← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇) ငါ့ကိုစည်းမျဉ်းတွေအကြောင်း ပြောရဲတယ်ပေါ့

"ဒင်..."

သတ္တုချင်းရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး ပစ်လွှတ်လာသော ဓားမြှောင်တစ်လက်က ဆုရှင်း၏ဓားကိုပုတ်ထုတ်လိုက်သဖြင့် ထိုအမျိုးသားမှာ အထိအခိုက်မရှိလွတ်မြောက်သွားတော့သည်။

အမျိုးသား၏မျက်နှာတွင် အထင်အမြင်သေးသော အမူအရာများမရှိတော့ဘဲ ထိတ်လန့်မှုများသာ ပြည့်နှက်နေခဲ့၏။

သူ၏ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့မြန်ဆန်သောဓားကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။

"အဟွတ်....အဟွတ်။"

အနက်ရောင် အခန်းတံခါးမှာ ဘယ်အချိန်ကတည်းကပွင့်သွားသည်ကို မသိလိုက်ရဘဲ အနည်းငယ်ကုန်းကိုင်းနေသော ပုံရိပ်တစ်ခုထွက်လာခဲ့၏။

ထိုလူမှာ အသက်လေးဆယ်ဝန်းကျင်သာရှိသေးပုံရသော်လည်း သူ၏နားထင်များမှာ ဆံပင်ဖြူများဖြင့်ပြည့်နှက်နေသဖြင့် အလွန်အသက်ကြီးပုံ ပေါက်နေပါသည်။

သူအသက်ကြီးပုံ ပေါက်သော်လည်း သူ၏မျက်နှာမှာ အလွန်ကြမ်းတမ်းနေ၏။ အထူးသဖြင့် သူ၏ဘယ်ဘက်မျက်လုံးမှာ ဖောက်ထုတ်ခံထားရသည့်အလား အပေါက်ကြီးတစ်ပေါက်သာ ကျန်ရှိနေသဖြင့် သူ့ကိုအလွန်ကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်စေသည်။

"လင်းယုန်ပျံဂိုဏ်းက ခေါင်းဆောင်ကြီးဆုပါလား။ ခေါင်းဆောင်ရဲ့လူတွေက စည်းမျဉ်းတွေကိုမသိဘူးပဲ။ သင်က ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်နေပြီး သူခိုးသေးသေးမွှားမွှားလေးတစ်ယောက်ရဲ့အဆင့်အထိတော့ အောက်ကျခံမှာမဟုတ်ဘူးမလား။" ဝံပုလွေအိုက အက်ရှရှအသံဖြင့် ပြောလိုက်သည်။

ဆုရှင်း လှောင်ပြောင်လိုက်၏။ "မသိချင်ယောင် ဆောင်နေတာလား။ ဝံပုလွေအို ငါဒီနေရာမှာရှိနေတာကိုမသိဘူးလို့တော့ မပြောနဲ့နော်။ မင်းလူတွေကစည်းမျဉ်းတွေကိုမသိပေမဲ့ မင်းကကော မသိဘူးလား။"

ဝံပုလွေအို၏မျက်နှာထားမှာ အေးစက်သွားခဲ့၏။ ဤလူငယ်ခေါင်းဆောင်လေးက ဤမျှထိမလေးမစားလုပ်ကာ စကားအနည်းငယ်ဖြင့် သူ့ကိုထောင့်ပိတ်သွားစေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

"ခေါင်းဆောင်ကြီးဆု စကားကိုလှည့်ပတ်မပြောပဲနေကြရအောင်။ မင်းက ယုံလဲ့ရပ်ကွက်ရဲ့ခေါင်းဆောင်လုပ်။ငါက ငါ့ရဲ့ရေနက်လမ်းကို စီမံအုပ်ချုပ်မယ်။ဘာပဲဖြစ်ဖြစ် မင်းက ဒီနေရာကိုဂရုမစိုက်ဘူးဆိုတော့ ငါတို့ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့။ ဘယ်လိုသဘောရလဲ။"

"ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ အဲဒါလည်း ကောင်းပါတယ်။ ဟိုနေ့က စီရင်စုသခင်ရဲ့သား ပိုက်ဆံအိတ်ကိုခိုးသွားတာ မင်းပဲမဟုတ်လား။ ပိုက်ဆံအိတ်နဲ့ အထဲက အနွေးကျောက်စိမ်းကို ပေးလိုက်ရင် ငါတို့ကိုယ့်လမ်းကိုယ်လျှောက်လို့ရပြီ။"

ဝံပုလွေအို၏အမူအရာမှာ ပြောင်းလဲသွားခဲ့၏။ ဆုရှင်းက ယခင်က တိုင်ချုံးနှင့် ခေါင်းဆောင်ကြီးချန်တို့ကဲ့သို့ သူ့ကိုအခွင့်အရေးယူရန်ကြိုးစားနေသည်ဟု သူထင်ခဲ့သော်လည်း ဆုရှင်းက ဤအကြောင်းပြချက်ဖြင့်ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အခြားကိစ္စတစ်ခုခုဆိုလျှင် ဝံပုလွေအိုက မိမိကိုယ်တိုင်ငြိမ်းချမ်းမှုရယူရန် ဆုရှင်းကို မျက်နှာသာပေးရန်ဝန်လေးမည် မဟုတ်သော်လည်း ဤကိစ္စမှာတော့ ဇာတ်လမ်းတစ်မျိုးပင်။

ဝံပုလွေအိုက ဆုရှင်းကို နက်ရှိုင်းစွာတစ်ချက် ကြည့်လိုက်ပြီးလေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ကြီးဆု။ မင်းကိုမျက်နှာသာမပေးချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ဒီကိစ္စကို ငါတကယ် လုပ်ပေးလို့မရဘူး။"

"အလုပ်အကိုင်တိုင်းမှာ သူ့စည်းမျဉ်းနဲ့သူရှိပါတယ်။ ငါတို့က ပစ္စည်းတွေကိုယူပြီးသွားရင် အလွယ်တကူ ပြန်ပေးလို့မရဘူး။"

"ဒီနေ့ သူပစ္စည်းပျောက်လို့ ငါ့ဆီလာတောင်းတယ်

မနက်ဖြန် မင်းပစ္စည်းပျောက်လို့ ငါ့ဆီလာတောင်းတယ်ဆိုရင် ငါ့လူတွေဘာစားကြမလဲ။"

"ဒီတံခါးကိုတော့ လုံးဝဖွင့်ပေးလို့မရဘူး။ စီရင်စုမှူး ကိုယ်တိုင် ငါ့ဆီလာတောင်းရင်တောင် ငါပေးမှာ မဟုတ်ဘူး။"

ဆုရှင်း ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "ဝံပုလွေအို 'လူတစ်ယောက်ကို အခွင့်အရေးပေးပေမဲ့ သူကမယူတတ်ဘူး'ဆိုတဲ့စကားပုံကို မင်း ကြားဖူးလား။"

"ဆုရှင်း... မင်းက ဘာသဘောလဲ။"

ဝံပုလွေအိုက ဒေါသထွက်သော အမူအရာကို ပြသလိုက်၏။ ယခု သူက အသုံးမကျသူတစ်ဦးဖြစ်နေသော်လည်း မည်သူမဆိုအလွယ်တကူစော်ကားနိုင်သော သူတစ်ဦးတော့မဟုတ်ပေ။

"ဘာသဘောလဲ...ဟုတ်လား။ ငါမင်းကို ဝံပုလွေအို လို့ခေါ်ပြီး မျက်နှာသာပေးနေတာ။ အဲဒီလိုမှ မဟုတ်ရင် မင်းက ခွေးဝဲစားတစ်ကောင်ထက်မပိုဘူး"

"သူခိုးသေးသေးမွှားမွှားတစ်အုပ်ကို ဦးဆောင်ပြီး မကောင်းတဲ့အလုပ်တွေလုပ်နေတာတောင် ငါ့ကို စည်းမျဉ်းတွေ အကြောင်းလာပြောရဲသေးတယ်ပေါ့။ တကယ့် ဟာသပဲ။"

"ဆုရှင်း... မင်း..အရမ်းလွန်သွားပြီ။"

ဝံပုလွေအို၏မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ သူက အိတ်ထဲမှ ဓားမြှောင်လေးလက်ကို ဆွဲထုတ်ကာ ဆုရှင်းထံသို့တစ်ပြိုင်နက်တည်း ပစ်ပေါက်လိုက်သည်။

သူ မူလက ဆုရှင်းနှင့် မတိုက်ခိုက်ချင်သလို ဤဂိုဏ်းသားများကိုလည်း မစော်ကားချင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏နောက်တွင် ဂိုဏ်းတစ်ခု ရှိနေသောကြောင့်ပင်။

တိုင်ချုံးနှင့် ခေါင်းဆောင်ကြီးချန်တို့ သူ့ကို ပြဿနာလာရှာစဉ်က သူတို့က အမှန်တကယ် မလှုပ်ရှားခဲ့ပေ။ သူက သူ့ခွန်အားကိုထုတ်ပြလိုက်ရုံဖြင့် ၎င်းတို့ကနောက်ဆုတ်သွားခဲ့ကြသည်။

တိုင်ချုံးရော ခေါင်းဆောင်ကြီးချန်ပါ အကျိုးအမြတ်မရှိသောတိုက်ပွဲတစ်ခုကိုဆင်နွှဲလိုမည်မဟုတ်ပေ။

ဝံပုလွေအိုက ဤအခွင့်အရေးကိုအသုံးချကာ သတင်းများကို ပိုမိုကြီးကျယ်အောင်ဖြန့်ဝေခဲ့ပြီး တိုင်ချုံးနှင့် ခေါင်းဆောင်ကြီးချန်တို့ နှစ်ဦးစလုံးမှာ သူ့ကြောင့် အရှက်ကွဲခဲ့ရသည်ဟု လူများကို ထင်မှတ်စေကာ သူပိုမိုနာမည်ကြီးလာစေရန် ပြုလုပ်ခဲ့၏။

နောက်ပိုင်းတွင် တိုင်ချုံးနှင့် ခေါင်းဆောင်ကြီးချန်တို့နှစ်ဦးစလုံးမှာ ထိုအဖြစ်အပျက်ကို သိရှိခဲ့ကြသော်လည်း ဝံပုလွေအိုမှာရိုးသားမှုမရှိဟုသာ သူတို့ ခံစားခဲ့ရသည်။

ထို့အပြင် သူတို့က ဝံပုလွေအိုကိုအနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိသလို၊ အကူအညီ တောင်းရန်လည်းရှက်ရွံ့နေသဖြင့် သူ့ကို နောက်တစ်ခါသွားရောက်မနှောင့်ယှက်တော့ပေ။

သို့သော် ယခုရန်လိုနေသော ဆုရှင်းကို ရင်ဆိုင်ရချိန်တွင် သူဆက်လက်သည်းမခံနိုင်တော့ပေ။

အဆိုးဆုံးအနေဖြင့် သူဆုရှင်းကို သတ်ပြီးအခြားမြို့တွင်သွားရောက် အသက်မွေးဝမ်းကျောင်းပြုလိုက်ယုံပင်။

ဆုရှင်းက ဓားမြှောင်လေးလက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သော်လည်း ဝံပုလွေအိုမှာ ကုန်းကိုင်းနေသော သူ၏ခန္ဓာကိုယ်ဖြင့် ရုတ်တရက်ရှေ့သို့ ခုန်ဝင်လာခဲ့၏။ သူ၏ပုံစံမှာ ရက်စက်သော ကျားတစ်ကောင်နှင့် တူနေပြီးအရှိန်အဟုန်မှာလည်းအံ့မခန်းပင်။

ဝံပုလွေအို၏လက်များမှာ လက်သည်းများနှင့် တူနေပြီး သူ၏ထက်ရှသောလက်သည်းများမှာ ဓားသွားများကဲ့သို့ အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။ သူ၏လက်သည်းများကြားတွင် အေးစက်သောအရှိန်အဝါတစ်ခု ရစ်သိုင်းနေခဲ့၏။

သူ၏သိုင်းပညာက ရှောင်လင်၏အံ့ဖွယ် ခုနစ်ဆယ့်နှစ်ခုထဲမှတစ်ခုဖြစ်သော နဂါးလက်သည်းသိုင်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၎င်း၏အခြေခံမှာ အတော်လေးထူးခြားပါသည်။

ဤသိုင်းပညာကို မိစ္ဆာလမ်းစဉ်ကလူတစ်ဦးက ရှောင်လင်ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်ပြီးရလာသော သိုင်းကျမ်းအစိတ်အပိုင်းတစ်ခုနှင့် သူ၏ကိုယ်ပိုင်နည်းစနစ်များနှင့် ပေါင်းစပ်ခဲ့ဖန်တီးထားခြင်းဖြစ်သည်။

နဂါးလက်သည်းသိုင်းကဲ့သို့ ကြမ်းတမ်းပြီး စွမ်းအားမကြီးမားသော်လည်း ၎င်း၏ကောက်ကျစ်ပြီးရက်စက်သောသဘာဝတွင် များစွာပိုသာလွန်ပါသည်။ သူ၏အကောင်းဆုံး အချိန်တွင် ဤလက်သည်းဖြင့် လူတစ်ယောက်ကိုနှစ်ပိုင်း ဆွဲဖြဲခဲ့ဖူး၏။

ဆုရှင်းက သူ့မျက်နှာတွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းမရှိဘဲ အမူအရာကင်းမဲ့စွာမတ်တပ်ရပ်နေခဲ့သည်။

အကယ်၍ ၎င်းမှာ ဝံပုလွေအို၏အကောင်းဆုံး အချိန်ကသာဆိုပါက ဆုရှင်းနောက်ဆုတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာရှိမည် မဟုတ်ပေ။

သို့သော် ယခု ဝံပုလွေအိုက အစွယ်မရှိသောခွေးဝဲစားတစ်ကောင်သာဖြစ်ပြီး သူ၏ခွန်အားမှာ တစ်ဝက်ခန့်ရုတ်လျော့နေပြီး သူ၏သတ္တိများကိုလည်း ဆုံးရှုံးနေလေပြီ။

မလှုပ်ရှားမီတွင် ၎င်းက ရဲစွမ်းတင်ရန်အတွက် လျှို့ဝှက်လက်နက်ပုန်းကိုပင် ပစ်လွှတ်ခဲ့သေးသည်။ ဤကဲ့သို့သောအပြုအမူမျိုးက တစ်ချိန်က ခံတပ်တစ်ခုကိုတည်ထောင်ခဲ့ပြီး သူ၏လက်ထဲတွင် မရေမတွက်နိုင်သောသက်ရှိများ ရှိခဲ့သည့် ခွန်အားကြီးမားသူ တစ်ဦး၏အပြုအမူ မဟုတ်ပေ။

သူကား သူခိုးသေးသေးမွှားမွှားတစ်ကောင်နှင့် ပိုတူနေသည်။

*ဒီသူခိုးသေးသေးမွှားမွှားတွေနဲ့ အချိန်အကြာကြီး ပေါင်းသင်းလာပြီးတဲ့နောက် ဒီဝံပုလွေအိုက သူ့ကိုယ်သူလည်း သူတို့ထဲကတစ်ယောက်လို့ ထင်နေပုံရတယ်*

လက်သည်းကုတ်ချက်က သူ့ထံသို့ရောက်ရှိလာတော့မည့် အချိန်မှာပင် ဆုရှင်းနောက်ဆုံးတွင် လှုပ်ရှားလိုက်၏။

အဆုံးအစမဲ့အမုန်းတရားများပြည့်နှက်နေသော လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

*ကောင်းကင်နဲ့ မြေပြင်ရဲ့မတရားမှုကို ငါ မုန်းတယ်၊ ကောင်းကင်ကြီးမျက်ကန်းနေတာကို ငါ မုန်းတယ်*

အမုန်းတရားလက်သီး...

*အမုန်းတရားမှာ စွမ်းအားရှိလား။ နေ့စဉ်နေ့တိုင်း လူတွေကမုန်းတီးကြတယ်။ အချစ်အတွက် မုန်းတယ်၊ အာဏာအတွက် မုန်းတယ်၊ လောဘ၊ ဒေါသ၊ မောဟတွေကနေဖြစ်ပေါ်လာတဲ့ အမုန်းတရားတွေ..။*

ဤသည်မှာ အမုန်းတရား၏စွမ်းအားဖြစ်ပြီး ဝံပုလွေအိုက ၎င်းကိုမတားဆီးနိုင်ပေ။

ပထမလက်သီးချက်ဖြင့် ဝံပုလွေအို၏လက်ရိုးများကြေမွသွားပြီး သူ၏ထက်ရှသောလက်သည်းများမှာ အပိုင်းပိုင်းကွဲထွက်သွားကာ သူ၏ညာဘက်လက်အားသွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဒုတိယလက်သီးချက်ဖြင့် ဝံပုလွေအို၏ညာဘက်လက်မောင်းမှာ ကြေမွသွားပြီး အားနည်းစွာ တွဲလောင်းကျသွားခဲ့၏။

တတိယလက်သီးချက်ကြောင့် ဝံပုလွေအိုက သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး အနောက်သို့လွင့်ထွက်သွားကာ သူ၏ခန္ဓာကိုယ်မှာ အားနည်းစွာ တုန်ယင်နေတော့သည်။

စိတ်ပျက်အားငယ်မှု။ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှု ဤကူကယ်ရာမဲ့သော ခံစားချက်မျိုးကို ဝံပုလွေအို ယခင်က ခံစားခဲ့ဖူး၏။

လွန်ခဲ့သော ဆယ်နှစ်က သူတက်ကြွမှုအပြည့်ဖြင့် သူ၏ညီအစ်ကိုများကိုဦးဆောင်ကာ တောတောင်များနှင့် သစ်တောများထဲတွင် ကျက်စားခဲ့ဖူးသည်။

အင်ပါယာနန်းတော်မှ လူများတောင်ပိုင်းဟူနန်၏သစ်တောထူထပ်သောနေရာများကို ဖြတ်သန်းသွားလျှင်ပင် သူနှင့် သူ၏လူများက အသားတစ်ဖဲ့ ဆွဲဖြဲရဲသည်အထိရဲတင်းခဲ့ကြ၏။

၎င်းမှာ သူမစော်ကားသင့်သော သူတစ်ဦးကို စော်ကားမိသည့် နေ့အထိပင်။

ထိုသူမှာ ယောင်ချွမ်ဓားကို ကိုင်ဆောင်ထားသော အသက် ဆယ့်လေး ၊ ဆယ့်ငါးနှစ်အရွယ် ကောင်လေး တစ်ယောက်သာဖြစ်သည်။ သူက သူ၏တောင်ပေါ်ခံတပ်ကိုတိုက်ခိုက်ခဲ့ပြီး သူ၏ညီအစ်ကိုများကိုသတ်ပစ်ခဲ့ရာ သူလုပ်နိုင်သည့်အရာမှာ မြေပြင်ပေါ်တွင်လှဲလျောင်းကာသေချင်ယောင်ဆောင်နေရန်သာဖြစ်ခဲ့၏။

နောက်ပိုင်းတွင် ထိုကောင်လေး၏အမည်မှာ ဟယ်ရှို့ဖြစ်ပြီး မကြာခင်တွင် ဓားမင်းသားဟု လူသိများလာကြောင်း သူသိရှိခဲ့ရသည်။ ဟယ်ရှို့က အဓိက ဓားဂိုဏ်းငါးခုထဲမှ တစ်ခုဖြစ်သည့် ထင်ရှား‌သောဓားစံအိမ်၏အမွေဆက်ခံသူ ဖြစ်နေသည်။

ဟယ်ရှို့ကို ရင်ဆိုင်ရချိန်တွင် ဝံပုလွေအိုက မျှော်လင့်ချက်ကင်းမဲ့ပြီး အားနည်းနေသလို ခံစားခဲ့ရသည်။ ဤဘဝတွင် သူဘယ်တော့မှလက်စားချေနိုင်မည်မဟုတ်ကြောင်းသိသဖြင့် ချန်နင်စီရင်စုတွင်လာပုန်းနေခဲ့ပြီး ခါးပိုက်နှိုက်များနှင့် သူခိုး သေးသေးမွှားမွှားရာပေါင်းများစွာကို စုဆောင်းကာအမှောင်ခန်းထဲတွင်ပုန်းအောင်းရင်း သူ၏ယခင်က ဂုဏ်ကျက်သရေများကို ပြန်လည် တမ်းတနေခဲ့ခြင်းဖြစ်၏။

သို့သော် ယခု ဆုရှင်း၏လက်သီး သုံးချက်က သူ့ကို လုံးဝအနိုင်ယူသွားခဲ့ပြီဖြစ်သည်။

သူတို့နှစ်ဦးစလုံးမှာ လွန်စွာငယ်ရွယ်ကြပြီး နှစ်ဦးစလုံးက သူ့ကိုခုခံနိုင်စွမ်းကင်းမဲ့စေကာ ချေမှုန်းသွားခဲ့ကြ၏။

ဆုရှင်း ပြောသကဲ့သို့ပင် သူကား ဝံပုလွေအိုမဟုတ်ဘဲ ခွေးဝဲစားတစ်ကောင်သာ ဖြစ်သည်။

ဆုရှင်းက ဝံပုလွေအို၏ဘေးသို့ လျှောက်သွားလိုက်၏။ မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ဝံပုလွေအိုက ဆုရှင်း၏အနက်ရောင်ဖိနပ်များကိုသာမြင်နိုင်တော့သည်။

ထို့အတူ လက်ရှိအချိန်မှာ သူလည်းမော့မကြည့်ချင်တော့ပေ။

"ပိုက်ဆံအိတ်နဲ့ အနွေးကျောက်စိမ်းကို ပေးစမ်း။"

ဝံပုလွေအိုက သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး မတ်တပ်ရပ်ရန်ရုန်းကန်ကာ ကြောက်လန့်နေသော သူ၏လက်အောက်ငယ်သားကို ပြောလိုက်သည်။ "သွားပြီး ငါ့ရဲ့သေတ္တာကိုယူခဲ့။"

လက်အောက်ငယ်သားမှာ ခဏမျှအံ့အားသင့်သွားသော်လည်း ဝံပုလွေအို၏ရက်စက်သော မျက်လုံးတစ်ဖက်ကိုမြင်သောအခါ သူသတိဝင်လာပြီးအိမ်ထဲသို့ ချက်ချင်းဝင်ကာ သေတ္တာငယ်တစ်လုံးကို ယူလာပြီး ဝံပုလွေအိုထံ ကမ်းပေးလိုက်၏။

သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် တောက်ပနေသော လက်ဝတ်ရတနာများဖြင့် ပြည့်နှက်နေသည်။

ဝံပုလွေအို၏အမိန့်အောက်ရှိ ခါးပိုက်နှိုက် တစ်ယောက်ယောက်က တစ်ခုခုရလာတိုင်း ဝံပုလွေအိုကို အရင်ဆုံးပြသရသည်။ အကယ်၍ တန်ဖိုးရှိသောအရာ တစ်ခုခုပါလာပါက သူက ၎င်းကို လုံခြုံအောင်သိမ်းဆည်းထားလေ့ရှိ၏။

သူ၏စည်းမျဉ်းများကို လိုက်နာရမည်ဟုအမြဲတစေပြောဆိုကာ စီရင်စုသခင်လာလျှင်ပင် ခိုးယူထားသောပစ္စည်းများကို ပြန်ပေးမည်မဟုတ်ဟု ကြွေးကြော်ခဲ့သည်။။

သို့သော် တကယ်တမ်းတွင် သူကဤပစ္စည်းများ အားလုံးကိုသိမ်းဆည်းထားပြီး အခြားသူများက သူ၏တံခါးကို လာခေါက်ကာ သူပြန်မပေးနိုင်ပါကလက်စားချေခံရမည်ကိုစိုးရိမ်သဖြင့် ၎င်းတို့ကိုအသုံးပြုရန် သို့မဟုတ် ပေါင်စားရန်မဝံ့ရဲခဲ့ပေ။

ဝံပုလွေအိုက ပိုက်ဆံအိတ်တစ်ခုကို ထုတ်ယူကာ ဆုရှင်းထံ ကမ်းပေးလိုက်သည်။ ဆုရှင်းက ၎င်းကို ဖွင့်ကြည့်လိုက်သောအခါအထဲတွင် ဒဏ္ဍာရီလာ သားရဲတစ်ကောင်၏ပုံကို ထွင်းထုထားသော ကျောက်စိမ်းဆွဲပြားတစ်ခုကို တွေ့လိုက်ရ၏။

၎င်းမှာကိုင်ကြည့်လျှင် နွေးထွေးပြီးချောမွေ့နေကာ တန်ဖိုးဖြတ်၍မရသော အနွေးကျောက်စိမ်းပင်ဖြစ်သည်။

ပိုက်ဆံအိတ်ကို သိမ်းပြီးနောက် ဆုရှင်း လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း ဝံပုလွေအိုက ရုတ်တရက်ဟန့်တားလိုက်၏။

ဆုရှင်း လှည့်ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။

ဝံပုလွေအိုက ငွေဖြူရောင်ကြွေပုလင်းတစ်လုံးကိုထုတ်ယူကာ ဆုရှင်းထံကမ်းပေးလိုက်ပြီး သူ၏နှုတ်ခမ်းများတွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာ၏။ "ဒီအရာက ကျုပ်အတွက်အသုံးမဝင်တော့ပါဘူး။ သုံးဖို့လည်း အရည်အချင်းမပြည့်မီတော့ဘူး။ ခေါင်းဆောင်ယူသွားလို့ ရပါတယ်။ ကျုပ်ညီအစ်ကိုတွေရဲ့အသက်ကို ချမ်းသာပေးဖို့ပဲ မျှော်လင့်ပါတယ်။"

ဝံပုလွေအိုက ဆုရှင်း၏လုပ်ရပ်များအကြောင်း ကြားဖူးခဲ့၏။ သူကား သနားညှာတာတတ်သူ တစ်ဦး မဟုတ်ပေ။

ယခုအချိန်တွင် သူက ဆုရှင်း၏ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။ သူ၏အနက်ရောင်ရေလမ်း ဆက်လက်တည်ရှိနေနိုင်ပါဦးမည်လော။

သို့သော် ဝံပုလွေအိုက ကြိုးစားကြည့်ချင်သေး၏။ လွန်ခဲ့သောဆယ်နှစ်ကကဲ့သို့ သူ၏ညီအစ်ကိုများ ထိုလူ၏ဓားအောက်တွင် သေဆုံးသွားသည်ကို ကြည့်နေရင်း အလောင်းများအောက်တွင် ပုန်းအောင်းကာ ကြောက်လန့်တကြားတုန်ယင်နေခဲ့ရသော အခြေအနေမျိုးကို သူထပ်မဖြစ်ချင်တော့ပေ။

သူ၏ညီအစ်ကိုများက သစ္စာဖောက်သောကြောင့် ဤသို့ပြုမူခဲ့ခြင်းဖြစ်သည်ဟု သူကလူသိရှင်ကြား ပြောဆိုခဲ့သော်လည်း သူ၏ညီအစ်ကိုများက သူ့ကို သစ္စာဖောက်ခြင်းမဟုတ်ကြောင်း သူ တစ်ဦးတည်းသာ သိ၏။ အမှန်တကယ်တော့ အတူတကွ ရှင်သန်ပြီးအတူတကွသေဆုံးမည်ဟု ကျိန်ဆိုထားသောညီအစ်ကိုများကို သစ္စာဖောက်ခဲ့သူမှာ သူသာလျှင်ဖြစ်သည်။

"ဒါက ဘာလဲ။"

ဝံပုလွေအိုက ပြောသည်။ "ကျုပ်လည်း မသိဘူး။ ကျုပ်ညီအစ်ကိုတွေက သိုင်းပညာရှင်တစ်ယောက်ဆီကနေ ခိုးလာတာ။ အထဲမှာ ပြင်းထန်တဲ့ဆေးရနံ့တစ်ခုရှိတယ်။ ဒါကြောင့် ထိပ်တန်းအနာကျက်ဆေး ဒါမှမဟုတ် ကျင့်ကြံခြင်းကိုအထောက်အကူပြုတဲ့ ဆေးလုံးဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကဘာပဲဖြစ်နေပါစေ ကျုပ်မလိုအပ်တော့ပါဘူး။"

ဝံပုလွေအိုအတွက် အစစ်အမှန်ဒဏ်ရာမှာ သူ၏ခန္ဓာကိုယ်မဟုတ်ဘဲ သူ့နှလုံးသား ဖြစ်၏။

နှလုံးသားကျိုးပဲ့သွားပါက အကောင်းဆုံးဆေးကပင် ၎င်းကို မကုသနိုင်တော့ချေ။

ဆေးပုလင်းကိုယူပြီးနောက် ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "အခုကစပြီး အနက်ရောင်ရေလမ်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ကိုဝင်စွက်ဖက်ဖို့ ငါ့လူတွေကို လွှတ်မှာမဟုတ်ဘူး။ အနက်ရောင်ရေလမ်းက အနက်ရောင်ရေလမ်းအဖြစ်ပဲ ဆက်ရှိနေလိမ့်မယ်။"

လမ်းမှ သူတို့ပြန်ထွက်လာကြသောအခါတွင် လမ်းပြလာသောဂိုဏ်းဝင်မှာ ဆုရှင်းကိုလုံးဝ ကိုးကွယ်သွားပြီဖြစ်၏။

သူ၏ခေါင်းဆောင်က လင်းယုန်ပျံဂိုဏ်း၏ဒဏ္ဍာရီ တစ်ခုဆိုသည်မှာ အမှန်တကယ်ပင်။ ယခင်က တိုင်ချုံးနှင့် ခေါင်းဆောင်ကြီးချန်တို့ကို အခက်တွေ့စေခဲ့သော ဝံပုလွေအိုမှာ သူ၏လက်ထဲတွင် လုံးဝ ကူကယ်ရာမဲ့ဖြစ်သွားခဲ့သည်။

တကယ်တမ်းတွင် ဤဝံပုလွေအိုကို အနိုင်ယူလိုက်ခြင်းမှာ ဆုရှင်းအတွက် ဂုဏ်ယူစရာဘာမှမရှိပေ။ သူကား သွေးကြောအမှတ် ၆၀ ကို ဖွင့်ထားပြီးဖြစ်ကာ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ရောက်ရှိရန်နီးကပ်နေပြီဖြစ်ဟည်။

ဤဝံပုလွေအိုက အတိတ်က အလွန်သန်မာခဲ့မည်မှာသေချာသော်လည်း ယခုအခါ သူ၏ခန္ဓာကိုယ်တွင် သွေးကြောအမှတ်ဆယ်ခုပင် မပြည့်တော့ပေ။

သူ၏သိုင်းပညာများက စွမ်းအားကြီးမားပြီး တိုက်ခိုက်ရေးအတွေ့အကြုံများ ပြည့်ဝနေခြင်းသာ ဖြစ်သည်။

ဆုရှင်းက လူတစ်ဦးကိုခွန်အားဖြင့် ဖိနှိပ်ခြင်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်ပါသည်။

သေချာသည်မှာ ဆုရှင်းက အမုန်းတရားလက်သီး၏စွမ်းအားကိုလည်း အလွန်ကျေနပ်နေမိ၏။ ၎င်းက ဗီလိန်ဝမ်ရွှယ်အန်းအား ယွမ်ရှစ်စန်း ကိုယ်တိုင်လက်ဆင့်ကမ်းသင်ကြားပေးခဲ့သော ထူးခြားသည့် သိုင်းကွက်တစ်ခုပင်။

အကယ်၍ အမုန်းတရားလက်သီးကပင် ဤမျှထိစွမ်းအားကြီးမားနေပါက၊ ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်သည့် စွမ်းအားကြီးမားသော နှလုံးသားကြေမွမျှားသိုင်းမှာ မည်မျှပင်အံ့မခန်း ဖြစ်မည်နည်းဆိုသည်ကို ဆုရှင်းအမှန်တကယ်မြင်တွေ့ချင်နေမိတော့သည်။

အခန်း (၄၈) သူရဲကောင်းသုံးဖော်အသင်း၏ အစီအစဉ်

ခန်းမသို့ပြန်ရောက်သောအခါ ဆုရှင်းက ကြွေပုလင်းကိုဖွင့်ကြည့်လိုက်ရာ အထဲတွင်အဝါရောင်သန်းနေသော ဆေးလုံးဆယ်လုံးရှိနေပြီး မွှေးပျံ့သောဆေးရနံ့များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် လူတစ်ယောက်က အခြားသူများကို အမြဲတစေ သတိထားသင့်ပါသည်။ ဝံပုလွေအိုက လက်မလျှော့ဘဲ ဆေးလုံးအားတစ်ခုခုပြုပြင်ထားခြင်းရှိမရှိ မည်သူသိနိုင်မည်နည်း။

သို့သော် ဆေးဆိုင်ရှိလူများကို မေးလျှင်ပင် ဤကဲ့သို့သောဆေးလုံးမျိုးအတွက် အကူအညီရနိုင်မည် မဟုတ်ပေ။

အဓိက သိုင်းဂိုဏ်းကြီးများ၏လျှို့ဝှက်ဖော်စပ်နည်းများကို သူတို့ မည်ကဲ့သို့သိနိုင်မည်နည်း။

ခဏမျှစဉ်းစားပြီးနောက် ဆုရှင်းက ရုတ်တရက် အကြံတစ်ခုရလာသော်လည်း အလုပ်ဖြစ်မဖြစ်တော့ သူ မသေချာပေ။

သူ စနစ်နေရာလွတ်အတွင်းသို့ ဝင်ရောက်ကာ စနစ်ကို မေးလိုက်၏။ "အပြင်ဘက်ကနေ ဆေးပုလင်း တစ်ပုလင်းရလာတယ်။ အဲဒါကို ငါ့အတွက် စစ်ဆေးပေးလို့ ရမလား။"

စနစ်က ဖြေကြားသည်။ "ရပါတယ်။ ပြင်ပကမ္ဘာကနေ လက်ခံသူရရှိလာတဲ့အရာအားလုံးကို စနစ်က စစ်ဆေးပေးနိုင်ပြီး စနစ်ရဲ့ကြယ်ပွင့်အဆင့်သတ်မှတ်ချက်အရ အဆင့်သတ်မှတ်ပေးနိုင်ပါတယ်။"

ဆုရှင်း ပြုံးလိုက်၏။ ဤသည်မှာ အမှန်တကယ်ပင်မမျှော်လင့်ထားသော ဝမ်းသာစရာတစ်ခု ဖြစ်သည်။

ဤဗီလိန်စနစ်တွင် မရှာဖွေရသေးသော လျှို့ဝှက်ချက်များများစွာ ရှိနေသေး၏။ ဆုရှင်းက မမေးပါက စနစ်ကသူ့ဘာသာပြောပြလာမည်မဟုတ်ပေ။

"ကောင်းပြီ။ ဒါဆို ဒီဆေးပုလင်းကိုစစ်ဆေးပေးပါ။ ဘာမှားနေတာရှိလဲဆိုတာ သိရအောင်။"

ဆေးပုလင်း၏ပုံရိပ်က စနစ်နေရာလွတ်အတွင်းရှိ မျက်နှာပြင်ကြီးပေါ်တွင်ပေါ်လာပြီး ဖော်ပြချက် အချို့လည်း ပါဝင်လာခဲ့၏။

"ရှောင်လင်ကျောင်းတော်ရဲ့ လျှို့ဝှက် အသေးစားပြန်လည်နုပျိုခြင်းဆေးလုံးဖြစ်ပြီး ဆေးဖက်ဝင်အပင် ၄၉ မျိုးနဲ့ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီးဖော်စပ်ထားပါတယ်။ ဒါက ထူးကဲပြန်လည်နုပျိုခြင်းဆေးလုံးရဲ့ ရိုးရှင်းတဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းက မူလချီစီးဆင်းမှုကို အရှိန်မြှင့်ပေးနိုင်ပြီး ချီနဲ့သွေးကို သန်မာစေပြီး ကျင့်ကြံခြင်းကို အထောက်အကူပြုပါတယ်။ အလုံးစုံအဆင့်သတ်မှတ်ချက် - ကြယ်နှစ်ပွင့်ခွဲ။"

*ဒီကမ္ဘာမှာ ရှောင်လင်ကျောင်းတော်ရှိနေတာပဲ၊ဒါပေမဲ့ တောင်ပိုင်းဟူနန်က ချန်နင်စီရင်စုနဲ့တော့ အရမ်းဝေးကွာလွန်းတယ်။ ဒီနေ့ရှောင်လင်ကျောင်းတော်က ပစ္စည်းတစ်ခုနဲ့တွေ့ရမယ်လို့ ငါလုံးဝမမျှော်လင့်ထားခဲ့ဘူး။*

ချန်နင်စီရင်စုမှာ တောင်ပိုင်းမြေရိုင်းနယ်မြေတစ်ခု ဖြစ်သဖြင့် ဗဟိုလွင်ပြင်၏သိုင်းလောကအကြောင်းအသိပညာ လွန်စွာနည်းပါးကြ၏။

ဆုရှင်းက ဟွမ်ပင်းချန်ကို မေးမြန်းခဲ့သော်လည်း ၎င်းက အပေါ်ယံသာနားလည်မှုရှိသည်။

သူတို့အတွက်တော့ ချန်နင်စီရင်စုမှာ သူတို့၏ကိုယ်ပိုင်နယ်မြေ ဖြစ်သဖြင့် အသုံးမဝင်သော အရာများအတွက် အဘယ်ကြောင့်အချိန်ဖြုန်းနေမည်နည်း။

ထို့ကြောင့် ဆုရှင်းက ဗဟိုလွင်ပြင်ရှိသိုင်းလောက အကြောင်း သတင်းအချက်အလက် အနည်းငယ်ကိုသာ ရံဖန်ရံခါကြားဖူး၏။ သို့သော် ထိုသို့ဖြစ်လင့်ကစား ရှောင်လင်ကျောင်းတော်မှာ သိုင်းလောကတွင် အလွန်မြင့်မားသော ဂုဏ်သတင်းရှိသည့် ဗုဒ္ဓလမ်းစဉ်၏သန့်စင်သောနေရာတစ်ခုဖြစ်ကြောင်း သူသိထားပါသည်။

ဤအသေးစားပြန်လည်နုပျိုခြင်းဆေးလုံးမှာ ရှောင်လင်ကျောင်းတော်မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး စနစ်မှ ကြယ်နှစ်ပွင့်ခွဲအဆင့် သတ်မှတ်ပေးထားသဖြင့် မဆိုးပေ။

ဆုရှင်းက ယခုအခါသွေးကြောအမှတ် ခြောက်ဆယ် ကို ဖွင့်ထားပြီးဖြစ်သည်။ ဤအသေးစားပြန်လည်နုပျိုခြင်းဆေးလုံး ဆယ်လုံး၏အကူအညီဖြင့် သူ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ဆယ်ရက်အတွင်း အောင်မြင်စွာတက်လှမ်းနိုင်မည်ဟု ခန့်မှန်းမိ၏။

'ဆင်းရဲသားတွေက စာပေသင်ကြားပြီး ချမ်းသာတဲ့သူတွေက သိုင်းပညာသင်ကြားတယ် 'ဟူသော စကားပုံမှာ အလကားတတ်တတ်မဟုတ်ပေ။

ဤအသေးစားပြန်လည်နုပျိုခြင်းဆေးပုလင်းသာ မရှိပါက ဆုရှင်း ဟောက်ထျန်းအလယ်အလတ်အဆင့်သို့တက်လှမ်းရန် အနည်းဆုံးတစ်လခန့် အချိန်ယူရမည်ဖြစ်သော်လည်း ယခုမူဆယ်ရက်အတွင်း ပြီးမြောက်နိုင်တော့မည်။

……………………

ချန်သယ်လမ်းကြား၏သတ္တမမြောက် အထပ်တွင် တည်ရှိသော ရှန်းလုံစားသောက်ဆိုင်က ချန်နင်စီရင်စုတစ်ခုလုံးတွင် အကြီးဆုံးစားသောက်ဆိုင် ဖြစ်သည်။

သင့်ထံတွင်ပိုက်ဆံရှိလျှင် ဝင်ချင်တိုင်းဝင်ခွင့်မရှိပေ။

ရှန်းလုံမျှော်စင်၏အထပ်ခုနစ်ထပ်စလုံးသို့ တက်ရောက်ခွင့်ရရန်မှာ အချို့သောအဆင့်အတန်းနှင့် ရာထူး လိုအပ်ပါသည်။

လင်းယုန်ပျံဂိုဏ်း၏ဂိုဏ်းချုပ် ရှားဖေးယင်းက ဆဋ္ဌမထပ်သို့သာတက်ရောက်ခွင့်ရှိပြီး ချန်နင်စီရင်စုတစ်ခုလုံးတွင် သတ္တမထပ်သို့ တက်ရောက်ခွင့်ရှိသူ ဆယ်ဦးပင်မပြည့်ပေ။

လက်ရှိအချိန်မှာတော့ ရှန်းလုံမျှော်စင်၏သတ္တမအထပ်၌ သက်လတ်ပိုင်းလူသုံးဦး အတူတကွ သေရည်သောက်နေကြပြီးအောက်ရှိ လူများကို ငုံ့ကြည့်နေကြ၏။

ချန်နင်စီရင်စုရှိ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထဲတွင် လင်းယုန်ပျံဂိုဏ်း၊ မိုးပြာဝါးဂိုဏ်းနှင့် ကျန်းရန်ဂိုဏ်းတို့မှာ အားအနည်းဆုံးဖြစ်ကြသည်။

အဖွဲ့လေးဖွဲ့မှာ သံမဏိဓားအဖွဲ့ ၊ သွေးစွန်းဝတ်ရုံအဖွဲ့ ၊ နတ်လေပြေအဖွဲ့ နှင့် အသန်မာဆုံးဖြစ်သော သူရဲကောင်းသုံးဖော်အသင်းတို့ ဖြစ်ကြ၏။

ဤသက်လတ်ပိုင်းသုံးဦးမှာ သူရဲကောင်းသုံးဖော်အသင်း၏ခေါင်းဆောင် သုံးဦးဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထဲတွင် အများစုမှာ ရာစုနှစ်တစ်ခုကျော်ကြာ စမ်းသပ်မှုများနှင့် အခက်အခဲများကိုကျော်ဖြတ်လာခဲ့ကြပြီး အချို့မှာ မျိုးဆက်သုံးလေးဆက်တိုင်အောင် တည်ရှိခဲ့ကြပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း တည်ထောင်ခဲ့သည်မှာ ဂိုဏ်းနှစ်ဂိုဏ်းသာရှိသည်။ လင်းယုန်ပျံဂိုဏ်းနှင့် သူရဲကောင်းသုံးဖော်အသင်းတို့ ဖြစ်ကြ၏။

သူရဲကောင်းသုံးဖော်အသင်းက လင်းယုန်ပျံဂိုဏ်းထက်ပင် စော၍တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောဆယ်နှစ်ကျော်ကမှ ဖြစ်သည်။

သို့သော် ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာပင် သူတို့သုံးဦးက သူရဲကောင်းသုံးဖော်အသင်းကို ချန်နင်စီရင်စုတွင် အကြီးဆုံးဂိုဏ်းအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ရာ ၎င်းမှာ သူတို့၏ခွန်အားနှင့် နည်းလမ်းများကို သက်သေပြနေခြင်းပင်။

"လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်ကြီး အသစ်အကြောင်း မင်းတို့ကြားပြီးပြီလား။" တင်းမာသော ရုပ်ရည်ရှိသည့် သက်လတ်ပိုင်းတစ်ဦးက မေးလိုက်၏။

သူကား သူရဲကောင်းသုံးဖော်အသင်း၏ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သော မန်ချန်ဟယ်ဖြစ်သည်။

သူက အသင်း၏ ဂိုဏ်းသားရေးရာများကို စီမံခန့်ခွဲခြင်းနှင့် ဂိုဏ်းဝင်များကို သိုင်းပညာသင်ကြားပေးခြင်းတို့ကိုတာဝန်ယူရပြီး ခေါင်းဆောင်သုံးဦးထဲတွင် အာဏာအကြီးဆုံးပင်။

ပိန်ပါးပြီးမျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသောအမာရွတ်တစ်ခုရှိသည့် အခြားအမျိုးသားတစ်ဦးက ပြော၏။ "အသက်နှစ်ဆယ် မပြည့်ခင် မိုးပြာဝါးဂိုဏ်းက တိုင်ချုံးနဲ့ ခေါင်းဆောင်ကြီးချန်တို့ကို သတ်နိုင်ခဲ့တာ တကယ့် အောင်မြင်မှုပါပဲ။"

ထို့အပြင် ၎င်းက မိုးပြာဝါးဂိုဏ်းမှ လော့ကျန်းကို တစ်ခါကအနိုင်ယူခဲ့ဖူးသဖြင့် သူ့ကိုပို၍ပင် ထူးခြားသွားစေသည်။ လော့ကျန်းသကည် ဝေ့ယွမ်သက်တော်စောင့်လုပ်ငန်းမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ဆရာမှာ ဝေ့ယွမ်သက်တော်စောင့် လုပ်ငန်း၏အကြီးအကဲသက်တော်စောင့်ဖြစ်သော ဝိညာဉ်ဖြတ်လှံ လင်းလော့ယွမ်ဖြစ်ကာ အစစ်အမှန်ရှန်းထျန်းသိုင်းပညာရှင်တစ်ဦး ဖြစ်၏။

ဆုရှင်းက လော့ကျန်းကိုအနိုင်ယူနိုင်ခဲ့သဖြင့် သူ ပြသခဲ့သော ခွန်အားမှာသေချာပေါက် ထိုမျှမကပေ။ ပို၍ပင် သန်မာနိုင်သေးသည်။

အမာရွတ်ရှိသော အမျိုးသားမှာ ဂိုဏ်း၏ပြင်ပ တိုက်ပွဲများကို တာဝန်ယူရသော ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဒွမ့်ရှောင်ဖြစ်ပြီး လင်းယုန်ပျံဂိုဏ်း၏စစ်ရေးခန်းမနှင့် အနည်းငယ် ဆင်တူသည်။

သို့သော် စစ်ရေးခန်းမက လက်ရွေးစင် လမ်းကြောင်းကို လျှောက်လှမ်းရန်ရည်ရွယ်ထားကာ လူတစ်စုကို အထူးလေ့ကျင့်ပေးထားခြင်း ဖြစ်ပြီး သူရဲကောင်းသုံးဖော်အသင်းမှာတော့ ဂိုဏ်းစစ်ပွဲများအားလုံးကို ဒွမ့်ရှောင်ကသာ တစ်ပြေးညီ ကွပ်ကဲခြင်းဖြစ်သည်။

ဒွမ့်ရှောင်က စစ်ဘက်ဆိုင်ရာနောက်ခံမှ ဆင်းသက်လာသူဖြစ်သဖြင့် အင်အားစုများနေရာချထားခြင်းတွင် အတွေ့အကြုံများစွာ ရှိသည်ဟု ဆိုကြ၏။

နောက်ဆုံးခေါင်းဆောင်မှာ အငယ်ဆုံးဖြစ်ပြီး အသက်သုံးဆယ်ဝန်းကျင်ခန့်သာ ရှိပုံရပါသည်။ သူကား ပညာရှိဝတ်ရုံကိုဝတ်ဆင်ထားပြီး အလွန် ကျန်းမာရေးကောင်းမွန်ပုံပေါက်နေ၏။

သူက ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် မတူဘဲ ထင်ရှားသောမိသားစုမှ သခင်လေး တစ်ဦးနှင့် ပိုတူနေသည်။

ဤလူမှာ အသင်း၏ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သော နင်လော့ကျွင်းပင်။

သူက ကျဆင်းနေသော သိုင်းမိသားစုတစ်ခုမှ မွေးဖွားလာခဲ့သော်လည်း ကြီးလေးသောအမှားတစ်ခု ကျူးလွန်မှုကြောင့် မိသားစုမှနှင်ထုတ်ခံခဲ့ရသည်ဟု ဆိုကြ၏။

နင်လော့ကျွင်းက ညင်သာပြီးသန့်စင်သော အသွင်အပြင်ရှိသော်လည်း ခေါင်းဆောင်သုံးဦးထဲတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။

သူရဲကောင်းသုံးဖော်အသင်းကို စတင်တည်ထောင်ပြီးနောက် သန့်စင်သောသခင်လေး တစ်ဦးနှင့်တူသည့် နင်လော့ကျွင်းက သူ၏ဝိညာဉ်ခွဲချိတ်ကို အသုံးပြုကာ ချန်နင်စီရင်စုတွင် သွေးချောင်းစီးစေခဲ့ပြီး သူ၏လက်ထဲတွင် သေဆုံးခဲ့ရသူ အရေအတွက်မှာ ဂဏန်းသုံးလုံးပင်ကျော်လွန်ခဲ့၏။

ဒွမ့်ရှောင်၏စကားကို ကြားသောအခါ နင်လော့ကျွင်းက ခေါင်းယမ်းပြီးပြောလိုက်သည်။ "မင်းတို့မြင်တာနဲ့ ငါမြင်တာဆန့်ကျင်ဘက်ပဲ။ ဆုရှင်းရဲ့နည်းလမ်းတွေက သူ့ရဲ့သိုင်းပညာတွေထက် အများကြီး ပိုစွမ်းအားကြီးတယ်။"

"ရှားဖေးယင်းဆိုတဲ့ အဘိုးကြီးက အပ်ပေါက်လောက်ပဲရှိတဲ့ နှလုံးသားရှိတာ။ သူက ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက် ခေါင်းဆောင်ကြီး နေရာအထိ တက်လာတာကို တကယ်ပဲသည်းခံနေခဲ့တယ်ဆိုတော့။ ဆုရှင်းက တကယ်ကို ထူးခြားတာပဲ။"

မန်ချန်ဟယ်က စားပွဲကိုခေါက်လိုက်၏။ "ဘာပဲဖြစ်ဖြစ် ဆုရှင်းက သေချာပေါက်ရန်စလို့ လွယ်တဲ့သူမဟုတ်ဘူး။ သူ့ကို သူရဲကောင်းသုံးဖော်အသင်းဆီခေါ်သွင်းဖို့ ငါဆုံးဖြတ်လိုက်ပြီ။ မင်းတို့ ဘယ်လိုထင်လဲ။"

ဒွမ့်ရှောင်နှင့် နင်လော့ကျွင်းတို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြ၏။

ဤကဲ့သို့သော စကားဝိုင်းမျိုးမှာ ယခင်ကလည်း ရှိခဲ့ဖူး၏ အခြားဂိုဏ်းများမှ အဖွဲ့ဝင်များကို ခိုးယူခြင်းမှာ သူရဲကောင်းသုံးဖော်အသင်း၏အဓိက ဗျူဟာများထဲမှတစ်ခုပင်။

သူရဲကောင်းသုံးဖော်အသင်း၏ဗျူဟာမှာ တကယ်တမ်းတွင် လင်းယုန်ပျံဂိုဏ်းနှင့် ဆင်တူသည်။ သူတို့က အဆင့်နိမ့်အဖွဲ့ဝင်များကို အတွင်းအားများသင်ကြားပေးရန် အချိန်ဖြုန်းမည် မဟုတ်ပေ။

သို့သော် သူရဲကောင်းသုံးဖော်အသင်းက ရှားဖေးယင်းထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူတို့က အရည်အချင်းရှိသူများကို မည်သည့်ကုန်ကျစရိတ်ဖြင့်မဆို စုဆောင်းရန် ဘယ်သောအခါမျှတွန့်ဆုတ်မနေခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က လင်းယုန်ပျံဂိုဏ်းက လွန်စွာသန်မာခဲ့သော်လည်း ရှားဖေးယင်းက သူ့နေရာကို လုံခြုံစေရန်အတွက် ခေါင်းဆောင်တစ်ဝက်ခန့်ကို ရက်စက်စွာသတ်ဖြတ်ခဲ့၏။

အကယ်၍ ထိုခေါင်းဆောင်ကြီးများ အသက်ရှင်နေသေးပါက သူတို့၏ခွန်အားမှာ ယခုအခါ လင်းဖူဟူနှင့် အခြားခန်းမသခင်နှစ်ဦးတို့နှင့် အနည်းဆုံး တန်းတူ ရှိနေပါလိမ့်မည်။

သူရဲကောင်းသုံးဖော်အသင်း၏ခေါင်းဆောင် သုံးဦးမှာ ရှားဖေးယင်းထက်များစွာ ပိုမိုယုံကြည်မှုရှိကြ၏။

သူတို့စုဆောင်းလာသူ မည်သူမဆိုချမ်းသာကြွယ်ဝမှု၊ မိန်းမလှလေးများ သို့မဟုတ် သိုင်းပညာ ကျင့်စဉ်များဖြစ်စေ ၎င်းတို့လိုချင်သည့် မည်သည့်အရာကိုမဆိုရရှိနိုင်သည်ဟု သူတို့က ပြောခဲ့ကြသည်။

ဤအချက်တစ်ခုတည်းအပေါ် အခြေခံ၍ သူရဲကောင်းသုံးဖော်အသင်း၏အင်အားမှာ လွန်ခဲ့သောဆယ်နှစ်အတွင်း အလျှင်အမြန်ကြီးထွားလာခဲ့ခြင်း ဖြစ်၏။

လင်းယုန်ပျံဂိုဏ်း၏ဂိုဏ်းချုပ်က ဟောက်ထျန်း အစောပိုင်းအဆင့်ကိုပင် မကျော်လွန်နိုင်သေးသော်လည်း၊ သူရဲကောင်းသုံးဖော်အသင်းတွင် ဟောက်ထျန်းအလယ်အလတ်အဆင့် ခွန်အားရှိသောခေါင်းဆောင်သုံးဆယ်ကျော်ရှိနေပြီ ဖြစ်သည်။

ဆုရှင်းက အရည်အချင်းရှိသလို အလားအလာရှိပြီးငယ်ရွယ်သဖြင့် သူတို့စုဆောင်းရန်အတွက် ပြီးပြည့်စုံသော လူတစ်ယောက်ပင်။

နင်လော့ကျွင်းက ပြောသည်။ "ခိုးယူဖို့က ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေအရ ကြည့်ရရင် ဆုရှင်းက ကိုယ်ပိုင်ရည်မှန်းချက်တွေရှိတဲ့သူ တစ်ယောက်ပဲ။ သူက အဲဒီလောက် အလွယ်တကူသဘောတူမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ အရင်က လော့ကျန်းကို ငါတို့ခိုးယူဖို့ ကြိုးစားခဲ့တုန်းက သူပြတ်ပြတ်သားသားငြင်းဆိုခဲ့သလိုမျိုးပေါ့။"

မန်ချန်ဟယ်က ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။ "သူတို့ နှစ်ယောက်က မတူဘူးလေ။ လော့ကျန်းက အသက်ကြီးနေပြီဖြစ်ပြီး ရည်မှန်းချက်သိပ်မရှိဘူး။ သူက မိုးပြာဝါးဂိုဏ်းမှာနေပြီး ဘယ်သူမှ မနှောင့်ယှက်ရဲတဲ့ဘဝမျိုးကိုပဲ နေချင်တာ။ သေချာတာက သူငါတို့ရဲ့သူရဲကောင်းသုံးဖော်အသင်းဆီကို လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ လာချင်မှာမဟုတ်ဘူး။"

"ဒါပေမဲ့ ဆုရှင်းက ငယ်ရွယ်ပြီးရည်မှန်းချက်ကြီးသေးတယ်။ လင်းယုန်ပျံဂိုဏ်းက သူ့ရဲ့ရည်မှန်းချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာရှင်းနေပေမဲ့။ ငါတို့ရဲ့သူရဲကောင်းသုံးဖော်အသင်းကတော့ လုပ်နိုင်တယ်။"

နင်လော့ကျွင်း ခဏမျှစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ တစ်ယောက်ယောက်ကိုသွားစမ်းကြည့်ခိုင်းရအောင်။ ကျန်းဟိန်ကို လွှတ်လိုက်။ သူက တည်ငြိမ်ပြီးသိမ်မွေ့တယ်။ညဆုရှင်းကို ဆွဲဆောင်ဖို့ ကွက်တိပဲ။"

မန်ချန်ဟယ် မျက်မှောင်ကြုတ်ကာပြောလိုက်၏။ "ကျန်းဟိန်က အခု လူရိုင်းတွေနဲ့ ကုန်သွယ်ရေးကို တစ်ယောက်တည်း စီမံခန့်ခွဲနေတာ။ သူ တစ်ယောက်တည်းကပဲ တောင်ပေါ်က အဲဒီ လူရိုင်းတွေနဲ့ အဆင်ပြေပြေဆက်ဆံနိုင်ပြီး ပစ္စည်းတွေကို ဈေးချိုချိုနဲ့ဝယ်နိုင်တာ။ တခြားလူဆိုရင် သူတို့က လုပ်နိုင်မှာမဟုတ်ဘူး။ တခြားလူတစ်ယောက်ကို လွှတ်လိုက်ရင် မကောင်းဘူးလား။"

"ဒါဆို ဘယ်သူ့ကိုလွှတ်ရမလဲ။"

မန်ချန်ဟယ်က လက်ခုပ်တီးလိုက်ပြီး ကျယ်လောင်စွာခေါ်လိုက်၏။ "ချုံးအာ ခဏလောက် ဒီကိုတက်လာခဲ့ပါဦး။"

လေးလံသောခြေသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အသက်နှစ်ဆယ်ခန့်ရှိ မောက်မာထောင်လွှားသောအမူအရာရှိသည့် လူငယ်တစ်ဦးတက်လာကာ နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့ကိုဦးညွှတ်လိုက်၏။

"မန်ချုံးက ဦးလေးတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။"

သူရဲကောင်းသုံးဖော်အသင်း၏ ခေါင်းဆောင် သုံးဦးထဲတွင် မန်ချန်ဟယ်တစ်ဦးတည်းသာ သားရှိပြီး ထိုသူမှာ ယခုသူတို့ရှေ့တွင် ရပ်နေသော မန်ချုံး ပင်။

"ဒုတိယညီလေး...တတိယညီလေး။ ချုံးအာက နည်းနည်း အရွယ်ရောက်လာပါပြီ။ သူ့ကိုဂိုဏ်းကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ခိုင်းထားမလို့ စဉ်းစားနေတာ။ ဒီတစ်ခါ သူ့ကိုသွားခိုင်းလိုက်ပါ။" မန်ချန်ဟယ်က ပြုံးကာပြောလိုက်၏။

နင်လော့ကျွင်းတုံ့ဆိုင်းသွားခဲ့သည်။ "ဒါပေမဲ့ ချုံးအာက ဒေါသအရမ်းကြီးလွန်းတယ်။ သူ ဆုရှင်းနဲ့ စကားများသွားနိုင်တယ်။"

ဘေးတွင်ရပ်နေသော ဒွမ့်ရှောင်ကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ အစ်ကိုကြီး၏သားအကြောင်းကို သူတို့ကောင်းကောင်း သိကြပါသည်။

သူ့တွင် အကျင့်ဆိုးများစွာရှိပြီး အားလုံးနီးပါးမှာလည်း ငယ်စဉ်ကအလိုလိုက်ခံရခြင်းကြောင့်ပင်။

မန်ချန်ဟယ် ခေါင်းယမ်းလိုက်၏။ "ချုံးအာက ဘယ်အရာကအရေးကြီးလဲဆိုတာ သိပါတယ်။"

သူက မန်ချုံးဘက်သို့လှည့်ကာ ဆူပူလိုက်၏။ "ဆုရှင်းကို ယဉ်ယဉ်ကျေးကျေးဆက်ဆံ။ သူ့ရဲ့တောင်းဆိုမှုတွေ မလွန်ကျူးသရွေ့သဘောတူလိုက်။"

"ဒီလူငယ်လေးက ချန်နင်စီရင်စုက မျိုးဆက်သစ်တွေထဲမှာရှားပါးတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ ပြီးတော့ သူ့လက်အောက်မှာ လူတစ်ထောင်ကျော် ရှိပြီး ကုန်သွယ်ရေးနယ်မြေတစ်ခုလုံးကို စီမံခန့်ခွဲနေတဲ့သူပဲ။ ငါတို့ သူ့ကို ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားရမယ်။"

မန်ချုံး ခေါင်းညိတ်လိုက်သော်လည်း ၎င်းကိုသူ အလေးအနက် ထားသလား၊ မထားဘူးလားဆိုတာ မသေချာပေ။

နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့က တိတ်ဆိတ်နေသည်ကို မြင်သောအခါ မန်ချန်ဟယ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ "မင်းတို့ နှစ်ယောက်လုံး ဘာမှမပြောမှတော့ ဒီတစ်ခါချုံးအာကိုသွားခိုင်းလိုက်ပါ။ လာခဲ့....ယုံကြည်ရတဲ့ လက်အောက်ငယ်သားတချို့ကို အရင်ရွေးဖို့ မင်းကိုငါခေါ်သွားမယ်။"

စကားပြောနေစဉ် မန်ချန်ဟယ်က မန်ချုံးကိုအောက်ထပ်သို့ဆွဲခေါ်သွားခဲ့ရာ နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့မှာ မှိုင်းညို့နေသောမျက်နှာများဖြင့် အချင်းချင်းစိုက်သာကြည့်နေခဲ့ကြသည်။

"အစ်ကိုကြီးက ဒီတစ်ခါအရမ်းအလျင်လိုလွန်းနေတယ်။ သူက သူ့သားအတွက်အနာဂတ်တစ်ခုကို သေချာအောင်လုပ်ချင်နေပေမဲ့ ဂိုဏ်းရဲ့အကျိုးစီးပွားကို စွန့်စားဖို့မလိုပါဘူး" နင်လော့ကျွင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဒွမ့်ရှောင်က ပုံမှန်အားဖြင့် စကားသိပ်မပြောတတ်သော်လည်း ဤအချိန်မှာတော့ ဝင်ပြောလိုက်သည်။ "သူရဲကောင်းသုံးဖော်အသင်းက အရင်က ငါတို့သုံးယောက်ပိုင်တာ အခုလည်း ငါတို့သုံးယောက်ပဲပိုင်တာ။ ငါတို့သုံးယောက် အသက်ရှင်နေသရွေ့ သူရဲကောင်းသုံးဖော်အသင်းက အမြဲတမ်း ငါတို့အပိုင်ပဲဖြစ်နေမှာ။"

၎င်းတို့အစ်ကိုကြီးမှာ ဤတစ်ကြိမ်တွင် အလျင်စလို လုပ်ဆောင်ခဲ့ရုံသာမက အနည်းငယ်လွန်ကျူးသွားခဲ့ပြီဖြစ်၏။

All Chapters