အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) စည်းရုံးခြင်း
သူရဲကောင်းသုံးဖော်အသင်းက ဘယ်သောအခါကမှ လူတစ်ယောက်တည်းအပိုင်မဖြစ်ခဲ့ပေ။ စတင်တည်ထောင်ခဲ့သည့် နေ့မှစ၍ သူရဲကောင်းသုံးဖော်အသင်းက သူတို့သုံးဦးပိုင်ဖြစ်ပြီး ခေါင်းဆောင်အဖြစ် သူတို့ကြားတွင်ခွဲခြားမှုမရှိခဲ့ချေ။
မန်ချန်ဟယ်က ဂိုဏ်း၏အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်ပြီး သူ့တွင်ထိရောက်သောစီမံခန့်ခွဲမှုစွမ်းရည်အချို့ ရှိသဖြင့် ဂိုဏ်း၏အကျော်ကြားဆုံး အဖွဲ့ဝင်ဖြစ်လာခဲ့၏။ သူရဲကောင်းသုံးဖော်အသင်း တစ်ခုလုံးက မန်ချန်ဟယ်ကို တဖြည်းဖြည်း လေးစားလာကြတော့သည်။
သို့သော် ဒွမ့်ရှောင်နှင့် နင်လော့ကျွင်းတို့တွင်လည်း ကြီးမားသောအာဏာရှိကြပြီး အာဏာလုရန်လည်း ရည်ရွယ်ချက်မရှိကြသဖြင့် သူရဲကောင်းသုံးဖော်အသင်းက လွန်ခဲ့သောဆယ်နှစ်အတွင်း အလွန် တည်ငြိမ်စွာ တိုးတက်လာခဲ့၏။
သို့သော် မကြာသေးမီနှစ်များအတွင်း မန်ချန်ဟယ်၏သားမန်ချုံးကြောင့် သူတို့နှစ်ဦးမှာ မန်ချန်ဟယ်အပေါ် အနည်းငယ်မကျေနပ်မှုများ ဖြစ်လာခဲ့ကြသည်။
သားတစ်ယောက်ရှိသော မန်ချန်ဟယ်မှလွဲ၍ သူတို့ နှစ်ဦးစလုံးတွင် ကလေးမရှိကြပေ။
လူဆိုသည်မှာ အသက်ကြီးပြီးသေဆုံးရမည်သာဖြစ်သည်။ သူတို့မရှိတော့လျှင် သူရဲကောင်းသုံးဖော်အသင်းကို မည်သူက အမွေဆက်ခံမည်နည်း။ ဒွမ့်ရှောင်နှင့် နင်လော့ကျွင်းတို့ မည်သို့ပင်တွေးစေကာမူ မန်ချန်ဟယ်က အနည်းဆုံး သူရဲကောင်းသုံးဖော်အသင်းကို သူ၏သားထံလွှဲပြောင်းပေးရန် စီစဉ်နေပြီး သူ၏လမ်းကြောင်းကို ဖောက်ပေးနေပြီ ဖြစ်၏။
ဒွမ့်ရှောင်နှင့် နင်လော့ကျွင်းတို့၏မကျေနပ်မှုမှာ ဤအချက်မှမြစ်ဖျားခံလာခြင်းဖြစ်သည်။
*သူရဲကောင်းသုံးဖော်အသင်းကို ငါတို့ညီအစ်ကို သုံးယောက် တည်ထောင်ခဲ့တာ။ ငါတို့မှာ ကလေးမရှိတော့ သူရဲကောင်းသုံးဖေယ်အသင်းကို မင်းရဲသားဆီလွှဲပေးချင်ရင်တောင် ငါတို့ကန့်ကွက်စရာ မရှိပါဘူး။*
*ဒါပေမဲ့ အခု ငါတို့အကောင်းဆုံးအရွယ်မှာ ရှိနေသေးတာတောင် မင်းက မင်းရဲ့သားအတွက် လမ်းဖောက်ပေးနေပြီး ငါတို့ရဲ့အာဏာကို စတင် လျှော့ချနေပြီ။ ဒါက အရမ်းအလျင်လိုပြီး လွန်ကျူးလွန်းမနေဘူးလား။*
ယခင်က မန်ချန်ဟယ်က ဤကဲ့သို့သောအရာများကို လျှို့ဝှက်စွာသာပြုလုပ်ခဲ့သော်လည်း ယခုမူ မန်ချုံးအတွက် ပေါ်ပေါ်ထင်ထင်လမ်းဖောက်ပေးနေပြီ ဖြစ်၏။
သူရဲကောင်းသုံးဖော်အသင်းက အခြားဂိုဏ်းများမှ သိုင်းပညာရှင်များကိုခိုးယူသောအခါ သူတို့ကို ခေါ်ဆောင်လာသူက သဘာဝကျကျပင် သူတို့နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိမည်ဖြစ်သည်။
မန်ချန်ဟယ်က ဆုရှင်း၏ထူးခြားသော ပါရမီကို မြင်တွေ့ခဲ့ပြီး မန်ချုံးကို ကိုယ်တိုင်သွားရောက် စည်းရုံးစေချင်ခြင်းမှာ ဆုရှင်းနှင့် မန်ချုံးတို့ကို ပိုမို ရင်းနှီးစေရန်နှင့် ဤအရေးကြီးသော အရည်အချင်းရှိသူကို သူ့အတွက်လုံခြုံစေရန် မျှော်လင့်ခြင်းကြောင့်ဖြစ်သည်မှာ ရှင်းလင်းနေ၏။
ထို့ကြောင့် သူတို့နှစ်ဦးမကျေနပ်ဖြစ်ခဲ့ကြသော်လည်း လက်ရှိအချိန်မှာတော့ တိတ်တဆိတ် ညည်းညူရုံသာတတ်နိုင်ပြီး မန်ချန်ဟယ်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မည်မဟုတ်ပေ။
ချန်နင်စီရင်စု၏အကြီးဆုံး ဂိုဏ်းတစ်ခုအနေဖြင့် သူရဲကောင်းသုံးဖော်အသင်းက သူတို့ပြသလာနိုင်သောအားနည်းချက်များကို စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာရှိပြီး စုပေါင်းတိုက်ခိုက်မှု တစ်ခု စတင်ရန်အသင့်ဖြစ်နေကြသည်။
ထို့ကြောင့် သူတို့ကြားတွင်ကြီးမားသော ပဋိပက္ခများရှိနေလျှင်ပင် အချင်းချင်းငြင်းခုံလို့ မရပေ။ ၎င်းက အပြင်လူများကို အခွင့်အရေးပေးလိုက်ရုံသာဖြစ်လိမ့်မည်။
ရှန်းလုံစားသောက်ဆိုင်အပြင်ဘက်တွင် မန်ချန်ဟယ်က မန်ချုံးကို လေးနက်စွာပြောလိုက်၏။ "ချုံးအာ မင်းဒီတစ်ခါဆုရှင်းကို စည်းရုံးနိုင်ရင်။ သူကအနာဂတ်မှာ မင်းအတွက်အကြီးမားဆုံး အကူအညီဖြစ်လာမှာ သေချာတယ်။"
မန်ချုံး ခေါင်းယမ်းလိုက်ပြီးပြောသည်။ "အဖေ အဲဒီဆုရှင်းဆိုတဲ့ကောင်ကို အဖေ အရမ်း အာရုံစိုက်လွန်းမနေဘူးလား။ သူက ကျွန်တော့်ထက်တောင်ငယ်သေးတယ်လို့ ကြားတယ်။ သူ ခေါင်းဆောင်ကြီးဖြစ်လာတာကလည်း ကံကောင်းယုံသက်သက်ပါ။"
"မိုးပြာဝါးဂိုဏ်းရဲ့ခေါင်းဆောင်ကြီးချန်ဆိုတာ မျက်နှာချိုသွေးတတ်တဲ့ အမှိုက်ကောင်တစ်ကောင်ပါ။ သူ့ကိုသတ်ဖို့ ဘယ်သူ့ကိုမဆို ကျွန်တော် လွှတ်လိုက်လို့ ရတယ်။ ဆုရှင်းကျတော့လည်း ခက်ခဲတဲ့ တိုက်ပွဲတစ်ပွဲလောက်နဲ့ပဲ ယုံလဲ့ရပ်ကွက်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့တာလေ။ အဲဒီလို လူမျိုးက ကျွန်တော်ကိုယ်တိုင်သွားစည်းရုံးရလောက်အောင် ထိုက်တန်လို့လား။"
မန်ချန်ဟယ်၏မျက်လုံးများတွင် စိတ်ပျက်မှုများ ဖြတ်ပြေးသွားခဲ့၏။ သူ၏သားက အတွေ့အကြုံ နုနယ်လွန်းနေပါသေးသည်။
သူက တွမ့်ရှောင်နှင့် နင်လော့ကျွင်းတို့ကို ဆုရှင်းအကြောင်းပြောပြသောအခါ သူတို့က ဆုရှင်း၏ခွန်အားကို ချက်ချင်းအသိအမှတ်ပြုခဲ့ကြသော်လည်း၊ သူ့ကိုယ်ပိုင်သားကမူ ဆုရှင်းမှာ အာရုံစိုက်ရန်မတန်ဘူးဟု ထင်နေခဲ့၏။
တကယ်တမ်းတွင် ချန်နင်စီရင်စုရှိ ဂိုဏ်းများ၏ဒုတိယမျိုးဆက် အဖွဲ့ဝင်အများအပြားထဲတွင် မန်ချုံးက အတော်လေးကောင်းမွန်သည်ဟု သတ်မှတ်ခံရပြီးဖြစ်သည်။
ရှားယွမ်တုန်းနှင့် သူ၏အုပ်စုက အပျော်စံအိမ်များတွင်ပျော်မွေ့နေချိန်တွင် မန်ချုံးမှာမူ ဂိုဏ်း၏စီမံခန့်ခွဲမှုတွင် စတင်ပါဝင်နေပြီဖြစ်သည်။
သို့တိုင်အောင် မန်ချန်ဟယ် မလုံလောက်သေးဟု ခံစားနေရဆဲပင်။
မန်ချုံးမှာ မာနထောင်လွှားတတ်ပြီး ၎င်းက အခြား ဂိုဏ်းများနှင့် ဆက်ဆံရာတွင် ကြီးမားသော အားနည်းချက်တစ်ခုနေ၏။
ခြင်္သေ့တစ်ကောင်ပင်လျှင် ယုန်တစ်ကောင်ကို ဖမ်းရန်အစွမ်းကုန်ကြိုးစားတတ်သည်။ မည်မျှပင် အားနည်းသောရန်သူဖြစ်ပါစေ အထင်မသေးသင့်ပေ။
ထို့အပြင် မန်ချုံးက ဤနှစ်များတစ်လျှောက်လုံးတွင် မန်ချန်ဟယ်၏အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်၏။
သူ၏ကျောထောက်နောက်ခံအဖြစ် ဖခင်ဖြစ်သူ ရှိနေသဖြင့်ဂိုဏ်းဝင်များက မန်ချုံးအပေါ် အနည်းငယ်မျှပင် မလေးမစားမလုပ်ရဲကြပေ။
သို့သော် ဖခင်ဖြစ်သူ သူသာ သေဆုံးသွားခဲ့လျှင် မန်ချုံးက ဤထိန်းမနိုင်သိမ်းမရဂိုဏ်းဝင်များကို ထိန်းချုပ်နိုင်မည်လော။
သူရဲကောင်းသုံးဖော်အသင်းက ချန်နင်စီရင်စုရှိ အခြားဂိုဏ်းများထက်များစွာ ပိုမိုသန်မာသော်လည်း သူတို့ကိုစီမံအုပ်ချုပ်ရန် ပိုမိုကြိုးစားအားထုတ်မှုလိုအပ်ပါသည်။
"ကောင်းပြီ ငါပြောတာကိုပဲနားထောင်ပြီး ဆုရှင်းကို စည်းရုံးလိုက်ပါ။ မှတ်ထား မင်းက သူ့ကိုလေးလေးစားစားသွားခေါ်ရမှာဆိုတော့ နှိမ့်ချတဲ့ သဘောထားလေးထားပါ။"
မန်ချန်ဟယ်က ပိုမိုတည်ငြိမ်သောဂိုဏ်းဝင်အချို့ကိုလည်း အဖော်အဖြစ်ခေါ်ဆောင်လာခဲ့၏။ အကယ်၍ သူနှင့် အသက်ရွယ်တူခန့်ရှိသော ဆုရှင်းကိုအောင်မြင်စွာစည်းရုံးနိုင်ပါက သူတို့ကြီးပြင်းလာသောအခါ ဂိုဏ်းရှိမျိုးဆက်ဟောင်းအဖွဲ့ဝင်များကို ဖိနှိပ်နိုင်စွမ်းရှိနိုင်လိမ့်မည်။
သို့သော် မန်ချုံးကား ဖခင်ဖြစ်သူ၏စေတနာကို သတိမပြုမိဘဲ ဆုရှင်းအပေါ် လွန်စွာသာအထင်အမြင်သေးနေခဲ့၏။
ဤသည်မှာ မန်ချုံးက အနည်းငယ်မောက်မာသောသဘာဝကြောင့်သာမက သူတို့နှစ်ဦးကြားရှိ အသက်ကွာဟမှုကြောင့်လည်း ဖြစ်သည်။
မန်ချန်ဟယ်က ဆုရှင်းမှာ ငယ်ရွယ်သေးသည်ကို မြင်ပြီး မန်ချုံးကို သူ့အားစည်းရုံးစေချင်ခြင်းမှာ သူတို့နှစ်ဦး ယအတူတကွ ကြီးပြင်းလာနိုင်ရန် ဖြစ်၏။
ကံမကောင်းစွာဖြင့် မန်ချုံး၏စရိုက်အရ သူက ဆုရှင်းကိုသာ မုန်းတီးပါလိမ့်မည်။
သူ့ထက် နှစ်အနည်းငယ် ငယ်သော ဆုရှင်းကို ဖခင်ဖြစ်သူက ဤမျှထိချီးကျူးနေခြင်းအပေါ် မန်ချုံးက အနည်းငယ်မနာလိုဖြစ်နေပါသည်။
ဤအရာက သူ့သဘာဝပင်။ ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ သူကသူ၏ရွယ်တူများထဲတွင် အမြဲတစေအသန်မာဆုံးဖြစ်ခဲ့သည်။
သူငယ်စဉ်က သိုင်းပညာသင်ယူခဲ့ပြီး လူအတော်များများကို တစ်ယောက်တည်းရင်ဆိုင်နိုင်ခဲ့၏။ သူကြီးပြင်းလာသောအခါ ရှားယွမ်တုန်းနှင့် အခြားသူများမှာ ကြက်တိုက်၊ခွေးတိုက်ခြင်းများဖြင့် အလုပ်ရှုပ်နေချိန်တွင် သူကတော့ ဂိုဏ်းကိစ္စများတွင် စတင်ပါဝင်နေပြီဖြစ်သည်။
မန်ချုံးက ဆုရှင်း၏လက်ရှိ အောင်မြင်မှုများကို အပြင်ပန်းတွင် အထင်အမြင်သေးဟန်ပြသနေသော်လည်း တကယ်တမ်းတွင် သူ၎င်းတို့အပေါ် အနည်းငယ်မနာလိုဖြစ်နေခဲ့၏။
သူရဲကောင်းသုံးဖော်အသင်း အရည်အချင်းရှိသူများကို ဘယ်သောအခါမျှ လျှို့ဝှက်စွာမခိုးယူပေ။ သူတို့က သူတို့၏စည်းကမ်းချက်များကို ပေါ်ပေါ်ထင်ထင်ရှင်းလင်းစွာ ဖော်ပြလေ့ရှိသည်။
ဤချဉ်းကပ်မှုက လူများစွာ၏သဘောကျမှုကို အကြီးအကျယ်တိုးပွားစေခဲ့ပြီး အချို့က ဂုဏ်ယူစရာအဖြစ်ပင် ခံစားကြရ၏။
သူရဲကောင်းသုံးဖော်အသင်းက သင့်ကို စည်းရုံးရန် လူလွှတ်ခြင်းက သင်အမှန်တကယ် အရည်အချင်းရှိပြီး သူတို့၏အာရုံစိုက်မှုနှင့် ထိုက်တန်ကြောင်း သက်သေပြနေခြင်းပင်။
မန်ချုံးက ဤကဲ့သို့သောအလုပ်မျိုးကို ယခင်က တစ်ခါမျှမလုပ်ဖူးသော်လည်း မန်ချန်ဟယ် စီစဉ်ပေးလိုက်သော လူများမှာအတွေ့အကြုံရှိသော ဝါရင့်များဖြစ်ကြ၏။ သူတို့က ယုံလဲ့ရပ်ကွက်ဌာနထံသို့ တိုက်ရိုက်သွားရောက်ကာ ပင်မတံခါးဝတွင် ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
"သူရဲကောင်းသုံးဖော်အသင်းရဲ့ လူငယ်အဖွဲ့ခေါင်းဆောင် မန်ချုံးက ခေါင်းဆောင်ဆုကို တွေ့ဆုံဖို့ ဒီကိုရောက်လာပါတယ်။"
အသေးစားပြန်လည်နုပျိုခြင်းဆေးလုံးကို ရရှိပြီးနောက် ဆုရှင်းက ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းရန် ပြင်ဆင်ကာ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ရာ ဌာနအတွင်းရှိ ကိစ္စအဝဝကို ဟွမ်ပင်းချန်အားစီမံခန့်ခွဲရန် လွှဲအပ်ထားခဲ့၏။
အသံကိုကြားသည်နှင့် ဟွမ်ပင်းချန် ချက်ချင်း ထွက်လာပြီး ဦးညွှတ်ကာပြောလိုက်သည်။ "သူရဲကောင်းသုံးဖော်အသင်းရဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ပါလား။ ကျေးဇူးပြုပြီး အထဲဝင်ပါ။"
သူရဲကောင်းသုံးဖော်အသင်းဟူသော နာမည်ကို ကြားသည်နှင့် ဟွမ်ပင်းချန်ချက်ချင်း ဝမ်းသာသွားတော့သည်။
လင်းယုန်ပျံဂိုဏ်း၏အဖွဲ့ဝင် တစ်ဦးအဖြစ် နှစ်ပေါင်းများစွာနေလာခဲ့ရာ သူမည်ကဲ့သို့မသိဘဲ နေမည်နည်း။ သူရဲကောင်းသုံးဖော်အသင်းက ဂိုဏ်းသားခိုးယူခြင်းတွင် နာမည်ကြီးသည် မဟုတ်လော။
လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးများ အားလုံးမှာ ရှားဖေးယင်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ဝါရင့်များဖြစ်ကြသဖြင့် သူတို့ကို သူရဲကောင်းသုံးဖော်အသင်းက ခိုးယူခြင်းမရှိခဲ့ပေ။
သို့သော် သူရဲကောင်းသုံးဖော်အသင်းက အခြား ဂိုဏ်းများမှ အဖွဲ့ဝင်အတော်များများကို ခိုးယူခဲ့ဖူး၏။
သူရဲကောင်းသုံးဖော်အသင်း၏ စည်းရုံးခြင်းကိုခံရခြင်းက ခွန်အားကိုသက်သေပြနေခြင်းဖြစ်သဖြင့် ဟွမ်ပင်းချန်မှာ သဘာဝကျကျပင် ဝမ်းသာနေတော့သည်။
အထူးသဖြင့် ထူးခြားသည်မှာ ဤတစ်ကြိမ်တွင် သူရဲကောင်းသုံးဖော်အသင်းမှ လူငယ်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် လာရောက်ခြင်းဖြစ်၏။ မန်ချုံးကိုယ်တိုင် လာရောက်ခြင်းမှာ တကယ်ကို မမျှော်လင့်ထားသော ဝမ်းသာစရာပင်။
ယခင်က သူရဲကောင်းသုံးဖော်အသင်းက လူများကို စည်းရုံးသောအခါ လူတိုင်းက လာစည်းရုံးသူ၏စွမ်းရည်အပေါ်မူတည်ပြီး သူရဲကောင်းသုံးဖော်အသင်းက စည်းရုံးခံရသူကို မည်မျှတန်ဖိုးထားကြောင်း အကဲဖြတ်ကြ၏။
သာမန်အခြေအနေများတွင် လာရောက်သူများမှာ ပုံမှန်အားဖြင့် စကားပြောကောင်းသော ဂိုဏ်းဝင်များသာဖြစ်လေ့ရှိ၏။ သို့သော် သူရဲကောင်းသုံးဖော်အသင်းက အမှန်တကယ်တန်ဖိုးထားသူများအတွက်မူ သူတို့၏ထိပ်တန်း ခေါင်းဆောင်များ ကိုယ်တိုင်လာရောက်၍ စည်းရုံးလေ့ရှိသည်။
ယခု ဆုရှင်းကိုစည်းရုံးရန် လာသူမှာ အခြားသူမဟုတ်ဘဲ သူရဲကောင်းသုံးဖော်အသင်း၏ လူငယ်အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်ဖြစ်နေပါသည်။
ဤအရာက တစ်ခုခုကိုဆိုလိုချင်နေခြင်း မဟုတ်လော။
မန်ချုံးက သူရဲကောင်းသုံးဖော်အသင်း၌အဓိက ရာထူးတစ်ခုခု မရှိသော်လည်း လူငယ်အဖွဲ့ခေါင်းဆောင်ဆိုသော သူ၏အဆင့်အတန်း တစ်ခုတည်းကပင် အဓိပ္ပာယ်များစွာကို ဆိုလိုနေပေသည်။
သူ့ကို လာရောက် နှုတ်ဆက်သူမှာ ဆုရှင်းမဟုတ်သည်ကို မြင်သောအခါ မန်ချုံးမျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မင်းက ဘယ်သူလဲ။ ဆုရှင်း ဘယ်မှာလဲ။"
ဟွမ်ပင်းချန်က အတင်းပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်က ဟွမ်ပင်းချန်ပါ ခေါင်းဆောင်ဆုရဲ့ ဘဏ္ဍာရေး နဲ့ တခြားကိစ္စတွေကို စီမံခန့်ခွဲဖို့ တာဝန်ရှိပါတယ်။ ခေါင်းဆောင်ဆုက အခုတံခါးပိတ်ကျင့်ကြံနေပါတယ်။ လူငယ်အဖွဲ့ခေါင်းဆောင် ရက်အနည်းငယ်လောက်စောင့်ပေးလို့ ရမလား။ ကျွန်တော်တို့ ခေါင်းဆောင်တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ သင့်ကို ချက်ချင်းအကြောင်းကြားပေးပါ့မယ်။"
အကယ်၍ဆုရှင်းသာ ပုံမှန်အတိုင်း တံခါးပိတ် ကျင့်ကြံနေပါက ဟွမ်ပင်းချန် သူ့ကိုချက်ချင်း ထွက်လာရန် အကြောင်းကြားပါလိမ့်မည်။
သို့သော် ဤတစ်ကြိမ် ဆုရှင်း၏တံခါးပိတ် ကျင့်ကြံခြင်းမှာ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားဖို့ပြင်ဆင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဆိုးရွားသောအရာတစ်ခုခု ဖြစ်ပျက်လျှင်ပင် သူတံခါးပိတ်ကျင့်ကြံခြင်းပြီးဆုံးမှသာ ကိုင်တွယ်သင့်ကြောင်း ဟွမ်ပင်းချန်ကို သူ အထူးတလည်ညွှန်ကြားခဲ့၏။
ဤအမိန့်ကို ရရှိပြီးနောက် ဆုရှင်း၏တံခါးပိတ် ကျင့်ကြံခြင်းမှာ မည်မျှအရေးကြီးကြောင်း ဟွမ်ပင်းချန် ချက်ချင်းနားလည်သွားပါသည်။
မန်ချုံး ကိုယ်တိုင်ရောက်လာလျှင်ပင် ဆုရှင်း၏တံခါးပိတ်ကျင့်ကြံခြင်းကို သူ မနှောင့်ယှက်နိုင်ပေ။
ဟွမ်ပင်းချန်၏စကားကို ကြားသောအခါ မန်ချုံး ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့၏။
*သူတို့ သူရဲကောင်းသုံးဖော်အသင်းက သူ့ကို စည်းရုံးဖို့လာတာ၊ လူငယ်အဖွဲ့ခေါင်းဆောင် မန်ချုံးကိုယ်တိုင်လာတာတောင် ဆုရှင်းက သူတို့ကို အလေးအနက် မထားဘူးပေါ့။ သူက အလွန် မောက်မာထောင်လွှားတာပဲ။*
ထို့အပြင် ဤအမည်မသိလူတစ်ယောက်က သူတို့ကို ရက်အတော်ကြာစောင့်ခိုင်းနေသေးသည်။
*သူက သူ့ကိုယ်သူဘယ်သူလို့ ထင်နေတာလဲ၊ ကြိုက်သလိုခေါ်လို့ ရ၊ ပြန်လွှတ်လို့ ရအောင်။*
သို့သော် ဖခင်ဖြစ်သူ၏ညွှန်ကြားချက်များကို သတိရကာ မန်ချုံးက သူ၏ဒေါသကို မြိုသိပ်ထားလိုက်၏။ "သွားပြီး ဆုရှင်းကိုထွက်လာခဲ့လို့ ပြောလိုက်။ သူရဲကောင်းသုံးဖော်အသင်းမှာ ငါလုပ်စရာတွေ အများကြီးရှိတယ်။ သူ့ကို ဒီမှာထိုင်စောင့်နေဖို့ အချိန်မရှိဘူး။"
ဟွမ်ပင်းချန်က စိုးရိမ်တကြီးပြောလိုက်သည်။ "လူငယ်အဖွဲ့ခေါင်းဆောင် တကယ် မရပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ဒီတစ်ကြိမ် တံခါးပိတ်ကျင့်ကြံမှုက အရမ်းအရေးကြီးပါတယ်။ သူ့ကို တကယ်အနှောင့်အယှက်ပေးလို့ မရပါဘူး။"
"လူငယ်အဖွဲ့ခေါင်းဆောင်မှာ လုပ်စရာရှိရင် အရင်ပြန်သွားလို့ ရပါတယ်။ ကျွန်တော့် ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ သူရဲကောင်းသုံးဖော်အသင်းကို ကိုယ်တိုင်သွားတွေ့ဖို့ သူ့ကိုပြောပေးပါ့မယ်။ ဘယ်လို သဘောရလဲ။"
မန်ချုံးခါးသီးစွာ ရယ်မောလိုက်၏။ "ဒါဆို ငါက ဒီအထိအလကားလာခဲ့ရတာပေါ့။ ဆုရှင်းက အတော်လေးမောက်မာတာပဲ။ ငါ မန်ချုံးက ဒီအထိလာတာတောင် သူ့ကိုတွေ့ခွင့်မရဘူး။"
"အခု မင်းကိုမေးခွန်းတစ်ခုပဲမေးမယ်။ မင်း သူ့ကို သွားခေါ်မှာလား မခေါ်ဘူးလား။ မင်းမသွားရင် ငါကိုယ်တိုင် သွားမယ်။ ဆုရှင်းက ဘာကို အားကိုးပြီး ဒီလောက် မောက်မာထောင်လွှားနေတာလဲဆိုတာ ငါ ကြည့်ချင်တယ်။"
ဟွမ်ပင်းချန်က မန်ချုံး၏ရှေ့တွင် ရပ်ကာ တောင်းပန်လိုက်၏။ "လူငယ်အဖွဲ့ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုအခက်မတွေ့စေပါနဲ့။ ခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံမှုရဲ့ အရေးကြီးတဲ့အချိန်ကို ရောက်နေလို့ သူ့ကိုသွားမနှောင့်ယှက်ပါနဲ့။"
"ထွက်သွားစမ်း။" မန်ချုံး၏အမူအရာမှာ အေးစက်နေခဲ့၏။
ဟွမ်ပင်းချန် ခေါင်းယမ်းလိုက်ပြီး တစ်လက်မမျှပင် နောက်မဆုတ်ပေ။
မန်ချုံး၏ဒေါသမှာ ထိန်းချုပ်မရတော့ချေ။ သူ၏စကားများက ဘယ်အချိန်ကတည်းက အရေးမပါဖြစ်သွားသနည်း။
*လင်းယုန်ပျံဂိုဏ်းက ဒီအမည်မသိလူတစ်ယောက်ကတောင် ငါ့အမိန့်ကို ဖီဆန်ရဲတယ်ပေါ့*
"ထွက်သွားလို့ ပြောတာမကြားဘူးလား။"
မန်ချုံးက ဟွမ်ပင်းချန်၏ပါးကို ရိုက်ချလိုက်ရာ ၎င်း၏မျက်နှာတစ်ခြမ်းမှာ ရောင်ရမ်းလာပြီး ပါးစပ်ထောင့်မှ သွေးအနည်းငယ်စီးကျလာတော့သည်။
ဟွမ်ပင်းချန်မှာ လွန်စွာအားနည်းပါသည်။ သိုင်းပညာကိုသင်ယူပြီးနောက်တွင်ပင် သူက သွေးကြောအမှတ် ဆယ်ခုကိုပင် မဖွင့်နိုင်သေးချေ။
သို့သော် မန်ချုံးမှာမူ ဟောက်ထျန်းအစောပိုင်းအဆင့်ခွန်အားကို ရရှိထားပြီ ဖြစ်သည်။
ထိုပါးရိုက်ချက်ကြောင့် ဟွမ်ပင်းချန် ရှောင်တိမ်းရန် အခွင့်အရေးမရဘဲ လွင့်ထွက်သွားတော့သည်။
ဤသည်ကို မြင်သောအခါ ဂိုဏ်းဝင်များမှာ ချက်ချင်း ဒေါသထွက်သွားကြ၏။
မန်ချုံးက မည်သူပင်ဖြစ်စေ သူတို့ဂရုမစိုက်ပေ။ သူတို့သိထားသည်မှာ သူတို့အပေါ်အမြဲတစေ ကြင်နာတတ်သော ခေါင်းဆောင်ဟွမ် အရိုက်ခံလိုက်ရသည်ဆိုတာကိုသာဖြစ်သည်။
ဆုရှင်း၏လက်အောက်တွင် လီဟွိုင်က အမြဲတစေ လူဆိုးနေရာမှ ပါဝင်ပြီး ဟွမ်ပင်းချန်ကတော့ လူကောင်းနေရာမှရှိတတ်၏။
သူကား ဆင်းရဲသောနောက်ခံမှ လာသူဖြစ်ပြီး သူ၏ဂိုဏ်းဝင်များအပေါ် အမှန်တကယ် ကောင်းမွန်သည်။ သူ သူတို့နှင့်မကြာခဏ နောက်ပြောင်လေ့ရှိပြီး သူတို့က ဆုရှင်းပြီးလျှင် သူ့ကို အယုံကြည်ဆုံးဖြစ်ကြ၏။
ဟွမ်ပင်းချန် ပြင်းပြင်းထန်ထန်အရိုက်ခံရသည်ကို မြင်သောအခါ ဒေါသကြီးသော ဂိုဏ်းဝင်အချို့က ချက်ချင်းဓားဆွဲထုတ်ကာ တိုက်ခိုက်ရန်ပြင်လိုက်ကြသော်လည်း ဟွမ်ပင်းချန်က သူတို့ကိုတားဆီးလိုက်ပါသည်။
"ရပ်လိုက်။ အကုန်လုံး ရပ်လိုက်ကြ။"
အခန်း (၅၀) မင်းက မင်းကိုသတ်ဖို့ ငါ့ကိုအတင်းဖိအားပေးနေတာပဲ
မန်ချုံးက သူ့ကိုပါးရိုက်ခဲ့သော်လည်း သူညည်းညူသံ တစ်ခွန်းမျှမထွက်ရဲပေ။
သူကား သွေးဆူလွယ်ပြီးအခြေအနေကို နားမလည်သောဂိုဏ်းဝင်တစ်ဦးမဟုတ်ချေ။ လင်းယုန်ပျံဂိုဏ်းတွင် အချိန်အတော်ကြာနေလာခဲ့သဖြင့် မည်သူကို ရန်စနိုင်ပြီး မည်သူကိုရန်စ၍ မရဘူးကြောင်း သူသိ၏။
သူရဲကောင်းသုံးဖော်အသင်း၏ အင်အားမှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ ဆုရှင်းသာမက ရှားဖေးယင်းပင်လျှင် သူတို့ကိုပြဿနာ မရှာရဲပေ။
"ဟွမ်ကြီး ဘာဖြစ်နေတာလဲ။" ရုတ်တရက်အပြင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာပါသည်။
ဟွမ်ပင်းချန်တွင် နိမိတ်မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူလှည့်ကြည့်လိုက်သောအခါ ကင်းလှည့်ရာမှပြန်ရောက်လာသော လီဟွိုင်ကို တွေ့လိုက်ရ၏။
သူ လီဟွိုင်ကို ကောင်းစွာသိပါသည်။ သူကား မည်သူ့ကိုမျှ အလေးအနက်မထားပေ။ သူ၏သခင်ဟောင်းဖြစ်ခဲ့သော တတိယသခင်ကြီးဟူကိုပင် အလေးမထားချေ။
ဆုရှင်း တစ်ဦးတည်းကသာ သူ့ကိုအမှန်တကယ် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
*ဒီကောင်က ဘာမဆိုလုပ်ရဲတယ်။*
ဟွမ်ပင်းချန်၏မျက်နှာပေါ်ရှိ ဒဏ်ရာများကို မြင်သောအခါ လီဟွိုင်၏မျက်လုံးများတွင် အေးစက်သောသတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
သူက အေးတိအေးစက်ဖြင့်နေတတ်သော အမုအကျင့်ရှိပြီး လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးတွင် သူ ဂရုစိုက်သောသူနှစ်ဦးသာ ရှိသည်။
၎င်းမှာ ခေါင်းဆောင် ဆုရှင်းနှင့် သူအများဆုံး ဆက်သွယ်လေ့ရှိသော ဟွမ်ပင်းချန်တို့ပင်။
သူ၏နှလုံးသားထဲတွင် ဟွမ်ပင်းချန်ကို သူ၏ညီအစ်ကို တစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
လီဟွိုင်က မန်ချုံးနှင့် အခြားသူများဆီသို့ အကြည့်ကို ပြောင်းလိုက်၏။
မမေးကြည့်ဘဲနဲ့ ဤအရာ ထိုအပြင်လူများ၏လက်ချက်ဆိုတာ သေချာပေါက် သူသိနေပါသည်။
မန်ချုံးနှင့်အတူ ပါလာသောလူများက လူစည်းရုံးရန်သက်သက်လာခဲ့ကြခြင်း မဟုတ်ဘဲ မန်ချုံး၏လုံခြုံရေးကို ကာကွယ်ရန်လည်း တာဝန်ရှိကြ၏။
လီဟွိုင်က လူများစွာကို သတ်ဖြတ်ခဲ့ဖူးသဖြင့် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု လွှမ်းခြုံနေပါသည်။ ယခု သူက ၎င်းကိုထုတ်ဖော်ပြသလိုက်သဖြင့် သူတို့ကိုချက်ချင်း သတိထားသွားစေ၏။
မန်ချုံးက သတ်ဖြတ်လိုစိတ်ကို ခံစားမိသော်လည်း သူက ကြောက်ရွံ့မှုမရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းတယ်...အရမ်း ကောင်းတယ်။ မင်းတို့ လင်းယုန်ပျံဂိုဏ်းဝင်တွေက တော်တော်သတ္တိရှိသားပဲ။ ငါ့ကိုတားရဲရုံတင်မကဘူး တိုက်ခိုက်ဖို့တောင်သတ္တိရှိသေးတယ်။ ဒီနေ့ မင်းတို့လှုပ်ရှားရဲရင် ယုံထားလိုက်၊ ဆုရှင်းရဲ့ဂိုဏ်းဝင်တွေ အကုန်လုံးကို ငါသတ်ပစ်လိုက်ရင်တောင် ရှားဖေးယင်းက အသံတစ်သံတောင် မထွက်ရဲဘူးဆိုတာ။"
"ကောင်းပြီလေ။ ဒါဆိုသတ္တိရှိရင် တစ်ယောက်လောက် သတ်ကြည့်ပါလား။" ဌာန၏ပင်မတံခါးမှာ ပွင့်သွားခဲ့ပြီး ဆုရှင်း ထွက်လာပါသည်။
ဆုရှင်းထွက်လာသည့် အခိုက်အတန့်မှာပင် မန်ချုံးနှင့်အတူပါလာသော လူများချက်ချင်းသတိထားသွားခဲ့ကြ၏။
သူတို့အားလုံးက ဟောက်ထျန်းအစောပိုင်းအဆင့် သိုင်းပညာရှင်များဖြစ်ကြသော်လည်း ဆုရှင်းနှင့်တွေ့သောအခါ နက်ရှိုင်းသောခြိမ်းခြောက်မှုကိုသာ ခံစားရပြီး သူ၏ခွန်အားပမာဏကိုမူ သူတို့မခန့်မှန်းနိုင်ကြပေ။
တကယ်တမ်းတွင် အပြင်ဘက်မှဖြစ်ပျက်နေသည့်အရာများကို ဆုရှင်းသတိပြုမိပြီးဖြစ်သော်လည်း သူ ထွက်လာ၍မရခဲ့ပေ။
သူက ဟောက်ထျန်းအလယ်အလတ်အဆင့်ကို တက်လှမ်းရန်တွန်းအားပေးနေလေရာ။ အရေးကြီးသည့် အချိန်တွင် ရုတ်တရက်ရပ်တန့်လိုက်လျှင် အားထုတ်မှုများအားလုံး အလဟဿဖြစ်သွားရုံသာမက မူလချီပြောင်းပြန်စီးဆင်းမှုကြောင့် ဒဏ်ရာပါရသွားနိုင်ပါသည်။
ထို့ကြောင့် သူက တည်ငြိမ်အောင်စောင့်ပြီး သွေးကြောအမှတ် ခုနစ်ဆယ့်နှစ်ခုကို ဖွင့်ရန် သူ၏ကြိုးစားမှုအားလုံးကို အာရုံစိုက်ကာ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
သို့သော် သူထွက်လာသည်နှင့် မန်ချုံး၏မောက်မာထောင်လွှားသောစကားများကို ကြားလိုက်ရပါသည်။
သူရဲကောင်းသုံးဖော်အသင်းအကြောင်းကို သူသိသော်လည်း သူတို့မည်မျှပင်ဈေးကြီးပေးပါစေ၊သူ ဘယ်တော့မှပူးပေါင်းမည် မဟုတ်ပေ။
သူ့တွင် ပြီးမြောက်ရမည့်မစ်ရှင်တစ်ခု ရှိနေသေး၏။ ထို့အတူ သူရဲကောင်းသုံးဖော်အသင်းကို ဝင်လိုက်ခြင်းက မစ်ရှင်ကျရှုံးမှုအတွက် အပြစ်ပေးခံရမည်မှာသေချာ၏။ ထိုအရာက အလွန်ကြီးမားသော ဆုံးရှုံးမှုပင်။
ချိုသာသောစကားများဖြင့် စည်းရုံးလျှင်ပင် ဆုရှင်းသွားမည် မဟုတ်ပေ။ ယခု မန်ချုံးက ဟွမ်ပင်းချန်ကိုရိုက်နှက်ထားသည်ဖြစ်ရာပြောနေစရာပင် မလိုတော့ချေ။
မန်ချုံးက ဆုရှင်းကိုအေးစက်စွာ စိုက်ကြည့်ကာ ထေ့ငေါ့သောလေသံဖြင့် ပြောလိုက်၏။ "မင်း ခေါင်းဆောင်ဆုက တော်တော်သတ္တိရှိတယ် ဟုတ်လား။ငါတို့ မင်းကို သုံးလေးကြိမ်လောက် တောင်းဆိုတာတောင် ထွက်မလာသေးဘူး။"
"ငါကမင်းကိုဖိတ်ထားတာ မဟုတ်ဘူး။မင်း စိတ်မရှည်ရင်ကြိုက်သလို ထွက်သွားလို့ ရတယ်" ဆုရှင်းက တည်ငြိမ်စွာပြောလိုက်၏။
မန်ချုံး ခါးသီးစွာရယ်မောလိုက်သည်။ "လူတိုင်းက မင်းဆုရှင်း အရမ်းမောက်မာတယ်လို့ ပြောကြတယ်။ ဒီနေ့တော့ ငါကိုယ်တိုင်မြင်တွေ့လိုက်ရပြီ။ ဒါပေမဲ့ မင်းနဲ့ငြင်းခုံဖို့ ငါဒီကိုလာတာ မဟုတ်ဘူး။ ငါတို့ သူရဲကောင်းသုံးဖော်အသင်းက မင်းကို သဘောကျနေတယ်။ မင်း ငါတို့ သူရဲကောင်းသုံးဖော်အသင်းကို ဝင်သရွေ့ မင်းကြိုက်တဲ့ အရာတွေကို တောင်းဆိုလို့ရတယ်။"
မန်ချုံး၏သူရဲကောင်းသုံးဖော်အသင်းမှ အဖွဲ့ဝင်များ သက်ပြင်းချလိုက်ကြ၏။
ဆုရှင်းကို စည်းရုံးနိုင်စေရန် သခင်လေးကို ကူညီပေးဖို့ အဖွဲ့ခေါင်းဆောင်က သူတို့ကို ယခင်က သတိပေးထားခဲ့သည်။
သို့သော် လူတိုင်း၏အံ့အားသင့်သွားစေသည်မှာ ဆုရှင်းက အခန်းထဲမှထွက်လာရန် ငြင်းဆန်ခဲ့ပြီး မန်ချုံးမှာလည်း ဒေါသထွက်သွားသဖြင့် ၎င်းတို့နှစ်ဖက်ကြားရှိတင်းမာမှုမှာ အစကတည်းက သိသာထင်ရှားနေခဲ့၏။
ကံကောင်းထောက်မစွာဖြင့် လူငယ်အဖွဲ့ခေါင်းဆောင်မှာ ယခင်မကျေနပ်ချက်များကို ခေတ္တဘေးဖယ်ထားရန် လုံလောက်သော အသိဉာဏ် ရှိနေသည်။
စကားပုံတစ်ခုရှိသကဲ့သို့ပင် ကြီးကျယ်သောအရာများကို ပြီးမြောက်အောင်မြင်သူများက အသေးအဖွဲကိစ္စလေးများကို ဂရုမစိုက်ကြပေ။
သို့သော် မန်ချုံး၏နောက်ဆက်တွဲ စကားများက သူတို့ကိုရေခဲလိုအေးစက်သော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားစေခဲ့၏။
မန်ချုံးက စကားလမ်းကြောင်းကိုပြောင်းလိုက်၏။ "ဒါပေမဲ့ မင်းရဲ့လက်အောက်ငယ်သား နှစ်ယောက်ကိုတော့ ငါတော်တော်ဒေါသထွက်တယ်။ ငါတို့ သူရဲကောင်းသုံးဖော်အသင်းက အခြေအနေကို နားမလည်တဲ့ခွေးကောင်တွေကို မလိုချင်ဘူး။"
"သူတို့ကိုဒူးထောက်ပြီး ခေါင်းငုံ့ခိုင်းလိုက် ပြီးတော့ သူတို့ကိုယ်သူတို့ ပါးဆယ်ချက်ရိုက်ခိုင်း။ အဲဒါဆိုရင် သူတို့ကို မင်းနဲ့အတူ သူရဲကောင်းသုံးဖော်အသင်းကို ဝင်ခွင့်ပေးမယ်။"
ဆုရှင်း၏ လူများမျက်လုံးမှာ ချက်ချင်းနီရဲသွားပြီး သူရဲကောင်းသုံးဖော်အသင်းဝင်များ၏ နှလုံးသားများမှာ တစ်ချက်ခုန်သွားကြ၏။
မန်ချုံးက ဆုရှင်းကို သေချင်သည်အထိ အရှက်ခွဲနေခြင်းပင်။
ခေါင်းဆောင်တစ်ယောက်က ကိုယ့်လက်အောက်ငယ်သားများကို မကာကွယ်နိုင်သည်ထက် မည်သည့်အရာက ပိုအရှက်ရစရာကောင်းမည်နည်း။
အကယ်၍ ဆုရှင်းက ပြီးခဲ့သည့်အကြိမ် တိုင်ချုံးကို လုပ်ကြံစဉ်က နောက်ဆုတ်ကာသည်းခံရန် ရွေးချယ်ခဲ့ပါက ယခုကဲ့သို့လက်အောက်ငယ်သားများ၏ ယုံကြည်မှုကိုရယူနိုင်ခဲ့မည် မဟုတ်ပေ။ ယခုလည်း အလားတူပင်။
အကယ်၍ ဆုရှင်းက ဤအချိန်တွင် သူရဲကောင်းသုံးဖော်အသင်းသို့ ဝင်ရောက်ရန် ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ကိုဒူးထောက် ခေါင်းငုံ့ခိုင်းကာ ကိုယ့်ပါးကိုယ်ပြန်ရိုက်ခိုင်းပါက သူ၏ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး သူ၏လက်အောက်ငယ်သား အများဆုံး ၂၀% ခန့်သာ သူနှင့်အတူ သူရဲကောင်းသုံးဖော်အသင်းသို့ ဝင်ရောက်ရန် ဆန္ဒရှိပေလိမ့်မည်။
ကိုယ့်အကျိုးအတွက် ကိုယ့်လက်အောက်ငယ်သားများကို သစ္စာဖောက်ပြီးအရှက်ခွဲမည့်ခေါင်းဆောင် တစ်ယောက်နောက်သို့ မည်သူက လိုက်ချင်မည်နည်း။
"ငါ သူရဲကောင်းသုံးဖော်အသင်းကို မဝင်ဘူးဆိုရင်ကော။" ဆုရှင်းက တည်ငြိမ်စွာမေးလိုက်၏။
"သူရဲကောင်းသုံးဖော်အသင်းကို မဝင်ဘူး။" မန်ချုံး၏မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
"မင်းက သူရဲကောင်းသုံးဖော်အသင်းကို မဝင်ဘူးဆိုတော့ မင်းက ငါတို့လူမဟုတ်ဘူး။ ငါ့ကိုမလေးမစားလုပ်ရဲတယ်ပေါ့၊။ မင်းရဲ့ယုံလဲ့ရပ်ကွက်က ဂိုဏ်းဝင်အားလုံးကို ငါ သတ်ပစ်မယ်။"
ဆုရှင်း သက်ပြင်းချလိုက်၏။
*ဒါကို ကောင်းကင်ပေါ်ကနေ ကျလာတဲ့ ဘေးအန္တရာယ်လို့သတ်မှတ်လို့ ရမလား။*
သူက လူကဲခတ်ကောင်းသူတစ်ဦးဖြစ်သည်။ မန်ချုံးက သဘောထားကြီးသောလူစားမျိုး သေချာပေါက်မဟုတ်ပေ။ တစ်ဖက်လူက သူ၏လူများအားလုံးကို သတ်ပစ်မည်ဟုပြောရာ ဆုရှင်းက ၎င်းကိုနောက်ပြောင်ခြင်းဟု မယူဆခဲ့ချေ။
တစ်ဖက်လူမှာ ရည်ရွယ်ချက်ရှိသလို လှုပ်နိုင်စွမ်းလည်းရှိနေ၏။
*ဒီနေ့ ငါသူ့ကိုလွှတ်ပေးလိုက်ရင်တောင် ငါ့ရဲ့ယုံလဲ့ရပ်ကွက်က ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ ပြီးတော့ သူ့ကို ငါတကယ်လွှတ်ပေးပြီး ဒီစော်ကားမှုကိုမြိုသိပ်လိုက်ရင် လင်းယုန်ပျံဂိုဏ်းမှာ ငါဆုရှင်း တည်ဆောက်ထားတဲ့ ဂုဏ်သတင်းအများစုက ပျက်စီးသွားလိမ့်မယ်။*
မည်သို့ပင်ဆိုစေ အလွန်သည်းခံကာ ကျောရိုးမရှိသော ခေါင်းဆောင်တစ်ဦးနောက်သို့ သူရောအခြားသူများပါမလိုက်ချင်ပေ။
"သခင်လေးမန် မင်းကငါ့ကို အတင်းအကျပ်လုပ်နေတာပဲ။ မင်းက မင်းကိုသတ်ဖို့ ငါ့ကို အတင်းဖိအားပေးနေတာပဲ။"
ဆုရှင်း သက်ပြင်းချလိုက်ရာ သူရဲကောင်းသုံးဖော်အသင်းမှ အဖွဲ့ဝင်များချက်ချင်း သတိထားသွားကြပြီး မန်ချုံးကိုကာကွယ်ရန် အလယ်သို့ဝင်ရပ်လိုက်ကြ၏။
သို့သော် မန်ချုံးက သူတို့ကိုတွန်းဖယ်ကာ လှောင်ပြောင်လိုက်သည်။ "မင်းငါ့ကိုသတ်ချင်တာလား။ ငါဒီနေ့ဒီနေရာမှာပဲ ရပ်နေမယ်။ မင်း ငါ့ကို သတ်ရဲတဲ့သတ္တိရှိမရှိ ကြည့်ရသေးတာပေါ့။"
ဆုရှင်း ခေါင်းယမ်းလိုက်၏။ သူရဲကောင်းသုံးဖော်အသင်းရဲ့ အဖွဲ့ခေါင်းဆောင်သုံးယောက်က ဒီအခြေအနေအထိ သုညကနေတည်ဆောက်နိုင်ခဲ့တဲ့အပေါ် ငါလေးစားပါတယ်။ ဒါပေမဲ့ မင်းက သူတို့ရဲ့ဉာဏ်ရည် ဆယ်ပုံတစ်ပုံကိုတောင် အမွေမရခဲ့တာ နှမြောစရာပဲ။"
"ချန်နင်စီရင်စုမှာ အင်အားအကြီးဆုံးဖြစ်တဲ့ သူရဲကောင်းသုံးဖော်အသင်းက ဘာလို့ တခြား ဂိုဏ်းတွေကို တိုက်ရိုက်သိမ်းပိုက်မပစ်တာလဲ။ ဘာလို့လဲဆိုတော့ သူရဲကောင်းသုံးဖော်အသင်းကသာ ချန်နင်စီရင်စုကို စိုးမိုးချင်တယ်လို့ပြောရဲရင်။တခြားဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့က ကွဲလွဲမှုတွေ အားလုံးကိုဘေးဖယ်ပြီး ချက်ချင်းပူးပေါင်းသွားကြမှာမလို့ပဲ။"
"စကားပုံတစ်ခုရှိတာပဲ ယုန်လေးတစ်ကောင်တောင် ထောင့်ပိတ်သွားရင် ပြန်ကိုက်တတ်တယ်တဲ့။ ဒီဥပမာက သိပ်မတိကျပေမဲ့အဓိပ္ပာယ်တူတူပါပဲ။ တခြားသူတွေအတွက် ထွက်ပေါက်အမြဲချန်ထားပေးရတယ်။ တစ်ယောက်ယောက်ကို အဆုံးစွန်အထိတွန်းပို့လိုက်ရင် ဘာမှပြန်ရမှာမဟုတ်ဘူး။"
"အခု မင်းကယုံလဲ့ရပ်ကွက်က လူတိုင်းကိုသတ်ပစ်မယ်လို့ပြောလိုက်ပြီဆိုတော့ ငါကဘယ်လိုပဲဖြစ်ဖြစ်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ သေရမှာပဲဆိုတော့ ငါမင်းကို ဘာလို့မသတ်ရမှာလဲ။ အခုမင်းကို သတ်လိုက်ရင် အနည်းဆုံးတော့ ငါနဲ့အတူလူတစ်ယောက် ခေါ်သွားလို့ရတာပေါ့။"
ဆုရှင်းက သတ်ဖြတ်လိုစိတ်လုံးဝမပါဘဲ ညင်သာစွာပြောဆိုခဲ့သော်လည်း သူရဲကောင်းသုံးဖော်အသင်းဝင်များမှာ ထိတ်လန့်သွားကြခဲ့၏။
သူတို့က မန်ချုံး၏ရှေ့တွင် ချက်ချင်းဝင်ရပ်လိုက်ကြပြီး သူတို့ထဲမှတစ်ဦးက အော်ပြောလိုက်ပါသည်။ "လူငယ်အဖွဲ့ခေါင်းဆောင် ပြေးတော့။"
သို့သော် သူစကားမဆုံးမီမှာပင် ဆုရှင်း လှုပ်ရှားလိုက်လေပြီ။
*မုန်းတီးခြင်းလက်ဝါး... နက်ရှိုင်းသောအမုန်းတရား။*
*သွေးဖြင့် လက်စားချေရမည့် နက်ရှိုင်းသော အမုန်းတရား။*
သူရဲကောင်းသုံးဖော်အသင်းဝင် တစ်ဦးက ၎င်းကိုကာကွယ်ရန်ကြိုးစားခဲ့သော်လည်း ထိုတိုက်ခိုက်မှုက သူ၏နှလုံးသွေးကြောကို ချက်ချင်းကြေမွသွားစေသည်။
မုန်းတီးခြင်းလက်ဝါး။ လူတစ်ယောက် သေဆုံးသွားသောအခါ အမုန်းတရားများပျောက်ကွယ်သွားမည်။
မန်ချုံးက လူငါးဦးကိုခေါ်လာခဲ့ပြီး အားလုံးမှာ ဟောက်ထျန်းအစောပိုင်းအဆင့် သိုင်းပညာရှင်များဖြစ်ကြ၏။ ဟောက်ထျန်းအစောပိုင်းအဆင့် ခွန်အားဖြင့် သူတို့က လင်းယုန်ပျံဂိုဏ်း သို့မဟုတ် မိုးပြာဝါးဂိုဏ်းတွင် ခေါင်းဆောင်တစ်ဦး အလွယ်တကူဖြစ်လာနိုင်သော်လည်း ယခုမူဆုရှင်း၏လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပါသည်။
ဆုရှင်း ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ မန်ချုံး၏ရှေ့သို့ ရောက်ရှိသွား၏။
မန်ချုံးတွင် ဟောက်ထျန်းအစောပိုင်းအဆင့် ခွန်အားရှိသော်လည်း သူ၏လက်တွေ့တိုက်ခိုက်ရေးအတွေ့အကြုံမှာ အလွန်နည်းပါးလွန်းလှပါသည်။
သူရဲကောင်းသုံးဖော်အသင်းတွင် ရှိစဉ်က ဂိုဏ်းကိစ္စများကိုစီမံခန့်ခွဲရာတွင် ပါဝင်ခဲ့သော်လည်း ဂိုဏ်းစစ်ပွဲများတွင် တစ်ခါမျှမပါဝင်ခဲ့ဖူးပေ။
ယခု ဆုရှင်း ရုတ်တရက်ပေါ်လာသည်ကို ရင်ဆိုင်ရချိန်တွင် သူ၏ဓားကို ဆွဲထုတ်ပြီး မည်သို့ပြန်လည် တိုက်ခိုက်ရမည်ကိုပင် မေ့သွားခဲ့၏။
သူမေ့သွားသော်လည်း အခြားသူများမမေ့ကြပေ။
ဂိုဏ်းဝင်များထဲမှ တစ်ဦးက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ခါးရှိဓားကို ဆွဲထုတ်ကာ ဆုရှင်းထံသို့ ခုတ်ချလိုက်သည်။
သူ၏ခါးရှိ ဓားမှာ အင်ပါယာနန်းတော်၏စံသတ်မှတ်ချက်ဖြစ်သော ခါးချိတ်ဓားပင်။ ထျဲဝူချင်နှင့် သူ၏ရဲမက်များက ဤဓားမျိုးကို ကိုင်ဆောင်ကြ၏။
သေးငယ်ပြီးပေါ့ပါးသော်လည်း ၎င်းကအလွန် ထက်မြက်ပြီး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရန် အမြန်ဆုံးဓားဆွဲထုတ်နိုင်စေ၏။
သို့သော် သူမြန်သော်လည်း ဆုရှင်းက ပိုမြန်နေလေ၏။
ဆုရှင်းက ဘယ်ဘက်လက်ဖြင့်ဓားကို ကိုင်လိုက်သော်လည်း ကွဲပြားစွာဖြင့် ဓားအိမ်ကိုသာ အသုံးပြု၍ ခါးချိတ်ဓားကိုရိုက်ချလိုက်ရာ ဓားမှာ လမ်းကြောင်းလွဲသွားပြီး ဆုရှင်း၏ပခုံးကို ရှပ်သွားသည်။
ထိုအခိုက်အတန့်တွင် ဆုရှင်းက ဘေးသို့တစ်လှမ်း ရွှေ့လိုက်ပြီးညာဘက်လက်ဖြင့် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
အမုန်းတရားလက်သီး။
*မုန်းတယ်....မုန်းတယ်။ လွှမ်းမိုးနေတဲ့အမုန်းတရား လှိုင်းလုံးတွေ...*
ဂိုဏ်းဝင်၏ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး အနောက်သို့ လွင့်ထွက်သွားတော့သည်။
"ချွမ်"
အေးစက်သောဓားကို တစ်ဖန်ပြန်လည်ဆွဲထုတ်လိုက်သော်လည်း ဤတစ်ကြိမ်တွင် မန်ချုံး၏လည်ပင်းကို ချိန်ရွယ်ထားသည်မှာ ဓားအိမ် မဟုတ်တော့ပေ။
လက်ရှိအချိန်မှာတော့ မန်ချုံး၏စိတ်ထဲ၌စကားတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲပြောနေနိုင်တော့သည်။
*သူ ငါ့ကို သတ်ချင်နေတာ။ သူတကယ်ကြီး ငါ့ကို သတ်ရဲတယ်။ သူတကယ်ကြီး ငါ့ကိုသတ်ရဲနေတယ်။"
သေခြင်းရှင်ခြင်းအရေးကြီးသော အခိုက်အတန့်တွင် မန်ချုံး၏အလားအလာများ ပွင့်ထွက်လာပုံရ၏။ သူက ဓားကိုရှောင်တိမ်းရန် နောက်ပြန်ကော့ချလိုက်သော်လည်း သူ၏ခါးရှိ ဓားကိုလှမ်းကိုင်လိုက်သောအခါဘာမှ မတွေ့ရပေ။
သူတိုက်ခိုက်ရလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့သဖြင့် ဤတစ်ကြိမ်တွင် မည်သည့် လက်နက်မျှ ယူမလာခဲ့ပေ။
သူက အခြားဂိုဏ်းဝင်သုံးဦးထံမှ အကူအညီ တောင်းချင်သော်လည်း ဆုရှင်းက လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်ဖြင့် လူနှစ်ဦးကို သတ်ပစ်လိုက်သည်ကို မြင်သောအခါကျန်သုံးဦးမှာ ကြောက်လန့်နေကြပြီ ဖြစ်၏။
သူရဲကောင်းသုံးဖော်အသင်းက သူတို့ကို ကောင်းမွန်စွာဆက်ဆံခဲ့သော်လည်း မန်ချုံးအတွက် သူတို့၏အသက်ကို စွန့်စားမည်မဟုတ်ပေ။
ထက်ရှသောဓားသွားက မန်ချုံး၏လည်ပင်းကို ရှပ်ထိသွားခဲ့၏။ သူကအလိုအလျောက်ရှောင်တိမ်းလိုက်သော်လည်း သူ၏ရင်ဘတ်တွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပါသည်။
ဆုရှင်း၏ဓားက သူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားလေပြီ။
မန်ချုံးက နာကြည်းသောအမူအရာဖြင့် လဲကျသွားခဲ့ရာ လူတိုင်းထိတ်လန့်တကြားအသက်ရှူမှားသွားခဲ့ကြ၏။
ဟွမ်ပင်းချန်က သူ့အတွက်ရပ်တည်ပေးရန် မန်ချုံးကိုသတ်ပစ်ခဲ့သည့် ဆုရှင်းကိုကျေးဇူးတင်မိသော်လည်း တစ်ချိန်တည်းမှာပင် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။
ချန်နင်စီရင်စုအတွက် သူရဲကောင်းသုံးဖော်အသင်းက ကောင်းကင်ကြီးတစ်ခုကဲ့သို့ပင်။
ဤအဖြစ်အပျက်နှင့် နှိုင်းယှဉ်ပါက ဆုရှင်း ဟိုထုံကို သတ်လိုက်ခြင်းမှာ ယင်ကောင်တစ်ကောင်ကို ရိုက်သတ်လိုက်ခြင်းနှင့် တူနေ၏။
ရွံစရာကောင်းသည်မှလွဲ၍ မည်သည့်သက်ရောက်မှုမျှမရှိပေ။
သို့သော် ဤတစ်ခါတော့ အသက်အန္တရာယ်ရှိသွားနိုင်ပါသည်။