← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

190 အနာဂတ်က ငါ

"တာအိုဆရာ၊ ကျွန်မတို့ အခုပဲလက်ရည်စမ်းကြရင်ရော ဘယ်လိုလဲ၊ ကျွန်မကို ညှာတာပေးရမယ်နော်၊ မိန်းမသားဆိုတော့ နာရမှာကို အရမ်းကြောက်တတ်လို့ပါ"

ယွီဟုန်ယဲ့တွင် နွေဦးရာသီ၌ဖူးပွင့်လာသော ပန်းတစ်ပွင့်အလား နုနယ်လှပပြီး ချိုသာသောမျက်နှာလေးရှိလေသည်။ ခါးတစ်လျှောက်ရှိအသားစိုင်မှာ အလွန်နူးညံ့စိုပြေဟန်ရှိကာ ရင်ဘတ်နေရာမှာမူ စောင်တစ်ထည်ကို ခေါက်ပတ်ထားသည့်အလား ကြီးမားလှသောအကွေ့အဝိုက်ဖြင့် အလွန်အမင်း ထည်ဝါလွန်းလှ၏။ လုံးဝန်းအိစက်နေသော တင်ပါးဆုံကောက်ကြောင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် ညှို့ဓာတ်ပါကာ ရင့်ကျက်သောအလှတွင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အရှိန်အဝါများကိုပါ အပြည့်အဝ ထုတ်လွှတ်နေခဲ့၏။ အပြည့်အဝ မှည့်ဝင်းနေသော သစ်သီးတစ်လုံးအလား ဆွတ်ခူးစားသုံးချင်စရာ။

သူမသည် အသက်သုံးဆယ်ကျော်အရွယ် မိန်းမပျိုတစ်ဦးဖြစ်သည်ကို လူတိုင်းသိကြပါသော်ငြား ထိုကျောက်စိမ်းကဲ့သို့ နုပျိုလှသောမျက်နှာလေးမှာမူ ဆယ့်‌ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးထက်ပင် ပိုမိုစိုပြေဝင်းပနေခဲ့ရာ တို့ထိလိုက်ရုံမျှဖြင့် ပျက်စီးသွားမလားဟု ထင်မှတ်မှားရစေ၏။

"ဒီကျင့်ကြံသူအိုကြီးက ပြင်းထန်တဲ့အတွင်းဒဏ်ရာ ရထားလို့ပါ၊ ဒါကြောင့် လက်ရည်ယှဥ်ဖို့ကိစ္စကို မေ့လိုက်ပါတော့"

တာအိုဆရာသခင်ချီထောင်မှာ ငိုရခက်ရယ်ရခက် အမူအရာဖြင့် မျက်နှာပျက်ပျက်နှင့်သာ ပြုံးပြလိုက်ရသည်။

"အဲ့လိုလား၊ ဒီတစ်ကြိမ်မှာရော ရှင့်ကို ဘယ်သူက ဒဏ်ရာရအောင်လုပ်လိုက်တာလဲဟင်"

အမျိုးသမီးက ပုလဲလုံးလေးလိုသွားလေးများပေါ်သည်အထိ အေးစက်စက်ပြုံးရယ်ကာ မေးလေသည်။

တာအိုဆရာသခင်ချီထောင်က ပါးစပ်ကို ဟလိုက်မိသော်လည်း ထပ်မံ၍ ဇာတ်လမ်းမဆင်ရဲတော့ချေ။ သူ့ကံကြမ္မာဆိုးရွားမှုကို သူတကယ်ကြောက်လန့်နေမိပြီဖြစ်၏။

"တာအိုဆရာက တကယ်ပဲ ချစ်ဖို့ကောင်းလိုက်တာနော်" ယွီဟုန်ယဲ့က တခစ်ခစ်ရယ်မောလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး သူမ၏ ရင်ဘတ်နေရာမှာလည်း မျက်စိပြာဝေလုနီးပါး တသိမ့်သိမ့်တုန်တက်သွားခဲ့ရ၏။

သို့သော် သနားစရာတာအိုဆရာကြီးမှာမူ လုံးဝလိုက်မရယ်နိုင်ချေ။ ထိုအမျိုးသမီးသည် သိုင်းလောကတွင် တွေ့ကရာလူကို မျက်တောင်မခတ်တမ်းသတ်ဖြတ်တတ်သည့် နာမည်ကျော် မိစ္ဆာခေါင်းဆောင်မတစ်ဦးဖြစ်ကြောင်း သူသိနေခဲ့သည် မဟုတ်ပါလား။ သူမသည် ယခုစက္ကန့်တွင် ပြုံးချိုနေသော်လည်း နောက်တစ်စက္ကန့်၌ ထိုနူးညံ့ချောမွေ့သောလက်ဖဝါးက တစ္ဆေလက်သည်းအလား သူ၏ရင်ဘတ်ကို ထုတ်ချင်းပေါက် ဖောက်ထွက်သွားနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ယွီဟုန်ယဲ့သည် သူထင်သလို မိစ္ဆာမတစ်ကောင်အဖြစ် ပြောင်းလဲမသွားခဲ့ချေ။ သူမသည် လှပသောမျက်ဝန်းအစုံဖြင့် ယဲ့ယောင်ယောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ညင်သာစွာ မေးမြန်းလိုက်သည်။

"တာအိုဆရာ၊ စောစောက ရှင့်ပါးစပ်ကနေ တစ္ဆေနတ်ဘုရားလှံသွားရှင်အကြောင်း ပြောလိုက်သေးတယ်မဟုတ်လား"

"ဟုတ်... ဟုတ်ပါတယ်" တာအိုဆရာကြီး၏နားထင်မှ ချွေးစေးများ စီးကျလာခဲ့သည်။

ယွီဟုန်ယဲ့က သူမ၏ မိုးကုတ်စက်ဝိုင်းကဲ့သို့ ကွေ့ဝိုက်သောမျက်ခုံးလေးကို ပင့်လိုက်ပြီး ပြုံးလျက်မေးလိုက်သည်။

"သူအခု ဘယ်မှာရှိလဲ"

တာအိုဆရာသခင်ချီထောင်မှာ ထိုမေးခွန်းတွင် မှင်တက်သွားခဲ့ရပြီးမှ တစ်ဖက်လူသည် တစ္ဆေနတ်ဘုရားလှံသွားရှင်အကြောင်းကို နားစွန်းနားဖျားကြားလိုက်ရသဖြင့် ပေါ်ထွက်လာခြင်းဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့ရသည်။ သူသည် ဘာမျှမဖုံးကွယ်တော့ဘဲ လော့ချန်းချိုး၏ နေရပ်လိပ်စာကို အသေးစိတ် သေသေချာချာ ပြောပြလိုက်တော့သည်။

"တာအိုဆရာက အရမ်းလိမ္မာတာပဲနော်"

ထိုအမျိုးသမီး၏ နီရဲလှသောနှုတ်ခမ်းလွှာက အနည်းငယ်ကွေးညွတ်သွားခဲ့ပြီး မျက်လုံးအစုံက လူတစ်ယောက်၏ဝိညာဉ်ကို ညှို့ယူဖမ်းစားနေသည့်အလား ရှိနေခဲ့သဖြင့် တာအိုဆရာသခင်ချီထောင်မှာ ထိတ်လန့်တကြားဖြင့် စိတ်ငြိမ်ဂါထာကို စိတ်ထဲမှ အလျင်အမြန်ရွတ်ဖတ်လိုက်ရတော့သည်။ အမျိုးသမီး၏ ညှို့ဓာတ်မန္တန်က အလွန်အဆိပ်ပြင်းလှသည်လေ။

သူ့‌ဘေးတွင်ရှိသော တာအိုကျောင်းသားလေးမှာတော့ ထိုညှို့ဓာတ်တွင် ဖမ်းစားခံလိုက်ရပြီဖြစ်ရာ ပါးစပ်ထောင့်မှ တံတွေးများစီးကျသည်အထိ ငေးမောနေမိသဖြင့် သူတစ်ချက်လောက်ပိတ်ရိုက်လိုက်သည်။

"နတ်သမီးယွီ တခြားပြောစရာမရှိတော့ဘူးဆိုရင် ဒီတာအိုအဘိုးကြီးကို သွားခွင့်ပြုပါဦး"

တာအိုဆရာကြီးချီထောင်က ထိုအမျိုးသမီးကို ကြာကြာမျက်နှာချင်းမဆိုင်ရဲဟန်ဖြင့် ဆိုလေသည်။ ထိုညှို့ဓာတ်ကျော့ကွင်းတွင် ဘယ်အချိန်မဆို မတော်တဆချော်ကျသွားနိုင်သည်မဟုတ်လော။

"ဂရုစိုက်ပါနော် တာအိုဆရာ"

ယွီဟုန်ယဲ့က အပြုံးလေးဖြင့်ဆိုသည်။

"တာအိုဆရာရဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းတဲ့အခါမှ ဟုန်ယဲ့ တာအိုဆရာနဲ့ ပညာချင်းဖလှယ်ချင်ပါသေးတယ်"

တာအိုဆရာသခင်ချီထောင်မှာ ထိုအခါမှ စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် ဝတ်ကျေတန်းကျေ တဟဲဟဲရယ်ကာ ခါးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် နှစ်လှမ်းမျှလျှောက်ထွက်ပြီးရုံရှိသေး တစ်ခုခုကိုသတိရသွားဟန်ဖြင့် ယဲ့ယောင်ယောင်ရှေ့အမြန်သွားကာ တစ်ဖန်ဦးညွှတ်လိုက်ပြီး ဘေးမှကောင်လေးကိုဆွဲကာ သုတ်ခြေတင်ထွက်သွားလေတော့သည်။

"ကံကောင်းလိုက်တာ၊ လူကို ဒီလောက်မြန်မြန်ရှာတွေ့သွားတာပဲ"

ယွီဟုန်ယဲ့က ယဲ့ယောင်ယောင်ရှေ့ကိုလာကာ အသံချိုချိုဖြင့်ဆိုသည်။

"ဟိုင်လင်ကနေ ဒီအထိခရီးဆက်လာရတာ အချည်းနှီးတော့မဖြစ်တော့ဘူးပေါ့လေ"

ယဲ့ယောင်ယောင်ကတော့ နှုတ်ဆိတ်လျက်သားဖြင့် ချယ်ရီရောင်နှုတ်ခမ်းလွှာလေးကို တင်းတင်းစေ့ထားသည်။ အမျိုးသမီးပေါ်သို့ ဖြာကျနေသောလရောင်မှာ သူမ၏အသားအရေကို အလင်းဖျော့ဖျော့ဖြင့် တောက်ပနေစေ၏။

"ရှင့်ခန္ဓာကိုယ်ကအဆိပ်ကို သူဖယ်ပေးနိုင်ဖို့မျှော်လင့်တယ်"

ယွီဟုန်ယဲ့က တိမ်များကြားထဲ ဖောက်ထွက်တည်ရှိနေသော မက်စောက်သောတောင်ထိပ်ကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့ သူ့ကိုရှာမတွေ့ခင် ကျွန်မတို့လုပ်ရမယ့်ဟာတစ်ခုရှိသေးတယ်"

...

ထိုစဥ် မင်းသမီးရှန်းယွမ်၏လမ်းညွှန်မှုဖြင့် လီနန်ခယ့်တစ်ယောက် သူမပြောခဲ့သော ထိုမိုးနီနှလုံးသားကို တွေ့မြင်ခဲ့ရလေပြီ။ ထိုအရာမှာ နီနီရဲရဲ လူ့အသားတုံးကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူ၏။ ဘတ်စကတ်ဘောကွင်းတစ်ဝက်စာလောက်အထိ ကျယ်ပြောကာ မြေပြင်မှာ ဆယ်ကျန်းခန့်မြင့်သောလေထဲတွင် ပေါလောပေါ်ပျံဝဲနေကာ ဤကမ္ဘာကြီး၏ အသက်သွေးကြော နှလုံးသားတစ်ခုအလား စည်းချက်ကျကျလှုပ်ခုန်နေခဲ့သည်။

ထိုနှလုံးသားကို သိပ်သည်းသေးငယ်သော အညိုရောင်လိုင်းလေးများဖြင့် ဖုံးလွှမ်းထားသည်။ နှလုံးခုန်ခြင်းကြောင့် နှလုံးသား ကြီးမားကျယ်ပြန့်လာသည့်အခါတိုင်း အညိုလိုင်းလေးများလည်း ပိုလို့ ထင်ရှားပြတ်သားလာသည်။ ထိုလိုင်းတည်ဆောက်ပုံမှ ထူးဆန်းသော ရှေးဟောင်းတရုတ်စာလုံးအချို့ကို ခပ်ရေးရေးမြင်နေရသလိုပင်။

"မင်းပြောတော့ ဒီနှလုံးသားအနားကိုကပ်ရင် ငါတို့ လက်တွေ့ကမ္ဘာကိုပြန်သွားလောက်နိုင်မယ့်ခံစားချက်ကို ခံစားမိတယ်ဆို။ ဘာလို့ငါကျ တစ်ခုမှမခံစားမိရတာလဲ"

လီနန်ခယ့်က အသံနိမ့်နိမ့်ဖြင့်ဆိုသည်။

မင်းသမီးရှန်းယွမ်ကဆိုသည်။

"ရှင်ကအရမ်းဝေးတဲ့နေရာမှာရှိနေလို့ဖြစ်မှာပေါ့။ ကျွန်မ ဝိညာဥ်စွမ်းအင်နဲ့အာရုံခံကြည့်တော့ ဒီနေရာကနေလွတ်မြောက်ပြီး လက်တွေ့ကမ္ဘာကိုပြန်သွားနိုင်တော့မလို ထူးဆန်းတဲ့ခံစားချက်မျိုးရတယ်ရှင့်"

ထိုအချိန်တွင် လီနန်ခယ့်သည် ထိုနှလုံးသားကြီးထံမှ မီတာတစ်ရာခန့်အကွာတွင် ရှိနေခြင်းဖြစ်သည်။ ကိုယ်ပျောက်သင်္ကန်းရုံထားသော်ငြား သူ ထိုအနားသို့ လက်လွတ်စပယ်မကပ်ရဲ။ ထိုအရာကြီး၏ အနီးတစ်ဝိုက်တွင် အန္တရာယ်များစွာ ပုန်းခိုတည်ရှိနေတတ်သည်ဟု ဆိုသည်မဟုတ်လော။

မင်းသမီးရှန်းယွမ်၏စကားအဆုံးတွင်တော့ လီနန်ခယ့် အနည်းငယ်အခက်တွေ့သွားရသည်။ အနားကပ်သွားရမှာလား။ အမျိုးသားသည် ခုန်လှုပ်နေသောနှလုံးသားကို စူးစိုက်ကြည့်နေရင်း မင်းသမီးရှန်းယွမ်ပြောသကဲ့သို့ အံ့သြစရာခံစားချက်တစ်ခုကို အာရုံခံမိလိုက်တော့၏။

မယ်မယ်ကြီးသာ ဒီနားတွင်ရှိနေလျှင် ဘယ်လောက်အသုံးဝင်လိုက်မည်နည်း။ လီနန်ခယ့်စိတ်ထဲ ဟယ့်လန်ရှောင်းက ဖျတ်ခနဲပေါ်လာသည်။

"ယောက်ျားလား"

သူ့နောက်မှ ရင်းနှီးနေသော ချိုမြိန်ချွဲပျစ်သည့်အသံလေးက နားထဲစီးဝင်လာလေသည်။

ဘုရားရေ ဒီပါးစပ်ကို ရွှေသာချထားလိုက်ချင်တော့တယ်။

လီနန်ခယ့် နောက်သို့လှည့်ကြည့်လိုက်သော် မယ်မယ်ကြီးကို အခန့်သားတွေ့လိုက်ရလေသည်။ နောက်ဆုံးတွေ့ခဲ့သည့်အတိုင်း အလင်းတန်းလေးဖြင့်ဖုံးကာလျက် မလှမ်းမကမ်းတွင် တအံ့တသြရပ်နေခဲ့ခြင်းပင်။

"မင်းဘယ်လိုလုပ် ဒီရောက်နေတာလဲ" လီနန်ခယ့်က အသံတိုးတိုးဖြင့်လှမ်းမေးလိုက်သည်။

ဟယ့်လန်ရှောင်းက ကြောင်ပေါက်လေးအလား လျှာတစ်လစ်ထုတ်ကာ ရှက်ကိုးရှက်ကန်းဆိုလာသည်။

"ကျွန်မဒီနားမှာလျှောက်ပတ်ကြည့်နေရင်း ထူးဆန်းတဲ့အရာတစ်ခုမြင်လိုက်ရလို့ သိချင်တာနဲ့ ဒီအထိလာကြည့်လိုက်တာပဲ"

"အဲ့ဒီနှလုံးသားကြီးကို မင်းလည်းမြင်ရတယ်မလား"

"ဟုတ် မြင်ရတယ်"

ဟယ့်လန်‌ရှောင်းက ခေါင်းလေးကိုအသာညိတ်ပြသည်။

လီနန်ခယ့်ကပြောသည်။

"အနားကပ်ပြီး တစ်ချက်လောက်သွားကြည့်ကြည့်စမ်းပါ။ ဂရုတော့စိုက်နော်"

ဟယ့်လန်ရှောင်းသည် ထိုအရုပ်ဆိုးသော အနီရောင်အသားတုံးကြီးကို ခပ်ရွံ့ရွံ့ကြည့်ပြီး မျက်လုံးလေးများက ကြောက်ရွံ့စိုးထိတ်သွားဟန်ရှိ၏။

"ကျွန်မတို့ အတူတူသွားကြရင်ကော"

"ငါသာသွားရဲမှတော့ ဒီနေရာမှာပုန်းနေပါ့မလား"

လီနန်ခယ့်က ‌ဒေါသထွက်ထွက်ဖြင့် ဟောက်လိုက်သည်။

ထိုအချိန်တွင် ကြီးလှစွာသောနှလုံးသားတုံကြီးမှာ အနက်ရောင်အလင်းတန်းတစ်လွှာထပ်ကာ တောက်ပလာပြီး အလယ်တွင် အမည်းရောင်လေပွေတစ်ခု ပေါ်ထွက်လာလေသည်။ ပထမတော့ ထိုလေပွေမှာ လက်သီးဆုပ်အရွယ်မျှသာရှိကာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး ခပ်မှိန်မှိန်အရောင်အဝါတစ်မျိုးဖြင့်လည်း တောက်ပနေသေး၏။ ထိုအရာကြီးသည် ကြည့်ရင်းကြည့်ရင်း မျက်လုံးကြီးတစ်လုံးနှင့်တူလာကာ လီနန်ခယ့်ကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။

လီနန်ခယ့် တစ်ခုခုမှားနေသည်ကိုခံစားလိုက်ရသဖြင့် ဟယ့်လန်ရှောင်းကိုလှမ်းဆွဲကာ ဆိုလိုက်သည်။

"ပြေးတော့"

သို့သော် သူနောက်သို့လှည့်လိုက်သည်နှင့် မြင်ကွင်းမှာ ဗရုတ်သုတ်ခဆန်နေခဲ့လေပြီ။

လီနန်ခယ့်သည် သူ့ကိုယ်သူ ကျဉ်းမြောင်းမှောင်မိုက်ပြီး စိုစွတ်လှသည့် အကျဉ်းထောင်အခန်းငယ်တစ်ခုထဲသို့ ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရပြီး သူ၏အရှေ့တွင်မူ သံတိုင်များရှိနေခဲ့သည်။ ဟယ့်လန်ရှောင်းကမူ အကျဉ်းထောင်၏အပြင်ဘက်တွင် ရပ်နေခဲ့ပြီး သူမသည်လည်း ဇဝေဇဝါဖြစ်နေခဲ့၏။ သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာများလား။

လီနန်ခယ့်သည် သံတိုင်များကို နှစ်ကြိမ်ခန့်ကန်ကျောက်ကြည့်သော်လည်း ဘာလှုပ်ရှားမှုမှမရှိခဲ့ချေ။ ထို့နောက် ပေါင်ကိုအားဖြင့်ဆွဲဆိတ်ကြည့်ရာတွင်လည်း နာကျင်မှုကရှိဆဲ။

"မင်းသမီး၊ မင်းသမီးရှန်းယွမ်"

လီနန်ခယ့် အကြိမ်အနည်းငယ်မျှခေါ်ကြည့်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့။

"သူမင်းကို ကြားနိုင်တော့မှာမဟုတ်ဘူး"

အလွန်အိုမင်းရွတ်တွနေသော အသံတုန်တုန်တစ်ခုက သူ့အနောက်မှထွက်လာခဲ့သည်။ အတော်လေးရင်းနှီးနေသော အသံတစ်ခုပင်။ လီနန်ခယ့် အလန့်တကြားနှင့် လှည့်ကြည့်လိုက်သည်။

စောစောကတင် ဘာဆိုဘာမျှမရှိဘဲ ဗလာကျင်းနေခဲ့သော အကျဉ်းထောင်ခန်းငယ်ထဲတွင် ယခုတော့ အဖိုးအိုတစ်ဦးရှိနေသည်ကို တွေ့ရှိလိုက်ရတော့သည်။ ထိုအဖိုးအို၏လက်မောင်းများကို သံကြိုးများဖြင့် ချည်နှောင်ထားခဲ့ပြီး နံရံတွင် သေသေချာချာတပ်ဆင်ထား၏။ ဖရိုဖရဲဆံပင်များဖြင့် လူပုံစံမှာ အတော်ညစ်ပတ်ပေရေနေခဲ့ပြီး ကြည့်ရသည်မှာ အချိန်အတော်ကြာပိတ်လှောင်ခံထားရသည့်အလား။ အဝတ်အစားများက စုတ်ပြတ်နေခဲ့ပြီး သူ၏ ဝမ်းဗိုက်ပေါ်တွင်မူ လက်မောင်းတစ်ခုစာမျှတုတ်သော အနီရောင်ကြိုးတစ်ချောင်းက ရစ်ပတ်တည်ရှိနေခဲ့သည်။

"ခင်ဗျားကဘယ်သူလဲ"

လီနန်ခယ့် တစ်ဖက်လူကို အံ့သြတကြီးမေးမိသော် ထိုအဖိုးအိုက ခေါင်းကို ဖြည်းညင်းစွာမော့ပင့်ပြလာသည်။ တဖြည်းဖြည်း ရှင်းလင်းလာသော မျက်နှာသွင်ပြင်တွင် လီနန်ခယ့်၏မျက်လုံးများ ပြူးကျယ်သွားရ၏။ မယုံကြည်နိုင်စရာပင်။ မျက်စိရှေ့မှ ထိုအဖိုးအိုသည် သူ့ရုပ်နှင့် ချွတ်စွပ်တူနေခဲ့လေသည်။ အတိအကျဆိုရလျှင် ထိုသူမှာ အနာဂတ်ဆယ်စုနှစ်များစွာအကြာမှ သူကိုယ်တိုင်ပင်။

"ဘယ်သူ့ကိုမှ မစွန့်ပစ်လိုက်နဲ့၊ အဲ့ဒီလူက မင်းကို လိမ်ညာနေခဲ့တယ်ဆိုရင်တောင်မှပေါ့"

အဖိုးအိုက ခါးသက်သက် အသံတုန်တုန်ဖြင့် သတိပေးစကားဆိုလေသည်။

"ဘာတွေလဲ"

လီနန်ခယ့် ဘာကိုမှနားမလည်ဘဲ အရှေ့သို့တိုးကာ မေးတော့မည်အပြု အကျဥ်းထောင်အပြင်ဘက်မှ ဟယ့်လန်ရှောင်း၏ အော်သံစူးစူးကို ကြားလိုက်ရ၏။

"ဘယ်သူလဲ"

လီနန်ခယ့် ချာခနဲလှည့်ကြည့်မိတော့ တစ်ဖန်ကြက်သေသေသွားရပြန်သည်။ သူ့မျက်စိရှေ့တွင် ဟယ့်လန်ရှောင်းနှစ်ယောက် ရှိနေခဲ့သည်ပင်။

All Chapters