အခန်း ၃၆၃
Vol. 30 Ch. 363
အခန်း (၃၆၃) သုံးဆယ့်သုံးခုမြောက် ပလက်ဖောင်း အဆုံးသတ်ခြင်း
"တရားသူကြီး"
ရဲချီယန်က တစက်ကလေးမျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါ်ဆိုလိုက်ရာ သူ၏လက်ဖဝါးထက်တွင် ဘုရားစူး ကတ်ပြား၏ မှောင်မိုက်သော ရွှေရောင်အလင်းတန်းများက ထင်ရှားစွာ ထွက်ပေါ်လာလေ၏။
"ဖမ်းဆီးခြင်း"
၎င်းကို ဖမ်းဆီးခြင်းဟု ခေါ်ဆိုသော်လည်း အဓိပ္ပာယ်မှာတော့ ပြန်လည်ခေါ်ယူခြင်းပင် ဖြစ်ချေ၏။ သူ၏ရှေ့မှောက်ရှိ လေဟာနယ်ပြင်ကြီး ပွင့်ဟသွားကာ ထိုအထဲမှ ဝေါလီ၏ ကိုယ်လုံးသေးသေးလေးက ယိမ်းထိုးယိုင်နဲ့စွာ ပြေးထွက်လာပြီး ရှေ့တွင်ဘာရှိနေမှန်းကို လုံးဝသတိမထားမိဘဲ ရဲချီယန်၏ ခြေသလုံးကို တိုက်မိကာ လဲကျသွားတော့သည်။
"ဟား... ဒီကောင်လေး တော်တော် တလွဲလုပ်တာပဲ။ ဘာတစ်ခုမှ ထိခိုက်မသွားဘူး မဟုတ်လား"
ရဲချီယန်က ရယ်မောလိုက်ပြီး မြေပြင်ပေါ်မှ ဝေါလီကို ကုန်းကူထူပေးကာ ၎င်း၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏။
ဝေါလီ၏ မျက်လုံးလေးများက ကွေးညွတ်သွားပြီး ၎င်း၏ စက်ယန္တရား လက်တံနှစ်ခုဖြင့် ရဲချီယန်၏ ခြေသလုံးကို ဖက်တွယ်ထားကာ အလွန်ပျော်ရွှင်နေပုံရပေသည်။ သခင်ဖြစ်သူအတွက် ရတနာများ ရှာဖွေပေးနိုင်ခြင်းက ၎င်းအတွက်တော့ အားအပြည့်သွင်းခံရသည်ထက်ပင် ပို၍ ပျော်စရာကောင်းနေလေ၏။ ထို့နောက် ၎င်းက အမြန်လွှတ်လိုက်ပြီး ခုလေးတင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော လူကြီးတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့်ရှိသည့် ကမာကောင်ကြီးကို ခေါင်းပေါ်သို့ မြှင့်တင်လိုက်ကာ ရဲချီယန်ထံ ပေးအပ်လိုသဖြင့် တဟုန်ထိုး ခုန်ပေါက်နေတော့သည်။
"အလုပ်ကြိုးစားခဲ့တာပဲ"
ရဲချီယန်က ကမာကောင်ကြီးကို ယူလိုက်ပြီး ဝေါလီ၏ ခေါင်းပေါ်သို့ တဘက်တစ်ထည် တင်ပေးလိုက်သည်။ ရတနာတစ်ခုအနေဖြင့် ကြည့်လျှင် ဤကမာကောင်ကြီးက အလွန် ကြီးမားလှပေ၏။ သို့သော် ၎င်းကို ဝေါလီက သမုဒ္ဒရာထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။ အကယ်၍ ရဲချီယန်သာ ဤကဲ့သို့သော ပစ္စည်းမျိုးကို ကိုယ်တိုင်ရှာဖွေရမည်ဆိုပါက သမုဒ္ဒရာထဲတွင် အပ်ပျောက်ရှာနေခြင်းနှင့် ဘာမျှကွာခြားမည်မဟုတ်ကြောင်းသာ ပြောနိုင်ပေလိမ့်မည်။
"ဒါက ဘာလဲဆိုတာ ကြည့်ရအောင်"
【 အဆင့် ၈ ရတနာသေတ္တာ (ဖွင့်ဖောက်နိုင်သည်) 】
အတော်ကြာမှ ပြန်လည်တွေ့ရှိရသော ရတနာသေတ္တာတစ်ခုပင် ဖြစ်၏။ သူ နောက်ဆုံးအကြိမ် ရတနာသေတ္တာကို ရရှိခဲ့သည်မှာ ရေနွေးငွေ့ဘုရင်ရှိနေသော မြူခိုးနိုင်ငံတွင် ဖြစ်သည်။
"ဒီပလက်ဖောင်းကနေ ရလိုက်တဲ့ သီးနှံရိတ်သိမ်းမှုက ငါထင်ထားတာထက် အများကြီး ပိုများနေတာပဲ"
ပထမဆုံးအနေဖြင့် ရွှေများနှင့် ရထားဒင်္ဂါးများ ရှိလေ၏။ ထို့နောက် မျိုးနွယ်စု ပြောင်းလဲရေးပစ္စည်းနှင့် တာဝန်ပြီးမြောက်ခြင်းအတွက် တန်ဖိုးကြီး ကျောက်စိမ်းတို့ကို ရရှိခဲ့သည်။ ယခုအခါ နောက်ထပ် အဆင့် ၈ ရတနာသေတ္တာတစ်ခု ထပ်ရပြန်လေပြီ။ စဉ်းစားကြည့်လျှင် ၎င်းမှာ သူ၏ ဒုတိယမြောက် ကိုယ်တိုင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြီးမြောက်ပြီးနောက် ပထမဆုံး ရရှိသော ရတနာသေတ္တာပင် ဖြစ်ပုံရပေသည်။
ရဲချီယန်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း ကမာကောင်ကြီးကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်သော်လည်း အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကိုတော့ ချက်ချင်း မစတင်ခဲ့ချေ။
"အရင်က အဆင့် ၈ ရတနာသေတ္တာတစ်ခုကို အဆင့်မြင့် အသွင်ကူးပြောင်းဖို့ စိတ်စွမ်းအား မှတ် (၂၀၀) တောင် ကုန်ကျခဲ့တာ မှတ်မိသေးတယ်"
လွင်တီးခေါင်ပြင်သို့ ပြန်ရောက်ပြီးမှ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြုလုပ်လည်း နောက်ကျမည်မဟုတ်ဟု တွေးတောကာ ကမာကောင်ကြီးကို သိမ်းဆည်းရန် ပြင်ဆင်လိုက်တော့သည်။
သို့သော် ရဲချီယန်က ဝေါလီနှင့် တခြားသူများကိုခေါ်ကာ ဤပလက်ဖောင်းမှ ထွက်ခွာရန် ရထားပေါ်သို့ ပြန်တက်မည်ပြုစဉ်မှာပင် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အဝေးဆီမှ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။ အသံကိုကြားလိုက်ရသဖြင့် သူ လှမ်းကြည့်လိုက်သည်။ အနက်ရောင် တောင်ထွတ်ကြီးတစ်ခုက သူရှိနေသော အရပ်ဆီသို့ ပြင်းထန်စွာ ပြိုကျလာသည်ကို တွေ့လိုက်ရပေ၏။ မဟုတ်ဘူး... ဒါက တောင်ထွတ်ကြီးတစ်ခု မဟုတ်သလို မိုးကြိုးလည်း မဟုတ်ပေ။ ၎င်းမှာ ဆူနာမီ ရေလှိုင်းကြီးပင် ဖြစ်ချေသည်။ တောင်အလား မြင့်မားပြီး မီတာတစ်ရာကျော်ခန့်ရှိသော ဆူနာမီ ရေလှိုင်းကြီးတစ်ခုပင်တည်း။
"ဘာဖြစ်လို့ ဆူနာမီက ရုတ်တရက်ကြီး ပေါ်လာရတာလဲ။ ပြီးတော့ ဒီဦးတည်ချက်က ငါ့ဆီကို သက်သက်မဲ့ ပစ်မှတ်ထားနေတာ အတော်သိသာတယ်"
ရဲချီယန်၏ အကြည့်များက သူ၏လက်ထဲရှိ ကမာကောင်ကြီးပေါ်သို့ အလိုအလျောက် ကျရောက်သွားပြီးနောက် ရုတ်တရက် သဘောကျစွာ ပြုံးလိုက်လေ၏။
"ဒါကြောင့်များလား"
"ဝေါလီက ရတနာရှာဖွေတဲ့ အခြေအနေကနေ ထွက်လိုက်လို့ ဒီရတနာကို ရှာတွေ့သွားတာ မဟုတ်လား"
"ဝုန်း"
ထိုဧရာမ ဆူနာမီလှိုင်းကြီးအတွင်း၌ ဧရာမ သားရဲကြီးတစ်ကောင်၏ ပုံရိပ်သဏ္ဌာန် ရှိနေပေသည်။
"မကောင်းဆိုးဝါးတစ်ကောင်ပါ ပါနေတာလား။ ကြည့်ရတာ တော်တော် ဒေါသထွက်နေပုံပဲ။ ဝေါလီ... မင်း ဒီကောင်နဲ့ သွားတိုးခဲ့တာလား"
စက်ရုပ်သေးသေးလေးက ၎င်း၏ခေါင်းကို ကုတ်လိုက်ပြီး တဖြည်းဖြည်း နီးကပ်လာသော ဆူနာမီလှိုင်းကြီးထဲမှ အနက်ရောင် အရိပ်ကြီးကို ဂရုတစိုက် စောင့်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလေ၏။ ၎င်းက ဧရာမ မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်အောက်မှ ကမာကောင်ကြီးကို မည်သို့မည်ပုံ ရိုက်ထုတ်ယူဆောင်ခဲ့ကြောင်း ပြသလိုသဖြင့် လက်တံများကို အသက်ဝင် တက်ကြွစွာ ဝှေ့ယမ်းပြနေတော့သည်။
"ဟက်... ဒီလိုကိုး၊ ငါ နားလည်ပြီ"
သူ ဆုတ်ခွာသင့်သလား။ ယခုချက်ချင်း ရထားပေါ်တက်ပြီး ပလက်ဖောင်းမှ ထွက်ခွာသွားရန်သာ လိုအပ်ပေသည်။ သို့သော် စကားပုံတစ်ခုရှိသကဲ့သို့ပင်။ ရောက်နေမှတော့လည်း အဆုံးထိသွားရပေမည်။
"လောဘတကြီး စားသောက်ခြင်း... မင်း ဆာနေပြီလား"
ငွေရောင်သန်းနေသော ဆလိုင်းမ် အဖြူလေးအတွင်း၌ မိုးပြာရောင် အလင်းမှုန်လေးများ လက်သွား၏။ ၎င်းက ရဲချီယန်၏ ခြေရင်းတွင် ကွေးကွေးလေး နေနေပြီး ၎င်း၏အသွင်အပြင်ကို ကြည့်ရှုရုံဖြင့် ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း မည်သူမျှ စိတ်ကူးယဉ်နိုင်မည်မဟုတ်ဘဲ ဖားတတ်သည့် ကောင်လေးတစ်ကောင်နှင့်သာ တူနေပေသည်။
"မင်းကို အစွမ်းထက်တဲ့ မကောင်းဆိုးဝါးတစ်ကောင် မကျွေးရတာ အတော်လေး ကြာနေပြီပဲ။ ဒီတစ်ကောင်တော့ မဆိုးလောက်ဘူး၊ မင်းကိုပဲ လွှဲလိုက်မယ်"
အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ခုလေးတင် ရဲချီယန်၏ ခြေရင်းတွင်ရှိနေသော လောဘတကြီး စားသောက်ခြင်းသည် အရပ်လေးမျက်နှာဆီသို့ ချက်ချင်း ပြန့်ကျဲသွားတော့သည်။ ရေနွေးငွေ့ဘုရင်နှင့် ဦးခေါင်းမရှိသော ဂေါ်ဘလင် တမန်တော်တို့က အရှေ့ဆုံးတွင် ထွက်ပေါ်လာ၏။ ထာဝရ ညဉ့်ယံ မြို့တော်တွင် ဝါးမျိုထားခဲ့သော အမြင့်မြတ်ဆုံး သက်ရှိ လူသားများ စက်ရုပ်စစ်သည်တော်နှစ်ဦးက စက်ယန္တရား တပ်မတော်ကြီးကို ဦးဆောင်ကာ ဆူနာမီလှိုင်းကြီးဆီသို့ အတူတကွ တဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။
ရဲချီယန်က ရထားခေါင်မိုးပေါ်တွင် ထိုင်လိုက်ပြီး အမဲလိုက် စက်ယန္တရားနဂါးကို ဆင့်ခေါ်ကာ အစောင့်အရှောက် မုဒ်ကို အသက်သွင်းလိုက်လေ၏။ အနီနှင့် အဖြူရောင် တိမ်တိုက်ပုံစံ အကာအကွယ် အလင်းရောင်ဝန်းတစ်ခုက ရထားတစ်စီးလုံးကို ဖုံးလွှမ်းသွားသည်။ ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာအပြင် အရှေ့ဆုံးတွင် ဒိုင်းကိုကိုင်ဆောင်ထားသော ဗီလိန်တို့ပါ ပေါင်းစပ်လိုက်သည့်အခါ ဤဧရာမ ဆူနာမီလှိုင်းကြီးအနေဖြင့် ဤကာကွယ်ရေးကို ထိုးဖောက်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ချေ။
ရဲချီယန်က ရထားခေါင်မိုးပေါ်တွင် ထိုင်ရင်း လီဆက် ကိုင်ထားပေးသော ပြောင်းဖူးပေါက်ပေါက်ပုံးထဲမှ ပေါက်ပေါက်များကို စားသုံးကာ ဤလုံးဝ စစ်မှန်လှသော စစ်ပွဲကြီးကို စောင့်ကြည့်နေလေ၏။ မျက်ရည်နီ မိုးပေါက်တစ်ပေါက် ကျဆင်းလာမှုနှင့်အတူ ဆူနာမီလှိုင်းကြီးက အရှေ့ဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာသည်။ ၎င်းကို ရထား၏ ကာကွယ်ရေးစနစ်များက တားဆီးပိတ်ဆို့လိုက်ပေ၏။ သို့သော် ၎င်း၏နောက်ကွယ်ရှိ ကျွန်းလေးကတော့ ထိုမျှ ကံမကောင်းခဲ့ပေ။ ၎င်းသည် အပ်ကြီးပျားများ၏ ထိုးဖောက်မှုကြောင့် အပေါက်အပြဲများ ဖြစ်နေခဲ့ပြီးဖြစ်ရာ ယခုအခါ ရေအောက်သို့ လုံးဝ နစ်မြုပ်သွားလေတော့သည်။
ရေကန့်လန့်ကာကြီး ပြိုကျသွား၏။ ၎င်းအတွင်း၌ ရေနွေးငွေ့ဘုရင်၏ အရွယ်အစားခန့်ရှိသော ဝေလငါး မကောင်းဆိုးဝါးကြီးတစ်ကောင်ကို ထုတ်ဖော်ပြသလိုက်ပေသည်။ ၎င်း၏ ဦးခေါင်းထက်တွင် မျက်လုံးတစ်တန်း ပေါက်ရောက်နေပြီး ဆူးတောင်များကို ဝှေ့ယမ်းလိုက်တိုင်း ရေလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေလေတော့သည်။
【 အဘူဒို ၏ မြင့်မြတ်သော ဝေလငါးကြီး 】
【 အဘူဒို ကမ္ဘာအတွင်း၌ လူအများက ပင်လယ်ဘုရင် ဟု သိထားကြသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ အိပ်ပျော်နေချိန်မှလွဲ၍ ၎င်းအနှစ်သက်ဆုံးအရာမှာ လူသားများကို တိုက်ခိုက်ခြင်းနှင့် သက်ရှိများကို ဝါးမျိုခြင်းပင် ဖြစ်သည် 】
【 သမုဒ္ဒရာ ရေစီးကြောင်း ရာသီရောက်လာတိုင်း ၎င်းက ပို၍ပင် သောင်းကျန်းတတ်ပါသည် 】
"မြင့်မြတ်သော ဝေလငါး ဟုတ်လား။ နာမည်ကို ကြည့်ရုံနဲ့တင် တော်တော် ရူးသွပ်နေမှန်း သိသာပါတယ်"
၎င်းက ဧရာမကြီးဖြစ်သော်လည်း လောဘတကြီး စားသောက်ခြင်း၏ စက်ယန္တရား တပ်မတော်ကြီးထံမှ အဆက်မပြတ် တိုက်ခိုက်မှုများနှင့် ရေနွေးငွေ့ဘုရင်၏ ရေနွေးငွေ့အမြောက်များဖြင့် ဆက်တိုက် ဗုံးကြဲခံရမှုတို့ကို ရင်ဆိုင်လိုက်ရသောအခါ ပထမဆုံးအကြိမ် ဆူနာမီလှိုင်းကြီးမှလွဲ၍ ၎င်း၏စွမ်းအားများကို အလွန်အမင်း ကုန်ခမ်းသွားခဲ့ပုံရပေသည်။
ငါးမိနစ်ပင် မပြည့်လိုက်ချေ။ ရေနွေးငွေ့ဘုရင်၏ ရေနွေးငွေ့အမြောက်များက ဝေလငါး မကောင်းဆိုးဝါးကြီး၏ ဦးခေါင်းဆီသို့ ချိန်ရွယ်လိုက်သောအခါ ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရှုပြီးသွားသည့် ရဲချီယန်က မတ်တပ်ရပ်လိုက်ပြီး သူ၏လက်ထဲတွင် အီဘိုနီ ထွက်ပေါ်လာလေ၏။
ကောင်းကင်ဘုံကို လုယူသော တောင်ပံများ။
ကောင်းကင်ယံဆီမှ အနက်ရောင် အလင်းကြက်တောင်အချို့ လွင့်မျောကျလာသည်။ ဤအခိုက်အတန့်တွင် ရဲချီယန်က အားနည်းနေသော မကောင်းဆိုးဝါးကြီး၏ ဦးခေါင်းထက်၌ ရောက်ရှိနေခဲ့ချေပြီ။
သူက လက်ထဲတွင် အီဘိုနီကို မြဲမြံစွာ ဆုပ်ကိုင်ထား၏။ သေနတ်ပြောင်းဝက အောက်ဘက်သို့ ချိန်ရွယ်ထားသည်။ သေနတ်သံ တရားစီရင်ခြင်း မော်ဂျူးကို အသက်သွင်းလိုက်လေပြီ။ အီဘိုနီ၏ ပြောင်းဝဆီမှ မှောင်မိုက်သော ရွှေရောင်အလင်းတန်းများက နောက်ပြန် စီးဆင်းလာသည်။ အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း စွမ်းရည်ကိုပါ ဖွင့်လိုက်တော့သည်။
【 တရားစီရင်ခြင်း 】
【 ၎င်း၏ အပြစ်များ အာဏာရှင်ဆန်ခြင်း၊ လူသတ်ခြင်း၊ လောဘတကြီး စားသောက်ခြင်း... အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း... 】
【 တရားစီရင်ချက် ကောက်ချက်ချ ပြီးစီးပါပြီ 】
【 သေဒဏ် 】
ခလုတ်ကို ဆွဲဖြုတ်လိုက်၏။ ဝုန်း ဟူသော အသံကြီး ထွက်ပေါ်လာသည်။
ဝေလငါး မကောင်းဆိုးဝါးကြီး၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲထွက်သွားလေတော့သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော လောဘတကြီး စားသောက်ခြင်းက ချက်ချင်း တက်လာ၏။ သို့သော် ထိုမတိုင်မီ ပို၍စောစီးစွာ ပြင်ဆင်ထားခဲ့သော ကျီးကန်းနတ်ဆိုးက ဝေလငါး၏ ဦးခေါင်း ကွဲအက်သွားသော နေရာဆီသို့ အရင်ဆုံး ပျံသန်းသွားပြီး ၎င်းထံမှ အသားတစ်တုံးကို လုယူသွားလေသည်။ ငွေရောင်သန်းနေသော ဆလိုင်းမ် အဖြူလေးသည် ဝေလငါး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို လုံးဝ ဖုံးလွှမ်းသွားသည်အထိ အဆက်မပြတ် ပြန့်ကျဲသွားကာ စတင် စားသုံးနေတော့၏။
ဤဝေလငါးကြီး လုံးဝ သေဆုံးသွားသော အခိုက်အတန့်မှာပင် သဲပုံစံငယ်ပေါ်ရှိ ဤပလက်ဖောင်း၏ ရန်လိုသော အန္တရာယ်ရှိသည့် ပစ်မှတ်ကို ကိုယ်စားပြုသော တည်နေရာ အမှတ်အသားများလည်း ပျောက်ကွယ်သွားတော့သည်။ အကယ်၍ စနစ်ကသာ ဤပလက်ဖောင်းကို ရှင်းလင်းရာတွင် ရဲချီယန်၏ စွမ်းဆောင်ရည်အတွက် ပြီးမြောက်မှု အဆင့်သတ်မှတ်ချက်တစ်ခု ပေးမည်ဆိုပါက ၎င်းမှာ သေချာပေါက် ရာနှုန်းပြည့်ပင် ဖြစ်ပေလိမ့်မည်။
"ပြီးသွားပြီ"
"ဒါဆိုရင် ထွက်ခွာရမယ့် အချိန်ရောက်ပြီပေါ့"
လောဘတကြီး စားသောက်ခြင်းက ထိုဆလိုင်းမ် အရွယ်အစား သေးသေးလေးဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ရဲချီယန်၏ ခြေဖဝါးတွင် ကပ်တွယ်သွားသောအခါ။ အမဲလိုက် စက်ယန္တရားနဂါးက အစောင့်အရှောက် မုဒ်မှ ထွက်ခွာပြီး လက်နက်တပ်ဆင်ရာ နေရာလွတ်ဆီသို့ ပြန်လည်ရောက်ရှိသွားသောအခါ။ ရထားစတင် ထွက်ခွာလာပြီး ဘီးများက အရှေ့သို့ ရွေ့လျားကာ ရေပက်ဖြန်းမှုများကို လွင့်စင်စေရင်း လေဟာနယ်ကို ဖြတ်သန်းသွားသောအခါ။
အဘူဒို ပင်လယ်။ အောင်နိုင်မှု ပြီးမြောက်သွားချေပြီ။
"ဟီးဟီး... ရတနာသေတ္တာကို အဆင့်မြင့် အသွင်ကူးပြောင်းဖို့ စတင်ရမယ့် အချိန်ပဲ"