← Chapters

အခန်း ၃၆၁

Vol. 30 Ch. 361

အခန်း ၃၆၁

Vol. 30 Ch. 361

အခန်း (၃၆၁) တစ်ဖန်ပြန်လည် ပေါ်လာသော ကွေ့ရှီးဓား

"မစ်(စ်)ခရစ္စတင်း၊ သတ်မှတ်ထားတဲ့ ဝန်ဆောင်မှု ကိုယ်စားလှယ်တွေကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ အချက်အလက်အားလုံးကို ရှင်တောင်မှ ဝင်ကြည့်ခွင့်မရှိဘူးဆိုတာ သိထားသင့်ပါတယ်"

အယ်လီက တစ်ဖက်လူ၏ ဂုဏ်ပုဒ်အဆင့်အတန်းကြောင့်နှင့်တော့ အချက်အလက်များကို လွယ်လွယ်ကူကူ ထုတ်မပေးခဲ့ပေ။

"ရှင်က ဒီစည်းမျဉ်းကို ချိုးဖောက်မလို့လား"

ခရစ္စတင်းက တံခါးပေါင်ကို မှီကာ ခပ်ဟဟ ရယ်မောလိုက်လေ၏။

"ငါ ရှင်းပြလို့ မပြီးသေးဘူးလေ။ ဒီကုန်သွယ်သူကို ရှာချင်ရုံသက်သက်ပါ၊ သူ့အချက်အလက်တွေကို လိုချင်လို့မဟုတ်ဘူး။ ပိုမှန်အောင် ပြောရရင် ရထားစနစ်ရဲ့ အကာအကွယ်အောက်မှာရှိနေတဲ့ ရထားမောင်းနှင်သူတစ်ယောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရယူနိုင်စွမ်း ငါ့မှောင်ခိုဈေးကွက်မှာကို မရှိတာပါ"

"ဒါဆို ရှင်က"

ခရစ္စတင်းက ရုံးခန်းအတွင်းသို့ လျှောက်လှမ်းလာပြီး အယ်လီ့ရှေ့တွင် ကွေ့ရှီးဓားကို ချထားလိုက်လေ၏။

"ဒီဓားကို ထိုသူ့ထံ ပေးလိုက်ပါ။ သူက သူ့သခင်အစစ်အမှန်ကို ပြန်ရှာနေပြီလေ"

"သခင်ကို ပြန်ရှာနေတယ်ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက အဆင့် (၆) စိတ်စွမ်းအားအမျိုးအစား လက်နက်တစ်ခုမျှသာလေ။ ဒါ့အပြင် ငါ စစ်ဆေးကြည့်ပြီးပြီ၊ လက်နက်ဝိညာဉ် နိုးထလာမယ့် လက္ခဏာမျိုး တစ်စက်ကလေးမှ မတွေ့ရဘူး"

ခရစ္စတင်းက နားလည်ရခက်သော အပြုံးတစ်ပွင့်ကို ပြုံးလိုက်လေ၏။ ထို့နောက် ညာလက်ဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခုကို ဝေ့ဝဲရေးဆွဲလိုက်ရာ လက်ချောင်းထိပ်ဖျားဆီမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင်ရင့်ရင့် ကတ်ပြားတစ်ခုက စောင်းလျက်သား လွင့်မျောလာတော့သည်။

"ဒါက အရောင်းအဝယ်တစ်ခုဖြစ်သလို လဲလှယ်သူကိုယ်တိုင် ရရှိထားတဲ့ ကောက်ချက်တစ်ခုလည်း ဖြစ်တယ်လေ။ အယ်လီ... ဒီဓားကို သူ့ရဲ့ ထိုက်တန်တဲ့ သခင်အစစ်အမှန်လက်ထဲ ပြန်ရောက်သွားပါစေ"

အယ်လီက ရွှေရောင်ရင့်ရင့် ကတ်ပြားကို စိုက်ကြည့်ရင်း အနည်းငယ် ငေးမောသွားလေ၏။

"သူ့ကို ဘယ်လောက်ဈေးနဲ့ ပြန်ရောင်းပေးရမလဲ။ အရောင်းအဝယ်တစ်ခုဖြစ်နေမှတော့ တန်ဖိုးတစ်ခုတော့ ရှိသင့်တယ်လေ။ ဒါပေမဲ့ တစ်ဖက်လူက ကိုယ်တိုင်ထုတ်ရောင်းထားတာဆိုတော့ ဘယ်လိုလုပ်ပြီး ပြန်ဝယ်ပါ့မလဲ"

"အင်း... မှောင်ခိုဈေးကွက်ဆိုတာ အရှုံးပေါ်မယ့် အလုပ်မျိုးတော့ မလုပ်နိုင်ဘူးပေါ့။ ကဲ... ရထားဒင်္ဂါး တစ်ပြားတည်းနဲ့သာ ရောင်းလိုက်။ သူ မဝယ်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့"

ခရစ္စတင်းက သဘောကျစွာ ရယ်မောလိုက်ပြီးနောက် လှည့်ထွက်သွားကာ ရုံးခန်းတံခါးကိုပါ တစ်ပါတည်း ပိတ်သွားလေတော့သည်။

"...ဒါက တကယ့်ကို... တိုက်ဆိုင်လွန်းနေပြီ"

အယ်လီက တီးတိုးရေရွတ်လိုက်ရင်း သူမရှေ့ရှိ အနက်ရောင် အလင်းမျက်နှာပြင်ဆီသို့ အကြည့်ရောက်သွား၏။

"ဒီဓားရဲ့ပိုင်ရှင်က အခုဒီမှာ ရှိနေတာပဲ မဟုတ်လား"

"ကတ်ပြား အစီအစဉ်တွေကို ပိုင်ဆိုင်ထားတဲ့လူတွေ ခေါင်းထဲမှာ ဘာတွေတွေးနေကြမှန်းကို နားမလည်နိုင်တော့ဘူး။ ကျူရှင်းထူလည်း ဒီအတိုင်းပဲ၊ မစ်(စ်)ခရစ္စတင်းလည်း အတူတူပဲ။ အို... နေပါဦး၊ သူတို့ဟာကို ဘုရားစူး ကတ်ပြားလို့ ခေါ်တာပဲ"

"ဒါပေမဲ့ သူ့ကို ဘယ်လိုနည်းနဲ့ ပြန်ရောင်းရမလဲ။ တကယ့်ကို ခေါင်းခဲစရာ ပြဿနာပေးသွားတာပဲ"

— — — —

အဘူဒို ပင်လယ်။

ဂျက်ဖ်၏ ရတနာများတည်ရှိရာ ကျွန်း၏ သဲသောင်ပြင်ပေါ်တွင်။

ရဲချီယန်သည် ယခုခရီးစဉ်မှ ရရှိလိုက်သော ရတနာပစ္စည်းများကို ရေတွက်နေလေ၏။ မှောင်ခိုဈေးကွက် ဝန်ဆောင်မှု ကိုယ်စားလှယ်ထံမှ စာပြန်မလာသည်မှာ အတော်ကြာပြီဖြစ်သော်လည်း သူကတော့ လောဆော်နေခြင်းမရှိပေ။

"တစ်ထောင်၊ နှစ်ထောင်... စုစုပေါင်း ရွှေချောင်း သုံးထောင်လေးရာခြောက်ဆယ့်ငါးချောင်းတောင်လား။ ဟက်... အရင်ကမ္ဘာမှာသာဆိုရင် ငါတော့ ဘဝတစ်သက်တာလုံး ထိုင်စားလို့ရနေလောက်ပြီ"

ဒါတွေရှိနေမှတော့ ရွှေအရင်းအမြစ် ပြတ်လပ်သွားစရာ အကြောင်းမရှိတော့ချေ။

"ဘီ... ဘီ..."

အချက်ပြ အကြောင်းကြားစာ သံစဉ်တစ်ခု ထွက်ပေါ်လာသည်။ ရဲချီယန်က ဘေးဘက်သို့ ရွှေ့ထားသော မှောင်ခိုဈေးကွက် အလင်းမျက်နှာပြင်ကို သူ၏ရှေ့တည့်တည့်သို့ ပြန်ဆွဲယူလိုက်လေ၏။

"ဈေးနှုန်း တွက်လို့ ပြီးသွားပြီလား"

["မင်္ဂလာပါ အဖွဲ့ဝင်။ သင်ရောင်းချလိုသော အထူးမျိုးနွယ်စု အသွင်ပြောင်းပစ္စည်းဖြစ်သည့် နာကြည်းချက် နှလုံးသား အတွက် တန်ဖိုးဖြတ်ခြင်း ပြီးစီးသွားပါပြီ။ ၎င်းသည် အဆင့်မြင့် မျိုးနွယ်စု ပြောင်းလဲရေးပစ္စည်းတစ်ခုဖြစ်ပြီး တန်ဖိုးမှာ ရထားဒင်္ဂါး (၁၀၀) မှ (၂၀၀) ကြားတွင် ရှိပါသည်"]

["၎င်းကို မှောင်ခိုဈေးကွက်အတွင်းသို့ ထည့်သွင်းရန် အကြံပြုအပ်ပါသည်။ မှောင်ခိုဈေးကွက်မှတစ်ဆင့် လေလံရုံသို့တင်ကာ လေလံပစ်မည်ဖြစ်ပြီး ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချရနိုင်ခြေ ရှိပါသည်"]

["သဘောတူပါသလား"]

"တစ်ရာကနေ နှစ်ရာကြား ဟုတ်လား။ အရင်သံချပ်ကာထက်စာရင် အများကြီး ပိုဈေးရတာပဲ။ ဟိုသေမင်းတမန် သံချပ်ကာရဲ့ အာမခံ အနိမ့်ဆုံးဈေးက ရထားဒင်္ဂါး (၈၀) ပဲ ရှိခဲ့တာ မှတ်မိသေးတယ်"

["ဟုတ်ပါတယ်။ တကယ်တော့ ဒီလိုပစ္စည်းမျိုးတွေရဲ့ ဈေးနှုန်းက သိပ်ပြီးမမြင့်မားလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရထားမောင်းနှင်သူ အများစုအတွက်က မျိုးနွယ်စု ပြောင်းလဲပစ်တာဟာ ဉာဏ်ပညာမဆင်ခြင်ရာ ရောက်လွန်းလို့ပါ"]

["ဒါပေမဲ့ မျိုးနွယ်စု ပြောင်းလဲခြင်းဟာ ရထားမောင်းနှင်သူတစ်ယောက်အတွက် အစောပိုင်းကာလတွေမှာ မိမိကိုယ်ကို အမြန်ဆုံး အဆင့်မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်နေပြန်ပါတယ်"]

"ဒါဆိုလည်း ခင်ဗျားတို့ပဲ စီစဉ်ပေးလိုက်တော့။ အော်... ဒါနဲ့၊ ဒီကျောက်မျက်တွေကိုပါ တစ်ပါတည်း ရောင်းပေးပါ"

နာကြည်းချက် နှလုံးသားကို ဝန်ဆောင်မှု ကိုယ်စားလှယ်ထံ လွှဲပြောင်းပေးပြီးနောက် ကျန်ရှိနေသော မှော်ကျောက်မျက်များကို မှောင်ခိုဈေးကွက်၏ ကုန်သွယ်ရေး ပလက်ဖောင်းပေါ်သို့ ပုံမှန်အတိုင်း တင်လိုက်လေ၏။ ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသည်နှင့် ရဲချီယန်က အလင်းမျက်နှာပြင်ကို ပိတ်ရန် ပြင်လိုက်တော့သည်။

["အဖွဲ့ဝင်... ခဏလောက် စောင့်ပါဦး"]

"တခြား ကိစ္စရှိသေးလို့လား"

["သင့်ကို ဝယ်ယူဖို့ အကြံပြုချင်တဲ့ လက်နက်တစ်ခု ရှိနေလို့ပါ"]

ဟင်။ ထူးဆန်းလှချည်လား။ မှောင်ခိုဈေးကွက် ဝန်ဆောင်မှု ကိုယ်စားလှယ်တွေမှာ အရောင်းကိုယ်စားလှယ် အလုပ်ပါ တွဲလုပ်နေရတာလား။

"ဘာလက်နက်မလို့လဲ။ ကျွန်တော်ကြည့်ရအောင် အချက်အလက်တွေ ပို့ပေးပါ"

["ဒီလက်နက်ပါ"]

ဓာတ်ပုံအချို့နှင့် အချက်အလက် ဖန်သားပြင်ပုံရိပ်များ ရောက်ရှိလာ၏။ ရင်းနှီးနေသယောင်ရှိပြီး ထူးဆန်းသော ခရမ်းရောင်အလင်းများ ဖြာထွက်နေသည့် ဓားကိုကြည့်ရင်း ရဲချီယန်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်လေ၏။

သံသယဝင်စရာပင် မလိုတော့ချေ။ ၎င်းမှာ ကွေ့ရှီးဓားပင် ဖြစ်သည်။ ၎င်းသည် ရှေ့တန်း ဘူတာတွင် အပြုံးမျက်နှာနဲ့လူက သူ့ထံပေးအပ်ခဲ့သော အဆင့် (၆) ပစ္စည်းဖြစ်ပြီး သူ အကြိမ်ကြိမ် ရရှိခဲ့ကာ မှောင်ခိုဈေးကွက်ထဲသို့ အကြိမ်ကြိမ် ပြန်ပစ်ထည့်ခဲ့သော ထိုစိတ်စွမ်းအားအမျိုးအစား လက်နက်ပင် ဖြစ်လေတော့သည်။

"ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီဓားက ကျွန်တော်ကိုယ်တိုင် ထုတ်ရောင်းထားတာ မဟုတ်ဘူးလား။ ဘာကိစ္စနဲ့ ပြန်ဝယ်ရမှာလဲ"

ကိုယ့်ရဲ့ စိတ်စွမ်းအား ကန့်သတ်ချက်ကို လျှော့ချပစ်မယ့် လက်နက်တစ်ခုလေ။ ဒါကို အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းက ဌာနေကျေးကျွန်အချို့ကို ဝယ်ပြီး သူတို့ရဲ့ နဖူးအုံရှေ့ပိုင်း ဦးနှောက်လွှာတွေကို ဖယ်ရှားပစ်ဖို့ဆိုပြီး ခင်ဗျားတို့ကိုယ်တိုင် ပြောခဲ့တာပဲ။ ငါက သိပ်ပြီး မြင့်မြတ်လှတဲ့သူတစ်ယောက် မဟုတ်ပေမဲ့ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို သဘောကျမယ့်သူလည်း မဟုတ်ပေ။

["တောင်းပန်ပါတယ် အဖွဲ့ဝင်။ ဒီဓားကို ရောင်းချမိတာ ကျွန်တော်တို့ရဲ့ အမှားပါ။ ၎င်းကို ပြန်ဝယ်ယူဖို့ ရထားဒင်္ဂါး တစ်ပြားသာ သုံးစွဲရန် လိုအပ်ပါတယ်။ အကယ်၍ သင် မဝယ်လိုဘူးဆိုရင်လည်း ရပါတယ်၊ မှောင်ခိုဈေးကွက်က ၎င်းကို ဖျက်ဆီးပစ်ပါလိမ့်မယ်"]

ရထားဒင်္ဂါး တစ်ပြားတည်းလား။

အဆင့် (၆) ပစ္စည်းတစ်ခုက သိပ်ပြီး ဈေးမကြီးလှဘူးဆိုဦးတော့ ရထားဒင်္ဂါး တစ်ပြားတည်းနဲ့တော့ ဘယ်လိုမှ မတန်နိုင်ချေ။ ပြဿနာ တစ်ခုခုတော့ ရှိနေပြီ။

"ဒါဆိုလည်း ဖျက်ဆီးပစ်လိုက်တော့"

ရဲချီယန်က တစက်ကလေးမျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်လေ၏။ အဆင့် (၆) ပစ္စည်းတစ်ခုကို ရထားဒင်္ဂါး တစ်ပြားတည်းဖြင့် ဝယ်ယူရခြင်းက အလွန်တန်လှသည်ဟု ထင်ရသော်လည်း ကောင်းကင်ဘုံမှ အလကားရသော အစားအစာဆိုသည်ကို သူ ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။ မွန်ရိုးဂျီနာ၏ ယဇ်ပူဇော်ခြင်း ကတ်ပြား · ကံကြမ္မာကြွေး ဆပ်ခြင်း က သက်သေပြနေသကဲ့သို့ပင်။

ယနေ့ အကုန်အကျ သက်သာခဲ့လျှင် မနက်ဖြန် တစ်နေရာရာ၌ ပြန်လည်ပေးဆပ်ရလိမ့်မည်။ ရထားစနစ်က အမှန်တရားတစ်ခုကို လူတိုင်းအား ပြောပြထားပြီးဖြစ်၏။ မိမိကိုယ်တိုင် ရှာဖွေစူးစမ်းပြီး တိုးတက်မှုမှတစ်ဆင့် ရရှိလာသောအရာများသာလျှင် အစစ်အမှန်ဖြစ်ပြီး တခြားသူများပေးအပ်သောအရာတိုင်းအတွက် အဖိုးအခတစ်ခု အမြဲတမ်း ပေးဆပ်ရစမြဲပင်။ ရထားစနစ်၏ အဖိုးအခမှာ အဆင့်မြှင့် ရွေးချယ်စရာများ၏ အလားအလာကို လျှော့ချပစ်ခြင်း ဖြစ်သည်။

ဒါဆို ဒီမှောင်ခိုဈေးကွက်ကရော ဘာဖြစ်မလဲ။

["သင်က... တကယ်ပဲ ပြန်မဝယ်တော့ဘူးလား"]

"မဝယ်ဘူး"

["...ကောင်းပါပြီ၊ နားလည်ပါပြီ"]

စကားပြောဆိုမှု အဆုံးသတ်သွားလေ၏။ အယ်လီက သူမရှေ့ရှိ ဓားကိုကြည့်ရင်း အနည်းငယ် တွေဝေသွားသည်။

"ရောင်းလို့ မထွက်ဘူးပဲ။ အင်း... ဘာဆက်လုပ်ရမလဲ။ ထားလိုက်ပါတော့၊ ဒါကို အစ်မကြီး ကျူရှင်းထူဆီပဲ ရောင်းလိုက်ရင် ကောင်းမလား။ ဘာပဲဖြစ်ဖြစ် သူက လူတွေကို လိမ်ညာလှည့်စားတဲ့နေရာမှာ သုံးတဲ့ ဒီလိုလက်နက်မျိုးကို သဘောကျလောက်ပါတယ်လေ..."

"အင်း... အဲဒီလိုပဲ လုပ်လိုက်ကြစို့"

— — — —

မှောင်ခိုဈေးကွက်ကို ပိတ်လိုက်ပြီးနောက်။

ရဲချီယန်က ဖိတ်စာကတ်ကို သိုလှောင်ခန်းထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

"ကွေ့ရှီးဓားက တကယ်ကြီး ထပ်ပေါ်လာပြန်တာပဲ"

လွင်တီးခေါင်ပြင်ကြီးက ကျယ်ဝန်းလှသည်၊ မည်မျှအထိ ကြီးမားကျယ်ဝန်းကြောင်းကို မည်သူမျှ မသိနိုင်လောက်အောင်ပင်။ ရထားမောင်းနှင်သူ အများစုသည် ယနေ့တွင် အချင်းချင်း သူငယ်ချင်းအဖြစ် ထည့်သွင်းခြင်းမပြုဘဲ ဆုံတွေ့ခဲ့ကြလျှင်တောင် နောင်ဆယ်နှစ်၊ နှစ်ဆယ်ကြာသည်အထိ သို့မဟုတ် တစ်သက်လုံး ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်ပေ။ သာမန် ပစ္စည်းတစ်ခုဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သို့သော် ဤကွေ့ရှီးဓားက အဘယ်ကြောင့် အကြိမ်ကြိမ်အခါခါ ပြန်လည်ပေါ်ပေါက်လာရသနည်း။ ၎င်းက ရဲချီယန်၏ လက်ထဲသို့ ပြန်လာချင်နေ၍များလား။ ဘာကြောင့်လဲ။

ရဲချီယန်က ခေါင်းကိုခါယမ်းလိုက်ရင်း ရင်ထဲမှ သံသယများကို ဖိနှိပ်ထားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သက်သက်မဲ့ ထင်ရာစိုင်း တွေးတောနေခြင်းသာဖြစ်ပြီး မှန်ကန်သော အဖြေကိုလည်း သူ ရရှိလာမည်မဟုတ်ပေ။

"နောက်ထပ် ငါ ဝေါလီ့ကို စောင့်နေဖို့ပဲ လိုတော့တယ်"

All Chapters