အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) တတိယသခင်ကြီးဟူအတွက် ဧရာမလက်ဆောင်
ထိုအချိန်မှာတော့ ကျစ်ကန်းက သူ၏အပေါ်သို့ ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည်ကို လုံးဝသတိမထားမိပေ။ ပျော်ရွှင်ဖွယ်တောအုပ်မှစတင်၍ ဆုရှင်းနောက်သို့လိုက်ခဲ့သော လူဟောင်းငါးဦးကိုဟာ သူဆွဲဆောင်နေပြီး ဆုရှင်းအဆုံးသတ်တော့မည်ဟူသော သတင်းစကားကို အဆက်မပြတ်ပြောကြားနေသည်။
ဆုရှင်း၏အဖွဲ့ထံသို့ ဝင်ရောက်လာကတည်းက ကျစ်ကန်းက အလွန်စိတ်ပျက်နေခဲ့ရ၏။ အထူးသဖြင့် ဆုရှင်းက လီဟွိုင်ကိုအရေးကြီးသောတာဝန်များ ပေးအပ်သည်ကို မြင်ပြီးနောက်တွင် သူ၏စိတ်ပျက်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။
သို့သော် ကျစ်ကန်းကိုယ်တိုင်သာ သူခံစားရသည်မှာ နာကြည်းမှုမဟုတ်ဘဲ နက်ရှိုင်းသော နောင်တဖြစ်ကြောင်းသိနေသည်။
လီဟွိုင်က ဆုရှင်း၏အဖွဲ့သို့ ပထမဆုံးဝင်ရောက်လာချိန်တွင် ဆုရှင်းအပေါ် အလွန်ရိုင်းစိုင်းခဲ့သော်လည်း သူ့တွင် အခြားလျှို့ဝှက်ရည်ရွယ်ချက်များမရှိခဲ့ပေ။
သို့သော် ကျစ်ကန်းကတော့ တတိယသခင်ကြီးဟူအတွက် ဆုရှင်းကိုစောင့်ကြည့်ရန်နှင့် ထိန်းချုပ်ရန် ရောက်ရှိလာခြင်းဆိုသည်မှာ ရှင်းလင်းနေခဲ့၏။
သေချာသည်မှာ နောက်ဆုံးရလဒ်ကိုခန့်မှန်းရလွယ်ကူပါသည်။ သူက စောင့်ကြည့်ရန်ရည်ရွယ်ချက်ကိုပင် မဖြည့်ဆည်းနိုင်ခဲ့ပေ။
သူ့ကို ပြန်စောင့်ကြည့်ရန်လူမလွှတ်ခြင်းကပင် ဆုရှင်းက သဘောထားကြီးနေလေပြီ။
တိုင်ချုံးကို လုပ်ကြံပြီးနောက် ကျစ်ကန်းက ဆုရှင်းနှင့် ဆက်ဆံရေးလုံးဝပြတ်တောက်သွားခဲ့ပြီး လီဟွိုင်က ဆုရှင်း၏ယုံကြည်ရသူဖြစ်လာတော့သည်။
ဂိုဏ်း၏ပြင်းပြင်းထန်ထန်အပြစ်ပေးခြင်းခံရလိမ့်မည်ဟု သူမူလကထင်မှတ်ထားခဲ့သော ဆုရှင်းက အမြင့်ဆုံးသို့တက်လှမ်းသွားခဲ့သည်။
ထို့အတူ သူကလည်း ၎င်းတို့အဖွဲ့အတွင်း၌အလွန်အနေခက်လာခဲ့၏။
ကျစ်ကန်းက တတိယသခင်ကြီးဟူက သူ့အပေါ် သံသယရှိနေကြောင်းကိုလည်းခံစားမိပါသည်။ ထို့ကြောင့်လည်း လီဟွိုင်က ဆုရှင်း၏ယုံကြည်မှုကိုရရှိနိုင်ခြင်းအပေါ် သူမနာလိုဖြစ်ရခြင်းဖြစ်သည်။
အကယ်၍သူသာ ထိုစဉ်က ဆုရှင်းကို ထောက်ခံပြီး ဆုရှင်း၏အဖွဲ့ထဲသို့ ခြေစုံပစ်ဝင်ခဲ့ပါက ကျစ်ကန်း၏စွမ်းရည်များနှင့်ဆိုလျှင် ထိုမြေခွေးအိုကြီး ဟွမ်ပင်းချန်အတွက် အခွင့်အရေးရှိမည်မဟုတ်ဟု ကျစ်ကန်းက အမြဲတစေတွေးနေမိသည်။
ကံမကောင်းစွာဖြင့် ဘဝဆိုသည်မှာနောက်ပြန်ရစ်၍မရနိုင်သဖြင့် ကျစ်ကန်းက ၎င်းကိုအိပ်မက်မက်ရုံသာ တတ်နိုင်တော့သည်။ ယခု သူက ဆုရှင်းနှင့် လုံးဝ အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ရာ သူ့ကိုကိုင်တွယ်ရန် သူတတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရပါတော့မည်။
သို့သော် နှစ်ဖက်ကြားရှိကွာဟချက်မှာ ပိုမိုကြီးမားလာသည်နှင့်အမျှ ကျစ်ကန်းက ဤအကြံအစည်ကို လက်လျှော့တော့မည့်အချိန်မှာပင် မမျှော်လင့်ဘဲ ဆုရှင်းက ခေါင်းဆောင်ကြီးဟိုထုံကို သတ်ပစ်လိုက်ခြင်းဖြင့် သူ၏ကိုယ်ပိုင်ကျဆုံးမှုကို ဆောင်ကြဉ်းလာတော့သည်။
အကယ်၍ ဂိုဏ်းတစ်ခုက ဤကဲ့သို့သောအရာမျိုးကို ခွင့်လွှတ်ပေးနိုင်ပါက ၎င်းက ဂိုဏ်းတစ်ခုဖြစ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် မည်သည့်အရာဖြစ်သွားသည်ကို သိပြီးနောက် ကျစ်ကန်းက ဆုရှင်း၏ လက်အောက်ငယ်သားဟောင်းအချို့ကို ချက်ချင်း ဆက်သွယ်ကာနောက်ကွယ်မှ လှည့်ကွက်အချို့အသုံးပြုရန်ပြင်ဆင်လေတော့သည်။
ကျစ်ကန်းက အနည်းငယ်ပါးနပ်ပါသည်။ သူက ဆုရှင်းထံသို့ အသစ်ဝင်ရောက်လာသောအဖွဲ့ဝင်များကိုမရွေးချယ်ခဲ့ပေ။
ဤလူများကို သွေးထိုးလှုံ့ဆော်ရန် အတော်လေး လွယ်ကူသော်လည်း သူတို့ကားအားနည်းသလို ဆုရှင်း၏လက်အောက်တွင် သြဇာလွှမ်းမိုးမှုလည်း နည်းပါးကြ၏။
သူတို့ထဲမှ ရာနှင့်ချီ၍သွေးထိုးလှုံ့ဆော်နိုင်လျှင်ပင် ဆုရှင်းအတွက် ဘာမှအသုံးဝင်မည်မဟုတ်ဘဲ လူအနည်းငယ်လွှတ်လိုက်ရုံဖြင့် သူတို့ကိုအလွယ်တကူ ဖိနှိပ်နိုင်ပါလိမ့်မည်။
ထို့ကြောင့် သူက ပျော်ရွှင်ဖွယ်တောအုပ်မှ စတင်၍ဆုရှင်းနောက်သို့ လိုက်ခဲ့သော လူဟောင်းများနှင့် ဤရာထူးတိုးမြှင့်ခြင်းတွင် အုပ်ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးမခံရသူများကို ရွေးချယ်ခဲ့၏။
ဆုရှင်း၏အမိန့်အောက်တွင် လူဟောင်းနှစ်ရာနီးပါး ရှိသော်လည်း အုပ်စုခေါင်းဆောင်နှင့် အဖွဲ့ခေါင်းဆောင်တစ်ရာကျော်လေးသာရှိပြီး သူတို့ထဲမှ အနည်းငယ်သောအစိတ်အပိုင်းမှာတော့ သာမန် ဂိုဏ်းဝင်များအဖြစ်သာ ရှိနေဆဲဖြစ်သည်။
သူတို့၏လုပ်ဖော်ကိုင်ဖက်ဟောင်းများမှာ ကျော်ကြားလာပြီး သူတို့၏အထက်လူကြီးများ သို့မဟုတ် ခေါင်းဆောင်များဖြစ်လာသည်ကို မြင်သောအခါ ဤလူများအဆင်မပြေဖြစ်ရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ကျစ်ကန်းက သူတို့၏မကျေနပ်ချက်များကို အသုံးချကာ နောက်ကွယ်မှ လက်သီးပုန်းထိုးဖို့သွေးထိုးလှုံ့ဆော်ရန် ရည်ရွယ်ထားခဲ့၏။
"လူကြီးမင်းတို့ ဆုရှင်းက ဒီတစ်ကြိမ်ခေါင်းဆောင်ကြီး ဟိုထုံကို တကယ်သတ်ပစ်လိုက်ပြီ။ ဂိုဏ်းက ဒီတစ်ခါတော့ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။"
"ဆုရှင်းအပြစ်ပေးခံရရင် အကောင်းဆုံးကတော့ သူဒုက္ခိတဖြစ်သွားပြီး သိုင်းပညာတွေဆုံးရှုံးသွားမယ်။ အဆိုးဆုံးကတော့ အသတ်ခံရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ဖွယ်တောအုပ်နဲ့ ယုံလဲ့ရပ်ကွက်က ပိုင်ရှင်မဲ့ဖြစ်သွားလိမ့်မယ်။ မင်းတို့တွေ အဲ့ဒီနယ်မြေနှစ်ခုကို မထိန်းချုပ်ချင်ဘူးလား။"
"ဒီတစ်ကြိမ်မင်းတို့က ဆုရှင်းနောက်ကို အကြာဆုံး လိုက်ခဲ့ပြီး သူနဲ့အတူ အသေခံတိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးတော့ မင်းတို့က အဖွဲ့ခေါင်းဆောင် နေရာလေးတောင်မရခဲ့ဘူး။ မင်းတို့က အဲဒါကိုလက်ခံဖို့ ဆန္ဒရှိရဲ့လား။ မင်းတို့ကိုယ်ပိုင် နယ်မြေ မလိုချင်ဘူးလား။"
ကျစ်ကန်း၏စကားများမှာ အလွန်ပင်ဆွဲဆောင်မှု ရှိသော်လည်း ဤနေရာတွင်ရှိနေသော လူငါးဦးမှာ သူ့ကို လုံးဝမယုံကြည်ကြပေ။
သူတို့ထဲမှ တစ်ဦးက ချက်ချင်းကျိန်ဆဲလိုက်၏။ "ချေးပဲ...။ ခေါင်းဆောင်အဆုံးသတ်သွားပြီလို့ ဘယ်သူပြောလဲ။ အဲဒီခွေးကောင် ဟိုထုံက ငါတို့ ကောင်းကောင်းနေနိုင်တာကိုမြင်ပြီး ငါတို့ဆီက ပိုက်ဆံလာညှစ်ချင်နေတာ။ ခေါင်းဆောင်က သူ့ကို မသတ်ရင်တောင်..."
"ငါလည်း သူ့ကိုသတ်ဖို့ အခွင့်အရေးရှာမှာပဲ။"
အခြားအမျိုးသားတစ်ဦးက လှောင်ပြောင်လိုက်သည်။ "ကျစ်ကန်း မင်းဘာကြံနေလဲဆိုတာ ငါတို့ မသိဘူးလို့ မထင်နဲ့။ ငါတို့ညီအစ်ကိုတွေက စာမတတ်ပေမဲ့ မတုံးအပါဘူး။ ငါတို့ခေါင်းဆောင် သေသွားရင် ငါတို့ကို လစဉ်ငွေဆယ်ပြားဘယ်သူက ပေးမှာလဲ။"
"မှန်တယ် ကျစ်ကန်း။ မင်းပြဿနာလာရှာစရာ မလိုဘူး။ အဖွဲ့ခေါင်းဆောင်တွေအဖြစ် မရွေးချယ်ခံရလို့ ငါတို့စိတ်ဆိုးတာမှန်ပေမဲ့ ငါတို့ခေါင်းဆောင်အပေါ် ဘယ်တော့မှ အပစ်မတင်ခဲ့ဘူး။"
"ခေါင်းဆောင်က ပြောဖူးတယ်။ အသားစားချင်ရင် အသက်ကိုစွန့်စားရမယ်။ အဲဒီ မိုးပြာဝါးဂိုဏ်းက ကောင်တွေကိုတိုက်တဲ့အချိန်တုန်းက ပြန်မတိုက်နိုင်ခဲ့တဲ့သူက ငါပဲ။ ငါ့ခြေထောက်တွေ ပျော့ပြီး နောက်ကွယ်မှာပုန်းနေခဲ့တာ။ ငါ လူတစ်ယောက်မှ မသတ်ခဲ့ရုံတင် မကဘူး၊ဒဏ်ရာတောင်ရခဲ့သေးတယ်။ ငါ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ ခေါင်းဆောင်ကိုလည်း သေချာပေါက် အပြစ်တင်လို့ မရဘူး။"
ကျစ်ကန်း လည်ပင်းပေါင်မုန့်ဖတ်ဆို့သွားသလိုပင်။ ဆုရှင်းက ဤလူများကြားတွင် ယခုလိုဂုဏ်သတင်းကြီးမားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
"မင်းတို့အားလုံးက ဆုရှင်းနောက်ကို ဒီနက်မှောင်နေတဲ့လမ်းအတိုင်းလိုက်ဖို့ တကယ်ပဲဆုံးဖြတ်ထားတာလား။ ဂိုဏ်းရဲ့ပြစ်ဒဏ်ကျလာပြီဆိုရင် မင်းတို့ နောင်တရဖို့နောက်ကျသွားလိမ့်မယ်နော်။" ကျစ်ကန်းက တင်းမာစွာအော်ဟစ်လိုက်သည်။
"သူတို့ နောင်တရမရတော့ ငါမသိဘူး။ ဒါပေမဲ့ မင်းကတော့ အခုသေချာပေါက်နောင်တရလိမ့်မယ်ဆိုတာ ငါ သိတယ်။" တံခါးအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ဆုရှင်းတံခါးကို တွန်းဖွင့်ဝင်လာသည်ကိုမြင်သောအခါ ကျစ်ကန်း၏မျက်နှာဟာ ပြာနှမ်းသွားပါသည်။
ဂိုဏ်း၏စွပ်စွဲချက်များကို မည်သို့ဖြေရှင်းရမည်နည်းဆိုသည်ကိုစဉ်းစားရန် ဆုရှင်းယခုအချိန်တွင် အလုပ်ရှုပ်နေသင့်သည် မဟုတ်လော။
သူ့ကို လာရှာဖို့ သူမည်ကဲ့သို့ အချိန်များရနေသနည်း။
"ခေါင်းဆောင်"
ထိုငါးဦးက သူ့ကိုလေးစားစွာ နှုတ်ဆက်လိုက်သော်လည်း နောက်ကွယ်တွင်တော့ စောချွေးများပြန်နေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့လွန်ကျူးသော စကားတစ်ခွန်းမျှမပြောခဲ့ပေ။ ထိုသို့မဟုတ်ပါက ယခု ဤနေရာတွင်ရပ်နေနိုင်တော့မည် မဟုတ်ပေ။
ဆုရှင်း ခေါင်းညိတ်လိုက်၏။ "မင်းတို့ကောင်းကောင်းလုပ်ခဲ့တယ်။ အခု ထွက်သွားလို့ ရပြီ။"
လူငါးဦးက ခေါင်းညိတ်ပြီး ချက်ချင်းလှည့်ကာ ထွက်သွားခဲ့ကြ၏။
ကျစ်ကန်း၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။ "အနိုင်ရသူက ဘုရင်၊ ရှုံးနိမ့်သူက ဗီလိန်ပဲ။ မင်း ငါ့ကို သတ်ချင်ရင်သတ်လိုက်တော့။"
ဆုရှင်း သက်ပြင်းချကာ ကျစ်ကန်း၏ဘေးသို့ လျှောက်သွားလိုက်၏။ ထိုစဉ် မျက်နှာပြာနှမ်းနေပြီး ခုခံရန်လက်လျှော့ထားသော ကျစ်ကန်းက ရုတ်တရက်ခုန်လိုက်ကာ သူ၏အဝတ်လက်အိုးထဲမှ ဓားမြှောင်တစ်လက်လျှောထွက်လာပြီး ဆုရှင်း၏ဝမ်းဗိုက်အောက်ပိုင်းဆီသို့ ထိုးစိုက်လိုက်သည်။
သို့သော်လည်း ဓားကိုလက်တစ်ဖက်က ပေါ့ပေါ့ပါးပါးတစ်ချက်ပုတ်လိုက်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဆုရှင်းက လက်လှမ်းကာ ကျစ်ကန်း၏လည်ပင်းကို ဆွဲညှစ်လိုက်၏။ အသက်ရှူကျပ်လာသော ခံစားချက်ကြောင့် သေမင်းက သူ့ထံတစ်လှမ်းချင်း ချဉ်းကပ်လာနေသည်ဟု ကျစ်ကန်း ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူတကယ်ကို စိတ်ပျက်အားငယ်သွားလေပြီ။
သူအသက်ရှူကျပ်လာပြီး သတိလစ်တော့မည့် အချိန်တွင် ဆုရှင်းက သူ့ကိုမြေပြင်ပေါ်သို့ ရုတ်တရက်ပစ်ချလိုက်သည်။
"ဒီလောကမှာ သနားစရာအကောင်းဆုံးနဲ့ ဝမ်နည်းစရာအကောင်းဆုံး လူတွေကတော့ သူတို့ကိုယ်သူတို့ ထက်မြက်တယ်လို့ ထင်နေတဲ့သူတွေပဲ။ ဒါပေမဲ့ မင်းမှာ တန်ဖိုးနည်းနည်းရှိသေးတယ်။ ဒါကြောင့် ငါ အခု မင်းကိုမသတ်သေးဘူး။"
လီဟွိုင်က ရှေ့သို့ထွက်လာပြီး ဓားဆွဲထုတ်ကာ သူ၏လက်နှင့် ခြေထောက်ရှိ အရွတ်အားလုံးကို ဖြတ်တောက်လိုက်၏။ ထို့နောက် သူက ကျစ်ကန်းကို ခွေးသေတစ်ကောင်အလား ဆွဲထုတ်သွားကာ တံခါးအပြင်ဘက်ရှိ ဂိုဏ်းဝင်တစ်ဦးထံ လွှဲပေးလိုက်သည်။
ထိုအချိန်တွင် ဟွမ်ပင်းချန်က လီချင်းနှင့် အခြားသူများနှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူတို့၏အသွင်အပြင်ကိုကြည့်ရသည်မှာ သူတို့ လှုပ်ရှားပြီးပြီဖြစ်ကြောင်း ရှင်းလင်းနေသည်။
အတွင်းအားကို မကျင့်ကြံရသေးသော ကျစ်ကန်းကဲ့သို့ လူတစ်ဦးကပင် ဆုရှင်းကိုတိုက်ခိုက်ရဲပါက အခြားသူများကလည်း ဤသို့မကြံစဉ်ပါဟု မည်သူကပြောနိုင်မည်နည်း။
"ဟွမ်ကြီး လူဘယ်နှစ်ယောက်ရှိလဲ။" ဆုရှင်းက မေးလိုက်၏။
"ရှစ်ယောက်။" ဟွမ်ပင်းချန်၏အမူအရာမှာ အတော်လေး တင်းမာနေပါသည်။
သူတို့၏လက်အောက်ငယ်သားအချို့တွင် လျှို့ဝှက်သောရည်ရွယ်ချက်များ ရှိနေမည်ဖြစ်ကြောင်း ဆုရှင်းက သူ့ကိုပြောပြခဲ့သော်လည်း အရေအတွက်က ဤမျှများပြားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"သူတို့ အကုန်လုံးကိုသတ်ပစ်လိုက်။" ဆုရှင်း၏ လေသံမှာ အလွန်တည်ငြိမ်နေပါသည်။
"ခေါင်းဆောင် ချွင်းချက်ထားပေးလို့ ရမလား။ ဒါမှမဟုတ် သူတို့ရဲ့သိုင်းပညာတွေကိုပဲ ဖျက်ဆီးပြီး နှင်ထုတ်လိုက်ရင်ကော။"
ဟွမ်ပင်းချန်၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ဤလူရှစ်ဦးမှာ သူတို့နောက်သို့ အကြာဆုံးလိုက်ခဲ့သော ညီအစ်ကိုများဖြစ်ကြပြီး သူတို့ထဲမှ တစ်ဦးမှာ ဟွမ်ပင်းချန်ယခုလေးတင် အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့ပြီး သူနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသူပင်။
သူတို့ သစ္စာဖောက်ကြောင်းသိသော်လည်း ဟွမ်ပင်းချန်က ယခု သူတို့ကိုသတ်ရန် အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်သည်။
ဆုရှင်း လက်ဝှေ့ယမ်းလိုက်၏။ "ဟွမ်ကြီး ငါ တခြားဘာကိုမဆိုသဘောတူနိုင်ပေမဲ့ ဒီတစ်ခုကိုတော့ မရဘူး။"
"ငါသူတို့ကို အခွင့်အရေးပေးခဲ့တယ်။ တကယ်လို့ သူတို့ကအစောကြီးကတည်းက နုတ်ထွက်သွားခဲ့ရင် ငါတို့ကိုယ့်လမ်းကိုယ်လျှောက်ကြမှာဖြစ်ပြီး ငါလည်းဒီကိစ္စကိုဆက်မစုံစမ်းတော့ဘူး။"
"ဒါပေမဲ့ အခု သူတို့ကငါ့ပိုက်ဆံကို ယူတယ်။ ငါ့ရဲ့ ကျင့်စဉ်တွေကို သင်ယူတယ်။ ငါပေးတဲ့ အာဏာကိုအသုံးပြုတယ်။ ဒါတောင်မှ သူတို့ကငါ့ကို သစ္စာဖောက်သေးတယ်။ ဒါက ခွင့်လွှတ်လို့ မရဘူး။"
"ဟုတ်ကဲ့ ခေါင်းဆောင်။ ကျွန်တော် နားလည်ပါပြီ။" ဟွမ်ပင်းချန် အံကြိတ်ကာ လီချင်းနှင့် အခြားသူများကိုလည်ပင်းဖြတ်သည့် ဟန်ပန်ပြုလုပ်ပြလိုက်၏။
"သွားရအောင် ငါ့ရဲ့မွေးစားအဖေနဲ့ သွားတွေ့ပြီး အခုပဲ သူ့ကို ဧရာမလက်ဆောင်ကြီးတစ်ခု ပေးလိုက်ကြရအောင်။"
ဆုရှင်းက ရွှန်းရိရပ်ကွက်ဘက်သို့ စိုက်ကြည့်လိုက်ရာ သူ၏အတွေးများမှာ အနည်းငယ်ရှုပ်ထွေးနေခဲ့၏။
*ငါ ဒီလောကကိုရောက်လာတာ သုံးလကျော်ပဲရှိသေးတယ်။ အရင်က တစ်ဖက်လူဆီကနေ အသက်ရှင်ခွင့်ရဖို့ချိုသာတဲ့စကားတွေကိုပဲ အားကိုးခဲ့ရတာ။*
*ဒါပေမဲ့ အခု ငါ့မှာခွန်အားရောသြဇာပါ ရှိနေပြီဆိုတော့ အခြားသူတွေရဲ့ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ နေရာကိုရောက်နေပြီ။ ဒီခံစားချက်က တကယ်ကို ထူးဆန်းတယ်။*
ဤအချိန်တွင် ရွှန်းရိရပ်ကွက်၏ တတိယသခင်ကြီးဟူကသေချာပေါက် ဆုရှင်းကဲ့သို့ရှုပ်ထွေးသောခံစားချက်များ မရှိပေ။ သူ၏လက်ရှိ ခံစားချက်မှာ အလွန် ရိုးရှင်းပါသည်။
ကြောက်ရွံ့ခြင်းပင်။
ဆုရှင်းက ဟိုထုံကိုဓားတစ်ချက်တည်းဖြင့် သတ်လိုက်ကြောင်းကြားရသောအခါ တတိယသခင်ကြီးဟူက ဝမ်းမြောက်ခြင်းမရှိဘဲ ကြောက်ရွံ့ခြင်းသာရှိတော့သည်။
*ဒီလောကမှာ ကြောက်စရာအကောင်းဆုံးလူစားမျိုးက ဘယ်လိုလူမျိုးလဲ။ အဲ့တာအရူးတစ်ယောက်*
*ဘာကြောင့်လဲဆိုတော့ သူဘာတွေးနေလဲ။ ဒါမှမဟုတ်နောက်ထပ် ဘာလုပ်မယ်ဆိုတာကို မင်း ဘယ်တော့မှ ခန့်မှန်းလို့ မရလို့ပဲ။*
ဆုရှင်း သူ့ကိုမသတ်ရဲဘူးဟု ဟိုထုံ ယုံကြည်ခဲ့သောကြောင့် သူကပျော်ရွှင်ဖွယ်တောအုပ်သို့ လမ်းလျှောက်ဝင်သွားကာ ဆုရှင်းကို မာနထောင်လွှားစွာရန်စခဲ့၏။
တတိယသခင်ကြီးဟူကလည်း ခေါင်းဆောင်ကြီး ဖြစ်သော ဟိုထုံကို ဆုရှင်းဘာမှမလုပ်ရဲဟု ယုံကြည်ခဲ့သောကြောင့် ဟိုထုံအားဆုရှင်းထံ သွား၍ပြဿနာရှာရန် ငွေငါးသောင်း ပေးလိုက်ရခြင်းကို စိတ်သက်သာရာရစေခဲ့သည်။
ဆုရှင်းက ဟိုထုံကိုသတ်ရဲမည်မဟုတ်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း ၎င်းကတော့ သတ်ပစ်ခဲ့သည်။
ဤကဲ့သို့သော ရူးသွပ်သောအတွေးခေါ်မှုမျိုးကို တတိယသခင်ကြီးဟူက ကြောက်ရွံ့နေခြင်းဖြစ်သည်။ မည်သူကသိနိုင်မည်နည်း... ဆုရှင်းက သူ၏မွေးစားအဖေနှင့် မွေးစားသားဆိုသော အဆင့်အတန်းကိုဘေးဖယ်ကာ သူ့ကိုပါသတ်ရန် ကြိုးစားမည်လောဆိုသည်ကို...။
"အကြံပေးလျို ပစ္စည်းတွေသိမ်း။ ငါတို့ပင်မဌာနချုပ်ကို သွားမယ်။"
တတိယသခင်ကြီးဟူက ပိုပို၍စိုးရိမ်မကင်း ဖြစ်လာပြီး သူဘေးကင်းသည်ဟု ခံစားရနိုင်သော တစ်ခုတည်းသောနေရာဖြစ်သည့် ပင်မဌာနချုပ်သို့ သွားရန် သူ၏ပစ္စည်းများကို ချက်ချင်းစတင် သိမ်းဆည်းလေတော့သည်။
ဆုရှင်း မည်မျှပင်သန်မာနေပါစေ။ မည်မျှပင်မောက်မာနေပါစေ ပင်မဌာနချုပ်တွင်တော့ ဘာမှ လုပ်ရဲမည်မဟုတ်ပေ။
ထိုနေရာတွင် ဟောက်ထျန်းအဆင့်မှ ခန်းမသခင် သုံးယောက်နှင့် ဟောက်ထျန်းအလယ်အလတ်အဆင့် ဂိုဏ်းချုပ်ရှိနေပါသည်။ ထို့အပြင် စစ်ရေးခန်းမ၏အဓိကအင်အားစုလည်း ရှိနေရာ ဆုရှင်းက ထိုနေရာတွင် မဆင်မခြင်လုံးဝလှုပ်ရှားရဲမည်မဟုတ်ပေ။
သို့သော် နှစ်ကြိမ်တိုင်တိုင်အော်ခေါ်ပြီးနောက်တွင်ပင်။ တတိယသခင်ကြီးဟူ၏အရိပ်ကဲ့သို့ဖြစ်နေခဲ့သော အကြံပေးလျိုကို မည်သည့်နေရာကမှ မတွေ့ခဲ့ချေ။
သူထပ်အော်တော့မည့် အချိန်မှာပင်။ ဆုရှင်းက လီဟွိုင်နှင့် အခြားသူများကိုဦးဆောင်ကာ သူ၏အိမ်တော်အတွင်းသို့ခမ်းနားစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
"မွေးစားအဖေ ဘာလို့အလျင်စလိုကြီးထွက်သွားမှာတုန်း။ ကျွန်တော်က အဖေအတွက်လက်ဆောင်လေးတစ်ခုယူလာပေးတာပါ။"
ဆုရှင်းက ရယ်မောလိုက်ပြီးတတိယသခင်ကြီးဟူ၏ရှေ့သို့ ဟိုထုံ၏ခေါင်းကို ပစ်ချလိုက်ရာ တတိယသခင်ကြီးဟူ၏နှလုံးသားမှာ တစ်ချက်ဆောင့်တက်သွားတော့သည်။
တတိယသခင်ကြီးဟူက သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းကာ အေးစက်စွာပြောလိုက်၏။ "ဆုရှင်း မင်းဒါကိုသေချာစဉ်းစားတာပိုကောင်းမယ်။ဒါကလင်းယုန်ပျံဂိုဏ်း မင်းကဂိုဏ်းကို သစ္စာဖောက်ဖို့ကြိုးစားနေတာလား။"
"ဂိုဏ်းချုပ်နဲ့ ခန်းမသခင်သုံးယောက်က မင်းစိတ်ကူးနိုင်တာထက် အများကြီးပိုပြီးအစွမ်းထက်တယ်။ အခု ပင်မဌာနချုပ်ကို ငါနဲ့လိုက်ခဲ့ပြီး တောင်းပန်လိုက်ပါ။ ဂိုဏ်းအတွက် မင်းလုပ်ပေးခဲ့တဲ့ကြီးမားအထောက်အပံ့တွေကို ထည့်သွင်းစဉ်းစားပြီး ငါ့ရဲ့မာနကိုမြိုသိပ်ပြီး မင်းရဲ့အသက်အတွက် ဂိုဏ်းချုပ်ဆီမှာတောင်းပန်ပေးမယ်။"
အခန်း (၄၂) သစ္စာဖောက်
"မွေးစားအဖေ၊ မွေးစားအဖေ... အခုမှဒါတွေ ပြောနေလို့အသုံးဝင်မယ်လို့ ထင်နေတာလား။" ဆုရှင်းက တတိယသခင်ကြီးဟူကိုကြည့်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
"တကယ်တော့ ကျွန်တော်တို့ကြားမှာ ဒီလိုဖြစ်လာစရာမလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့မွေးစားအဖေ။ ကျွန်တော် ဆုရှင်းက ခင်ဗျားကြောင့်သာ လင်းယုန်ပျံဂိုဏ်းမှာ ခြေကုပ်ရခဲ့တာပါ။ ခင်ဗျားသာ ကျွန်တော့်ကိုဒုက္ခမပေးခဲ့ရင် ပျော်ရွှင်ဖွယ်တောအုပ်ရဲ့လစဉ်ကြေးပဲဖြစ်ဖြစ်၊ ယုံလဲ့ရပ်ကွက်ရဲ့လစဉ်ကြေးပဲဖြစ်ဖြစ် ကျွန်တော်ခင်ဗျားကို တစ်ပြားမှလျှော့ပေးမှာ မဟုတ်ပါဘူး။ ဒါဆို ဘာလို့ ကျွန်တော့်ကို အတင်းအကျပ်လုပ်ခိုင်းရတာလဲ။"
တတိယသခင်ကြီးဟူ၏မျက်နှာမှာ ပြာနှမ်းနေပြီး နောင်တရနေခြင်းလား၊ နာကြည်းနေခြင်းလားဆိုတာ ခွဲခြားရခက်သည်။
တတိယသခင်ကြီးဟူ မဖြေကြားမီ ဆုရှင်းက ဆက်ပြောလိုက်၏။ "တကယ်တော့ ခင်ဗျားမပြောရင်တောင်ခင်ဗျားက ကျွန်တော့်ရဲ့တိုးတက်မှုကို စိုးရိမ်ပြီး ကျွန်တော့်ကိုမထိန်းချုပ်နိုင်တော့မှာကို ကြောက်လို့ ကျွန်တော့်ကိုဖိနှိပ်ပြီး ဖယ်ရှားချင်နေတယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။"
"အနှစ်နှစ်ဆယ်ကျော်မွေးစားထားတဲ့ မွေးစားသား ချန်သောက်ကိုတောင် ခင်ဗျားမယုံကြည်ဘူးဆိုရင် ကျွန်တော့်ကို သေချာပေါက်ယုံကြည်မှာ မဟုတ်ပါဘူး။ ခင်ဗျားက သံသယလွန်ကဲနေတဲ့သူ တစ်ယောက်ပဲ။ ခင်ဗျားက ဘယ်သူ့ကိုမှ လုံးဝမယုံကြည်ခဲ့ဘူး။"
တတိယသခင်ကြီးဟူက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ အေးစက်စွာပြောသည်။ "ဆုရှင်း မင်း တကယ်တမ်းဘာလိုချင်တာလဲ။ မင်းက ထက်မြက်တဲ့ လူတစ်ယောက်ပါ။ မင်းငါ့ကို သတ်လိုက်ရင် လင်းယုန်ပျံဂိုဏ်းမှာ သေချာပေါက်ဆက်နေလို့မရဘူးဆိုတာ မင်း သိသင့်တယ်။"
"မွေးစားအဖေ ခင်ဗျားအတွေးလွန်နေပါပြီ။ ကျွန်တော်ခင်ဗျားကို သတ်ဖို့မရည်ရွယ်ပါဘူး။" ဆုရှင်း ခေါင်းယမ်းလိုက်သည်။
"ဒါဆို မင်းဘာလုပ်ချင်တာလဲ။"
"ဟိုထုံက ပြဿနာရှာလို့ ကျွန်တော်သတ်လိုက်တာ ဖြစ်ပြီး ခင်ဗျားကအဲဒါကိုသဘောတူခဲ့တယ်လို့ ဂိုဏ်းချုပ်ကို ခင်ဗျားကိုပြောခိုင်းချင်ရုံပါ။ ပြီးတော့ ကျွန်တော့်ကို လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်ကြီးအဖြစ် ခင်ဗျားထောက်ခံပေးရမယ်။" ဆုရှင်းက တတိယသခင်ကြီးဟူ၏မျက်လုံးများကိုစိုက်ကြည့်ကာ စကားလုံးတိုင်းကို ရှင်းလင်းစွာ ပြောလိုက်၏။
"မဖြစ်နိုင်ဘူး"
တတိယသခင်ကြီးဟူက ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။ "မင်းက အရာအားလုံးကိုငါ့အပေါ် ပုံချချင်နေတာလား။ ဒါဆိုရင်လည်း အခုပဲငါ့ကို သတ်လိုက်တော့။ ဒီလောက်ကြီးတဲ့ကိစ္စအတွက် ငါက အပြစ်ခံယူလိုက်ရင်။ ငါ မသေရင်တောင် ဂိုဏ်းက ငါ့ရဲ့နယ်မြေတွေကို သိမ်းသွားလိမ့်မယ်။ ငါ့ကို သတ်လိုက်ပါ၊ ငါတို့အတူတူသေကြတာပေါ့။"
မည်သို့ပင်ဆိုစေ တတိယသခင်ကြီးဟူက တစ်ချိန်က ရှားဖေးယင်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သဖြင့် သူသေရမည်ကို မကြောက်သောလူကြမ်းတစ်ဦးပင်။
"အသေအကြေတိုက်မှာလား။ ကျွန်တော်တော့ အဲဒီလို မထင်ဘူး။"
ဆုရှင်းက ပြုံးပြီးပြောလိုက်၏။ "တစ်ယောက်ယောက်ဆီကနေ ခင်ဗျားရဲ့လျှို့ဝှက်ချက်တချို့ကို ကျွန်တော် သိခဲ့ရတယ်။ ရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ပြီး အမြတ်ငွေထဲက ခင်ဗျားဝေစုကို လျှို့ဝှက်သိမ်းထားတာတွေပေါ့။ မွေးစားအဖေ ခင်ဗျားဒီအိမ်ကြီးကို ဝယ်ဖို့ ဘယ်လို ပိုက်ဆံမျိုးသုံးခဲ့ရတာလဲဆိုတာ ကျွန်တော်သိချင်မိတယ်။"
"ပြီးတော့ဒီနှစ်တွေ တစ်လျှောက်လုံး ခင်ဗျား နဲ့ သဘောထားကွဲလွဲသူတွေကို ရှင်းလင်းခဲ့တယ်။ ပြစ်ဒဏ်ခန်းမအမိန့်အောက်က လူတွေကိုတောင် သတ်ရဲခဲ့တယ်။ ကျွတ် ကျွတ်... ခင်ဗျားမှာ တော်တော်သတ္တိရှိတာပဲ။"
တတိယသခင်ကြီးဟူ၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ "အဓိပ္ပာယ်မရှိတာ အရူးကောင်။"
"ကျွန်တော်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ပါဘူး။ မွေးစားအဖေ သူဘယ်သူလဲဆိုတာ တွေ့လိုက်ရင်ခင်ဗျားသိသွားပါလိမ့်မယ်။"
ဆုရှင်းက လက်ခုပ်တီးလိုက်ရာ ပညာရှိဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ယောက် ဘေးဘက်မှ ထွက်လာပြီး ဆုရှင်းကိုလေးစားစွာ အရိုအသေပေးလိုက်သည်။ "ခေါင်းဆောင်ဆု။"
ဤလူကား အခြားသူမဟုတ်ပေ။ တတိယသခင်ကြီးဟူ၏အကြံပေးလျိုပင်။
အကြံပေးလျိုကို မြင်သောအခါ တတိယသခင်ကြီးဟူက အမှန်တကယ်မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
သိုင်းပညာကို လုံးဝမတတ်ကျွမ်းသော အကြံပေးလျိုမှလွဲ၍ အခြားမည်သူ့ကိုမျှမယုံကြည်ကြောင်း ကျစ်ကန်းက တစ်ခါကပြောခဲ့ဖူးသည်။
၎င်းမှာ အမှန်တကယ်ပင်။ သိုင်းပညာလုံးဝ မတတ်ကျွမ်းသော အကြံပေးလျိုတစ်ဦးတည်းသာလျှင် သူ့ကို စိတ်အေးစေနိုင်၏။
သို့သော် မမျှော်လင့်ဘဲနောက်ဆုံးတွင် သူ့ကို သစ္စာဖောက်သူမှာ သူ၏ယုံကြည်ရသော အကြံပေးလျိုဖြစ်နေသည်။
အကြံပေးလျိုက သူနှင့်အတူ အနှစ်နှစ်ဆယ်နီးပါး ရှိနေခဲ့ပြီး တတိယသခင်ကြီးဟူ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သမျှအရာအားလုံးနီးပါးကို သူ သိထားခဲ့၏။
အကယ်၍ ဤအရာများထဲမှ တစ်ခုခုသာ ဖော်ထုတ်ခံရပါက တတိယသခင်ကြီးဟူသည် ပြစ်ဒဏ်ခန်းမမှ သေဒဏ်ပေးခြင်း ခံရမည် ဖြစ်သည်။
"လျိုယွမ်ခွင်း အဲဒီတုန်းက မင်းစာမေးပွဲကျထားတဲ့ ပညာတတ်တစ်ယောက်ပဲရှိသေးတယ်။ ငါသာ မကယ်တင်ခဲ့ရင် မင်းကိုအကြွေးတောင်းတဲ့သူတွေက ရိုက်သတ်သွားတာကြာပြီ။ ငါမင်းကို အရမ်း ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ မင်းကငါ့ကို သစ္စာဖောက်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။"
တတိယသခင်ကြီးဟူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အကြံပေးလျိုကို တစ်ကောင်လုံး မျိုချချင်နေသည့်အလားပင်။
သူ၏သခင်ဟောင်း ဖြစ်သူအသွင်အပြင်ကြောင့် အကြံပေးလျို ထိပ်လန့်သွားသော်လည်း သူက အလျင်အမြန်တည်ငြိမ်သွားပြီး လှောင်ပြောင်လိုက်သည်။ "တတိယသခင်ကြီး ကိုယ့်ကိုစွတ်မြောက်မနေပါနဲ့။ ရိုးရိုးသားသား ကိုယ့်ကိုပြန်မေးကြည့်ပါ ခင်ဗျားကျုပ်ကို တကယ်ယုံကြည်ခဲ့ဖူးလို့လား။"
"အဲဒီတုန်းက ခင်ဗျားကျုပ်ကို ကယ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအနှစ်နှစ်ဆယ်အတွင်းမှာ လျှို့ဝှက်ပြီးညစ်ပတ်ပင်ပန်းတဲ့အလုပ်တွေ ဘယ်လောက်တောင် ကျုပ်လုပ်ခဲ့ရလဲ။ ပြီးတော့ အဲဒီအတွက် ခင်ဗျားကျုပ်ကို ဘာပြန်ပေးခဲ့လဲ။"
"ကျုပ်သိုင်းပညာမတတ်လို့ပဲ ခင်ဗျားကျုပ်ကို ယုံကြည်ခဲ့တာပါ။"
"ကျုပ်ကခင်ဗျားအတွက် ဘာခြိမ်းခြောက်နိုင်စွမ်းမှမရှိဘူး။ ဒါပေမဲ့ ကျုပ်သိုင်းပညာသင်ချင်တယ်လို့ ပြောတဲ့အခါ ခင်ဗျားကကျုပ်ကို တားဆီးဖို့ တတ်နိုင်သမျှ အရာအားလုံးကိုလုပ်ခဲ့တယ်။"
"တတိယသခင်ကြီး ခင်ဗျားအသက်ကြီးလာပြီ။ 'ပညာရှိတဲ့ငှက်က နားခိုဖို့သစ်ပင်ကောင်းကို ရွေးချယ်တတ်တယ်' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ တကယ်လို့ ကျုပ်ခေါင်းဆောင်ဆုနဲ့ ပူးပေါင်းလိုက်ရင် အနည်းဆုံးတော့ ကျုပ်ဘဝရဲ့လက်ကျန်နေ့ရက်တွေအတွက် ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာကို အာမခံနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားနောက်ကို ဆက်လိုက်နေရင်တော့ အနာဂတ်က မသေချာဘူး။"
ဟွမ်ပင်းချန်နှင့် အခြားသူများက အကြံပေးလျိုကို အံ့အားသင့်စွာကြည့်လိုက်ကြပြီး သူမည်သည့်အချိန်က ခေါင်းဆောင်ဆုနှင့် အဆက်အသွယ် ရသွားသနည်းဟု တွေးတောနေကြ၏။
အကြံပေးလျိုက သူ့ကိုဦးစွာ ဆက်သွယ်လာခြင်းအပေါ် ဆုရှင်းအတော်လေးအံ့အားသင့်ခဲ့ရသည်။ ဆိုးယုတ်သည့်အကြံအစည်တစ်ခုခု လုပ်ဆောင်ရန် တတိယသခင်ကြီးဟူက အကြံပေးလျိုကို စေလွှတ်ခဲ့ခြင်းဖြစ်မည်ဟု မူလက ဆုရှင်းထင်မှတ်ထားခဲ့၏။
အကြံပေးလျိုက တတိယသခင်ကြီးဟူ၏လက်ထဲတွင်ရှိနေသော ပြစ်မှုသက်သေအထောက်အထားများအကြောင်းပြောပြချိန်မှသာ ဆုရှင်း သူ့ကို ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
"ကဲ...မွေးစားအဖေ။ ခင်ဗျား သေချာ စဉ်းစားပြီးပြီလား။ အကယ်၍ခင်ဗျား ကျွန်တော့်ကိုအပြစ်ခံယူဖို့ ကူညီပေးရင်။ အဆိုးဆုံးအနေနဲ့ ခင်ဗျားရဲ့နယ်မြေတွေ အားလုံးဆုံးရှုံးသွားရုံပဲရှိမယ်။ ကျွန်တော်ရှိနေရင် ခင်ဗျားချမ်းသာတဲ့လူတစ်ယောက် ဖြစ်မယ်လို့တောင် အာမခံပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေ အားလုံးကို ဂိုဏ်းချုပ်ဆီ ကျွန်တော်ပေးလိုက်ရင်တော့ကိစ္စတွေက ဒီလောက်ရိုးရှင်းမှာမဟုတ်ဘူး။"
တတိယသခင်ကြီးဟူက သွေးရောင်လွှမ်းနေသော မျက်လုံးများ နှင့် အက်ရှရှအသံဖြင့် ပြောလိုက်၏။ "ငါ မလုပ်ချင်ဘူးဆိုရင်ကော။ မင်းဟိုထုံကို သတ်လိုက်တာပဲ မင်းလည်းဂိုဏ်းချုပ်ရဲ့သေဒဏ်ပေးတာ ခံရမှာပဲ။ ငါတို့ အားလုံးအတူတူသေကြတာပေါ့။"
ဆုရှင်း ခေါင်းယမ်းလိုက်သည်။ "အဲဒါက သေချာပေါက် မမှန်ဘူး။ ချန်နင်စီရင်စုမှာ လင်းယုန်ပျံဂိုဏ်းတစ်ခုတည်းရှိတာမဟုတ်ဘူး ဆိုတာ မမေ့ပါနဲ့။ ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့ ရှိတယ်။ ကျွန်တော်ဆုရှင်းက သွားချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ခွန်အားနဲ့ အနည်းဆုံးတော့ ခေါင်းဆောင်ကြီးနေရာတစ်ခုကို အလွယ်တကူ ရနိုင်ပါတယ်။"
"တခြားအရာတွေ အကုန်ဖယ်ထားလိုက်၊ မိုးပြာဝါးဂိုဏ်းကိုပဲ ကြည့်။ ကျွန်တော့်လူတွေနဲ့ ယုံလဲ့ရပ်ကွက်နယ်မြေတစ်စိတ်တစ်ပိုင်းကိုယူပြီး အခု သူတို့ဆီသွားပူးပေါင်းမယ်ဆိုရင် သူတို့က ကျွန်တော့်ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြမယ်လို့ ခင်ဗျား မထင်ဘူးလား။"
"မင်း ယုံလဲ့ရပ်ကွက်နယ်မြေကို မိုးပြာဝါးဂိုဏ်း ဆီကနေယူခဲ့တာဆိုတာ မမေ့နဲ့။ ပြီးတော့ မိုးပြာဝါးဂိုဏ်းရဲ့ထိပ်တန်း ခေါင်းဆောင်နှစ်ယောက်ကိုတောင် မင်းသတ်ခဲ့သေးတယ်လေ။"
ဆုရှင်း အေးစက်စွာပြုံးလိုက်၏။ "မွေးစားအဖေ ကျွန်တော်ဆုရှင်းက မိုးပြာဝါးဂိုဏ်းရဲ့ အခြေအနေကို ဘာမှမသိဘူးလို့ ခင်ဗျားတကယ်ထင်နေတာလား။"
"ကျွန်တော်သတ်လိုက်တဲ့ ခေါင်းဆောင်ကြီး နှစ်ယောက်စလုံးက ဂိုဏ်းချုပ်ဝေ့ဖုန်းရဲ့ လူတွေပဲ။ အခု သူကဒုဂိုဏ်းချုပ်နှစ်ယောက်ရဲ့ ရုပ်သေးရုပ်လေးပဲ ရှိတော့တာ။"
"ကျွန်တော် သူတို့နှစ်ယောက်စလုံးကို သတ်လိုက်တဲ့အတွက် မိုးပြာဝါးဂိုဏ်းရဲ့ဒုဂိုဏ်းချုပ် နှစ်ယောက်က ကျွန်တော့်ကို ကျေးဇူးတင်နေမှာပါ။ အကယ်၍ကျွန်တော် မိုးပြာဝါးဂိုဏ်းကို ဝင်သွားရင် ချက်ချင်း တတိယဒုဂိုဏ်းချုပ်ဖြစ်သွားနိုင်ခြေတောင် ရှိသေးတယ်။"
တတိယသခင်ကြီးဟူက သူ၏ကုလားထိုင်ပေါ်သို့ ပြိုကျသွားပြီး ဤထိပ်တိုက်တွေ့ဆုံမှုတွင် သူ၏ မွေးစားသားအားထပ်မံ ရှုံးနိမ့်သွားပြန်လေပြီ။
ဆုရှင်းက သူ့ကို အသေအကြေတိုက်ပွဲဝင်ရန် အခွင့်အရေးပင်မပေးခဲ့ပေ။
ဆုရှင်းပြောသကဲ့သို့ပင်။ သူက သက်သေအထောက်အထားများကို ဂိုဏ်းချုပ်ထံပေးလိုက်သရွေ့ သူ၏လူများကိုဦးဆောင်ကာ အခြား ဂိုဏ်းများသို့ အလွယ်တကူဝင်ရောက်နိုင်ပါလိမ့်မည်။
ဆုရှင်း၏ခွန်အားနှင့် သြဇာလွှမ်းမိုးမှုတို့ဖြင့် ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထဲတွင် အင်အားအကြီးဆုံးဖြစ်သော သူရဲကောင်းသုံးဖော်အသင်းပင်လျှင် သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါလိမ့်မည်။
"ငါ ကတိပေးတယ်။" တတိယသခင်ကြီးဟူက ဤစကားလုံးလေးခွန်းကို အားနည်းစွာဖြင့် အတင်း ညှစ်ထုတ်ပြောလိုက်သည်။
"ဒါဆိုကျေးဇူးတင်ပါတယ် မွေးစားအဖေ။ ဒီမှာ ပိုးကောင်လေးတစ်ကောင်ရှိတယ်။ မွေးစားအဖေ ကျေးဇူးပြုပြီးသူ့ကိုလည်း ရှင်းပေးပါဦး။"
ဆုရှင်းက အရွတ်များဖြတ်တောက်ခံထားရပြီး ပါးစပ်ပိတ်ခံထားရသောကျစ်ကန်းကို တတိယသခင်ကြီးဟူထံသို့ ပစ်ပေးလိုက်၏။ ကျစ်ကန်းက ချက်ချင်းထိတ်လန့်သွားပြီး တောင်းပန်နေသော မျက်လုံးများဖြင့် ငိုကြွေးနေတော့သည်။
တတိယသခင်ကြီးဟူက ဆုရှင်းကိုရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်၏။ သူ့ကိုလှုပ်ရှားရန် နေရာလုံးဝမချန်ထားပေးကြောင်း သူ နားလည်လိုက်သည်။
"ဘုန်း.."
တတိယသခင်ကြီးဟူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သံမဏိသဲလက်ဝါး၏ပြင်းထန်သော စွမ်းအားက ကျစ်ကန်း၏နှလုံးသွေးကြောကို တိုက်ရိုက် ပျက်စီးသွားစေပြီး ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာတော့သည်။
"အခု ကျေနပ်ပြီလား။" တတိယသခင်ကြီးဟူ၏အသံမှာ အေးစက်နေသော်လည်း အားငယ် အရိပ်အယောင်တစ်ခုလည်း ပါဝင်နေခဲ့၏။
"အရမ်း ကျေနပ်ပါတယ်။ အခု ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုသွားတွေ့လို့ ရပါပြီ။" ဆုရှင်းက လက်ခုပ်တီးလိုက်သည်။
သို့သော် ထိုအချိန်မှာပင်အပြင်ဘက်မှ အော်ဟစ်ဆဲဆိုသံများ ရုတ်တရက်ထွက်ပေါ်လာသည်။ အနက်နှင့်အနီရောင် ဝတ်ရုံဝတ်ဆင်ထားသော လူအချို့က ဆုရှင်း၏လူများကို တွန်းဖယ်ကာ ဧည့်ခန်းထဲသို့မာနထောင်လွှားစွာ ဝင်ရောက်လာကြ၏။
သူတို့ထဲမှ တစ်ဦးက အော်ပြောလိုက်သည်။ "ဆုရှင်း သစ္စာဖောက်ပြီး ခေါင်းဆောင်ကြီးဟိုထုံကို လုပ်ကြံရဲတယ်ပေါ့။ မင်းက ဂိုဏ်းစည်းမျဉ်းတွေကို လုံးဝ ဂရုမစိုက်ဘူးပဲ။ အခုလက်နက်ချပြီး မင်းရဲ့ပြစ်ဒဏ်ကိုစောင့်ဖို့ ပင်မဌာနကို ငါတို့နဲ့ လိုက်ခဲ့။"
ဆုရှင်း မျက်မှောင်ကြုတ်ကာ ဘေးရှိဟွမ်ပင်းချန်ကို ကြည့်လိုက်၏။ "ဒီအမှိုက်တွေက ဘာတွေလဲ။"
ဟွမ်ပင်းချန်မဖြေကြားမီ အကြံပေးလျိုက ဝင်ပြောသည်။ "သူတို့က ပြစ်ဒဏ်ခန်းမကပါ။ ခန်းမသခင် တုန်းချန်ဝူရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲရှိပါတယ်။ ခန်းမသခင်သုံးယောက်ကလွဲရင် ဘယ်သူ့ကိုမဆို ဖမ်းဆီးခွင့်အာဏာရှိပါတယ်။"
ဟွမ်ပင်းချန်က အကြံပေးလျိုကို စိုက်ကြည့်လိုက်သည်။
*ဒီကောင်က အရှက်မရှိဘူးပဲ။ သူက ခေါင်းဆောင်ရဲ့အဖွဲ့ထဲကို အခုမှ ဝင်လာတာကိုနေရာလာလုချင်နေပြီ။*
သူတို့ကိုလုံးဝဂရုမစိုက်သည်ကို မြင်သောအခါ ထိုပြစ်ဒဏ်ခန်းမ တပည့်များမှာ ချက်ချင်း ဒေါသထွက်သွားကြ၏။
တကယ်တမ်းတွင် လင်းယုန်ပျံဂိုဏ်း၌အဆင့်အတန်း အမြင့်ဆုံးသူများမှာ စစ်ရေးခန်းမတပည့်များ မဟုတ်ဘဲ သူတို့ပြစ်ဒဏ်ခန်းမ တပည့်များပင်။
အရေအတွက်အားဖြင့် သူတို့က အနည်းဆုံးဖြစ်သလို။ ခွန်အားအရဆိုလျှင်လည်း ဂိုဏ်းစစ်ပွဲများအကြိမ်ကြိမ်မှ ထွက်ပေါ်လာသော စစ်ရေးခန်းမ၏ လက်ရွေးစင်များကို သူတို့ မယှဉ်နိုင်ပေ။
သို့သော် သူတို့၏အခွင့်အာဏာမှာမူ အကြီးမားဆုံး ဖြစ်သည်။
ဂိုဏ်းစည်းမျဉ်းချိုးဖောက်သူ မည်သူ့ကိုမဆို တွေ့ရှိသရွေ့ ခေါင်းဆောင်ကြီးအောက်ရှိ မည်သူ့ကိုမဆို ခန်းမသခင်ထံသတင်းပို့စရာမလိုဘဲ တိုက်ရိုက် ကိုင်တွယ်ခွင့် ရှိသည်။
ခေါင်းဆောင်ကြီးတစ်ဦးပြစ်မှုကျူးလွန်လျှင်ပင် ဦးစွာဖမ်းဆီးနိုင်ကာနောက်မှစကားပြော၍ရပေသည်။
တုန်းချန်ဝူ၏ပြစ်ဒဏ်ခန်းမ အမိန့်အောက်တွင် လူသုံးဆယ်ကျော်သာရှိသော်လည်း ဤလူသုံးဆယ်ကျော်က ခေါင်းဆောင်ကြီးတစ်ဦးနှင့် တွေ့ဆုံချိန်တွင်ပင် ယုံကြည်မှုအပြည့်ရှိကြ၏။
ယခုအခါ ဆုရှင်း၏လျစ်လျူရှုခြင်းကို ခံလိုက်ရသဖြင့် ခေါင်းဆောင်ဖြစ်သူ ပြစ်ဒဏ်ခန်းမ တပည့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ဓားကို ဆွဲထုတ်ကာ ဆုရှင်းထံသို့ ခုတ်ချလိုက်တော့သည်။
"အထက်လူကြီးကို မလေးမစားလုပ်တယ် ခေါင်းဆောင်ကြီးကို လုပ်ကြံတယ်။ စည်းမျဉ်းတွေကို မျက်ကွယ်ပြုတယ်။ ပြစ်ဒဏ်ခန်းမရဲ့ဥပဒေစိုးမိုးရေးကိုခုခံတယ်။ ဆုရှင်း မင်းရဲ့ပြစ်မှုတွေက သေဒဏ်ပေးဖို့ ထိုက်တန်တယ်။"
"သေချင်နေတာလား။"
ဆုရှင်း၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ရာ ထိုပြစ်ဒဏ်ခန်းမ တပည့်မှာ လွင့်ထွက်သွားခဲ့သည်။
ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဆုရှင်းက သူ၏မျက်နှာကို ခြေထောက်ဖြင့်နင်းကာ အေးစက်သောအသံဖြင့် ပြောလိုက်၏။ "ငါ့ရဲ့ပြစ်မှုတွေက သေဒဏ်ပေးဖို့ ထိုက်တန်တယ်ပေါ့။ ကျေးဇူးပြုပြီး ပြောပါဦး မင်းကဘာကောင်မို့လို့ ငါ့ကိုလာသတ်ရဲတာလဲ။ မင်းမှာ အဲဒီအရည်အချင်းရှိလို့လား။"
ဆုရှင်း လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ကျန်ရှိသော ပြစ်ဒဏ်ခန်းမတပည့်များမှာ ကြောက်လန့်တကြား တုန်ယင်သွားကြပြီး ခါးရှိ ဓားရှည်များကိုပင် မဆွဲထုတ်ရဲကြတော့ပေ။
သူတို့က မာနထောင်လွှားစွာပြုမူလေ့ရှိကြသော်လည်း ဆုရှင်းလှုပ်ရှားလိုက်ချိန်မှသာ ဤသူက ရန်စရန်မလွယ်ကူသူတစ်ဦးဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြ၏။
မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်ကြီး နှစ်ဦးမှာ သူ၏လက်ထဲတွင် သေဆုံးခဲ့ပြီး ယခု သူက ကိုယ့်ဂိုဏ်းမှ ခေါင်းဆောင်ကြီးကိုပင် သတ်ရဲနေပြီ ဖြစ်သည်။
သူတို့မှာတော့ ကျား၏အာဏာကို အလွဲသုံးစားလုပ်သောမြေခွေးတစ်အုပ်ကဲ့သို့ အဆင့်နိမ့် နောက်လိုက်များသာဖြစ်ပြီး ဆုရှင်းရှေ့တွင် ဓားဆွဲထုတ်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင် မဟုတ်လော။
"သူ့မှာအရည်အချင်းမရှိဘူးဆိုရင်။ ငါ့မှာကော ရှိလား။"
ပြစ်ဒဏ်ခန်းမသခင် တုန်းချန်ဝူက ကျောတွင်အကွင်းကိုးခုဓားတစ်လက်ကိုလွယ်ကာ ဝင်ရောက်လာသည်။ သူ၏မျက်နှာထားမှာ မိုးစက်များရွာကျလာမတတ် မှိုင်းညို့နေခဲ့၏။
"သူ့ကိုလွှတ်ပေးလိုက်။ ငါ့ရဲ့ပြစ်ဒဏ်ခန်းမ တပည့်ကို မင်းဆုရှင်းက သင်ခန်းစာပေးစရာမလိုဘူး။"
ဆုရှင်း ခေါင်းယမ်းလိုက်သည်။ "သူက ငါ့ကိုအရင် ဓားနဲ့ ခုတ်တာလေ။ လင်းယုန်ပျံဂိုဏ်းရဲ့ညီအစ်ကို တစ်ယောက်ဖြစ်နေလို့သာမဟုတ်ရင် သူ သေတာ ကြာပြီ။"
"သိုင်းလောကမှာဆိုရင် မင်းဓားဆွဲထုတ်လိုက်တာနဲ့ အဲဒါက အသေအကြေတိုက်ပွဲကို ဆိုလိုတာပဲ။ ဒါကကလေးကစားစရာ မဟုတ်ဘူး။ ဘယ်သူကမှ မင်းကိုသနားညှာတာနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခန်းမသခင်တုန်းကို ထောက်ထားပြီး သူ့ကို သင်ခန်းစာတစ်ခုပဲ ပေးလိုက်ပါမယ်။"
ဆုရှင်းက ၎င်း၏မျက်နှာပေါ်မှခြေထောက်ကို ဖယ်လိုက်ရင်း ရုတ်တရက်၎င်း၏ဓားကိုင်ထားသော ညာဘက်လက်ကို ခြေထောက်ဖြင့် နင်းချေလိုက်သည်။