မြင်ရဦးမလဲဆိုတာလည်း ကျွန်မမသိဘူး"

ထိုအမျိုးသမီး၏ နုနယ်အေးမြသော လက်ကလေးကို ဆုပ်ကိုင်ထားရင်း လီနန်ခယ့်က တည်ငြိမ်စွာနှစ်သိမ့်လိုက်သည်။

"သေရေးရှင်ရေးနဲ့ ခွဲခွာပူဆွေးနေရတာတွေက နေ့တိုင်းဖြစ်ပျက်နေတာပဲဗျာ၊ တချို့အရာတွေက ရုတ်တရတ်ဆန်လွန်းသွားလို့ လက်ခံရပိုခက်ခဲသွားတာပဲ ရှိတာပါ"

ထိုအမျိုးသား၏ အေးစက်ပြတ်သားလှသည်ဟု ထင်ရသော စကားလုံးများသည် လိန်ရှင်းနန်အတွက်တော့ သွေးအေးရက်စက်သည်ဟု မခံစားရဘဲ အရာအားလုံးကို ထိုးထွင်းသိမြင် တွေ့ကြုံပြီးသွားသော ရင့်ကျက်သူတစ်ဦးအလား ခံစားရစေသည်။ ထိုသူသည် သေခြင်းတရားကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး နောက်တစ်ဖန်သောရှင်သန်မှုကို တည်ငြိမ်မှုအပြည့်ဖြင့် ရင်ဆိုင်နေသည့်အလား။

"ရှင်နဲ့ ရှင့်ဇနီးရော တစ်နေ့ကျရင် ဒီလိုအဆုံးသတ်နဲ့ကြုံရမှာလား"

ထိုစကားလုံးများ လွှတ်ခနဲထွက်သွားမိပြီး လိန်ရှင်းနန်သည် နိမိတ်မကောင်းသောသူ့ပါးစပ်သူ ပြန်လည်ရိုက်ပုတ်လိုက်မိပြီး တောင်းပန်လိုက်သည်။

"စိတ်မရှိပါနဲ့၊ ကျွန်မ အဲဒီလိုရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး"

"ကြုံရမှာပေါ့ဗျာ"

လီနန်ခယ့်က အေးဆေးသက်သာစွာပင် ပြုံးလိုက်သည်။

"သူနဲ့ကျွန်တော်လည်း အချိန်နဲ့အတူ အိုမင်းရင့်ရော်လာကြမှာပဲ။ တစ်နေ့ကျရင် ကျွန်တော်တို့ လင်မယားအိုကြီးနှစ်ယောက်လည်း သေခြင်းရဲ့ခွဲခွာမှုကို ရင်ဆိုင်ရဦးမှာပဲ၊ ဒါပေမဲ့ အဲဒီအချိန်ကျရင် ကျွန်တော်တို့တွေ သူတို့လိုမျိုး သည်းသည်းထန်ထန်ငိုကြွေးနေကြမှာမဟုတ်ဘူးလို့ ထင်တယ်"

ထိုအမျိုးသား၏ လက်တွေ့ကျသောစကားလုံးများက လိန်ရှင်းနန်ကို မှင်တက်သွားစေခဲ့သည်။ သေခြင်း၏ခွဲခွာမှုသည်ပင် ထိုသူ၏နှုတ်ဖျားတွင် ကြည်နူးဆွတ်ပျံ့ဖွယ်အ‌ငွေ့အသက်တစ်ခုကို သယ်ဆောင်ထားခဲ့ပြီး သူမကိုပင် သေအတူရှင်မကွာလက်တွဲဖော်တစ်ယောက် တမ်းတမိစေသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးသည် သူမ၏ နှလုံးသားထဲ၌ နက်ရှိုင်းသောလေးလံမှုကို ခံစားလိုက်ရ၏။ အသိစိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးသောတစ်နေရာမှ တစ်စုံတစ်ခုကိုဆုတ်ဖြဲခံလိုက်ရသလို ခံစားချက်သည် လှိုက်တက်လာခဲ့ပြီး ထိုအရာကို ဘယ်လိုပင်ထိန်းချုပ်သော်ငြား ပြန်လည်လျော့ပါးမသွားခဲ့။

လီနန်ခယ့်နှင့် လော့ချန်းချိုးတို့ အတူအိုမင်းရင့်ရော်သွားပြီး သေဆုံးခြင်းဖြင့် ခွဲခွာရမည့်နေ့ရက်ကို စိတ်ကူးကြည့်မိရုံမျှဖြင့် သူမ၏ရင်ဘတ်ထဲ အကြောင်းမဲ့စွာ အသက်ရှူရခက်ခဲလောက်အောင် လေးလံသွားခဲ့ရတော့သည်။

"တကယ်တော့ ကျွန်တော့်ရဲ့ အကြီးမားဆုံးဆန္ဒက ဇနီးနှစ်ယောက်ရအောင်ယူဖို့ပါ။"

အမျိုးသားက ဆိုင်းမဆင့်ဗုံမဆင့် ထပြောလေသည်။

မှေးမှိန်နင့်သည်းသော ခံစားချက်များထဲတွင် နစ်မြုပ်နေသည့် လိန်ရှင်းနန်မှာ အံ့အားသင့်သွားခဲ့ရ၏။ ထိုအမျိုးသား၏ စိတ်ပိုင်းဖြတ်ထားသလို တောက်ပသောမျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသောအခါ သူ၏စကားလုံးများထဲတွင် တစ်စုံတစ်ခုသောအဓိပ္ပာယ် ပါဝင်နေသကဲ့သို့ သူမခံစားလိုက်ရသည်။ နှလုံးခုန်သံသည်လည်း အကြောင်းပြချက်မရှိဘဲ ပြင်းစွာ ဆူညံခုန်လှုပ်လာခဲ့တော့၏။

လိန်ရှင်းနန်၏မျက်နှာလေး နီမြန်းသွားခဲ့ပြီး အကြည့်ကိုအောက်ချကာ ကောက်ကြောင်းလှလှခန္ဓာကိုယ့်ကို နောက်သို့အသာရို့လိုက်ပြီး သူ၏ ရွှန်းရွှန်းစားစားအကြည့်ကို ရှောင်ရှားရန်ကြိုးစားလိုက်သည်။ သို့ပေမဲ့ နောက်ဘက်တွင် သစ်ပင်ကြီးတစ်ခုရှိနေသောကြောင့် ပင်စည်တွင်သာ ကျောကပ်သွားမိတော့၏။

အမျိုးသမီးသည် ကျန်ကောင်းကျန်ရာ အသိစိတ်တချို့ကို ထိန်းသိမ်းနိုင်ခဲ့ပြီး စိတ်ကိုတည်ငြိမ်အောင် ပြန်ဆုံးမလိုက်သည်။ ထို့နောက် တည်ကြည်သောအမူအရာဖြင့်ဆို၏။

"ရှင်ဖောက်ပြန်လို့မရဘူးနော်။ ညီမလေးလော့လို ဇနီးကောင်းအပေါ် မရိုးမဖြောင့်မဆက်ဆံပါနဲ့။ ရှင်သာသူ့ကိုသစ္စာဖောက်ရင် ကျွန်မလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး။ ရှင့်ကိုကျွန်မသေချာစောင့်ကြည့်နေမှာ"

ထိုသို့ပြောကြားပြီးနောက် အမျိုးသမီးသည် သူမ၏လက်ကိုရုန်းကာ ပျာပျာသလဲ ထွက်ခွာသွားလေတော့၏။

အချိန်အတော်ကြာပြီးနောက် ကြွင်းကျန်သမျှ ရင်တွင်းခံစားချက်များကို သေသေချာချာဖွင့်ဟပြီးနောက်တွင် ယွမ်ဝမ်ချန်သည် မျက်ရည်ပင်လယ်စီးအောင် ငိုကြွေးနေဆဲဖြစ်သည့် ရင်ခွင်ထဲမှအမျိုးသမီးကို အသာအယာတွန်းထုတ်လိုက်ပြီး သူမ၏ခါးဆီမှ ဓားပျော့ကို လှမ်းယူလိုက်သည်။

"ညီမလေး ကျောခိုင်းလိုက်စမ်းပါ"

ကျန်းမင်က ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့ပြီး မလှုပ်ရှားခဲ့ချေ။

"အစ်ကိုသေဆုံးသွားတဲ့ပုံစံကို မင်းကိုတော့ မမြင်စေချင်ဘူး၊ အနည်းဆုံး အဲ့ဒီစိတ်ဒုက္ခတစ်ခုတော့ မပေးခဲ့ချင်ဘူးလေ"

ယွမ်ဝမ်ချန်က အမျိုးသမီး၏ နုနယ်နီရဲသော နှာခေါင်းလေးကို အသာအယာတောက်လိုက်သည်။

"လိမ္မာပါတယ်၊ ညီမလေးက စကားနားထောင်တတ်တာပဲဥစ္စာ"

အမျိုးသမီးသည် မျက်ရည်များကြားမှ နာကျင်စွာပြုံးပြလိုက်ပြီး အမျိုးသား၏ မျက်ခုံးနှင့် မျက်လုံးနားလေးတဝိုက် ကြင်နာစွာပွတ်သပ်ကာ ရီဝေစွာငေးမောနေခဲ့သည်။ ချစ်ရသူ၏မျက်နှာသွင်ပြင်ကို ထာဝရမှတ်မိနေစေဖို့ အလွတ်ကျက်နေသည့်အလား။ အချိန်အတော်ကြာပြီးနောက်တွင် သူမသည် နီမြန်းနေသောမျက်ဝန်းများဖြင့် အနောက်သို့လှည့်လိုက်တော့သည်။

"စီနီယာအစ်ကို နောက်ဘဝကျရင်လည်း ကျွန်မ ရှင့်ဇနီးလေးပဲ ဖြစ်ပေးဦးမှာပါ"

တိုးညင်းသောကတိပေးသံမှာ အလွန်ပင် ပြတ်သားခိုင်မာလှ၏။

"ဟုတ်ပါပြီ။"

ယွမ်ဝမ်ချန်ကပြုံးလိုက်ပြီး အခြားသူများကို လှည့်ပတ်ကြည့်ရှုကာ ဆိုလိုက်သည်။

"အားလုံးပဲ ကျွန်တော် ခင်ဗျားတို့နဲ့အတူ မိစ္ဆာအမဲလိုက်ခွင့်ရခဲ့တာ အရမ်းဝမ်းသာပါတယ်၊ အကူအညီပေးမယ့်အစား ဝန်ထုပ်ဝန်ပိုးသာ ပိုဖြစ်ခဲ့ရတယ်ဆိုပေမဲ့ပေါ့။ ကျေးဇူးပြုပြီး ကျွန်တော့်ညီမလေးကို ကူညီစောင့်ရှောက်ပေးကြပါဦး"

"စိတ်ချပါ၊ သူညကင်းလှည့်ဌာနမှာရှိနေသရွေ့ ကျွန်မသူ့ကို သေသေချာချာ စောင့်ရှောက်ပေးပါ့မယ်။"

လိန်ရှင်းနန်က လျှောက်လှမ်းလာပြီး ကတိပေးလိုက်သည်။

ယွမ်ဝမ်ချန်က ကျေးဇူးတင်သောအမူအရာကို ပြသလိုက်ပြီး လီနန်ခယ့်ကို လှမ်းကြည့်လိုက်သည်။

"နှမြောစရာပဲဗျာ၊ ကျွန်တော်ကနောက်ကျရင် ခင်ဗျားနဲ့သူငယ်ချင်းဖြစ်ပြီး မိုးနီအမှုတွဲတွေ အများကြီးပိုဖြေရှင်းနိုင်မယ်ထင်ခဲ့တာ။ အခုတော့ အခွင့်အရေးမရှိတော့ပုံပဲ"

"တစ်နေ့ကျရင် ကျွန်တော်တို့ပြန်တွေ့ကြမှာပါ"

ထိုစဥ် မိုးနီရေကမ္ဘာအတွင်း၌ သင်္ချိုင်းလူသားများမှ ပြောင်းလဲသွားခဲ့သော သတ္တဝါဆန်းများကို သတိရမိရင်း လီနန်ခယ့် စိတ်ရှုပ်ထွေးသွားဟန်ပေါ်ကာ ထပ်ဆိုလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ဖြစ်နိုင်ရင်ပြန်မတွေ့ချင်ပါဘူး။ ခင်ဗျားဇနီးကိုလည်း စောင့်ရှောက်မပေးနိုင်ဘူးနော်"

"ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးလက်အေးသွားနိုင်ပါပြီ။"

ယွမ်ဝမ်ချန်သည် ရှေ့ပိုင်းစကားများကို နားမလည်ခဲ့သော်လည်း နောက်ဆုံးပြက်လုံးက သူ၏ လေးလံနေသော စိတ်ခံစားချက်များကို လျော့ပါးသွားစေခဲ့သဖြင့် ကျယ်လောင်စွာရယ်မောလိုက်တော့သည်။

အခြားသူများသည်လည်း လိုက်လံရယ်မောလိုက်ကြပြီး ခွဲခွာခြင်း၏ ဝမ်းနည်းဖွယ်အငွေ့အသက်ကို အတော်အတန် လျော့ပါးသွားစေခဲ့သည်။

ယွမ်ဝမ်ချန်သည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး လက်ထဲရှိဓားကို ငုံ့ကြည့်ကာ တိုးတိုးလေးဆိုလိုက်မိသည်။

"ကျွန်တော် ညကင်းလှည့်ဌာနကိုဝင်ခဲ့တဲ့ရည်ရွယ်ချက်က ဂျူနီယာညီလေးချင်အတွက် ကလဲ့စားချေဖို့ပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ မိုးနီရေကြောင့် ထိခိုက်ဒဏ်ရာရနေကြတဲ့ အပြစ်မဲ့ပြည်သူတွေ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေကို အများကြီးမြင်ခဲ့ရတယ်။ ကျွန်တော်တွေးခဲ့မိတယ်။ ကျွန်တော်ရှိနေလို့ မိစ္ဆာတစ်ကောင်ကို ပိုသတ်နိုင်မယ်ဆိုရင်၊ သင်္ချိုင်းလူသားတစ်ကောင် အိပ်မက်ဆိုးတစ်ခုလောက်ကို ပိုပြီးရှင်းလင်းနိုင်မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေအများကြီးကို ကယ်တင်နိုင်လိမ့်မယ်လို့။ တစ်နေ့ကျရင် ဒီလောကမှာ မိုးနီရေတွေအလုံးစုံကင်းစင်ပြီး ပြည်သူတွေ ကြောက်ရွံ့မှုကင်းကင်းနဲ့ နေထိုင်နိုင်ကြဖို့ မျှော်လင့်ခဲ့မိတယ်။ ညီမလေးက ကျွန်တော့်ကို ကယ်တင်ရှင်ကြီးလုပ်ချင်နေတယ်လို့ အမြဲတမ်း ညည်းညူလေ့ရှိတယ်။ ကျွန်တော် ကယ်တင်ရှင်ကြီးမလုပ်ချင်ပါဘူး၊ ဒီလောကကြီးကို နည်းနည်းလောက်ဖြစ်ဖြစ် ပိုပြီးကောင်းမွန်စေချင်ခဲ့တာပါ"

"အရာရှိလိန် ခင်ဗျား‌ဘယ်လိုထင်လဲ၊ ဒီလောကကြီးက အရင်လိုအခြေအနေမျိုးကို ပြန်ရောက်နိုင်ပါ့မလား"

ယွမ်ဝမ်ချန်သည် လိန်ရှင်းနန်ကို လှမ်းကြည့်လိုက်ရာ သူ၏ ကြယ်တာရာကဲ့သို့တောက်ပသော မျက်ဝန်းများထဲတွင် အနာဂတ်အတွက် တမ်းတမျှော်လင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ပြန်ရောက်မှာပါ။"

လိန်ရှင်းနန်က လက်သီးကိုတင်းတင်းဆုပ်ကာ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပါသော်လည်း နှုတ်မှ တင်းတင်းပြတ်ပြတ်ဖြေလိုက်မိသည်။

"ပိုပြီးစောစောရောက်လာဖို့ မျှော်လင့်ပါတယ်"

ယွမ်ဝမ်ချန်က ရယ်မောလိုက်ပြီး မိမိကိုယ်ကို လှောင်ပြောင်လိုက်သည်။

"ကျွန်တော် မိုးနီရေကို အသက်ထက်ဆုံးမုန်းတီးခဲ့တယ်၊ ဒါပေမဲ့ မိုးနီရေကပဲ ကျွန်တော့်ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဘယ်လောက်ရယ်ချင်စရာကောင်းလိုက်လဲ။ အရာရှိလိန် ခင်ဗျားရဲ့အစ်ကိုပြောခဲ့တာ မှန်လိမ့်မယ်ထင်တယ်၊ ဒီလောကမှာ ကြောက်စရာအကောင်းဆုံးအရာက မိုးနီရေမဟုတ်ဘဲ လူတွေရဲ့စိတ်နှလုံးသားပဲ"

လိန်ရှင်းနန်၏ မျက်တောင်လေးများ တဖျတ်ဖျတ်တုန်ယင်သွားခဲ့ပြီး ဘာတစ်ခုမှပြန်မပြောဖြစ်ခဲ့။ သူမကိုယ်တိုင်လည်း အစ်ကိုဖြစ်သူကိုသဘောမကျပေသည့် သူ့အတွေးအခေါ်များမှန်ကြောင်း တစ်ခါတလေလက်ခံမိပါသည်။

ယွမ်ဝမ်ချန်သည် ဓားဦးချွန်ကို ရင်ဘတ်တွင်ဖိကပ်လိုက်ပြီး တိုးတိုးလေးဆိုလိုက်သည်။

"သေခြင်းတရားက ဘယ်လိုခံစားချက်မျိုးလဲဆိုတာ အကြိမ်ကြိမ် စိတ်ကူးကြည့်ဖူးတယ်။ အခုတော့ ကျွန်တော်အဲဒါကို လက်တွေ့အဖြစ် ဖြည်းဖြည်းချင်းခံစားကြည့်နိုင်ပြီ"

ထိုသို့ပြောကြားရင်း သူသည် ဓားဦးကို သူ၏နှလုံးသားထဲသို့ ဖြည်းညှင်းစွာထိုးသွင်းလိုက်သည်။ လှုပ်ရှားမှုက နှေးကွေးသော်လည်း မည်သည့်တုံ့ဆိုင်းမှုမျှ မရှိခဲ့ချေ။

အနီရောင်မြူခိုးစက်များသည် ယွမ်ဝမ်ချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး သူ၏ အရေပြားပေါ်တွင် ကွဲအက်တော့မည့် ဖန်ခွက်တစ်လုံးအလား အက်ကြောင်းများစွာ ဖုံးလွှမ်းသွားခဲ့ရကာ မျက်ဆန်များသည်လည်း ထိုနည်းတူ ကွဲအက်လာခဲ့ကြသည်။

ယွမ်ဝမ်ချန်သည် သေခြင်းတရားကို အပြည့်အဝခံစားရင်း ဖြည်းညှင်းစွာလဲကျသွားခဲ့၏။

ထိုအချိန်တွင် သူသည် ရုတ်တရက် မျက်လုံးများကိုပြူးကျယ်လိုက်ပြီး ကြောက်မက်ဖွယ်အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား အသွင်ရှိလေသည်။ သူ၏ ပျက်စီးလွင့်ပျယ်နေပြီဖြစ်သော ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ယင်လာခဲ့ပြီး အကြောက်တရားများက ကြီးစွာဖုံးလွှမ်းလာခဲ့သည်။ သူ၏ အက်ကွဲနေသောမျက်ဆံများ တည့်တည့်စိုက်ကြည့်နေသောနေ‌ရာမှာ တခြားမဟုတ်ဘဲ လီနန်ခယ့်ကိုယ်တိုင်ပင်။

"ဘာဖြစ်လို့လဲ"

ယွမ်ဝမ်ချန်၏ ပုံမှန်မဟုတ်သော အခြေအနေကြောင့် လူတိုင်း အလန့်တကြားဖြစ်သွားရသည်။

"စီနီယာအစ်ကို"

ကျန်းမင်ကလှည့်လာပြီး ပျက်စီးပျောက်ကွယ်တော့မည့် ယွမ်ဝမ်ချန်၏ခန္ဓာကိုယ်ကို ပြေးဝင်ဖက်ကာ ကျယ်လောင်စွာငိုကြွေးတော့သည်။

"မ မ မလုပ်နဲ့"

ယွမ်ဝမ်ချန်က တဆတ်ဆတ်တုန်ယင်နေခဲ့ပြီး တစ်စုံတစ်ခုကိုထုတ်ပြောချင်သည့်အလား သူ၏လက်ကိုဆန့်ထုတ်လိုက်ကာ စကားလုံးတို့ကို ပျက်စီးနေပြီဖြစ်သောလည်ချောင်းထဲမှ ဇွတ်အတင်းညှစ်ထုတ်နေခဲ့၏။

"ညီအစ်ကိုယွမ်" လီနန်ခယ့်က ရှေ့သို့လှမ်းကာ ထိုသူ၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

"သူ့ကို မ...ယုံ...နဲ့"

ယွမ်ဝမ်ချန်၏ ပျက်စီးနေသောမျက်လုံးကျယ်များထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး လက်တစ်ဖက်က လီနန်ခယ့်ဆီသို့ အနိုင်နိုင်ညွှန်ပြနေခဲ့၏။

All Chapters