← Chapters

အခန်း ၃၆၉

Vol. 30 Ch. 369

အခန်း ၃၆၉

Vol. 30 Ch. 369

အခန်း (၃၆၉) အိမ်ပြန်ချင်တယ်... အိမ်ပြန်ချင်တယ်...

အုပ်ချုပ်ရေးဌာန တပ်ဖွဲ့ငယ်သည် မန်နေဂျာအပါအဝင် ဗီလိန်၏ ပြင်းထန်သော ရိုက်နှက်မှုကြောင့် သေလုမြောပါး ဖြစ်နေကြသည့် အမျိုးသား၊ အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားလေ၏။ ထိုနေရာတွင် ကုန်းဖေးယွီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ကာ တပ်ဖွဲ့ငယ် ဝေးရာသို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ဟန်ပန်က အရင်ကထက်ပင် ပို၍ ပျင်းရိလေးတွဲလာတော့သည်။

"ကဲ... အော်တိုစ်၊ ဒီမှာ လုပ်စရာ ဘာမှမကျန်တော့ဘူး။ ဒါပေမဲ့စစ်တလင်းက မင်းတို့အားလုံးကို အမည်ပျက်စာရင်း သွင်းလိုက်ပြီလေ။ ငွေရှာချင်သေးရင်တော့ တခြားနည်းလမ်းကိုသာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ ဒါက ကံတရားအပေါ် အရမ်းကို မှီခိုလွန်းနေတယ်၊ တစ်နေ့နေ့ ကံဆိုးသွားခဲ့ရင် နောက်ဆုံးကျန်တဲ့ ပြားစေ့လေးအထိတောင် အားလုံး ဆုံးရှုံးသွားနိုင်တယ်"

ထိုသို့ပြောပြီးနောက် ကုန်းဖေးယွီသည် စစ်တလင်းအတွင်းရှိ ရေခဲမုန့်ဆိုင်တစ်ခုဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလေရာ သိသာစွာပင် သူမက ဤနေရာ၌ သတင်းအချက်အလက် စုဆောင်းသည်ဟူသော ခေါင်းစဉ်အောက်တွင် ဆက်လက် အပျင်းထူနေချင်ခြင်းသာ ဖြစ်ပေ၏။

အုပ်ချုပ်ရေးဌာန။

အဖြူရောင် အဆင့်မြင့် စီမံချုပ်လုပ်ထားသော ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် အုပ်ချုပ်ရေးဌာန၏ ဝန်ကြီး ချိုင်မင်သည် သူ၏ ရုံးခန်းအတွင်း၌ ထိုင်နေလေ၏။ သူ၏ မျက်နှာချင်းဆိုင်တွင်တော့ ခန္ဓာကိုယ် အထက်ပိုင်းကို ဗလာကျင်းထားသော ပန်းရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးက သူ့အား ပြုံးလျက် စိုက်ကြည့်နေပေသည်။

"ငါပြောမယ်... ချိုင်မင်၊ ပွဲတော်က စတော့မယ်လေ၊ ပြီးတော့ ကောင်းကင်ယံဥယျာဉ်ရဲ့ အချိန်စီးဆင်းမှုနှုန်းကလည်း လွင်တီးခေါင်ပြင်ကြီးနဲ့ နီးပါး တစ်ပြေးညီတည်း ဖြစ်နေပြီ။ မင်း ဘာတွေကိုများ စိုးရိမ်ပူပန်နေစရာ ကျန်သေးလို့လဲ။ နေ့တိုင်း ဒီလောက်တောင် အလုပ်ရှုပ်နေရတာ သိပ်ပြီး ပျင်းစရာကောင်းလွန်းတယ်။ ငါနဲ့အတူ စစ်တုရင် တစ်ပွဲလောက် ဝင်မကစားချင်ဘူးလား"

ထိုသို့ပြောရင်း အမျိုးသားက စစ်တုရင်ခုံတစ်ခုကို ထုတ်ယူလိုက်ရာ သူ၏မျက်နှာထက်မှ အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။ ချိုင်မင်က သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်လေရာ ထိုအကြည့်များအတွင်း၌ မည်သည့် ခံစားချက်မျှ ကိန်းအောင်းမနေခဲ့ဘဲ အလွန် ဆိုးသွမ်းယုတ်မာလှသည့် ရာဇဝတ်ကောင်တစ်ဦးကို ကြည့်ရှုနေသည့်အလားပင် ဖြစ်ချေ၏။

"မြို့တော်ဝန်... မင်း အရမ်းကို အားနေသလား"

"မင်း တကယ်ကြီး အဲဒီလောက်တောင် အားနေရင် မြို့ထဲက အထွေထွေ ကိစ္စတွေကို သွားပြီး ဖြေရှင်းချေ၊ ဒီမှာ လာပြီး ငါ့ကို မနှောင့်ယှက်နဲ့"

ထိုအမျိုးသား... ပိုမှန်အောင် ပြောရလျှင် ကောင်းကင်ယံဥယျာဉ်၏ မြို့တော်ဝန် ဟန်ချီ။

ချိုင်မင်၏ စကားများကို ကြားလိုက်ရသော်လည်း သူက တစက်ကလေးမျှ ဂရုမစိုက်ခဲ့ချေ။ သူက ပို၍ သက်တောင့်သက်သာရှိသော အနေအထားတစ်ခုဆီသို့ ကိုယ်ကိုရွှေ့လိုက်ကာ ရုံးစားပွဲပေါ်တွင် ထိုင်လျက် အပျင်းကြောဆန့်ရင်း ခပ်ဟဟ ရယ်မောလိုက်လေ၏။

"အို... မင်းသာ ဒါကို သော့ဖွင့်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့ ရုံးကိစ္စတချို့ကို ငါ ကူညီဖြေရှင်းပေးနိုင်လောက်ပါတယ်လေ" သူက ပြင်ပ ဆက်သွယ်ရေး မျက်နှာပြင် လုံးဝ မမြင်ရသည့် သူ၏လည်ပင်းထက်မှ အနက်ရောင် လည်ပတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက သိပ်ကို အဆင့်မြင့်တဲ့ ပစ္စည်းတစ်ခုပဲလေ။ သူက အဆင့် (A) နတ်ဘုရားတစ်ပါးကိုတောင် ချုပ်နှောင်ထားနိုင်စွမ်းရှိတယ်။ ဒါကြီးကို ငါ့အပေါ်မှာ သုံးနေတာက နည်းနည်း ဖြုန်းတီးလွန်ရာ မရောက်ဘူးလား"

ချိုင်မင်၏ မျက်နှာအမူအရာက အေးစက်နေဆဲပင် ဖြစ်၏။ "ဥယျာဉ်ပွဲတော် ကျင်းပဖို့ နှစ်ရက်ပဲ လိုတော့တယ်။ မြို့တော်ရဲ့ အချိန်စီးဆင်းမှုနှုန်းကို မင်း ဘာကြောင့် ပြောင်းလဲချင်ခဲ့မှန်း ငါ မသိဘူး၊ ဒါပေမဲ့ မင်းတို့ အိမ်ပြန်ချင်သူများက မြို့ထဲမှာရှိနေတဲ့ ရထားမောင်းနှင်သူတွေကို တစ်ခုခု လုပ်ဖို့ ကြံစည်နေမယ်ဆိုရင်တော့ မင်းကို ငါ သေချာပေါက် သတ်ပစ်မယ်"

"ဒီလည်ပတ်အတွက်ကတော့... အဆင့် (A) နတ်ဘုရား ဟုတ်လား။ မင်းလို လူမျိုးတွေက သူတို့ထက်ကို အများကြီး ပိုပြီး အန္တရာယ်များတယ်" သူက ဟန်ချီကို စားပွဲပေါ်မှ တွန်းချလိုက်လေ၏။

"အို... မင်းက လူကြီးလူကောင်းတစ်ယောက်ကို သဘောထား သေးငယ်တဲ့ စိတ်နဲ့ ကောက်ချက်ချနေတာပဲ။ မည်သို့ပင်ဆိုစေကာမူ ငါက ဒီမြို့ရဲ့ မြို့တော်ဝန်လေ။ မြို့တော်ကို ပြန်လည် ဖွဲ့စည်းတည်ဆောက်ဖို့အတွက် ပြင်ပလူတွေရဲ့ မျက်လုံးထဲမှာ မြို့တော်က ပြန်လည် နာလန်ထမှုကို ပိုမြန်မြန် ပြီးစီးစေဖို့နဲ့ အဲဒီကတစ်ဆင့် တခြားမြို့တွေရဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်နိုင်ဖို့ အချိန်စီးဆင်းမှုနှုန်းကို ပြောင်းလဲရာမှာ ငွေအမြောက်အမြား သုံးစွဲခဲ့ရတာပါ။ မင်း ငါ့ကို တကယ်ကြီး အထင်မလွဲသင့်ဘူးလေ"

ကောင်းကင်ယံဥယျာဉ်၏ မြို့တော်ဝန်တစ်ဦးအနေဖြင့် ဟန်ချီသည် စားပွဲပေါ်မှ တွန်းချခံရခြင်းအတွက် ဒေါသမထွက်ခဲ့ချေ။ သူက ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်ပြီး သူ၏ မျက်လုံးများအတွင်း၌ ပန်းရောင် ကြယ်အလင်းတန်းတစ်ခု လက်သွားလေ၏။ ချိုင်မင် မမြင်နိုင်သော ဘက်ခြမ်းတွင်တော့ သူ၏ မျက်နှာထက်မှ အပြုံးမှာ ပို၍ပင် နားလည်ရခက်ကာ ထူးဆန်းလာတော့သည်။

"အချိန်စီးဆင်းမှုနှုန်းကို ပြောင်းလဲပစ်လိုက်ခြင်းအားဖြင့် လက်ရှိ ကောင်းကင်ယံဥယျာဉ်ကြီးကို ရထားစနစ်က အပြည့်အဝ မကာကွယ်ပေးနိုင်တော့ဘူး။ တခြားတစ်နည်းအားဖြင့် ပြောရလျှင် လက်ရှိ ကောင်းကင်ယံဥယျာဉ်ဟာ အဆင့်မြင့် ဘူတာရုံကမ္ဘာတစ်ခုနဲ့ ဘာမျှ ကွာခြားမှု မရှိတော့ချေ"

"သေးငယ်တဲ့ အဖိုးအခတစ်ခုကို ပေးဆပ်လိုက်သရွေ့ ဘယ်အရာမဆို ဒီမြို့တော်ထဲကို ဝင်ရောက်လာနိုင်ပြီလေ"

"သခင်ကြီး အမိန့် ရဲ့ အမိန့် ကတ်ပြား ပျောက်ကွယ်သွားပြီးနောက်ပိုင်း ရထားမောင်းနှင်သူတွေ ဖြစ်လာချင်ကြတဲ့ မြို့ထဲက ဌာနေလူသားတွေရဲ့ အရေအတွက်က အဆမတန် ထိုးတက်လာခဲ့ပြီး မြို့ထဲမှာ ကျန်ရစ်ခဲ့တဲ့ ယခင် ရထားမောင်းနှင်သူဟောင်းတွေဟာ ဒီပြီးခဲ့တဲ့ တစ်လအတွင်းမှာတင် ဒါဇင်နဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရတယ်"

"ဒီယုတ်မာပက်စက်မှုတွေ အားလုံးရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ငါ မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"

ချိုင်မင်က မတ်တပ်ရပ်လိုက်ကာ စာရွက်စာတမ်း အစည်းလိုက်ကို ဟန်ချီ၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်လေ၏။

"ဒါတွေ အားလုံးကို လက်မှတ်ထိုးလိုက်စမ်း။ ကျန်နေသေးတဲ့ နှစ်ရက်အတွင်း မင်း ဒီမှာငြိမ်ငြိမ်နေရမယ်။ လည်ပတ်ရဲ့ စွမ်းအားကို မင်း ကောင်းကောင်း နားလည်သင့်တယ်... ဒီရုံးခန်းထဲကနေ မင်း ခြေတစ်လှမ်း ထွက်သွားတာနဲ့ တစ်ပြိုင်နက် မင်းရဲ့ စွမ်းအားတွေ အားလုံး လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"

ဒိုင်း ဟူသော တံခါးပိတ်သွားသည့် ထိုင်းမှိုင်းမှိုင်း အသံကြီးတစ်ခုက အခန်းတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

ဟန်ချီသည် ကြမ်းပြင်ပေါ်၌ ပက်လက်လှန် လဲလျောင်းနေဆဲဖြစ်ပြီး သူ၏ မျက်နှာပေါ်မှ စာရွက်စာတမ်းများကို ဖယ်ရှားရန်ပင် ပျင်းရိနေခဲ့၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်တော့...

"ဟီးဟီး... ဟီးဟီး ဟားဟားဟား... ဟုတ်တယ်၊ နောက်ထပ် နှစ်ရက်ပဲလေ။ နှစ်ရက်ကြာပြီးနောက် အချိန်စီးဆင်းမှုနှုန်း တစ်ပြေးညီတည်း ဖြစ်သွားတဲ့ အခိုက်အတန့်မှာ စနစ်က ဒီကမ္ဘာကြီးကို ကာကွယ်ပေးလိမ့်မယ်... နှစ်ရက်တိတိ၊ အဲဒါက ငါ စောင့်ဆိုင်းနေခဲ့ရတဲ့ အခိုက်အတန့်ပဲ"

အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာ၏။

အဖွဲ့ဝင် (၁၃) ဦး ပါဝင်သော အိမ်ပြန်ချင်သူများ ဟု အမည်ရသည့် အများသုံး ချက်ဘောက်စ် ဂရုတစ်ခုက ဟန်ချီ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာလေတော့သည်။ သူက ထိုအထဲသို့ စာသားတစ်ကြောင်း ရိုက်ထည့်လိုက်သည်။

["ကောင်းကင်ယံဥယျာဉ်ရဲ့ ထာဝရ ကျဆုံးခြင်း စီမံကိန်းက နောက်ပြန် ရေတွက်ဖို့ နှစ်ရက်ပဲ ကျန်တော့တယ်... အားလုံးပဲ... ငါကတော့ အိမ်ပြန်ဖို့ စိတ်ကူးမရှိတော့ပါဘူးလေ"]

["ဒါပေမဲ့ မင်းတို့အားလုံးကတော့ ပြန်သွားကြရလိမ့်မယ်"]

["ငါ့ရဲ့ ဝမ်းနည်းဖွယ်ကောင်းလှတဲ့ ဘဝအဆုံးသတ် အခိုက်အတန့်မှာ ထဆီမီးအိမ်ကို ငါ ထွန်းညှိပေးခဲ့မယ်... ၎င်းနဲ့အတူ မင်းတို့ရဲ့ အိမ်ပြန်လမ်းခရီးကို ငါ လင်းလက် တောက်ပစေပါ့မယ်"]

["အမြင့်မြတ်ဆုံး သက်ရှိ ပြောခဲ့တဲ့ စကားတွေက အမှန်လား၊ အတုအယောင်လား ဆိုတာအတွက်ကတော့... ဟား... ဘယ်သူကများ ဂရုစိုက်နေမှာလဲ၊ ဘာပဲဖြစ်ဖြစ် ငါက မြင်တွေ့ခွင့်ရတော့မှာမှ မဟုတ်တာ"]

ချက်ဘောက်စ်ထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။ အတန်ကြာမှသာ စာတစ်စောင်က ရုတ်တရက် ထွက်ပေါ်လာတော့သည်။

[ကြယ်တစ်ထောင်မြို့တော်၏ မြို့တော်ဝန် လုကျားယွင် အစ်ကိုကြီးဟန်... ကျေးဇူးတင်ပါတယ်]

ချက်ဘောက်စ်ကို ပိတ်လိုက်ပြီးနောက် ဟန်ချီသည် ကြမ်းပြင်ပေါ်၌ ပေါ့ပေါ့ပါးပါး လဲလျောင်းနေလိုက်လေရာ သူ၏ ဘေးနားတွင်တော့ ပန်းခရမ်းရောင် ပန်းပွင့်လေးများက ပွင့်ဖူးလာလိုက်၊ ညှိုးနွမ်းသွားလိုက် ဖြစ်နေတော့၏။ သူက အမည်မသိ သံစဉ်တစ်ခုကို တီးတိုး ညည်းတွားရင်း လက်မောင်းကို မြှောက်ကာ သူ၏ လက်ဖဝါးပြင်ကို ငေးကြည့်နေမိသည်။

"အိမ်ပြန်ချင်တယ်... အိမ်ပြန်ချင်တယ်... ရထားစနစ်ကြီးသာ မရှိခဲ့ဘူးဆိုရင်... အမေကိုယ်တိုင် လုပ်ကျွေးတဲ့ ဖက်ထုပ်တွေကို ငါ အခုထိ စားလို့ရနေဦးမှာ မဟုတ်လား... အို... မဟုတ်ဘူး၊ ငါ ဘယ်တော့မှ စားရတော့မှာ မဟုတ်ဘူး ထင်ပါတယ်လေ..."

"ဘာဖြစ်လို့ ငါ့ကို ဒီကမ္ဘာကြီးထဲ အတင်းအကျပ် ခေါ်လာခဲ့ရတာလဲ"

"အိမ်ပြန်ချင်တယ်... အိမ်ပြန်ချင်တယ်... ပြန်သွားလို့ မရတော့ဘူး... ပြန်သွားလို့ မရတော့ဘူး... ဟီးဟီး... အားထုတ် ကြိုးပမ်းမှုတွေ အားလုံးက အချည်းနှီးပဲ... နတ်ဘုရားတွေ၊ တစ္ဆေတွေ၊ နတ်ဆိုးတွေ... အရာအားလုံးက အဓိပ္ပာယ်မဲ့လွန်းနေတာပဲ"

"ဒီမှာ ဆက်နေတာထက်စာရင်..."

သူက တခြားသော အိမ်ပြန်ချင်သူများ မသိရှိကြသည့် လျှို့ဝှက်ချက် တစ်စုံတစ်ရာကို သိထားပုံရပေသည်။ သို့သော် ဟန်ချီက ၎င်းကို နှုတ်မှ မထုတ်ဖော်ခဲ့သလို ပြောပြလိုစိတ်လည်း မရှိခဲ့ချေ။

"အင်း... အင်း..." သူက ထိုအမည်မသိ သံစဉ်လေးကိုသာ ဆက်လက် ညည်းတွားနေခဲ့ပြီး သူ၏ မျက်လုံးအိမ်အတွင်း၌တော့ မျက်ရည်စများ ဝဲနေခဲ့လေတော့သည်။

"ဖက်ထုပ် အရမ်း စားချင်တာပဲ..."

စစ်တလင်းမှ ထွက်လာပြီးနောက် ရဲချီယန်သည် ကောင်းကင်ယံဥယျာဉ်အတွင်း၌ အချိန်အကြာကြီး လျှောက်လည်မနေခဲ့ချေ။ သူက ကျောက်လင်ကိုခေါ်ကာ ကောင်းကင်ယံဥယျာဉ်၏ ဆယ့်တစ်ခုမြောက် ဇုန်ရှိ ယီရှီ ကိုလာ ကုမ္ပဏီဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလေ၏။

ဤကုမ္ပဏီ၏ လက်ရှိ မန်နေဂျာဖြစ်သူမှာ ရဲချီယန်၏ အဆင့်အတန်းကို အလွန် ကောင်းစွာ သိရှိထားသူဖြစ်ရာ ရုံးခန်းကို ချက်ချင်း ဖယ်ရှား ပေးအပ်လိုက်တော့သည်။ ၎င်းမှာ ဤကုမ္ပဏီဆီသို့ ဆက်သွယ်ထားသည့် သီးသန့် နေရာလွတ်ငယ်အတွင်းရှိ ပလက်ဖောင်း သေးသေးလေးတစ်ခုပင် ဖြစ်၏။

ရဲချီယန်က သူ၏ ရထားကို မေးထရစ်ထဲမှ ပြန်လည် ထုတ်လွှတ်လိုက်ပြီးနောက် အနီးအနားရှိ စက်ယန္တရားဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။

"ဒါကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာ မင်း မှတ်မိသေးရဲ့လား။ မင်းရဲ့ ရထားကို ဒီဘက် ပြောင်းရွှေ့လိုက်ပါ၊ ဒီနေရာက နှိုင်းယှဉ်ချက်အရဆိုရင် အများကြီး ပိုပြီး ဘေးကင်းတယ်"

"မှတ်မိတယ်... မှတ်မိပါတယ်။ ဒီနေရာ... ပြီးတော့ ဆော်လမွန် မြို့တော်က ဟိုအစ်မချောချောလေးလေ..."

"သူကလည်း အင်ပါယာအမိန့်တော် ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ"

"ဟင်"

"မွန်ရိုးဂျီနာ... အဲဒါ သူ့နာမည်ပဲ"

ရဲချီယန်က လီဆက် ကမ်းပေးလာသော အေးမြသည့် ဗိုက်စင်သီး ဖျော်ရည်ခွက်ကို လှမ်းယူလိုက်ပြီး နှစ်ငုံခန့် သောက်လိုက်လေ၏။ လည်ချောင်းကို တစ်ချက် ရှင်းလိုက်ရင်း ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်းထဲမှ သူမ၏ ရထားကို ဤနေရာသို့ ပြောင်းရွှေ့ရန် လုပ်ဆောင်နေသော ကျောက်လင်ကို သူ လှမ်းကြည့်လိုက်ရာ နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးညွတ်သွားတော့သည်။

ခြောက် ဟူသော အသံနှင့်အတူ 【 လောင်းကစား ကတ်ပြား · နှလုံးသား သော့ခတ်ပန်း 】 က ရဲချီယန်၏ လက်ချောင်းထိပ်ဖျားလေးများဆီတွင် လှပစွာ ထွက်ပေါ်လာလေ၏။

မဆုံဖြစ်ခဲ့တာ အတော်လေး ကြာခဲ့ပြီပဲလေ။ ဤအရည်အသွေးမြင့်လှသော အရောင်းအဝယ်ဖက်နှင့် သင့်လျော် မျှတသည့် ကုန်သွယ်မှုတစ်ခုကို စတင် ပြုလုပ်ရမည့် အချိန်ရောက်ရှိလာခဲ့ချေပြီ။

All Chapters