အခန်း ၁၈၇
Vol. 19 Ch. 187
187 ကောင်းကင်အောက်ရှိ ဒုတိယစွမ်းအားရှင်
ပို၍ခြောက်ခြားစရာကောင်းသည်မှာ ထိုအမျိုးသမီးများအားလုံးသည် အသုဘဝတ်စုံများကို ဆင်တူဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။
ဆွတ်ဆွတ်ဖြူသော ထိုအသုဘဝတ်စုံများသည် ဖုန်များသဲများ ပေကျံစွန်းထင်းနေကာ အပုပ်နံ့တလောင်းလောင်းနှင့် မှိုနံ့အောက်အောက်ပါ ထွက်ပေါ်နေသော်လည်း ထိုရွံရှာဖွယ်များကြားဝယ် ဆွဲဆောင်မှုတစ်မျိုး ကိန်းအောင်းနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ကော်လံစများနှင့် ပေါင်အောက်ပိုင်းအဝတ်အစားများမှာ အရည်ပျော်ထားသကဲ့သို့ စုတ်ပြဲလစ်ဟာနေသောကြောင့်ပင်။
ရင်ဘတ်များမှာ တစ်ဝက်ခန့်ပေါ်ထွက်နေပြီး သွယ်လျသော ခြေတံရှည်များက အောက်ပိုင်းကောက်ကြောင်းအလှကို ပေါ်လွင်စေကာ အဝတ်အစားတစ်ခုလုံးက ခန္ဓာကိုယ်နှင့် တစ်သားတည်းကပ်နေခဲ့သည်။
သူတို့၏အရေပြားပေါ်တွင် မီးသွေးခဲရောင်အညစ်အကြေးများ ပေကျံနေပြီး ညစ်ပတ်ပေရေနေသော်လည်း ထိုအစွန်းအထင်းများကပင် သူတို့၏ ကောက်ကြောင်းအလှကို ပိုလို့ စိတ်လှုပ်ရှားစရာကောင်းစေလေသည်။
သို့သော် အထက်သို့တက်ကာ မျက်နှာအားကြည့်မိပါကမူ ပြောစရာစကားပင် ပျောက်ရှသွားရမည်ပင်။
အဘယ်ကြောင့်ဆိုသော် ရုပ်ဆင်းသဏ္ဌာန်မှာ မူလပုံစံ လုံးဝပျောက်ဆုံးကာ ကြောက်မက်ဖွယ် ရှုံ့တွပျက်ယွင်းနေသောကြောင့်ပင်။
ဒီလိုမြင်ကွင်းမျိုးကိုကြည့်ပြီး စိတ်ဆန္ဒထက်သန်နိုင်မည့်သူ ရှိခဲ့ပါက အစ်ကိုကြီးရယ် ခင်ဗျားကတော့ဂန္ထဝင်နှာဘူးကြီးပဲလို့ တလေးတစား ချီးကျူးရမည်ပင်။
"ဖြတ်သွားလို့မရဘူးပဲ"
ထူးဆန်းယိုင်နဲ့သော ပုံစံများဖြင့် သူ့ထံလျှောက်လှမ်းလာကြသည့် ထိုမိစ္ဆာမများကိုကြည့်ရင်း လီနန်ခယ့် အလျင်အမြန်ပင် ခြေလှမ်းများကိုရပ်တန့်လိုက်သည်။
ထိုအမျိုးသမီးများလည်း ထပ်တူ ရပ်တန့်သွားခဲ့ကြ၏။
အချို့က တောင့်တောင့်ကြီးရပ်နေပြီး၊ အချို့က ကုန်းကုန်းကွကွ၊ အချို့ကမူ နောက်သို့ လန်ကျနေကာ၊ အမူးသမားတစ်ယောက် စိတ်ထင်သလိုထုဆစ်ထားသော ပန်းပုရုပ်တုများအလား။
သူတို့လက်ထဲရှိ ဓားမြှောင်တိုများကသာ အေးစက်သောအလင်းတန်းများကို ဖြာထွက်နေစေခဲ့သည်။
"ယောက်ျား၊ ကိုယ်ပျောက်သင်္ကန်းကိုဝတ်ပြီး အသက်အောင့်ထားကြည့်စမ်းပါ၊ ပြီးတော့ သူတို့ကြားကနေ အသာလေးဖြတ်ကြည့်လိုက်"
မင်းသမီးရှန်းယွမ်၏စကားသံ ထွက်ပေါ်လာခဲ့သည်။
လီနန်ခယ့်လည်း သူဘာလုပ်ရမည်မှန်း သူသိပါသည်။
အတူပါလာသော စုတ်ပြတ်နေသောကိုယ်ပျောက်သင်္ကန်းကို ထုတ်ယူကာ ကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်ပြီးနောက် အသက်ကိုပြင်းပြင်းရှူသွင်းကာ အောင့်ထားလိုက်ပြီး ထိုမိစ္ဆာမများဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
သူတို့ မလှုပ်ရှားကြချေ။
မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပျောက်သင်္ကန်းက အလုပ်ဖြစ်ပေသည်။
မကြာမီ လီနန်ခယ့်သည် မိစ္ဆာမများ၏အရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့၏။ သူတို့နှင့် ဆယ်စင်တီမီတာခန့်သာ ကွာဝေးသောနေရာတွင် သူတို့ထံမှထွက်ပေါ်နေသော သွေးညှီနံ့နှင့် အပုပ်အပွနံ့များကို မလွှဲမရှောင်သာ ရှူရှိုက်နေရသည့်အခြေအနေပင်။
လေထုက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့၏။
ဘေးတစ်ဖက်တစ်ချက်စီရှိ ပွက်ပွက်ဆူနေသော ရွှံ့ညွန်အိုင်များကသာ တစီစီအသံတချို့ကို ထုတ်လွှတ်နေခဲ့ကြသည်။ တစ်ယောက်ယောက်သာ အထဲသို့ပြုတ်ကျသွားပါက ဘာဖြစ်သွားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လီနန်ခယ့်သည် ခြေလှမ်းများကို တတ်နိုင်သမျှညင်သာအောင် ဖော့နင်းလာရင်း ကောက်ကြောင်းလှလှ မိစ္ဆာမများကြားထဲတွင် ခန္ဓာကိုယ်ကိုလှည့်ပတ်ကွေ့ကောက်ကာ ဖြတ်သန်းခဲ့ရသည်။
တစ်ခါတစ်ရံတွင် သူ၏အကြည့်များက အနီးကပ်ကြီးတည်ရှိနေသော သူတို့၏ရင်သားများဆီသို့ မသိမသာ ရောက်ရောက်သွားတတ်၏။
ကြောက်ရွံ့ခြင်းသည် ယောက်ျားတို့၏ဗီဇကို မတားဆီးနိုင်ပေ။
မိစ္ဆာမနှစ်ဦးမှာမူ တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ဦးခေါင်းများကို ကြောက်မက်ဖွယ်ကောင်းစွာ ဖြည်းဖြည်းချင်းလှည့်ကြည့်လာသောကြောင့် လီနန်ခယ့်၏နှာခေါင်းနှင့်ပင် ထိလုနီးပါးဖြစ်သွားခဲ့သည်။ သူ့မှာ အလန့်ကြီးလန့်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့က ကြီးကြီးမားမားလှုပ်ရှားမှုမျိုး မပြုလုပ်ခဲ့ကြချေ။
ထိတ်လန့်စရာတချို့ကြုံခဲ့ရသော်လည်း အရာအားလုံးက ဘေးကင်းခဲ့ပေသည်။
ကိုယ်ပျောက်သင်္ကန်း၏ အကာအကွယ်အောက်တွင် လီနန်ခယ့်သည် ထိုမိစ္ဆာမအုပ်စုကြားမှ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့၏။
ဘေးကင်းသောအကွာအဝေးသို့ ရောက်ရှိသွားသောအခါ လီနန်ခယ့်သည် ကိုယ်ပျောက်သင်္ကန်းကို ဖယ်ရှားလိုက်ပြီး လေကိုဝဝရှူရှိုက်လိုက်တော့သည်။ စောစောက အသက်ရှူကျပ်ပြီး သေလုနီးပါးဖြစ်ခဲ့ရသည် မဟုတ်ပါလား။
မင်းသမီးရှန်းယွမ်ကလည်း သက်ပြင်းအသာချကာ တိုးတိုးလေးဆိုလိုက်သည်။
"ရှေ့ကို ဆက်သွားရအောင်"
"ဘယ်လောက်လောက် ဝေးဦးမှာလဲ"
လီနန်ခယ့်က မျက်နှာပေါ်မှချွေးများကို သပ်ချရင်း မေးမြန်းလိုက်သည်။
ဘေးပတ်ပတ်လည်ရှိ အပူရှိန်က ပိုမိုမြင့်တက်လာခဲ့သော်လည်း ကောင်းကင်ထက်ရှိ တောက်လောင်နေသောနေမင်းမှာမူ ကျုံ့ဝင်သေးငယ်သွားခဲ့ပြီး မြေပြင်နှင့် ပိုမိုဝေးကွာသွားခဲ့သည့်အလား ထင်မှတ်ရ၏။
"ငါးလီလောက်ပဲ လိုပါတော့တယ်"
"မိစ္ဆာတွေ ဘယ်နှကောင်လောက်ထပ်ရှိနေလဲ"
"တစ်ကောင်မှမရှိဘူး"
"တစ်ကောင်မှမရှိဘူး ဟုတ်လား"
လီနန်ခယ့်က မှင်တက်သွားခဲ့ရသည်။
"ပြီးခဲ့တဲ့အကြိမ် မိုးနီနှလုံးသားကိုမြင်တုန်းက ဘေးပတ်ပတ်လည်မှာ မိစ္ဆာတွေအများကြီးရှိနေတယ်လို့ မင်းပဲပြောခဲ့တယ်မဟုတ်လား"
"ဟုတ်တယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘာမိစ္ဆာကိုမှ ကျွန်မရှာမတွေ့သေးဘူး"
မင်းသမီးရှန်းယွမ်က ဆိုလိုက်သည်။
လီနန်ခယ့်သည် စိတ်ထဲတွင် အနည်းငယ်သောလေးလံမှုကို ခံစားလိုက်ရ၏။ ဒီဆန်းကြယ်တဲ့ ကမ္ဘာထဲမှာ ဘာအန္တရာယ်မှမရှိဘူးလို့ ထင်ရတဲ့နေရာတွေကသာ အန္တရာယ်အရှိဆုံးဖြစ်လေ့ရှိသည် မဟုတ်ပါလား။
သို့သော်လည်း ဒီအထိရောက်လာခဲ့ပြီဖြစ်ရာ ဆက်လက်စုံစမ်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။
လီနန်ခယ့်တစ်ယောက် မိုးနီရေကမ္ဘာထဲတွင် စူးစမ်းရှာဖွေနေစဉ် လက်တွေ့ကမ္ဘာရှိ သူ၏နေအိမ်သို့မူ မဖိတ်ခေါ်ဘဲရောက်ရှိလာသော ဧည့်သည်တစ်ဦး ရှိနေခဲ့၏။
ညဉ့်နက်ပိုင်းကို အတော်ကျော်လွန်သော် သည်းထန်စွာရွာသွန်းနေသောမိုးက တဖြည်းဖြည်း ရပ်စဲသွားခဲ့လေပြီ။
ကောင်းကင်ကြီးတစ်ခုလုံး အားအင်ကုန်ခမ်းသွားခဲ့သည့်အလား။
ရွှံ့ညွန်ဗွက်အိုင်များသာ ကျန်ရစ်ခဲ့တော့သည်။
တာအိုကျောင်းသားလေးသည် မြက်ခင်းပြင်ကြားထဲတွင် ချော်လဲလုနီးပါး ခပ်သုတ်သုတ်လျှောက်လှမ်းလာခဲ့ပြီး အရှေ့ဘက်ရှိအိမ်ငယ်လေးကို ညွှန်ပြကာ နောက်မှလိုက်ပါလာသော အဝါရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးအား ပြောလိုက်သည်။
"ဆရာသခင်၊ ဒါ ကျွန်တော်တို့ဆရာတူအစ်ကိုကို အမျိုးသမီးတစ်ယောက်ကသတ်ပစ်ခဲ့တဲ့ နေရာပါပဲ"
ထိုလူအိုကြီးသည် ဆံပင်ဖြူ၊ မျက်ခုံးဖြူများနှင့် ပိန်ချုံးသောမျက်နှာရှိသော်လည်း သူ၏မျက်ဝန်းများကမူ အသက်ဝင်တောက်ပနေခဲ့သည်။
သူသည် ကျောပြင်တွင် မက်မွန်သားဓားတစ်စင်းကို လွယ်ပိုးထားခဲ့၏။
ထိုတာအိုကျောင်းသားလေးသည် ယခင်က လော့ချန်းချိုးလွှတ်ပေးခဲ့သော ယင်ဝူရှ၏တပည့်တစ်ယောက်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူအတွက် ကလဲ့စားချေရန် တာအိုဆရာသခင်ချီထောင်ကို သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
သူသည် ထိုဆရာသခင်ကို အမှန်ပင် ဤနေရာအထိခေါ်ဆောင်နိုင်ခဲ့ပေ၏။
တာအိုဆရာသခင်ကြီးချီထောင်က သူ၏ မုတ်ဆိတ်မွေးတိုကို အသာအယာပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ ဆိုလာသည်။
"ယင်ဝူရှရဲ့ကျင့်ကြံဆင့်က သိပ်ပြီး အထင်ကြီးစရာမရှိပေမယ့် သာမန်ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်နိုင်တဲ့အထိတော့ မနိမ့်ဘူး၊ ဒီလိုသေးငယ်တဲ့ တုန်းချီခရိုင်လေးထဲမှာ ရွက်ပုန်းသီးပညာရှင်တစ်ယောက် ပုန်းအောင်းနေတာ ဘယ်လိုတွေးတွေး တကယ်ကိုထူးဆန်းတယ်"
သူက တာအိုကျောင်းသားလေးကိုကြည့်ကာ မေးမြန်းလိုက်သည်။
"အဲဒီအမျိုးသမီးက ယင်ဝူရှကို ဘယ်လိုသတ်လိုက်လဲဆိုတာ မင်း သေသေချာချာမြင်ခဲ့ရလား"
တာအိုကျောင်းသားလေးက ခေါင်းကို တွင်တွင်ခါယမ်းပြလိုက်ပြီး ပြောလာသည်။
"အဲဒီအချိန်တုန်းက ကျွန်တော်က အရမ်းဝေးတဲ့နေရာမှာရှိနေတာမို့ သေသေချာချာမမြင်ခဲ့ရပါဘူး၊ ဆရာတူအစ်ကို မြေပြင်ပေါ်မှာဒူးထောက်ပြီး ဦးချနေတာပဲ မြင်လိုက်ရတယ်။ ပြီးတော့အဲ့အမျိုးသမီးက သူ့ကိုသတ်လိုက်တော့တာပဲ"
ဦးချတယ် ဟုတ်လား။
တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတာပဲ။
တာအိုဆရာသခင်ချီထောင်က ရယ်မောလိုက်သည်။
"ယင်ဝူရှက မွေးရာပါမာနကြီးတဲ့သူလေ၊ သူ့ကို ဒီလောက်အထိ ဒူးတုန်ကြောက်ရွံ့သွားစေတယ်ဆိုတာ တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းကို ဖော်ပြနေသလိုပဲ၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့ကျင့်ကြံဆင့်လည်း မကြာသေးခင်ကမှ အဆင့်တက်ထားတာဆိုတော့ လက်တည့်စမ်းဖို့လူလိုနေတာနဲ့ အတော်ပဲ၊ ဒီလူက ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"
"ဆရာသခင်က ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲဥစ္စာ၊ ဘယ်သူက ဆရာသခင့်ကို ယှဥ်ပြိုင်နိုင်မှာတဲ့လဲ"
တာအိုကျောင်းသားလေးက မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဒီကောင်လေးနှယ်၊ ကိုယ်ဘယ်လောက်တော်တော် ပိုတော်တဲ့သူတွေ အမြဲတမ်းရှိနေတတ်တာမို့ လူသိမခံဘဲနေတာက အကောင်းဆုံးပဲ"
တာအိုဆရာသခင်ချီထောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် မာနတလူလူဖြင့် ကြိမ်းဝါးလေသည်။
"အလွန်ဆုံးရှိလှ ငါက ကောင်းကင်အောက်မှာ ဒုတိယပေါ့၊ သေချာတာတစ်ခုက ငါ့ကိုယ်ငါဒုတိယလို့ပြောရင် ဘယ်သူမှ သူတို့ကပထမပါလို့ မကြေညာရဲကြဘူးလေ"
ထိုသို့ လေလုံးထွားပြောကြားပြီးနောက် တာအိုဆရာသခင်ကြီးသည် အင်္ကျီလက်စကို ဖျတ်ခနဲဝှေ့ယမ်းကာ အိမ်ခြံဝင်းလေးထဲသို့ ဝင်ရောက်လာခဲ့တော့၏။
သို့သော် ထိုအချိန်တွင် သူ့အကြည့်က တံခါးဝရှိ ငွေရောင်လှံတစ်စင်းပေါ်သို့ ကျရောက်သွားခဲ့သည်။
တာအိုဆရာသခင်ချီထောင်၏ ပုံရိပ်မှာ ထိုအခိုက်တွင် ရုတ်တရက် တောင့်တင်းသွားခဲ့ရ၏။
ဒါက...
တာအိုဆရာသခင်ကြီး၏ နှလုံးသားမှာ တုန်လှုပ်ပြိုလဲသွားခဲ့ရသည်။ ထိတ်လန့်ခြင်းနှင့် သံသယများပြည့်နှက်နေသော အမူအရာဖြင့် သူသည် ထိုလှံတံကို သေသေချာချာစိုက်ကြည့်လိုက်ချိန်၌ မျက်ဆံများပါ သိသိသာသာကျုံ့ဝင်သွားခဲ့တော့၏။
"ဆရာသခင်၊ ဘာဖြစ်လို့လဲဟင်"
သူ ရုတ်တရက် ခြေလှမ်းရပ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် တာအိုကျောင်းသားလေးလည်း ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
တာအိုဆရာသခင်ချီထောင်သည် ကြယ်အနည်းငယ်သာရှိသော မှောင်မိုက်လှသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာဆိုလိုက်သည်။
"ကောင်းကင်က မလင်းသေးဘူးပဲ၊ တစ်ဖက်လူလည်း ဒီအချိန်ဆို အနားယူနေတုန်းပဲရှိဦးမယ်၊ အခုအချိန်မှာ သွားနှောင့်ယှက်ရင် ယဉ်ကျေးမှုမရှိရာကျလိမ့်မယ်၊ မိုးလင်းတဲ့အထိ စောင့်ကြတာပေါ့"
ထို့နောက် သူသည် လှည့်ထွက်ရန်ပြင်လိုက်တော့သည်။
"ရပါတယ်၊ ရှင်တို့တွေကျွန်မကို နှောင့်ယှက်ပြီးသားဖြစ်သွားခဲ့ပါပြီ"
အမျိုးသမီးတစ်ဦး၏ အေးစက်လှသောအသံသည် ညဉ့်နက်ပိုင်းအတွင်း ကျက်စားရန်ထွက်ပေါ်လာသော သရဲတစ္ဆေတစ်ကောင်အလား သူတို့နားဆီသို့ လွင့်ပျံရောက်ရှိလာခဲ့တော့၏။