← Chapters

အလုပ်သမား လူတန်းစား

Vol. 19 Ch. 213

အလုပ်သမား လူတန်းစား

Vol. 19 Ch. 213

ချီယန် သည် လီယွမ် ၏ လက်ရှိ စွမ်းအား များ အရ နတ်ဆိုး ကိုးပါး ထဲမှ မည်သူ့ ထက်မျှ မနိမ့်ကျ တော့ကြောင်း ခံစားနေရ၏။

အကယ်၍ သူတို့သာ လှုပ်ရှားလိုက်မည် ဆိုပါက ကူလမ်းစဉ် ၏ ဂုဏ်ကျက်သရေ ကို သေချာပေါက် ပြန်လည် အသက်သွင်း နိုင်စေမည်ပင်။

“ရပါတယ်”

လီယွမ် က လွယ်ကူစွာ သဘောတူလိုက်၏။

အမှန်တကယ် ပြောရမည် ဆိုလျှင် သူ ကိုယ်တိုင် သွားရောက်ပြီး တာ့ယန် ၏ နယ်စပ် များကို ကာကွယ် စောင့်ရှောက် သင့်၏။

“ဒါပေမဲ့...”

လီယွမ် က အနေခက်စွာ ပြုံးလိုက်ပြီး ပြောလိုက် ၏။

“တပည့် လှုပ်ရှား ဖို့ အတွက် သင့်တော် တဲ့ အချိန် တစ်ခု ကို ဘိုးဘေးကြီး ရွေးချယ် ပေးနိုင်ရင်တော့ ပိုကောင်း တာပေါ့”

ချီယန် က သက်ပြင်းချလိုက်သည်။

“မင်း လောက် သေရမှာ ကြောက်တဲ့ လူမျိုး ငါ တစ်ခါမှ မမြင်ဖူး သေးဘူး... စိတ်မပူပါနဲ့ ငါ ကိုယ်တိုင် မင်း နဲ့လိုက်ခဲ့ပြီး မင်းကို ကာကွယ် ပေးမှာပါ”

လူကြီး မျိုးဆက် များ အားလုံး သည် သမာသမတ် ကျပြီး ကိုယ်ကျင့်တရား ကောင်းမွန် ကြသည်ဟု ထင်ရ၏။

သို့သော် လူမျိုးစု များ ကြားမှ စစ်ပွဲ တစ်ခု တွင်နောက်ဆုံး ရလဒ် ကို အဆုံးအဖြတ် ပေးရမည့် အချိန် ရောက်လာ လျှင် မျက်နှာ ဆိုသည်မှာ သိပ်ပြီး တန်ဖိုး မရှိတော့ကြောင်း ကို ချီယန် ကောင်းစွာ သိရှိ ထား၏။

သမိုင်း တစ်လျှောက် တွင် လူသား မျိုးနွယ်စု မှ ပါရမီရှင် မည်မျှ လောက်သည် နတ်ဆိုး များ၏ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသနည်း သို့မဟုတ် လူကြီး မျိုးဆက် များ၏ အတင်းအကြပ် ဖိနှိပ် ချေမှုန်း ခံခဲ့ရသနည်း။

နတ်ဆိုး မျိုးနွယ်စု မှ ပါရမီရှင် များစွာ လည်း လူသား မျိုးနွယ်စု မှ အကြီးအကဲ များ၏ လက်ချက် ဖြင့် သေဆုံး ခဲ့ရသည်။

ပို၍ ဆိုးရွား သည်မှာ အချို့သော အစွမ်းထက် ပညာရှင် ကြီးများသည် တစ်စုံတစ်ယောက် သေလုမျောပါး ဖြစ်နေချိန် တွင် ရုတ်တရက် ဝင်ရောက်လာပြီး အခြား သူ တစ်ယောက် အတွက် သူတို့၏ ကိုယ်ပိုင် အသက် ကို ပေးဆပ် ကာ အသေခံ တိုက်ခိုက် တတ်ကြခြင်း ပင် ဖြစ်ပြီး ဤသည်မှာ အကြောက်မက်ဖွယ် အကောင်းဆုံးသော အခြေအနေ ပင်။

“တပည့် .. အမှတ် (၁၂) ဂူစံအိမ် ကို အရင် ပြန်သွားလိုက်ပါဦးမယ်”

လီယွမ် သည် နှုတ်ဆက် ခွဲခွာလိုက်သည်။

ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ သွားရောက် ခဲ့ရသော ခရီးစဉ် သည် အလွန်အမင်း အကျိုး ဖြစ်ထွန်း ခဲ့၏။ အဆင့် ရှစ် နယ်ပယ် သို့ တက်လှမ်း နိုင်ခဲ့ခြင်း... ဝူမေ့ ၏ အဆင့်ဆင့် ပြောင်းလဲလာမှု နှင့် ကောင်းကင်ဖြစ်စဉ် များကို နားလည် သဘောပေါက်လာခြင်း တို့မှာ တစ်ခုချင်း စီတိုင်း က အရည်အသွေး ပိုင်း ဆိုင်ရာ ကြီးမားလှသော ခုန်ပျံ ကျော်လွှား မှု ကြီး ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအား များကို အမြောက်အမြား မြင့်တက် သွားစေခဲ့၏။

...

အမှတ် (၁၂) ဂူစံအိမ် သို့ ပြန်ရောက်သော အခါ။

လီယွမ် သည် ဝါးတော လေး ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြီး မျက်လုံး များကို ပိုးသား ပုဝါ ဖြင့် စည်းနှောင် ထားသော ဝမ်ကျောက်ကျောက် ကို တွေ့လိုက် ရ၏။ သူမ သည် တောင်ကုန်း အနောက်ဘက် ရှိ သင်္ချိုင်းဂူ ရှေ့တွင် ထိုင်နေပြီး လုံးဝ မျှော်လင့်ချက်မဲ့ ကာ စိတ်ဓာတ် ကျနေပုံ ရပြီး ဝမ်းနည်း မှုများကို အရက် ဖြင့် တစ်ယောက်တည်း ဖြေဖျောက်နေတော့သည်။

သူ မှာ ရယ်ရမလို ငိုရမလို ဖြစ်သွား ရ၏။

အကယ်၍ သူသာ နည်းနည်း လောက်နောက်ကျ ပြီးမှ ပြန်ရောက်လာခဲ့မည် ဆိုပါက ဤ ကောင်မလေး သည် သူ၏ အုတ်ဂူ အတွက် အထိမ်းအမှတ် ကျောက်တိုင် တစ်ခု ပင် စိုက်ထူလိုက်လောက်၏။

“အဟွတ်... အဟွတ်”

လီယွမ် က ညင်သာစွာ ချောင်းဟန့်လိုက်သည်။

အရက် မူးနေသော အခြေအနေ မှ လန့်နိုး သွားပြီး ဝမ်ကျောက်ကျောက် သည် ရုတ်တရက် မတ်တပ် ရပ်လိုက် ကာ လီယွမ် ရှိရာ အရပ် သို့ လှည့်ကြည့်လိုက်၏။

လီယွမ် က ပြုံးလျက်

“ရှောင်ကျောက်... မင်းရဲ့ သတိထား မှုတွေ က တော်တော်လေး ကျဆင်း သွားပါလား... မင်းရဲ့ ထက်မြက် တဲ့ အသိဉာဏ် တွေ ဘယ်ရောက် သွားပြီလဲ... မင်း လေ့ကျင့် ဖို့ အများကြီး လိုသေးတယ်နော်” ဟု ပြောလိုက် သည်။

“အစ်ကို ယွမ်... အစ်ကို ပြန်လာပြီပဲ”

အလွန်အမင်း ဝမ်းသာ ပျော်ရွှင် သွားသော ဝမ်ကျောက်ကျောက် ၏ အသံလေး မှာ မျက်ရည် များ ကြားမှ တုန်ယင်နေပြီး လီယွမ် ၏ ရင်ခွင် ထဲသို့ တိုးဝင် ဖက်တွယ်လိုက်တော့၏။

“မင်းရဲ့ အမူအရာ အရ ကြည့်ရတာ ငါ ပြန်မလာ တော့ဘူး လို့များ ထင်နေတာလား”

လီယွမ် ကနောက်ပြောင်လိုက်သည်။

“မဟုတ်ဘူး... မထင်ပါဘူး”

ဝမ်ကျောက်ကျောက် က နှုတ်ခမ်း စူကာ ပြောလိုက် ၏။

“အစ်ကို ယွမ် သေချာပေါက် ပြန်လာမယ် ဆိုတာ ညီမ သိပါတယ်... ဘယ်လို အခက်အခဲ မျိုး ကမှ အစ်ကို ယွမ် ကို တားဆီး ထားနိုင်မှာ မဟုတ်ဘူး လေ”

“ဒါဆို မင်း က တောင်ကုန်း အနောက်ဘက် က အုတ်ဂူ တွေ ရှေ့မှာ ဘာထိုင် လုပ်နေတာလဲ... ပြီးတော့ ဟို အုတ်ဂူ ကျင်း ကရော ဘယ်သူ့ အတွက် တူးထား တာလဲ”

လီယွမ် က ရယ်လိုက်သည်။

“ဘယ်သူ ကမှ ညီမ ကို စကား မပြောကြ လို့ အဘိုး နဲ့ သွားပြီး စကားပြောနေတာပါ... အုတ်ဂူ ကျင်း တွေက နီးနီးလေး ဆိုတော့ စကားပြော ရတာ လွယ်တယ် လေ”

ဝမ်ကျောက်ကျောက် က အလေးအနက် ပြောလိုက် ၏။

လီယွမ် က ပြုံးရယ်လိုက်ပြီး

“မင်း က အဲဒါကိုတောင် သင်ယူ ထားလိုက် သေးတာလား”

“ဟီးဟီး... အစ်ကို ယွမ် အတွက် ညီမ ဟင်း သွားချက်လိုက်ဦးမယ်”

ဝမ်ကျောက်ကျောက် သည် မတ်တပ် ရပ်လိုက်ပြီး သူမ ၏ အဝတ်အစား များကို လက်ဖြင့် သပ်လိုက်ကာ တောကောင် လေး တစ်ကောင် အလား မီးဖိုချောင် ထဲသို့ ပျော်ရွှင်စွာ ပြေးဝင် သွားတော့၏။

“ဟေ့”

လီယွမ် က အနောက် မှ လှမ်းခေါ်လိုက်သည်။

“ရှောင်ကျောက်... ငါတို့ ရဲ့ သံယောဇဉ် က အတူတူ ထမင်းစား ရုံ သက်သက် ပဲလား”

မီးဖိုချောင် ထဲမှ ပျော်ရွှင် တက်ကြွ သော အသံလေး တစ်ခု ထွက်ပေါ်လာ၏။

“ဘာလို့လဲ ဆိုတော့ အစာအိမ် ဆိုတာ နှလုံးသား နဲ့ အနီးဆုံးနေရာ မလို့လေ”

လီယွမ် သည် အကြော ဆန့်လိုက် သည်။

သူ သေချာ ထမင်း မစားရ သည်မှာ အတော် ကြာခဲ့ပြီ ဖြစ်ပုံ ရ၏။

မက်မွန်ပွင့် ကူရွာလေး တွင်နေထိုင် ခဲ့ရစဉ် အားလော့လာပို့ ပေးသော အစားအစာ တိုင်းမှာ ကူကောင် များနှင့် ပက်ကျိ အချွဲ များဖြင့် ပြုလုပ် ထားခြင်း ဖြစ်သဖြင့် ၎င်းတို့ကို သူ တိတ်တဆိတ် လွှင့်ပစ် ခဲ့ရသည်လေ။

ထို့နောက် တွင်တော့ အဆာ ပြေစေရန် အတွက် ရွာလေး ထဲမှ ဘာမှန်း မသိသော အရာများကို သာ သူ ကောက်စား ခဲ့ရ၏။

ထိုနေ့ရက် များသည် တကယ့်ခံနိုင်ရည် မရှိနိုင် လောက်အောင် ပင် ဖြစ်ခဲ့ရသည်။

နှစ်နာရီ တိတိ အလုပ်ရှုပ် ပြီးနောက် မီးဖိုချောင် ထဲမှ မွှေးပျံ့သော အနံ့ များမှာ ပို၍ ပို၍ ပြင်းထန်လာပြီး ဝမ်ကျောက်ကျောက် သည် သူမ ၏ အကောင်းဆုံး ဟင်းလျာ များကို ခင်းကျင်း ပြသလိုက်၏။

စားပွဲ ပေါ်တွင် ဟင်းပွဲ ပေါင်း နှစ်ဆယ့်လေး ပွဲ တိတိ ပြင်ဆင် ထားတော့သည်။

“ကောင်းမွန် တဲ့ အစားအစာ တွေ ကသာ ဝိညာဉ် ကို နှစ်သိမ့် ပေးနိုင်တာ... ဒါက ငါ့ရဲ့ ဇွဲလုံ့လ နဲ့ ကြိုးစား အားထုတ် မှုတွေ ရဲ့ သက်သေ ပဲ... ပြီးတော့ ဒုက္ခ တွေ အားလုံး ပြီးသွားတဲ့ အခါ ရလာတဲ့ ချိုမြိန် တဲ့ ဆုလာဘ် ကြီး ပေါ့”

လီယွမ် သည် အသက် ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာ ပေါ်တွင် အလွန် ဝမ်းသာ ပျော်ရွှင် သော အမူအရာ များဖြင့် ပြောလိုက်၏။

“ရှောင်ကျောက် ရဲ့ လက်ရာ က အခုထိ အကောင်းဆုံး ပဲ... နတ်သုဒ္ဓါ တွေနဲ့ တောင် ယှဉ်လို့ ရတယ်”

“ဒါဆို အစ်ကို ယွမ် အများကြီး စားပါ”

ဝမ်ကျောက်ကျောက် သည် နှုတ်ခမ်း လေးတွင် အပြုံး တစ်ခု ချိတ်ဆွဲ ထားလျက် အနည်းငယ် မျှ သာ စားသောက်နေပြီး ပြီးခဲ့သော တစ်နှစ် တာ ကာလ အတွင်း ခံစား ခဲ့ရသော ဒုက္ခ များနှင့် လွမ်းဆွတ် တောင့်တ မှုများကို မျက်တောင် တစ်ခတ် အတွင်း မေ့ပျောက် သွားကာ ပျော်ရွှင်မှု သမုဒ္ဒရာ ကြီးထဲတွင် နစ်မြုပ်နေသည့်နှယ် ပင်။

လီယွမ် သည် အစား အလွန် ကြီးသူ တစ်ယောက် ဖြစ်သည်။

ဟင်းပွဲ နှစ်ဆယ့်လေး ပွဲ ဆိုသည် ကို ထားလိုက် ဦး... အကယ်၍ စျေးနှုန်း က ဆယ်ဆ လောက် မြင့်တက် သွားမည် ဆိုလျှင် ပင် ရစ်ပတ် နတ်ဘုရားကူ ရှိနေသရွေ့ ဘာပြဿနာ မှ မရှိပါချေ။

မကြာမီ မှာပင် စားပွဲ ပေါ်ရှိ အစားအစာ များ အားလုံး ပျောက်ကွယ် သွားတော့၏။

လီယွမ် သည် ကုလားထိုင် ပေါ်တွင် ကျေနပ် အားရစွာ မှီချလိုက်ပြီး သူ၏ ဗိုက်ကို ပွတ်သပ် ရင်း ပြောလိုက် သည်။

“ရှောင်ကျောက်... အကယ်၍ ငါသာ ဧကရာဇ် ဖြစ်လာမယ် ဆိုရင် မင်းကို နန်းတွင်း စားတော်ကဲ အဖြစ် ခန့်အပ် ပြီး နန်းတွင်း အိမ်တော် ရဲ့ အကြီးအကဲ အဖြစ် ပါ ပူးတွဲ တာဝန် ပေးမယ်”

“ညီမ မလုပ်ချင် ပါဘူး”

“ဘာဖြစ်လို့လဲ”

ဝမ်ကျောက်ကျောက် က ဖြေလိုက် ၏။

“ဘာလို့လဲ ဆိုတော့ ဧကရာဇ် တွေမှာ ကိုယ်လုပ်တော် တွေ အများကြီး ရှိတယ်လေ... အဲဒီ ကိုယ်လုပ်တော် တွေ အများကြီး အတွက် ဟင်း မချက် ပေးချင် ဘူး”

“အင်း...”

လီယွမ် မှာ ခေတ္တမျှ ကြောင်အ သွားပြီးနောက် “ဒါလည်း ယုတ္တိ ရှိတာပဲ” ဟု ပြောလိုက် သည်

ဝမ်ကျောက်ကျောက် ၏ ရင်ထဲတွင်မူ အကယ်၍ ထိုနေ့ မျိုး ရောက်လာ ခဲ့မည် ဆိုပါက အစ်ကို ယွမ် အပေါ် အပြစ် မလုပ်မိ စေရန် သူမ ကိုယ် သူမ သာ အမှား လုပ်မိ သူ အဖြစ် ခံယူလိုက်မည် ဟု တွေးတောနေမိ၏။

ကံကောင်း စွာဖြင့် အစ်ကို ယွမ် သည် ဧကရာဇ် မဟုတ်ပါချေ။

“ရှန်းဟိုင်ကွမ် တိုက်ပွဲ က ဘယ်လို အခြေအနေ ရှိလဲ... နတ်ဆိုး ကိုးပါး နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေ ရထား တာများ ရှိလား” လီယွမ် က စကား လမ်းကြောင်း လွှဲလိုက် သည်။

“ရှိပါတယ်”

ဝမ်ကျောက်ကျောက် က ခေါင်းညိတ်လိုက်၏။

“အခု အချိန် အထိ နတ်ဆိုး ကိုးပါး ထဲက ခုနစ် ယောက် လှုပ်ရှား ခဲ့ပြီး ပြီ... သူတို့ တစ်ယောက် ချင်းစီ တိုင်း က အရမ်းကို အစွမ်းထက် ကြတယ်”

“ကိုးပါး ထဲမှာ ကြောက်ဖို့ အကောင်းဆုံး ကတော့ ကျန်းလင်း ပဲ... သူက အမှောင် နဂါး မျိုးနွယ်စု ကလာတာ ဖြစ်ပြီး နယ်စပ် မှာ အဋ္ဌမ ကူ နန်းတော် သခင် ဖုန်းရှား နဲ့ တိုက်ခိုက် ခဲ့ပေမဲ့ လုံးဝ အရေးနိမ့် တာမျိုး မရှိခဲ့ဘူး”

“ပြီးတော့ သူရဲကောင်း လေးယောက် ထဲက ယဲ့ကျင်းဟုန် ကို သတ်ဖြတ် ခဲ့တဲ့ တောင်တန်း မိစ္ဆာ မျိုးနွယ်စု က စန်းယောင် လည်း ရှိသေးတယ်... သူ က နတ်ဆိုး ကိုးပါး ထဲမှာ ထိပ်ဆုံး သုံးယောက် စာရင်းဝင် လောက်တယ်”

“အခုထိ လှုပ်ရှား မှု မရှိသေးတဲ့ နှစ်ယောက် ကတော့ အရိုး မျိုးနွယ်စု က ကူချန် နဲ့ သရဲ မျက်နှာ ပိုးဖလံ မျိုးနွယ်စု က ကျူးထုံ တို့ပဲ... ဒါကြောင့် သူတို့ရဲ့ စွမ်းအား ကိုတော့ ဆုံးဖြတ် ရ ခက်တယ်”

“ကျန်တဲ့ သူတွေ ကတော့ အကြမ်းဖျင်း အားဖြင့် စွမ်းအား တူညီ ကြတယ်”

ဝမ်ကျောက်ကျောက် သည် အသေးစိတ် သတင်း အချက်အလက် မှတ်တမ်း တစ်ခုကို ထုတ်ယူ ကာ လီယွမ် အား ပြသလိုက်၏။

“အစ်ကို ယွမ်... လူတိုင်း က ချီလင် ကို ထွက်လာပြီး နတ်ဆိုး ကိုးပါး ကို ပညာပေး စေချင်နေကြတယ် လို့ ကောလာဟလ တွေ ကြားထားတယ်”

“ပြီးခဲ့တဲ့ တစ်နှစ် အတွင်း မှာ ကျန်းဟူ သိုင်းသမား တွေ အများကြီး က ကူ နန်းတော် ကို လာပြီး တောင်းဆိုနေခဲ့ ကြတာ”

“အစ်ကို ယွမ် ပြန်လာတာ နဲ့ အလုပ်ရှုပ် တော့မယ် ဆိုတာ ညီမ သိလို့ ကြိုတင် ပြင်ဆင် မှုတွေ အားလုံး လုပ်ထား ပြီးသားပါ”

ဤ စကားများ ကြောင့် လီယွမ် မှာ ရယ်ရမလို ငိုရမလို ဖြစ်သွား ရတော့၏။

ထို အချိန် က အလုပ် လုပ်နေစဉ် ဝမ်ကျောက်ကျောက် ၏ စိတ် အခြေအနေ မှာ မည်သို့ ရှိနေမည် ကို စိတ်ကူး နှင့်ပင် မတွေးရဲ ပါချေ။

သူမ သည် သူ၏ အုတ်ဂူ ကို တူးရန် နှင့် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူ ရန် ပင် ပြင်ဆင်နေခဲ့ပြီ ဖြစ်သော်ငြားလည်း ဤမျှ ပြည့်စုံသော သတင်း အချက်အလက် များကို စုဆောင်း နိုင်ခဲ့သေးသည်။

ဤ သည်ကား ခံစားချက် နှင့် အသိဉာဏ် တို့ ကြားမှ ရူးသွပ် လှသော လွန်ဆွဲ ပွဲ ကြီး တစ်ခု ပင် ဖြစ်ပေမည်။

သူ သည် မှတ်တမ်းကို ယူကာ သေချာစွာ ဖတ်ရှုလိုက်သည်။

နတ်ဆိုး ကိုးပါး ထဲမှ ကျန်ရှိနေသော ငါးပါး မှာ

ဆူး မျိုးနွယ်စု မှ ဈာပန ထုံးစံ၊ မိစ္ဆာ အခွံမာ မျိုးနွယ်စု မှ ဂူ တစ်ထောင်၊ အရိပ် ကြောင် မျိုးနွယ်စု မှ ကပ်ဘေး၊ ကပ်ရောဂါ ကြွက် မျိုးနွယ်စု မှ နှစ်ကာလ အိတ် နှင့် ကျောက်စိမ်း ချို ဖြူ သမင် မျိုးနွယ်စု မှ နှင်းခဲနောင်တ တို့ ဖြစ်ကြ၏။

ဤ သည်မှာ လီယွမ် အနေဖြင့် နတ်ဆိုး များ၏ သတင်း အချက်အလက် များကို ပထမဆုံး အကြိမ် အဖြစ် အသေအချာ စုံစမ်း လေ့လာ ဖူးလေ၏။

သူ၏ အစီအစဉ် များ အရ တာ့ယန် ၏ ပြည်တွင်း အခြေအနေ များ တည်ငြိမ် သွားပြီးနောက်မှ သာ နတ်ဆိုး နယ်မြေ ၏ ကိစ္စ များကို ထည့်သွင်း စဉ်းစား ရလေမည်။ သို့သော် လည်း အရာအားလုံး က သူ စီစဉ် ထားသည့် အတိုင်း ဖြစ်မလာ ခဲ့ဘဲ ဤ ကိစ္စ မှာ အရှေ့ သို့ ရောက်ရှိလာခဲ့ချေပြီ။

“အစ်ကို ယွမ်... နတ်ဆိုး ကိုးပါး ကို ဘယ်လို ထင်လဲဟင်”

ဝမ်ကျောက်ကျောက် က စမ်းသပ် သည့် အနေဖြင့် မေးလိုက် ၏။

“မဆိုးပါဘူး”

ဤ စကား တစ်ခွန်း တည်း ကိုသာ လီယွမ် အနေဖြင့် မှတ်ချက် ပေးနိုင် ပါသည်။

ဝမ်ကျောက်ကျောက် ၏ မျက်နှာ ပေါ်တွင် ချက်ချင်း အပြုံး တစ်ခု ပေါ်လာပြီး သက်သာရာ ရသွားတော့၏။

“ရှောင်ကျောက်... ဘာရယ်နေတာလဲ” လီယွမ် က နားမလည် နိုင်စွာ မေးလိုက်သည်။

ဝမ်ကျောက်ကျောက် က ပါးနပ်စွာ ပြုံးရင်း

“အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် အကြောင်း အစ်ကို ယွမ် မှတ်ချက် ပေးတုန်း ကလည်း ဒီလို အမူအရာ မျိုး ပဲ ညီမ မှတ်မိနေတယ်... ပြီးတော့ ကျူးယန် တံခါးဝ မှာ တာအို နှစ်ခု ကြားက တိုက်ပွဲ ဖြစ်တော့ သူရဲကောင်း လေးယောက် ထဲက ချင်းချန် က အစ်ကို ယွမ် ရဲ့ ဖိနှိပ် ချေမှုန်းခံလိုက် ရတယ်လေ”

“နတ်ဆိုး ကိုးပါး ကလည်း အစ်ကို ယွမ် ရဲ့ ရင်ထဲမှာ အဲဒီ လောက်ပဲ အရေး ပါမယ် လို့ ညီမ ထင်တယ်”

“...”

လီယွမ် မှာ ဆွံ့အသွားပြီးနောက် ရယ်လိုက်ရတော့သည်။

ခဏ အကြာတွင် သူ ကနောက်တစ်ကြိမ် စကား ပြောလိုက်ပြီး သူ၏ လေသံ မှာ အတော်လေး အားကိုးရာ မဲ့နေပုံ ရ၏။

“ရှောင်ကျောက်... မင်း က ငါ့အကြောင်း ကို ငါ့ထက် တောင် ပိုသိနေပါလား”

“ဟီးဟီး”

ဝမ်ကျောက်ကျောက် က ဘာမှ ပြန်မပြော တော့ဘဲ ရယ်လိုက်သည်။

...

ရက် အနည်းငယ် ကြာပြီးနောက် သတင်း တစ်ပုဒ် က ကျန်းဟူ လောက တစ်ခုလုံး ကို မီးမွှေးသွားစေပြီး နယ်စပ် ဒေသ တစ်လျှောက် ဆူပွက်သွားတော့၏။

ကူလမ်းစဉ် ၏ အစွမ်းအထက်ဆုံး ပါရမီရှင် ချီလင် သည် နတ်ဆိုး ကိုးပါး ကို ရင်ဆိုင် ရန် တောင်ပေါ်မှ နောက်တစ်ကြိမ် ဆင်းလာ တော့မည်…။

နောက်ထပ် ရက် အနည်းငယ် ထပ်မံ ကုန်လွန် သွားခဲ့ပြန်သည်။

နောက်ထပ် ပိုမို ပေါက်ကွဲ အားကောင်း သော သတင်း တစ်ပုဒ် ထွက်ပေါ်လာပြန်တော့၏။

သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော မြောက်ပိုင်း ရေခဲပြင် မှ ချီလင် မျိုးနွယ်စု ဘုရင် အန်းထိုယွမ် သည် အဆင့် တက်လှမ်း သွားပြီး အဆင့် ကိုး နယ်ပယ် သို့ ချိုးဖြတ်သွားခဲ့ပြီ ဟူ၍ပင်။

All Chapters