အခန်း ၁၈၉
Vol. 19 Ch. 189
189 သိုင်းလောက၏ မာယာနတ်ဆိုးမ
ဓားနတ်သမီး ယဲ့ယောင်ယောင်။
တောအုပ်အတွင်းရှိ ဖြူဆွတ်သောဝတ်ရုံနှင့် အမျိုးသမီးကိုကြည့်ရင်း တာအိုဆရာသခင်ချီထောင်မှာ သရဲအစစ်ကိုမြင်လိုက်ရသည့်အလား တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရပြီး နားစည်များပင် တဒုန်းဒုန်း တုန်ခါသွားခဲ့ရသည်။
သစ်ပင်ရိပ်များကြားတွင် ဝေဝါးမှုန်မှိုင်းစွာ ထင်ဟပ်နေသော သူမ၏ ကိုယ်ဟန်သဏ္ဌာန်မှာ အိပ်မက်ဆန်လှသဖြင့် အစစ်အမှန်ဟုထင်မှတ်ဖို့ပင် ခက်ခဲရချေ၏။
လရောင်နှင့် ဘေးပတ်ပတ်လည်ရှိ ပိုးစုန်းကြူးများ၏ အလင်းရောင်အောက်တွင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းဖျော့ဖျော့လေးများ ဝန်းရံဖြာထွက်နေခဲ့ပြီး နှင်းကဲ့သို့ ဖြူစင်ချောမွေ့သော လည်တိုင်မှာ ကျောက်သလင်းကိုထုဆစ်ထားကာ သန့်စင်သောအလင်းတန်းများဖြင့် သွန်းလောင်းထားသည့်အလား ကြည်လင်ရှင်းလင်းနေခဲ့သည်။
သို့သော် အထူးခြားဆုံးအင်္ဂါရပ်မှာမူ သူမ၏ ရှည်လျားလှသော ငွေဖြူရောင်ဆံနွယ်များပင် ဖြစ်သည်။
ထိုဆံနွယ်များသည် လွင့်ပျံနေသောတိမ်တိုက်များနှင့် ကြွေကျလာသောနှင်းပွင့်များအလား ကောင်းကင်ဘုံမှ လူ့လောကဆီသို့ သက်ဆင်းရောက်ရှိလာသည့် နတ်ဘုရားတို့၏ကောင်းချီးမင်္ဂလာအလား သန့်စင်မြင့်မြတ်လှပေ၏။
သူမသည် အလွန်ရိုးရှင်းသော ဝတ်စုံဖြူအရှည်ကို ဝတ်ဆင်ထားသော်လည်း ထိုရိုးရှင်းမှုကပင် ကမ္ဘာလောကနှင့် ကင်းကွာမြင့်မားသော အေးစက်မြင့်မြတ်သည့်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ရာ မြင်သူအပေါင်းအား လူသားစင်စစ်မဟုတ်သကဲ့သို့ ခံစားရစေသည်။
သူမသည် လမင်းနန်းတော်မှ ဆင်းသက်လာခဲ့သည့် နတ်သမီးတစ်ပါးလားဟုပင် ထင်မှတ်မှားမိစေသည်။
လေပြေညင်းထဲတွင် လွင့်ပျံနေသော စကတ်စအောက်ဝယ် ဇာပန်းကွပ်ထားသည့် ပိုးသားခြေအိတ်ရှည် အဖြူတစ်စုံကို တစ်ချက်တစ်ချက် မြင်တွေ့နေရ၏။
၎င်းက သူမ၏ သွယ်လျဖြောင့်စင်းသော ခြေသလုံးများကို ကြိုးကြာငှက်၏လည်တိုင်အလား အချိုးအစားပြည့်စုံစွာ ပေါ်လွင်စေခဲ့သည်။
သို့သော်လည်း ထိုအမျိုးသမီးသည် မျက်ဝန်းများကိုမူ အနီရောင်ပိုးပဝါစတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့သည်။
အဖြူဆွတ်ဆွတ်တွင် ထင်းထွက်နေသော အနီရောင်အစွန်းအထင်းလေးက ဖြူစင်မြင့်မြတ်လှသော ဓားနတ်သမီးအား လောကီဆွဲဆောင်မှုတစ်မျိုး ထပ်လောင်းဖြည့်စွက်ပေးနေခဲ့၏။
"ဘယ်လိုလုပ်ပြီး သူကဒီရောက်နေရတာလဲ"
ထိတ်လန့်တုန်လှုပ်ခြင်းများက တာအိုဆရာသခင်ချီထောင်၏ မှင်တက်နေသောမျက်နှာထက်သို့ ကူးစက်ပျံ့နှံ့သွားခဲ့ရပြီး ယနေ့သည် သူ၏ဘဝတွင် အဓိပ္ပာယ်မရှိဆုံးနေ့တစ်နေ့ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
အမှန်တော့ အိမ်မှမထွက်ခင် ဗေဒင်စာအုပ်ကို သေသေချာချာစစ်ဆေးကြည့်ရှုခဲ့သင့်သည်ပင်။
ရင်ထဲ၌ လှိုင်းတံပိုးထန်သည့်အလား ရိုက်ခတ်လာသော ထိတ်လန့်မှုများကို အတင်းအကျပ်ဖိနှိပ်ရင်း တာအိုဆရာသခင်ချီထောင်သည် ရုပ်ပျက်ဆင်းပျက် အပြုံးတစ်ခုအား မနည်းဖန်တီးလိုက်ရ၏။ သူ လက်နှစ်ဖက်ကိုအုပ်မိုးဆုပ်ကိုင်ကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ကျင့်ကြံသူချီထောင်က ဓားနတ်သမီးကို ဂါရဝပြုပါတယ်"
ဓားနတ်သမီး ဟုတ်လား။
သူမအား သရဲမတစ်ကောင်ဟု တပ်အပ်ထင်မှတ်ခဲ့သော တာအိုကျောင်းသားလေးမှာ မှင်တက်သွားခဲ့ရသည်။
ဆရာသခင်က အနိုင်တိုက်ခဲ့ဖူးသည်ဟု စောစောကတင်ကြွားဝါခဲ့သော ဓားနတ်သမီးယဲ့ယောင်ယောင်သည် အမှန်တကယ်ပင် သူတို့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
သူမသည် ဆရာသခင်နှင့် နောက်တစ်ပွဲလက်ရည်စမ်းကာ သူမ၏ဂုဏ်သတင်းကို ပြန်လည်ဆယ်ယူရန်အတွက် လာရောက်ရှာဖွေခြင်းပေလော။
ဆရာသခင်၏ အနီးကပ်သစ္စာခံ တပည့်ငယ်လေးတစ်ဦးအနေဖြင့် တာအိုကျောင်းသားလေးသည် သတိပေးစကားဆိုရန်လိုအပ်သည်ဟု ခံစားလိုက်ရ၏။
"စီနီယာဓားနတ်သမီးခင်ဗျာ၊ ကျွန်တော့်ဆရာသခင်က ဓားချင်းယှဥ်ပြိုင်ပွဲမှာ နတ်သမီးကို အနိုင်ရရှိခဲ့ဖူးတယ်ဆိုပေမယ့် လောလောဆယ်မှာတော့ သူ့အတွင်းဒဏ်ရာ ပြင်းထန်နေဆဲရှိပါသေးတယ်၊ အကယ်၍ နတ်သမီးသာ အခုအချိန်မှာတိုက်ခိုက်မယ်ဆိုရင် ဒါက အလစ်အငိုက်တိုက်ခိုက်ခြင်းသာဖြစ်ပြီး သိုင်းလောကရဲ့ကျင့်ဝတ်နဲ့ မညီညွှတ်ပါဘူး၊ ကျွန်တော့်ဆရာသခင် ဒဏ်ရာတွေ အလုံးစုံပျောက်ကင်းသွားတဲ့အထိ စောင့်ပြီးမှ ပြန်လည်လက်ရည်စမ်းတာကလည်း နောက်မကျပါဘူးခင်ဗျာ"
တာအိုကျောင်းသားလေး၏ စကားလုံးများက တာအိုဆရာသခင်ချီထောင်အား ထိုနေရာတွင်တင် ဦးနှောက်ကြီးပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားစေခဲ့သည်။
ဖိနပ်ဖြင့်နင်းချေခံထားရသလို ရုပ်ပျက်ဆင်းပျက်မျက်နှာကြီးမှာ ရုတ်ချည်းပင် ရဲရဲနီသွားခဲ့တော့၏။
တတ်များတတ်နိုင်လျှင် သူသည် သူငယ်နာမစင်သေးသည့် ထိုကျောင်းသားစုတ်ကို မြေပြင်ပေါ် ဆွဲလှဲကာ အရေခွံဆုတ်ပစ်ပြီး အပိုင်းပိုင်းဖြတ်ကာ ကြက်စာကျွေးပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။
ယဲ့ယောင်ယောင်ထံမှ ဘာတုံ့ပြန်မှုမျှ မရှိခဲ့ချေ။ သူမသည် ထိုနေရာတွင်သာ ငြိမ်သက်စွာရပ်နေခဲ့သည်။
သူမ၏ ရှည်လျားလှသော ငွေဖြူရောင်ဆံနွယ်များ၊ ပျော့ပျောင်းဝဲခါသော ဝတ်စုံဖြူအနားစ၊ သူမ၏မျက်ဝန်းများကို ဖုံးအုပ်ထားသော အနီရောင်ပိုးပဝါစ၏ အစွန်းလေးများသည် လေပြေထဲတွင် ညင်သာစွာ ဝဲပျံနေခဲ့ကြ၏။ သူတို့နှစ်ယောက်ကိုတော့ လေညင်းတစ်သုတ်မျှပင် အရေးမထားသည့်အလား။
တာအိုဆရာသခင်ချီထောင်က ရှက်ကိုးရှက်ကန်းဖြင့် အမြန်ရှင်းပြလိုက်သည်။
"အယ်... ကျွန်တော့်တပည့်က လျှောက်ပြောနေတာပါ၊ သူက ကလေးပဲရှိသေးတော့ ဘာမှနားမလည်သေးလို့ပါ၊ ဓားနတ်သမီး စိတ်ထဲမထားပါနဲ့ဗျာ"
"ဆရာသခင်၊ စောစောက ဆရာသခင်ပြောတာကျတော့—"
"ဘာပြောတာလဲ"
တာအိုဆရာသခင်ချီထောင်က ကြေးခေါင်းလောင်းအလား ပြူးကျယ်သောမျက်လုံးကြီးများဖြင့် စိုက်ကြည့်ကာ တံတွေးများ ပန်းထွက်သည်အထိ အော်ဟစ်လိုက်သည်။
"မင်းနားပင်းနေတာလား၊ ငါပြောခဲ့တာက လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲဒီ... အဲဒီ... ဪ ဟုတ်ပြီ၊ အဲဒီ အဆိပ်ပြင်းမုဆိုးမ၊ မာယာနတ်ဆိုးမ ယွီဟုန်ယဲ့နဲ့ တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရခဲ့တာလို့ ပြောတာလေ၊ ငါအစက ဓားနတ်သမီးနဲ့လက်ရည်ယှဥ်ပြီး ပညာယူဖို့ ရည်ရွယ်ထားတာပေမယ့် ကံမကောင်းစွာနဲ့ ဒဏ်ရာတွေကပြင်းထန်လွန်းလို့ လက်လျှော့လိုက်ရတာ"
"အယ်... ကျွန်မကရှင်နဲ့ ဘယ်တုန်းကလက်ရည်စမ်းဖူးလို့လဲ တာအိုဆရာရဲ့"
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ အလွန်အမင်းညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ဦး၏အသံသည် နောက်ကွယ်တစ်နေရာမှ လွင့်ပျံလာခဲ့သည်။
တာအိုဆရာသခင်ချီထောင်၏ မျက်နှာထက်ရှိ အမူအရာမှာ အေးခဲသွားခဲ့ရပြီး သူသည် သစ်သားတုံးတစ်တုံးကို မြေပြင်တွင်စိုက်ချထားသည့်အလား အတောင့်သား ခဲသက်သွားခဲ့ရတော့၏။
တာအိုကျောင်းသားလေးသည် အသံလာရာနောက်သို့ လှည့်ကြည့်လိုက်ရာ တောအုပ်အတွင်း၌ လှစ်ခနဲပေါ်ပေါက်လာသော ဝတ်စုံနီနှင့် ညှို့ဓာတ်ပြင်းလှသည့် မိန်းမချောတစ်ဦးကို မြင်တွေ့လိုက်ရပြီး သူမသည် သူတို့ဆရာတပည့်အား လူသားစားမိစ္ဆာမတစ်ကောင်အလား ပြုံးစစဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုအမျိုးသမီး၏ ပုံပန်းသဏ္ဌာန်သည် စကားလုံးဖြင့်ဖော်ပြမရအောင် ညှို့ဓာတ်ပြင်းလွန်းလှ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မှည့်ဝင်းနေသော သလဲသီးတစ်လုံးအလား ရင့်ကျက်စိုပြေသော အလှတရားများကို တလဲ့လဲ့ထုတ်လွှတ်နေသည့်ဟန်ပင်။
သာမန်အမျိုးသားတစ်ဦးအနေဖြင့် သူမအား တစ်ချက်ကြည့်ရုံဖြင့် စိတ်ထဲသို့ စကားလုံးတစ်လုံးတည်းသာ ရောက်ရှိလာပေလိမ့်မည်။
အိပ်ရာ။
ထိုအမျိုးသမီးဝတ်ဆင်ထားသော ဝတ်စုံကလည်း ထပ်တူပင် ဆွဲဆောင်မှုရှိလှသည်။ လှပဆန်းကြယ်စွာ ခြယ်သချုပ်လုပ်ထားသော ဝတ်စုံရှည်အနီတွင် အနက်ရောင်နှင့် အစိမ်းရောင် လိပ်ပြာပုံစံအနားကွပ်များ ပါရှိပြီး ဝတ်စုံစကတ်အောက်နားကို အပေါ်အထိခွဲထားရာ ညလေညင်းတသွင်သွင် တိုက်ခတ်လိုက်တိုင်း နို့နှစ်ရောင်ကဲ့သို့ ဖြူစင်ဝင်းပသော ပေါင်သားလှလှများက တလှပ်လှပ်ပေါ်ထွက်နေခဲ့လေသည်။
သို့သော် အဆွဲဆောင်နိုင်ဆုံးအပိုင်းမှာမူ ခြေတံထက်မှ အနက်ရောင် ပိုးသားခြေအိတ်အရှည်တစ်စုံပင် ဖြစ်သည်။
ယဲ့ယောင်ယောင်၏ ဖြူစင်နူးညံ့သောဟန်ပန်နှင့် ကွဲပြားစွာပင် ထိုအမျိုးသမီး၏ အနက်ရောင်ပိုးသားခြေအိတ်များသည် ပြင်းထန်လှသောညှို့ဓာတ်နှင့် မာယာလွှမ်းသော အလှတရားများကို အပြည့်အဝ ထုတ်လွှတ်နေခဲ့၏။
တော်ဝင်မင်းသမီးကြီး ပိုင်ရူယွဲ့၏ ဆွဲဆောင်မှုက ရာဇမာန်ဖြင့်ထိန်းချုပ်ထားသော မြင့်မြတ်သောအလှတရား ဖြစ်ခဲ့ပါက ဤအမျိုးသမီး၏ ဆွဲဆောင်မှုကမူ အထိန်းအကွပ်မရှိ ရဲတင်းရူးသွပ်လွန်းလှကာ အမျိုးသားတို့၏ စိတ်ဆန္ဒများကို အချိန်မရွေးလောင်ကျွမ်းစေနိုင်သော မီးတောက်တစ်ခုအလား ရှိနေခဲ့ပေသည်။
"ဘာလို့ ဘာစကားမှမပြောတော့တာလဲရှင်"
အမျိုးသမီးသည် လှိုင်းတံပိုးများပေါ်တွင် လျှောက်လှမ်းနေသည့်အလား ညင်သာကြွရွသော ခြေလှမ်းများဖြင့် အနီးသို့လျှောက်လှမ်းလာခဲ့ရာ တာအိုကျောင်းသားလေး၏ နှလုံးသားကို ယားကျိကျိဖြစ်သွားစေခဲ့သည်။
တာအိုကျောင်းသားလေးမှာ မျက်နှာတပြင်လုံး ရုတ်ချည်းရဲတက်သွားခဲ့သည်ပင်။
သူ၏ဆရာသခင်ကို အမြန်လှမ်းကြည့်လိုက်မိရာ တာအိုဆရာကြီးမှာ မျက်နှာအိုကြီးတွင် မျက်ရည်များတသွင်သွင်စီးကျနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရတော့၏။ ဆရာသခင် ချုံးပွဲချ ငိုကြွေးနေခဲ့လေပြီ။
သူဘယ်လိုလုပ်မငိုဘဲ နေနိုင်ပါ့မလဲ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရလေခြင်း။ တပည့်လေးရှေ့တွင် အပင်ပန်းခံ တည်ဆောက်ထားခဲ့ရသမျှ ကြီးမြတ်လှသော ဆရာသခင်ပုံရိပ်ကြီးမှာ ယခုတော့ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်ခြင်းခံလိုက်ရလေပြီ မဟုတ်ပါလား။
"တာအိုဆရာရဲ့ကျင့်ကြံခြင်းက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ၊ ကျွန်မတောင်မသိလိုက်ဘဲနဲ့ ကျွန်မလက်ချက်ကြောင့် ဒဏ်ရာရသွားရတယ်လို့၊ ဟင်းဟင်း အထင်ကြီးဖို့ကောင်းလိုက်တာနော်"
ထိုအမျိုးသမီးက ခပ်အီအီရယ်မောလိုက်ရာ သူမ၏ ဘယ်ဘက်မျက်ဝန်းအောက်ရှိ ဆေးဒန်းဖြင့်တို့ထားသော မှဲ့နီလေးက တဖျတ်ဖျတ်တောက်လက်လျက် သူမ၏အကြည့်ကို ပို၍ညှို့ဓာတ်ပြင်းသွားစေခဲ့သည်။
သူမထံမှရရှိသော မွှေးရနံ့က အလွန်အမင်း ပြင်းထန်လှ၏။ အကယ်၍ သာမန်အမျိုးသမီးတစ်ဦးထံမှ ထိုမျှပြင်းပြသော ရေမွှေးရနံ့မျိုးရခဲ့ပါက နှာခေါင်းရှုံ့ချင်စရာကောင်းလောက်မည် ဖြစ်သော်လည်း ဤအမျိုးသမီး၏ရနံ့မှာ မိန်းမပျက်မဆန်ဘဲ ထပ်မံရှူသွင်းချင်စရာသာကောင်းနေလေသည်။
"အဲဒါ... အဲဒါက..." တာအိုဆရာကြီးမှာ ဘာစကားမှထပ်မပြောရဲတော့ပေ။
ဤလောကရှိ အမျိုးသမီးကျင့်ကြံသူအားလုံးထဲတွင် ယဲ့ယောင်ယောင်နှင့် တစ္ဆေနတ်ဘုရားလှံသွားရှင်တို့က ကျင့်ကြံခြင်း၌ ပထမနှင့် ဒုတိယနေရာတွင် ရှိနေခဲ့ပါက တတိယနေရာမှာမူ မလွဲမသွေပင် ဤအမျိုးသမီးသာဖြစ်လိမ့်မည်။ မာယာနတ်ဆိုးမ ယွီဟုန်ယဲ့၊ သိုင်းလောကတွင် အဆိပ်ပြင်းမုဆိုးမ ဟုလည်း လူသိများသူဖြစ်သည်။
ဤအမျိုးသမီး၏ ဘဝဖြတ်သန်းမှုကလည်း အလွန်ပင် စုံလင်ဆန်းကြယ်လှပေသည်။
သူမ ငယ်ရွယ်နုနယ်စဥ် အချိန်ကတည်းက မိသားစုပြိုကွဲပျက်စီးခဲ့ရကာ မိထွေးဖြစ်သူက သူမအား ဝဝတုတ်တုတ်နှင့် နားရွက်ကားကား ကုန်သည်ကြီးတစ်ဦးထံသို့ ဇနီးအဖြစ် အတင်းအကျပ် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ သို့သော် မင်္ဂလာဝေါယာဉ်တံခါးထဲသို့ပင် မဝင်ရသေးမီ ထိုကုန်သည်ကြီး သေဆုံးသွားခဲ့ရ၏။
လက်ထပ်စာချုပ်က ရှိနေခဲ့ပြီးဖြစ်ရာ သူမအနေဖြင့် မုဆိုးမအဖြစ်သာ နေထိုင်ခဲ့ရတော့သည်။
မှီခိုအားထားရာ အမျိုးသားမရှိသဖြင့် သူမသည် ယောက္ခမအိမ်တွင် အဆုံးမရှိသောနှိပ်စက်ညှင်းပန်းမှုများကို အောင့်အီးခံစားခဲ့ရသည်။ ခဲအို၊ မရီးများက သူမအား မနားတမ်းပြဿနာရှာကြပြီး ယောက္ခမဖြစ်သူက ရိုက်နှက်ဆဲဆိုကာ သေဆုံးသွားသောခင်ပွန်း၏ အစ်ကိုကြီးဖြစ်သူဆိုလျှင် သူမ၏ခန္ဓာကိုယ်ကို တပ်မက်စိတ်ဝင်ကာ မကြာခဏ ခြိမ်းခြောက်နှောင့်ယှက်လေ့ရှိ၏။
ဤသို့ဖြင့် မနာလိုဝန်တိုတတ်သော မရီးဖြစ်သူအား ဤမိန်းကလေးသည် သူမ၏ခင်ပွန်းဖြစ်သူကို တိတ်တဆိတ်မြှူဆွယ်နေသည်ဟု ထင်မှတ်သွားစေခဲ့ကာ လူတိုင်း၏မျက်ကွယ်တွင် ထိုမိန်းကလေးအား အရာရှိကြီးတစ်ဦး၏ မိသားစုထံသို့ ဝိညာဥ်မင်္ဂလာဆောင်ရန်အတွက် ရောင်းစားပစ်ခဲ့ပြီး သူမအား လူသေနှင့်အတူ ခေါင်းတလားထဲသို့ သံရိုက်ထည့်သွင်းခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ယောက်က သူမအားကယ်တင်ခဲ့ပြီး ပညာရပ်များစွာကို သင်ကြားပေးခဲ့သည်။ တစ်ဘဝလုံးစာ နာကျည်းချက်များဖြင့် ပြည့်နှက်နေသော ယွီဟုန်ယဲ့သည် အင်အားတစ်ခုရလာသည်နှင့် သူမအား နှိပ်စက်ခဲ့ဖူးသူအားလုံးနှင့် မိထွေးမကိုပါမကျန် သတ်ဖြတ်ပစ်ခဲ့တော့၏။
ဖြည်းဖြည်းချင်းဖြင့် သူမသည် သိုင်းလောကတွင် အဆိပ်ပြင်းမုဆိုးမဟူသော ဘွဲ့အမည်ကို ရရှိခဲ့၏။ နောင်တွင် ထိုအမျိုးသမီး၏ ညှို့ဓာတ်ပြင်းလှသောအလှတရားနှင့် ရက်စက်ကြမ်းကြုတ်ကာ သွေးအေးလှသော လူသတ်နည်းလမ်းများကြောင့် အခြားဘွဲ့အမည်တစ်ခုကိုပါ ထပ်မံရရှိခဲ့တော့သည်။
"မာယာနတ်ဆိုးမ"