အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅) အမုန်းတရားလက်သီးနှင့် မုန်းတီးခြင်းလက်ဝါး
ကျယ်ဝန်းပြီးဖြူလွှနေသော စနစ်နေရာလွတ် အတွင်း၌ဆုရှင်းက ပြောလိုက်၏။ "မစ်ရှင်ဆုကို မဲဖောက်မယ်။"
စနစ်က ပြန်လည်ဖြေကြားသည်။ "သင် အမျိုးအစားသတ်မှတ်ထားသော ကြယ်နှစ်ပွင့် သို့မဟုတ် အထက်၊ ကြယ်သုံးပွင့် သို့မဟုတ် အောက်မှ မဲဖောက်ခွင့် တစ်ကြိမ်ဆုချီးမြှင့်ခံရပါတယ်။ ရွေးချယ်စရာခြောက်ခုထဲကနေ ကျေးဇူးပြုပြီး ရွေးချယ်ပါ။"
ဆုရှင်းက မဆိုင်းမတွ ပြန်ဖြေလိုက်၏။ "ကျင့်စဉ်။"
မျက်နှာပြင်ကြီးပေါ်ရှိ ဘီးမှာ ဆက်တိုက်လည်ပတ်သွားပြီး ပုံရိပ်များတစ်ခုပြီးတစ်ခုကိုဖြတ်ပြေးနေခဲ့၏။ နောက်ဆုံးတွင် ရုပ်ဆိုးပြီးမှုန်မှိုင်းနေသော မျက်နှာပိုင်ရှင်အမျိုးသားတစ်ဦး ဆုရှင်းရှေ့ ထွက်ပေါ်လာသည်။
"ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ဇာတ်ကောင် ဝမ်ရွှယ်အန်းကို မဲပေါက်ရရှိပါတယ်။ သူ့မှာ မုန်းတီးခြင်းလက်ဝါး ၊ အမုန်းတရားလက်သီး ၊ အာဏာစက်ဓား နဲ့ ကျားငါးကောင်တံခါးဖြတ်ကျော်ခြင်းဆေဘာဓားသိုင်းအပါအဝင် ကျင့်စဉ်ဆယ့်တစ်မျိုးပါရှိပါတယ်။ ဇာတ်ကောင် အဆင့်သတ်မှတ်ချက် ကြယ် ၂.၅ ပွင့်။"
"အဆင့်သတ်မှတ်ချက် ၁.၅ ကနေ ၃ ပွင့်အထိ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမဲဖောက်မှုမျိုးက မစ်ရှင်တစ်ခုပြီးမြောက်မှုအတွက် အထူးဆုဖြစ်ပြီး ဗီလိန်အမှတ်တွေကို အသုံးပြုပြီးအတိအကျမဲဖောက်ယူလို့ မရလို့ပါဘူး။"
ဆုရှင်း ခဏမျှစဉ်းစားလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ "ဝမ်ရွှယ်အန်း၊ သူဖြစ်နေတာကိုး။"
လူအများက ဝမ်ရွှယ်အန်းဟူသော အမည်ကို ရင်းနှီးချင်မှ ရင်းနှီးကြမည်ဖြစ်သော်လည်း သိုင်းလောကရဲ့ သတ္တမမြောက်ကောင်းကင်ကိုမူ သေချာပေါက်မှတ်မိကြပေလိမ့်မည်။
သူကား သိုင်းလောကဇာတ်လမ်းများထဲတွင် အမုန်းခံရဆုံးဗီလိန်များထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သူကား အလွန်သနားစရာကောင်းသော ဇာတ်ကောင်တစ်ဦးလည်းဖြစ်၏။
စကားပုံတစ်ခုရှိသကဲ့သို့ပင် တစ်စုံတစ်ဦးသနားစရာကောင်းရခြင်းတွင် အမြဲတစေအကြောင်းရင်း တစ်ခုတော့ရှိလိမ့်မည်။
ဝမ်ရွှယ်အန်းက ယခင်နန်းတော်ရှိ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သော ဝမ်ကျန်း၏ဆဋ္ဌမမြောက် ကိုယ်လုပ်တော် မို၏သားဖြစ်သည်။
သူ၏မိခင်မှာ ဆင်းရဲသောမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီးမတရားမှုများစွာကို ခံစားခဲ့ရကာ နောက်ဆုံးတွင် စိတ်ဓာတ်ကျရောဂါဖြင့် ကွယ်လွန်သွားခဲ့၏။
သူ့ကိုတော့ သူ၏ဖအေတူမအေကွဲမောင်နှမများက မကြာခဏအနိုင်ကျင့်လေ့ရှိပြီး သူ၏ရုပ်ဆိုးသော အသွင်အပြင်နှင့် မှိုင်းညို့သောသဘာဝက သူ့ကို ပို၍ပင်လူမုန်းများစေခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူက သူ၏ဖအေတူမအေကွဲညီမဖြစ်သူကို အခွင့်အရေးယူရန်ကြိုးစားသည်အထိလွန်ကျူးသွားခဲ့သဖြင့် ဝမ်မိသားစုမှ နှင်ထုတ်ခံခဲ့ရ၏။ နောက်ပိုင်းတွင် သူသိုင်းပညာကို ကြိုးစားပမ်းစားလေ့ကျင့်ခဲ့ပြီး သစ္စာဖောက် အမတ် ချိုက်ကျင်း၏ ဘေးတွင် ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ဝမ်ရွှယ်အန်းက ကမ္ဘာပေါ်တွင် သတ္တမမြောက်အစွမ်းအထက်ဆုံးသူအဖြစ် လူသိများသော်လည်း သူ၏အစစ်အမှန်ခွန်အားမှာ အဆင့် ၇၇ လောက်ပင်မရှိပေ။
ကမ္ဘာပေါ်မှ သတ္တမမြောက်အသန်မာဆုံးသူ ဟူသောဘွဲ့မှာ အခြားသူများ သူ၏အစစ်အမှန် ခွန်အားကို မခန့်မှန်းနိုင်စေရန်သာဖြစ်၏။
ဝမ်ရွှယ်အန်း၏ခွန်အားကို အမှန်တကယ်မြှင့်တင်ပေးခဲ့သည်မှာ သူ ယွမ်ရှစ်စန်း၏တပည့်ဖြစ်လာပြီး ယွမ်ရှစ်စန်းအချစ်ဆုံးတပည့်ဖြစ်လာကာ ကျီဇိုင်ဂိုဏ်း၏သိုင်းပညာများစွာကို သင်ကြားခဲ့ရခြင်းကြောင့် ဖြစ်သည်။
မျက်နှာပြင်ကြီးပေါ်ရှိ ညွှန်ကြားချက်များကို ကြည့်ရင်း ဆုရှင်းလည်း အနည်းငယ်ခေါင်းကိုက်သွားခဲ့၏။
အမှန်မှာ သိုင်းလောက၏သတ္တမမြောက်ကောင်းကင် ဇာတ်ကောင်က မဆိုးပေ။ သူကား ယွမ်ရှစ်စန်း လျှို့ဝှက်စွာလက်ဆင့်ကမ်းပေးခဲ့သော ကျီဇိုင်ဂိုဏ်း၏သိုင်းပညာများစွာကို ပိုင်ဆိုင်ထားပါသည်။
သို့သော် ယခင်က သူကျားငါးကောင်တံခါးဖြတ်ကျော်ခြင်းဆေဘာဓားသိုင်းကဲ့သို့သော သာမန် သိုင်းပညာများကိုသင်ယူခဲ့ဖူး၏။ ယခုတစ်ကြိမ် စနစ်က အတိအကျရွေးချယ်ခွင့်မပြုထားသဖြင့် ဤအရည်အသွေးနိမ့်သိုင်းပညာများကို ဆုရှင်းမဲဖောက်ရရှိနိုင်ခြေမှာ အတော်လေးမြင့်မားနေဆဲပင်။
"ဒါနဲ့ ကမ္ဘာပေါ်မှာ သတ္တမမြောက်အဆင့်ရှိတဲ့ ဇာတ်ကောင်က ဘာလို့ကြယ်နှစ်ပွင့်ခွဲပဲရပြီး သူ့ရဲ့ကျင့်စဉ်ကတော့ အများဆုံးကြယ်သုံးပွင့်အထိ ရှိနေရတာလဲ။"
ဆုရှင်း ယခုမှဤအရာကိုသတိပြုမိသွားခြင်း ဖြစ်သည်။ ဇာတ်ကောင်၏သိုင်းပညာမှာ သူ၏အဆင့်သတ်မှတ်ချက်ထက် အမှန်တကယ် ပိုမြင့်နေပါသည်။
စနစ်က ပြန်လည်ဖြေကြားလိုက်၏။ "ဇာတ်ကောင် အဆင့်သတ်မှတ်ချက်တွေကို သူတို့ရဲ့မွေးရာပါ ခွန်အားအပေါ်အခြေခံပြီး သတ်မှတ်တာဖြစ်သလို သူတို့ပိုင်ဆိုင်ထားတဲ့ ကျင့်စဉ်တွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ သိုင်းပညာအဆင့်သတ်မှတ်ချက်ကတော့ ဇာတ်ကောင်တစ်ဦးရဲ့သင်ယူမှုပြည့်စုံခြင်းရှိမရှိအပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။"
"ဥပမာအားဖြင့် ယင်ကိုးပါးကျမ်းရဲ့ တရားဝင်ဗားရှင်းက ကြယ်လေးပွင့်အဆင့်ရှိတယ်လို့ လက်ခံသူကို စနစ်အရင်ကပြောဖူးပါတယ်။ တကယ်လို့ လက်ခံသူက အိုယန်ဖုန်းကို မဲဖောက်ရရှိခဲ့ရင်၊ရရှိမယ့်အရာက ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ပြောင်းပြန် ယင်ကိုးပါးကျမ်း ဖြစ်ပြီး အိုယန်ဖုန်းကိုယ်တိုင်ကတော့ ကြယ်သုံးပွင့်ခွဲအဆင့်ရှိပါတယ်။"
"အကယ်၍ လက်ခံသူက ယန်ခန်းကို မဲဖောက်ရရှိခဲ့ရင်၊ ယင်ကိုးပါးကျမ်းထဲက မပြည့်စုံတဲ့ ယင်ကိုးပါး အရိုးဖြူလက်သည်းကို ရရှိမှာဖြစ်ပြီး အဲဒါက ကြယ်နှစ်ပွင့်အဆင့်ရှိပြီး ယန်ခန်းကိုယ်တိုင်ကတော့ ကြယ်တစ်ပွင့်အဆင့်ရှိပါတယ်။"
"ကမ္ဘာပေါ်မှာ သတ္တမမြောက်အဆင့်ရှိတဲ့ သိုင်းပညာရှင်က ယန်ခန်းလို လူမျိုးဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်သိုင်းပညာတွေအားလုံးကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ သူ့ရဲ့ပေါင်းစပ်ဓားသိုင်းက ကြယ်သုံးပွင့်အဆင့်ရှိပါတယ်။"
သူ ယွမ်ရှစ်စန်း၏နှလုံးကြေမွမျှားနည်းစနစ်၏ အစိတ်အပိုင်းတစ်ခုကို လျှို့ဝှက်စွာသင်ယူခဲ့၏။ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာကြယ်သုံးပွင့် အဆင့်ရှိသေးသည်။
"ကောင်းပြီ။ကျင့်စဉ်ကိုပဲ စပြီးမဲဖောက်ရအောင်။"
ကမ္ဘာပေါ်တွင် သတ္တမမြောက်အဆင့်ရှိသော ဇာတ်ကောင်က အလွန်များပြားသောကျင့်စဉ် အရေအတွက်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က နှလုံးသားကြေမွမျှားနည်းစနစ်၏ အစိတ်အပိုင်းကဲ့သို့က အရာတစ်ခုခုကို မဲဖောက်ရရှိရန်ကံကောင်းပါက ၎င်းမှာကြီးမားသောအမြတ်တစ်ခုဖြစ်ပေလိမ့်မည်။
ဆုရှင်း ခါးသီးသော အပြုံးတစ်ခုပြုံးလိုက်၏။ ဆုလာဘ်က အကျိုးခံစားခွင့် တစ်ခုဖြစ်လိမ့်မည်ဟု သူ မူလကထင်မှတ်ထားခဲ့၏။ ယခုတော့ ကံကိုအားကိုးရဦးမည်ဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။
အလင်းအကွင်းလေးက ကျင့်စဉ်ဆယ့်တစ်မျိုးကြားတွင် အပြန်အလှန်ခုန်ပေါက်နေပြီးနောက်နောက်ဆုံးတွင်ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
"ဂုဏ်ယူပါတယ် လက်ခံသူ၊ သင် အမုန်းတရားလက်သီး တစ်ခုနှင့် မုန်းတီးခြင်းလက်ဝါးတစ်ခုကို အောင်မြင်စွာရရှိပါတယ်။ သိုင်းပညာနှစ်ခုစလုံးရဲ့ဂုဏ်သတ္တိတွေကကိုက်ညီနေတဲ့အတွက် သူတို့ကိုတစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါတယ်။"
အဆင့်သတ်မှတ်ချက် - ကြယ် ၂.၅ ပွင့်။
"အဲဒါက နှလုံးသားကြေမွမျှားနည်းစနစ်ရဲ့ အစိတ်အပိုင်းမဟုတ်ပေမဲ့။ အတော်လေး ကောင်းပါသေးတယ်။"
အမုန်းတရားလက်သီး နှင့် မုန်းတီးခြင်းလက်ဝါးကို ရရှိခြင်းက သိပ်တော့မဆိုးလှပေ။ ဤကျင့်စဉ်နှစ်ခုက ယွမ်ရှစ်စန်း ကိုယ်တိုင်ဖန်တီးခဲ့ပြီး ကမ္ဘာ့ပေါ်မှသတ္တမမြောက်အသန်မာဆုံးသူအား သင်ကြားပေးခဲ့သောထူးခြားသည့် သိုင်းကွက်ဖြစ်ပေ၏။
၎င်းတို့မှာ လွန်စွာစွမ်းအားကြီးမားလှပါသည်။
အရေးအကြီးဆုံးမှာ ဤသိုင်းပညာနှစ်ခုက ဆုရှင်း၏သိုင်းပညာ အမျိုးအစားနည်းပါးမှုကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။
ကြီးမြတ်သော သုမေရု ဓားသိုင်းက ကာကွယ်ခြင်း ဘက်တွင်အားသန်ပြီး ဆုရှင်း၏အမူအကျင့်နှင့် သိပ်မကိုက်ညီပေ။ ဆုရှင်းက ကြီးမြတ်သော သုမေရုဓားသိုင်းကို အလွန် မြင့်မားသော အဆင့်အထိ ကျွမ်းကျင်ထားသော်လည်း သူ၎င်းကို အသုံးပြုလေလေပို၍အနေခက်လာလေလေဟု ခံစားနေရ၏။
ကျင်းဝူမင်၏လျှပ်တပြတ် ဓားသိုင်းက တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်ပြင်ဆင်ဖန်တီးထားခြင်းဖြစ်သည်။ အကယ်၍ ပထမအချက်က ပြိုင်ဘက်ကို ပြင်းထန်စွာဒဏ်ရာမရစေပါက နောက်ဆက်တွဲတိုက်ခိုက်မှုများမှာ အားနည်းသွားပါလိမ့်မည်။
ဤရက်စက်ပြီးခန့်မှန်းရခက်သည့် မြန်ဆန်သော ဓားသိုင်းက နောက်ဆုံးအကြိတ်အနယ်တိုက်ခိုက်ရမည့်အချိန်မျိုးတွင်သာ အသုံးပြုရန်ပို၍သင့်တော်ပါသည်။
စနစ်ထဲမှ ထွက်လာပြီးနောက် ဆုရှင်းက ဟွမ်ပင်းချန်ကို ရှာရန်ထွက်လာခဲ့၏။
ဟွမ်ပင်းချန်က ဆုရှင်းကို အံ့အားသင့်စွာကြည့်လိုက်သည်။
*ခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဒီလောက်အချိန်တိုလေးအတွင်း ထွက်လာပြီလား။*
"ဟွမ်ကြီး အကြံပေးလျိုနေရာချထားရေးကို မင်း တာဝန်ယူလိုက်။ သူ့ရဲ့လစာက မင်းနဲ့ အတူတူပဲ ဖြစ်ရမယ်။ဒါပေမဲ့ တစ်ခုတော့ မှတ်ထား။ သူ့ကို အလုပ်တွေလုပ်ခိုင်းလို့ရပေမဲ့ အာဏာတော့ မပေးလိုက်နဲ့။"
အကြံပေးလျိုက ဆုရှင်းဘက်သို့ ပါလာသော်လည်း သူက မိမိ၏သခင်ကို သစ္စာဖောက်သူတစ်ဦးဖြစ်၏။
ဆုရှင်း ထိုသို့သောလူမျိုးများကို မည်သို့အသုံးပြုရမည်ကို သိကောင်းသိနိုင်သော်လည်း သူတို့ကို အရေးပါသောနေရာများတွင် ထပ်မံအသုံးပြုမည် မဟုတ်ပေ။
*တကယ်လို့ ခင်ဗျားက ဒီနေ့ကိုယ်ကျိုးအတွက် တတိယသခင်ကြီးဟူကို သစ္စာဖောက်နိုင်ရင်၊ နောင်တစ်ချိန်မှာ ကိုယ်ကျိုးအတွက် ငါ့ကိုရော သစ္စာဖောက်မှာလား။*
ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်၏။ တကယ်တမ်းတွင် ဆုရှင်းက ဘာမှမပြောခဲ့လျှင်ပင် သူအကြံပေးလျိုကို ခင်မင်ရင်းနှီးသောအကြည့်ဖြင့် ကြည့်ရန် အစီအစဉ်မရှိခဲ့ပေ။
*သူက ခေါင်းဆောင်နောက်ကို အခုမှစလိုက်တာ၊ အခုတော့ ငါ့နေရာကိုလုချင်နေပြီ။ တကယ့် အမှိုက်ကောင်ပဲ။*
ဟွမ်ပင်းချန်ကို ညွှန်ကြားချက်များပေးပြီးနောက် ဆုရှင်း ပျော်ရွှင်ဖွယ်တောအုပ်မှ ထွက်ခွာလာပြီး သူ့ကိုယ်ပိုင်အိမ်တော်သို့ ပြန်လာခဲ့၏။
ပျော်ရွှင်ဖွယ်တောအုပ်ကို ပြင်ဆင်ပြီးကတည်းက သူအလုပ်ရှုပ်နေခဲ့ရာ ယခုတော့သူအနားယူရမည့် အချိန်ရောက်ပြီ ဖြစ်သည်။
အိမ်သို့ပြန်ရောက်သောအခါ ဆရာအိုကြီးတစ်ဦး၏သင်ခန်းစာကို ဝမ်းနည်းနေသော မျက်နှာဖြင့် နားထောင်နေသည့် ရွှမ်းအာကို တွေ့လိုက်ရ၏။ ဆုရှင်းပြန်လာသည်ကို မြင်သောအခါ သူမက ဆုရှင်း၏ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်လာပြီး သနားစရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။ "အစ်ကို ဒီနေ့စာမသင်လို့မရဘူးလား။ အစ်ကို့ကိုမမြင်ရတာ ရက်အတော်ကြာပြီ။ ဒါမှမဟုတ် အစ်ကို ကျွန်မကို ဓားသိုင်းသင်ပေးလို့ရပါတယ်။"
ဆုရှင်း မိုးပြာဝါးဂိုဏ်းကို တိုက်ခိုက်နေသည့် နေ့ရက်များအတွင်း ရွှမ်းအာက နေ့စဉ် ဆရာအိုကြီးထံမှ အထီးကျန်ပြီးပျင်းစရာကောင်းသော အကြောင်းအရာများကို နားထောင်ခြင်းနှင့် စာလုံးရာပေါင်းများစွာရေးရန်ဖိအားပေးခံခဲ့ရသဖြင့် သူမ သည်းမခံနိုင်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် ဆုရှင်းပြန်လာသည်ကို မြင်သည်နှင့် သူမက တိုင်တန်းရန်ချက်ချင်းပြေးလာခြင်းဖြစ်သည်။
ဆရာအိုကြီးက ဆုရှင်းကိုမြင်သောအခါ ချက်ချင်း တောင့်တင်းသွားပြီး အော်ပြောလိုက်၏။ "ခေါင်းဆောင်ဆု။ သခင်မလေးရွှမ်းအာက ဉာဏ်ကောင်းပေမဲ့ အနည်းငယ်စိတ်ပြောင်းလဲလွယ်တယ်။ သူမ စာသင်ဖို့နဲ့ စာဖတ်တတ်အောင် သင်ဖို့အခွင့်အရေးကို အခုမယူဘူးဆိုရင်။ သူမ ကြီးလာတဲ့အခါ စာသင်ယူရမှာအာရုံစိုက်ဖို့ ပိုပြီး ခက်ခဲလာနိုင်တယ်။"
ဆုရှင်းက ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူကမူကျောင်းသားများကို စာသင်ပေးခြင်းနှင့် စာရေးပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော စာမေးပွဲကျပညာရှင်တစ်ဦးသာ ဖြစ်၏။ ဆုရှင်းက သူရွှမ်းအာအပေါ် တမင်တကာကြမ်းတမ်းနေသည်ဟု ထင်သွားမည်ကိုစိုးရိမ်ကာ သူဆုရှင်းကို မစော်ကားရဲပေ။
"ကောင်းပါပြီ ဆရာ။ ကျွန်တော်အဲဒါတွေ အားလုံးကို သိပါတယ်။ ဒါပေမဲ့ စာသင်တဲ့အခါ အလုပ်နဲ့ အနားယူတာကိုမျှတအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကို ရွှမ်းအာအတွက် အနားယူတဲ့နေ့လို့ သတ်မှတ်လိုက်ပါ။"
"အစ်ကို အစ်ကိုက ကျွန်မအပေါ်အကောင်းဆုံးပဲ။" ရွှမ်းအာက ဆုရှင်းကိုချက်ချင်းဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာခုန်ပေါက်နေတော့သည်။
"ဒါဆိုရင် ကျုပ်ကိုခွင့်ပြုပါဦး။" ဆုရှင်းကဲ့သို့ ကြမ်းတမ်းပြီးခန့်ညားသော သူတစ်ဦးနှင့် အတူရှိနေရခြင်းမှာ ဆရာအိုကြီးအတွက် အတော်လေး အနေခက်လှသည်။
"ကဲ....ညည်းမနေနဲ့တော့။ မင်းကို တစ်ရက်ပဲ ကစားခွင့်ပြုမယ်။ မနက်ဖြန် မင်း ဆရာနဲ့ ဆက်ပြီး စာသင်ရမယ်" ဆုရှင်းက ဆူပူလိုက်၏။
"အို့...နားလည်ပါပြီ။" ခုနကမှ တသ်ထောင်ထောင်ဖြစ်နေသော ခေါင်းလေးမှာ ချက်ချင်းငိုက်ကျသွားတော့သည်။
ရွှမ်းအာကိုပို့ပြီးနောက် ဆုရှင်းက တစ်ရေးအိပ်ရန် သူ၏အခန်းသို့ ပြန်လာခဲ့၏။
ရှားဖေးယင်းကဲ့သို့ မြေခွေးအိုကြီးတစ်ကောင်နှင့် စိတ်ပိုင်းဆိုင်ရာကစားပွဲကစားရသည်မှာ အလွန် ပင်ပန်းလွန်းလှပါသည်။
နောက်တစ်နေ့တွင် ဆုရှင်းက လန်းဆန်းစွာနိုးထလာပြီး ပျော်ရွှင်ဖွယ်တောအုပ်သို့မသွားတော့ဘဲ ယုံလဲ့ရပ်ကွက်သို့သာ တိုက်ရိုက်ထွက်လာခဲ့သည်။
ပျော်ရွှင်ဖွယ်တောအုပ်မှာ ယခုအခါတည်ငြိမ်နေပြီဖြစ်သော်လည်း ယုံလဲ့ရပ်ကွက်မှာတော့ အသစ် သိမ်းပိုက်ထားသော နယ်မြေဖြစ်သည်။ ဆုရှင်း၏လူအများစုမှာ ယုံလဲ့ရပ်ကွက်တွင်စုစည်းနေကြပြီးအခြေအနေများကို ကြီးကြပ်ရန်ထိုနေရာသို့ သူသွားရောက်ရန် လိုအပ်ပါသည်။
လမ်းတစ်လျှောက်တွင် သူ့လက်အောက်မှလင်းယုန်ပျံဂိုဏ်း၏လူများနှင့် တွေ့ဆုံလျှင် ၎င်းတို့ အားလုံးကရပ်တန့်ကာ အရိုအသေပေးကြပြီး သူတို့၏မျက်လုံးများတွင်ကြီးမားသောလေးစားမှုများ ပြည့်နှက်နေ၏။
သူတို့ ဤကဲ့သို့ပြုမူခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ယမန့်က ဂိုဏ်းမှအမိန့်ကျလာပြီး ဆုရှင်းကို လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
ဆုရှင်းက အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးကြောင်း မမေ့ထားသင့်ပေ။ ဆယ့်ခုနစ်နှစ်အရွယ် ခေါင်းဆောင်ကြီးတစ်ဦးဆိုသည်မှာ လွန်စွာအံ့မခန်းပင်။
ဂိုဏ်းချုပ်၏သားဖြစ်သော ရှားယွမ်တုန်းက ဆုရှင်းနှင့် အသက်ရွယ်တူခန့်သာရှိသော်လည်း သူ့ကို ခေါင်းဆောင်ကြီးအဖြစ် တိုက်ရိုက်ခန့်အပ်လိုက်မည်ဆိုပါက ဂိုဏ်းဝင်များ၏ဝေဖန်မှုများကို ခံရမည်မှာ သေချာပါသည်။
သို့သော် ဆုရှင်းက အစစ်အမှန်အောင်မြင်မှုများဖြင့် ထိုနေရာကိုရရှိခဲ့ခြင်းဖြစ်သဖြင့် သူ့ကိုခေါင်းဆောင်ကြီးဖြစ်လာခြင်းအပေါ် မည်သူကမျှ ကန့်ကွက်ပြောဆိုနိုင်ခြင်းမရှိပေ။
ဆုရှင်း ယုံလဲ့ရပ်ကွက်၏ဧည့်ခန်းမ အပေါက်ဝသို့ ရောက်လာသည်ကို မြင်သောအခါ ဟွမ်ပင်းချန် အလျင်အမြန်လာရောက် နှုတ်ဆက်တော့သည်။
"ခေါင်းဆောင်။ ဘာလို့ ရက်အနည်းငယ်လောက် ထပ်မနားတာလဲ။ ဒီကိစ္စကို ကျွန်တော့်ကိုလွှဲထားလို့ ရပါတယ်။" ဟွမ်ပင်းချန်က မျက်နှာချိုသွေးကာ ပြောလိုက်၏။
၎င်းမှာ မြှောက်ပင့်ခြင်းနှင့် အနည်းငယ်တူသော်လည်း ဤအရာက သူ၏အမူအကျင့်ပင်ဖြစ်သည်။
"ငါမင်းရဲ့စွမ်းရည်ကို သေချာပေါက်ယုံကြည်ပါတယ်။ ဒါပေမဲ့ သိုင်းပညာလမ်းကြောင်းမှာ လူတစ်ယောက်က တိုးတက်ရင်တိုးတက် မတိုးတက်ရင် ဆုတ်ယုတ်သွားတတ်တယ်။ အထူးသဖြင့် ဟောက်ထျန်းအဆင့်မှာပေါ့... ခန္ဓာကိုယ်ကိုသန့်စင်ဖို့အတွက် အဆက်မပြတ်လေ့ကျင့်နေဖို့လိုအပ်တယ်။ ငါ တစ်ယောက်တည်းကျင့်ကြံဖို့ လိုအပ်တာ မဟုတ်ဘူး။ ငါ့လူတွေလည်း ရပ်နေလို့မရဘူး။ ယုံလဲ့ရပ်ကွက်ဌာနက လေ့ကျင့်ရေးကွင်း အဆင်သင့်ဖြစ်ပြီလား။"
မိုးပြာဝါးဂိုဏ်း ယုံလဲ့ရပ်ကွက်တွင်ရှိစဉ်က သူတို့သည် လေ့ကျင့်ရေးဆင်းခြင်းများမလုပ်ခဲ့ကြပေ။ သူတို့ဌာန၏အနောက်ဘက်ခြံဝင်းများကို အထွေထွေပစ္စည်းများသိမ်းဆည်းရန်သာ အသုံးပြုခဲ့ကြ၏။
ဆုရှင်းဂိုဏ်းကို လွှဲပြောင်းယူလိုက်သောအခါ အနောက်ဘက်ခြံဝင်းကိုရှင်းလင်းပြီး လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုရန် ဟွမ်ပင်းချန်ကို ညွှန်ကြားခဲ့၏။
"အဲဒါကိုပြင်ဆင်ပြီးသွားပါပြီ။ နေရာက နည်းနည်း သေးနေလို့ချဲ့ဖို့စီစဉ်နေပါတယ်။ မဟုတ်ရင် ဒီညီအစ်ကိုထောင်ပေါင်းများစွာအတွက် နေရာလုံလောက်မှာ မဟုတ်ပါဘူး။"
ဆုရှင်း ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။ "လူသစ်တွေထဲကစည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့သူ ရှိလား။"
ဟွမ်ပင်းချန်က အနည်းငယ်အနေခက်စွာဖြင့် ပြောလိုက်သည်။ "တချို့တော့ တကယ်ရှိခဲ့တယ်။ ဒါပေမဲ့ လီဟွိုင်နဲ့သူ့လူတွေက သူတို့ကိုဖမ်းမိပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တယ်။"
"လီဟွိုင်ရဲ့လူတွေက တကယ်ကိုရက်စက်တယ်။ ဒါပေမဲ့ သူတို့ဘယ်တော့မှ ထပ်မလုပ်ရဲတော့ဘူးလို့ ကျွန်တော်ထင်တယ်။ အဲဒီစီးပွားရေးသမားတွေက ခေါင်းဆောင် စကားသက်သက်အဖြစ်ပြောနေတာ မဟုတ်ဘူးဆိုတာ အခုသိသွားကြပါပြီ။"
မူလက ယုံလဲ့ရပ်ကွက်မှ ကုန်သည်များက ဆုရှင်းက လစဉ်ကြေးကောက်ခံသည့် စည်းမျဉ်းများကို ပြောင်းလဲပြီး တစ်လလျှင်ငွေငါးဆယ်အထိ တိုးမြှင့်လိုက်ခြင်းအပေါ် မကျေနပ်ချက်အချို့ ရှိခဲ့ကြ၏။ သို့သော် ဆုရှင်းက သူ၏လက်အောက်ငယ်သားများကို ပြင်းပြင်းထန်ထန်အပြစ်ပေးသည်ကို မြင်တွေ့ရပြီးနောက် ယခုတစ်ကြိမ်တွင် သူတို့ဘာမှမပြောနိုင်တော့ပေ။
မိုးပြာဝါးဂိုဏ်းရှိစဉ်က သူတို့ငွေအနည်းငယ်သာ ကောက်ခံခဲ့သော်လည်း သူတို့၏အောက်ခြေအဆင့်အဖွဲ့ဝင်များက ဤလုပ်ငန်းများကို မကြာခဏလာရောက် နှောင့်ယှက်လေ့ရှိကြသည်။
စကားပုံတစ်ခုရှိသကဲ့သို့ ငရဲမင်းထက် ငရဲသားများက ပိုဆိုးသည်ဆိုသည့်အတိုင်းပင်။ ဤကောင်များကို ဖယ်ရှားရန်ငွေအနည်းငယ်ပေးရုံဖြင့် လုံလောက်သော်လည်း သူတို့က တစ်လလျှင် အကြိမ်ပေါင်းများစွာ လာရောက်ကြပြီး သူတို့ညှစ်ယူသွားသော ငွေများမှာ သူတို့၏လစဉ်ကြေးထက် မနည်းပေ။
ထို့အပြင် ၎င်းက သူတို့၏စီးပွားရေးကိုလည်း နှောင့်နှေးစေ၏။
ယခုအခါ ဆုရှင်း၏လူများအား လီဟွိုင်နှင့် သူ၏လူများက ကြီးကြပ်နေသဖြင့် အလွန် စည်းကမ်းရှိကြသည်။ ဆုရှင်း၏လက်အောက်တွင် အလုပ်မလုပ်ချင်တော့သူများမှလွဲ၍ မည်သူက စည်းမျဉ်းများကို ထပ်မံချိုးဖောက်ရဲမည်နည်း။
အခန်း (၄၆) ဘယ်ကသာ ဝံပုလွေအိုရမှာလဲ။ ခွေးဝဲစား တစ်ကောင်ပါပဲ
"ဂုဏ်ယူပါတယ် ခေါင်းဆောင်ဆု။ အာ မဟုတ်ဘူး အခု ခေါင်းဆောင်ကြီးဆုလို့ ခေါ်ရမှာပေါ့။ ချန်နင်စီရင်စုမှာ အငယ်ဆုံးခေါင်းဆောင်ကြီးပဲ။ ကျွတ် ကျွတ်... တကယ်ကို အားကျစရာကောင်းပါတယ်။"
အရှေ့ဘက်ရပ်ကွက်ဆယ့်နှစ်ခု၏ရဲမက်ခေါင်းဆောင် ထျဲဝူချင်က ပြုံးရွှင်စွာဖြင့်လျှောက်လာပြီး သူ၏လက်ထဲတွင် လေးလံသော သံဘောလုံးနှစ်လုံးကို ကစားနေဆဲဖြစ်၏။
ဆုရှင်းလှည့်ကာ လက်ယှက်ပြီးပြောလိုက်သည်။ "သခင်ကြီးထျဲ ကျေးဇူးပြုပြီးကျွန်တော့်ကို မနောက်ပါနဲ့။ ခေါင်းဆောင်ကြီးဆိုတာ နာမည်သက်သက်ပါ။"
ထျဲဝူချင် ခေါင်းယမ်းလိုက်၏။ "ဒါက နာမည်သက်သက်မဟုတ်ဘူး အဆင့်အတန်းရဲ့သင်္ကေတ တစ်ခုပဲ။ အရင်က မင်းဆုရှင်းကို ဘယ်သူမှ မသိပေမဲ့ မနေ့ကစပြီး ချန်နင်စီရင်စုမှာ မင်း ဆုရှင်းကို ဘယ်သူက မသိဘဲ နေမှာလဲ။"
ကျယ်ဝန်းသော ချန်နင်စီရင်စုတွင် ဂိုဏ်းသား သောင်းနှင့်ချီ၍ရှိသော်လည်း ခေါင်းဆောင်ကြီး တစ်ဦးသာလျှင် ဂိုဏ်း၏အစစ်အမှန် ခေါင်းဆောင်ဖြစ်ပြီး အခြားဂိုဏ်းများကမှတ်သားထားရမည့်သူ ဖြစ်သည်။
ဆုရှင်းဆက်လက်၍ နှိမ့်ချမနေတော့ဘဲ မေးလိုက်၏။ "သခင်ကြီးထျဲ ဒီနေ့ဘာကိစ္စများရှိလို့လဲ။"
ထျဲဝူချင် အနည်းငယ်ပြုံးလိုက်၏။ "မင်းဆီကနေ အကူအညီတောင်းဖို့ လာတာပေါ့။ ငါ မင်းဆီကို လွန်ခဲ့တဲ့နှစ်ရက်လောက်ကလာမလို့ စဉ်းစားထားပေမဲ့။ မင်းမိုးပြာဝါးဂိုဏ်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကိုတွေ့လို့ လာမနှောင့်ယှက်တော့တာ။"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးထျဲ။ ကျွန်တော့် စွမ်းဆောင်နိုင်သရွေ့ဆိုရင်ကျေးဇူးပြုပြီး ပြောသာပြောပါ။"
ထျဲဝူချင်နှင့် မိတ်ဆွေဖွဲ့ခြင်းမှာ ဆုရှင်း အစကတည်းက စီစဉ်ထားသောအရာတစ်ခုဖြစ်သည်။
အရှေ့ဘက် ရပ်ကွက်ဆယ့်နှစ်ခု၏ ရဲမက်ခေါင်းဆောင် တစ်ဦးအနေဖြင့် ထျဲဝူချင်၏အဆင့်အတန်းမှာ ချန်နင်စီရင်စုအစိုးရ တစ်ခုလုံးတွင် ထိပ်တန်း ဆယ်ဦးစာရင်း၌ပါဝင်သဖြင့် သူကားရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူတစ်ဦး ဖြစ်သည်။
"ဒီလိုဖြစ်တာ။ ငါတို့ စီရင်စုသခင်ရဲ့သားက လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပျော်ရွှင်ဖွယ်တောအုပ်ကို သွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရတာ။"
"ပိုက်ဆံပျောက်သွားတာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ သူ့ပိုက်ဆံအိတ်ထဲမှာ အနောက်ပိုင်းဒေသနိုင်ငံသုံးဆယ့်ခြောက်နိုင်ငံကနေ လက်ဆင့်ကမ်းလာတဲ့ အနွေးကျောက်စိမ်းတစ်ခုပါသွားတယ်။ အဲဒီအရာက တန်ဖိုးဖြတ်လို့မရဘူး။ ဝယ်လို့လည်း မရဘူး။"
(ဒီကျောက်စိမ်းကို မြန်မာလိုဘယ်လိုခေါ်လဲမသိဘူးဗျ။ ကိုင်လိုက်ရင် နွေးနွေးလေးနဲ့ဆိုလို့ ဒီလိုနာမည်ပေးထားပါတယ်။)
"ငါအခုတလော အလုပ်တော်တော်ရှုပ်နေပြီး ပိုလျှံနေတဲ့လူအင်အားလည်း မရှိဘူး။ မင်းက ဒီအနွေးကျောက်စိမ်းကိုရှာပေးနိုင်ရင် အကောင်းဆုံးပဲ။ ဒါပေမဲ့မရှာနိုင်ရင်လည်း အဆင်ပြေပါတယ်။ အပြစ်ခံယူပေးမယ့် လူတစ်ယောက်လောက်ရှာပေးလိုက်ရုံပါပဲ။"
"စီရင်စုသခင်ရဲ့သားက အခုအရမ်းစိတ်တိုနေတယ်။သူစိတ်အေးသွားအောင် အမြန်ဆုံး ရှင်းပြချက်တစ်ခုလောက်ပေးလိုက်ပါ။"
ဆုရှင်း ခဏမျှစဉ်းစားလိုက်ပြီးပြောလိုက်၏။ "ပိုက်ဆံအိတ်က ကျပျောက်တာမဟုတ်ဘဲ အခိုးခံရတာ သေချာလို့လား။"
"သေချာတယ်။ သူ့ရဲ့အဝတ်အစားတွေ အဖြဲခံလိုက်ရပေမဲ့ သူလုံးဝသတိမထားမိလိုက်ဘူး။ ဒါက ဝါရင့်သူခိုး တစ်ယောက်ရဲ့ လက်ချက်ပဲ။"
ခဏမျှ တွေးတောပြီးနောက် ဆုရှင်းက ပြောလိုက်၏။ "စိတ်မပူပါနဲ့ သခင်ကြီးထျဲ အနွေးကျောက်စိမ်းကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ သုံးရက်အတွင်း ခင်ဗျားကိုအဖြေတစ်ခု ပေးပါ့မယ်။"
"ကောင်းပြီ။ ဒါဆို ငါမင်းရဲ့သတင်းကောင်းကို စောင့်နေမယ် ဆုရှင်း။"
ထျဲဝူချင်က သူ၏လက်ထဲရှိ သံဘောလုံးကို ကစားကာလှည့်ထွက်သွားရင်း သူ၏နှုတ်ခမ်းများတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုပေါ်လာခဲ့၏။
ဆုရှင်းကို နောက်ဆုံးတွေ့ခဲ့ချိန်က ၎င်းက ပျော်ရွှင်ဖွယ်တောအုပ်ကိုထိန်းချုပ်ထားသည့် ဂိုဏ်းသားငယ်လေးတစ်ဦးသာဖြစ်ခဲ့သည်။ ယခုအခါတွင်တော့ ၎င်းက ကုန်သွယ်ရေးရပ်ကွက်၏ခေါင်းဆောင် ဖြစ်လာခဲ့လေပြီ။
ဤလူငယ်လေးအထက်သို့ တက်လှမ်းသည့်အမြန်နှုန်းမှာ သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။
ထျဲဝူချင်ထွက်သွားပြီးနောက် ဆုရှင်းက ဟွမ်ပင်းချန်ကို ပြောလိုက်၏။ "ပျော်ရွှင်ဖွယ်တောအုပ်ကို သွားပြီး စီရင်စုသခင်ရဲ့သား အဲဒီကိုလာတဲ့အကြောင်းအသေးစိတ်အချက်အလက်အားလုံးကို စုံစမ်းချေ။ ပျော်ရွှင်ဖွယ်တောအုပ်က ခါးပိုက်နှိုက်တွေနဲ့ သူခိုးတွေအားလုံးကိုဖမ်းပြီး စီရင်စုသခင်ရဲ့သား ပိုက်ဆံအိတ်ကို ခိုးရဲလောက်အောင် မျက်စိကန်းနေတဲ့ သူကဘယ်သူလဲဆိုတာရှာကြည့်စမ်း။"
ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်ပြီး သူ၏လူများကို ဦးဆောင်ကာ ပျော်ရွှင်ဖွယ်တောအုပ်သို့ ချက်ချင်း သွားရောက်တော့သည်။
နာရီဝက်ပင် မကြာမီဟွမ်ပင်းချန် သတင်းပြန်ယူလာခဲ့၏။
"ခေါင်းဆောင်။ကိစ္စတွေက နည်းနည်းခက်ခဲလာပြီ။"
"ဘာဖြစ်လို့လဲ။"
ဟွမ်ပင်းချန် မျက်မှောင်ကြုတ်ကာ ပြောသည်။ "ပိုင်ရှင်လျိုကို သေချာမေးကြည့်ပြီးပြီ။ အဲဒီနေ့က စီရင်စုသခင်ရဲ့သားက ပျော်ရွှင်ဖွယ်တောအုပ်ကို လာတော့ သူ့ရဲ့လမင်းယစ်မူးမျှော်စင်ကို တိုက်ရိုက် သွားခဲ့တယ်။ သူပြန်ထွက်လာတဲ့အချိန်အထိ သူ့ရဲ့ပိုက်ဆံအိတ်က ရှိနေသေးတယ်။ မဟုတ်ရင် သူ ပိုက်ဆံရှင်းနိုင်မှာ မဟုတ်ဘူး။"
"ပျော်ရွှင်ဖွယ်တောအုပ်က ထွက်လာပြီးနောက် ယုံလဲ့ရပ်ကွက်ကိုသွားပြီး ကျိုးရဲ့ ကြာပန်းကြက်သားပေါင်း စားချင်လို့ကြက်သားသွားဝယ်တော့မှ သူ့ရဲ့ပိုက်ဆံအိတ် ပျောက်နေတာ သိရတာ။"
ဆုရှင်း ခဏမျှစဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ဒါဆိုရင်ပိုက်ဆံအိတ်က လမင်းယစ်မူးမျှော်စင်က ထွက်လာပြီး ယုံလဲ့ရပ်ကွက်ထဲဝင်တဲ့ အချိန်မှာ အခိုးခံရတာ ဖြစ်ရမယ်။ အဲဒါက ပျော်ရွှင်ဖွယ်တောအုပ်က ခါးပိုက်နှိုက်ဖြစ်တယ်လို့ ငါတို့ သေချာပြောနိုင်မလား။"
ဟွမ်ပင်းချန် ခေါင်းယမ်းလိုက်၏။ "သေချာပေါက် မဟုတ်ဘူး။ ပျော်ရွှင်ဖွယ်တောအုပ်ကို ငါတို့ ထိန်းချုပ်ပြီးကတည်းက လမ်းမပေါ်က သူခိုးသေးသေးမွှားမွှားတွေအားလုံးကို ရှင်းလင်းပစ်ပြီးပြီ။ ပိုက်ဆံအိတ်က ပျော်ရွှင်ဖွယ်တောအုပ်မှာ ပျောက်တာ လုံးဝမဟုတ်ဘူး။"
"ပျော်ရွှင်ဖွယ်တောအုပ်မဟုတ်ရင် ယုံလဲ့ရပ်ကွက်ပဲ ဖြစ်ရမယ်။ ယုံလဲ့ရပ်ကွက်က အကြီးဆုံး ခါးပိုက်နှိုက်ခေါင်းဆောင်က ဘယ်သူလဲ။" ဆုရှင်း မေးလိုက်၏။
ခါးပိုက်နှိုက်လုပ်ငန်းတိုင်းတွင် ခေါင်းဆောင် တစ်ဦး ရှိတတ်ပါသည်။
လမ်းပေါ်တွင်တစ်ယောက်တည်း အလုပ်လုပ်ရဲသူ မည်သူမဆိုရလဒ် နှစ်ခုသာ ရင်ဆိုင်ရပါလိမ့်မည်။ ဒေသခံ ခါးပိုက်နှိုက်ဂိုဏ်းများ၏ဖမ်းဆီးခြင်းကို ခံရပြီးလက်များချိုးခံရခြင်း၊ သို့မဟုတ် သူတို့နှင့် မပူးပေါင်းသူမည်သူ့ကိုမျှ သူတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုယူခွင့် ပြုမည် မဟုတ်ပေ။
အခြားဖြစ်နိုင်ခြေ တစ်ခုမှာ မှုခင်းကျူးလွန်နေစဉ် သူတို့ရှာဖွေတွေ့ရှိခံရပြီး အာဏာပိုင်များထံ လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ခါးပိုက်နှိုက်အဖွဲ့တစ်ခုအားပူးပေါင်းထားခြင်းဖြင့်သာ ခေါင်းဆောင်က သင်အမှားလုပ်မိပါက ဖြေရှင်းပေးမည်ဖြစ်ပြီး သေချာပေါက် သင်၏ဝင်ငွေ တစ်စိတ်တစ်ပိုင်းကိုတော့ လစဉ် ပေးအပ်ရပါလိမ့်မည်။
ဟွမ်ပင်းချန်က ပြောသည်။ "ကျွန်တော် ပြောချင်တာက ဒါကခက်ခဲတဲ့အပိုင်းပဲ။ ယုံလဲ့ရပ်ကွက်ရဲ့ ခါးပိုက်နှိုက်ခေါင်းဆောင်က သာမန် လူမဟုတ်ဘူး။ သူ့ရဲ့နာမည်ဝှက်က ဝံပုလွေအိုတဲ့။ တစ်ချိန်က တောင်ပိုင်းဟူနန်ရဲ့ သစ်တောထူထပ်တဲ့နေရာမှာ ခံတပ်တစ်ခုတည်ထောင်ခဲ့ပြီး သူ့လက်အောက်မှာခွန်အားကြီးတဲ့ လူရာနဲ့ချီရှိခဲ့တယ်လို့ ပြောကြတယ်။"
"ဒါပေမဲ့နောက်ပိုင်းမှာ သိုင်းဂိုဏ်းတစ်ခုက လူငယ် ဓားသမားတစ်ယောက်ကို သူစော်ကားမိသွားပြီး အဲဒီလူငယ်က သူ့ခံတပ်ကိုတစ်ယောက်တည်း ဖြိုခွင်းပစ်လိုက်တယ်တဲ့။ သူသီသီလေးလွတ်လာပေမဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေက သစ္စာဖောက်လိုက်လို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး မျက်လုံးတစ်ဖက်ကန်းသွားခဲ့တယ်။ အဲဒီနောက်တော့ သူ ချန်နင်စီရင်စုမှာ လာပုန်းနေခဲ့တာပဲ။"
"ဝံပုလွေအိုက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမဲ့ သူ့ရဲ့သိုင်းပညာတွေ ရှိနေသေးတယ်။ ဒါ့အပြင် သူကရက်စက်ပြီး ယုံလဲ့ရပ်ကွက်က ခါးပိုက်နှိုက်ရာနဲ့ချီကို သူ့ရဲ့အမိန့်အောက်မှာ အမြန်ဆုံးစုစည်းနိုင်ခဲ့တယ်။ သူက အရင်ခေါင်းဆောင်တိုင်ချုံးကိုတောင် မျက်နှာသာမပေးခဲ့ဘူး။"
"တိုင်ချုံး ခေါင်းဆောင်လက်ချက်နဲ့ သေသွားပြီးတဲ့နောက် မိုးပြာဝါးဂိုဏ်းက ခေါင်းဆောင်ကြီးချန်က သူ့နေရာကို ဆက်ခံခဲ့တယ်။ သူက ဝံပုလွေအိုဆီကနေ ကော်မရှင်ခတောင်းဖို့တောင် ကြိုးစားခဲ့သေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အခက်အခဲတွေ့ပြီး အရှက်တကွဲပြန်လာရတယ်။ အဲဒီအကြောင်း ဘယ်တော့မှ ထပ်မပြောရဲတော့ဘူးတဲ့။"
ဆုရှင်းက အထင်အမြင်သေးစွာပြုံးလိုက်၏။ "သူက အရှုံးသမားတစ်ယောက်ပါ။ ဘာကြောက်စရာ ရှိလို့လဲ။ ပြီးတော့ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလုံးဝမရှိတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ရှုံးနိမ့်မှုကို အကြောင်းပြချက်လုပ်ပြီး ကြွားဝါနေတာ။ သူက တကယ်ကို သနားစရာကောင်းပြီး အသုံးမကျတဲ့ကောင်ပဲ။"
"ကြွားဝါနေတာ။" ဟွမ်ပင်းချန်က အံ့အားသင့်စွာ မေးလိုက်သည်။
"ဒီအကြောင်းတွေ အကုန်လုံး သူကိုယ်တိုင်ပြောပြခဲ့တာလား။"
ဆုရှင်းက အေးစက်စွာ ပြောလိုက်၏။ "သူက ခံတပ်တစ်ခုတည်ထောင်ခဲ့တဲ့ ခွန်အားကြီးတဲ့ လူတစ်ယောက်လို့ မင်းပြောခဲ့တယ်မလား။ အဲဒီလို လူမျိုးက တခြားလူတွေသိတာထက် သူ့ရဲ့မူလ ဇာတိကို ဖုံးကွယ်ထားချင်မှာပဲ။ တခြားလူတွေက ဘယ်လိုလုပ် ဒီလောက်ရှင်းရှင်းလင်းလင်းသိနိုင်မှာလဲ။"
"ဒီအချက်အလက်တွေ အများစုကိုသူကိုယ်တိုင် ထုတ်ပြောခဲ့တာပဲ ဖြစ်ရမယ်။ လူတွေက သူ့ရဲ့အတိတ်က ဂုဏ်ကျက်သရေကိုသိပြီး သူ့ကို ကြောက်ရွံ့လာအောင်လို့လေ။"
"သူ့ကိုယ်သူ ဝံပုလွေအိုလို့ နာမည်ပေးထားပေမဲ့ သူက တကယ်ပဲကျဆုံးသွားတဲ့ ဝံပုလွေဘုရင်တစ်ကောင်လို့ သူ့ကိုယ်သူထင်နေတာလား။ တကယ်တော့ သူကသတ္တိတွေ ပျောက်ဆုံးနေတဲ့ ခွေးဝဲစား တစ်ကောင်ပါပဲ။ ဘာကြောက်စရာ ရှိလို့လဲ။"
"တိုင်ချုံး နဲ့ ခေါင်းဆောင်ကြီးချန်တို့က အခက်အခဲတွေ့ခဲ့တယ်ဆိုရင်တောင် အဲဒီနှစ်ယောက်က ငါ့ရဲ့ဓားအောက်မှာ သေသွားတဲ့လူတွေပဲလေ။"
ဟွမ်ပင်းချန် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ မှန်ကန်ကြောင်း သဘောပေါက်သွား၏။ သူ၏ခေါင်းဆောင်က တိုင်ချုံး သို့မဟုတ် ခေါင်းဆောင်ကြီးချန်တို့နှင့် နှိုင်းယှဉ်၍ရသူ မဟုတ်ပေ။
"သွားမယ် အဲဒီ ခွေးဝဲစားကောင်နဲ့ သွားတွေ့ကြရအောင်။ သူဘယ်မှာရှိလဲဆိုတာ မင်းသိလား။"
"မိုးပြာဝါးဂိုဏ်းကတော့ သိမှာပါ။"
ဆုရှင်း၏လူအများအပြားမှာ မိုးပြာဝါးဂိုဏ်းဝင်ဟောင်းများ ဖြစ်ကြ၏။ ဟွမ်ပင်းချန်က အပေါက်ဝတွင်စောင့်နေသော ဂိုဏ်းဝင်တစ်ဦးကို ပေါ့ပေါ့ပါးပါးလက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ဝံပုလွေအိုဘယ်မှာရှိလဲဆိုတာ မင်းသိလား။"
ဂိုဏ်းဝင်က ခေါင်းညိတ်ပြီး ပြောသည်။ "သိပါတယ်။ အနက်ရောင်ရေလမ်းမှာပါ။"
"ဒါဆို ကွက်တိပဲ ငါတို့ကိုအဲဒီကိုလမ်းပြပေး။"
ရင်းနှီးသော လူတစ်ဦးလမ်းပြပေးခြင်းဖြစ်သဖြင့် ဆယ့်ငါးမိနစ်ပင် မကြာမီ အနက်ရောင်ရေလမ်းသို့ သူတို့ ရောက်ရှိလာခဲ့ကြ၏။
ယုံလဲ့ရပ်ကွက်ရှိ အနက်ရောင်ရေလမ်းမှာ အမှန်တကယ်တော့ ချန်လဲ့ရပ်ကွက်ကဲ့သို့သော ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။
ယုံလဲ့ရပ်ကွက်က ချန်လဲ့ရပ်ကွက်ကဲ့သို့ ခေါင်ဖျားခြင်းမရှိသော်လည်း ရပ်ကွက်တိုင်းတွင် ၎င်းတို့၏ချမ်းသာသောဧရိယာများနှင့် ဆင်းရဲသား ရပ်ကွက်များ ရှိတတ်ပါသည်။
ချန်လဲ့ရပ်ကွက်ကဆင်းရဲသော်လည်း ပျော်ရွှင်ဖွယ်တောအုပ်ရှိနေသေး၏။
ရှည်လျားသော အနက်ရောင်ရေလမ်းက လျှံကျနေသောမြောင်းဆိုးရေများဖြင့်ဖုံးလွှမ်းနေပြီး ပျက်စီးနေသောလမ်းမျက်နှာပြင်မှာ လျစ်လျူရှုခံထားရကာ စီးပွားရေးလုပ်ငန်းအနည်းငယ်သာရှိသည်။
မိုးပြာဝါးဂိုဏ်းပင်လျှင် ပုံမှန်အားဖြင့် ဤနေရာသို့ လစဉ်ကြေးလာကောက်လေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ငွေကောက်ခံနိုင်သောဆိုင်များ တကယ်ကိုမရှိသောကြောင့်ပင်။
အနက်ရောင်ရေလမ်းရှိလမ်းသွားလမ်းလာများက ဆုရှင်းနှင့် သူ၏အဖွဲ့ကို သတိထားသော အကြည့်များဖြင့် ကြည့်နေကြပြီး အချို့၏မျက်လုံးများတွင်ကြမ်းတမ်းသော အရိပ်အယောင်များပင် ရှိနေကြသည်။
အကယ်၍ ဟွမ်ပင်းချန်နှင့် လမ်းပြနေသော ဂိုဏ်းဝင်တို့က လင်းယုန်ပျံဂိုဏ်း၏ဝတ်ရုံများကို ဝတ်ဆင်မထားပါက ၎င်းတို့ ချက်ချင်းထွက်လာပြီး အရာအားလုံးကို လုယက်သွားလောက်လေပြီ။
ဤလူများ အတော်လေးအသိဥာဏ်ရှိကြ၏။ ယခု ယုံလဲ့ရပ်ကွက်ကို မည်သူအုပ်ချုပ်နေသနည်းဆိုတာ သူတို့သိထားသဖြင့် လင်းယုန်ပျံဂိုဏ်း၏ရှေ့တွင် မဆင်မခြင်မပြုမူရဲကြပေ။
ဂိုဏ်းဝင်က သတိထားကာပြောလိုက်၏။ "ခေါင်းဆောင် ဒီလူတွေက ရန်စလို့မလွယ်ဘူး။ သူတို့အများစုက ဝံပုလွေအိုရဲ့ အမိန့်အောက်က ခါးပိုက်နှိုက်တွေပါ။"
"အပြင်မှာတော့ သူတို့ကခါးပိုက်နှိုက်တွေပေါ့။ ဒါပေမဲ့ အနက်ရောင်ရေလမ်းကို ရောက်တာနဲ့ သူတို့က ရာဇဝတ်ကောင်တွေဖြစ်သွားကြပြီ။ ဒီမှာတော့ သူတို့ကလူသတ်ဖို့တောင်ဝန်လေးမှာ မဟုတ်ဘူး။"
ဆုရှင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏စိတ်ထဲတွင် တစ်ခုခုစတင်စဉ်းစားနေပြီဖြစ်သည်။
အကယ်၍ ထျဲဝူချင်အနာဂတ်တွင် အပြစ်ခံယူမည့် သူတစ်ဦးလိုအပ်ပါက ဤနေရာက ရွေးချယ်စရာ ကောင်းတစ်ခုဖြစ်ပေလိမ့်မည်။
အနက်ရောင်ရေလမ်းတွင် လူကောင်းတစ်ယောက်မှ မရှိပေ။ အကယ်၍ သူတို့ထဲမှဆယ်ယောက်ကို ဆွဲထုတ်ပြီး တစ်ယောက်ချင်းစီခေါင်းဖြတ်သတ်လျှင်ပင်။ဖြစ်နိုင်ခြေအများဆုံးမှာ တစ်ယောက်သာလျှင် သေဖို့မထိုက်တန်သူဖြစ်လိမ့်မည်။
ထျဲဝူချင် တစ်ခုခုလိုအပ်ပါက အနက်ရောင်ရေလမ်းသို့ သွား၍ လူကိုဖမ်းကာ သူ့ထံပို့လိုက်ရုံပင်။ သူပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ အရေးမကြီးပေ၊ သူ့အပေါ် ပုံချလိုက်ရုံသာရှိသည်။
ဂိုဏ်းဝင်က ဆုရှင်းနှင့် သူ၏အဖွဲ့ကို အနက်ရောင်ရေလမ်း၏အနက်ရှိုင်းဆုံး အပိုင်းထိတိုက်ရိုက် လမ်းပြသွားခဲ့၏။ ထိုနေရာတွင် အခန်းတစ်ခန်းတည်းသာရှိပြီး နံရံများကို အနက်ရောင်ဆေးသုတ်ထားကာ တံခါးမှလွဲ၍ ပြတင်းပေါက်လုံးဝမရှိသော အခန်းဖြစ်သည်။
ရုပ်ရည်ကြမ်းတမ်းသော အမျိုးသားနှစ်ဦး တံခါးဝတွင် ရပ်နေခဲ့သည်။ ဆုရှင်းနှင့် သူ၏အဖွဲ့ ချဉ်းကပ်လာသည်ကိုမြင်သောအခါ ထိုအမျိုးသား နှစ်ဦးစလုံး၏မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။ "လင်းယုန်ပျံဂိုဏ်းက ဒီမှာဘာလာလုပ်တာလဲ။ မိုးပြာဝါးဂိုဏ်းက အဲဒီအမှိုက်တွေလိုမျိုး ငါတို့ခေါင်းဆောင်ကို လာပြဿနာရှာချင်နေတာလား။"
"မင်းတို့ကို ငါပြောပြမယ်၊ ငါတို့ခေါင်းဆောင်က ပြဿနာမဖြစ်ချင်ပေမဲ့ သူကရန်စလို့လွယ်တဲ့သူ မဟုတ်ဘူး။ မင်းတို့ မိုးပြာဝါးဂိုဏ်းပဲဖြစ်စေ၊ လင်းယုန်ပျံဂိုဏ်းပဲ ဖြစ်စေ၊ ဒီအနက်ရောင်ရေလမ်းမှာတော့ ငါတို့ခေါင်းဆောင်က အမြဲတမ်း အမိန့်ပေးနိုင်တဲ့သူပဲ။"
လမ်းပြလာသော ဂိုဏ်းဝင်ငယ်လေးက ရေနက်လမ်းရှိ ဝံပုလွေအိုနှင့် သူ၏လူများကို သဘာဝကျကျပင် မစော်ကားရဲပေ။
သို့သော် ယခု သူ၏အနောက်တွင် လင်းယုန်ပျံဂိုဏ်း၏ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သော ဆုရှင်း လိုက်ပါလာလေပြီ။ သူ ဘာကြောက်စရာဘာလိုတော့မည်နည်း။
"တောက်.. မင်းတို့က အနက်ရောင်ရေလမ်းကို မင်းတို့ပိုင်တယ်လို့ ထင်နေတာလား။ ဒီယုံလဲ့ရပ်ကွက် တစ်ခုလုံးက ငါ့ခေါင်းဆောင်ဆုရှင်း ပိုင်တာကွ။ အခု ခေါင်းဆောင်ဆုကိုယ်တိုင်ရောက်လာပြီဆိုတော့ ဝံပုလွေအိုကိုထွက်လာပြီး နှုတ်ဆက်ခိုင်းလိုက်ရင် မကောင်းဘူးလား။" အနိုင်ကျင့်တတ်သူတစ်ယောက်လိုပြုမူနေသော ဂိုဏ်းဝင်ငယ်လေးမှာ အတော်လေးထောင်လွှားနေပုံရလေ၏။
အမျိုးသားများထဲမှ တစ်ဦးက ဆုရှင်းကိုတစ်ချက် ကြည့်လိုက်ပြီးအထင်အမြင်သေးစွာ ပြောလိုက်သည်။ "မင်းတို့လင်းယုန်ပျံဂိုဏ်းက ကလေးလေး တစ်ယောက်ကို ခေါင်းဆောင်ခန့်ထားတာလား။မင်းတို့ လင်းယုန်ပျံဂိုဏ်းမှာ တကယ်ကိုလူတော်တွေရှားပါးနေပုံပဲ။"
ဆုရှင်းက ထိုအမျိုးသားကိုပြုံးပြလိုက်သော်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် ထိုအမျိုးသားမှာ အေးစက်သောအရှိန်အဝါတစ်ခုလွှမ်းခြုံလာသည်ကို ခံစားလိုက်ရပြီး၊ သူ့ရှေ့တွင် ပြုံးကာရပ်နေသည့် လူမှာ ချောမောသောလူငယ်လေး တစ်ဦးမဟုတ်ဘဲ သူ့ကို ဝါးမျိုချရန်အသင့်ဖြစ်နေသော ရက်စက်သည့် ကျားတစ်ကောင်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရ၏။
သူတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် စူးရှသောဓားအလင်းတန်းတစ်ခုက သူ၏မျက်လုံးသူငယ်အိမ်များအတွင်း ပြည့်နှက်သွားလေတော့သည်။