← Chapters

အခန်း ၃၆၈

Vol. 30 Ch. 368

အခန်း ၃၆၈

Vol. 30 Ch. 368

အခန်း (၃၆၈) လောင်းကြေးထပ်ကာ ငွေရှာခြင်း

"ကိစ္စမရှိပါဘူး။ စောစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် အောင်မြင်လာမှာပါ"

ကျောက်လင်က ခပ်ဟဟ ရယ်မောလိုက်ပြီး ရဲချီယန်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သော်လည်း သူမ၏အကြည့်များကတော့ လီဆက်ဆီသို့ အလိုအလျောက် ရောက်ရှိသွားလေ၏။

"အစ်ကိုချီယန်... အရင်တစ်ခေါက်က မမေးလိုက်ရဘူး။ ဒီအစ်မကြီးက ဘယ်သူလဲ"

"သူက အစေခံလေ။ ဘယ်လိုလဲ၊ အားကျနေပြီလား"

ကျောက်လင်က မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားတော့သည်။

ယနေ့ခေတ်တွင် ဤဇုန်အတွင်းရှိ သူတို့နှင့် တစ်သုတ်တည်း အတူတူဝင်ရောက်လာကြသော ရထားမောင်းနှင်သူ နှစ်ထောင်ခန့်မှာ အလွန်အမင်း ဆင်းရဲကျပ်တည်းစွာ နေထိုင်နေကြရပေသည်။

သူမကိုယ်တိုင်အပါအဝင် ရှန်ကွမ်းရင်းရွှယ်နှင့် ကျောက်အန်းတို့ကဲ့သို့သော အလွန်နည်းပါးလှသည့် လူတစ်စုလောက်သာလျှင် နှိုင်းယှဉ်ချက်အားဖြင့် ယုံကြည်မှုအချို့ ရှိနေကြသည်ဟု ဆိုနိုင်ပေ၏။

သို့သော်... သူမရှေ့ရှိ ဆံပင်အနက်ရောင်နှင့် လူငယ်လေးကို ကြည့်ရင်း အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်သတိရလိုက်မိချိန်တွင်တော့ စိတ်ပျက်အားငယ်မှု တစ်စုံတစ်ရာက ရင်ထဲ၌ လွှမ်းမိုးလာခဲ့ချေပြီ။

သို့သော် မကြာမီမှာပင် ကျောက်လင်က ခေါင်းကို ခါယမ်းလိုက်ပြီး ထိုခံစားချက်များကို ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်လေတော့သည်။

"မဟုတ်သေးဘူး... ငါက ဘာတွေကို လွန်ကဲပြီး တွေးနေရတာလဲ။ ဘာတစ်ခုမှ နားမလည်တဲ့ လီရှောင်ရှန်းနဲ့ ကျောက်အန်းလို လူမိုက်တွေလောက်သာ အစ်ကိုချီယန်ကို ကျော်တက်ဖို့ တွေးတောကြမှာပေါ့..."

"လိုက်မမီနိုင်တာက သဘာဝကျပါတယ်။ ဒါ့အပြင် ငါက ကတ်ပြား အစီအစဉ်လို့ခေါ်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီး အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲကို ဝင်ရောက်ခွင့်ရလောက်တဲ့အထိ ကံကောင်းနေခဲ့ပြီပဲ။ အနည်းဆုံးတော့... ငါက တခြားသူတွေထက်စာရင် သူ့အနားကို ပိုပြီး နီးကပ်နေပြီ မဟုတ်လား"

ကျောက်လင် တစ်ယောက် ငေးမောနေသည်ကို မြင်လိုက်ရသဖြင့် ရဲချီယန်က အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။

"ဘာတွေ တွေးနေတာလဲ"

"အာ... မဟုတ်ဘူး၊ မဟုတ်ဘူး။ ဘာမှမတွေးနေပါဘူး။ ဒါနဲ့ အစ်ကိုချီယန်... အမ်း... ကျွန်မလေ"

ကျောက်လင်က နှုတ်ခမ်းကို ကိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ထို့နောက် ခြေဖျားထောက်ကာ ရဲချီယန်၏ နားနားသို့ ကပ်လျက် တီးတိုးရေရွတ်လိုက်လေ၏။ "ကျွန်မလေ... ဟိုအဖွဲ့ထဲကို ဝင်လိုက်ပြီ..."

"ကိုယ် သိပြီးသားပါ"

"ဟင်"

"အများသုံး ချက်ဘောက်စ်ထဲက အဖွဲ့ဝင်စာရင်းကို မကြည့်ရသေးဘူးလား။ ကိုယ်ပြောချင်တာက အဖွဲ့အစည်းရဲ့ ချက်ဘောက်စ်ကို ပြောတာပါ"

"ကျွန်မ... သေချာ မကြည့်ရသေးဘူး..."

ကျောက်လင်၏ မျက်နှာလေးမှာ နားရွက်ဖျားများအထိတောင် နီရဲသွားတော့သည်။ သူမက ဤကိစ္စကို ရဲချီယန်အား အံ့သြသွားစေရန် ပြောပြမည်ဟု ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် သူက ကြိုတင် သိရှိနေပြီးသားဖြစ်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ချေ။

"ဂိမ်းသီအိုရီ မဟုတ်လား"

"အစ်ကို ဒါကိုပါ သိနေတာလား..."

ရဲချီယန်က နားလည်ရခက်သော အပြုံးတစ်ပွင့်ကို ပြုံးလိုက်လေ၏။ "ကိုယ် သိထားတဲ့အရာတွေ အများကြီးရှိသေးတယ်။ မင်း သေချာ သင်ယူထားတာ ပိုကောင်းလိမ့်မယ်။ အော်... ဒါနဲ့၊ မေးဖို့တောင် မေ့တော့မလို့။ အခု မင်းရဲ့ ကံအခြေအနေက ဘယ်လိုရှိလဲ"

"ကံကောင်းခြင်း အခြေအနေပါ" ကျောက်လင်က ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေလိုက်သည်။

"တကယ်တော့ အခု ကျွန်မက ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း အနည်းငယ်ရဲ့ ဆုံမှတ်ကို ကနဦး ထိန်းချုပ်နိုင်နေပြီလေ"

"ဥပမာပြောရရင် ဒီဘူတာက ကံကောင်းခြင်းဖြစ်နေမယ်ဆိုရင် သန်ဘက်ခါရောက်မယ့် ဘူတာရဲ့ ကံကို လျှော့ချပစ်နိုင်ပြီး အဲဒီကတစ်ဆင့် နောက်ဘူတာရဲ့ ကံဆိုးခြင်းကို အားနည်းသွားစေနိုင်တယ်။ ၎င်းက ဘယ်လိုမျိုးလဲဆိုတော့... အမ်း... အတိုးမဲ့ ချေးငွေတစ်ခုလိုမျိုးပေါ့"

ကံကောင်းခြင်းဆိုလျှင် ရနေပြီ။ ကံကောင်းခြင်းကသာလျှင် ယခု အတိအကျ လိုအပ်နေသောအရာ ဖြစ်ပေသည်။

"သွားကြစို့... သွားကြစို့။ ကိုယ် မင်းကို ငွေသွားရှာပေးမယ်"

ထိုသို့ဖြင့် ဘာတစ်ခုမှ နားမလည်သော ကျောက်လင်က စစ်တလင်းအတွင်း၌ လောင်းကြေးများကို ကျပန်း ထပ်လိုက်ရာ ရထားဒင်္ဂါး (၇၀၀) နှင့် ညီမျှသော ဥယျာဉ်ဒင်္ဂါး ခုနစ်သိန်းတိတိကို အပြည့်အဝ ရိတ်သိမ်းရရှိသွားသောအခါ။

စစ်တလင်း မန်နေဂျာမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။ "ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ဆက်တိုက်ဆိုသလို အမြဲတမ်း အမှန်ချည်း လောင်းနိုင်ရတာလဲ။ မင်းတို့ ငါ့ကို နောက်နေတာလား"

ဤစစ်တလင်းအတွင်း လောင်းကြေးထပ်ခြင်းဆိုသည်မှာ သာမန် အနိုင်အရှုံးတစ်ခုတည်းအတွက် မဟုတ်ဘဲ အမျိုးမျိုးသော ထူးဆန်းထွေလာ အကြောင်းအရာများ ပါဝင်နေကြောင်းကို သိထားရပေမည်။

ဥပမာအားဖြင့် အရှုံးသမားက အနိုင်ရရှိသူအပေါ်တွင် အရိုးဘယ်နှစ်ချောင်းအထိ ကျိုးသွားစေမလဲဆိုသည်ကို သုညမှ တစ်ရာအထိ ကျပန်း ရွေးချယ်ရခြင်းမျိုး ဖြစ်၏။

ထိုကဲ့သို့ ဖြစ်နိုင်ခြေ အလွန်အမင်း နည်းပါးလှသော ကိစ္စမျိုးကိုပင် ကျောက်လင်က အမှန်တကယ် ရွေးချယ်နိုင်ခဲ့ပေသည်။

အကယ်၍ ကောင်းကင်ယံဥယျာဉ်၏ အထက်တန်းလွှာများက ဤစစ်တလင်းအပေါ် တစ်ကြိမ်လောင်းကြေးထပ်ပါက ဥယျာဉ်ဒင်္ဂါး (၁၀၀၀) ထက် မကျော်လွန်ရဟူသော ကန့်သတ်ချက်များကိုသာ ချမှတ်မထားခဲ့ဘူးဆိုလျှင် ကျောက်လင်၏ ကံကောင်းမှုဖြင့် သူမသာ လောင်းကြေး အမြင့်ဆုံးအထိ ထပ်လိုက်ပါက စစ်တလင်း၏ ဒိုင်ကို လုံးဝ ပြောင်သလင်းခါသွားစေလောက်မည်ကို စိုးရိမ်ရပေသည်။

နောက်ပိုင်းတွင် စစ်တလင်းအတွင်းရှိ လူများကပင် ကျောက်လင်၏ လောင်းကြေးများနောက်သို့ လိုက်လံ၍ သူတို့ကိုယ်တိုင်ပါ ထပ်မံ လောင်းလာကြတော့သည်။

အချိန်တိုအတွင်းမှာပင် သူတို့သည် မရေမတွက်နိုင်သော ရထားဒင်္ဂါးများကို ဆုံးရှုံးလိုက်ရပြီးဖြစ်၏။

ဤအရာအားလုံးကို ဖန်တီးလှုံ့ဆော်သူဖြစ်သော ရဲချီယန်ကတော့ သူရရှိထားသည့် ဥယျာဉ်ဒင်္ဂါးများကို အရောင်းအဝယ်ဌာနမှတစ်ဆင့် ရထားဒင်္ဂါးများအဖြစ်သို့ တည်ငြိမ်စွာ လဲလှယ်နေပြီး သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်သွင်းနေလေ၏။

"အစ်ကိုချီယန်... ကျွန်မတို့လေ... ဝိုင်းရိုက်ခံရတော့မလို့လား"

ဤနည်းလမ်းဖြင့် ငွေရှာရန် ကျောက်လင်က အရင်ကတည်းက အမှန်တကယ် တွေးတောခဲ့ဖူးလေသည်။

မည်သို့ပင်ဆိုစေကာမူ ကံကောင်းခြင်း ပလက်ဖောင်း၌ ရှိနေစဉ်အတွင်း သူမ လိုချင်သလောက် ငွေရှာခြင်းက လွန်ကဲရာ ရောက်မည်မဟုတ်ပေ။

သို့သော် သူမ မရဲခဲ့ချေ။ လွင်တီးခေါင်ပြင်ကြီးထဲသို့ မဝင်ရောက်လာမီက လူများ ငွေအမြောက်အမြား အနိုင်ရရှိသော်လည်း ပြန်လည်ယူဆောင်သွားခွင့်မရဘဲ ခြေထောက်များ ရိုက်ချိုးခံရသည့် ရုပ်သံဇာတ်လမ်းများနှင့် ဇာတ်လမ်းပုံပြင်များကို သူမ မကြာခဏ မြင်တွေ့ခဲ့ဖူးလေ၏။

အကယ်၍ ရဲချီယန်သာ ဤနေရာတွင် ရှိမနေခဲ့ဘူးဆိုလျှင် မုန့်ဖိုးပဲဖိုးလေးရရန် တစ်ကြိမ်နှစ်ကြိမ်ခန့် တစ်ခါတစ်ရံ လောင်းကြေးထပ်ခြင်းက အဆင်ပြေနိုင်သော်လည်း ယခုအခါတွင်တော့... သူမက အရောင်းအဝယ်ဌာန ပြင်ပရှိ ရန်လိုနေသော အမျိုးသား၊ အမျိုးသမီး တစ်အုပ်ကြီးကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိပြီး အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားတော့သည်။

"အစ်ကိုချီယန်... ဟိုလူတွေလေ..."

နောက်ဆုံး ရထားဒင်္ဂါးကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် သူက ကျောပိုးအိတ်ကို လွယ်လိုက်ကာ ချဉ်းကပ်လာသော လူအုပ်ကြီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်လေ၏။

"ဘာကိစ္စရှိလို့လဲ"

ဦးဆောင်လာသူမှာ လူပုမျိုးနွယ်အဖြစ်သို့ မျိုးနွယ်စု ပြောင်းလဲထားသော အမျိုးသားတစ်ဦး ဖြစ်၏။ သူက တင်းပုတ်ကြီးတစ်ခုကို ကိုင်ဆောင်ထားပြီး ဒေါသတကြီးဖြင့် တောင့်တင်း ခိုင်မာသော အမျိုးသားတစ်စုကို ဦးဆောင်ကာ တံခါးဝကို ပိတ်ဆို့ထားလိုက်တော့သည်။

"ခွေးကောင်... မင်းက ငါ့နေရာမှာ လိမ်ညာလှည့်စားရဲတယ်ပေါ့လေ။ ငွေတွေကို ပြန်ထုတ်ပေးစမ်း။ မဟုတ်ရင် မင်း တစ်သက်လုံး လွင်တီးခေါင်ပြင်ထဲကို နောက်တစ်ကြိမ် ပြန်မဝင်နိုင်တော့အောင် ငါ လုပ်ပစ်မယ်"

ပတ်ဝန်းကျင်ရှိ လူများအားလုံးကတော့ ပြဇာတ်ကောင်း စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြပေသည်။ တစ်စုံတစ်ယောက်က ကြားဝင် ဖြေရှင်းပေးရန် အုပ်ချုပ်ရေးဌာနထံ အကြောင်းကြားထားပြီးဖြစ်သော်လည်း ထိုမတိုင်မီအထိတော့ မည်သူကမျှ ဝင်ရောက် စွက်ဖက်ကြမည် မဟုတ်ပေ။

ထိုသို့ဖြင့် ရဲချီယန်၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး လက်ဖျစ်ကို ညင်သာစွာ တစ်ချက် တီးလိုက်လေ၏။

ထိုလူအုပ်ကြီး၏ နောက်ကွယ်တွင် လက်နက်တပ်ဆင်ရာ နေရာလွတ်ပြင်ကြီး ပွင့်ဟလာတော့သည်။ မြင့်မြတ်သော အမြုတေ ဒိုင်းလွှားကို ကိုင်ဆောင်ထားသည့် စစ်မှန်သော အဖြူရောင် စက်ရုပ်စစ်သည်တော်တစ်ဦးက ထိုအထဲမှ ထွက်ပေါ်လာ၏။

တစ်ချက်တည်း ဝင်တိုက်လိုက်ရုံဖြင့် တံခါးကို ပိတ်ဆို့ထားသော လူများမှာ ခဏချင်းအတွင်းမှာပင် လေထဲသို့ လွင့်စင်ထွက်သွားကြလေတော့သည်။

"အရောင်းအဝယ်ဌာနကိုတော့ မပျက်စီးစေနဲ့၊ ကိုယ်တို့ လျော်ပေးနေရလိမ့်မယ်"

————

"ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ"

အုပ်ချုပ်ရေးဌာနမှ တပ်ဖွဲ့ငယ် ရောက်ရှိလာပြီး မြင်ကွင်းကို ကြည့်လိုက်သောအခါ... သူက စစ်မှန်သော အဖြူရောင် စက်ရုပ်စစ်သည်တော်ပေါ်တွင် ထိုင်နေပြီး အောက်ဘက်တွင်တော့ သတိလစ် မေ့မြောနေကြသော အမျိုးသား၊ အမျိုးသမီး တစ်အုပ်ကြီး ရှိနေပေသည်။

စစ်တလင်း မန်နေဂျာက လူအုပ်ကြီးထဲမှ ကပျာကယာ ပြေးထွက်လာပြီး နှပ်ချေးများ၊ မျက်ရည်များ စီးကျနေလျက် တပ်ဖွဲ့ခေါင်းဆောင်၏ ရှေ့မှောက်သို့ မှောက်ရက်သား လဲကျသွားတော့၏။

"သခင်ကြီး... သခင်ကြီး၊ ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရပါမယ်။ ဒီလူနှစ်ယောက်က အဆင့်မြင့် ရထားမောင်းနှင်သူတွေဖြစ်တာကို အခွင့်ကောင်းယူပြီး စစ်တလင်းထဲမှာ ဗြောင်ကျကျ လိမ်ညာလှည့်စားသွားကြတာပါ။ သူတို့က ကျွန်တော်တို့ဆီကနေ ရထားဒင်္ဂါး တစ်ထောင်ကျော်ကို ဆက်တိုက် အနိုင်ယူသွားခဲ့တာပါ"

"ကျွန်တော်တို့... ကျွန်တော်တို့လေ"

"အို... မင်းကိုး"

တပ်ဖွဲ့ခေါင်းဆောင်က မန်နေဂျာကို လျစ်လျူရှုကာ သူ့ကိုကွင်း၍ ဖြတ်သွားပြီး ဗီလိန်၏ ဘေးနားတွင် ရပ်နေသော ရဲချီယန်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားကာ နှုတ်ဆက်လိုက်လေ၏။

ကုန်းဖေးယွီ။ အုပ်ချုပ်ရေးဌာန၏ အဖွဲ့ဝင်တစ်ဦးပင်။ ကောင်းကင်ယံဥယျာဉ်ဆီသို့ သူ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်က သူတို့ ဆုံတွေ့ခဲ့ဖူးလေသည်။

"ဒါနဲ့... ဒီမှာ အတိအကျ ဘာတွေဖြစ်နေတာလဲ။ ငါတို့ အချင်းချင်း သိနေရင်တောင် မင်းဘက်က အမှားတစ်ခုခု လုပ်ထားခဲ့ရင်တော့ အပြစ်ပေးခံရမှာပဲ"

ရဲချီယန်က လက်နှစ်ဖက်ကို သူ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်လေ၏။ သူက ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်ပြီး လူများကို ယုံကြည်ချင်စိတ် ပေါက်သွားစေမည့် လေယူလေသိမ်းမျိုးဖြင့် ပြောလိုက်တော့သည်။

"ကိုယ် လိမ်ညာလှည့်စားခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းနဲ့အတူ ပုံမှန် လောင်းကြေးလေးတွေ ထပ်နေခဲ့ရုံသက်သက်ပါ။ တကယ်တမ်း ပြောရမယ်ဆိုရင် သူတို့သာ လိမ်ညာလှည့်စားတဲ့သူတွေ ဖြစ်သင့်တာပါ"

မန်နေဂျာ၏ ဦးနှောက်မှာ ခဲသွားပြီး အတိတ်က သူနှင့် သူ၏လက်အောက်ငယ်သားများက ပွဲစဉ်များကို တိတ်တဆိတ် လှည့်စား ခြယ်လှယ်ခဲ့ကြသည့် မှတ်တမ်းမှတ်ဉာဏ်များက သူ၏ခေါင်းထဲသို့ အမှန်တကယ် တဟုန်ထိုး ဝင်ရောက်လာတော့၏။

သို့သော် ထိုကဲ့သို့သော ကိစ္စရပ်များကို ဝန်ခံလိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝ ပျက်စီးဆုံးရှုံးသွားမည်ဖြစ်ပြီး ဤကောင်းကင်ယံဥယျာဉ်ကြီးထဲတွင် သူ့အတွက် နေစရာနေရာ ကျန်ရှိတော့မည် မဟုတ်ပေ။

"မဟုတ်ဘူး... ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော်လေ"

"ကြည့်လေ... သူကိုယ်တိုင်တောင် ပြောနေပြီပဲ။ မဟုတ်ဘူး... မဟုတ်ဘူး၊ ကျွန်တော်ပါ... ကျွန်တော်ပါလေ။ မစ်(စ်)ကုန်း... သူ့ကို အမြန်ဆုံး ခေါ်သွားပေးပါ။ ဒီစစ်တလင်းထဲမှာ ရထားမောင်းနှင်သူတွေ အများကြီး ရှိနေသေးတယ်။ အကယ်၍ ဒီလိုလူမျိုးကို ဆက်ပြီး ပြဿနာရှာခွင့်ပြုထားမယ်ဆိုရင် စစ်တလင်းရဲ့ စီးပွားရေးကို ထိခိုက်လိမ့်မယ်"

စစ်တလင်းအတွင်း၌။ မည်သူကမျှ သံသယ မဝင်ခဲ့ကြချေ။ မန်နေဂျာ ကိုယ်တိုင်ကပင် ဤ အမှန်တရားကို ယုံကြည်သွားခဲ့လေတော့သတည်း။

All Chapters