အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃) အလှည့်အပြောင်း
တုန်းချန်ဝူက မူဝါဒကို ယအလွန်လိုက်နာသော လူတစ်ယောက် ဖြစ်သည်။ လင်းယုန်ပျံဂိုဏ်းက ချန်နင်စီရင်စုတွင် အနှစ်သုံးဆယ်မပြည့်မီ အချိန်အတွင်းဘာမှမရှိသော ဘဝမှ ယခုအခြေအနေအထိ ရောက်ရှိလာနိုင်ခဲ့ခြင်းမှာ ရှားဖေးယင်း၏ခွန်အားအပြင် တုန်းချန်ဝူချမှတ်ခဲ့သော စည်းမျဉ်းများနှင့်လည်းများစွာသက်ဆိုင်၏။
ရှားဖေးယင်း အပါအဝင် လင်းယုန်ပျံဂိုဏ်းရှိ လူတိုင်းက သိုင်းဂိုဏ်းများမှဆင်းသက်လာသူများ မဟုတ်သော်လည်း အနောက်ပိုင်းဟူနန် နတ်ဓားဂိုဏ်းမှ ဆင်းသက်လာသော အစစ်အမှန် သိုင်းဂိုဏ်းအဖွဲ့သားတစ်ဦးဖြစ်သည့် တုန်းချန်ဝူသာလျှင် ချွင်းချက်ပင်။
ထို့ကြောင့် တုန်းချန်ဝူက ရှားဖေးယင်းနှင့် အခြားသူများထက် စည်းမျဉ်းများကို ပို၍တန်ဖိုးထားခြင်းဖြစ်သည်။
အထက်အောက် အဆင့်အတန်း၊ လူမှုအဆင့်အတန်း၊ ဥပဒေနှင့် စည်းမျဉ်းဤအရာများသည် စည်းမျဉ်းများပင်။
ယခုအခါ ဆုရှင်းက သူ၏စည်းမျဉ်းများကို တစ်ကြိမ်ထက်မက ချိုးဖောက်ခဲ့ပြီဖြစ်၏။
ပြီးခဲ့သည့် အကြိမ်က ဆုရှင်းက ဂိုဏ်း၏အမိန့်များကို ဖီဆန်ပြီးတိုင်ချုံးကို လုပ်ကြံရန်ကြိုးစားခဲ့ခြင်းကပင် တုန်းချန်ဝူကို ဒေါသထွက်စေခဲ့သည်။
ယခု ဆုရှင်း၏လုပ်ရပ်များမှာ ပြစ်ဒဏ်ခန်းမ အကြီးအကဲ တစ်ဦးအဖြစ် သူ၏အခွင့်အာဏာကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်။
တုန်းချန်ဝူ၏အကွင်းကိုးခုဓားက ရုတ်တရက်ခုတ်ချလာပြီး လူတစ်ဝက်ခန့်မြင့်သော ဓားသွားမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ လေထုကိုဆွဲဖြဲသွားကာ ၎င်း၏ ခွန်အားနှင့် ကြမ်းတမ်းမှုမှာ ပြိုင်ဘက်ကင်းလှပေသည်။
ဆုရှင်း အလျင်အမြန်နောက်ဆုတ်လိုက်၏။ သူ၏ဓားကြီးမှာ လက်ရှိသူ့အနားတွင်မရှိပေ။ သူ၏ကြီးမြတ်သော သုမေရုဓားသိုင်းနှင့်ပင် ဤဓားကြီး၏ပြင်းထန်ပြီး လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုကို သူမခံယူနိုင်ပေ။
လီဟွိုင်က တစ္ဆေတစ်ကောင်ကဲ့သို့ ရွေ့လျားကာ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကို အသုံးပြုလိုက်၏။ ပြင်းထန်သောဓားအလင်းတန်းတစ်ခုက အောက်သို့ ခုတ်ချလာသော်လည်း တုန်းချန်ဝူ၏အကွင်းကိုးခုဓားက အလျားလိုက်ခုတ်ပိုင်းလိုက်ရာ လွှမ်းမိုးနိုင်သောဓားချက်က လီဟွိုင်ကို တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။
လီဟွိုင်ကသာ ဟောက်ထျန်းအစောပိုင်းအဆင့်သို့ မရောက်သေးသော်လည်း တုန်းချန်ဝူမှာတော့ သွေးကြောအမှတ် ၇၂ ခုကျော် ဖွင့်ထားပြီးဖြစ်သော ဟောက်ထျန်းအလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် တိုက်ခိုက်မှုနှစ်ခုကြားရှိ စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။
မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းမှာ ရက်စက်ပြီး ခန့်မှန်းရခက်သော်လည်း အကြွင်းမဲ့ခွန်အားကိုတော့ မခုခံနိုင်ပေ။
ဤအခွင့်အရေးကို အသုံးချကာ ဆုရှင်းနောက်ဆုံးတွင် သူ၏ဘယ်ဘက်လက်ဖြင့် ဓားကိုဆွဲထုတ်လိုက်ပြီး ရက်စက်ကာခန့်မှန်းရခက်သော ထိုးချက်ဖြင့် တုန်းချန်ဝူ၏နံရိုးများကို ထိုးစိုက်လိုက်၏။
ချက်ချင်းပင် တုန်းချန်ဝူ၏ဆံပင်များ ထောင်ထသွားပြီး သတ်ဖြတ်လိုစိတ်တစ်ခုကျ ဝင်ရောက်လာသည်ကို သူခံစားလိုက်ရ၏။
"တိမ်ဖယ်ရှားခြင်းလေဆင်နှာမောင်း"
ဧရာမဓားကြီးကို တုန်းချန်ဝူက လေဆင်နှာမောင်း တစ်ခုကဲ့သို့ လွဲယမ်းကာပတ်ဝန်းကျင်ရှိ စားပွဲများနှင့် ကုလားထိုင်များကို ခုတ်ပိုင်းကာ ဆုရှင်းကို နောက်ဆုတ်သွားစေသည်။
တုန်းချန်ဝူက သိုင်းဂိုဏ်းမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏တိုက်ခိုက်ရေးဟန်မှာ မိုးပြာဝါးဂိုဏ်းမှ လော့ကျန်းနှင့် အလွန် ဆင်တူ၏။ နှစ်ဦးစလုံးမှာ သူတို့၏တိုက်ခိုက်ရေးဟန်တွင် စနစ်ကျပြီးအားနည်းချက်ကင်းမဲ့ကြပါသည်။
ဤတိုက်ခိုက်ရေးဟန်မှာ တောင့်တင်းပြီးအလွန်ဖိနှိပ်နိုင်ရာ ဆုရှင်းကို တိုက်ခိုက်ရန်နည်းလမ်းရှာမရဖြစ်စေကာ အားနည်းချက်တစ်စုံတစ်ရာမတွေ့ရအောင် ဖြစ်သွားစေသည်။
တုန်းချန်ဝူက ရံဖန်ရံခါအားနည်းချက်တစ်ခုပြသလာသော်လည်း လက်ရှိခွန်အားဖြင့် ဆုရှင်းက ၎င်းကိုအသုံးချနိုင်မည်မဟုတ်ပေ။
သိုင်းကွက်အနည်းငယ်တိုက်ခိုက်ပြီးနောက် ဆုရှင်းမှာထောင့်တစ်နေရာသို့တွန်းပို့ခံလိုက်ရပြီး သူ၏ဓားက တုန်းချန်ဝူကိုတစ်ခါမျှပင် မထိခဲ့ပေ။
"ဟေ့ တုန်းချန်ဝူ မင်းကပိုပိုပြီးစွမ်းဆောင်နိုင်လာတာပဲ။ ဒီလို ကောင်လေးတစ်ယောက်နဲ့ တိုက်ခိုက်ရတာကို မင်းအတော်လေးပျော်နေပုံပဲ။ မင်းဒီလောက်တော်နေရင် ငါတို့ယှဉ်ပြိုင်ကြည့်ရအောင်လေ။"
တံခါး အပြင်ဘက်မှ လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တုန်းချန်ဝူက သူ၏ဧရာမဓားကို ဓားအိမ်ထဲပြန်ထည့်ကာ လှည့်ကြည့်လိုက်ရင်း သူ၏မျက်နှာမှာ ချက်ချင်းမှောင်မိုက်သွားတော့သည်။
"လင်းဖူဟူ မင်းဒီမှာဘာလာလုပ်နေတာလဲ။" တုန်းချန်ဝူက အေးစက်သောအမူအရာဖြင့် မေးလိုက်သည်။
"မင်းလာလို့ရတယ်ဆိုရင် ငါရောဘာလို့လာလို့မရမှာလဲ။" လင်းဖူဟူက ပြန်လည် ချေပလိုက်၏။
တုန်းချန်ဝူနှင့် သူ၏ပဋိပက္ခမှာ ဆယ်နှစ်ကျော်ကြာ ကြာမြင့်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တုန်းချန်ဝူ မပျော်မရွှင်ဖြစ်နေသည်ကို မြင်ရလျှင် သူ ပျော်ရွှင်သည်။
"ဆုရှင်းက ခေါင်းဆောင်ကြီးကိုလုပ်ကြံရဲတယ်။ ဒါက သစ္စာဖောက်တဲ့လုပ်ရပ်ပဲ။ ဂိုဏ်းစည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ သူ့ကိုသတ်ရမယ်။ လင်းဖူဟူ မင်းပြဿနာရှာချင်ရင်တောင် အချိန်အခါလေးတော့ ရွေးဦး။ သူ့ကိုသတ်ပြီးတာနဲ့ မင်းကျေနပ်တဲ့အထိ ငါ မင်းနဲ့ တိုက်ခိုက်ပေးမယ်။"
"တိုက်ဆိုင်လိုက်တာ၊ ဒီနေ့မင်းကိုလည်း ဒီကောင်လေးကို သတ်ခွင့်ပေးမှာမဟုတ်ဘူး။"
လင်းဖူဟူက တံတွေးထွေးကာ ပြောလိုက်၏။ "ဟိုထုံက ဘယ်လိုအမှိုက်ကောင်မျိုးလဲ။ သူလုပ်သမျှက လောင်းကစားလုပ်ပြီး သူ့ရဲ့အောင်မြင်မှုတွေ အပေါ်မှာပဲ အချိန်ကုန်နေတာ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူတိုက်ပွဲတစ်ပွဲလေးတောင် တိုက်ခဲ့ဖူးလို့လား။ ဆုရှင်းက သူ့ကိုမသတ်ရင်တောင်။ သူ ငါ့ကို မကျေနပ်အောင် လုပ်တဲ့နေ့ကျရင် ငါကိုယ်တိုင်သွားပြီး သူ့ကိုခုတ်ပစ်မှာပဲ။"
"လင်းဖူဟူ...။ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး။ အထက်လူကြီးကို မလေးမစားလုပ်တာက ဂိုဏ်းမှာ ကြီးမားတဲ့တားမြစ်ချက်တစ်ခုပဲ။ သူ့ကို ဂိုဏ်းစည်းမျဉ်းတွေအရ အရေးယူရမယ်။" တုန်းချန်ဝူက တင်းမာစွာအော်ဟစ်လိုက်၏။
လင်းဖူဟူက ရယ်မောလိုက်ပြီးပြောလိုက်သည်။ "စည်းမျဉ်းက စည်းမျဉ်းပဲလေ။ မင်းက ဘာလို့ အဲဒီအကြောင်း အော်နေရတာလဲ။ ပြီးတော့ စည်းမျဉ်းတွေကို မင်းတစ်ယောက်တည်းက လုပ်ခဲ့တာမှ မဟုတ်တာ။ ဒါက ကိစ္စကြီးဆိုတော့ ဂိုဏ်းချုပ်ကိုပြောပြီး ခေါင်းဆောင်ကြီးအားလုံးကို ဆင့်ခေါ် ဆုံးဖြတ်ချက်ချခိုင်းလိုက်ပါ။"
လင်းဖူဟူရှိနေသဖြင့် တုန်းချန်ဝူက ဆုရှင်းကို ယနေ့ ဘာမှလုပ်နိုင်မည်မဟုတ်ကြောင်း သိလိုက်၏။
ထို့ကြောင့် သူက ဆုရှင်းကိုနက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်ပြီး ဆုရှင်းမှ လက်ကိုချေမွထားသော လက်အောက်ငယ်သားကို အခြားသူတစ်ဦးအား ခေါ်ဆောင်သွားခိုင်းလိုက်တော့သည်။
သူတို့ထွက်သွားပြီးနောက် ဆုရှင်းက လင်းဖူဟူကို ဦးညွှတ်လိုက်၏။ "အကူအညီအတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင်လင်း။"
လင်းဖူဟူက သဘောထားကြီးစွာ လက်ဝှေ့ယမ်းလိုက်သည်။ "ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ငါက အဲဒီအဘိုးကြီးကို သဘောမကျရုံပဲ။ ဒီနေ့ သူနဲ့ သူ့လူတွေပင်မဌာနကနေ ထွက်လာတာကို အမှတ်မထင်တွေ့လိုက်လို့ ဘာဖြစ်နေလဲဆိုတာ သိရအောင် လိုက်လာခဲ့တာ။ ဒီလောက် ကောင်းတဲ့ ပွဲတစ်ပွဲကိုတွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ စိတ်မပူပါနဲ့ ကောင်လေး။ ဂိုဏ်းချုပ်ဆီရောက်ရင် မင်းအတွက် ငါစကားတစ်ခွန်းပြောပေးပါ့မယ်။"
"ခန်းမသခင်လင်းရဲ့ကြီးမားတဲ့ ကျေးဇူးအတွက် ကျွန်တော် အတော်လေးကျေးဇူးတင်မိပါတယ်။" ဆုရှင်းက စိတ်လှုပ်ရှားဟန်ဆောင်လိုက်ရာ လင်းဖူဟူ အလွန်ကျေနပ်သွား၏။
၎င်းမှာ ဆုရှင်းက သူ့ကိုမြှောက်ပင့်ပေးလိုက်သောကြောင့်မဟုတ်ဘဲ တုန်းချန်ဝူက သူနှင့် ထိုက်တန်သောအရာကိုရရှိသွားသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်က လင်းဖူဟူကို အတော်လေး ထိခိုက်စေခဲ့ပြီး ယနေ့တိုင်အောင် သူကထိုကိစ္စအတွက် ရန်ငြိုးဖွဲ့ထားဆဲဖြစ်၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် လင်းဖူဟူက ရိုးရှင်းသောစိတ်ထားရှိပြီး ခန္ဓာကိုယ်သန်မာကာ အနည်းငယ်ခေါင်းမာပါသည်။
ထိုစဉ်က တုန်းချန်ဝူက သူ၏ဂုဏ်သတင်းကို လုံးဝ မထောက်ထားဘဲ စစ်ရေးခန်းမ၏တပည့်ကို သူ့ရာထူးဖြင့် ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ရာ လင်းဖူဟူ အချိန်အတော်ကြာအရှက်ရခဲ့၏။ အချိန်အတိုင်းအတာ တစ်ခုအထိ သူ၏လက်အောက်ငယ်သားများရှေ့တွင် မျက်နှာပြရန်ပင် သူရှက်ရွံ့နေခဲ့သည်။
ဤသည်မှာ လင်းဖူဟူအတွက် လုံးဝအရှက်ရစေသော အရာတစ်ခုဖြစ်ပြီး တစ်သက်လုံး ရန်ငြိုးဖွဲ့ထားရန် လုံလောက်သည်။
တုန်းချန်ဝူ ထွက်သွားသော်လည်း ကိစ္စက မပြီးသေးပေ။ ဆုရှင်း၏မှားယွင်းမှု ရှိမရှိကို ဂိုဏ်းချုပ်ကသာ ဆုံးဖြတ်ရမည်။ လင်းဖူဟူပင်လျှင် ဤကိစ္စနှင့် ပတ်သက်၍ မဆင်မခြင်ဆုံးဖြတ်ချက်မချရဲပေ။
ထို့ကြောင့် လင်းဖူဟူက ဆုရှင်းနှင့် အခြားသူများအပြင် တတိယသခင်ကြီးဟူတို့ကိုပါ ပင်မခန်းမသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
အစောပိုင်းက ပြန်ရောက်နေသော တုန်းချန်ဝူက ရှားဖေးယင်းနှင့် အခြားခေါင်းဆောင်ကြီးများကို စုဝေးထားခဲ့ပြီးဖြစ်သည်။
ဆုရှင်းနှင့် အခြားသူများပင်မခန်းမသို့ ဝင်လာသည်ကို မြင်သောအခါ အခြားခေါင်းဆောင်များ အားလုံး၏မျက်နှာတွင် ထူးဆန်းသောအမူအရာများ ပေါ်လာကြသည်။
ဆုရှင်းက တကယ်ကို အနိုင်ကျင့်ရ လွယ်သောသူ
မဟုတ်ပေ။ လအနည်းငယ်အတွင်းမှာပင် သူ့ကြောင့် လူတိုင်းကိုအစည်းအဝေးတစ်ခု ထပ်မံ ခေါ်ယူလိုက်ရပြန်သည်။
"ဆုရှင်းက အထက်လူကြီးကို မလေးမစားလုပ်ပြီး ဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ သူ သေသင့်တယ်။ ဆုရှင်းရဲ့နယ်မြေတွေ အားလုံးကို ဂိုဏ်းချုပ်ကလွှဲပြောင်းယူပြီး သူ့ကိုချက်ချင်း ကွပ်မျက်ဖို့ တောင်းဆိုပါတယ်။" တုန်းချန်ဝူက တင်းမာစွာ အော်ဟစ်လိုက်သည်။
လင်းဖူဟူက လှောင်ပြောင်လိုက်၏။ "အထက်လူကြီးကို မလေးမစားလုပ်တယ်ဆိုတာ အကြောင်းပြချက်တစ်ခုတော့ ရှိရမှာပေါ့။ ဒီဟိုထုံက ပျော်ရွှင်ဖွယ်တောအုပ်မှာ အရင်ပြဿနာစရှာတာလို့ ငါ ကြားတယ်။"
"အကြောင်းပြချက် ဘာပဲဖြစ်ဖြစ်။ အထက်လူကြီးကို မလေးမစားလုပ်တဲ့သူတိုင်းကို ကွပ်မျက်ရမယ်။"
"ဒီအတိုင်း မင်းသတ်ဆိုတိုင်းသတ်ရအောင် မင်းကိုယ်မင်းဘာထင်နေတာလဲ။"
ထိုနှစ်ဦး ထပ်မံငြင်းခုံတော့မည်ကို မြင်သောအခါ ရှားဖေးယင်းက လည်ချောင်းနှစ်ချက်ဟန့်လိုက်ရာ သူတို့နှစ်ဦး ချက်ချင်းပါးစပ်ပိတ်သွားကြ၏။
"ဒီကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အမြင်က ဘယ်လိုရှိလဲ။" ရှားဖေးယင်းက အောက်ရှိ ခေါင်းဆောင်များကို ကြည့်လိုက်သည်။
ဤလူများက ဘယ်ညာကြည့်နေကြသော်လည်း တိတ်ဆိတ်နေခဲ့ကြ၏။
မည်သို့ပင်ဆိုစေ သူတို့ ဆုရှင်းထံမှ ငွေတစ်သောင်းရရှိထားကြသည်။ ဆုရှင်းကောင်းကြောင်းပြောမည်မဟုတ်သော်လည်းအနည်းဆုံးတော့ သူတို့ တိတ်တဆိတ်နေနိုင်ပါသည်။
ထို့အပြင် သူတို့က ဟိုထုံကိုအတော်လေးငြီးငွေ့နေကြလေပြီ။ အထူးသဖြင့် ဟိုထုံ၏နယ်မြေနှင့် နီးကပ်စွာနေထိုင်သော ခေါင်းဆောင်ကြီးများမှာ ဟိုထုံ၏နှောင့်ယှက်မှုကိုအများဆုံးခံရသူများ ဖြစ်သည်။
ယခု ဆုရှင်းက ထိုအနှောင့်အယှက်ကြီးကို နောက်ဆုံးတွင် ဖယ်ရှားပေးလိုက်သဖြင့် သူ့ကို ကျေးဇူးတင်ချင်နေကြသေးသည်။
တုန်းချန်ဝူ၏မျက်နှာမှာ မှောင်မိုက်သွား၏။ *ဒီကောင်တွေက ဘာလို့ရုတ်တရက် သူတို့ရဲ့အကျင့်ကို ပြောင်းလိုက်ကြတာလဲ။*
ယခင်က ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပျက်လျှင် ဤကောင်များက လှောင်ပြောင်သော စကားများပြောရန်နှင့် လဲကျနေသူကို တက်နင်းရန် အလွန် ဝါသနာပါကြသည်။ ယခု အဘယ်ကြောင့် စကားတစ်ခွန်းမှ မပြောကြသနည်း။
ဆုရှင်း၏မျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း သူ့အကြည့်က တတိယသခင်ကြီးဟူအပေါ်တွင် စူးစိုက်နေ၏။
ဆုရှင်း၏အကြည့်ကိုခံစားမိသောအခါ တတိယသခင်ကြီးဟူက အံကြိတ်ကာပြောလိုက်သည်။ "ဂိုဏ်းချုပ်။ ကျုပ်ပြောစရာ ရှိပါတယ်။"
အခြားသူများအားလုံးက တတိယသခင်ကြီးဟူကို ကြည့်လိုက်ကြပြီးအချို့က ဆုရှင်းကိုကူကယ်ရာမဲ့သောအမူအရာဖြင့် ကြည့်လိုက်ကြ၏။
*မင်းရဲ့မွေးစားအဖေက မင်းကိုဆွဲချချင်နေရင်တော့ ငါတို့ဘာမှ မတတ်နိုင်ဘူး။ ငွေတစ်သောင်းက ငါတို့ကိုပါးစပ်ပိတ်နေဖို့ပဲ ဝယ်လို့ရတာ။ မင်းဘက်ကနေ ငါတို့စကားပြောပေးဖို့ဆိုတာကိုတော့ မေ့ထားလိုက်တော့။*
တုန်းချန်ဝူလည်း သက်ပြင်းချလိုက်သည်။
ဆုရှင်း၏မွေးစားအဖေ အနေဖြင့် ဆုရှင်းကိုအပြစ်ပေးရန် တတိယသခင်ကြီးဟူ၏တောင်းဆိုမှုက အခြားခေါင်းဆောင် သုံးဦး၏တောင်းဆိုမှုများထက် ပို၍ထိရောက်ပေလိမ့်မည်။
"ဂိုဏ်းချုပ် တကယ်တော့ ဟိုထုံကိုသတ်တာ ဆုရှင်းရဲ့အမှား မဟုတ်ပါဘူး။ ဟိုထုန်က အရမ်း လွန်သွားလို့ သူ့ကိုအဲဒီလိုလုပ်ဖို့ ကျုပ်အမိန့်ပေးခဲ့တာပါ။"
"ဆုရှင်းက ယုံလဲ့ရပ်ကွက်ကို သူ့ရဲ့ကိုယ်ပိုင် ခွန်အားနဲ့ အနိုင်ရခဲ့တာပါ။ အဲဒါက တချို့လူတွေကိုမနာလိုဖြစ်စေပြီး အဲ့ထဲကနေ သူတို့အတွက် ဝေစုတစ်ခုရချင်နေကြတယ်။"
"ဟိုထုံက ငွေတစ်သန်းတောင်းဖို့ ကျုပ်ဆီကိုယ်တိုင်လာခဲ့တယ်။ ကျုပ်သူ့ကို ပြတ်ပြတ်သားသားငြင်းဆိုလိုက်တော့ သူက သူ့ရဲ့အဆင့်အတန်းကိုအခွင့်ကောင်းယူပြီး ဆုရှင်းဆီကနေ ပိုက်ဆံ ညှစ်ဖို့ကြိုးစားခဲ့ပါတယ်။"
"ဒေါသထွက်နေတဲ့အချိန်မှာ အဲဒီခွေးကောင်ဟိုထုံကို တိုက်ရိုက်သတ်ပစ်လိုက်ဖို့ ဆုရှင်းကို ကျုပ်ပြောလိုက်မိပါတယ်။"
"ဒီကိစ္စက ကျုပ်အမိန့်ပေးခဲ့တာဖြစ်ပြီး ကျုပ်ရဲ့မွေးစားသား ဆုရှင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။"
"သူက ယုံလဲ့ရပ်ကွက်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ သူက ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်ခဲ့သင့်တာပါ။ ဒီလိုဂိုဏ်းစည်းမျဉ်းတွေနဲ့ အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။"
လူအုပ်ကြီးမှာ ချက်ချင်းအံ့အားသင့်သွားကြပြီး တတိယသခင်ကြီးဟူကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြ၏။
*သူ ဘာလုပ်နေတာလဲ။ ဟိုထုံကို သတ်ဖြတ်မှုအတွက်အပြစ်ကို သူကိုယ်တိုင်ခံယူပြီး ဆုရှင်းကို ထိပ်ဆုံးနေရာအထိမြှင့်တင်ပေးနေတာလား။ ဒါက သူတို့သိတဲ့ ပါးနပ်ပြီးရက်စက်တဲ့ တတိယသခင်ကြီးဟူ ဟုတ်သေးရဲ့လား။*
တုန်းချန်ဝူက မယုံကြည်နိုင်စွာကြည့်နေပြီး ရှားဖေးယင်းကမူ ဆုရှင်းကိုသာနက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်သည်။
သူက တတိယသခင်ကြီးဟူကို ဆယ်စုနှစ်များစွာ သိလာခဲ့ပြီး တတိယသခင်ကြီးဟူက အခြားသူများအတွက် ကိုယ်ကျိုးစွန့်မည့်လူစားမျိုးဟု သူဘယ်သောအခါမျှယုံကြည်မည် မဟုတ်ပေ။
တုန်းချန်ဝူက စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။ "တတိယညီကိုဟူ ခင်ဗျားဘာပြောနေလဲဆိုတာ ခင်ဗျားသိရဲ့လား။ ခင်ဗျားက ခေါင်းဆောင်ကြီးဖြစ်နေရင်တောင် ဒီတာဝန်ကို ခင်ဗျားယူလို့မရဘူး။"
"အတွင်းပဋိပက္ခဂိုဏ်းစည်းမျဉ်းတွေအရ ခင်ဗျား ထိန်းချုပ်ထားတဲ့နယ်မြေတွေ အားလုံးကို ဂိုဏ်းဆီ ပြန်အပ်ရမယ်။ ပြီးတော့ ခင်ဗျားရဲ့လူတွေ အားလုံးကို တခြားခေါင်းဆောင်ကြီးတွေဆီ ပေးရမယ်။"
တတိယသခင်ကြီးဟူက လျှို့ဝှက်စွာခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်၏။ "ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်လုပ်ခဲ့တာပါ။"
တုန်းချန်ဝူက တတိယသခင်ကြီးဟူကို ဇဝေဇဝါဖြစ်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ဆုရှင်းကိုကာကွယ်ရန် သူ့နယ်မြေများ အားလုံးဆုံးရှုံးရမည့်အန္တရာယ်ကို စွန့်စားရသည်အထိ ဆုရှင်းတွင် ဘာများရှိနေသနည်း။
အခြားခေါင်းဆောင်ကြီးများကလည်း တတိယသခင်ကြီးဟူကို ပို၍ပင်ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
တတိယသခင်ကြီးဟူနှင့် သူ၏မွေးစားသား ဆုရှင်းတို့၏ဇာတ်လမ်းမှာ ထန်ထိုက်ဟယ်ရာထူးမှ ဖယ်ရှားခံရချိန်တွင် သူတို့၏နားထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့က တတိယသခင်ကြီးဟူကို ရယ်မောခဲ့ကြပြီး သူက ကိုယ့်ကိုပြန်ကိုက်မည့်ကျားများကို မွေးမြူနေကြောင်း၊ ပြဿနာဖြစ်လာမည့် မွေးစားသားနှစ်ယောက်ကိုမွေးမြူထားကြောင်း ပြောခဲ့ကြ၏။
နောက်ပိုင်းတွင် ဆုရှင်းက တတိယသခင်ကြီးဟူကို ကျော်ဖြတ်ကာဂိုဏ်းသို့ လစဉ်ကြေးများကို ပေးအပ်ခဲ့ရာ ၎င်းမှာတတိယသခင်ကြီးဟူကို ပေါ်ပေါ်တင်ပါးရိုက်လိုက်ခြင်းပင်ဖြစ်ပြီး ပဋိပက္ခကို လူသိရှင်ကြား ဖြစ်သွားစေခဲ့သည်။
သူတို့နှစ်ဦးမှာ အကြီးအကျယ်သဘောထား ကွဲလွဲနေကြပြီဖြစ်သော်လည်း တတိယသခင်ကြီးဟူက ဆုရှင်းအပြစ်မှလွတ်မြောက်ရန်ကို သူ၏ကိုယ်ပိုင် နယ်မြေကိုပင် စွန့်လွှတ်ရန်ဆန္ဒရှိနေသည်။
နောက်ကွယ်တွင် တစ်ခုခုမရှိဟု ပြောလာပါက မည်သူကမျှ ၎င်းကိုယုံကြည်မည်မဟုတ်ပေ။
ဤအချိန်တွင် ရှားဖေးယင်းက စကားပြောလာသည်။ "မင်းက ခေါင်းဆောင်ကြီးကို သတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကိုရှင်းပြချက်တစ်ခု ပေးရမယ်။ငါ အခု မင်းကိုအခွင့်အရေးတစ်ခုပေးမယ်။ ဒါကြောင့် ပြောပါ။"
ဆုရှင်းက ရှားဖေးယင်းကို မော့ကြည့်လိုက်ပြီး သူ့အမူအရာမှာ တည်ငြိမ်နေ၏။ "ကျွန်တော်က ငယ်သေးတယ်။ ကျွန်တော့်မှာ အရည်အချင်းရှိတယ်။ ပြီးတော့ဂိုဏ်းအတွက် ကျွန်တော်လုပ်စရာရှိတာ လုပ်ပြီးပြီ။"
အခန်း (၄၄) ဂိုဏ်းချုပ်ရှား ၏ စိုးရိမ်ပူပန်မှု
ဆုရှင်း၏စကားများမှာ အဓိပ္ပာယ်နှစ်ခွထွက်နေသဖြင့် အားလုံးကို အနည်းငယ်ဇဝေဇဝါဖြစ်သွားစေသည်။
*မင်း ငယ်တော့ရောဘာဖြစ်လဲ။ မင်း
အရည်အချင်းရှိတော့ရော ဘာဖြစ်လဲ။ အဲဒါက ဟိုထုံကို သတ်တာနဲ့ဘာဆိုင်လို့လဲ။*
*ဂိုဏ်းအတွက် မင်းရဲ့ပံ့ပိုးမှုတွေနဲ့ပတ်သက်ပြီးတော့ မင်းရဲ့ပံ့ပိုးမှုတွေက ကြီးမားတယ်ဆိုပေမဲ့၊ အဲဒီအချက်ကြောင့်ပဲ မင်းကို အလွတ်ပေးလို့ မရဘူးလေ။*
*တခြားတစ်ယောက်ယောက်က မင်းလုပ်သလို ဂိုဏ်းအတွက် သူတို့ပံ့ပိုးမှုတစ်ခုလုပ်ပြီးတာနဲ့ ချက်ချင်းပဲမာနထောင်လွှားပြီး ပြဿနာစရှာရင် ဘယ်လိုလုပ်မလဲ။ အဲဒါက ဂိုဏ်းကို ဖရိုဖရဲဖြစ်သွားစေမှာ မဟုတ်ဘူးလား။*
ဆုရှင်းက ရှားဖေးယင်းကိုကြည့်လိုက်၏။ သူက ဤစကားများကို သူတို့အားပြောနေခြင်းမဟုတ်ဘဲ။ ရှားဖေးယင်းကိုသာ နားလည်စေချင်ခြင်း ဖြစ်သည်။
ဤနေရာတွင် ရှိနေသူများက ထက်မြက်ကြသူများဖြစ်သည်။
ဆုရှင်းအပေါ် ရှားဖေးယင်း၏အကြည့်မှာ လေးနက်သွားပြီး ဆုရှင်း၏စကားများ နောက်ကွယ်ရှိအဓိပ္ပာယ်ကို သူနားလည်သွားခဲ့၏။
ဆုရှင်း၏စကား သုံးခွန်းစလုံးမှာ တူညီသော အဓိပ္ပာယ်ကိုဖော်ပြနေပါသည်။ *ကျွန်တော် ရှိနေရင်။ ခန်းမသခင်သုံးယောက်ကို ထိန်းချုပ်ဖို့ ခင်ဗျားကို ကျွန်တော်ကူညီပေးနိုင်တယ်။*
လင်းယုန်ပျံဂိုဏ်းက မိုးပြာဝါးဂိုဏ်းနှင့် အလားတူ အခြေအနေမျိုးတွင်ရှိနေ၏။ ရှားဖေးယင်းတွင်ထပ်တူ သားတစ်ယောက်ရှိပြီး သူကတော့ အသက်ကြီးနေပြီဖြစ်သည်။
ခန်းမသခင်သုံးယောက်မှာတော့ သူတို့၏အကောင်းဆုံးအရွယ်တွင် ရှိနေကြသေး၏။
တစ်နေ့နေ့တွင် ရှားဖေးယင်း တကယ်သေဆုံးသွားခဲ့လျှင် ဂုဏ်သတင်းအရ... ဝေ့ဖုန်း၏သား ဝေ့ယွမ်တုန်းထက် သိပ်မသာသည့် ရှားယွမ်တုန်းက လင်းယုန်ပျံဂိုဏ်းကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
မိုးပြာဝါးဂိုဏ်းက ၎င်းတို့အတွက် သတိပေးချက်တစ်ခုပင်။ သူတို့သေချာပြင်ဆင်ထားရလိမ့်မည်။
လင်းဖူဟူက သစ္စာရှိပြီး သူ၏သား ရှားယွမ်တုန်းကို ထောက်ခံလျှင်ပင်။ လင်းယုန်ပျံဂိုဏ်း၏ကျန် ခန်းမသခင်နှစ်ဦးဖြစ်သော တုန်းချန်ဝူနှင့် ကျွမ်းလီတို့က သူ့ကို ထောက်ခံပါမည်လော။ (ကျွမ်းလီ/အထွေထွေခန်းမ (သို့) ပရဟိတခန်းမရဲ့သခင် ခန်းမရဲ့ ငွေတွေကို ဘတ်ဘတ်နေလို့ ရွဲပေးထား)
တုန်းချန်ဝူက လင်းယုန်ပျံဂိုဏ်းသို့ မဝင်ရောက်မီက ဟူနန်တွင်နာမည်ကြီး သူခိုးတစ်ဦးဖြစ်ခဲ့သည်ကိုတော့ ပြောစရာပင်မလိုတော့ပေ။
ကျွမ်းလီမှာမူ သဘောကောင်းပြီး အေးအေးဆေးဆေးနေတတ်သူဟု ထင်ရသော်လည်း ရက်စက်သောလူသတ်သမား တစ်ဦး ဖြစ်သည်။
အခြားသူများ မသိနိုင်သော်လည်း၊ ကျွမ်းလီက ဆယ်နှစ်ကျော်ကြာ ကိုယ်တိုင်မလှုပ်ရှားခဲ့သော်လည်း သူ၏နာမည်ကြီး အသွားနှစ်ဖက်မြောင်ဓားကို လျှို့ဝှက်စွာကျင့်ကြံနေဆဲ ဖြစ်ကြောင်း ရှားဖေးယင်း ကောင်းကောင်းကြီးသိ၏။ (Miao swordဆိုတာ အသွားတစ်ဖက်ပါ အဖြားကော့တရုတ်ဓားတစ်မျိုးပါ။ ဒီမှာ ဘာလို့အသွားနှစ်ဖက်ဖြစ်နေတာမသိပေမဲ့ မူရင်းအတိုင်းဘဲထားလိုက်ပါတယ်။)
အကယ်၍ ၎င်းတို့နှစ်ဦးပူးပေါင်းသွားပါက ရိုးရှင်းသောစိတ်ထားရှိသည့် လင်းဖူဟူက သူတို့ကိုကိုင်တွယ်နိုင်ပါမည်လော။ မဖြစ်နိုင်ကြောင်း ရှင်းလင်းနေ၏။
လက်ရှိအချိန်တွင် ရှားဖေးယင်းလိုအပ်နေသည်မှာ သူတို့နှင့် အကျိုးစီးပွားမတူညီသော်လည်း သူတို့ကို အပြန်အလှန်ထိန်းကျောင်းပေးနိုင်မည့် သူတစ်ဦးဖြစ်သည်။
ထိုသူမှာ ဆုရှင်းပင်။
ဆုရှင်းက ငယ်ရွယ်ပြီးအရည်အချင်းရှိကာ ရည်မှန်းချက်ကြီးလျှင်ပင် အခြားခေါင်းဆောင်ကြီးများအာဏာလုယူခြင်းကို သူမဖိနှိပ်နိုင်ပေ။ လင်းယုန်ပျံဂိုဏ်း၏ဤဝါရင့်အဖွဲ့ဝင်များကလည်း ဆုရှင်းကို ဘယ်သောအခါမျှအညံ့ခံမည် မဟုတ်ချေ။
ဆုရှင်းက အရည်အချင်းရှိသည်။ ကြီးထွားရန် အခွင့်အရေးပေးပါက သူ တုန်းချန်ဝူနှင့် ကျွမ်းလီတို့ကို လုံးဝယှဉ်ပြိုင်နိုင်ပါသည်။
ဆုရှင်းက ဂိုဏ်းအတွက် ထူးချွန်သောစွမ်းဆောင်ရည်များပြသခဲ့ပြီး လင်းယုန်ပျံဂိုဏ်းအပေါ် သစ္စာရှိ၏။ သူက ရာထူးလုယူရန်နည်းလမ်းမရှိသောကြောင့် ခေါင်းဆောင်ငယ်နေရာကိုသာ ရယူထားနိုင်ပြီး တုန်းချန်ဝူနှင့် သူ၏အဖွဲ့ကို ခုခံနေရသည်။
စကားသုံးခွန်း၊အဓိပ္ပာယ် သုံးမျိုး၊ ရှားဖေးယင်း အားလုံးကို နားလည်သွားတော့သည်။
ဆုရှင်းကို အနားတွင်ထားရှိခြင်းက အခြားခန်းမသခင်နှစ်ဦးကို ထိန်းချုပ်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ဆုရှင်းကိုပြင်းပြင်းထန်ထန်အပြစ်ပေးခြင်းက သူ၏လက်အောက်ငယ်သားများကို မကျေနပ်မှု ဖြစ်စေကာ ဂိုဏ်းအတွင်းမတည်ငြိမ်မှုများ ဖြစ်စေနိုင်သည်။
ထို့အပြင် ဆုရှင်းနှင့် တုန်းချန်ဝူတို့ကြားရှိ လက်ရှိ ပြေလည်မှုမရှိနိုင်သော သဘောထားကွဲလွဲမှုများအရ သူတို့အနာဂတ်တွင်ပူးပေါင်းရန်မှာ မဖြစ်နိုင်တော့ပေ။
ဂိုဏ်းချုပ် တစ်ဦးအနေဖြင့် ရှားဖေးယင်း၏အမြင်က အခြားသူများထက်သေချာပေါက် ပိုမိုရှည်လျားသဖြင့် ဆုရှင်းကိုအနားတွင် ထားရန် သူ ဆုံးဖြတ်လိုက်၏။
"ငါတို့ အချင်းချင်းတိုက်ခိုက်တာက ဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။ ဒီလိုကြီးမားတဲ့ကိစ္စမျိုးကို မဖြေရှင်းဘဲထားလို့မရဘူး။" ရှားဖေးယင်းက ဖြည်းညှင်းစွာစကားပြောလိုက်သည်။
တုန်းချန်ဝူအံ့အားသင့်သွားခြင်း မရှိပေ။ ဆုရှင်း ဤတစ်ခါအတော်လေး လွန်သွားခဲ့ခြင်းဖြစ်၏။ လင်းဖူဟူက သူ့ဘက်မှစကားပြောပေးချင်လျှင်ပင် ဂိုဏ်းချုပ်က သေချာပေါက်သည်းခံမည် မဟုတ်ပေ။
"ဒါကြောင့် တတိယသခင်ကြီးဟူရဲ့နယ်မြေတွေ အားလုံးကိုဂိုဏ်းထဲသွတ်သွင်းဖို့နဲ့ သူ့ရဲ့လူဆယ်ယောက်ကိုပဲချန်ထားဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ ကျန်တဲ့သူတွေကို တခြားခေါင်းဆောင်ကြီးတွေဆီ ခွဲဝေပေးမယ်။"
လူတိုင်း၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့ကြ၏။
*ဆုရှင်းက အပြစ်ပေးခံရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တတိယသခင်ကြီးဟူဖြစ်သွားရတာလဲ။ ဂိုဏ်းချုပ်က သူ့ကို ဆုရှင်းရဲ့ပြစ်မှုတွေအတွက်အပြစ်ခံယူခွင့်ပြုဖို့ တကယ်ပဲ သဘောတူလိုက်တာလား။*
တုန်းချန်ဝူ ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။ "ဂိုဏ်းချုပ် ဟိုထုံကို သတ်တာ ဆုရှင်းပါ။"
ရှားဖေးယင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "တတိယသခင်ကြီးဟူက ဆုရှင်းရဲ့မွေးစားအဖေဖြစ်သလို သူ့ရဲ့ခေါင်းဆောင်လည်း ဟုတ်တယ်။ သူက ဆုရှင်းဟိုထုံကိုသတ်ဖို့ အမိန့်ပေးခဲ့တာ။ဆုရှင်းက ငြင်းဆန်ရင် သူကသစ္စာမရှိတာနဲ့ ကျေးဇူးမသိတတ်တာဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် သူ့ကို ဘာလို့အပြစ်ပေးရမှာလဲ။ အဲဒါက ဂိုဏ်းထဲက ညီအစ်ကိုတွေရဲ့နှလုံးသားကို အေးစက်သွားစေမှာမဟုတ်ဘူးလား။"
"မိုးပြာဝါးဂိုဏ်းနဲ့တိုက်တဲ့ ဒီတိုက်ပွဲကြီးမှာ ဆုရှင်းက ယုံလဲ့ရပ်ကွက်ကိုတစ်ယောက်တည်း သိမ်းပိုက်နိုင်ခဲ့တယ်။ဒီလို ကြီးကျယ်တဲ့အောင်မြင်မှုက သူ့ကို ခေါင်းဆောင်ကြီးဆိုတဲ့ ဘွဲ့နဲ့ထိုက်တန်စေတယ်။"
"အခု ဟိုထုံသေသွားပြီဆိုတော့ ဆုရှင်းက သူ့နေရာကို ယူလိမ့်မယ်။"
ရှားဖေးယင်း ဤသို့သောဆုံးဖြတ်ချက်ကိုချလိုက်သည်ကို မြင်သောအခါ တုန်းချန်ဝူဒေါသထွက်သွားသော်လည်း အံကြိတ်ကာလက်ခံရုံသာ တတ်နိုင်တော့သည်။
လင်းယုန်ပျံဂိုဏ်းတွင် နာမည်ခံအားဖြင့် ဂိုဏ်းချုပ်က ကြီးမားသောကိစ္စရပ်တစ်ခုအပေါ် တစ်ဦးတည်းဆုံးဖြတ်ချက်ချ၍မရဘဲ ခန်းမသခင်များ၊ ခေါင်းဆောင်ကြီးများနှင့် ဆွေးနွေးရမည့် စနစ်တစ်ခုရှိသည်ဟု ဆိုသော်လည်း..
တကယ်တမ်းတွင် ရှားဖေးယင်း ရှိနေသရွေ့ လင်းယုန်ပျံဂိုဏ်းက သူ၏ကိုယ်ပိုင်နယ်မြေ ဖြစ်နေမည်သာဖြစ်၏။
ဤသည်မှာ သူတစ်ဦးတည်း တည်ထောင်ခဲ့သော ဂိုဏ်းဖြစ်သည်။ ရှားဖေးယင်း၏အာဏာက ခန်းမသခင်သုံးဦးပေါင်းထားလျှင်ပင် မယှဉ်ပြိုင်နိုင်လောက်အောင်ပင်။
အခြားခေါင်းဆောင်ကြီးများမှာမူ အနည်းငယ် စိုးရိမ်မကင်းဖြစ်လာခဲ့ကြ၏။
သူတို့ ဆုရှင်းအရွယ်ရှိစဉ်က ပြည့်တန်ဆာအိမ်များမှ မိန်းကလေးများအကြောင်း နေ့ခင်းကြောင်တောင်အိပ်မက် မက်နေကြဆဲဖြစ်ပြီး ဆုရှင်းကမူ လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာနေပြီဖြစ်သည်။
ထို့အပြင် ဆုရှင်း၏လက်အောက်ငယ်သားများ၏အင်အားအရ သူသာခေါင်းဆောင်ကြီး ဖြစ်လာပါက သူတို့ထဲတွင် အသန်မာဆုံးဖြစ်လာပေလိမ့်မည်။
တုန်းချန်ဝူက စကားတစ်ခွန်းမျှမပြောဘဲ လှည့်ထွက်သွားပြီး အခြားသူများလည်းသူ့နောက်သို့ လိုက်သွားခဲ့ကြ၏။
"မွေးစားအဖေ။ သွားကြစို့။" ဆုရှင်းက တတိယသခင်ကြီးဟူ၏ဘေးသို့လာကာ တိုးညင်းစွာ ပြောလိုက်သည်။
ဝမ်းသာမှုအရိပ်အယောင်လုံးဝမပြသော ဆုရှင်းကို မော့ကြည့်ရင်း တတိယသခင်ကြီးဟူသက်ပြင်းချလိုက်ပြီး သူ၏စိတ်ထဲတွင် ဆုရှင်းနှင့် ယှဉ်ပြိုင်လိုသောဆန္ဒလုံးဝ မရှိတော့ပေ။
ဆုရှင်းကဲ့သို့သော ခေါင်းဆောင်တစ်ဦးနောက်သို့ လိုက်ခြင်းက တောက်ပသောအနာဂတ်ကိုရရှိနိုင်သည်ဟူသော အကြံပေးလျို၏တွေးခေါ်မှုကို ယခု သူနားလည်သွားပြီဖြစ်၏။
သူအသက်ကြီးလာသည်နှင့်အမျှ ထိုနေရာတွင် အနားယူရန်ပြင်ဆင်ရုံသာ တတ်နိုင်တော့သည်။
လူတိုင်းထွက်သွားပြီးနောက် ရှားဖေးယင်းက ပင်မကုလားထိုင်တွင် မလှုပ်မယှက်ဆက်ထိုင်နေလိုက်၏။
ရှားဖေးယင်းက သူ့ဆုံးဖြတ်ချက် မှန်သလား၊ မှားသလားမသေချာတော့ဘဲ တွန့်လိမ်နေသော သူ့မျက်ခုံးများကိုသာ ပွတ်သပ်နေတော့သည်။
ဆုရှင်းက ရည်မှန်းချက်ကြီးပြီးအရည်အချင်းရှိကာ အကြံအစည်များ၏။ ဆုရှင်းက သေချာပေါက် ရန်စရန် လွယ်ကူသူမဟုတ်ပေ။
ပါးနပ်ပြီး ကောက်ကျစ်သော တတိယသခင်ကြီးဟူပင် ဆုရှင်း၏ထိန်းချုပ်မှုအောက်တွင် လုံးဝ ရောက်ရှိသွားပြီဖြစ်သည်။
သို့သော် ဆုရှင်း၏စကား သုံးခွန်းက ၎င်း၏ကိုယ်ပိုင်အရေးပါမှုကိုပေါ်လွင်စေပြီး တုန်းချန်ဝူနှင့် ကျွမ်းလီတို့ကိုမျှတမှုရှိစေရန် သူ့ကို အနားတွင်ထားရှိရန် ရှားဖေးယင်းကို အတင်းအကျပ်လုပ်စေခဲ့၏။
တကယ်တမ်းတွင် အခြားသူများရှိပါက ရှားဖေးယင်းက ရည်မှန်းချက်ကြီးသော ဆုရှင်းကို ဘယ်သောအခါမျှရွေးချယ်မည် မဟုတ်ပေ။
"ဟင်း...အဲဒီတုန်းက ငါတို့လူတွေ အများကြီးသတ်ခဲ့မိသွားတယ်။" ရှားဖေးယင်း နောင်တရသော လေသံဖြင့် သူ့နားထင်များကို ပွတ်သပ်လိုက်သည်။
လင်းယုန်ပျံဂိုဏ်း စတင်တည်ထောင်ချိန်တွင် ခေါင်းဆောင် ၃၀ ကျော် ရှိခဲ့ပြီး သူတို့ထဲမှအများအပြားမှာ တုန်းချန်ဝူအပါအဝင် ခန်းမသခင် သုံးဦးထက် ပိုမိုသန်မာကာ ပါရမီရှိကြ၏။
သို့သော် ထိုညမှာပင် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိသော ထိုလူများအားလုံးက ရှားဖေးယင်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
"အဖေ....အဖေ့ရဲ့အစည်းအဝေး မပြီးသေးဘူးလား။" လူငယ်တစ်ဦးက တံခါးကိုတွန်းဖွင့်ဝင်လာကာ စိတ်မရှည်စွာ ပြောလိုက်၏။
ဤလူငယ်မှာ အသက်နှစ်ဆယ်ကျော်လေးသာ ရှိလောက်ပါသေးသည်။ သူ၏မျက်ခုံးများတွင် ရှားဖေးယင်း ငယ်ရွယ်စဥ်က မျက်နှာသွင်ပြင်များကို မပီမပြင်ဝေဝါးစွာမြင်နိုင်သည်။
သူကား ရှားဖေးယင်း၏တစ်ဦးတည်းသော သား ရှားယွမ်တုန်းပင်။
ရှားဖေးယင်းက အသက်ကြီးမှသားရခဲ့ပြီး သူ၏အပေါ်မျှော်လင့်ချက် ကြီးကြီးမားမားထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူက သားကို အလိုလိုက်လွန်းခဲ့သဖြင့် ရှားယွမ်တုန်းမှာ အလိုလိုက်ခံရပြီး အပျော်အပါးမက်သောစရိုက်ရှိသူဖြစ်လာခဲ့၏။
မိုးပြာဝါးဂိုဏ်းနှင့် လင်းယုန်ပျံဂိုဏ်းတို့ကြား ဖြစ်ပွားခဲ့သော နောက်ဆုံးဂိုဏ်းစစ်ပွဲမှာ မိုးပြာဝါးဂိုဏ်းမှ ဝေ့ဖုန်းအပေါ် သူ၏မနာလိုမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ချန်နင်စီရင်စုတွင် ရယ်စရာတစ်ခု ဖြစ်လာခဲ့၏။
ပြည့်တန်ဆာမတစ်ဦးအတွက် ဂိုဏ်းစစ်ပွဲတစ်ခု စတင်မည်ဟူသော အကြံအစည်မှာ အခြားဂိုဏ်းခေါင်းဆောင်များအတွက် ယုံကြည်နိုင်စရာမရှိပေ။
"ယွမ်တုန်း ဘာကိစ္စရှိလို့။ အဖေ့ကိုလာရှာတာလဲ။"
ရှားယွမ်တုန်းက သူ၏ဂရုမစိုက်တတ်သော ဟန်ပန်ဖြင့် ပြောလိုက်၏။ "အရှေ့ပိုင်းကျင်းမင်းဆက်က မြင်းကောင်းတစ်ကောင်ကို ချန်သယ်ရပ်ကွက်မှာ ကျွန်တော်တွေ့ခဲ့တယ်။ အဲဒါက တကယ်ကြီး ခြင်္သေ့လည်ဆံမွေးမြင်းပါ။ ဈေးကလည်း ငွေတစ်သိန်း လုံးဝဈေးဆစ်လို့မရဘူး။ ကျွန်တော် သူရဲကောင်းသုံးဖော်အသင်းဆီကနေ အနိုင်ပိုင်းပြီးလုယူလာခဲ့တာ။"
"ဒါပေမဲ့ ကျွန်တော့်မှာပိုက်ဆံ လုံလုံလောက်လောက် မပါလာဘူး။ အဲဒီနေရာကို စောင့်ဖို့ လူတစ်ယောက်ထားခဲ့တယ်။ အဖေ ကျွန်တော့်ကို ငွေတစ်သိန်းမြန်မြန်ပေးပါ။အဲဒီ ခြင်္သေ့လည်ဆံမွေး မြင်းကို အခုပဲသွားဝယ်တော့မလို့။"
"မင်းကအမြဲတမ်း အသုံးမကျတဲ့အရာတွေပေါ်မှာပဲ အချိန်ဖြုန်းနေတာ။ မင်းက ကလေးမဟုတ်တော့ဘူး။ ငါသေသွားရင် လင်းယုန်ပျံဂိုဏ်းကို နောက်ဆုံးမှာ မင်းဆီလွှဲပေးခဲ့ရမှာ။ အခု မင်း အခြေအနေနဲ့ လင်းယုန်ပျံဂိုဏ်းကို ဘယ်လိုစီမံအုပ်ချုပ်မှာလဲ။ မင်းရဲ့ခြင်္သေ့လည်ဆံမွေးမြင်းနဲ့လား။"
ရှားဖေးယင်း၏ပြင်းထန်သော အပြစ်တင်မှုကြောင့် ရှားယွမ်တုန်း၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားခဲ့၏။
ရှားယွမ်တုန်းအပေါ် စိတ်ပျက်မိသော်လည်း ရှားဖေးယင်းက သူ့ကိုပြင်းပြင်းထန်ထန်ဆုံးမနိုင်သည်အထိ စိတ်မမာပေ။
ရှားယွမ်တုန်း ဤကဲ့သို့ကြောက်လန့်နေသည်ကို မြင်သောအခါ ရှားဖေးယင်း၏လေသံမှာ ချက်ချင်း နူးညံ့သွား၏။
"ယွမ်တုန်း။ မင်းအဖေက အသက်ကြီးနေပြီ မင်းကို တစ်သက်လုံးမကာကွယ်ပေးနိုင်တော့ဘူး။ အခု ဝေ့ဖုန်းကိုကြည့်စမ်း။ မင်းနောင်တချိန်မှာ သူ့လိုရုပ်သေးရုပ်တစ်ရုပ်တကယ်ဖြစ်ချင်နေတာလား။"
ရှားယွမ်တုန်းက လှောင်ပြောင်လိုက်သည်။ "ကျွန်တော်က အဲဒီအသုံးမကျတဲ့ကောင်လို သေချာပေါက်ဖြစ်လာမှာ မဟုတ်ဘူး။"
ရှားဖေးယင်း အေးစက်စွာ ပြုံးလိုက်၏။ "အပြောကြီးနေတာက အလကားပဲ။ ဂိုဏ်းကိစ္စတွေမှာ မင်းကိုပါဝင်ခွင့်ပေးဖို့ အခွင့်အရေးတစ်ခု ငါ ရှာမယ်။ အဲဒီလုပ်ငန်းစဉ်တွေကို မင်း ရင်းနှီးကျွမ်းဝင်အောင် လုပ်ထား။ မင်း ရလဒ်တချို့ ရအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် နောင်တချိန်မှာ မင်းရဲ့လက်အောက်ငယ်သားတွေကိုဦးဆောင်ဖို့ ဘာကို အားကိုးမှာလဲ။"
ရှားယွမ်တုန်းကလည်း ထုံးစံအတိုင်းပင် အခိုင်အမာပြောလိုက်သည်။ "လင်းယုန်ပျံဂိုဏ်းကို ကျွန်တော်တို့ ရှားမိသားစုက တည်ထောင်ခဲ့တာပဲ။ ကျွန်တော်တို့ မိသားစုရဲ့ဂုဏ်သိက္ခာနဲ့ဆိုရင် ဘယ်သူကများ ငြင်းဆန်တဲ့စကားတစ်ခွန်းပြောရဲမှာလဲ။"
ရှားဖေးယင်း၏မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာ၏။ သူ့သားက အလွန်ရိုးအလွန်းသည်။ ဆုရှင်းသာဆိုလျှင် ဤကဲ့သို့သောစကားမျိုး သေချာပေါက်ပြောမည် မဟုတ်ပေ။
တော်ဝင်မင်းဆက်တွင်ပင် ဧကရာဇ်အရည်အချင်း မရှိပါက နဂါးရာဇပလ္လင်ပေါ်မှဆွဲချခံရလိမ့်မည်။ လင်းယုန်ပျံဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးဆိုလျှင် ဘာပြောနိုင်တော့မည်နည်း။
ဆုရှင်းကိုတွေးမိလျှင် သူ့ကိုယ်ပိုင်သားကို ကြည့်ရင်း ရှားယွမ်တုန်းတွင် ဆုရှင်း၏ကောက်ကျစ်မှု ဆယ်ပုံတစ်ပုံလောက်သာရှိလျှင် သူဤမျှထိစိုးရိမ်နေစရာမလိုဟု ရှားဖေးယင်းတွေးမိလိုက်၏။
"ကောင်းပြီ မင်း သွားလို့ရပြီ။"
ရှားယွမ်တုန်းက သတိထားကာ မေးလိုက်သည်။ "ငွေတစ်သိန်းကော။"
ရှားဖေးယင်းက ပင်ပန်းနွမ်းနယ်စွာ လက်ဝှေ့ယမ်းလိုက်၏။ "ကျွမ်းလီဆီ သွားတောင်းလိုက်။"
ရှားယွမ်တုန်း၏မျက်နှာမှာ လင်းလက်သွားပြီး ချက်ချင်းလှည့်ကာ ပြေးထွက်သွားတော့သည်။
ပျော်ရွှင်ဖွယ်တောအုပ်သို့ ပြန်ရောက်သည်နှင့် ဆုရှင်းက အခြားသူများ အားလုံးကို ချက်ချင်းထွက်သွားခိုင်းလိုက်သည်။
သူခေါင်းဆောင်ကြီးဖြစ်လာကြောင်း ရှားဖေးယင်း ကြေညာလိုက်သည့် အခိုက်အတန့်မှာပင် ဆုရှင်း၏စိတ်ထဲတွင် စနစ်၏အသံ ထွက်ပေါ်လာခဲ့၏။
"ဂုဏ်ယူပါတယ် လက်ခံသူ၊ ပင်မမစ်ရှင် အာဏာရှင်တစ်ဦး၏အမူအကျင့် (အပိုင်း ၂)ကို ၅၀%ပြီးမြောက်မှုနှုန်းဖြင့် ပြီးမြောက်အောင်မြင်သည့်အတွက် သင့်ကိုသတ်မှတ်ထားသော အမျိုးအစား ကြယ်နှစ်ပွင့် သို့မဟုတ် အထက်၊ ကြယ်သုံးပွင့် သို့မဟုတ် အောက်မှ မဲဖောက်ခွင့် တစ်ကြိမ် ဆုချီးမြှင့်ပါသည်။ ယခုပဲ မဲဖောက်ချင်ပါသလား။"
ချက်ချင်းပင် ဆုရှင်းက မဲမဖောက်ရန်ပြတ်သားစွာ ရွေးချယ်လ်ုကသည်။ စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်ခြင်းက သူ့ကိုခဏတာသာအာရုံလွင့်ပါးသွားစေမည်ဖြစ်သော်လည်း အခြားသူများသိသွားမည်ကို သူမလိုလားသေးပေ။
ပျော်ရွှင်ဖွယ်တောအုပ်သို့ ပြန်ရောက်သည်နှင့် ဆုရှင်းက တံခါးပိတ်ကျင့်ကြံတော့မည်ဟု ချက်ချင်း ကြေညာကာမဲဖောက်ဖို့ပြင်ဆင်ရန် စနစ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ပြီးခဲ့သည့် အကြိမ်က အလယ်အလတ်အဆင့် မဲဖောက်မှု သုံးကြိမ်ပ ဆုရှင်း၏ကံကို ဘယ်လောက်ဆိုးကြောင်းသက်သေပြပေးခဲ့၏။ ဤတစ်ကြိမ်တွင် သူထပ်မံကံမကောင်းပါက ၎င်းသည် ဆုရှင်း၏ကံကြမ္မာ ကိစ္စမဟုတ်တော့ဘဲ စနစ်က သူ့ကို တမင်တကာနောက်ပြောင်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။