အခန်း ၃၆၇
Vol. 30 Ch. 367
အခန်း (၃၆၇) ရဲချီယန်၏ ဖြုန်းတီးလွန်ကဲမှု
"အိမ်မွေးတိရစ္ဆာန် စစ်တလင်းမှ ကြိုဆိုပါတယ်... လေးစားရပါသော ရထားမောင်းနှင်သူ၊ လမ်းပြတစ်ယောက်လောက် လိုအပ်မလား"
ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ရဲချီယန်က သူ၏ရထားကို မေးထရစ်ထဲသို့ သိမ်းဆည်းလိုက်လေ၏။ ပလက်ဖောင်းပြင်ပသို့ လျှောက်လှမ်းသွားသောအခါ ရုပ်ရည်သန့်ပြန့်လှပသော အမျိုးသား၊ အမျိုးသမီး အများအပြားက အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပေသည်။ သူတို့မှာ စစ်တလင်းအတွက် လမ်းပြများဖြစ်ကြပြီး ကောင်းကင်ယံဥယျာဉ်အတွင်း၌ နေထိုင်ကြသော ဌာနေလူသားများပင် ဖြစ်လေတော့သည်။
သူတို့၏ မိတ်ဆက်ရှင်းပြမှုမှတစ်ဆင့် ဤစစ်တလင်းအကြောင်းကို ရဲချီယန် ကနဦး နားလည်သဘောပေါက်သွားခဲ့၏။ နာမည်နှင့်လိုက်ဖက်စွာပင် ရထားမောင်းနှင်သူများသည် သူတို့၏ ဆင့်ခေါ်ကောင်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ ဖန်တီးထားသော စက်ယန္တရားများ သို့မဟုတ် သူတို့၌ရှိသမျှ အရာအားလုံးကို ဤစစ်တလင်းအတွင်းသို့ ခေါ်ဆောင်လာကာ ပြိုင်ပွဲများအတွက် စာရင်းပေးသွင်းကြခြင်း ဖြစ်သည်။ အနိုင်ရရှိသူများက ရက်ရောသော ဆုလာဘ်များကို ရရှိကြပေလိမ့်မည်။ ဥပမာအားဖြင့် ရထားဒင်္ဂါး အပြားအနည်းငယ်ခန့်များလား။
ထိုမျှလောက် များပြားလှပုံတော့ မရချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ပြိုင်ပွဲတစ်ခုသက်သက်သာဖြစ်ပြီး အချို့သော ရထားမောင်းနှင်သူများအတွက်ကတော့ ကစားပွဲတစ်ခုထက် မပိုခဲ့ပေ။
သေချာပေါက် သာမန် ရထားမောင်းနှင်သူ အများစုအတွက်ကတော့ ရထားဒင်္ဂါး အပြားအနည်းငယ်ဆိုသည်မှာ အတော်လေးကို ရက်ရောလှသော ဆုလာဘ်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်၏။ စစ်တလင်းအတွင်း၌ ဖျော်ဖြေရေးအတွက် လောင်းကြေးရေကန် အများအပြားလည်း ရှိပေသည်။ နေ့စဉ်နှင့်အမျှ လူတစ်ယောက်အနေဖြင့် ကြွယ်ဝချမ်းသာမှု အတော်များများကို ရယူနိုင်လောက်ပေသည်။
သို့သော် ဤအရာက ရဲချီယန်၏ အဓိက အာရုံစိုက်မှု မဟုတ်ခဲ့ချေ။ သူ သိချင်နေခဲ့သည်မှာ ကောင်းကင်ယံဥယျာဉ်ဆီသို့ သူ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်က နေရာအနှံ့အပြားသို့ ဝင်ရောက်ခဲ့ဖူးခြင်းပင် ဖြစ်သည်။ ဤမြို့တော်နှင့် ပတ်သက်၍ အနည်းအကျဉ်း နားလည်ထားသည်ဟုလည်း ဆိုနိုင်ပေ၏။ သို့သော် ထိုအချိန်က ကောင်းကင်ယံဥယျာဉ်အတွင်း၌ ဤကဲ့သို့သော စစ်တလင်းမျိုးရှိကြောင်းကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပေ။ ဤစစ်တလင်းက သူ သွားရောက်ခဲ့သော နေရာနှင့်မတူသည့် ဆယ့်ခြောက်ခုမြောက် ဇုန်တွင် တည်ရှိနေလျှင်တောင်မှ ဘာမျှ ကွာခြားသွားမည် မဟုတ်ချေ။
"အာ... ခင်ဗျားက ပြီးခဲ့တဲ့ ပြိုကျမှုဖြစ်စဉ်ကြီးမှာ ရှိနေခဲ့တဲ့ ကိုယ်တွေ့မျက်မြင်သက်သေတစ်ဦးကိုး... တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" လမ်းပြဖြစ်သူက ရဲချီယန်အပေါ် လေးစားမှုကို ဖော်ပြလာ၏။ ဤလေးစားမှုတွင် မည်သည့် အတုအယောင် ဟန်ဆောင်မှုမျှ ရောနှောမနေခဲ့ဘဲ သူရဲကောင်းတစ်ဦးကို မြင်တွေ့လိုက်ရသည့်အလားပင် ဖြစ်လေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူက ရဲချီယန်၏ မေးခွန်းကို ပြန်လည် ဖြေကြားပေးလိုက်တော့သည်။
"ပြီးခဲ့တဲ့ ပြိုကျမှုဖြစ်စဉ်ကြီး ဖြစ်ပွားပြီးကတည်းက ကောင်းကင်ယံဥယျာဉ်မှာ အချိန်သုံးလတိတိ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီစစ်တလင်းကို ထိုကာလအတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပြီး ကောင်းကင်ယံဥယျာဉ်ဆီ လာရောက်ကြတဲ့ ရထားမောင်းနှင်သူတွေအတွက် ဖျော်ဖြေရေး နေရာတစ်ခု ဖြစ်လာခဲ့တာပါ"
"ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင်... ၎င်းက ကောင်းကင်ယံဥယျာဉ်ကြီးကို ကာကွယ်ပြီး ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် အုပ်ချုပ်ရေးဌာနရဲ့ ကြီးမြတ်လှတဲ့ ဝန်ကြီးနဲ့ မြို့တော်ဝန်တို့ ဖန်တီးခဲ့ကြတဲ့ ကြီးမားလှသော အံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုကြောင့်ပါပဲ"
"ပြီးတော့ ဒီအံ့ဖွယ်ဖြစ်ရပ်ကြီးက ကောင်းကင်ယံဥယျာဉ် ပြန်လည် တည်ဆောက်မှုနဲ့အတူ အချိန်စီးဆင်းမှုနှုန်းကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေပြီး ကြီးမြတ်၊ လျှို့ဝှက်ဆန်းကြယ်ကာ တမ်းတဖွယ်ကောင်းလှတဲ့ လွင်တီးခေါင်ပြင်ကြီးရဲ့ အချိန်နဲ့ တစ်ပြေးညီတည်း ဖြစ်သွားစေခဲ့တာပါ..."
ထိုလမ်းပြ၏ ရုတ်တရက် ရူးသွပ်မတတ် ပြောဆိုနေမှုများကို လျစ်လျူရှုကာ ရဲချီယန်က ဘေးဘက်သို့ လျှောက်သွားလိုက်လေ၏။ သုံးလတောင်လား။
"ဒီမြို့တော်နဲ့ လွင်တီးခေါင်ပြင်ကြားက အချိန်စီးဆင်းမှုနှုန်းကို သူတို့က အမှန်တကယ် လှည့်စား ခြယ်လှယ်နိုင်လိမ့်မယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး"
"စိတ်ဝင်စားစရာပဲ"
ထိပ်တန်းအဆင့် ရထားမောင်းနှင်သူတစ်ယောက်၏ နည်းလမ်းများမှာ အဆုံးအစမရှိနိုင်လောက်အောင်ပင်။ လူအများအပြားက လွန်ခဲ့သော သုံးနှစ်ခန့်က အရင်တစ်သုတ်တွင် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သော ရထားမောင်းနှင်သူများနှင့် တူနေပုံရပေလိမ့်မည်။ သို့သော် ထိုသူက အဆင့်မြင့် ပလက်ဖောင်းတစ်ခုဆီသို့ ဝင်ရောက်နိုင်သွားသည်နှင့် တစ်ပြိုင်နက် လွင်တီးခေါင်ပြင်ထဲသို့ သူတို့ ဝင်ရောက်လာသည့် အချိန်ကာလအပေါ် မူတည်ပြီး သူတို့၏ ခွန်အားကို အကဲဖြတ်၍ မရနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူအနေဖြင့် အချိန်စီးဆင်းမှု အလွန်အမင်း နှေးကွေးလှသော ပလက်ဖောင်းတစ်ခုအတွင်း၌ နှစ်ပေါင်းမည်မျှအထိတောင် အချိန်ကုန်ဆုံးခဲ့ကြောင်းကို မည်သူမျှ မသိနိုင်သောကြောင့်ပင် ဖြစ်လေတော့သည်။
အမှန်တကယ်တော့ ရက်အနည်းငယ်ကြာတိုင်း နောက်ထပ် ပလက်ဖောင်းတစ်ခုဆီသို့ အဆက်မပြတ် ပြောင်းရွှေ့နေတတ်သော ရဲချီယန်ကဲ့သို့ လူမျိုးမှာ များများစားစား ရှိမနေသင့်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တွင် ဝေါလီ ရှိမနေခဲ့ရာ ရတနာသေတ္တာများကို ရှာဖွေရန် လိုအပ်သည့်အချိန်မှာ များစွာ ပို၍ ကြာမြင့်နေပေလိမ့်မည်။ သေချာပေါက် ထိုကဲ့သို့သော လူများသည် အဆုံးသတ်တွင်တော့ ပလက်ဖောင်းတစ်ခုအတွင်းမှ အသေးစိတ်ကျသော သယံဇာတများကို ပိုမို ရရှိသွားကြမည်သာ ဖြစ်၏။ အဆင့်မြင့် ပစ္စည်းများမှသည် သစ်သားနှင့် သတ္တုများအထိတောင် ပါဝင်ပေသည်။ တစ်ဖက်တစ်လမ်းမှ ကြည့်လျှင် ရဲချီယန်က အလွန်အမင်းကို ဖြုန်းတီးလွန်ကဲလွန်းနေခဲ့၏။
"အကယ်၍ အချိန်စီးဆင်းမှုနှုန်းကသာ ကွာခြားနေမယ်ဆိုရင် ငါ ကျောက်လင်နဲ့ ဆက်သွယ်လို့ မရနိုင်တော့ဘူးပေါ့"
သူက သူငယ်ချင်းစာရင်းကို ဖွင့်ကြည့်လိုက်လေသည်။ "ဟင်" ထိုအထဲတွင် အလင်းရောင်များဖြင့် လက်နေသော နာမည်နှစ်ခု အမှန်တကယ် ရှိနေခဲ့၏။ ပထမတစ်ယောက်မှာ ခုလေးတင် ပြောနေမိသော ကျောက်လင်ပင် ဖြစ်ပေသည်။ နောက်တစ်ယောက်ကတော့... "ရှာယာလား။ သူက တကယ်ကြီး ဒီမှာ ရှိနေတာပဲ"
မကြာမီက ကျူရှင်းထူ ပြောခဲ့သည့်စကားများကို ရဲချီယန် မှတ်မိနေဆဲပင် ဖြစ်၏။ သူက အနည်းငယ် တွေဝေသွားပြီး လောလောဆယ်တော့ ရှာယာနှင့် ဆက်သွယ်ပြောဆိုခြင်း မပြုခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူမ ဤနေရာတွင် ရှိနေသဖြင့် နောက်ထပ် အကြံအစည် တစ်ခုခုများ ရှိနေပြန်မလား မသိနိုင်ပေ။ အနည်းဆုံးတော့ ယခုအချိန်အထိ ထိုလူလိမ်မ ကျူရှင်းထူ ဖန်တီးထားသော အမည်မသိ အကြံအစည်တစ်ခုခုထဲသို့ ရဲချီယန် ဝင်ရောက် မပတ်သက်ချင်သေးချေ။
သူက ကျောက်လင်နှင့် ပြောဆိုထားသော ချက်ဘောက်စ် မျက်နှာပြင်ကို ဖွင့်လိုက်လေ၏။ "မင်း ဘယ်မှာလဲ"
ချမ်းသာသော မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းရှိ ဂိမ်းခန်းမတစ်ခုအတွင်း၌ ကျောက်လင်သည် သူမရှေ့ရှိ ဂဏန်း ၇ သုံးလုံး တန်းနေသော စလော့ဂိမ်းစက်ကိုကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကြားမှ ဆုလက်မှတ် အမြောက်အမြားကို ဆွဲထုတ်ကာ အရှေ့ကောင်တာဆီသို့ ယူဆောင်သွားလေ၏။ အံ့သြမှင်တက်နေသော ကောင်တာဝန်ထမ်း၏ အကြည့်များအောက်တွင် သူမက နောက်ကွယ်ရှိ ရေပြာရောင် ပုံဆောင်ခဲလုံးလေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ "သဘောတူထားတဲ့အတိုင်းပဲ... ဆုလက်မှတ် ခုနစ်သိန်းနဲ့ ဒီအထူးဆုကြီးကို လဲလို့ရတယ် မဟုတ်လား၊ ကျွန်မ အဲဒါကို လိုချင်တယ်"
ဝန်ထမ်းဖြစ်သူက သတိပြန်ဝင်လာပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် လက်မှတ်အစည်းလိုက်ကြီးကိုယူကာ နာရီအတော်ကြာ ဆက်တိုက် အလုပ်လုပ်နေခဲ့ရသော လက်မှတ်ရေတွက်သည့် စက်ထဲသို့ ထိုးထည့်လိုက်လေ၏။ ထို့နောက် သူမက ပုံဆောင်ခဲလုံးလေးကို ကျောက်လင်ထံ ကမ်းပေးလိုက်တော့သည်။
"ဂုဏ်... ဂုဏ်ပြုပါတယ်ရှင်။ ကျွန်မတို့ဆိုင်မှာ အထူးဆုကြီးကို ပထမဆုံးအကြိမ်... ဆွတ်ခူးရရှိသွားတဲ့သူ ဖြစ်လာတဲ့အတွက်ပါ။ ကျွန်မတို့ အမှတ်တရ ဓာတ်ပုံလေး..."
"ဟေး... ဟေး... ဟေး" ပုံဆောင်ခဲလုံးလေးကို ရရှိပြီးနောက် ကျောက်လင်က လှည့်တောင်မကြည့်ဘဲ တဟုန်ထိုး ပြေးထွက်သွားခဲ့ရာ သူမကို အော်ခေါ်နေသော ဝန်ထမ်းဖြစ်သူ၏ အသံမှာ အချည်းနှီးသာ ဖြစ်သွားလေတော့သည်။
ဂိမ်းခန်းမမှ ထွက်လာပြီးနောက် ပုံဆောင်ခဲလုံးလေးကို လက်ကောက်ဝတ်ရှိ သိုလှောင်ရေး လက်ကောက်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ကျောက်လင်က ကျောပိုးအိတ်ထဲမှ ရထားဆက်သွယ်ရေးစနစ်နှင့် ချိတ်ဆက်ထားသော တက်ဘလက်ကို ထုတ်ယူလိုက်ရာ ၎င်းထက်တွင် အထူးတလည် လင်းလက်နေသော ပုံရိပ်ငယ်လေးတစ်ခုကို မြင်လိုက်ရသဖြင့် သူမ၏မျက်နှာပေါ်တွင် တောက်ပလှသော အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။
"အစ်ကိုချီယန်... အစ်ကိုလည်း ကောင်းကင်ယံဥယျာဉ်ထဲ ဝင်လာတာလား။ ကျွန်မက ဆယ့်နှစ်ခုမြောက် ဇုန်ထဲမှာ ရှိနေတာပါ။ အမှန်တော့ ဒီနေရာက တော်တော်လေး ကြောက်စရာကောင်းတယ် သိလား။ ကျွန်မ ဒီမနက်မှ ဝင်လာခဲ့တာဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ ဒီကနေ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်လို့ မရနိုင်ဘူးဆိုတာကို သိလိုက်ရတယ်။ ပြီးတော့ လုံးဝကို နားလည်လို့မရနိုင်တဲ့ အချိန်စီးဆင်းမှုနှုန်း ကွာခြားချက်ကြီးလည်း ရှိနေသေးတယ်လေ။ အစ်ကိုပါ ရောက်လာလို့တော်သေးတာပေါ့၊ မဟုတ်ရင် ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မ တကယ်ကို သိမှာမဟုတ်ဘူး"
"ကိုယ်က ဆယ့်ခြောက်ခုမြောက် ဇုန်ထဲမှာ ရှိနေတာပါ။ ဒီမှာ စစ်တလင်းတစ်ခုရှိတာကို မင်း သိလား။ ကိုယ့်ဆီ လာခဲ့ပါ"
"ဟင်... ကျွန်မ ကြားတော့ ကြားဖူးသလိုပဲ။ အစ်ကိုချီယန်... အဲဒီနေရာမှာ တစ်ခုခုများ ဖြစ်လာတော့မလို့လား"
"မင်းကို ငွေရှာဖို့ ခေါ်သွားမလို့"
ရဲချီယန်က ပွဲကြည့်ပရိသတ်တစ်ဦးအနေဖြင့် ဥယျာဉ်ဒင်္ဂါး (၁၀၀) သုံးစွဲကာ စစ်တလင်းအတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားလေ၏။
အတွင်းပိုင်းမှာ နေရာလွတ် ဖိသိပ်ခြင်းကို ပြုလုပ်ထားပုံရပေသည်။ အလွန်အမင်း ကြီးမားလှသော နေရာပြင်ကြီးကို ဇုန်ငယ်ပေါင်း ဒါဇင်များစွာအဖြစ် ခွဲခြားထား၏။ ဇုန်တစ်ခုစီတွင် သီးခြား စစ်တလင်းတစ်ခုစီ ရှိလေသည်။
ထိုဥယျာဉ်ဒင်္ဂါး (၁၀၀) ကို သုံးစွဲပြီးနောက် လွတ်နေသော ထိုင်ခုံများ ရှိနေသေးသရွေ့ အတွင်းရှိ မည်သည့် စစ်တလင်းဆီသို့မဆို ပွဲစဉ်များကြည့်ရှုရန် လွတ်လပ်စွာ ဝင်ရောက်နိုင်ပေလိမ့်မည်။
ထို့အပြင် အမျိုးမျိုးသော စစ်တလင်းများအကြား၌ ဌာနေလူသားများနှင့် ရှေ့ဆက် တိုးတက်ရန် ရပ်တန့်သွားကြသော ယခင် ရထားမောင်းနှင်သူဟောင်း အမြောက်အမြားကလည်း စီးပွားရေးလုပ်ငန်း အသီးသီးကို လုပ်ကိုင်နေကြပေသည်။
ထိုသူတို့၏ အမူအကျင့်များကို ကြည့်ရှုရသလောက် ဆော်လမွန် မြို့တော်နှင့် ကြယ်တစ်ထောင်မြို့တော်တို့၌နှင့် မတူဘဲ ဤကောင်းကင်ယံဥယျာဉ်အတွင်းတွင် ရထားမောင်းနှင်သူ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ကြသူများမှာ အလွန်အမင်း နိမ့်ကျသော အဆင့်အတန်း၌ ရှိနေကြပုံရ၏။ သူတို့သည် ဤနေရာရှိ ဌာနေလူသားများ၏ အနိုင်ကျင့် ဗိုလ်ကျမှုကိုပင် ခံနေကြရပြီး ပြန်လည် ခုခံရန်ပင် မရဲကြချေ။
ခဏမျှ စောင့်ဆိုင်းပြီးနောက် ရဲချီယန်က လေဟာပြင် ကော်ဖီဆိုင်တစ်ခုတွင် ထိုင်စောင့်နေခဲ့လေ၏။ သူ၏နောက်ကွယ်ဆီမှ တိတ်တဆိတ် လျှောက်လှမ်းလာသော ခြေသံတစ်သံ ထွက်ပေါ်လာသည်။ သွယ်လျသော လက်ဖဝါးလေးတစ်ခုက သူ၏ ဘယ်ဘက်ပခုံးကို ညင်သာစွာ ပုတ်လိုက်ပေ၏။
ရဲချီယန်က ဘာပြောရမှန်းမသိတော့ဘဲ ပြုံးလိုက်ကာ သူ၏ ညာဘက်ခြမ်းဆီသို့ လက်ဆန့်ထုတ်၍ လှမ်းဖမ်းလိုက်တော့သည်။ "ဟီးဟီး... အစ်ကိုချီယန် ဖမ်းမိသွားပြန်ပြီပဲ"
ကျောက်လင်ကို မြင်လိုက်ရသဖြင့် ရဲချီယန်က သူမ၏ လက်မောင်းကို ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်လေ၏။ "မင်း ဒီလိုလုပ်နေတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။ တစ်ခါလောက်များ အောင်မြင်ဖူးလို့လား။"