အခန်း ၁၈၆
Vol. 19 Ch. 186
186 မိုးနီကမ္ဘာထဲမှ အမျိုးသမီးတစ်စု
ပြိုင်ဘက်ကင်းအလှလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တိုးဖက်ကာ စကားများတီးတိုးဆိုနေကြစဥ် နံရံတွင်ကပ်အိပ်နေရသော လီနန်ခယ့်မှာတော့ ကြီးစွာနာကျင်ခံစားနေရသည်။
ဒါဘယ်လိုမှတ်ချက်မျိုးပါလိမ့်။
သို့သော် ထိုစွမ်းဆောင်ရည်ကောင်းသောယောက်ျားကြီးမှာ အလှလေးနှစ်ယောက်ကို အိပ်ရာပေါ်အပါတင်နိုင်ခဲ့ပြီးနောက် ဖက်ခွင့်လေးပင်မရခဲ့။ လီနန်ခယ့်မှာ တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ဖူးသော နန်ခယ့်အသေးလေးဆီမှ လှောင်ရယ်သံများကိုပင်ကြားနေရသလို ထင်မှတ်မှားမိလေသည်။
ဤသို့ဖြင့် နောက်ထပ်ဇနီးတစ်ယောက်ဆီသွားရန် မိုးနီအိပ်မက်ကမ္ဘာထဲသို့ သူဝင်သွားလိုက်သည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိုးနီအိပ်မက်ကမ္ဘာထဲသို့ မဝင်ဖြစ်ခဲ့ချေ၊ အဓိကကတော့ အချိန်ကာလတစ်ခုအထိ စိတ်အေးလက်အေး အနားယူချင်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သူ မင်္ဂလာခန်းမဆောင်ထဲ ရောက်သွားချိန်တွင် မယ်မယ်ကြီးကတော့ မရှိတော့လေပြီ။
"ကျွန်မလည်းသူ့ကို တစ်ချိန်လုံးစောင့်ကြည့်မနေနိုင်ဘူးလေ"
အနီရင့်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် မင်းသမီးရှန်းယွမ်သည် မင်္ဂလာကုတင်ပေါ်တွင် ပျင်းရိစွာထိုင်နေခဲ့သည်။ သူမ၏ မွှေးပျံ့ချောမွတ်သော ခြေဖဝါးလေးများသည် စကတ်အောက်ခြေမှ ထင်းထင်းလင်းလင်း ထွက်ပေါ်နေခဲ့ပြီး လုံးဝန်းကာ ကြည်လင်ပါးလျသော ခြေသည်းလေးများပေါ်တွင် အနီတောက်တောက်လက်သည်းနီများ ဆိုးထားခဲ့ရာ ပုလဲလုံးနီလေးများအလား စိုလက်တောက်ပလျက်။
ထိုကဲ့သို့သော ခြေဖဝါးလေးများဖြင့် နင်းခြေပြုလုပ်ထားသည့် အိုးဟောင်းထဲက ချဉ်ဖတ်တွေကို လူဘယ်နှယောက်လောက် အရူးအမူးစားချင်ကြမလဲဆိုတာကိုတော့ သူ သိချင်မိပေသည်။
"ဘယ်အချိန်ကထွက်သွားတာလဲ သိလား"
ထိုမိန်းကလေး ခိုးထွက်သွားသည်ကိုတော့ လီနန်ခယ့် အံ့သြမနေပါ။
အပေါ်ယံတွင် လိမ္မာချင်ယောင်ဆောင်သော်လည်း အတွင်းစိတ်မှာတော့ အဆော့မက်သည့်ကလေးမလေးတစ်ယောက်ထက် မပိုသေးရာ ဤအခန်းထဲတွင် ငြိမ်ငြိမ်လေးထိုင်နေမှသာ ထူးဆန်းနေပေရော့မည်။
ကံကောင်းထောက်မစွာပင် ထိုမိန်းကလေးသည်လည်း မိုးနီကမ္ဘာထဲ အားသာချက်အချို့ရှိနေသောကြောင့် အသက်အန္တရာယ်ထိတော့ စိုးရိမ်ပေးစရာမလိုခဲ့။
"တစ်နေ့ကထွက်သွားတာ မနေ့ကရော ဒီနေ့ရော ပြန်ရောက်မလာဘူးလေ"
မင်းသမီးရှန်းယွမ်ကဆိုသည်။
လီနန်ခယ့်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
"ငါ့ခန္ဓာကိုယ်ထဲမှာ လောလောဆယ် ပုလဲလုံးခြောက်လုံးရှိနေတယ်။ အဲဒါတွေကို ဘယ်လိုဆုလာဘ်မျိုးနဲ့ လဲလှယ်နိုင်လိမ့်မယ်လို့ မင်းထင်လဲ"
"ကျွန်မလည်း ဘယ်သိမလဲရှင့်"
သို့သော် မင်းသမီးရှန်းယွမ်၏မျက်လုံးများက ချီးကျူးမှုဖြင့်တောက်ပလာသည်။
"ယောက်ျားဒီတစ်ခေါက်တော့ အတော်လေးရိတ်သိမ်းနိုင်ခဲ့တာပါလား"
"အဲ့ဟာတွေကို လောလောဆယ်တော့ မိစ္ဆာဆေးလုံးတွေလို့ ယာယီခေါ်ထားလိုက်ဦးမယ်။ မင်းလည်းအရင်ကအဲ့ဒါတွေကို စုပ်ယူခဲ့ဖူးတယ်မလား။ ဘယ်လိုခံစားရလဲ"
လီနန်ခယ့်မေးလိုက်သည်။
မင်းသမီးရှန်းယွမ်က မတ်မတ်ထိုင်ကာ ကျော့ရှင်းသိမ်မွေ့သောဟန်ပန်ဖြင့် စကတ်စလေးကိုခါလိုက်ပြီး ဆိုသည်။
"မိစ္ဆာဆေးလုံးတစ်လုံး စုပ်ယူလိုက်ပြီးတဲ့အခါတိုင်း ကျွန်မစိတ်အာရုံအစွမ်း နည်းနည်းလေးစီပိုမြင့်လာတာကို ခံစားမိတယ်"
"ကဲ ဒါဆို အလဲအလှယ်စကြတာပေါ့"
လီနန်ခယ့် စကားတွေထပ်ပြောမနေတော့ဘဲ စားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲမှ ပုလဲလုံးခြောက်လုံးသည် မင်းသမီးရှန်းယွမ်၏ကိုယ်ထဲသို့ ပျံသန်းစိမ့်ဝင်သွားခဲ့ပြီး အနီရောင်ဖျော့ဖျော့ မြူခိုးအချို့က အလွှာတစ်ထပ်ကဲ့သို့ အမျိုးသမီးကိုဖုံးလွှမ်းလာခဲ့၏။ နတ်ဘုရားဆန်ကာ သန့်ရှင်းလှသော အရောင်အဝါတစ်မျိုးပင်။
ဘုန်း
သံသေတ္တာနှစ်လုံး လေထဲမှထွက်ပေါ်လာကာ စားပွဲပေါ်ပြုတ်ကျလာခဲ့ကြသည်။
"နှစ်ခုတည်းလား"
အကြီးအကျယ်မျှော်လင့်ထားဟန်တူသော လီနန်ခယ့်မှာ စနစ်က ကပ်စေးနှဲလွန်းလှသည်ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်ကာ သေတ္တာတစ်လုံးကို စိတ်ပျက်လက်ပျက်ဖြင့် ဖွင့်လှစ်လိုက်သည်။
ထိုသေတ္တာထဲတွင် အရင်တစ်ခါရခဲ့ဖူးသော နေရာရွှေ့ပြောင်းခြင်းအဆောင်စာရွက်သုံးရွက်အား တွေ့လိုက်ရ၏။
လီနန်ခယ့်မျက်လုံးများ လင်းလက်သွားခဲ့သည်။
နောက်ဆုံးတော့ ချစ်လှစွာသောအဆောင်စာရွက်လေးတွေ ငါ့ဆီပြန်ရောက်လာခဲ့ပြီ။
ဒီတစ်ကြိမ် နေရာရွှေ့ပြောင်းခြင်းက ပိုမိုကောင်းမွန်ဖို့ မျှော်လင့်မိသည်။ တစ်စုံတစ်ဦး ရေချိုးနေသည်ကို ကြည့်ရှုခွင့်ရခြင်း သို့မဟုတ် တော်ဝင်စားတော်ပွဲကို အလကား စားသောက်ခွင့်ရခြင်းမျိုးက သူကဲ့သို့ ကိုယ်ကျင့်သိက္ခာ စောင့်စည်းတတ်သော ယောက်ျားကောင်းတစ်ဦးကို စရိုက်ပျက်ပြားစေသောကြောင့် အလွန်စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည် မဟုတ်လော။
ဒုတိယတစ်လုံးကို သူဖွင့်လိုက်သည်။
အထဲတွင် သင်္ကန်းတစ်ထည်ရှိနေသည်ပင်။
"ဒါကဘာကြီးလဲ ငါ့ကို ဘုန်းကြီးဝတ်ခိုင်းတော့မလို့လား"
လီနန်ခယ့်သည် ဇဝေဇဝါအတွေးများဖြင့် သင်္ကန်းကို ဖြန့်ခင်းကြည့်လိုက်ရာ အပျက်အစီး အပေါက်အပြဲများစွာကို မြင်တွေ့လိုက်ရတော့၏။ အရောင်အဆင်းက ဝါကျင်ကျင်ဖြစ်နေရုံမျှမက ကြီးမားသောအပေါက်များစွာလည်း အနှံ့ရှိနေခဲ့ပြီး သေတ္တာအောက်ခြေတွင် ဆယ်စုနှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည့်အလား မှိုနံ့များ ထွက်ပေါ်နေခဲ့သည်။
မေးစရာတစ်ခုရှိသည်မှာ ဤအစုတ်အပြတ်သင်္ကန်းသည် မည်သည့်နေရာတွင် အသုံးဝင်ခြင်းပေနည်း။
လီနန်ခယ့် ထိုအရာကို စမ်းဝတ်ကြည့်လိုက်သည်။
ဘာမှလည်းမထူးခြား။
ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုခုများရှိလာမလားဟု မျှော်လင့်မိသော်ငြား ဤသင်္ကန်းစုတ်မှာ အထင်ကြီးစရာ တစ်ကွက်မှမရှိပုံရ၏။
"ယောက်ျားရေ"
မင်းသမီးရှန်းယွမ်၏ စမ်းတဝါးဝါးအသံလေးက နံဘေးမှထွက်ပေါ်လာသည်။
"ဘာလဲပြော"
လီနန်ခယ့် စိတ်ဓာတ်ကျကျနှင့်ပင် ထူးလိုက်သည်။
မင်းသမီးရှန်းယွမ်က မျက်ခုံးနုနုလေးများကိုကျုံ့ကာ ဘေးပတ်ပတ်လည်ကိုကြည့်ရင်း မေးလေသည်။
"ဘယ်ရောက်သွားတာလဲ ရှာလို့ကိုမတွေ့တော့ဘူး"
ဟင်
လီနန်ခယ့်လည်း ကြောင်အသွားရ၏။
ထို့နောက် အမျိုးသမီး၏မျက်စိရှေ့သို့ သူ့လက်များကိုဝှေ့ယမ်းပြသော်လည်း အကြည့်များက သူ့ဆီရောက်မလာဘဲ ဟိုဟိုဒီဒီသာ ပတ်ရှာနေခဲ့လေသည်။
မိုက်လှချည်လား။
ဒါကြီးက ကိုယ်ပျောက်ဝတ်ရုံကြီးပဲ။
လီနန်ခယ့် သူ့ကိုယ်ပေါ်ကသင်္ကန်းစုတ်ကြီးကို ပြန်ငုံ့ကြည့်လိုက်ရင်း တဝိုးဝိုးတဝါးဝါး ဖြစ်နေမိတော့သည်။
အချိန်ရပ်တန့်ခြင်း၊ ဖောက်ထွင်းမြင်နိုင်စွမ်းနှင့် ယခု ကိုယ်ပျောက်စွမ်းရည်အထိ အကြီးအကျယ် စွမ်းဆောင်အောင်မြင်နိုင်မည့် ပရိတ်သတ်အကြိုက် ဇာတ်လိုက်ကျော်တစ်ဦး၏ လိုအပ်သည့်စွမ်းရည်မှန်သမျှ ပြည့်စုံသွားခဲ့လေပြီ။
လီနန်ခယ့် စိတ်လှုပ်ရှားလွန်းသဖြင့် မွေးညင်းပေါက်များပင် ပွင့်ထွက်သွားသကဲ့သို့ ပေါ့ပါးရွှင်လန်းသွားရ၏။
ထို့နောက် သံသယမကင်းစွာ ထိတ်လန့်နေရှာသော အမျိုးသမီးရှေ့သို့ ဖွဖွလေးလျှောက်သွားလိုက်သည်။
ထို့နောက် သူမကိုခြောက်လှန့်ရန် လှမ်းထိဖို့ပြင်သော်လည်း သူ့လက်မရောက်ခင်မှာပင် အမျိုးသမီးက လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်ပြီးလေပြီ။
"မင်းငါ့ကို ပြန်မြင်ရသွားပြီလား" လီနန်ခယ့်က တအံ့တသြမေးလိုက်သည်။
မင်းသမီးရှန်းယွမ်ကပြောသည်။
"ယောက်ျား ကိုယ်ပျောက်မှော်ရတနာတွေဘာတွေများရလိုက်တာလား။ ကျွန်မရှင့်ကို ခုထိမမြင်ရသေးဘူးရယ်။ ဒါပေမဲ့ အနားရောက်လာတော့ အငွေ့အသက်တော့ရနေတာပေါ့"
သို့ဆိုလျှင် သူ့အငွေ့အသက်ကိုတော့ ဖုံးကွယ်လို့မရသေးပေ။
လီနန်ခယ့် မျက်မှောင်ကြုတ်သွားသည်။
ဤဝတ်ရုံအားကိုးဖြင့် မယ်မယ်ကြီးလို သွားချင်ရာပတ်သွားလို့ရလောက်ပြီဟု သူထင်ခဲ့သော်လည်း လူတွေမသိအောင် လုံးလုံးအယောင်ဖျောက်နိုင်စွမ်းမရှိသောကြောင့် နည်းနည်းတော့လိုသေးသည်ပင်။
သို့သော် ကိုယ်ပျောက်နိုင်စွမ်းကပင် အတော်လေးအသုံးဝင်နေလေပြီ။
အနည်းဆုံးတော့ ဟိဟိ
ဒါပေမဲ့ သူ့လိုဖြောင့်မတ်စောင့်စည်းတတ်တဲ့ ယောက်ျားကောင်းတွေက ဒီလိုအကြံအစည်တွေ မရှိပါဘူးလေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် လီနန်ခယ့်တစ်ယောက် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဆိုလိုသည်မှာ ကိုယ်ပျောက်အာနိသင်ရှိသော သင်္ကန်းတွင်လည်း အချိန်ကန့်သတ်ချက်တစ်ခုတော့ ရှိနေသည်ပင်။
အကြိမ်ကြိမ် ပြန်လည်စမ်းသပ်ပြီးနောက် ထိုဝတ်ရုံ၏ ကိုယ်ပျောက်နိုင်စွမ်းသည် မိနစ်နှစ်ဆယ်အထိသာခံကြောင်း သိလိုက်ရ၏။
"ယောက်ျား ကျွန်မအခုတင် စိတ်အာရုံသုံးပြီး မိုးနီနှလုံးသားကို အာရုံခံလိုက်နိုင်တယ်"
မင်းသမီးရှန်းယွမ်သည် မိစ္ဆာဆေးလုံးခြောက်လုံး ရရှိခဲ့ပြီးနောက် သူမ၏ အသိစိတ်အာရုံအတိုင်းအတာ တိုးချဲ့သွားခဲ့သဖြင့် လီနန်ခယ့်ကို သတင်းပေးလာသည်။
"မင်းငါ့ကို မလိမ်တာသေချာတယ်နော်" လီနန်ခယ့်က သူမကို အခုထိသံသယမကင်းသေးဟန်။
မင်းသမီးရှန်းယွမ်မှာ မကျေမချမ်းဖြစ်သွားဟန်ရှိကာ ပြန်လည်ချေပလာလေသည်။
"ကျွန်မလိမ်မလိမ်သိချင်ရင် သွားစမ်းကြည့်လိုက်၊ မစမ်းချင်လည်း ရှင့်သဘော"
ထိုအမျိုးသမီး ဒေါသထွက်နေသည့်ပုံကို ပထမဆုံးအကြိမ် မြင်ဖူးရခြင်းပင်။
လီနန်ခယ့်က သင်္ကန်းကိုတစ်ချက်ကြည့်ကာ အံကြိတ်စဥ်းစားရင်း ဆိုလိုက်သည်။
"ဟုတ်ပြီ ငါစွန့်စားပြီး တစ်ချက်ထွက်ကြည့်လိုက်မယ်။ မင်းလမ်းပြပေးဦး"
"ဟုတ်ပြီ"
လီနန်ခယ့် သေနတ်ကိုကောက်ကာ တံခါးဖွင့်ပြီး အပြင်သို့လှမ်းထွက်လိုက်သည်။
မင်းသမီးရှန်းယွမ်၏ လမ်းပြမှုဖြင့် သူသည် ကိုယ်ပျောက်သင်္ကန်းကိုပင် ဝတ်စရာမလိုလိုက်ဘဲ လမ်းတစ်လျှောက်ရှိ အန္တရာယ်များသည့်နေရာများကိုရှောင်ရှားရင်း ခရီးရောက်လာခဲ့၏။
နှစ်နာရီမျှကြာသော် အတော်လေး ခြောက်သွေ့ဆိတ်သုဥ်းသောနေရာတစ်ခုကို သူရောက်လာခဲ့သည်။
ထိုနေရာတွင်ရှိနေသော သစ်ပင်များသည် မီးလောင်ကျွမ်းခံထားရသည့်အလား ဟောင်းနွမ်းမည်းမှောင်သောအရောင်များ ရှိကြ၏။
မြေပြင်ပေါ်ရှိ မြက်ပင်များပါ မကျန်။
ထိုမြက်များပေါ် နင်းကြည့်လိုက်သော် အပူလှိုင်းတစ်ခုကို ဖိနပ်ကိုဖြတ်၍ပင် ခံစားလိုက်ရပြီး မြေအောက်၌ ကြီးမားသောအပူရှိန်ကြီးတစ်ခု ရှိနေသည်ကို ပြတ်ပြတ်သားသား အာရုံခံမိလိုက်သည်။
"ယောက်ျား ရှေ့မှာ သတိထားဦးနော်"
မင်းသမီးရှန်းယွမ်၏ သတိပေးသံက သူ့နားနားတွင် ရုတ်တရက် မြည်ဟီးလာခဲ့သည်။
လီနန်ခယ့်သည် ထိုနေရာကို ရှောင်ကွင်းသွားချင်ခဲ့သော်လည်း ဘေးတစ်ဖက်တစ်ချက်စီတွင် ရွှံ့ညွန်အိုင်များရှိနေသည်ကို တွေ့လိုက်ရ၏။ ရွှံ့ညွန်အိုင်များအတွင်းရှိ ကတ္တရာစေးများနှင့် သဲညွန်များသည် ပြင်းထန်သော အပူရှိန်ကြောင့် ပွက်ပွက်ဆူနေခဲ့ကြသည်။
"သူတို့တွေက မလှုပ်ကြဘူး"
မင်သမီးရှန်းယွမ်က တိုးတိုးလေးပြောလာသည်။
မလှုပ်ကြဘူးတဲ့လား။
လီနန်ခယ့်မှာ ထိုစကား၏ဆိုလိုရင်းကို နားမလည်ခဲ့ချေ။ စူးစမ်းလိုစိတ်ကြောင့် သူသည် အရှေ့သို့ ခေတ္တဆက်လက်လျှောက်လှမ်းသွားခဲ့ရာ မလှမ်းမကမ်းတွင် လှပကျော့ရှင်းသော အမျိုးသမီးဆယ်ဦးခန့်က အလွန်ပင်ထူးဆန်းသော ပုံစံများဖြင့် လုံးဝမလှုပ်မယှက် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့၏လက်ထဲတွင် အေးစက်ထက်ရှသော ဓားမြောင်တစ်ခုစီကို ကိုယ်စီကိုင်ဆောင်ထားခဲ့ကြသည်။
ကျူးကျော်သူကို အာရုံခံမိလိုက်သည်ထင့်၊ ထိုကျောက်ရုပ်အမျိုးသမီးများသည် ရုတ်ချည်း စတင်လှုပ်ရှားကာ လက်မောင်းများကို ဝှေ့ရမ်းကုန်ကြတော့၏။
သို့သော် လီနန်ခယ့် ခြေလှမ်းရပ်လိုက်သော် သူတို့လည်း အသေအတိုင်း ပြန်ရပ်သွားခဲ့ကြလေသည်။