← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

188 ဓားနတ်သမီး ယဲ့ယောင်ယောင်

တာအိုဆရာသခင်ချီထောင်၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ရသည်။ သူသည် တံခါးဝတွင်ရပ်နေသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်ပြီး မျက်ခုံးတစ်ဖက်ကိုပင့်ကာ အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်သည်။

"ဪ ဘယ်သူပါလိမ့်မှတ်တယ်၊ တစ္ဆေနတ်ဘုရားလှံသွားရှင် ဖြစ်နေတာကိုး၊ အားနာမိပါတယ်ဗျာ၊ အားနာမိပါတယ်။"

ထို့နောက် ထိုအမျိုးသမီးစကားပြန်သည်ကိုပင် မစောင့်တော့ဘဲ တာအိုဆရာသခင်ချီထောင်က ဆက်လက်ပြောကြားလာသည်။

"ကျုပ်လည်း ဒီနေရာကို လမ်းကြုံလို့ဖြတ်သွားရုံတင်ပါ၊ ဒီဒေသရဲ့ရှုခင်းက နတ်ပြည်တမျှမျက်စိအေးစေတယ်။ အဝေးမှာမြင်နေရတဲ့ တောင်တန်းတွေကလည်း ကျောက်စိမ်းတုံးတွေလိုပဲ စိတ်အေးချမ်းစေပြီး ကျင့်ကြံဖို့သိပ်ကောင်းတဲ့ပတ်ဝန်းကျင်ပဲ၊ ကံမကောင်းစွာနဲ့ အရင်ရှာတွေ့ထားဟန်တူတဲ့ လှံသွားရှင်ကို နှောင့်ယှက်မိသလိုဖြစ်သွားခဲ့ရပြီ၊ အားနာရပါတယ်"

တာအိုဆရာကြီးသည် ဘေးမှတာအိုကျောင်းသားကို တို့ကာ ‌ပြောလိုက်သည်။

"ဒါ ငါမင်းကိုမကြာမကြာပြောဖူးတဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင်ပဲလေ။ ဘာလို့နှုတ်မဆက်သေးတာလဲ"

တာအိုကျောင်းသားလေးမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။

ဆိုတော့ သူ့ဆရာတူအစ်ကိုကိုသတ်သွားတဲ့မိန်းမက နာမည်ကြီး တစ္ဆေနတ်ဘုရားလှံသွားရှင်ဆိုတာလား။ ဆရာတူအစ်ကို အဲ့ဒီတုန်းက ဦးပါကုန်းချတာ အံ့သြစရာမဟုတ်တော့ပါဘူး။

ဒါပေမဲ့ ဆရာသခင်က ဘယ်တုန်းက သူ့အကြောင်းပြောဖူးလို့လဲနော်။

ကြောင်တောင်တောင်ဖြစ်နေသော်လည်း ကျောင်းသားလေးသည် နာခံစွာပင် ဦးညွှတ်နှုတ်ဆက်လိုက်၏။

"တွေ့ရတာဝမ်းသာပါတယ် တစ္ဆေနတ်ဘုရားလှံသွားရှင်"

တာအိုဆရာသခင်ချီထောင်က သူ့မုတ်ဆိတ်ကြီးကို အသာသပ်ကာ ဆက်ပြောသည်။

"ဒီကမ္ဘာမြေမှာ ငါနဲ့သရေကျအောင်တိုက်ခိုက်နိုင်တဲ့သူ နည်းနည်းလေးပဲရှိတဲ့အထဲ ဒီတစ္ဆေနတ်ဘုရားလှံသွားရှင်က တစ်ယောက်အပါအဝင်ပေပဲ။ အနာဂတ်မှာ မင်းအနေနဲ့ နှိမ့်ချစွာကျင့်ကြံပြီး ဒီအမျိုးသမီးကို စံနမူနာထား အတုယူရမယ် ဟုတ်ပြီလား"

သရေကျတာလား။

ကျောင်းသားလေး အကြီးအကျယ် ထိတ်လန့်အံ့သြသွားရသည်။

ဆရာသခင်ကြီး၏တိုက်ရည်ခိုက်ရည်ကို သူမြင်ဖူးခဲ့ပြီးဖြစ်ရာ ကြယ်တံခွန်ဆွတ်လို့ တောင်ကိုရွှေ့နိုင်သော နတ်ဘုရားတစ်ပါးအလား စွမ်းအားကြီးသူဟု သတ်မှတ်ကာ တစ်သက်လုံးမျှော်ကြည့်ခဲ့ရခြင်းဖြစ်သည်။

သို့သော် မျက်စိရှေ့မှ ဤနူးနူးညံ့ညံ့ ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ဆရာသခင်ကြီးနဲ့ သရေကျအောင်တိုက်နိုင်တယ်ဆိုပါလား။

ကျောင်းသားလေး၏ နှလုံးသားထဲတွင် အကြောက်တရားကြီးတစ်ခု ခိုအောင်းဝင်လာတော့သည်။

ဆရာတူအစ်ကို သေဆုံးသွားရခြင်းမှာ ဖြစ်သင့်သောအဆုံးသတ်တစ်ခုပေလော။

"ဪ သရေကျတယ်ဟုတ်လား"

လော့ချန်းချိုးသည် အလေးချိန် ပိဿာတစ်ရာခန့်ရှိသော လှံကြီးကို ပေါ့ပါးစွာကိုင်ဆောင်ရင်း မျက်နှာသေဖြင့်ဆိုသည်။

"စောစောက ရှင့်ကျင့်ကြံဆင့်တိုးတက်လာတယ်လို့ ကြားမိသားပဲ၊ ဒါဆို ကျွန်မရှင့်ကိုအနိုင်မတိုက်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ။ စီနီယာဆီက လမ်းညွှန်မှုအချို့ တောင်းခံချင်သားပဲ"

ထိုအမျိုးသမီး၏ မျက်ဝန်းများက တောက်ပနေခဲ့ပြီး တိုက်ခတ်နေသော ညလေညင်းကြောင့် သူမ၏ ညအိတ်ဝတ်စုံဖျော့လေးက ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုမိုထင်ရှားစေကာ စူးရှသောအသွင်ကို ထပ်လောင်းတိုးမြှင့်ပေးနေခဲ့သည်။

သူမလက်ထဲမှငွေလှံရှည်ကြီးမှာ သိပ်သည်းအေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေခဲ့၏။

တာအိုကျောင်းသားလေး၏အမြင်တွင် လှံရှည်ကြီးကိုအသင့်ကိုင်ထားသော ထိုအမျိုးသမီး၏ပုံရိပ်သည် ညအချိန်တွင် အမဲလိုက်ကျက်စားရန်ထွက်လာသော နတ်ဆိုးတစ်ကောင်နှင့်တူလှသဖြင့် ဆရာသခင့်ကျောနောက်တွင် သူပုန်းကွယ်နေလိုက်သည်။

တာအိုဆရာကြီးချီထောင်က သက်ပြင်းချ၏။

"တိုက်ကွက်နည်းနည်းလောက်ဖလှယ်တာအထိတော့ ရပါတယ်။ ဒါပေမဲ့ ကျုပ်လည်း တလောကပဲ ဓားနတ်သမီးယဲ့ယောင်ယောင်နဲ့ သိုင်းပညာဖလှယ်ခဲ့သေးတယ်။ နောက်ဆုံးတော့ ကျုပ်ပဲအရေးသာသွားပေမဲ့ အတွင်းဒဏ်ရာတစ်ခုရခဲ့သေးတာကြောင့်လေ"

"ဒီလိုလုပ်ပါ့လား၊ နောက်လဝက်လောက်ကြာလို့ ကျုပ်ဒဏ်ရာလည်း အတော်လေးသက်သာတဲ့အချိန်လောက်မှာ တစ္ဆေနတ်ဘုရားလှံသွားရှင်ဆီက လမ်းညွှန်မှုတွေ လာရောက်တောင်းခံပါ့မယ်။ ဒီလိုဆိုရင် မျှတသွားပြီဟုတ်။ ဒီလိုပဲဆုံးဖြတ်လိုက်ပြီနော်၊ ဒါဆိုရင် ပြန်ခွင့်ပြုပါဦး"

ထိုသို့ပြောဆိုပြီး ခြံဝင်းထဲမှပြန်ထွက်ကာ နောက်ကို တစ်ချက်မှပင်လှည့်မကြည့်တော့ဘဲ တက်သုတ်ရိုက်ထွက်ခွာသွားလေသည်။

"ရှင့်တပည့်ယင်ဝူရှကို ကျွန်မသတ်လိုက်တာ။ အဲ့အတွက် ကလဲ့စားချေချင်စိတ်ရှိသေးလား"

လော့ချန်းချိုးက ခပ်မဲ့မဲ့ပြုံးလျက် မေးလာသည်။

တာအိုဆရာကြီးချီထောင် ခြေလှမ်းများတုံ့ခနဲရပ်သွားပြီး နားမလည်သောမျက်နှာဖြင့် ပြန်လှည့်ကြည့်လေသည်။

"ယင်ဝူရှဆိုတာ ဘယ်သူများတုန်း၊ ကျုပ်မသိတဲ့နာမည်ပါလား။ မဟုတ်မှ တစ်ယောက်ယောက်များ ကျုပ်နာမည်သုံးပြီး ပြဿနာတွေလိုက်ရှာနေတာလား။ ဘယ်လောက်တောင် ရိုင်းစိုင်းရဲတင်းလိုက်သလဲ"

တာအိုဆရာကြီး၏ ‌ဒေါသများ ရုတ်ချည်းပေါက်ကွဲထွက်လာပြီး ဘေးပတ်ပတ်လည်တွင် အရှိန်အဝါစွမ်းအင်များ မြင့်တက်ဖြာထွက်လာသည်။

"ငါ့နာမည်ကို ဘယ်လူယုတ်မာကများ လိုသလိုဖျက်ဆီးနေသလဲဟေ့"

ထို့နောက် လော့ချန်းချိုးကို ဦးညွှတ်လာလေသည်။

"ကျေးဇူးတင်ပါတယ် လှံသွားရှင်၊ ကျုပ်အတွက် ခလုတ်ကန်သင်းတစ်ခုကို ဖယ်ရှားပေးခဲ့တာပဲ။ မဟုတ်ရင် အဲ့ဒီလူကြောင့်နဲ့ ကျုပ်နာမည်တော့ ရစရာမရှိအောင်ရေစုန်မျောတော့မှာ။ ဒေါသထွက်စရာကောင်းလိုက်တာ"

"အဲ့လိုသရုပ်ဆောင်ရတာ အရမ်းပျော်နေလား"

တာအိုဆရာကြီး ဇာတ်လမ်းထွင်လို့မပြီးသည်ကိုမြင်သော် လော့ချန်းချိုး စိတ်မရှည်လက်မရှည်ဟန်ကိုပြသလိုက်သည်။ ထိုအချိန်တွင် လှံဖျားထိပ်တွင်လည်း စိမ်းပြာရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲပျံသန်းသွားလေ၏။

"ဪ အဲ့ဒီယင်ဝူရှလား"

တာအိုဆရာကြီးချီထောင်က သူ့နဖူးသူ ဖတ်ခနဲရိုက်လိုက်ကာ ရုတ်တရတ်သတိရသွားဟန်ဖြင့်ပြောသည်။

"အခုမှပဲမှတ်မိတယ်၊ အဲ့ဒီခွေးကောင်ကို လှံသွားရှင် မနှစ်ကပဲ သင်ခန်းစာကောင်းကောင်းပေးလိုက်တယ်မဟုတ်လား။ ကျုပ်မျက်နှာကြောင့် အဲ့ကောင်အသက်ကို လွှတ်ပေးခဲ့လိုက်တာလေ"

"တကယ်တော့ လှံသွားရှင်လည်းသိပါတယ်။ အဲ့ဒီကောင်ကကျုပ်တပည့်အစစ်လည်းမဟုတ်ပါဘူး။ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့မျက်နှာကြောင့်သာမဟုတ်ရင် သူ့ကို ဆရာသခင်လို့တောင်အခေါ်ခံခဲ့မှာမဟုတ်ဘူး။ အခု သေသွားပြီဆိုတော့လည်း ရှိပါစေတော့"

"ဘာပဲဖြစ်ဖြစ် အရင်နှစ်ကသူ့အသက်ကို ကျုပ်ကယ်ထားခဲ့တာဆိုတော့ ‌ကျေးဇူးကြွေးတွေလည်း ကျေပြီလို့မှတ်လိုက်တာပေါ့။ သူ့အတွက်ကလဲ့စားချေပေးဖို့တော့ မရှိတော့ပါဘူးဗျာ။ ဘာအငြှိုးအတေးမှမရှိတော့တာမလို့ လှံသွားရှင် အေးအေးချမ်းချမ်းသာနေရစ်ပါ"

အနောက်တွင်ကွယ်ရပ်နေသော တာအိုကျောင်းသားလေးမှာတော့ ဘာကမှားလို့မှားနေမှန်း စဥ်းစားမရပေ။

ပြောတော့ တိုက်လည်းသရေကျမှာဆို။

အခုကျဘာလို့ ဆရာသခင်က အဲ့မိန်းမကိုကြောက်နေရသလိုကြီး ဖြစ်နေတာလဲ။

လော့ချန်းချိုး သူ့ကို အချိန်တစ်ခုအထိစိုက်ကြည့်နေပြီးမှ နှုတ်ခမ်းများကိုဟလိုက်သည်။

"ကလဲ့စားချေတာမချေတာ ရှင့်အလုပ်ပဲ။ ကျွန်မယောက်ျားကတော့ အဲ့ကောင်ကြောင့် ဒဏ်ရာရသွားတယ်လေ။ ဒီအကြွေးကိုရော ဘယ်လိုပြန်ဆပ်မလဲ"

"ယင်ဝူရှအသက်နဲ့ဆပ်လိုက်ပြီပဲ မဟုတ်လား"

တာအိုဆရာကြီးက သူမကို ပြန်စိုက်ကြည့်လာသည်။

"အဲ့ဒီလူသေအလောင်းနဲ့ ကျွန်မယောက်ျားဒဏ်ရာကို သင်ပုန်းချေလိုက်စေချင်တာလား"

"သူ့ကိုသတ်ခဲ့တာ မင်းပဲလေ"

"ဒါပေမဲ့ အဲ့ဒီလူကိုသတ်လိုက်ရုံနဲ့ အကြွေးကျေပြီလို့ ကျွန်မမယူဆဘူး"

"..."

တာအိုဆရာကြီးမှာ ဘာပြန်ပြောလို့ပြောရမှန်းမသိတော့။ နောက်ဆုံးတော့ အမျိုးသမီးတစ်ယောက်နှင့် အကျိုးသင့်အကြောင်းသင့်ငြင်းခုံနေလို့ ဘာမှထူးမည်မဟုတ်ကြောင်း နားလည်လိုက်ရသည်။

"ကိုးရည်ကျို နတ်ဘုရားဆေးလုံး"

"ဘာရယ်"

"ကိုးရည်ကျိုနတ်ဘုရားဆေးလုံး တစ်လုံးပေးရင် ဒီအကြွေးကို ကျေပြီမှတ်ပေးမယ်"

လော့ချန်းချိုးက တည်ငြိမ်စွာ ရှင်းပြလာသည်။

"ကျွန်မယောက်ျားက ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်ပေမဲ့ သူ့ပါရမီက အလယ်အလတ်တန်းမှာပဲရှိနေတယ်။ ရှင်တို့ ဝူချဲ့ယင်ယန်းဂိုဏ်းမှာ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးပြီး အရိုးတွေကို ခိုင်မာတောင့်တင်းစေတဲ့ ဆေးတစ်မျိုးရှိတာ ကျွန်မမှတ်မိတယ်"

တာအိုဆရာကြီး၏မျက်လုံးများ ပြူးထွက်လာသည်။

"မင်းငါ့ကို လာနောက်နေတာလား၊ ကိုးရည်ကျို နတ်ဘုရားဆေးလုံးတစ်လုံး အောင်မြင်အောင်ဖော်စပ်ဖို့ သုံးနှစ်တောင်အချိန်ယူရတာ၊ ပြီးတော့ လိုအပ်တဲ့ဆေးဖက်ဝင်အပင်တွေကလည်း ရှားပါးလွန်းလှတယ်၊ ဘုရင်မင်းမြတ်အတွက်တောင် ငါတို့က သုံးလုံးပဲဖော်စပ်ပေးခဲ့တာ၊ ဒါကို သာမန်ဆေးလုံးတစ်လုံးလို့ မင်းထင်နေတာလား"

"ပေးမှာလား မပေးဘူးလား"

တောင်ကျရေကဲ့သို့ ကြည်လင်သော လော့ချန်းချိုး၏မျက်လုံးများက အေးစက်ခဲသက်နေခဲ့သည်။

တာအိုဆရာကြီး စိတ်ဆိုးသွားဟန်တူလေသည်။

"တစ္ဆေနတ်ဘုရားလှံသွားရှင်၊ ငါဒဏ်ရာရနေတယ်ဆိုတာနဲ့ မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေတာလး။ ငါပြောမယ်၊ ငါမင်းကို အခုအချိန် ဘာမှမလုပ်နိုင်တာတော့မှန်တယ်"

ထိုစဥ် အမျိုးသမီးက လက်ထဲမှလှံရှည်ကို ခပ်မြင့်မြင့်ဝင့်ကိုင်လိုက်သောကြောင့် တာအိုဆရာကြီးမှာ ကျန်စကားကို အမြန်ဆက်ပြောရသည်။

"အဲ့ဒီဆေးလုံးကတော့ အရမ်းအဖိုးတန်တယ်လေ။ အခုအချိန် ဂိုဏ်းထဲမှာတောင် တစ်လုံးပဲကျန်တော့တဲ့ဟာ။ ကျုပ်ဆီမှာလည်းမရှိဘူး။ မင်းမယုံရင် ကြိုက်တဲ့နေရာရှာကြည့်လို့ရပါတယ်။ ကောင်းကင်နဲ့မြေကြီးကို ကျိန်တွယ်ပြောရဲပါတယ်"

လော့ချန်းချိုးက ဆိုသည်။

"အချိန်ကန့်သတ်ချက် တစ်လပေးမယ်။ ရအောင်ယူခဲ့။ မဟုတ်ရင် ကျွန်မဘာသာသွားယူမယ်"

"မင်း"

တာအိုဆရာကြီးမှာ ဒေါသထွက်လွန်းသဖြင့် အော်ဆဲလိုက်ချင်သည်။

သို့သော် ဤအမျိုးသမီးက ပြောထားသောစကားကို မတည်တတ်သူမဟုတ်။

တာအိုဆရာကြီး စိတ်ကိုငြိမ်အောင်ထားကာ ညှိနှိုင်းဖို့ကြိုးစားသည်။

"တခြားဆေးလုံးတွေပေးလို့ရတယ်လေ။ အကုန် ထိပ်တန်းအဆင့်တွေပဲဖြစ်စေရမယ်လို့ အာမခံတယ်။ ဝူချွဲ့ယင်ယန်မှာ ကျုပ်တစ်ယောက်တည်းရှိတာလည်းမဟုတ်ဘူး။ သွားစိန်ခေါ်ရင် မင်းပဲဒုက္ခတွေ့မှာ"

"ကိုးရည်ကျို နတ်ဘုရားဆေးလုံးပဲ"

အမျိုးသမီးက အသံမာမာဖြင့် ထပ်ပြောလာသည်။

တာအိုဆရာကြီးမှာ ရွေးချယ်စရာမရှိစွာဖြင့် စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ရသည်။

"မင်းယောက်ျားဒဏ်ရာက အဲ့လောက်ဆိုးသွားလို့လား။ အဲ့လောက်ရန်ငြှိုးကြီးနေဖို့ ထိုက်တန်လို့လား"

အမျိုးသမီးက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကာ ဆိုသည်။

"သူအခုထိ အိပ်ရာပေါ်လဲနေတုန်းပဲ"

ဒါဆို တော်တော်ပြင်းသွားတဲ့ပုံပဲဟ။

တာအိုဆရာကြီးချီထောင်သည် ယင်ဝူရှ၏ ဆွေမျိုးဆယ့်ရှစ်ဆက်လုံးကို အကြိမ်ရာချီ ပယ်ပယ်နယ်နယ် ကျိန်ဆဲပေးလိုက်သည်။ နောက်ထပ်ဘယ်သူ့ကိုမှ ရန်သွားမစတော့ပါဘူးလို့ ကတိပေးထားပြီး ရန်သွားစပြန်တော့လည်း လှံသွားရှင်ရဲ့ယောက်ျားကိုမှတဲ့လား။ ဒီစောက်ရူးကောင်ကတော့။

"အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်"

တာအိုဆရာကြီးက သက်ပြင်းချကာ ဆိုလေသည်။

"ရှင့်ဘာသာ ဘယ်လိုပဲကြိုးစားကြိုးစား စိတ်မဝင်စားဘူး။ ဆေးလုံးပါလာတာကိုပဲလိုချင်တယ်"

လော့ချန်းချိုးက အထက်စီးမှဆိုသည်။ ဂါဝန်စမှာ တိမ်တိုက်စများအလား တလွင့်လွင့်ပျံဝဲလျက်။

"ဆေးလုံးပါမလာရင် ရှင်လည်း ရှင့်တပည့်နောက်လိုက်သွားတော့"

"ငါကများ မင်းကိုကြောက်ရမှာတဲ့လား"

တာအိုဆရာကြီးချီထောင်သည် ထိုစကားတစ်ခွန်းကို ဟန်ပါပါပြောလိုက်ပြီး ချက်ချင်းလှည့်ထွက်သွားလေတော့၏။

တာအိုကျောင်းသားလေးလည်း သူ့နောက်မှ အပြေးတစ်ပိုင်းလိုက်ပါသွားသည်။

မီတာငါးဆယ်မျှလျှောက်လာပြီးနောက် တာအိုဆရာကြီးက ခပ်တိုးတိုးပြောလာသည်။

"အဲ့မိန်းမ နောက်မှရှိနေသေးလား လှည့်ကြည့်ပေးဦး"

"အယ်"

ကျောင်းသားလေးက နောက်ကိုလှည့်ကြည့်ပြီး ခေါင်းယမ်းပြသည်။

"မရှိတော့ဘူး ဆရာသခင်"

ထိုစကားကိုကြားသော် တာအိုဆရာကြီးချီထောင်သည် ခြေလှမ်းများကို ခပ်သွက်သွက်အရှိန်တင်လိုက်တော့၏။

တိတ်ဆိတ်လှသော တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသောအခါမှသာ တာအိုဆရာကြီးသည် သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ပြီး နဖူးပေါ်မှချွေးများကို မောကြီးပန်းကြီး သုတ်လိုက်မိသည်။ ထိုစဥ် တာအိုကျောင်းသားလေးက သူ့ကို ထူးဆန်းသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူမကျေမနပ် ပြန်ပြောလိုက်၏။

"ဟင်း၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဓားနတ်သမီးနဲ့လက်ရည်စမ်းတုန်းက အတွင်းဒဏ်ရာကြီးရခဲ့လို့သာမဟုတ်ရင် သာမန် တစ္ဆေနတ်ဘုရားလှံသွားရှင်လေးက ငါ့ကို ဒီလိုစကားပြောရဲပါ့မလား၊ တောဘုရင်ကျားကို ခွေးအုပ်ဝိုင်းဆွဲတာခံရတဲ့ အဖြစ်မျိုးပဲ"

တာအိုကျောင်းသားလေးက သံသယဖြစ်နေဟန်အမူအရာဖြင့် မေးသည်။

"ဆရာသခင်၊ ဆရာသခင်က တကယ်ပဲ ဓားနတ်သမီးယဲ့ယောင်ယောင်နဲ့ တိုက်ခိုက်ခဲ့တာလား၊ ပြီးတော့ ဆရာသခင်က အသာစီးရခဲ့တာပေါ့"

"ဘာလဲ၊ မင်းက မယုံဘူးလား"

တာအိုဆရာသခင်ချီထောင်က အင်္ကျီလက်ဖျားစကို ဖျတ်ခနဲခါယမ်းကာ အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ဆိုသည်။

"မင်းမယုံလည်း နောင်တစ်ချိန် ဓားနတ်သမီးယဲ့ယောင်ယောင်နဲ့တွေ့တဲ့အခါ မင်းကိုယ်တိုင်ပဲ သွားမေးကြည့်လိုက်"

"မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ပါဘူး၊ ကျွန်တော် ဆရာသခင်ကို အကြွင်းမဲ့ယုံကြည်ပါတယ်"

တာအိုကျောင်းသားလေးမှာ အလျင်အမြန်ပင် ငြင်းဆိုလိုက်ရသည်။

တာအိုဆရာကြီး၏ မျက်နှာအမူအရာက အနည်းငယ်ပြေလျော့သွားခဲ့ပြီး တည်ငြိမ်စွာဆိုလိုက်သည်။

"အဲဒီနေ့တုန်းက တစ်ဖက်က အမျိုးသမီးငယ်လေးဖြစ်နေတာကို ထောက်ထားပေးတဲ့အနေနဲ့ ငါ့ရဲ့ အစွမ်းခွန်အား သုံးပုံတစ်ပုံလောက်ကို သိမ်းထားခဲ့တာ၊ မဟုတ်ရင် ငါဘယ်လိုလုပ် ဒဏ်ရာရပါ့မလဲ၊ ဒီဒဏ်ရာတွေပျောက်ကင်းသွားတဲ့အချိန် ငါတကယ်တမ်း ဘယ်လောက်အစွမ်းထက်သလဲဆိုတာ မင်းမြင်ရလိမ့်မယ်"

"ဆရာသခင်က တကယ်ပဲ အစွမ်းထက်လှပါတယ်"

တာအိုကျောင်းသားလေးသည် သံသယဝင်မိသည့်အတွက် ရှက်ရွံ့သွားဟန်ပင်ရှိ၏။

သူသည် မြှောက်ပင့်စကားအချို့ပြောကြားရရန် စဥ်းစားနေရင်း အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်မိရာ တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့ရပြီး အလွန်အမင်းထိတ်လန့်စွာဖြင့် မြေပြင်ပေါ် ဖင်ထိုင်လဲကျသွားလေတော့၏။

"ဆ..ဆရာသခင်၊ သရဲကြီး သရဲကြီး ရှိနေတယ်"

သရဲဟုတ်လား။

စိတ်တိုလို့မပြီးသေးသော တာအိုဆရာကြီးပင် မှင်တက်မိသွားခဲ့ရပြီး ထိုကျောင်းသားလေးညွှန်ပြသောနေရာသို့ လှမ်းကြည့်လိုက်သည်။

သူသည် မလှမ်းမကမ်းတွင် ငြိမ်သက်စွာရပ်နေသည့် ဖြူစင်သောဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။

သူမ၏လက်ထဲတွင် ဓားရှည်တစ်စင်းကို ကိုင်ဆောင်ထားခဲ့သည်။

ညဉ့်နက်အမှောင်ထုအတွင်း ထိုအမျိုးသမီးသည် လရောင်အလင်းတန်းတစ်ခုအလား ဖြူစင်ဆန်းကြယ်လှပေတော့သည်။

All Chapters