အခန်း ၃၆၅
Vol. 30 Ch. 365
အခန်း (၃၆၅) အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာ
ရဲချီယန်က ခဏမျှ စဉ်းစားတွေးတောလိုက်လေ၏။
ဤ အချိန်စီးဆင်းမှု ထိန်းညှိခြင်းမော်ဂျူးက အမှန်တကယ်တော့ အတော်လေး ကောင်းမွန်ပေသည်။ သို့သော် ၎င်း၏တန်ဖိုးက မြင့်မားလေလေ၊ ကျူရှင်းထူ ပြောခဲ့သော လမ်းပြ ဆီမီးအိမ် ကို ရယူရန် ပို၍ ခက်ခဲလေလေ ဖြစ်ပေလိမ့်မည်။
သဘောတူလိုက်ရမလား။
မတူနိုင်ချေ။ သူ၏ စိတ်ကူးကို ပြောင်းလဲရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ပိုမှန်အောင် ပြောရလျှင် ကျူရှင်းထူနှင့် အရောင်းအဝယ်လုပ်ရန် မရည်ရွယ်ထားသလို ထိုဆီမီးအိမ်ကို ရှာဖွေရန်လည်း သက်သက်မဲ့ အချိန်ကုန်ခံမည် မဟုတ်ပေ။
ကောင်းကင်ယံဥယျာဉ်တွင် တစ်စုံတစ်ရာ ဖြစ်ပွားလာနိုင်သော်လည်း အဆုံးသတ်တွင်တော့ ပြဿနာများကို ကိုယ်တိုင် သွားရောက်ရှာဖွေရန် သူ ဘယ်သောအခါမှ မတွေးတောခဲ့ဘဲ ပြဿနာများကသာ သူ့ထံ အမြဲတမ်း လာရောက် ရန်စနေခဲ့ခြင်း ဖြစ်လေတော့သည်။
အကယ်၍သာ... တကယ်လို့သာ သူက ထူးခြားသော ဆီမီးအိမ်တစ်ခုကို အမှတ်မထင် တွေ့လိုက်ရမည်ဆိုပါက ၎င်းကို ယူဆောင်မလား၊ မယူဘူးလားဆိုသည်မှာလည်း အသုံးဝင်မှု ရှိမရှိအပေါ်တွင်သာ မူတည်နေပေလိမ့်မည်။
ထိုအချိန်စီးဆင်းမှု ထိန်းညှိခြင်း မော်ဂျူးအတွက်ကတော့ အရေးမကြီးလှချေ။ သူ ဤကမ္ဘာတွင် ရောက်ရှိနေခဲ့သည်မှာ ဘယ်လောက်တောင် ကြာနေပြီလဲ။ နောင်အနာဂတ်တွင် ၎င်းကို ရယူနိုင်မည့် အခွင့်အရေးများ အမြဲတမ်း ရှိနေဦးမည်သာ ဖြစ်၏။
"သူဌေး... ဘူတာရုံကမ္ဘာကို ရှင်းလင်းဖို့ပဲ အာရုံစိုက်ထားလိုက်ပါ။ ကျွန်တော်လို လူသစ်တစ်ယောက်နဲ့ အရောင်းအဝယ်လုပ်နေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ... ဟီးဟီး။ ပစ္စည်းတွေ ယူဖို့အတွက်ကတော့ ပိုပြီး သင့်တော်တဲ့သူတွေ ရှိနေလောက်ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ၊ ကျွန်တော် နည်းနည်း အလုပ်ရှုပ်နေလို့... သွားပြီနော်"
စကားပြောဆိုမှု အဆုံးသတ်သွားလေ၏။ ဘူတာရုံကမ္ဘာအတွင်း၌ ကျူရှင်းထူက ဘာမျှမတတ်နိုင်တော့သည့်အလား ပြုံးလိုက်ပေသည်။
"အို... ဒါက တကယ့်ကို... ငါမြင်တွေ့ခဲ့ရတဲ့ ကံကြမ္မာကို စကားလုံး အနည်းငယ်လေးနဲ့တင် ဖြတ်တောက်လိုက်တာပဲ"
"ဒါပေမဲ့လည်း... ဒီလိုက ပိုကောင်းပါတယ်လေ"
"အကယ်၍ လူတိုင်းကသာ ကံကြမ္မာရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ငြင်းဆန်နိုင်ကြမယ်ဆိုရင် ဗေဒင်ဆရာမ... ငါ့ကို ပြောပြပါဦး၊ လွင်တီးခေါင်ပြင်ကြီးထဲရှိ အရာအားလုံးက အဓိပ္ပာယ်မဲ့မနေတော့ဘူး မဟုတ်လား"
ဘုရားစူး ကတ်ပြား · ဗေဒင်ဆရာမ က ကျူရှင်းထူ၏ လက်ချောင်းထိပ်ဖျားလေးများထက်တွင် ညင်သာစွာ လည်ပတ်နေပြီး တောက်ပသော ကြယ်အလင်းမှုန်လေးများက လွင့်မျောထွက်ပေါ်နေလေ၏။
"ဟီးဟီး... အခု ငါ နားလည်သွားပြီ"
ကျူရှင်းထူက မတ်တပ်ရပ်လိုက်ကာ အကာအကွယ် ဒိုင်းလွှားပြင်ပရှိ လူသားပုံစံ မကောင်းဆိုးဝါးများထံသို့ သူမ၏အကြည့်များကို ဝေ့ဝဲကြည့်ရှုလိုက်လေတော့သည်။
"မင်းတို့အားလုံး မီးလောင်ပြာကျသွားလိမ့်မယ်လို့ ကံကြမ္မာက ငါ့ကို ပြောနေတယ်"
ကောင်းကင်ယံဆီမှ ကမ္ဘာပျက် ကံကြမ္မာမီးတောက်များ ကျဆင်းလာချေပြီ။ ကမ္ဘာကြီးသည် သူမပြောဆိုလိုက်သော ယုတ္တိမတန်သည့် ကံကြမ္မာကို နာခံနေခဲ့၏။
"အင်း... ဒီဘူတာကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ လိုပြီ"
သူမက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားကာ ကောင်းကင်ကြီးကို ပြုံးလျက် ငေးကြည့်နေလေ၏။ သူမ၏ မျက်လုံးများအတွင်းရှိ ကြယ်အမြုတေများက တောက်ပစွာ လင်းလက်နေပြီး ပါးပြင်ထက်တွင်တော့ သွေးပေါက်များ စီးကျနေပေသည်။
"ဒီလို ကမောက်ကမနိုင်လှတဲ့ ဇာတ်ခုံပေါ်မှာ ဒီတစ်ကြိမ်တော့ ဘယ်သူကများ ဇာတ်လိုက် ဖြစ်လာမလဲ"
"မောင်လေးရဲ... မင်းများ ဖြစ်လာမလား"
"လုံးဝကို ကြည့်မရ၊ နားထောင်လို့ မရတော့ဘူး"
"ဟီးဟီး... သိပ်ကို အံ့သြစရာကောင်းတာပဲ"
————
စကားပြောဆိုမှုကို အဆုံးသတ်ပြီးနောက် ရဲချီယန်က အကြောဆန့်လိုက်လေ၏။ သူ လိမ်ညာနေခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်လုပ်စရာများဖြင့် သူ အမှန်တကယ် အလုပ်ရှုပ်နေတော့မည် ဖြစ်သောကြောင့်ပင်။
ထိုဝေလငါးကြီးကို သတ်ဖြတ်ပြီးနောက် အီဘိုနီ၏ လုယူခြင်း စွမ်းရည်ကြောင့် ရဲချီယန်၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားတို့မှာ လုံးဝ ပြည့်ဝသွားခဲ့ချေပြီ။
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော အဆင့် (၈) ရတနာသေတ္တာတစ်ခုဖြစ်ရာ ဤအဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ခံယူပြီးနောက် မည်သည့်ပုံစံမျိုး ဖြစ်လာမည်ကို သူ သိချင်နေမိ၏။
"အဆင့် (၉) အထိ အဆင့်မြင့် အသွင်ကူးပြောင်းဖို့ အလားအလာ မလုံလောက်ဘူးဆိုတာ ယုတ္တိရှိပါတယ်"
အဆင့်မြင့် ရတနာသေတ္တာများအတွက် အဆင့်တစ်ခုနှင့်တစ်ခုကြား ကွာဟချက်မှာ အဆမတန် ကြီးမားလှပေသည်။ အရင်က သူရရှိခဲ့သောအရာများနှင့် မတူဘဲ ၎င်းတို့၏ အလားအလာသည် သူ့ကို အဆင့်အတန်းတစ်ခု ခုန်တက်သွားစေရန် မလုံလောက်ခဲ့ချေ။
"စလိုက်ကြစို့"
ရဲချီယန်က လက်ဖဝါးကို ဆန့်ထုတ်ကာ လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့်ရှိသော ကမာကောင်ကြီးပေါ်သို့ ဖိချလိုက်လေ၏။ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း စွမ်းအားများက ၎င်းအတွင်းသို့ စီးဝင်သွားတော့သည်။
အတိတ်က အဆင့် (၈) ရတနာသေတ္တာများအပေါ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ခဲ့ရသော ခံစားချက်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ များစွာ ပို၍ လွယ်ကူနေပေပြီ။
【 အဆင့်မြင့် အသွင်ကူးပြောင်းခြင်း 】 သူက စိတ်ထဲမှ တီးတိုးရေရွတ်လိုက်လေ၏။
ကမာကောင် ရတနာသေတ္တာတစ်ခုလုံးက ၎င်း၏ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်ဟလာသည်။
ကျွတ်... ကွဲအက်သံ...
ကွဲအက်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံသည် ရတနာသေတ္တာအတွင်းပိုင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရဲချီယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်မပစ်ခဲ့ပေ။
"ဒါက ပျက်စီးတော့မလို့လား။ မဟုတ်ဘူး... ဒီခံစားချက်က အဆုံးစွန် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း များလား"
ဂွမ်း ဟူသော အသံနှင့်အတူ ကမာကောင် ရတနာသေတ္တာတစ်ခုလုံးသည် လုံးဝ ပွင့်ဟသွားသော အခိုက်အတန့်မှာပင် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ တောက်ပသော ရေပြာရောင် အလင်းစီးကြောင်းတစ်ခုက ဤအပိုင်းအစများကို ချိတ်ဆက်ကာ ပြန်လည် တည်ဆောက်လိုက်၊ ပြန်လည် ကွဲအက်သွားလိုက်နှင့် နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်လိုက် ဖြစ်နေတော့၏။ ဤဖြစ်စဉ်က သုံးကြိမ်တိတိ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင်တော့...
【 ကိုယ်ခံစွမ်းအား ၂၀၀ → ၈၀ 】 【 စိတ်စွမ်းအား ၂၄၀ → ၆၀ 】 【 အဆင့်မြင့် အသွင်ကူးပြောင်းခြင်း အောင်မြင်ပါသည် 】 【 ရတနာသေတ္တာ (အဆင့် ၈) → အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာ (အဆင့် ၈) 】
【 အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာ (အဆင့် ၈) 】 【 အကြောင်းရင်း မသိရဘဲ ထွက်ပေါ်လာသော အထူး ရတနာသေတ္တာတစ်ခု ဖြစ်သည်။ ၎င်းသည် အဆင့် (၈) ဖြစ်သော်လည်း အတွင်း၌ ကျပန်း အဆင့် (၈) သို့မဟုတ် (၉) ပစ္စည်းတစ်ခု ပါဝင်ပြီး ရထားဒင်္ဂါး (၁၈) ပြားလည်း ပါဝင်ပါသည် 】 【 မှတ်ချက် ထူးဆန်းသော ရတနာသေတ္တာတစ်ခုဖြစ်ပြီး ၎င်းသည် အမှန်တကယ် တည်ရှိသင့်ပါသလား 】
ရဲချီယန်က လက်ဖဝါးအရွယ်အစားခန့်သာရှိပြီး ရတနာသေတ္တာ တစ်ခုနှင့် အလွန်တူသော သူ၏လက်ထဲရှိ သေတ္တာလေးကို ကြည့်ရင်း အနည်းငယ် အံ့သြမှင်တက်သွားလေ၏။
"ဒါက တကယ်ကြီး ဒီလိုပုံစံ ပြောင်းသွားတာလား"
တစ်ဖက်တစ်လမ်းမှ ကြည့်လျှင် ဤအရာက အဆင့် (၈) ရတနာသေတ္တာ၏ အလားအလာကို အမြင့်ဆုံးသို့ ရောက်ရှိစေမည့် နည်းလမ်းပင် ဖြစ်ချေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကိုယ်တိုင် အဆင့် (၉) သို့ မရောက်ရှိနိုင်သောကြောင့်ပင်။
သို့သော် ရဲချီယန်၏ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပါရမီက ဒုတိယအကြိမ် အဆင့်မြင့် အသွင်ကူးပြောင်းမှုကို ပြီးမြောက်ပြီးနောက် ၎င်း၏စွမ်းဆောင်ရည်မှာ များစွာ တိုးတက်လာခဲ့ရာ အလားအလာ မလုံလောက်သော ဤရတနာသေတ္တာကိုပင် အဆင့် (၉) ပစ္စည်းတစ်ခု ဖွင့်ဖောက်ပေးနိုင်မည့် အခွင့်အရေး ရှိလာစေခဲ့၏။ ၎င်းအတွက် ကံကောင်းခြင်းသာ လိုအပ်ပေသည်။
အကယ်၍ ကံကောင်းမှုသာ လုံလောက်ခဲ့လျှင် အတွင်းရှိပစ္စည်းက အဆင့် (၉) ဖြစ်လာပေလိမ့်မည်။ ပြောင်းပြန်အားဖြင့်ဆိုလျှင်တော့ အဆင့် (၈) သာ ဖြစ်နေမည်တည်း။
"ပိုကောင်းလာမလား၊ ပိုဆိုးသွားမလားပေါ့... စိတ်ဝင်စားစရာပဲ"
ရဲချီယန်က လက်ထဲရှိ ရတနာသေတ္တာလေးကို ညင်သာစွာ မြှောက်ဆော့လိုက်လေ၏။
ကံကောင်းခြင်း။ သူ၏ ကံကောင်းမှုက အမှန်တကယ်တော့ အတော်လေး ကောင်းမွန်နေပြီဟု ခံစားရသော်လည်း ရဲချီယန်က သူ၏ကံကို ပို၍ပင် ကောင်းမွန်လာစေမည့် နည်းလမ်းတစ်ခုကို သိထားပေသည်။
"ငါ ကောင်းကင်ယံဥယျာဉ်ဆီကို ခရီးတစ်ခေါက်တော့ တကယ် သွားရလောက်ပြီ"
"အချိန်အတော်ကြာမှ ကံကောင်းခြင်းတချို့ကို ငှားရမ်းရမှာပေါ့... အို၊ ဒါက ငှားရမ်းတာလို့တော့ သတ်မှတ်လို့ မရပါဘူးလေ"
လက်ဖျစ်တစ်ချက် တီးလိုက်၏။ 【 လောင်းကစား ကတ်ပြား · နှလုံးသား သော့ခတ်ပန်း 】 က သူ၏လက်ထဲတွင် ထွက်ပေါ်လာလေတော့သည်။
ဤကတ်ပြား အစီအစဉ်သည် ရဲချီယန်အတွက်တော့ အရေးပါမှု သိပ်မရှိလှချေ။ မဟုတ်ဘူး... ၎င်းမှာ အခြေခံအားဖြင့် အဓိပ္ပာယ်မဲ့နေသည်ဟုပင် ဆိုနိုင်ပေသည်။ ၎င်း၏စွမ်းရည်ကို သူ အမှန်တကယ် စမ်းသပ် အသုံးပြုကြည့်ပြီးဖြစ်၏။ ရိုးရိုးသားသား ပြောရလျှင်... ၎င်းက နတ်ဆိုး ကတ်ပြား၏ စွမ်းရည်များထက် များစွာ အလှမ်းဝေး နိမ့်ကျနေခဲ့သည်။
၎င်းကို လက်ထဲတွင် ပုပ်သိုးသွားစေမည့်အစား သူ့အတွက် ပိုမိုတန်ဖိုးရှိသော ပစ္စည်းများ သို့မဟုတ် များပြားလှသော ရထားဒင်္ဂါးများနှင့် လဲလှယ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကျောက်လင်【 ကံကြမ္မာ ထိန်းညှိမှု 】 ပါရမီကို ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ဦးပင်။ သူမနှင့် မတွေ့ရသည်မှာ အတော်လေး ကြာမြင့်ခဲ့ချေပြီ။ ကံကောင်းခြင်း ပလက်ဖောင်းအတွင်း၌ သူမက စည်းစိမ်ဥစ္စာ မည်မျှအထိတောင် စုဆောင်းထားနိုင်လောက်ပြီလဲ။ သူမနှင့် ပြီးပြည့်စုံသော အရောင်းအဝယ်တစ်ခု ပြုလုပ်ရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်၏။
"ရတနာသေတ္တာထဲကနေ အဆင့် (၉) ပစ္စည်းတစ်ခုသာ ထွက်လာခဲ့ရင် သူ့ဆီက ငွေနည်းနည်း ပိုလျှော့ယူလိုက်မယ်"
အင်း... ပြောင်းပြန်အားဖြင့်ဆိုလျှင်တော့ ထွက်မလာခဲ့လျှင် ငါ ပိုပြီး ဈေးတင်ယူရမှာပေါ့။
ကျောက်လင်က ဤကတ်ပြား အစီအစဉ်ကို မဝယ်ချင်ဘဲ နေမလားဆိုသည်အတွက်ကတော့... သူမက ထိုမျှအထိ မမိုက်မဲချေ။ ကတ်ပြား အစီအစဉ်တစ်ခု၏ တန်ဖိုးကို ၎င်းအား မပိုင်ဆိုင်ထားသူများကသာ လျှော့တွက်တတ်ကြခြင်း ဖြစ်သည်။ ကတ်ပြား အစီအစဉ်ကို ကိုင်ဆောင်ထားသူတိုင်းသည် မိမိတို့ ပိုင်ဆိုင်ထားသော ကတ်ပြား အစီအစဉ်များကို အစုံအလင် စုဆောင်းလိုခြင်း မရှိသူဟူ၍ မရှိနိုင်ပေ။
ရဲချီယန်က ရတနာသေတ္တာလေးကို သူ၏ သိုလှောင်ခန်းထဲသို့ ထည့်လိုက်လေ၏။ ထို့နောက် သူက ကုတင်ပေါ်သို့ ပစ်လှဲချလိုက်ပြီး အထက်ရှိ ခေါင်မိုးပြတင်းပေါက်ပြင်ပမှ မိုးပြာရောင် ကောင်းကင်ကြီးကို ငေးကြည့်ကာ စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေမိသည်။
ကောင်းကင်ယံဥယျာဉ်။ အာကာသထဲတွင် လွင့်မျောနေသော ထိုမြို့တော်ကြီး။ အဲဒီနေရာမှာ ဘာတွေများ အတိအကျ ဖြစ်လာဦးမလဲ။ သူက မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်လေတော့သည်။
ညဉ့်ယံ ရောက်ရှိလာပြီး ပိုမို အေးမြလာခဲ့၏... သူ၏ရင်ဘတ်ပေါ်တွင် အနားယူနေသော အိပ်မက်စားသုံးသူ ဂျယ်လီငါးငယ်လေးက ခေါင်းပြူထွက်လာပြီး ၎င်း၏ စမ်းသပ်တံလေးများကို အသုံးပြုကာ ရဲချီယန်၏ မျက်နှာကို ညင်သာစွာ ထိုးဆွနေပေသည်။
ရဲချီယန်၏ ဘေးနားတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေသော လီဆက်က ၎င်းကို လှမ်းဖမ်းလိုက်ပြီး သူမ၏ ခေါင်းပေါ်သို့ တင်ထားလိုက်လေ၏။ သူမက သခင်ဖြစ်သူ၏ အေးချမ်းလှသော အိပ်မောကျနေသည့် မျက်နှာကို ငေးကြည့်ရင်း သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်တစ်ခုကို ညင်သာစွာ ညည်းတွားနေတော့သည်။ ယနေ့တွင်တော့ သူက အိပ်မက်လှလှတစ်ခုကို မက်ကောင်း မက်နေပေလိမ့်မည်။
စိုက်ပျိုးရေး ရထားတွဲအတွင်း၌ လှပသော ပန်းပွင့်များသည် မှေးမှိန်သော အလင်းရောင်လေးများနှင့်အတူ ပွင့်ဖူးနေကြ၏။ မြေအောက်ကမ္ဘာ ထာဝရပန်းလေးက တီးတိုး ညည်းတွားနေလေသည်။ တစ်ကမ္ဘာလုံးက ၎င်းအတွက် ငြိမ်သက်သွားစေသည့်အလားပင်။ ပန်းပွင့်၏ နှလုံးသားဆီမှ သေးငယ်သော ပုံရိပ်ယောင်လေးတစ်ခု လက်သွား၏။ ဖြစ်နိုင်ခြေရှိသည်မှာ အချိန်သိပ်ပြီး ကြာတော့မည် မဟုတ်ပေ။ မြေအောက်ကမ္ဘာ ထာဝရပန်းလေး၏ နတ်သမီးလေးက မကြာမီ မွေးဖွားလာတော့မည် ဖြစ်လေသတည်း။