အခန်း ၉၈
Vol. 10 Ch. 98
အပိုင်း ၉၈ - ပိုင်ဆိုင်မှုများ လွှဲပြောင်းရယူခြင်း
စုယွီသည် လင်းရှင်းယောင် ရူးသွပ်သွားပြီဖြစ်ကြောင်း လင်းဟွာရှန်းကို အသိပေးရန် သီးသန့်လာခဲ့ခြင်းဖြစ်သော်လည်း သူက ယုံကြည်ပါမည်လော။ မယုံသည်မှာ အသေအချာပင်။
လင်းဟွာရှန်းက စုယွီတစ်ယောက် နောက်ပြောင်နေသည်ဟုသာ မှတ်ယူလိုက်ပြီး "စုယွီရယ်... ပိုင်မိသားစုနဲ့ ဆွေမျိုးတော်စပ်ဖို့ ရှင်းယောင်က မင်းအယောင်ဆောင်ခဲ့တာကို စိတ်ဆိုးတာ နားလည်ပါတယ်၊ ဒါပေမဲ့ သူ့ကို ဒီလိုမျိုး ကျိန်ဆဲတာတော့ မကောင်းဘူးလေ..." ဟု ဆိုလေသည်။
လင်းဟွာရှန်းသည် ယခင်က စုယွီတစ်ယောက် ဒုတိယသခင်လေးလင်းကို လွှတ်ပေးခဲ့သည်ကို ပြန်တွေးမိပြီး သူမသည် စကားပြောရလွယ်ကူသူဟု နုံအစွာ ထင်မှတ်နေဆဲ ဖြစ်သည်။
သို့သော် စုယွီမှာမူ လင်းဟွာရှန်း၏ စကားဆုံးအောင်ပင် မစောင့်ဘဲ ကျောခိုင်းထွက်ခွာသွားတော့သည်။ အမှန်စင်စစ် သူမ သိလိုသော အဖြေများကို အကြမ်းဖျင်း သိရှိပြီးဖြစ်ရာ ကျန်ရှိနေသော လျှို့ဝှက်ချက်များကိုမူ သူမဘာသာသူမ ဆက်ရှာဖွေတော့မည် ဖြစ်သည်။
"စုယွီ... မင်း လင်းမိသားစုဆီ သွားတယ်လို့ ပိုင်အိမ်တော်ထိန်းက ပြောတာနဲ့ ငါလည်း မင်းကို လာခေါ်မလို့ လုပ်နေတာ!"
ပိုင်ချီမင်သည် အရေးကြီးကိစ္စတစ်ခု ဆွေးနွေးရန်ရှိပုံဖြင့် စုယွီ၏လက်ကိုဆွဲကာ ခေါ်ဆောင်သွားသည်။
"ငါ့အဖေနဲ့ တခြားသူတွေ တိုင်ပင်ပြီးပြီ၊ မင်းရဲ့နာမည်အောက်ကို ပိုင်ဆိုင်မှုတချို့ လွှဲပေးမလို့တဲ့။ မင်းကိုယ်တိုင်လာပြီး ကြိုက်ရာရွေးဖို့ သူတို့ စောင့်နေကြတယ်!"
ပိုင်မိသားစုသည် ယခင်က တူမအရင်းကို မှားယွင်းစွာ အသိအမှတ်ပြုခဲ့မိသောကြောင့် အပြစ်မကင်းသလို ခံစားနေကြရသည်။ ထို့ကြောင့် စုယွီကို နစ်နာကြေးပေးသည့်အနေဖြင့် စီးပွားရေးလုပ်ငန်းအချို့ကို သူမ၏ နာမည်ဖြင့် အမြန်ဆုံး လွှဲပြောင်းပေးရန် စီစဉ်ခြင်းဖြစ်သည်။
"ဦးလေးတို့ ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ဒီပိုင်ဆိုင်မှုတွေက ပိုင်မိသားစုရဲ့ဟာတွေပဲ၊ ကျွန်မက..."
စုယွီက သူမအတွက် မလိုအပ်ကြောင်း ငြင်းဆိုရန် ပြင်လိုက်သော်လည်း ချီမင်က စကားဖြတ်ပြောလိုက်သည်။
"စုယွီ... ဒီပိုင်ဆိုင်မှုတွေက မင်းအမေ ပိုင်သင့်တဲ့အရာတွေပဲ၊ အခု မင်းကိုပေးတာကလည်း အတူတူပါပဲ။ ဒါကြောင့် စိတ်ကြိုက်သာ ရွေးလိုက်ပါ" ဟု ချီမင်က ဆိုသည်။
စုယွီအနေဖြင့် ဤပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ထားပါက ဟောင်ကောင်မြို့မှ ထွက်ခွာသွားရန် နှောင့်နှေးနိုင်လိမ့်မည်ဟု ပိုင်မိသားစုဝင်အားလုံးက မျှော်လင့်နေကြသည်။
ပိုင်ဆိုင်မှုများအကြောင်း ပြောဖြစ်သည့်အခါ စုယွီသည် မြို့တော်တွင် သူမရရှိခဲ့သော မမျှော်လင့်ထားသည့် ရွှေများကို သတိရသွားသည်။ ထိုစဉ်က သူမသည် အဆိုပါရွှေများကို အသုံးပြု၍ အစာခေါင်းပါးမှုဒဏ် ခံနေရသည့် ပြည်တွင်းရှိ မိဘပြည်သူများအတွက် ရိက္ခာများ လှူဒါန်းရန် ကြံစည်ခဲ့ဖူးသည်။
"ဝမ်းကွဲအစ်ကို... ကျွန်မတို့မိသားစုမှာ ဆန်စပါးနဲ့ ရိက္ခာပိုင်းဆိုင်ရာ လုပ်ငန်းတွေရှိလား"
တစ်ခုခု လိုချင်သည့်အခါမှသာ "ဝမ်းကွဲအစ်ကို" ဟု ခေါ်တတ်သည့် စုယွီက ယခုတစ်ကြိမ်တွင် "ကျွန်မတို့မိသားစု" ဟူသော ရင်းနှီးသည့်အသုံးအနှုန်းကိုပင် သုံးနှုန်းလိုက်သည်။
"ရှိတာပေါ့... ငါတို့ပိုင်မိသားစုမှာ ကိုယ်ပိုင်ရိက္ခာအရောင်းဆိုင်ခွဲတွေ အများကြီးရှိတယ်။ ဟောင်ကောင်က နာမည်ကြီး ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေကို ထောက်ပံ့ပေးဖို့ နှစ်တိုင်း နိုင်ငံခြားကနေ ရိက္ခာအမြောက်အမြား တင်သွင်းနေတာ"
ဟောင်ကောင်မှ ရိက္ခာအမြောက်အမြား ရယူရန်မှာ ပြဿနာမရှိသော်လည်း သယ်ယူပို့ဆောင်ရေးကသာ အခက်အခဲ ဖြစ်နေသည်။ လက်ရှိတွင် အရင်းရှင်နိုင်ငံများက ဟောင်ကောင်၏ ပို့ကုန်လုပ်ငန်းများကို တင်းကျပ်စွာ စောင့်ကြည့်နေသဖြင့် ဟောင်ကောင်မှ ပြည်မကြီးသို့ ရိက္ခာများ ပြန်လည်သယ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
"ဝမ်းကွဲအစ်ကို... ကျွန်မ ပြည်မကြီးကို ရိက္ခာတွေ ပြန်ပို့ချင်တယ်ဆိုရင် ပုံမှန်အတိုင်း ပို့လို့ရမလား"
ပိုင်ချီမင် အံ့အားသင့်သွားသည်။ စုယွီကဲ့သို့ ငယ်ရွယ်သူတစ်ဦးက ဤကဲ့သို့သော ကိစ္စရပ်များကို စိတ်ဝင်စားလိမ့်မည်ဟု သူ မထင်ထားသလို ရိက္ခာများ ပြန်ပို့ရန် အစီအစဉ်ရှိနေခြင်းကိုလည်း မမျှော်လင့်ထားမိပေ။
"အဲဒါက တော်တော်ခက်လိမ့်မယ်။ တခြားနေရာတွေကို ပို့တာက ပြဿနာမရှိပေမဲ့ ပြည်မကြီးကို ပို့ဖို့ဆိုရင်တော့ ပို့ကုန်လုပ်ထုံးလုပ်နည်းတွေက ခွင့်ပြုချက်မကျတာမျိုး ဖြစ်နိုင်တယ်။ ခွင့်ပြုချက်ရရင်တောင် ပမာဏကို ကန့်သတ်ထားမှာ သေချာတယ်"
သူမ ထင်ထားသည့်အတိုင်းပင်။ သမိုင်းတစ်လျှောက်တွင်လည်း တရုတ်ပြည်သစ် ထူထောင်သည့်အစောပိုင်းကာ၌ အရင်းရှင်နိုင်ငံများက နည်းပညာနှင့် သယံဇာတများကို ကန့်သတ်ကာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ခဲ့ကြသည် မဟုတ်ပါလား။
"နားလည်ပြီ!"
"စုယွီ... မင်းက ပြည်မကြီးကို ရိက္ခာတွေ ပို့ပေးချင်တာလား။ အဲဒါဆိုရင်တော့... မှောင်ခိုလမ်းကြောင်းကို စဉ်းစားကြည့်ရမယ်"
ကျန့်မိသားစုတွင် ကိုယ်ပိုင်သင်္ဘောလိုင်းရှိရာ ၎င်းတို့မှတစ်ဆင့် လမ်းကြောင်းရှာပေးနိုင်ပေလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ နောက်ဆယ်စုနှစ်အနည်းငယ်ကြာလျှင် ဟောင်ကောင်သည် မိခင်နိုင်ငံထံ ပြန်လည်ရောက်ရှိတော့မည်ကို ချီမင် သတိရနေခြင်းဖြစ်သည်။
ပိုင်မိသားစုသည် တရုတ်မျိုးနွယ်များ ဖြစ်ကြသည်။ မျိုးချစ်စိတ်ကို ခဏဖယ်ထားပြီး ရေရှည်အကျိုးစီးပွားကိုသာ ကြည့်မည်ဆိုလျှင်ပင် နိုင်ငံတော်က အကူအညီလိုအပ်ချိန်၌ ပိုင်မိသားစုအနေဖြင့် လက်တွဲကူညီသင့်ပေသည်။
"ဟုတ်တယ်၊ အမှန်တော့ ကျွန်မ ပြည်မကြီးကနေ ရွှေတချို့ သယ်လာခဲ့တယ်၊ အဲဒါကို ရိက္ခာနဲ့လဲပြီး ပြန်ပို့ချင်တာ။ အစ်ကို... ဒီရွှေတွေ ဘယ်ကရလဲဆိုတာတော့ မမေးနဲ့နော်၊ ကျွန်မ မပြောဘူး" ဟု စုယွီက ချီမင် မေးမြန်းခြင်းမပြုနိုင်အောင် ကြိုတင်ပိတ်ပင်လိုက်သည်။
"မမေးပါဘူး၊ မင်းယူလာတဲ့ အထုပ်တွေ ဘာလို့ ဒီလောက်လေးနေတာလဲလို့ တွေးနေတာ။ မင်းအတွက် အန္တရာယ်မရှိသရွေ့ ငါ မင်းရဲ့လျှို့ဝှက်ချက်တွေကို မသိချင်ပါဘူး"
စုယွီကဲ့သို့ သိုင်းပညာကျွမ်းကျင်သူတစ်ဦးတွင် လျှို့ဝှက်ချက် ရှိနေမည်မှာ အဆန်းမဟုတ်ပေ။ ထို့ပြင် ချီမင်ကိုယ်တိုင်၌လည်း သူတစ်ပါးကို မသိစေချင်သော လျှို့ဝှက်ချက်များ ရှိနေသည်ဖြစ်ရာ စုယွီကိုလည်း မစပ်စုဘဲ ယုံကြည်မှုပေးရန် ဆုံးဖြတ်လိုက်သည်။
စုယွီအနေဖြင့်လည်း ချီမင်သည် သူမအပေါ် စေတနာပျက်ကွက်မည့်သူ မဟုတ်ဘဲ သူမ အရင်းနှီးဆုံးသူ ဖြစ်သည်ဟု ခံစားရသည်။ နောင်အနာဂတ်တွင် အဘက်ဘက်က ကူညီစီမံပေးမည့် လက်တွဲဖော်တစ်ဦး လိုအပ်လာမည်ဖြစ်ရာ ချီမင်သည် သူမ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ပိုင်မိသားစု၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် စုယွီသည် ရိက္ခာအရောင်းဆိုင်ခွဲများကိုသာ ပိုင်ဆိုင်မှုအဖြစ် ရွေးချယ်လိုက်ပြီး အခြားအရာများကိုမူ ယူရန် အစီအစဉ်မရှိပေ။
ပိုင်ဝမ်ချင်းမှာ သေဆုံးသွားခြင်းမဟုတ်ဘဲ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရခြင်းသာ ဖြစ်ကြောင်း လင်းဟွာရှန်းထံမှ အတည်ပြုချက် ရရှိထားပြီးဖြစ်ရာ ပိုင်မိသားစုက ပိုင်ဝမ်ချင်းအတွက် ဖယ်ထားသည့် ပိုင်ဆိုင်မှုများကို စုယွီ မထိပါးလိုတော့ပေ။ အနာဂတ်တွင် ထိုပစ္စည်းများကို ဝမ်ချင်းကိုယ်တိုင်သာ စီမံခန့်ခွဲစေချင်မိသည်။
"ဝမ်းကွဲအစ်ကို... ကျွန်မကို လူအချို့ ငှားပေးလို့ရမလား။ လင်းကတော်ကို ရှာချင်လို့။ လင်းမိသားစုဝင်တွေ ပိုင်အိမ်တော်မှာ ကြာကြာနေဖို့ မသင့်တော့ဘူး၊ အိမ်စေတစ်ယောက်ကတော့ သခင်လေးလင်းရဲ့ ရွှေနာရီကိုယူပြီး သတင်းသွားပေးနေပြီ"
"ကောင်းပြီလေ၊ လူလိုရင် ဦးလေးပိုင်ကို တိုက်ရိုက်ပြောလိုက်၊ သူ ကူညီပေးလိမ့်မယ်။ မင်းပြောတဲ့ အိမ်စေကိုတော့ ငါ အခုချက်ချင်း အိမ်ကနေ မောင်းထုတ်လိုက်မယ်"
"မထုတ်ပါနဲ့ဦး၊ အဲဒီလူက အသုံးဝင်သေးတယ်။ သူ့ကို အိမ်မှာပဲ ဆက်ထားပြီး လင်းမိသားစုဝင်တွေနဲ့ ဆက်ပြီး ပတ်သက်ခွင့်ပေးထားလိုက်ပါ"
ရှင်းယောင် ရူးသွပ်သွားသော်လည်း သခင်ကြီးလင်း၏ ဒေါသက သူမအပေါ်တွင်သာ စုပုံနေဆဲဖြစ်ရာ သူမကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပေ။ ထိုအိမ်စေ၏ အခန်းကဏ္ဍမှာ မီးလောင်ရာလေပင့်ပေးရန်ပင် ဖြစ်သည်။ လင်းမိသားစုအချင်းချင်းသာ ပြန်လည်ဖြေရှင်းကြခြင်းက အကောင်းဆုံးဖြစ်ရာ ထိုသို့ဆိုလျှင် လင်းကတော်နှင့် လင်းဟွာရှန်းတို့က မည်သူ့ကို အပြစ်ပုံချနိုင်တော့မည်နည်း။
စုယွီ၏ အတွေးအကြံများမှာ အနည်းငယ် ရက်စက်လှသော်လည်း ချီမင်အတွက်မူ ပို၍ စိတ်အေးသွားစေသည်။ သူ အကြောက်ဆုံးမှာ စုယွီ ဉာဏ်များနေမည်ကိုမဟုတ်ဘဲ သူမက နုံအအဖြင့် ကြင်နာလွန်းနေမည်ကိုသာ ဖြစ်သည်။
"အဲဒါတွေကို ငါ စီစဉ်လိုက်မယ်။ မင်းလည်း ဟောင်ကောင်ရောက်တုန်း အဒေါ်တွေနဲ့ အတူ အပြင်ထွက်လည်သင့်တယ်။ ကျန့်ဖိန့်ဖိန့်က မြင်းစီးတာနဲ့ သေနတ်ပစ်တာ ဝါသနာပါတယ်၊ မင်းစိတ်ဝင်စားရင် သူ့ကိုပါ ခေါ်လိုက်ရမလား"
မြင်းစီးခြင်းနှင့် သေနတ်ပစ်ခြင်းတဲ့လား။ ဒါတွေက ဟောင်ကောင်က သူဌေးသမီးလေးတွေရဲ့ အပန်းဖြေမှုတွေပေါ့။ ထိုသို့ဆိုလျှင် သူမလည်း စမ်းကြည့်ချင်မိသည်။
"ရတာပေါ့... မြင်းစီးတာနဲ့ သေနတ်ပစ်တာ စိတ်ဝင်စားဖို့ကောင်းမှာပဲ။ အချိန်တစ်ခုသတ်မှတ်ပြီး သူ့ကို ဖိတ်လိုက်ကြတာပေါ့"
ဟောင်ကောင်မြို့တွင် သေနတ်ပစ်တတ်ခြင်းက အလွန်အရေးကြီးသည်။ လိုအပ်လာပါက အထက်တန်းလွှာအမျိုးသမီးများသည် သူတို့၏ လက်ကိုင်အိတ်ထဲတွင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပစ္စတိုအသေးစားလေးများကို ဆောင်ထားတတ်ကြသည်။
ချီမင်သည် အလုပ်များကို တပည့်များအား ခွဲဝေပေးထားသဖြင့် အားလပ်ချိန်များစွာ ရှိနေသည်။ စုယွီက မြင်းစီး၊ သေနတ်ပစ်ချင်သည်ဟု ဆိုသောကြောင့် သူသည် နှစ်ရက်အကြာတွင် ကျန့်ဖိန့်ဖိန့်နှင့် ချိန်းဆိုမှုကို ချက်ချင်း ပြုလုပ်လိုက်လေသည်။
ပိုင်မိသားစု၏ ရိက္ခာဆိုင်များ လွှဲပြောင်းပေးမည့် စာရွက်စာတမ်းများမှာ နာရီပိုင်းအတွင်း အဆင်သင့်ဖြစ်နေပြီး စုယွီလက်မှတ်ထိုးရန်သာ လိုတော့သည်။ စုယွီ ခန့်မှန်းထားသည့်အတိုင်းပင် သခင်လေးလင်းသည် နေ့စဉ်နှင့်အမျှ အိမ်စေများထံမှ ပြင်ပသတင်းများကို စုံစမ်းနေတော့သည်။ ပိုင်မိသားစု အကြီးအကဲက သူ့ကို "ရိအန်းအဖွဲ့" ၏ ရန်ဘက်တော်ဖြစ်သော "ပုဆိန်ဂိုဏ်း" ထံ လွှဲပေးတော့မည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် သူသည် ကြောက်လန့်တကြားဖြင့် ရူးမတတ် ဖြစ်သွားရသည်။
သခင်လေးလင်းသည် ပုဆိန်ဂိုဏ်း၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီးမှ ရာထူးတက်လာသူ ဖြစ်သည်။ နောက်ပိုင်းတွင် ရိအန်းအဖွဲ့က ပုဆိန်ဂိုဏ်းနှင့် ပြေလည်အောင် ညှိနှိုင်းပေးခဲ့သော်လည်း ပုဆိန်ဂိုဏ်းသားများကမူ သူ့ကို သီးသန့် လက်စားချေရန် အမြဲချောင်းနေခဲ့ကြသည်။ အကယ်၍ ပိုင်မိသားစုကသာ သူ့ကို ပုဆိန်ဂိုဏ်းလက်ထဲ အပ်လိုက်ပါက သူ သေရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဒါတွေအားလုံးက ပြသနာရှာတတ်တဲ့ လင်းရှင်းယောင် ပိုင်မိသားစုကို သွားစော်ကားမိလို့ပဲ! လင်းရှင်းယောင်... မင်း တကယ်ရူးနေတာပဲ ဖြစ်သင့်တယ်၊ မဟုတ်လို့ အတည်ပေါက်နဲ့ ဟန်ဆောင်နေတာဆိုရင်တော့ လက်တွေ့လောကကနေ မင်းလွတ်မယ်မထင်နဲ့!"
အိမ်စေများထံမှ ကြားရသည့် သတင်းဆိုးများကြောင့် သခင်လေးလင်း၏ စိတ်ပိုင်းဆိုင်ရာမှာ တဖြည်းဖြည်း ပြိုလဲပျက်စီးလာခဲ့သည်။ ထိုမကောင်းသော စိတ်ခံစားချက်များ အထွတ်အထိပ်သို့ ရောက်လာချိန်တွင်မူ နောက်ဆုံး၌ ရူးသွပ်မှုနှင့်အတူ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းဆီသို့သာ ဦးတည်သွားတော့မည် ဖြစ်သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း