ဟော်ဖောင်၊အဘိုးအိုနှင့် ချပ်ဝတ်
Vol. 013 Ch. 614
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ တောင်ကြားအလယ်က ဝမ်လင်းတစ်ဦးတည်း နေသည့်နေရာ ဖြစ်သည်။ ခုချိန်တွင်သူက တောင်ကြားထဲတွင် ထိုင်လျက်ရှိနေ၏။ သူ့ရှေ့တွင်တော့ ဒူးတစ်ဖက်ထောက်လျက် ရှိနေသော ဆယ့်သုံး ရှိနေသည်။ ဆယ့်သုံးမျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည်။
မျိုးနွယ်စုသို့ ဝမ်လင်း ပြန်ရောက်သည်မှာ သုံးရက်ရှိနေပြီ ဖြစ်သည်။ဆယ့်သုံးကလည်း သတိပြန်ရလာခဲ့ပြီ ဖြစ်၏။
သတိပြန်ရလာလာချင်း ဆယ့်သုံးက ဝမ်လင်းကို ချက်ခြင်းတွေ့မြင်လိုက်သည်။ သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့သွား၏။ ဝမ်လင်းက ဆယ့်သုံးထံကနေ သည်တစ်နှစ်အတွင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိရှိနေခဲ့ပြီး ဖြစ်၏။
ဟော်ဖောင်အကြောင်းပြောပြီးနောက် ဝမ်လင်းက သက်ပြင်းချသည်။ဟော်ဖောင်က အမှောင်ထောင်ထဲတွင် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ သူ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် နတ်ဘုရားအာရုံဖြင့် မြို့တစ်မြို့လုံးကို သိမ်းကြုံး ရှာဖွေခဲ့သော်လည်း ဟော်ဖောင်၏ အရိပ်အယောင်ကို လုံးဝ တွေ့ရခြင်း မရှိပေ။
ဟော်ဖောင်က ဝမ်လင်းသူ့ကို သင်ပေးခဲ့သည့် စိတ်ဝိညာဉ်မွန်းမံခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့သည့်အတွက် နောက်ဆုံးတွင် သူထိန်းချုပ်နိုင်သည့် စိတ်ဝိညာဉ်အပိုင်းအစများက ဝမ်လင်းအပိုင်သာ ဖြစ်လာခဲ့သည်။ သို့ရာတွင် ဝမ်လင်းက ဟော်ဖောင်မွန်းမံထားသည့် စိတ်ဝိညာဉ်အပိုင်းအစများ၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရချေ။
“ဟော်ဖောင်က မသေဘူးဆိုရင်တောင် သူက ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်သွားတာ ဖြစ်ရမယ်။ဒီနှစ်ခုကလွဲလို့ ငါ့သူ့ကို မရှာနိုင်ရတဲ့ တခြားအကြောင်းလည်း မရှိနိုင်ဘူး…”
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ဟော်ဖောင်နှင့်ပတ်သတ်သည့် ကိစ္စကို ဆက်မတွေးတော့ချေ။ သူက အကောင်းဆုံး လုပ်ပေးခဲ့ပြီ မဟုတ်လား။
သူက ခေါင်းမော့ကာ ဆယ့်သုံးကို ကြည့်လိုက်၏။ ဟော်ဖောင်နှင့်ဆယ့်သုံးကို ရှေးဟောင်းနတ်ဆိုးမြို့သို့ ခေါ်သွားရသည့် အကြောင်းက သူတို့ကို စမ်းသပ်ရန် ဖြစ်သည်။
သည်နှစ်ယောက်က သူ့စမ်းသပ်ချက်ကို အောင်မြင်ရင် သူက သူတို့ကို နည်းစနစ်အသစ်များ သင်ပေးမည် ဖြစ်သည်။ ဟော်ဖောင်အတွက်တော့ စိတ်ဝိညာဉ်မွန်းမံခြင်း နည်းစနစ်အပြင် စိတ်ဝိညာဉ်ထုတ်ယူခြင်း နည်းစနစ်ကိုပါ သင်ပေးနိုင်၏။
သို့ရာတွင် သည်စိတ်ဝိညာဉ်ထုတ်ယူခြင်းမန္တန်က စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ထက် များစွာ အားထုတ်ရန် လိုအပ်၏။ ဝမ်လင်းက ၎င်းကို မွန်းမံပေးနိုင်သော်လည်း လွယ်လွယ်တော့ သင်မပေးနိုင်ပေ။
ဆယ့်သုံးကိုကျတော့ သူက ရှေးဟောင်းနတ်ဘုရားနည်းစနစ်ကို သင်ပေးရန် မူလတုန်းက စိတ်ကူးခဲ့သည်။သို့သော် သည်အတွေးကို ချက်ခြင်း ပြန်ပယ်ချလိုက်၏။ ရှေးဟောင်းနတ်ဘုရားနည်းစနစ်က သူ့ ဘယ်တော့မှ သင်နိုင်မည့်အရာ မဟုတ်ပေ။
သို့ရာတွင် သည်နှစ်အတွင်း ဆယ့်သုံးက ဝမ်လင်း၏စမ်းသပ်မှုများကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်ဟူပင် ဆို၍ ရ၏။ ဝမ်လင်းက ဆယ့်သုံးသည့် သူ့အပေါ်တွင် အနည်းဆုံး ဆယ်စုနှစ်များစွာ လုံးဝသစ္စာရှိလိမ့်မည်ဟု ခံစားမိပေသည်။
ဟင်္သာပြဒါးဂြိဟ်ပေါ်တွင် ဝမ်လင်းက ဘီလူးနတ်ဆိုးကလန်နှင့် ပတ်သတ်မှုတော်တော်များများ ရှိခဲ့ဖူးသည်။ သူက ဘီလူးနတ်ဆိုးကလန်ဘိုဘေးကို သတ်လိုက်သည့်အချိန်တုန်းက သူ့သိုလှောင်အိတ်ကို ရရှိခဲ့သည်။ ထိုသိုလှောင်အိတ်ထဲတွင် ရှေးဟောင်းနတ်ဘုရား၏ သွေးတစ်စက်အပြင် အချို့ကျောက်စိမ်းပြားများလည်း ရှိနေခဲ့သည်။
သည်ကျောက်စိမ်းပြားများကြားတွင် တိုင်တန်ကိုးခုကျင့်ကြံခြင်းလို့ ခေါ်သည့် နည်းစနစ်တစ်ခုကို မှတ်တမ်းတင်ထားပေသည်။ အတိတ်တုန်းက ဝမ်လင်းက ယင်းနည်းစနစ်ကို သာမန်ကာလျှံကာသာ ကြည့်၍ မေ့မေ့ပျောက်ပျောက်ထားခဲ့သည်။ ခု သူက သိုလှောင်အိတ်ကို ထိလိုက်ရာ စိမ်းပြာရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ ဝမ်လင်းက ဆယ့်သုံးကို ကြည့်လိုက်သည်။
ဝမ်လင်းက သည်ကျောက်စိမ်းပြားကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ “ဒါဟုတ်တယ်…” တိုင်တန်ကိုးခုကျင့်ကြံခြင်းနည်းစနစ်က အဆင့်ကိုးခုရှိသည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။ သည်မန္တန်ကိုးခုလုံးကို မှတ်သားပြီးနောက် သူက နောက်ဆုံးသုံးခုကို ဖယ်ရှားပစ်ပြီးနောက် စိမ်းပြာရောင်ကျောက်စိမ်းပြားကို ဆယ့်သုံးအား ပေးလိုက်၏။
ဆယ့်သုံးက ထိုကျောက်စိမ်းပြားကို စိတ်လှုပ်ရှားစွာဖြင့် ဖမ်းယူလိုက်သည်။ ဝမ်လင်းအပေါ်သို့ သူ့ကြည်ညိုမှုကလည်း တိုင်းတ၍ပင် မရတော့ပေ။ သူက မြေပြင်ပေါတွင် ဒူးထောက်ချပြိးနောက် အကြမ်အနည်းငယ် ဦးညွတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “ဘိုးဘေး…ဆယ့်သုံးက ဘဝတစ်ခုလုံး သင့်စကားကို နားထောင်ပါ့မယ်…”
“စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို ကောင်းကောင်း စောင့်ရှောက်ပါ။ ခုသွားတော့…”
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြေတစ်ခုက ဆယ့်သုံးကို တောင်ကြားပြင်ပသို့ ခေါ်ဆောင်သွားတော့၏။
ဝမ်လင်းက တောင်ကြားထဲ၌ ခု တစ်ယောက်တည်း ရှိတော့သည်။ ကောင်းကင်က အနက်ရောင်မြူများနှင့် ဖုံးလို့နေသည်။ သည်အနက်ရောင်မြူများက စိတ်ဝိညာဉ်ဆယ်သန်းအလံကြောင့် ဖြစ်ပေါ်နေခြင်းပင်။ သည်အလံကို အသုံးပြု၍ စိတ်ဝိညာဉ်အပိုင်းအစများကိုု ပျိုးထောင်ခြင်းက အကောင်းဆုံးသက်ရောက်မှု ရှိပေသည်။
“ငါက ရှေးဟောင်းနတ်ဆိုးမြို့မှာ ရှိနေတဲ့ အချိန် ဒီအလံကို ဒီနေရာမှာ ထားခဲ့တာက လုံခြုံမှု ရှိစေတယ်လို့ ခံစားရတယ်။ဒါပေမဲ့ မြို့တော်ကကျတော့ ဝေးလွန်းလှတယ်။ဒါ့ကြောင့် ငါက ဒီအလံကို ဒီနေရာမှာ မထားခဲ့နိုင်တော့ဘူး…”
ဝမ်လင်းက ကောင်းကင်ထက်ရှိ အနက်ရောင်မြူကို မော့ကြည့်လိုက်၏။ထို့နောက် မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံနေတော့သည်။
ထိုအခိုက်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ အနောက်ဘက်ခြမ်းအဝေးတစ်နေရာ၊ ကောင်းကင်နတ်ဆိုးနိုင်ငံကို ဖြတ်သန်းသွားလာသည့် လမ်းတစ်ဝက်တွင် အဆုံးမဲ့ကန္တာရ တစ်ခု ရှိနေသည်။
သည်နေရာက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ကြမ်းကြုတ်သည့် နေရာအဖြစ် သိရှိကြပေသည်။
ပြောကြတာကတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုနေရာသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ရှေးဟောင်းတိုက်ပွဲနေရာ ဖြစ်သည်ဟူ၍ပင်။ သည်နေရာရှိ ကီလိုမီတာသန်းပေါင်းများစွာက အလောင်းများဖြင့် ဖုံးလွှမ်းခဲ့ပြီး မြေပြင်ကလည်း သွေးချင်းချင်းနီခဲ့သည်ဟု ဆိုကြသည်။
သည်ရှေးဟောင်းတိုက်ပွဲနေရာ၏ အပြင်ဘက်သည် မမြင်ရသောအတားအဆီးတစ်ခုနှင့် အပြင်ဘက်ကမ္ဘာမှ အရာအားလုံးကို ဖြတ်တောက်ထားသည်ဟု ဆိုကြ၏။
သည်အခိုက်တွင် သည်ရှေးဟောင်းတိုက်ပွဲနေမြေတွင် လူငယ်တစ်ယောက်က ထိုင်လျက်ရှိနေ၏။ သူ့ရှေ့တွင်တော့ အလံငယ်အခုတစ်ရာကျော် ရှိနေသည်။ သည်အလံများက လေမတိုက်ပါဘဲနှင့် လှုပ်ခတ်နေပြီး သူ့အား ဝန်းရံထား၏။
အနက်ရောင်မြူအမျှင်တန်းက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားကာ သည်အနက်ရောင်မြူ၏ တည်ရှိမှုက သည်နေရာရှိ စိတ်ဝိညာဉ်များစွာကို နိုးထစေလေသည်။
စိတ်ဝိညာဉ်အပိုင်းအစတစ်ခု နိုးထလာတိုင်း အနက်ရောင်အခိုးငွေ့တစ်ခုက မြေပြင်ကနေ ထွက်ပေါ်လာ၏။ ၎င်းစိတ်ဝိညာဉ်အပိုင်းအစက အနက်ရောင်မြူကို အချိန်ခဏတာ လှည့်ပတ်ပြီးနောက် အလံငယ်များထဲမှ တစ်ခုထဲသို့ ဝင်ရောက်လို့နေသည်။
ထိုလူငယ်နှင့် ပေတစ်ထောင်အကွာတွင် အနက်ရောင်ဝတ်စုံနှင်အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ သည်လူက လူငယ်ကို အေးစက်စွာ ကြည့်နေ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက်သူက ပြောလိုက်၏။ “ကောင်းပြီ…အဆုံးသပ်တော့…”
လူငယ်က ခေါင်းညိတ်ပြ၏။ သည့်နောက် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အလံငယ်အားလုံးက အနက်ရောင်တစ်ချက် လင်းလက်သွားပြီး သူ့လက်ထဲသို့ ကျရောက်လာသည်။ထိုအခိုက်တွင် လူငယ်က မျက်လုံးဖွင့်လာ၏။
သူက အဘိုးအိုကို မြင်လိုက်သည့်အခိုက်တွင် ချက်ခြင်းမတ်တပ်ထရပ်ကာ လေးစားစွာ ပြောလိုက်၏။ “ဟော်ဖောင်က…အကျိုးတော်ဆောင်ကို နှုတ်ဆက်ပါတယ်…”
အဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သိပ်ကောင်းတယ်။မင်းက ဒီရှေးဟောင်းတိုက်ပွဲနယ်မြေရဲ့ စိတ်ဝိညာဉ်အပိုင်းအစအားလုံးကို မင်းရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းနည်းစနစ်နဲ့ သန့်စင်နိုင်တဲ့ အချိန်ရောက်လာရင် ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ မင်းအသွားနိုင်တဲ့ နေရာ မရှိတော့ဘူး…”
ဟော်ဖောင်မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသည်။ သူက ပြောလိုက်၏။ “ဒါက အကျိုးတော်ဆောင်ကြောင့်ပါ။ သင်က ငါ့ဘဝကို ကယ်တင်ခဲ့တယ်၊ ငါ့ကို မန္တန်တွေ သင်ပေးခဲ့တယ်။ငါ့ကို စိတ်ဝိညာဉ်အပိုင်းအစတွေ သန့်စင်နိုင်ဖို့ ဒီနေရာကို ခေါ်လာခဲ့တယ်။ ဟော်ဖောင်က ဒီအရာတွေအားလုံးကို ထာဝရမှတ်သားထားပါ့မယ်…”
အဘိုးအို၏အသွင်က အေးဆက်နေဆဲဖြစ်ကာ သူက ပြောလိုက်သည်။ “မင်းရဲ့ မန္တန်က ထူးဆန်းပြီး ငါလုံးဝမမြင်ဘူးတဲ့ အတွက်ကြောင့်သာ မဟုတ်ရင် ငါက မင်းကို ကယ်တင်မိမှာ မဟုတ်ဘူး။ ထပ်ပြောရရင် မင်းရဲ့ အရင်ဆရာက ရှေးဟောင်းနတ်ဆိုးမြို့ကို ပြန်ရောက်လာပြီး နတ်ဆိုးဗိုလ်ချုပ်နဲ့ တိုက်ခိုက်ခဲ့ပြီး ဆယ့်သုံးကို ကယ်တင်ခဲ့တယ်။ငါက ခြေတစ်လှမ်း နောက်ကျသွားခဲ့တယ်…”
ဟော်ဖောင်က စိတ်ရှုပ်ထွေးသောဟန်ပန်ဖြင့် ပြောလိုက်သည်။ “ငါက ဒီနေရာမှာ ရှိတဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေကို သန့်စင်နိုင်ရင် ငါအရင်ဆုံး လုပ်မဲ့အရာက အဲ့ဝမ်လင်းကို သတ်ဖို့ပဲ…”
အဘိုးအိုက ဟော်ဖောင်ကို ကြည့်ကာ ပြောလိုက်သည်။ “တကယ်တော့ သူက မင်းကို ဒီစိတ်ဝိညာဉ်သန့်စင်ခြင်း မန္တန်သင်ပေးခဲ့တာမလား။ ဘာကြောင့် မင်းက ဒီလူ့ကို သတ်ပစ်ချင်နေရာတာလဲ…”
ဟော်ဖောင်က အနည်းငယ်စဉ်းစားပြီးနောက် နှာခေါင်းရှုံ့သည်။ သူက ငါ့ကို ဒီမန္တန်သင်ပေးခဲ့ပေမယ့်လည်း သူ့မှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်။ “ဝမ်လင်းကသာ စီမာယန်ကို ဒေါသထွက်စေခဲ့တာကြောင့် မဟုတ်ရင် ငါလည်း အမှောင်ထောင်ထဲ ရောက်သွားမှာ မဟုတ်ဘူး…”
“အမှောင်ထောင်ထဲမှာ ပထမလအနည်းငယ်တုန်းက ငါဟာ ဝမ်လင်းငါ့ကို လာကယ်ဖို့ မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့ အချိန်သာကုန်သွားတယ်။ ငါ့မျှော်လင့်ချက်လည်း ပျက်စီးသွားတယ်။ ငါက အနှိပ်စက်ခံနေရပေမဲ့ သူက ဘယ်နေရာ ရောက်နေခဲ့တာလဲ။ ငါက အစော်ကားခံနေရတဲ့အချိန်မှာ သူက ဘယ်နေရာ ရောက်နေခဲ့တာလဲ…”
“နောက်ဆုံးတော့ သူ့ငါ့ကို လာကယ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ပျက်စီးပြီး အမုန်းတရားအဖြစ် ပြောင်းသွားခဲ့တယ်။ သူ့ကြောင့် ငါက ခုလောက်လောက်ဆို ဘာဖြစ်လို့ဖြစ်မှန်းတောင် သိရမှာ မဟုတ်တော့ဘူး။ကံကောင်းစွာနဲ့ အကျိုးတော်ဆောင်က ငါ့ကို ကယ်တင်ခဲ့တယ်။ အဲ့နေ့ကစပြီး ငါက နောက်တစ်ကြိမ် ကျွန်တစ်ယောက် ဘယ်တော့မှ ဖြစ်မလာစေရဘူးလို့ ကျိန်ဆိုခဲ့တာပဲ…”
အဘိုးအို၏ အေးစက်စက်မျက်နှာက တဖြည်းဖြည်း ပြုံးယောင်သမ်းလာကာ သူက ပြောလိုက်သည်။ “ကောင်းတယ်။ ခုလိုဆုံးဖြတ်ချက်ပြတ်သားတယ်။ မင်းက ငါ့အာရုံကို ဖမ်းစားနိုင်ခဲ့တာ အံ့အောစရာ မရှိတော့ဘူး…”
ဟော်ဖောင်က လက်သီးတင်းတင်းစုပ်ကာ အကွာအဝေးတစ်ခုသို့ ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဆယ့်သုံးက တကယ့်ကို ရိုးအလွန်းတယ်။ သူက ဝမ်လင်းရဲ့ လှည့်ဖျားတာ ခံနေရတာ။ အမှောင်ထောင်ထဲမှာ ရှိခဲ့တဲ့ သုံးလအတွင်း ဝမ်လင်းက ငါနဲ့ဆယ့်သုံးကို သူရဲ့ပွန်းအဖြစ်သာ သတ်မှတ်ထားတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ဝမ်လင်း…တစ်နေ့မှာ…ငါက စိတ်ဝိညာဉ်အလံတွေကို အသုံးပြုပြီး စိတ်ဝိညာဉ်အပိုင်းအစသန်းချီ ထုတ်လွှတ်နိုင်ရင် မင်းအသွင်အပြင် ဘယ်လိုဖြစ်သွားမလဲ သိချင်နေမိတယ်…”
“ငါက ကမ္ဘာဖျက်စီးဖိနှိပ်ခြင်း နည်းစနစ်ရဲ့ အဆင့်လေးကို ကျင့်ကြုံနိုင်တာနဲ့ ငါ့မှာ အဆုံးမဲ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေ ရှိလာလိမ့်မယ်။ ဝမ်လင်း၊စီမာယန်…မင်းတို့နှစ်ယောက် စောင့်နေပါ…”
ဟော်ဖောင်မျက်လုံးထဲတွင် ထူထဲသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ထွက်ပေါ်လို့နေ၏။
သည်ရှေးဟောင်းတိုက်ပွဲမြေ၏ အတွင်းပိုင်းတွင် နက်မှောင်နေသည့်မျှော်စင်တစ်ခု ရှိပေသည်။သည်မျှော်စင်က ပေဒါဇင်ချီသော အမြင့်ရှိ၏။ ၎င်းမျှော်စင်၏ ပတ်လည်တွင်လညး အလင်းအဝန်းအဝိုင်းများ ရှိနေသည်။ သည်အလင်းအဝန်းအဝိုင်းများက မျှော်စင်သို့ ကျရောက်လာသည့် အလင်းများအားလုံးကို စုပ်ယူနိုင်စွမ်း ရှိပေသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်မျှောင်စင်၏ ပတ်လည်သည် ထူးဆန်းထည်ဝါသော လေထုရှိသည်ဟု ထင်မှတ်ရသည်။
အနက်ရောင်ဝတ်စုံနှင့်လူက ထိုမျှော်စင်၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။ သူက အသက်ဝဝရှူသွင်းကာ မျှော်စင်ထဲသို့ ခြေချလိုက်သ်ည။ မျှော်စင်ထိပ်တွင် သူက ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်၏။
သူ့ရှေ့တွင် ချပ်ဝတ်တစ်စုံ ရှိနေသည်။ သည်ချပ်ဝတ်က အလွန်အိုဟောင်းကာ ရှေးကျလွန်းသည်။ လူတစ်ယောက်ကသာ သည်ချပ်ဝတ်ကို တွေ့မြင်ပါက ၎င်းနောက်ကွယ်တွင် သာမန်မဟုတ်သည့် သမိုင်းကြောင်းအချို့ ရှိသည်ဟု ထင်မြင်မိမည်သာ ဖြစ်သည်။
ယင်းချပ်ဝတ်က လုံးဝနက်မှောင်နေသည်။ မရေမတွက်နိုင်သော ပုံစံကွက်များက ချပ်ဝတ်ပေါ်၌ ရှိနေ၏။သည်အရာများက တိမ်တိုက်များအသွင်ရှိသည်။
သည်တိမ်တိုက်များကလည်း လုံးဝနက်မှောင်နေကာ ထူးဆန်းသောခံစားချက်ကို ပေးစွမ်းလို့နေသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်ချပ်ဝတ်တစ်စုံသည် အခန်းထဲတွင် လူတစ်ယောက် တင်ပလွေထိုင်နေသကဲ့သည့် အသွင်နှင့် ဆင်တူပေသည်။ ခန်းနားထည်ဝါမှုကိုလည်း ၎င်းက ပေးစွမ်းနေ၏။ အနက်ရောင်အခိုးငွေ့လှိုင်းများကလည်း ယင်းချပ်ဝတ်မှ ထွက်ပေါ်နေပြီး မျှော်စင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။
စစ်ခမောက်ထဲရှိ မျက်လုံးတစ်စုံလိုနေရာကနေ တစ္ဆေအလင်းတန်းနှစ်ခု ထွက်ပေါ်လို့လည်း နေသည်။ ၎င်း၏အကြည့်က အဘိုးအိုထံသို့ ကျရောက်နေသည်။
အဘိုးအိုက အသက်ဝဝရှူသွင်းကာ ပြောလိုက်သည်။ “သင့်ရဲ့အစေခံက ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ နတ်ဆိုးအင်ပါယာ ကင်းမြှီးကောက်က နောက်ဆုံးအဆင့်ကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်ထဲက ပြုလုပ်ခဲ့ပြီး ဖြစ်တာကို စစ်ဆေးရှာဖွေခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူက အဲ့တာကို အတင်းဖိနှိပ်ထားခဲ့ပါတယ်…”
စစ်ခမောက်ထဲမှ တစ္ဆေအလင်းတန်းက ဖျပ်ခနဲ တောက်ပသွားကာ မမြင်ရသောအေးစိမ့်မှုက ချပ်ဝတ်ထံကနေ ထွက်ပေါ်လာ၏။ အဘိုးအို၏ ခန္ဓာနှင့်စိတ်က တုန်ယင်သွားကာ သူ့နှဖူးထက်တွင်လည်း ချွေးပြန်လာခဲ့သည်။
အချိန်အတန်ကြာပြီးနောက် အဘိုးအိုမျက်လုံးထဲသို့ သတင်းပို့လွှတ်မှုတစ်ခုအဖြစ် ကျဆင်းလာ၏။ အသက်ရှုချိန်အနည်းငယ် ကြာပြီးနောက် တစ္ဆေအလင်းက ပျောက်ကွယ်သွားကာ ချပ်ဝတ်သည်လည်း ပုံမှန်ပြန်ဖြစ်သွား၏။ ချပ်ဝတ်ပတ်လည်ရှိ ထူးဆန်းထည်ဝါသော အော်ရသည်လည်း ပျောက်ကွယ်လို့သွားတော့သည်။
အဘိုးအိုတစ်ကိုယ်လုံးက ချွေးများဖြင့် စိုရွှဲနေ၏။ သူက ပြောလိုက်သည်။ “ကောင်းပါပြီ…” ထိုသို့ပြောပြီးနောက် သူက မတ်တပ်ထရပ်ကာ လေးစားသည့် ဟန်ပန် ဖြင့် မျှော်စင်အမြင့်ဆုံးအထပ်ကနေ ပြန်ထွက်ခွာသွား၏။ သည့်နောက် သူက ပထမထက်သို့ ပြန်ရောက်လာပြီး ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ ထိုအခါကျမှ သူက စိတ်သက်ရာ ရသွားတော့၏။
“ဒီကောင်လေး၊ ဟော်ဖောင်က စိတ်ဝိညာဉ်အပိုင်းအစအများကြီးကို စုပ်ယူနိုင်တယ်။ အဲ့နောက်မှာ သူ့ရဲ့စိတ်ဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ရဲ့ ထူးဆန်းတဲ့ သဘာဝရယ်၊ ငါ့အဂ္ဂိရတ် ပညာရပ်ရဲ့ ပေါင်းလိုက်တော့ သူ့ကျင့်ကြံမှုအဆင့်က အချိန်တိုးအတွင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။ အဲ့နောက်မှာ ငါက သူ့ကို ဆရာရဲ့ လျှပ်တစ်ပြတ်ပညာရပ်ကို ကျင့်ကြံစေခဲ့ပြီး သူ့သက်တမ်းနဲ့စွမ်းအင်ကို သိပ်သည်းစေခဲ့ကာ နတ်ဆိုးအစောင့်အရှောက်များထဲက တစ်ယောက် ဖြစ်လာစေခဲ့တယ်…”
“ဒီစိတ်ဝိညာဉ်သန့်စင်ခြင်းမန္တန်က တကယ့်ကို ထူးဆန်းလှတယ်။ ဒါပေမဲ့ ငါက ဒီမန္တန်ထဲမှာ တစ်ခုခု ချိုယွင်းချက် ရှိနေတယ်လို့ ခံစားမိနေတယ်။ ဒါပေမဲ့ ဆရာက အချိန်အတန်ကြာအောင် နိုးထလာနိုင်မှု မရှိတော့ ငါက ဒီလိုကိစ္စလေးအတွက် သူ့အချိန်ကို ဆက်ပြီး မဖြုန်းတီးနိုင်တော့ဘူး…”
“ဟော်ဖောင်က ဒီထူးဆန်းတဲ့ စိတ်ဝိညာည်မွန်းမံခြင်းမန္တန်ကို မသိဘူးဆိုရင် သူ့အရည်အချင်းနဲ့ နတ်ဆိုးအစောင့်အရှောက်တစ်ယောက် ဖြစ်လာနိုင်ဖို့ အရည်အသွေး မပြည့်မှီနိုင်ဘူး။ ဒီစမ်းသပ်လုပ်ဆောင်ချက်သာ အောင်မြင်ရင်တော့ ငါက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို သွားပြီး စစ်ဆေးကြည့်ရမယ်…”